ဘာရယ် မဟုတ်ပါဘူး ဟိုတစ်နေ့က ရုပ်ရှင်ဇာတ်ကားတစ်ခုထဲမှာ မင်းသားက မင်းသမီးကို ဆိုင်ကယ်တင်တဲ့အခန်းလေးကြည့်မိလို့ ဒီပို့စ်လေးကိုရေးချင်လာခဲ့တာပါ....။ ဒီလိုဗျ ကျနော်က ရှမ်းပြည်မှာမွေးခဲ့ ဆယ်ကျော်သက်ထိ ကြီးပြင်းခဲ့တယ်ဆိုပေမယ့် အဲဘက်ဒေသတွေမှာ ကလေးလူကြီး လူတိုင်းနီးပါးဆိုင်ကယ်စီးတတ်ကြပေမယ့် ကျနော်ခုချိန်ထိမစီးတတ်သေးဘူး စီးတတ်ဖို့လည်း ကျနော် မလေ့လာမသင်ယူချင်ခဲ့ဘူး....။ ကျနော် စက်ဘီးကိုတော့ ကျွမ်းကျွမ်းကျင်ကျင် ခေါင်ထောင်ဖင်ထောင် ကလေးတုန်းကအမျိုးစုံစီးခဲ့ဖူးတယ် ...ဒါပေမယ့် ဆိုင်ကယ်ကိုကျတော့လုံးဝ ဓါတ်မကျခဲ့ဘူး စက်ဘီးစီးတတ်တဲ့အတွက် ကျနော် ဆိုင်ကယ်စီးမယ်ဆိုလည်း ဟန်ချက်ညီအောင်ထိန်းဖို့က လွယ်နေပြီးသားလေ...။ ပုဂံမှာ တစ်ခါတော့ ဘက်ထရီဆိုင်ကယ်လေးစီးဖူးပါတယ် ကျနော် လက်နဲ့ထိန်းတဲ့ လီဗာကိုလုံးဝ အတိုးအလျှော့မလုပ်တတ်တာ ကျနော့်မှတ်ဉာဏ်ကပဲ အဲဖက်မှာသုံးမရတာလား....။ ကားကျတော့ ခြေထောက်နဲ့ထိန်းတာမလား ကျနော် သတ္တိနဲလှ ကြောက်တတ်လှချေရဲ့လို့ ကိုယ့်ကိုယ်ကို တစ်သက်လုံးစာရင်းသွင်းထားခဲ့တာ မော်တော်ကားကျတော့ ရှောရှောရှူရှူမောင်းတတ်သွားတယ်.....။
ကျနော်ပြောပြမယ် ဆိုင်ကယ်ကို ငယ်ငယ်ကတည်းက စီးရမှာဘယ်လောက်ကြောက်ခဲ့လည်းဆိုတာ...။ အသက် 18နှစ်ပြည့် မှတ်ပုံတင်ပြန်လဲရမယ်ဆိုတော့ ကျနော်တို့ တာလေမှာရှိတဲ့ 18ရှစ် ကလေးတွေအကုန်စုပြီး တာချီလိတ် လူဝန်မှုကြီးကြပ်ရေးရုံးကိုသွားကြရတယ်...။ အဲတုန်းက တာလေကနေ တာချီလိတ်သွားရင် ခုခေတ်လို ကားတွေဘာတွေမပေါသေးဘူး လိုင်းကားရယ်လို့ သပ်သပ်မှတ်မှတ်မရှိသေးဘူး ဆိုင်ကယ်ကိုပဲ အဓိက အားကိုးကြတာ...အဲမှာ စတွေ့တာပဲ ကျနော်က ကျနော့်သူငယ်ချင်း စိုင်းမင်းမင်းဆိုတဲ့ ကောင်လေးနဲ့ ဆိုင်ကယ်စီးရတယ်...။ အမေတို့ အဖွားတို့ကလည်း စိတ်ဓါတ်ပဲနော် ကိုယ့်သမီးကို လူကြီးမပါဘဲ လွတ်တာပဲ သူစိမ်းတွေနဲ့ စိတ်ချလက်ချကို...။ ကျနော်ကတော့ ပြန်တွေးကြည့်မိတိုင်း သူတို့ကိုစိတ်တိုတာပဲ ကိုယ့်ကိုယ်ကို အားကိုးစိတ်ရှိတောင် သင်ပေးလိုက်တာကတော့ ကျေးဇူးတကယ်တင်ပါတယ် ဒါပေမယ့် လူကြီးတစ်ယောက်လောက်တော့ထည့်ပေးသင့်တယ်မဟုတ်လား...။ အဲတုန်းက ကျနော့်အဒေါ်အငယ်ဆုံးက တာချီလိတ်မှာနေတာ ဆိုတော့ အဒေါ်လာခေါ်ပေးတယ်ထင်တယ် အဲဒါမမှတ်မိတော့ဘူး...။ ဆိုင်ကယ်စီးရတာ ပြောဦးမယ် အဲမှာ စိုင်းမင်းမင်းက သူ့အဖေ DT ယောကျာ်းစီးဆိုင်ကယ်နဲ့ ကျနော်က သူ့နောက်ကခွစီးလိုက်ရတာ...။ ဆိုင်ကယ်စီးရင် အရှေ့က မောင်းတဲ့သူ ခါးကိုဖက်ရင်ဖက် မဟုတ်ရင် ပခုံးကိုင်ထားတာတို့ဘာတို့ တစ်ခုခုတော့သူတို့အသားကိုထိရတယ်ကွာ... အဲမှာကျနော်က သူ့ခါးလဲမထိချင် ပခုံးလဲမကိုင်ချင်လို့ အနောက်ကကယ်ရီယာကို လက်နှစ်ဖက်နောက်ပြန်ကျစ်ကျစ်ကိုင်ပြီးလိုက်သွားတာ(အဲဒါတကယ်တော့ အန္တရယ်သိပ်များတာ ဟန်ချက်မညီတာနဲ့ ပြုတ်ကျပီပဲ) အဲခေတ်က လမ်းပန်းဆက်သွယ်ရေးကသိပ်မကောင်းသေးတော့ တာလေ-တာချီလိတ်ကို လေးငါးနာရီလောက်မောင်းရတာ ညလည်းကျတော့ လက်မောင်းရင်းတွေညောင်းကိုက်လိုက်တာဆို အဲဒါ ခုထိမှတ်မိနေသေးတာ...။ ကျနော်က ဆိုင်ကယ်စီးရင် အိမ်က ဦးလေးအရင်းကလွဲပြီး ဘယ်သူစိမ်းရဲ့ ခါးကိုမှမဖက် မတို့ မထိဘူး....စီးလည်းစီးခဲတယ်...။ ကျနော်တို့နေတဲ့တိုက်မှာလည်း တခါတလေ ဓါတ်လှေခါးစီးရင် အထဲမှာ ခေါင်းမလျှော်ထားတဲ့အနံ့တွေ ကိုယ်နံ့တွေကျန်နေခဲ့ရင် ကျနော်တအားစိတ်ညစ်တာ စက္ကန့်ပိုင်းလေးစီးရတာလေးကို ကျနော်က နှာခေါင်းပိတ်တာ အသက်အောင့်ထားရတာမျိုးလုပ်သေးတာ ကြီးကျယ်တာတော့မဟုတ်ဘူး ကျနော်လူစော်နံတာမကြိုက်တာ အထူးသဖြင့်ယောကျာ်းစော်နံတာကိုမကြိုက်တာ(အမျိုးသားစာဖတ်ပရိတ်သတ်များကိုတော့ အားနာပါတယ်) ဒါက ကျနော်တကယ်ဖြစ်ပျက်ကြုံတွေ့နေရတဲ့ စိတ်ခံစားမှုကို ရိုးသားစွာဝန်ခံတာပါ...။ လူပိန်းတွေကတော့ ဇီဇာကြောင်တာလို့ အလွယ်ပြောကြတာပဲ...။ အဲဒါ တကယ် ဟုတ်တယ် ကျနော်ဟာ ဗြဟ္မာဏပြည်ကလာခဲ့တာပဲ သေချာတယ်..။
အဲဒါနဲ့ ဆိုင်ကယ်တွေမရှိတဲ့ ရန်ကုန်မှာ နှစ်ပေါင်းများစွာနေလာခဲ့တာ ဆိုင်ကယ်ထပ်စီးရတာနောက်တစ်ခါရှိတယ် ပုလဲမြို့သစ်ဖက်က သီလရှင်ကျောင်းကို ရုံးကနေသွားလှူကြတော့ လမ်းမထိပ်မှာပဲ ငှားသွားတဲ့ကားက ချပေးခဲ့တာ အဲဒီသီလရှင်ကျောင်းရောက်ဖို့က ခြေကျင်လျှောက်ရင်အရမ်းဝေးတယ်ဆိုပြီး ဆိုင်ကယ် ကယ်ရီငှားစီးရတယ် အဲမှာထပ်တွေ့တာပဲ...။ ဒီတစ်ခါတော့ ကျနော်က ဘေးတစ်စောင်းထိုင်လိုက်တာ ဆိုင်ကယ်မောင်းသမားကို လုံးဝမထိဘဲ ခုံကိုပဲကိုင်ပြီးလိုက်တာပဲ တကယ်စိတ်မောရတယ် ဆိုင်ကယ်စီးရတာ ကျနော့်အတွက် သက်တောင့်သက်သာ လုံးဝမရှိဘူး....။ ပြီးတော့ ချင်းတောင်ဖက် ခရီးသွားတုန်းကလဲ တောင်မကြီးပေါ်ကျနော် အောက်စီဂျင်ကျလို့ လမ်းလျှောက်မဆင်းတော့ဘဲ ချင်းအဘိုးကြီးမောင်းတဲ့ဆိုင်ကယ်နောက် ထပ်လိုက်စီးရပြန်ရော အဲမှာ ကျနော်က အမေကိုအလယ်မှာထိုင်ခိုင်းပြီး ကျနော်ကျတော့ အနောက်ဆုံးမှာထိုင်လိုက်တယ် မောင်းသူအပါ သုံးယောက်စီးရတာပေါ့ အဲတုန်းက တောင်အောက်ရောက်ချင်ဇောနဲ့ စီးလိုက်ရတာ တကယ်က အောက်ကိုမရောက်ခင် အချိန်ပိုင်းလေးက ကျနော့်အတွက် ဘယ်လိုမှနေလို့မကောင်းဘူး ကမ္ဘာပျက်နေတာ အဲဦးလေးကိုလည်း ဖြေးဖြေးမောင်းနော်လို့ ပြောရသေးတယ် တောင်ပေါ်ကနေသူမောင်းချလာတာ လမ်းကလည်းကြမ်း မြန်ကလည်းမြန်သေးတယ်...။
ဆိုတော့ ကျနော် စိတ်ထဲ ကြည်ကြည်ဖြူဖြူနဲ့လက်ခံပြီး ဆိုင်ကယ်လိုက်စီးဖူးတဲ့ အမောင်းသမားဆိုတာ တကယ့်ကံအကောင်းဆုံးလူသားလို့တောင် သတ်မှတ်လို့ရသေးတာပဲ....:)
ဟုတ်ကဲ့.... ကျနော်ဟာ ဗြဟ္မာဏပြည်ကလာတဲ့ ဗြဟ္မာလူသားတစ်ယောက်ပါ........ လို့ ပြောချင်ပါတယ်
## စကားမစပ် တစ်ခုပြောချင်လို့ ဒီကြားထဲ ကျနော် ဘလော့ခေတ်တုန်းက ခင်ခဲ့ဖူးတဲ့ ဘလော့ဂါအဟောင်းတွေ အွန်လိုင်းမှာ ပြန်ဆုံဖြစ်တာ နှစ်ယောက်ရှိတယ် အဲနှစ်ယောက်လုံးကဘာထူးဆန်းလည်းဆို ကျနော့်ကို "အစ်မ ကျန်းမာရေးဂရုစိုက် အရင်လိုပဲ ချောလှနေပါနော် ပြန်လာရင်တွေ့ချင်သေးတယ်"တို့ဘာတို့အဲလိုအဓိပ္ပါယ်မျိုးပေါက်တာနှစ်ယောက်စလုံး ပြောကြတယ်...။ အွန်လိုင်းမှာတွေ့တိုင်း ကျနော့်ကို သူတို့က နေကောင်းကျန်းမာအောင်နေဖို့ပဲ လာလာမှာတတ်ကြတယ်... အေးလေ အသက်အရွယ်အရ အဲလိုပြောဖို့ အချိန်ရောက်လာခဲ့ပြီကိုး....။ ကိုယ့်အစ်မတစ်ယောက်လို စိတ်ပူပေး ဂရုစိုက်ပေးကြလို့ ကျေးဇူးတကယ်တင်ပါတယ်....။ ကျနော့်ကို သူတို့က ကျနော်အမြဲနုပျိုလန်းဆန်းနေရအောင် နှစ်တစ်ထောင်မြေခွေးလူသားမျိုးနွယ်လို့ထင်နေသလား ကျနော်လဲ အချိန်နဲ့အမျှအိုရဦးမယ်လေ အရွယ်ကျရဦးမယ်လေ .... နော်....။ ဒါပေမယ့် မပူကြနဲ့ ငါက မသေမချင်း လန်းနေ ဂေါ်နေဦးမှာလို့ပြန်ပြောခဲ့တယ်...။ သူတို့ကကျတော့ ကလေးအဖေတွေ အဖိုအိုပေါက်စနတွေ ဖြစ်ကုန်ကြပြီမပြောဘဲနဲ့...။

No comments:
Post a Comment