Wednesday, 24 December 2014

ကိုယ်ရယ်...မင်းရယ်....ဒီဇင်ဘာရယ်....

 













ကိုယ်ရယ် ..မင်းရယ်.. ဒီဇင်ဘာရယ် လက်ချင်းယှက်လို့.....။

ကိုယ့်လက်တွေက သိပ်အေးနေလို့လား မင်းလက်ဖဝါးတွေကနွေးနေတာပဲ...။

ဒီဇင်ဘာကတော့ ကိုယ်တို့နှစ်ယောက်ကို သိုင်းဖက်ထားလေရဲ့...။

မဲနက်နက် မင်းမျက်တောင်ထူထူပေါ်မှာ ဒီဇင်ဘာက နှင်းမှုန်ကလေးတွေတင်ထားပေးတယ်...။

မင်းပါးပြင်နှစ်ဖက်လည်း ပန်းသွေးရောင်လွှမ်းလို့...။

ဒီဇင်ဘာဟာ ကိုယ့်နှှုတ်ခမ်းကို အေးစက်ပြာနှမ်းသွားအောင်ဖန်ဆင်းပေးထားတယ် 

မင်းနှုတ်ခမ်းထူထူအိအိတွေဆီက အနွေးဓါတ်ရအောင်လို့တဲ့....။ 

ဆောင်းညနေ နေဝင်ချိန်ကို ကိုယ်တို့အတူထိုင်ကြည့်ကြတယ်...။

လိမ္မော်ရောင်တိမ်တိုက်တွေကို နှင်းဇာပုဝါနဲ့ဖုံးအုပ်ထားတာ သိပ်လှတာပဲ...။

ရွေ့လျားနေတဲ့ တိမ်တွေကို ပုံဖော်ကြည့်ကြရင်း အိပ်တန်းပြန်ငှက်တွေကိုလည်း ငေးမောရင်းပေါ့..။

မင်းက ကိုယ်တို့ထိုင်တဲ့ မြက်ခင်းစိမ်းပြင်ပေါ်က အဝါရောင်ပန်းပွင့်ကလေးကို နှုတ်ယူပြီး ကိုယ့်ဆံနွယ်ကြားထဲ 

ပန်ပေးလိုက်တယ်...။ ဆောင်းရဲ့ နေညိုညိုအောက်ကနေ မင်းက ကိုယ့်ကိုတစ်ချက်ကြည့်ရင်း....ထုံးစံအတိုင်း 

အပြုံးဖြူဖြူတွေနဲ့ ကိုယ့်ကိုပြောတယ်...“ညနေရွှေညိုရောင်နဲ့မမနဲ့သိပ်လိုက်တာပဲ” တဲ့...။

ပြီးတော့ ကိုယ်တို့နှစ်ယောက်ရဲ့ အပြုံးကို ကောင်းကင်က ထွက်လာခါစ ကြယ်ကလေးတွေက ငေးကြည့်ပြန်ပေါ့...။

ကိုယ်ရယ်...မင်းရယ် ... ဒီဇင်ဘာရယ်....

ဆောင်းဟာ ဘယ်လောက်အေးစိမ့်နေပါစေ

မင်းအတောင်ပံတွေနဲ့ ကိုယ်အမြဲနွေးထွေးနေမှာပါ အိန်ဂျယ်......။







မိုးငွေ့

Monday, 22 December 2014

ဒီဇင်ဘာအလွမ်း.....





ဒီဇင်ဘာရဲ့ မြူနှင်းဖြူလွလွတွေဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဇာပုဝါချထားသလိုပဲ........။

နှင်းပွင့်ဖြူလေးတွေကို မြင်တော့ မင်းကိုသတိရတယ် အိန်ဂျယ်....။ မင်းကတော့ ခရစ္စမတ်ပွဲတော်အတွက် ခုလောက်ဆို အလုပ်တွေရှုပ်နေလောက်ရောပေါ့...။

မနက်ခင်းဟာ ငှက်ကလေးတွေကျီကျီကျာကျာအသံနဲ့ အေးစိမ့်စိမ့်ကလေးနိုးလာရတဲ့ အချိန်မှာ ဒါဟာ ဒီဇင်ဘာမနက်ခင်းတစ်ခုပါလားလို့ အတွေးထဲကို တခဏချင်းဝင်သွားစေခဲ့တာနဲ့  လွမ်းဆွတ်မှုတွေက တရိပ်ရိပ်တက်လာစေခဲ့တယ်.... သူ့ကို ဒီဇင်ဘာအလွမ်းတစ်ခုလို့ ကိုယ်နာမည်ပေးလို့ရလား ဟင်...အိန်ဂျယ်.....။


မိုးငွေ့

Wednesday, 17 December 2014

ငှက်ပျောသီးကိတ်.....


ငှက်ပျောသီးကိတ်ကို မုန့်သားထဲငှက်ပျောသီးအနှစ်ထည့်တာနဲ့ မုန့်မျက်နှာပြင်ပေါ် ငှက်ပျောသီး အလှဆင်တာနဲ့ နှစ်မျိုးလုပ်ဖြစ်တယ်...။

ပါဝင်ပစ္စည်းတွေကတော့...
1.all purpose flour 12tbs
2.ကြက်ဥ တစ်လုံး
3.သကြား 15tbs
4.baking soda 1tsp
5.နို့60ml
6.နေကြာဆီ 12tbs

ကြက်ဥတစ်လုံးကို ခေါက်ထားပါ...။ သကြားထဲကိုဆီရောမွှေပါ ပြီးတာနဲ့ ခေါက်ထားတဲ့ကြက်ဥထဲရောမွှေ ဂျုံနဲ့ဆိုဒါကိုဇကာစစ်ပြီးထည့် နို့ထည့် သိပ်ကြာကြာမွှေရန်မလို သမသွားရင်ရပြီ...။ ဆီခံစက္ကူထည့်ထားတဲ့ မုန့်ဖုတ်ခွက်ထဲ မုန့်နှစ်လောင်းထည့်ပြီး 170ဒီဂရီအပူပေးထားတဲ့ မုန့်ဖုတ်စက်ထဲကို 35မိနစ်ဖုတ်ပါ...။ 10မိနစ်လောက်နေ မုန့်မျက်နှာပြင်တင်းလာမှ ငှက်ပျောသီးလှီးထားတာလေး စီထည့် ကြက်ဥကာရည်လေး သုတ်ပေးပါ..။



စတော်ဗယ်ရီ topping ငှက်ပျောကိတ်လေးလည်း အထက်က အချိုးအတိုင်းပါပဲ သူက ချေထားတဲ့ ငှက်ပျောသီးနှစ် နှစ်လုံးကို သကြားနဲ့ဆီရောမွှေတဲ့အချိန်မှာ ထည့်မွှေပါတယ် ကျန်တာ အကုန်တူတူပါပဲ...။ အရင်ကတော့ ထောပတ်ငှက်ပျောကိတ်ပဲလုပ်စားဖူးတာ ခုဆီမုန့်သားလည်း တစ်မျိုးစားကောင်းပါတယ်..။ ကျွန်မကတော့ unsalted butter သုံးတာထက် နေကြာဆီမုန့်သားကို ပိုကြိုက်ပါတယ်..။ အငံမပါတဲ့ထောပတ်နံ့ကို မကြိုက်တာလည်းဖြစ်မယ်...။ မုန့်ဖုတ်ဆက်မရှိရင် ရေနွေးငွေ့နဲ့ပေါင်းလည်း ရပါတယ်...။ ဒီမုန့်လုပ်တဲ့ recipe ကို ဖဘက မြန်မာမုန့်ပဲသရေစာများ မှာ လက်ရေးမူနဲ့တင်ထားတာကို screen shot ရိုက်ပြီး အဲအချိုးအတိုင်းလုပ်ထားတာဖြစ်ပါတယ်...။

မိုးငွေ့

Monday, 15 December 2014

တရုတ်ဝက်သားကင်ထမင်းပေါင်း.....

 
 တရုတ်တန်း 15လမ်းက ထမင်းပေါင်းအတိုင်း ပေါင်းထားတာ...






15လမ်းမှာရောင်းတဲ့ ထမင်းပေါင်းကတော့ ၀က်သားကင်နဲ့မဟုတ်ပါဘူး ထမင်းကို ပဲငံပြာရည်နဲ့ အလွတ်ပေါင်းပြီး ပွဲပြင်မှ ၀က်အသား ဘဲဥ အူစုံ စတာတွေနဲ့ အပေါ်ကနေညှပ်ထပ်ပေးပါတယ် အဲဒါကို ကြက်သွန်ချဉ်လေးနဲ့တွဲစားတယ်...။ အခု ကျွန်မပေါင်းမယ့် ထမင်းပေါင်းကတော့ အရင်နေခဲ့ဖူးတဲ့ အိမ်ဘေးနားက တရုတ်မတွေဆီက နည်းယူထားတာပါ သူတို့အိမ်လုပ် ထမင်းပေါင်းကတော့ ၀က်သုံးထပ်သား(အခေါက်အဆီအသားတွဲလျက်) ကိုသုံးပါတယ်...။ ဖူကျန့်(လက်ရှည်တရုတ်) ထမင်းပေါင်းနည်းကို  အဲတရုတ်မအဒေါ်ကြီးဆီက recipe ကိုသေချာစာရွက်လေးနဲ့ မှတ်ပြီးတောင်းထား ဖူးတယ်...။ ကြာပြီဆိုတော့စာရွက်ကလည်းဘယ်ရောက်မှန်းမသိလို့ ကိုယ့်ဘာသာကို ၀က်သားအစား ၀က်သားကင်နဲ့ အဆန်းထွင်ပေါင်းကြည့်လိုက်တယ်...။ 


လိုအပ်တာတွေက...
1. အခေါက်အသားကင် 2000ဖိုး (တရုတ်တန်းရွှေငါးဆိုင်က၀ယ်တာ)
2. အသားကင်ဆိုင်ကပေးတဲ့ ပဲငပိရည်
3. ရှမ်းမုန်ညင်းထုတ် တစ်ဝက်
4. ဆေးပြီးသားဆန် (3ဗူး ဆန်းချိန်ဗူးနဲ့/ နို့ဆီဗူးတစ်ဗူးခွဲ)
5. ကြက်သွန်ဖြူ သုံးမွှာ
6. ခရုဆီ တစ်ဇွန်း
7. ပဲငံပြာရည်အနှောက်တစ်ဇွန်း
8. ဆား(လိုသလောက်) ၊ သကြား တစ်ဇွန်း
9. ဆီနဲနဲ
10. ရေ / အရိုးပြုတ်ရည် လေးခွက်ခွဲ

မကပ်တဲ့အိုးထဲကို ဆီနဲနဲထည့် ဆီပူလာရင် ကြက်သွန်ဖြူ ဓါးပြားရိုက်တာ ဆီသတ် အသားကင်ထည့်ကြော် ဆန်ဆေးထားတာထည့်ကြော် ခရုဆီ ပဲငံပြာရည် ပဲငပိရည် ဆား သကြား ထည့်မွှေပြီးရင် အရွက်ထည့် အသားပြုတ်ရည်ထည့်ပြီး မီးလျှော့ ရေခမ်းထမင်းချက်တဲ့အတိုင်းပဲအဖုံးအုပ်ပြီး ရေခမ်းရင် တချက်နှစ်ချက်မွှေပေးပြီး နှပ်ပေးပါ...။ အသားကင်နံ့လေးမွှေးတဲ့ တရုတ်ထမင်းပေါင်းလေးကို ငရုတ်ကောင်းလေးဖြူးပြီး ငရုတ်ဆီကြက်သွန်ချဉ်နဲ့သုံးဆောင်ပါ...။




မိုးငွေ့

Friday, 12 December 2014

ထစ်ချုန်းမိုး.....





ထစ်ချုန်းမိုးဆိုတာ ကိုညီထွဋ် သီချင်းကအရင်ထွက်တာလား ဒါမှမဟုတ် ကိုမင်းဦးနဲ့ မဇာလေး(ခင်ဇာခြည်ကျော်)တို့ရိုက်ထားတဲ့ ထစ်ချုန်းမိုးဆိုတဲ့ဇာတ်ကားလေးက အရင်လား ကိုယ်သေချာမသိဘူး (သိသူများရှိရင် ကော်မန့်မှာ ရေးပေးသွားပါနော်)။ ဒါပေမယ့် မဇာလေးတို့ရဲ့ ထစ်ချုန်းမိုးကတော့ အဲဒီခေတ်တုန်းက တော်တော်လေးအောင်မြင်တဲ့ အချစ်ဒရမ်မာကားလေး တစ်ကားပဲ...။ (ဒါရိုက်တာက ကိုမိုက်တီးထင်တယ်...((ဟမ်)) ဘာမှလဲသေချာမသိဘူး)။ ခုတင်ပေးထားတဲ့ ထစ်ချုန်းမိုးကတော့  ဦးကျော်နဲ့ကိုညီထွဋ်ဆိုပြီး ကိုမျိုးကျော့ rapping ပြန်လိုက်ထားတဲ့ ဗားရှင်းအသစ်နဲ့ ထစ်ချုုန်းမိုး...။ ဒီတစ်ပတ် သီချင်းတင်မလို့ ယူကျုမှာ လိုက်ရှာနေတာ အသစ်တွေကျတော့ ကိုယ်က သိပ်မနားထောင်ဖြစ်တော့ ဘယ်သူ့သီချင်းကောင်းမှန်းလည်းမသိတာနဲ့ အဟောင်းထဲပြန်မွှေရင်း ဒီတစ်ပုဒ်ကို တင်ဖို့ဖြစ်သွားခဲ့တာ...။

ဒီသီချင်းကိုအရမ်းကြိုက်တယ် ...။ ကိုညီထွဋ်သီချင်းတွေကို ကိုယ် teenager ကတည်းက ရင်းနှီးလာခဲ့တာ...။ ကုက္ကိုင်းရေကူးကန်မှာ ရေသွားကူးဖြစ်ခဲ့တုန်းက နှစ်ပတ်လည်ပွဲတွေဆို ကိုညီထွဋ်နဲ့ပွဲလုပ်ဖြစ်တယ် အဲတုန်းကလည်း သွားအားပေးဖူးတယ်...။ ကိုယ်ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့စောင့်နေတဲ့အချိန်ပေါ့...။ အဲချိန်က ကိုညီထွဋ် အသဲကွဲရေဒီယို စီးရီးထွက်ခါစလေး...။







Happy Friday....... ကိုယ်တို့လို ရုံးသမားတွေအတွက်တော့ ဟက်ပီးဖရိုင်းဒေးက အပတ်တိုင်းရှိနေမှာပဲ...။ ပိတ်ရက်နှစ်ရက်မှာ သီချင်းလေးနားထောင်ပြီး အေးဆေးစွာ အိပ်စက်အနားယူနိုင်ကြပါစေ...:)


မိုးငွေ့


Monday, 1 December 2014

ချိုသောဒီဇင်ဘာ.....




အိန်ဂျယ်ရေ........
ဘာလိုလိုနဲ့ ဒီဇင်ဘာရောက်လာခဲ့ပြန်ပြီ.....

ကိုယ်မင်းကို နှုတ်ဆက်ပါတယ် အိန်ဂျယ် “Sweet December” ရယ်လို့.....
ကိုယ့်ရဲ့ ချိုမြိန်သောဒီဇင်ဘာ နှုတ်ခွန်းဆက်သမှုက ဒီနှစ်ရောမင်းအတွက် ပထမဦးဆုံးဖြစ်ရဲ့လား..။
အတ္တများစွာနဲ့ ကိုယ်သိချင်မိတယ်...။

ဒီဇင်ဘာဟာ မြူနှင်းပွင့်တွေနဲ့မလှပတော့ဘူး...
ဒီဇင်ဘာဟာ အေးမြချမ်းစိမ့်မှုတွေမပေးတော့ဘူး...
ဒီဇင်ဘာဟာ နွေးထွေးတဲ့ ရွှေရောင်နေခြည်တွေမသန်းတော့ဘူး...

ပြီးတော့... 
ဒီဇင်ဘာမှာ...အဖြူရောင်အတောင်ပံတွေ ဖြန့်ကျက်မယ့် အိန်ဂျယ်မရှိတော့ဘူး...

ချိုမြိန်သောဒီဇင်ဘာ
Sweet December


မိုးငွေ့