Thursday, 29 August 2024

မိုးရွာတိုင်း....မိုးရွာတိုင်းလွမ်း

D-vision featuring A Zeed အဖွဲ့ရဲ့ မိုးရွာတိုင်း
(19th Dec 2018, 6.27K Subscribers, Views 2.2M)


Born For You အဖွဲ့ရဲ့ "မိုးရွာတိုင်းလွမ်း"
(4th April 2020,1.14K Subscribers, Views 16K)



ကျနော် ဒီသီချင်းနှစ်ပုဒ်ကို July 2020 မှာ ဆယ်ရက်ပဲခြားပြီး တင်ခဲ့ဖူးပါတယ်...။ ပြောပြချင်တာက ဒီမိုးရွာတိုင်း နဲ့ မိုးရွာတိုင်းလွမ်းသီချင်းနှစ်ပုဒ်ကို အဖွဲ့နှစ်ဖွဲ့ကသီဆိုထားပြီး  D-vision အဖွဲ့က တစ်နှစ်ကျော်ကျော်လောက်စောပြီး You Tube ပေါ်တင်ခဲ့တာ အခုနေ့ထိ Viewer နှစ်သန်းကျော်သွားပြီ...။ အဲ...ဒါပေမယ့် Born For You ရဲ့ "မိုးရွာတိုင်းလွမ်း" ကတော့ You Tube မှာတင်တာ လေးနှစ်ကြာခဲ့ပေမယ့် Viewer တစ်သောင်းကျော်ပဲရခဲ့တယ်...။ နံပါတ်တစ် အနုပညာ Industry မှာ စီးပွားရေးဖက်ကကြည့်ရင် နောက်ခံပံ့ပိုးမှုအားကောင်းဖို့လိုတယ်ဆိုတာ သိတာထင်ရှားစေတယ် နံပါတ်နှစ်ကတော့ အားပေးတဲ့ Fan အင်အားပါပဲ...။ နောက်ခံပံ့ပိုးတယ်ဆိုတဲ့ထဲမှာ Market ကိုဘယ်လိုဖောက်မယ် ကိုယ်တိုင်က ဘယ်လိုတွေ Performance ပေးနိုင်လဲ ဆိုတာတွေပါပါတာပေါ့..။ Album တစ်ခုထွက်ပြီးတိုင်းလည်း ဒီတိုင်းပြီးမသွားသေးဘူး Rating တက်အောင်လုပ်ရသေးတယ် နေရာစုံမှာ Promotion တွေလုပ်ရတယ် Fan Meeting တွေလုပ်ရတယ် ဒါကို After sale service လို့ ကုန်ရောင်းကုန်ဝယ်တွေမှာ ခေါ်ကြတယ်...။ Born For You အဖွဲ့မှာ အဲဒါတွေအားနည်းလို့ထင်ပါတယ် တကယ်တမ်းသူတို့သီချင်းက အကုန်လုံးနီးပါးကောင်းတာ....။ ခုမှသေချာကြည့်မိတယ် နှစ်ဖွဲ့လုံးရဲ့ MV က ရိုက်ထားတာ ခပ်ဆင်ဆင်တွေတူနေကြတယ်...။ သူတို့ music အမျိုးအစားက Rock ...။ ခက်တာက ကိုးဗစ်နဲ့ မအလရဲ့အကြမ်းဖက် ဖက်ဆစ်တပ်တွေ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့တိုင်းပြည်က အနုပညာတွေကန်းနေပြီလေ...။ နှမြောစရာသိပ်ကောင်းပါတယ် တစ်ကိုယ်ကောင်းအတ္တစိတ်နဲ့ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေကို အရှင်လတ်လတ်သတ်လိုက်ကြတာ..။ မအလအကြမ်းဖက် ဖက်ဆစ်တပ်အမြန်ကျဆုံးပပျောက်ဖို့ ကျတော်တို့အားလုံးမှာ တာဝန်ရှိတယ် သေနတ်ကိုင်မှရယ်မဟုတ်ပါဘူး ကိုယ်တတ်နိုင်တဲ့တစ်တောင့်တစ်နေရာကနေ လုပ်ရှားနိုင်ပါတယ်...။ ဖက်ဆစ်တပ်ကျဆုံးတဲ့ အဲဒီနေ့ အမြန်ဆုံးရောက်လာတော့မှာပါ...။

Ok!!! ဘာပဲဖြစ်ဖြစ် Born For You ကို You Tube မှာ သွားနားထောင်ပေးကြပါဦး သီချင်းချစ်စာဖတ်သူအပေါင်းတို့.... :)


__________________
Revolution will prevail
မိုးငွေ့

Friday, 9 August 2024

My Health Condition.....


ပလာစတာလေးလှလို့ တစ်နေကုန်ကပ်ထားမိတာ ညနေခွာလိုက်တော့ သွေးချေဥလို့ရယ်



လိပ်ပြာစီးရီးတွဲတွေ ဆက်တိုက်ဖြစ်နေလို့ အီနေမှာဆိုးလို့ ကြားဖြတ်ပို့စ်လေးလာတင်တာ...။ ပြီးတော့ ကျနော့်ရဲ့ လိပ်ပြာစီးရီးတွဲကို အများကြီးလာဝင်ဖတ်တာတွေ့ရလို့ ကျေးဇူးအကြီးကြီးပါ....။

ဒီနှစ်ထဲမှာ ကျနော် ကျန်းမာရေးအတွက် သွေးစစ်တာ အခုတစ်ခေါက်ဆို သုံးကြိမ်မြောက်....။ ထုံးစံအတိုင်း မိုးရာသီရောက်ရင် ဖြစ်နေကျ လက်ပြဿနာ...။ ကျနော်သတိထားမိသလောက် မနှစ်ကတစ်နှစ်ပဲ ဘာမှသိပ်မဖြစ်တာ....။ ဒီနှစ်က ဘယ်ဖက်လက်မဟုတ်တော့ဘူး ညာဖက်လက် လက်မောင်းရင်းကနေညောင်းကိုက်ပြီး တောက်လျှောက်လက်မအထိ စူးကနဲစူးကနဲနဲ့ ကျင်နေတာ ငါးမိနစ်ဆယ်မိနစ်လောက်ဖြစ်လိုက် ပျောက်လိုက် အဲလိုကြီး...။ ကျန်လက်လေးချောင်းတော့မပါဘူး ညာလက်မောင်းကနေစပြီး အတွင်းလက်တစ်လျှောက် လက်မထိ ကျင်ကျင်နေတာ....။ အပ်သေးသေးလေးတွေနဲ့လာစွသလိုမျိုး တရှိန်းရှိန်းနဲ့ခံစားရတယ်...။

ကျနော်ပေပြီး ဆရာဝန်မပြဘဲနေနေတာ စာတွေလျှောက်ဖတ်တာပေါ့ လက်ကျင်တာ ဘာကြောင့်ဖြစ်တတ်သလဲ ဘာဓါတ်တွေလိုသလဲပေါ့ အဲဒါနဲ့အောက်မှာရှာတွေ့ထားတာက ဗိုက်တာမင်ချိုတဲ့ရင် အဲလက္ခဏာဖြစ်တတ်တာလို့ရေးထားတယ်..။ အရင် ပို့စ်တွေတုန်းက ကျနော်ပြောခဲ့ဖူးမယ်ထင်တယ် ကျနော့် ညာဖက်တင်ပါးဆုံရိုးနာနာနေတတ်တာဆိုတာလေ အဲဒါ ပြီးခဲ့တဲ့ နှစ်လလောက်ကစပြီး Omega 3 တစ်နေ့နှစ်လုံးသောက်တာ အခုမနာတော့ဘူး သတိထားမိသလောက်...။ ကျနော်တို့အရွယ်က အရိုးပွတာတွေ နာတာတွေကစပြီလေ Menopause ကလဲစဖြစ်နေပြီဆိုတော့ ဗိုက်တာမင် E ဆေးတွေလဲ တစ်လတစ်ကဒ်လောက်သောက်ထားသင့်တာ...။

အဲဒါနဲ့လက်ကျင်တာ မပျောက်လို့ နောက်ဆုံး ပြနေကျ အရင်နေခဲ့ဖူးတဲ့ စမ်းချောင်းက GP ဆရာဝန်ဆီပဲပြလိုက်တော့ ဆရာက သွေးပြန်စစ်ဘာညာရေးပေးလိုက်တယ် ပြီးတော့ ထုံးစံအတိုင်းဆေးခန်းရောက်လို့ သွေးတိုင်းရင် တက်နေပြီ ...။ ဆရာက သွေးကျဲဆေး သွေးကျဆေးတွေ ဆယ်ရက်စာပေးလိုက်ပြီး သွေးတိုင်းတာနေ့တိုင်းမှတ်ထားခိုင်းတယ် သွေးအဖြေရရင် ပြန်ပြရင်းနဲ့ လိုအပ်တဲ့ဆေးတွေပေးမယ်ပေါ့...။ အဲဒါနဲ့ ကျနော်တို့အဒေါ်ခြံရှေ့မှာဖွင့်တဲ့ အာရှတော်ဝင်ဆေးစစ်ဌာနမှာပဲ ညကတည်းက Fasting လုပ်ပြီး မနက် ၇နာရီခွဲလောက်သွားစစ်လိုက်တယ်...။ ကျနော်က သွေးစစ်ထုတ်လို့ ကိုယ့်အသားအပ်ဝင်တဲ့ချိန်ကို တစ်ခါမှမကြည့်ဖူးဘူး...။ ဒီတစ်ခါတော့ သတ္တိရှိရှိနဲ့ကြည့်မယ်လို့ သွေးထုတ်တဲ့ ဆရာမလေးကအပ်သေးသေးမျှင်မျှင်လေးနဲ့ ဘယ်ဖက်လက် တတောင်ကွေးနေရာကို ထိုးစိုက်လိုက်တာ လုံးဝတောင်မနာဘူးအပ်ဝင်တော့ အမလေး ဘဝမှာကိုယ်အသားကို ဆေးထိုးအပ်နဲ့ထိုးတာ ခုမှပထမဆုံးကြည့်ဖူးတာတဲ့....။

နောက်နေ့သွေးအဖြေရတော့ ဆရာဝန်ဆီပြန်သွား ဆရာက စိတ်ရှည်လက်ရှည် တစ်ခုချင်းသေချာရှင်းပြပါတယ်...။ ကျနော်က သွေးဖြူဥ သွေးနီဥ ကျောက်ကပ်လုပ်ငန်းစဉ်တွေအားလုံးကောင်းတယ် ...။ အော် ပြောဖို့မေ့သွားတယ် ဆရာစစ်ခိုင်းတဲ့သွေးအမျိုးအစားတွေအပြင် ကျနော်က အထွန့်တက်ပြီး Vitamin D3 ပါထည့်စစ်လိုက်တယ်...။ မိုးတွင်းနေရောင်မရလို့ အဲဒါများလိုနေမလားသိချင်တာလေ တစ်ခါမှလည်းမစစ်ဖူးဘူး...။ အဲဒီသွေးတစ်မျိုးထဲတင် လေးသောင်းခွဲကျတယ် အားလုံး တစ်သိန်းခွဲလောက်ကုန်သွားတယ် သွေးစစ်ခချည်းပဲ...။ ကျနော်ဖြစ်နေတာက ကိုလက်စထောတက်နေတယ် သွေးတွင်းဆီများနေတယ် မကောင်းတဲ့အဆီကတက်ပြီး ကောင်းတဲ့အဆီကနည်းနေတယ် ပြီးတော့ အသဲအဆီဖုံးနေတယ်...။ သွေးကြောထဲအဆီတွေ အညစ်အကြေးတွေများနေလို့ သွေးလျှောက်ရတာပြဿနာဖြစ်တဲ့နေရာမှာ ကျနော်က သွေးအားကောင်းလို့ တစ်ခုကံကောင်းသွားတာ သွေးနီ/ဖြူတွေသာမကောင်းရင် လေဖြတ်တတ်တယ်လို့ ဆရာကရှင်းပြတယ်...။ ဒါကြောင့် ကျနော်သွေးတိုင်းရင် အောက်သွေးကများများနေတတ်တာ..။ အဲတော့ ဆရာက အဆီကျဆေးတွေနဲ့ Vitamin D ကမဆိုစလောက်လေးပဲကျလို့ တစ်လစာတော့ဆေးပေးလိုက်တယ်..။ အဲဒါဆေးတစ်လသောက်ပြီး ထူးခြားမှုရှိမရှိ ဆရာနဲ့ပြန်တိုင်ပင်ရမယ်...။ ဆေးဖိုးက တစ်သိန်းသုံးသောင်းရှစ်ထောင်ကျတယ် ဟင့်....။ ဟိုနေ့ကမှ CW ဆိုင်မှာ ကျနော့် Local ချည်ထည် Consignment ထားပြီးရောင်းတဲ့ပစ္စည်းတွေ တစ်ဖြတ်ရှင်းပေးတဲ့ ငွေတွေ ခုတော့ သွေးစစ်ခနဲ့ဆေးဖိုး အတွက် ကွက်တိဖြစ်လို့ပေါ့...။

သတင်းကောင်းအနေနဲ့ ကျနော်တို့ ဒီလ လစာတိုးတယ်...။ အလုပ်ကောင်းနေလို့တော့မဟုတ်ဘူး သူဌေးက သူ့ဝန်ထမ်းတွေ ဒီကုန်ဈေးနှုန်းနဲ့ ဒီလစာမကိုက်တော့ဘူးသိလို့ ထောက်ပံ့ကြေးသဘောနဲ့တိုးပေးတာလောက်ပဲ..။ ဘယ်လိုပဲတိုးတိုး ဒေါ်လာဈေးနဲ့တွက်ရင် သူများနိုင်ငံမှာ နာရီပိုင်းလုပ်အားခရဲ့တစ်ပတ်စာလောက်ပဲရှိတဲ့လစာ ...။ $ပု မတော်တရော် ခုန်ပေါ်တက်ထိုင်လိုက်တာ ဒေါ်လာဈေးတွေ တစ်သက်လုံးမကြားဖူးတာဖြစ်သွားတယ် ငါးထောင်ကျော်သွားတယ် ကဲ...။ $အရည်အချင်းမရှိဘဲ တိုင်းပြည်ကို စုတ်ပြတ်သတ်နေအောင်ဖျက်စီးနေတာ လုပ်တတ်တာက ပြဿနာရှာဖို့ပဲ ဆန် ဆီ ရွှေ မြေ ဒေါ်လာ တစ်ခုပြီးတစ်ခု ပတ်ပြီးမွှေတာ မွှေတာဆိုတာ နှောက်တက်နေတာဆိုတာ သေဖို့ပဲကျန်တော့တယ် တိုင်းသူပြည်သားတွေက....။ စီးပွားရေးသမားတွေလည်း ဘာမှလုပ်ကိုင်မရ ပြည်ပသွင်းကုန်အနေနဲ့ ဘာ Transferမှ လုပ်မရ အဲတော့ ဘာသွင်းကုန်မှသွင်းမရ အဓိက ဆေးပစ္စည်းတွေမဝင်တော့တာမို့ သေရေးရှင်ရေးလူနာတွေအတွက် တော်တော်ဒုက္ခများရပါတယ်...။ ကျနော်တို့မယ် ဂျပန်ငပုခေတ်မဟုတ်ဘဲ ဗမာငပုခေတ်ပျက်ကြီးထဲ လူလာဖြစ်ရတာကိုက အကုသိုလ်ကြီးနေတာပါ...။ ဒီကြားထဲ စစ်ပြေးရတဲ့ ဒုက္ခသည်တွေ ရေဘေးဒုက္ခသည်တွေနဲ့ အရင်လို ထမင်းထုပ်လှူလုပ်မယ့်သူတွေ ပရဟိတတွေလည်းသိပ်မရှိတော့ဘူး....။ အစစ အရာရာခက်ခဲလာတဲ့ ခေါင်းဆောင်ကောင်းမဲ့နေတဲ့တိုင်းပြည်မှာ ကျနော်ကတော့ နီးစပ်ရာအဝိုင်းအဝန်းလောက်ပဲ သင့်သလောက် တတ်နိုင်သလောက်လှူနိုင်တယ်...။ 



ခုထိကျင်နေတုန်းပဲ ညာဖက်လက်က ဆရာဝန်ကတော့ ကျည်းပေါင်းကြောင့်လို့ပြောတယ် ဖုန်းကြည့်တာ ကွန်ပြူတာကြည့်တာလျှော့တဲ့ ကျနော်ကတော့ စကားနားထောင်သလားမပြောနဲ့ 
ဖုန်းနဲ့ဖက်အိပ်တာ ညညဆို


ကျနော်တို့မှာ ဟန်မပျက်နေထိုင်နေရတာပဲရှိတော့တာ  အရင်ရေးထားပြီးသား မတင်ရသေးတဲ့ ပို့စ်တွေကို စိတ်ထွက်ပေါက်အနေနဲ့ တင်ပါရစေလို့...။  ပြီးတော့ ကျနော့်ပေ့ချ်လေး အမြဲတမ်း Update ဖြစ်နေဖို့ရယ် တစ်နေ့တစ်နေ့ ကျနော့်အတွက် Moti ရတာက ဒီနေရာလေးပဲလေ Entertain လည်းဖြစ်တာမို့ ကျနော်ချစ်တဲ့ ဒီနေရာလေးကို ကိုယ်တိုင်အမြဲရောက်ဖြစ်သလို စာဖတ်သူတွေကိုလည် အမြဲဝင်ထွက်သွားလာစေချင်တာပါ....:)

ဒီလောက်ပဲ ကျနော့် ကျန်းမာရေးကို Update လာလုပ်တာပါပဲ....


__________________
Revolution will prevail
မိုးငွေ့