Monday, 22 May 2017

Whole meal bread and Pork floss Chinese cookies.....


   



မုန့်သင်တန်းပြီးကတည်းက ဆရာသင်ထားတဲ့ထဲက မုန့်တွေကို ပြန်လှန်လေ့ကျင့်ဖို့မလုပ်သေးဘဲ တခြားမုန့်တွေပဲ စမ်းလုပ်ဖြစ်နေတာ..။ ခုတော့ ဆရာ့နည်းနဲ့ ဂျုံကြမ်းပေါင်မုန့်လုံးလေးလုပ်ပါမယ်..။ ဂျုံနုထက်စာရင် ဂျုံကြမ်းပေါင်မုန့်က ကျန်းမာရေးနဲ့ပိုကိုက်ညီပါတယ်..။ မနက်စာ နေ့ခင်းစာ ပေါင်မုန့်မီးကင်ထောပတ်သုတ် သို့မဟုတ် ယိုလေးသုတ်စားလို့ ရပါတယ်..။ home made ဖြစ်တဲ့အတွက် သုံးရက်ထက်တော့ ပိုအထားမခံပါဘူး..။ ခုလုပ်ခုစားရတာတော့ အကောင်းဆုံးပါပဲ..။ ကျွန်မကတော့ Oven ထဲက ထွက်လာတဲ့ ပေါင်မုန့်ပူပူနွေးနွေးကို စားရတာပိုကြိုက်တယ်..။ ပေါင်မုန့်ဖုတ်ရတာ မုန့်သားနယ်ရတာတော့ အပင်ပန်းဆုံးပဲ..။ ဂျုံမွှေစက်အကြီးစားနဲ့မှအဆင်ပြေတာ အိမ်သုံးတဲ့ ဂျုံမွှေစက်က ပေါင်မုန့်လုပ်ဖို့မနိုင်ဘူး..။ ပေါင်မုန့်သားက ရေကြိုက်တယ်..။ recipe မှာ ပေးထားတာထက် ရေနည်းနည်းပိုထည့်လေ မုန့်သားပိုကောင်းလေပဲ..။ မုန့်နယ်ရင်တော့ ရေကို ပါဝင်မှုအတိုင်း ဒရဟောလောင်းမထည့်ရပါဘူး..။ နည်းနည်းဆီထည့်နယ်ပေးရင် ပိုကောင်းပါတယ်..။ ကျွန်မက အိမ်မှာရှိတဲ့ စက်နဲ့အရင်ရိုက်ပါတယ်..။ မုန့်သားသမသွားတော့မှ မုန့်သားနှပ်လာအောင် မျက်နှာ်ပြင်ကျယ်ကျယ် သစ်သားပြားပေါ်မှာ လက်ဖနောင့်နဲ့ မိနစ်နှစ်ဆယ်လောက်နယ်ပေးရပါတယ်..။ ပေါင်မုန့်လုပ်ရတာ ပင်ပန်းတယ် ခုလိုပူတဲ့ရာသီမှာ ချွေးတလုံးလုံးနဲ့ နယ်ရတာ..။ ကိုယ့်မုန့်သားနှပ်မနှပ်ကို window pane test လုပ်ဖို့မမေ့ပါနဲ့..။ မုန့်သားကို သေးသေးလုံးပြီး ဖြဲကြည့်ပါ မုန့်သားပါးလျပြီး ပေါက်ပြဲမသွားရင် ရပါပြီ.....။ မုန့်သားကို အဖုံးအုပ်ပြီး အခန်းအပူချိန်မှာ နှစ်ဆပွတက်လာတဲ့ထိထားပါ..။ ပေါင်မုန့်လုပ်ရတာ မုန့်သားကို မေ့နေအောင်ပစ်ထားလို့ရတယ်..။ မုန့်သားပွလာရင် တစ်ခါထပ်နယ်ပေးရပါတယ်..။  မုန့်ဘန်းအောက်ခံနဲ့ မုန့်ပေါ်ကို ဂျုံမှုန့်အနည်းငယ်ဖြူးပြီး ရေဖျန်းပေးပါ..။ ခဏအပွထပ်ခံပြီးရင်တော့ 200 ံC ကြိုတင်အပူပေးထားတဲ့ Ovenမှာ 20မိနစ် ဖုတ်ပါ....။


1. 100g bread flour     
2. 50g whole wheat flour
3. 7g yeast
4. 1/2 tsp salt
5. 80g water


မုန့်သားဒီလိုချောမွတ်လာရင် လုံးပြီးအပွခံရပါမယ်



 



၀က်သားမျှင်ကွတ်ကီးလေးတွေက pineapple tart မုန့်လေးတွေလိုပဲ တရုတ်နှစ်သစ်ကူးတွေမှာလုပ်ပြီး ဗူးလှလှလေးတွေနဲ့ လက်ဆောင်ပေးလေ့ရှိတဲ့ မုန့်တစ်မျိုးဖြစ်ပါတယ်...။ လုပ်ရတာလည်း လွယ်ကူတယ် အချိန်လည်း သိပ်ပေးစရာမလိုဘူး..။ ချိုငန်အရသာရှိပြီး လျှာပေါ်မှာမွမွလေးနဲ့ သိပ်စားကောင်းတယ်..။

လိုအပ်တာလေးတွေကတော့

100g unsalted butter  (အငံမပါတဲ့ထောပတ်)
20g icing sugar (သကြားမှုန့်)
60g plain flour (ဂျုံမှုန့်)
60g corn flour (ပြောင်းမှုန့်)
1/4 tsp salt (ဆား)
1/8 tsp baking powder (ဘေကင်ပေါင်ဒါ)
1tbs white sesame, roasted until fragrant and golden (နှမ်းလှော်)
1/4 cup pork floss (ဝက်သားမျှင်ခြောက်)
1egg yolk plus 1 tbs milk, lightly beaten for brushing (မုန့်ပေါ်သုတ်ဖို့ ကြက်ဥနှစ်ရည်)


ထောပတ်နဲ့ သကြားမှုန့်တွေကို စက်နဲ့ စက်မရှိရင်လည်း သစ်သားယောင်းမနဲ့ ထောပတ်အရောင်ဖြူလာတဲ့အထိ တစ်မိနစ်လောက် သမသွားအောင် ခပ်နာနာလေးမွှေပေးပါ..။ သမသွားရင်ရပါပြီ အချိန်ပိုကြာအောင် မမွှေပေးရပါဘူး ။ သမသွားတဲ့ ထောပတ်ထဲကို ဂျုံ ပြောင်းမှုန့် ဆားနဲ့ ဆိုဒါတို့ကို ဇကာနဲ့စစ်ထည့်ပါ..။ စက်သုံးတဲ့သူဆိုရင်တော့ ဒီအဆင့်မှာ စက်နဲ့မွှေစရာမလိုတော့ပါဘူး..။ သစ်သားယောင်းမနဲ့ပဲ ဂျုံနဲ့ တခြားအမှုန့်တွေအားလုံး သမအောင်မွှေပေးပါ..။ နှံ့သွားရင် နှမ်းလှော်နဲ့ ဝက်သားမျှင်ခြောက်ထည့်မွှေပါ..။ ဝက်သားမစားသူများ ကြက်သားမျှင်ထည့်လို့ရပါတယ်..။ အားလုံးမွှေပြီးသွားရင် မုန့်သားလေးစေးပိုင်သွားရင် (cling film) မီးဖိုကြောင်သုံးပလပ်စတစ်အကြည်လိတ်ကို လိုသလောက်ဖြတ်ယူ မုန့်သားကိုထည့်ပြီး ရေခဲသေတ္တာထဲကို နည်းနည်းထန်သွားအောင် မိနစ်သုံးဆယ်လောက်သိမ်းထားပါ..။ ဒါမှာမဟုတ် ဒလှိမ့်တုံးနဲ့လှိမ့်လို့လွယ်တဲ့ အနေထိထားပေးပါ..။ ထန်သွားတဲ့မုန့်သားကို ဒလှိမ့်တုံးနဲ့ 0.5cm အပါးရအောင်လှိမ့်ပြီး cookies cutter နဲ့ဖြတ်ပေးပါ..။ မုန့်ဖုတ်ဘန်းပေါ် 5cm အကွာစီထည့်ပြီး ကြက်ဥနှစ်လေးအပေါ်ကသုတ်ပြီး နှမ်းစေ့လေးတွေဖြူးပေးပါ..။ ကြိုတင်အပူပေးထားတဲ့ 180 ံC  အပူချိန်မှာ 10-12 မိနစ်ထိ (သို့) ရွှေညိုရောင်သန်းလာတဲ့အထိ ဖုတ်ပေးပါ..။ ကိုယ်သုံးတဲ့ oven ပေါ်မှာမူတည်ပြီး မီးအချိန်အဆကွဲလွဲတတ်ပါတယ်..။ ရလာတဲ့မုန့်ကို (wire rank) ဇကာပေါ်လုံးဝအေးတဲ့အထိ ထားပြီးမှ လေလုံတဲ့ဗူးထဲမှာ နှစ်ပတ်ထိထားပြီး စားနိုင်ပါတယ်ရှင့်...။ ဒီမုန့်လေးကို ကော်ဖီ လက်ဖက်ရည်နဲ့ ဒါမှမဟုတ် စံပယ်ပန်းလက်ဖက်ခြောက်လေးနဲ့လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်..။






မိုးငွေ့


Monday, 15 May 2017

Jerry, Marvin and Talbot .....





ကျွန်မ ညနေခင်းတစ်ခုမှာ ဈေးဝယ်မုန့်ထွက်စားရင်း Talbot နဲ့တူတဲ့ ကောင်လေးတစ်ယောက်ကို အမှတ်မထင်တွေ့ခဲ့လိုက်တယ်...။ Talbot ဆိုတာ ကျွန်မ တက္ကသိုလ်မတက်ခင် ဆရာကြီးလူထုဦးစိန်ဝင်းရဲ့ FMA မှာ အင်္ဂလိပ်စာသင်တန်းစတက်တုန်းက ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ပါ..။ သူ့ကို သင်တန်းပြီးတော့ တစ်ခေါက်လား နှစ်ခေါက်လားပဲ လမ်းမှာထပ်တွေ့မိတယ်..။ တွေ့ခဲ့ရတာလည်း လွန်ခဲ့တဲ့ ခြောက်နှစ် ခုနှစ်နှစ်တောင်မကတော့ဘူးထင်တယ်..။ သူက ကျောင်းတက်တုန်းကပိန်ပိန်ရှည်ရှည် ကျွန်မနဲ့လမ်းမှာ ရုတ်တရက်ဆုံတော့ ဝတုတ်ကြီးဖြစ်နေပြီ အိမ်ထောင်ကျနေပြီ သားကလေးတစ်ယောက် ဖအေဖြစ်နေပြီတဲ့..။

Talbot အကြောင်းပြောရင် Jerry နဲ့ Marvin ကိုလည်းထားခဲ့လို့မရဘူး..။ သူတို့သုံးယောက်စလုံးနဲ့ ကျွန်မ FMA စတက်တော့ ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့တာ..။ Talbot က ကြည့်လိုက်ရင် အမြဲပြုံးပြုံး ပြုံးပြုံးနဲ့ရှိနေတတ်တဲ့ ကောင်ကလေး.. အသားညိုညို မျက်ခုံးမျက်ဖန်ကောင်းသူ...။ စကားပြောရင် လေးလေးကန်ကန်နဲ့ သဘောကောင်းသူ..။ သူက ပုစွန်တောင်သားဆိုတော့ တက္ကသိုလ်တက်တော့ သူက RC1 ဗိုလ်တစ်ထောင်ကျောင်းမှာ တက်ရတယ်..။ Jerry လည်း RC1 ကျောင်းသားပဲ..။ သူက လေးတန်းကျောင်းသားကလေး ဘဝကတည်းက ဆရာကြီးလူထုဦးစိန်ဝင်းဆီမှာ အင်္ဂလိပ်စာတက်နေပြီ..။ သူ့အမေက ဆရာကြီးတို့အိမ်အောက်ထပ်မှာ ထမင်းရောင်းတော့ သူ့ကို ဆရာကြီးဆီမှာ ကျောင်းအပ်ထားခဲ့လိုက်တာ..။ ဒါကြောင့်သူကတော့ အင်္ဂလိပ်စာမှာဆရာကြီး စကားပြောလည်းကျွမ်းကျွမ်းကျင်ကျင်ရတယ်....။ ကျောင်းတက်ရင်း Tourist Guide လည်းလုပ်တယ်....။ Marvin ကတော့ RC2 ကျောင်းသား... ဓါတုဗေဒက..။ ကျွန်မသူငယ်ချင်းတွေက ကျောင်းပေါင်းစုံကဆိုတော့ RC3 ကျောင်းသူ ကျွန်မက သူတို့ကျောင်းတွေဆီကို အလှည့်ကျ သွားလည်ခွင့်ရခဲ့တာတော့ ဒါကြောင့် ကျွန်မ တက္ကသိုလ်ပေါင်းစုံကိုရောက်ဖူးခဲ့တယ်.. ရန်ကုန်စက်မှုတက္ကသိုလ်ကအစပေါ့..။

ကျွန်မ ငယ်ငယ်တုန်းက သူငယ်ချင်းအကြောင်းတွေကိုမရေးဖြစ်တာကြာပြီ သူတို့ကိုလည်း သတိမရဖြစ်တာကြာပြီလေ..။ တခါတလေ တိုက်ဆိုင်မှုရှိရင် တော်တော်ကြီးကိုမေ့လျော့နေခဲ့တဲ့ သူတွေလည်း အတွေးထဲပြန်ဝင်လာတတ်တယ်..။ အဲခါမျိုးဆို ကျွန်မက ငယ်သူငယ်ချင်းအကြောင်းတွေရေးစရာရပြီဆိုပြီး ကိုယ့်ဘာသာတစ်ယောက်ထဲ ကြိတ်ဝမ်းသာတတ်နေသေးတယ်..။ ဒီပို့စ်လေးဖြစ်လာရတာ  Talbot နဲ့တူတဲ့ လူတစ်ယောက်ကို လမ်းမှာတွေ့ရင်းဖြစ်လာရတယ်ဆိုပေမယ့် သူ့အကြောင်းကပြောစရာ သိပ်များများစားစားမရှိပါဘူး..။ ကျွန်မတို့တွေ FMA မှာ တက်ရင်း စကားတွေပြောကြ အကြောင်းအရာတွေဆွေးနွေးငြင်းခုံကြ BC စာကြည့်တိုက်ကို စာအုပ်သွားငှားဖတ်ကြ လက်ဖက်ရည်ဆိုင်ထိုင်ကြနဲ့ အဲဒီတုန်းက ကျောင်းသားဘဝကို ပြည့်ပြည့်၀၀ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြတာပါ..။

Marvin ကိုတော့ မတွေ့ဖြစ်တာနှစ်အတော်ကြာပြီ..။ လွန်ခဲ့တဲ့ တစ်လကျော်နှစ်လလောက်ကတော့ ကျွန်မတို့အလုပ်နားက ကော်ဖီဆိုင်မှာ သူ့ကိုပြန်တွေ့ခဲ့သေးတယ်..။ ကျွန်မက ဘဏ်ကိုအသွား ကော်ဖီဆိုင်ရှေ့ကလျှောက်တော့ သူကလှမ်းခေါ်တာ..။ ကျွန်မကို သူသောက်နေကျ Americano ပဲမှာပေးရမလားတဲ့..။ တကယ်တော့ Americano ကော်ဖီကို စသိခဲ့တာ Marvin ဆီကပါ..။ ကျွန်မ ကော်ဖီအကြောင်း နကန်းတစ်လုံးမသိသေးတဲ့အချိန် ဟိုချိန်တုန်းက Jerry နဲ့ Marvin နဲ့ ကော်ဖီဆိုင်ထိုင်တော့ ဦးမောင်(ရုပ်ရှင်မင်းသားဦးကျော်သူ)တို့ စကော့ဈေးမှာစဖွင့်တဲ့ Living Color Boutique နဲ့တွဲဖွင့်ထားတဲ့ Cafe Aroma မှာထိုင်ဖြစ်ကြရင် Marvin က အမြဲတမ်း အမေရိကန်နိုမှာသောက်တယ်..။ ကျွန်မက သူမှာတာကိုကြည့်ပြီး အဲဒီကော်ဖီကိုမှာသောက်တတ်ခဲ့တာ ..။ တကယ်တမ်း Cafe Aroma ဆိုင်က ကျွန်မအကြိုက်ဆုံးက Ice Latte ..။ ခုချိန်ထိ သူတို့ဆိုင်လောက်ကောင်းတဲ့ Ice Latte ကိုမတွေ့သေးဘူး...။

Marvin အကြောင်းပြောရင်း ကော်ဖီကြော်ငြာဝင်သွားတယ်..း)  Marvinက ကျောင်းပြီးတော့ ဓါတ်ပုံရိုက်တဲ့ လိုင်းထဲဝင်သွားတယ် သူ့အဖေကိုယ်တိုင်ကလည်း ဓါတ်ပုံဆရာကိုး..။ ကျောင်းမှာကတည်းက ကျောင်းကပွဲ မောင်မယ်သစ်လွင်ပွဲဆို သူပဲ ဒိုင်ခံရိုက်တာ..။ Marvin က အခုနာမည်ရနေတဲ့ အေးဇော်မိုး(စက်မှု)ရဲ့ အစ်ကို..။ သူတို့မှာညီအစ်ကိုသုံးယောက်ရှိတယ် အားလုံး ဓါတ်ပုံပညာနဲ့ပဲအသက်မွေးကြတယ်..။ Marvin က မြန်မာတိုင်းမ်ဂျာနယ်မှာ ဓါတ်ပုံသတင်းထောက်လည်း ဝင်လုပ်သေးတယ်..။ ကျွန်မကျောင်းပြီးလို့ အလုပ်လုပေ်တာ့ ကျွန်မတို့ ကုမ္ပဏီက ေြက်ာငြာကိစ္စ ပစ္စည်းမိတ်ဆက်ပွဲအတွက် ဓါတ်ပုံရိုက်တဲ့ကိစ္စတွေမှာ သူတို့ညီအစ်ကိုတွေ့နဲ့လုပ်ဖြစ်ခဲ့သေးတယ်..။ နောက်မှသာ အဆက်သွယ်ပြတ်သွားခဲ့ကြတာ..။

ဒါနဲ့ အလုပ်နားက ကော်ဖီဆိုင်မှာ Marvin နဲ့ပြန်ဆုံတော့ ပျောက်ချက်သားကောင်းနေတဲ့ Jerry အကြောင်းအတင်းတုတ်ကြရော..။ ဘာလဲဆိုတာတော့ ဒီမှာထည့်မရေးတော့ဘူး နိုင်ငံရေးတွေပါလို့..။ Marvin အိမ်ထောင်ကျတော့ သူ့အမျိုးသမီးလေး ကလေးမွေးလို့ သွားကြည့်ဖြစ်သေးတယ် အဲထိအဆက်သွယ်ရှိသေးတယ်..။ Marvin အမျိုးသမီး ဂျူဂျူးက ဒေါင်ကောင်းကောင်း ချောချောလေး သူနဲ့တောင်မလိုက်ဘူး...။ Jerry အမျိုးသမီးတော့မတွေ့ဖူးဘူး... သူမင်္ဂလာဆောင်တုန်းက မသွားဖြစ်လိုက်ဘူး..။ သူ့သမီးလေးပုံတော့ တွေ့ဖူးတယ် ချစ်စရာလေး..။ ကျွန်မတောင်စလိုက်ပါသေး သမီးမွေးတယ်ဆိုတာ အဖေတွေဝဋ်လည်ဖို့လို့...။

ကျွန်မတို့ အင်္ဂလိပ်စာသင်တန်းတက်ရင် ဆရာကြီးက နာမည်ပေးသိပ်ကောင်းတာ ကျောင်းသားတစ်ယောက်ကို သူ့မြန်မာနာမည်ကိုကြည့်ပြီး အင်္ဂလိပ်နာမည်ပေးတတ်တယ်..။ Marvin ကသူ့မြန်မာနာမည်မှာ “မ”ပါတော့ “M”နဲ့စတဲ့နာမည်ပေးတယ်..။ Jerry ကတော့ Tom and Jerry ကာတွန်းကားထဲက ကြွက်ကလေးနဲ့တူလို့ ဆရာကြီးအဲလိုပေးလိုက်တယ်ထင်တယ် သူ့မြန်မာနာမည်နဲ့ဘာမှမဆိုင်လို့လေ..။ Talbot လည်းတူတူပဲ  သူ့မြန်မာနာမည်က “သ”နဲ့စတာ..။ အဲဒီနာမည်တွေအကြောင်း ကျွန်မ ဒီပို့စ်မှာ တစ်ခါရေးဖူးပါတယ်..။

ငယ်တုန်းက သူငယ်ချင်းအကြောင်းပြန်ရေးရတာ ပျော်တယ်..။ ကျောင်းတက်တုန်းကအချိန်တွေကို ပြန်ရောက်သွားသလိုပဲ...။ နောက်ထပ် သူငယ်ချင်းတွေကို သတိရဖြစ်သေးရင်လည်း လာပြောပြဦးမယ်နော်..။


မိုးငွေ့


Tuesday, 9 May 2017

ဗီယက်နမ်ခရီးစဉ်.....(4)



ဒါးလက်မြို့က ကျွန်မတို့တည်းတဲ့ ဟိုတယ်ကနေ မနက်စာစားပြီး တောင်ပေါ်မှာရှိတဲ့ Truc Lam ဘုရားကျောင်းကို cable ဓါတ်လုံးနဲ့ထပ်တက်ကြရပါတယ်...။


Cable မစီးခင် ဒါးလက်မြို့ရဲ့ ရှုခင်း






တောင်ပေါ်တက်တဲ့ ရှုခင်း











တောင်ပေါ်ကအမှတ်တရပစ္စည်းဆိုင်


Truc Lam ဘုရားကျောင်း








ဘုရားကျောင်းဝင်းထဲမှာ ပန်းတွေအများကြီးစိုက်ထားတယ် လှမှလှပဲ





ချဉ်ပေါင်ပန်းလေးမပွင့်သေးဘူး





 
ကျွန်မတို့ဆီမှာ ဈေးထဲမယ် ပဲပန်းဆိုပြီး တစ်စီးကို ငါးထောင်လောက်နဲ့ရောင်းနေတာ ပေါ့ ..။ ဒီမှာတော့ အလှစိုက်ပန်းလေးတွေ သိပ်လှတာပဲ





ငယ်ငယ်တုန်းက ရွာမှာ အဲလိုပန်းမျိုးတွေ အ၀ါရောင်လေးတွေအများကြီးပဲ ပန်းရောင်တော့ ခုမှမြင်ဖူးတာ



Bao Ding ဘုရင့်နန်းတော်ထဲမှာလည်းအဲဒီပန်းလေးရှိတယ် ဘာပန်းမှန်းမသိ





လာသမျှခရီးသွားတွေအားလုံးကလည်း ဘုရားရှိခိုးပြီး ဒီပန်းတွေနဲ့ပဲလှည့်ပတ်ဓါတ်ပုံရိုက်နေကြတာပဲ







ပန်းမြို့တော်ကိုရောက်ခဲ့တော့ ပန်းပုံတွေကများနေတယ်





ဘုရားကျောင်းမှာ ဘုရားကန်တော့ လျှောက်ကြည့် ဓါတ်ပုံရိုက်ကြပြီးတော့ Dantala ရေတံခွန်ကို ဆက်သွားခဲ့ကြပါတယ်..။ ပြင်ဦးလွင်မှာရှိတဲ့ ပိတ်ချင်းမြှောင်ရေတံခွန်လောက်တောင်မလှပါဘူး..။ ပွဲကောက်ရေတံခွန်သာသာရယ်..။ ဒါပေမယ့် ရေတံခွန်က ဟိုးအောက်ဖက်လျှိုထဲမှာမို့ လမ်းလျှောက်ဆင်းရင် တစ်နာရီလောက်ကြမယ်တဲ့..။ အားလုံး ရိုလာခို့စတာလိုမျိုးဟာနဲ့ တစ်စီးကိုနှစ်ယောက်စီးပြီး ရေတံခွန်ရှိတဲ့အောက်ကို သွားရတယ်..။ ကားမောင်းတာက လက်တံလေးနှစ်ဖက်ပါတယ် အရှေ့မှာထိုင်တဲ့သူက လက်တံကို ရပ်ချင်ရင် အနောက်ကိုဆွဲပြီး အရှေ့ကိုသွားချင်ရင် အရှေ့ကိုတွန်းရတယ်..။ မောင်းခါစက အထိန်းအချုပ်ခက်ခဲတယ်..။ ကျွန်မနဲ့ညီမလေးကတစ်စီး အတူစီးရတာ ကျွန်မက Driver ပေါ့..။ အကွေ့အကောက်နေရာရောက်ရင် လမ်းကြောင်းကအစောင်းလုပ်ထားတော့ အသည်းယားစရာ..။ ခါးပတ်ကလည်း အရှေ့ကတစ်ယောက်ပဲပတ်ရတာ..။



















အဆင်းအတက်မှာ လုပ်ကိုင်ပေးရတဲ့ ၀န်ထမ်းလေးတွေကလဲ အဲလိုဝတ်စုံပြည့် သပ်သပ်ရပ်ရပ် သန့်သန့်ပြန့်ပြန့်လေးတွေ..။ ဖော်ဖော်ရွေရွေလဲရှိကြတယ်..။ ဆက်ဆံရေးကတော့ ပြောစရာမရှိ။






ရေတံခွန်ကြီးဆီကအပြန် နေ့လည်စာစားတဲ့ဆိုင်က မုန့်ဆိုင်လေး... ပြန်ခါနီးတော့ လူက အားယုတ်လျော့လာတယ် ပင်ပန်းနေပြီလေ ဓါတ်ပုံတောင် စုံအောင်မရိုက်နိုင်တော့ဘူး..။ ဒါးလက်မှာ ညစာစားပြီး ဒါးလက်ညဈေးကိုသွားလည်ကြသေးတယ်..။ ဖုန်းက ဘက်ထရီလုံးဝကုန်သွားလို့ ဟိုတယ်မှာ အားသွင်းပြီးထားခဲ့ရတာနဲ့ ဘာပုံမှမရိုက်ခဲ့ရဘူး..။ ညဈေးမှာ အများဆုံးရောင်းတောက အနွေးထည်တွေများတယ်..။ 3in 1ကော်ဖီထုပ်တွေကတော့ ဈေးပေါတယ်..။ ကော်ဖီက သိပ်ကောင်းတာပဲ..။ Nest နဲ့တော့တခြားဆီရယ်..။ ကော်ဖီစစ်လို့လားမသိ အနံ့မွှေးပြီး သောက်ချင်စဖွယ်ရှိတယ်..။ အခါးတော့နည်းနည်းကဲတယ်..။

ရေတံခွန်ကအပြန် ခရီးစဉ်မှာ ပါတဲ့ Xaun Houng ရေကန်ကို မရောက်တော့ပါဘူး အချိန်မရှိတာလည်းဖြစ်ပါမယ်..။ ကျွန်မတို့ ခရီးစဉ်မှာပါပြီး မရောက်ဖြစ်ခဲ့ကြတာ နောက်တစ်နေရာက တောင်ပေါ်လက်ဖက်ခင်းနေရာပါပဲ..။ အဲနေရာကို ကျွန်မက သိပ်ရောက်ချင်တာ..။ မလေးရှားက Cameron High Land က လက်ဖက်စိုက်ခင်း ပန်းစိုက်ခင်းနဲ့ စတော်ဗယ်ရီစိုက်ခင်းတွေဆီကို သိပ်ရောက်ဖူးချင်နေခဲ့တာ..။ ဒီခရီးစဉ်မှာလည်း ကျွန်မကိုအဆွဲဆောင်နိုင်ဆုံးက အဲဒီလက်ဖက်ခင်းနေရာလေးပဲ ..။



 ဟိုချီမင်းစီးတီး အပြန်လမ်းမှာ မိုးတွေရွာ


 





 



Sai Gon City ပြန်ရောက်တော့ shopping ထွက်ဖို့ Sai Gon ညဈေးကိုပို့ပေးတယ်..။ ဈေးဝယ်မယ်ဆိုရင် ထက်ဝက်စစ်ပြီးမှဝယ်တဲ့..။ ဂိုက်ကအဲလိုမှာထားတယ်..။ ကိုယ်လိုချင်တဲ့ ပစ္စည်းဈေးမေးလိုက်ရင် သိန်းဂဏန်းကြီးပဲ..။ တစ်ဝက်လောက်စစ်ချရမှာ မစစ်ချင်ဘူး ဒီတော့ ဘာမှကိုမ၀ယ်ခဲ့ဘဲ ပတ်ပြီး ပြန်ထွက်လာခဲ့တယ်..။  ညစာစားကြတယ်....ညစာစားဖို့ ပီဇာဆိုင်ထဲဝင်သွားတော့ ပီဇာကျွေးမယ်ထင်ထားတာ.. ဘယ်ဟုတ်မလည်း ထမင်းနဲ့ ဟင်းလည်းရတယ်တဲ့ ..။ ဟိုတယ်ပြန်ပြီး ရေမချိုးသေးဘဲ ညဈေးထပ်သွားကြတယ်..။ အပြန်လက်ဆောင်ဘာမှမ၀ယ်ရသေးဘူးလေ..။ ညဈေးမှာ ဗီယက်နမ် လက်ကိုင်ပိုက်ဆံအိပ်သေးသေးလေးတွေ ဒါဇင်လိုက်ဝယ်လာတယ်..။


အပြန် လေယာဉ်ကွင်းမှာ ပစ္စည်းချိန်ဖို့တန်းစီတော့ ဘေးနားက အဲကောင်ကလေး သိပ်ဆော့တာပဲ ချစ်ဖို့လည်းကောင်းတယ် အသားလေးကဖြူဖွေးကြည်ဥနေရော


ဘိုင်ဘိုင် ဟိုချီမင်း C U again


ပုံတွေက ဆွဲဆောင်မှုမရှိတော့ သီးခံပြီး အစအဆုံးအားပေးလာတဲ့ စာဖတ်သူတွေကို ကျေးဇူးတင်ပါတယ်...။ နောက်နှစ်တွေ ဟနွိုင်းတို့ ဒါနန်းတို့ဆီ သွားလည်ဖို့ အားခဲထားတယ်....း)


မိုးငွေ့

Friday, 5 May 2017

ဗီယက်နမ်ခရီးစဉ်.....(3)




ကျွန်မတို့ ဖန်းသိပ်ကမ်းခြေဟိုတယ်ကနေထွက်ပြီး ဗီယက်နမ်ရဲ့ တောင်ပေါ်မြို့ကလေးတစ်မြို့ဖြစ်တဲ့ ပင်လယ်ရေမျက်နှာပြင် ခြောက်ထောင်ကျော်လောက်မြင့်တဲ့ ဒါးလက်မြို့ကိုရောက်ခဲ့ပါတယ်..။ ဒါးလက်မြို့ကို ပန်းမြို့တော် အချစ်မြို့ စသဖြင့် ခေါ်ကြတယ်..။ City of Love, City of Flower တဲ့..။ ညားခါစ ဇနီးမောင်နှံတွေ ဟန်းနီးမွန်းထွက်တဲ့ မြို့လေးလည်းဖြစ်တယ်..။ ကျွန်မတို့ကားပေါ်မှာလည်း ဟန်းနီးမွန်း ဇနီးမောင်နှံတွေ နှစ်တွဲပါတယ်..။ ဒါးလက်မြို့ရောက်တော့ နွေရာသီရဲ့ နေရောင်တောက်တောက်ပပအောက်မှာပူအိုက်မနေဘဲ အေးမြနေခဲ့တယ်..။ တစ်မြို့လုံး လမ်းတောက်လျှောက် လမ်းလယ်ကျွန်းမှာ ရောင်စုံ နှင်းဆီပွင့်အကြီးကြီးတွေက စွင့်ငွားလို့...။ နေ့လည်စာစားချိန်နဲ့ကွက်တိမို့ ဒါးလက်ဟောက်စ် ထမင်းဆိုင်မှာ နေ့လည်စာကျွေးပါတယ်..။










ဟင်းတွေကတော့ အစုံအလင်ပဲ..။ ပင်လယ်စာတွေက လတ်ဆတ်လို့လားမသိ တော်တော်အရသာရှိတယ်..။ အသီးအရွက်ကအစပေါ့..။ ကျွန်မတို့ကို Tango က ဟင်းတွေအများကြီးမှာကျွေးပါတယ်..။ ပဲကြာဇံကြက်သားသုတ်၊ ငါးမှုတ်ကြော်၊ ငါးကြော်၊ ကြက်ဥလိပ်ကြော်၊ နံရိုးကင်၊ ပုစွန်လှော်နဲ့ မုန်ညင်းဖြူကိုရှာလကာရည်နဲ့သုပ်၊ မုန်ညင်းစိမ်းကြော် အစုံပါပဲ..။ ထမင်းက စေးစေးထန်းထန်းမို့ ရာသီဥတုအေးအေးနဲ့ ဗိုက်ဆာဆာနဲ့ တော်တော်စားဝင်ကြတယ်..။ လက်ဖက်စိမ်းရည်ပူပူလေးကလည်း သောက်လို့ကောင်း..။ ဒီခရီးကအပြန်မှာ 6ပေါင်လောက် ၀ိတ်တက်လာပါတယ်ကွယ်တို့...။














 ထမင်းစားပြီး အစာကျေရင်ချောင်အောင် လမ်းထွက်လျှောက်ရင်း..ဒါးလက်ထမင်းဆိုင်ရှေ့က အပင်လေးတွေလျှောက်ရိုက်..။ အဲအလုံးလေးတွေက အလှစိုက်တဲ့ ငရုတ်သီးတဲ့ ..














ဒါးလက်မရောက်ခင်က လမ်းမှာ ပေါက်တောနားတော့ ဆိုင်တစ်ဆိုင်မှာ အဲလို ပခက်တွေနဲ့ထိုင်ကြတာ..။ စားပွဲထိုင်ခုံနဲ့မထိုင်ပဲ သူတို့က လက်ဖက်ရည်တစ်ခွက် ခေါက်ဆွဲတစ်ပွဲမှာစားရင် အဲလိုပခက်ထဲလှဲပြီးကျောဆန့် စားစရာတွေကို ဘေးနားက ထိုင်ခုံမှာတင်ပြီးစားကြတာ..။ ဇိမ်ကျချက်..။ အဲလို ပခက်တွေနဲ့ဆိုင်ကို တစ်လမ်းလုံးတောက်လျှောက်တွေ့ရတယ်..။ မြန်မာပြည်က လက်ဖက်ရည်ဆိုင်မှာ အဲလိုသာထားရင် တနေကုန်ထတော့မှာကိုမဟုတ်ဘူး..။



 
အဲဆိုင်က မြွေစိမ်ထားနဲ့ တောအရက် ကြောက်စရာကြီး







စားသောက်ပြီး Tango က Tour Leader  ကိုမြင့်မြတ်က ကျွန်မတို့ကို အရင်ဦးဆုံး Crazy House ကိုပို့ပါတယ်..။ Tour leader တွေကို မိတ်ဆက်ပေးဖို့မေ့သွားတယ်..။ Tango က ကျွန်မတို့ ခရီးစဉ်မှာပါတဲ့ လူအယောက်သုံးဆယ်နီးပါးကို Guide နှစ်ယောက်ထည့်ပေးပါတယ်..။ Tour leader ကတော့ ကိုသက်ထွန်းတဲ့ သူက မြင့်မြတ်နဲ့ခပ်ဆင်ဆင်မို့ သူကိုယ်သူ ရုပ်ရှင်မင်းသားမြင့်မြတ်ဆိုလို့ ကျွန်မတို့ကားပေါ်က ခရီးသည်တွေအားလုံး သူ့ကို မြင့်မြတ်ပဲခေါ်လိုက်ကြတယ်..။ ဒုတိယဂိုက်ကတော့ မမြသဇင်ကျော်ဖြစ်ပါတယ်..။ ဒီညီမလေးကိုတော့ သဇာဝင့်ကျော်လို့ခေါ်ကြတယ်..။ ဂိုက်တွေက တော်တော်လေးကို စိတ်ရှည်လက်ရှည်နဲ့ ဖေးဖေးမမရှိကြပါတယ်..။ ဗီယက်နမ်ဖက်က ဂိုက်ကတော့ ဒွန်တဲ့.. သူ့ကိုယ်သူ Fast and Furious ကားထဲက Dom တဲ့ ကျွန်မတို့ကသူ့ကို သားစိုးနဲ့တူလို့ သားစိုးပဲခေါ်ကြတယ်..။ သူကတော့ သားစိုးရဲ့ ညီ သိုးစားဆိုပြီး လက်နဲ့ DJ ပွတ်တဲ့ပုံလုပ်ပြတတ်သေးတယ်..။
































 ညီမလေးက သူတီးတတ်တဲ့ တစ်ခုတည်းသော တေးသွား Happy Birthday...ကို အိုက်တင်အပြည့်နဲ့တီး












Crazy House ကိုတည်ဆောက်ခဲ့တဲ့  Miss Dang Viet Nga ဟာ ကမ္ဘာစစ်ခေတ်က ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးဖြစ်ပြီး ရှရှားမှာ ဗိသုကာပညာနဲ့ကျောင်းပြီးခဲ့ပါတယ်..။ သူဆောက်တဲ့ Crazy House က ကမ္ဘာမှာရှိတဲ့ Crazy House ဆယ်လုံးထဲမှာပါဝင်ပါတယ်..။ ခုဆိုရင် ဒီခရေဇီဟောက်စ်အိမ်ပုံကိုတည်ဆောက်တဲ့သူဟာ အသက်ရှစ်ဆယ်ကျော် အဖွားအိုတစ်ယောက်ဖြစ်နေပါပြီ..။ ဒီအိမ်ထဲက အခန်းတစ်ခန်းထဲမှာနေတယ်လို့တော့ ဂိုက်တွေကပြောပြတာပဲ..။ ဒါပေမယ့် အိမ်က ဒီအပေါက်က၀င်ရင် ဟိုကိုရောက် ဒီကိုရောက် ရောက်ချင်တဲ့နေရာရောက်နဲ့ ၀င်္ကပါလိုလုပ်ထားတာ..။ ဧည့်ခန်း အိပ်ခန်းတွေတော့ အများကြီးပဲတွေ့ရတယ်..။







ခရေဇီဟောက်စ်ပြီးတော့ ဗီယက်နမ်ရဲ့ နောက်ဆုံးဘုရင်နေခဲ့တဲ့ နန်းတော်ကိုရောက်ပါတယ်..။ ဘုရင်ကြီးက နောက်ဆုံး ပြင်သစ်နိုင်ငံမှာပဲ သက်တော် ၈၀ ကျော်မှ နတ်ရွာစံသွားခဲ့တယ်တဲ့..။ အပေါ်ကပုံက ဘုရင်ကြီးရယ် မိဖုရားရယ် အိမ်ရှေ့စံမင်းသားရယ်ပါ..။






  နန်းတော်ထဲကိုဝင်ရင် စီးထားတဲ့ဖိနပ်အပြင်ကို အဲလိုခြေအိတ်စွပ်ပြီးဝင်ရတယ် 
သူတို့ကြမ်းက အဲခြေအိပ်တွေနဲ့ ကြမ်းတိုက်ပြီးသားတွေဖြစ်...















Domain De Marie ဘုရားကျောင်း


ပန်းကလေးတွေမြင်တိုင်းရိုက်ရတာကို သီးခံကြပါ




Domain De Marie ဘုရားကျောင်းပြီးတော့ Valley of Love ပန်းခြံကိုဆက်သွားကြတယ်..။ ကျွန်မတို့ပြင်ဦးလွင်က အမျိုးသားကန်တော်ကြီးဥယျာဉ်လိုပါပဲ ပန်းတွေမျိုးစုံစိုက်ထားတယ်..။ ဧရိယာကတော့ အကျယ်ကြီးပဲ တကယ်အနှံ့လျှောက်သွားရင် တစ်နေကုန်မှစုံမယ်ထင်တယ်..။ ဟိုး အနောက်ဖက်ကျ တောင်အောက်ဖက်ကို လှေကားထစ်နဲ့ဆင်းသွားရင် တောင်တွေကြားထဲက ရေကန်အကြီးကြီးတစ်ခုရှိတယ်..။ ကျွန်မတို့က အဲဒီအစပ်နားထိပဲသွားကြတာ အောက်ကိုမဆင်းတော့ဘူး အချိန်လဲသိပ်မရတော့ဘူးလေ..။ ရေကန်ထဲမယ် ခြေနင်းလှေလေးတွေစီးလို့ရတယ်..။ အဲအောက်နားက ပန်းတွေလည်းသိပ်လှတယ်..။



ဒါက ပန်းခြံရှေ့မျက်နှာစာက ပျိုးပင်အရောင်းဆိုင်
















 ဗိုက်ဆာလို့ ၀က်အူချောင်းကင်ဝယ်စား ဈေးသည်အမျိုးသမီးက ထိုင်းလိုလည်းတတ်တော့ သူ့ကို ထိုင်းလိုပြောပြီးဝယ်စားခဲ့တယ်


























တနေကုန် ပင်ပန်းပြီဆိုတော့ ညစာစားတဲ့ပုံတွေ ဟင်းပွဲတွေကိုတောင်မရိုက်ထားလိုက်နိုင်ဘူး...။ ဒီမြို့က ဟိုတယ်တိုင်းမှာ လေအေးစက်မတပ်ထားဘူး..။ ကျွန်မတို့သွားတဲ့ မတ်လလို နွေရာသီကြီးမှာတောင် ဂွမ်းကပ်စောင်အထူကြီးခြုံအိပ်ရတာ..။ ဒီခရီးစဉ်တစ်လျှောက်မှာ ဒါးလက်မှာညအိပ်ရတာ အပျော်ဆုံးပဲ ရာသီဥတုက အရမ်းအေးလို့လေ..။ ညစာမစားခင်က ဒေသထွက်လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်ကို လိုက်ပို့ပေးသေးတယ်..။ ဗီယက်နမ်ထွက် ကော်ဖီမျိုးစုံ လက်ဆောင်ပေးစရာတခြား ငှက်ပျောကြော်လို ကန်ဇွန်းဥကြော်လို မုန့်မျိုးစုံ အသီးခြောက်မျိုးစုံတွေကို ၀ယ်လိုက်ကြတာ ကြိတ်ကြိတ်ကိုတိုးပဲ..။ 3in1 ကော်ဖီဗူးတွေ ဆယ်ဗူးယူရင် တစ်ဗူးရတယ်တဲ့..။


ကျွန်မတို့တည်းတဲ့ ဟိုတယ်

မနက်စာလေး စားကောင်းတယ် အစုံပဲ ပေါင်မုန့်က ပူပူနွေးနွေးဖုတ်ပြီးထားတော့ ထောပတ်နဲ့သုတ်ပြီး ဘာအချိုမှမပါ ဒီတိုင်းစားတာတောင် သိပ်အရသာရှိတယ်..


နောက်ဆုံးအပိုင်းမှာ  ဘယ်ကိုရောက်လည်းဆိုတာ စောင့်ဖတ်ကြပါဦးနော်..း)

မိုးငွေ့