နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန်
ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....
Credit to အလင်းစေတမန်
ကျွန်တော် တို့ နေထိုင်သော ဟောဒီကမ္ဘာမှာ ဘုရားငါးဆူပွင့်မယ်လ မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူး ပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဒီစာကိုပေးပို့သူက ကျွန်တော်ရဲ့ တစ်ဦးတည်းသော ကောင်မလေးပါ သူကျွန်တော့်ဆီ ဖုန်းဆက်ပြီးမေးလာပါတယ် အရိမေတ္တေယျ ဘုရားဘယ်လိုပွင့်မလဲဆိုတာသိလားတဲ့
ကျွန်တော်က အရိမေတ္တေယျ ဘုရားပွင့်မယ်ဆိုတာတော့ သိကြောင်း ဘယ်တော့ပွင့်မယ် ဘယ်လိုပွင့်မယ် ဆိုတာတော့ မသိကြောင်း ပြောပါတယ်...။ အဲဒါနဲ့ သူဒီနေ့စာအုပ်တစ်အုပ် ဖတ်ရကြောင်း အဲဒီထဲမှာ အရိမေတ္တေယျ ဘုရားဘယ်လိုပွင့်မယ် ဘယ်တော့ပွင့်မယ် ဘုရားရှင်ကိုဖူးမျှော်ချင်ရင် ဘာတွေလုပ်ရမယ် စတာတွေပါကြောင်း သူဖတ်ပြီး အရမ်း ကြည်ညိုကြောင်း ပြီးတော့ တစ်ခြားမသိသေးသူများကိုလဲ ဗဟုသုတ လို့ဌာသိစေချင်ကြောင်း သူအဲဒီစာကို ဖတ်ပြီးပြီးချင်းပဲစက်ထဲမှာသူကိုယ်တိုင် အချိန်ပေးပြီးရိုက်ခဲ့ကြောင်း ပြီးတော့ ကျွန်တော် ကိုအဲဒီစာကို အလင်းစေတမန်မှာ ပို့စေချင်ကြောင်း (သူကိုယ်တိုင်ပို့လည်းရပါတယ် ဒါပေမယ့်ကျွန်တော်ကိုကုသိုလ်ရစေချင်လို့တဲ့) အလင်းစေတမန်မှ တဆင့် မန်ဘာများက ဖော်ဝေါ့ပြန်လုပ်ပါက သူတို့လည်းကုသိုလ်တိုးမှာဖြစ်ကြောင်း ဝမ်းသာအားရပြောလာပါ တယ်...။ ကျွန်တော်ကိုယ်တိုင်လည်းဖတ်ပြီး အရမ်းကို ကြည်ညိုကာ ဘုရားရှင်လက်ထပ်တော်မှာ လူဖြစ်ချင်စိတ် လေးဖြစ်လာပါတယ် စိတ်ထဲက လည်းဆုတောင်း နေမိတယ် ။ ဗုဒ္ဓဘာသာတိုင်းရဲ့ ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ်....။
အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။
အဲ ဒီအတွက် ကျွန်တော်တို့ ဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း
လိုက်လုပ်ဖို့လိုပါတယ် …သုံးချက်ထဲပါ...။
၁။ မကောင်းမှု ကိုရှောင်ရမယ် ။
၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။
၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။
အောက်တိုဘာလထုတ် ဂန္ဓာရီမဂ္ဂဇင်းမှ-
ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာသီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်းနောင် အနာဂတ်ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော်မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာ ရှိနေမယ်။
နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း
အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင်ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။ ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-
(၁)ဘုရားဖြစ်မည့် ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ
အနှစ်တစ်ရာတန်းမှစပြီးအထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)
(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း
(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ
(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး
(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း
ပဋိသန္ဓေယူုခြင်း
ကေတုမတီပြည် သင်္ခစကြဝတေးမင်းနှင့် တိုင်ပင်ကြံစည်ဘက် ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကို သိမြင်နိုင်ပြီး ပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။
ဗြဟ္မဏဝတီပုဏ္ဏေးမ ဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော်ဗြဟ္မဏဝတီသည် ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏ အကိုင်းအခက်ကို ကိုင်လျက် မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်း ဖွားတော်မူတဲ့ ဖွားဘက်တော်၁၈ ကုဋေ အားလုံးအမတ်တွေချည်း ဖြစ်မယ်။
အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာ ဖွားလျှင်ဖွားချင်း ခုနှစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။ ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး “ယခုဘဝကားငါ့အဖို့ နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတ္တံ့” ဟူသောစကားက ိုအရပ်လေးမျက်နှာ ကိုကြည့်ပြီး ပြောဆိုလိမ့်မယ်။
ပြာသာဒ်လေးဆောင်ပေါ်လာခြင်း
အဇိတမင်းသား လောကစည်းစိမ်ခံစားဖို့ရာ နေမင်း၏ရောင်ခြည်ကဲ့သို့ လူသားတွေမျက်စိဖြင့် စိန်းစိန်း မကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင် ထွန်းလင်းပြောင်တဲ့ တင့်တယ်ခံ့ညားသော ပြသာဒ် လေးဆောင်ပေါ်ပေါက်လာလိမ့်မည်။
ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့ တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသော နဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။
ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ ။ ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ် ။ ရွှေအိုး၏ အမောက်ကား မြေကြီးနဲ့အမျှ အောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး ။ ဒါတင်မကသေးဘူး ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသော ရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။
အဇိတမင်းသားအိမ်ထောင်ပြုခြင်း
အချိန်တန်လို့ အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့ အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။
အရိမေတ္တေယျဘုရားရှင်ဟာ ဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသား ဘဝလောက် ရှိတာတောင်မှ သင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်း ရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ ပြုလုပ်ခွင့်ပေးဖို့လာပြီး တောင်းပန်ကြတယ်တဲ့။
အဇိတမင်းသားက အကျွနု်ပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်း ရဲမက် ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။
သားတော်ဖွားမြင်ခြင်း
အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်း ပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့ သားယောကျာ်းလေးမွေးဖွားလိမ့်မယ်။
နိမိတ်လေးပါးမြင်ခြင်း
ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေ ရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။
ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင် အပိုင်းပိုင်းပြတ် သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။
အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသား ပျော်အောင် ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေးသူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီးနေကြလိမ့်မယ်။
နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက်ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာ ပျော်အောင်ဖြေဖျော်နေကြတာ။
အဇိတမင်းသားတောထွက်တော်မူခြင်း
အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လုူတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက်ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွစန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။
တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်း တန်ခိုးတော် ကြောင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာၤမင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာ အရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။
နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း
ကောင်းကင်ယံ ဟသာၤပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီး လိုက်မယ်။
သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်...။ တုသိတာနတ်သားက ပတ္တမြားယပ်ကို ကိုင်ပြီးလိုက်မယ်...။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်...။ လောကပါလနတ်သား လေးယောက်က သန်လျက်ကိုကိုင်မယ် ။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်...။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်... ။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။
ဟသာၤပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့...။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင် ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။
အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ..။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်...။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်...။
စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။
သဗ္ဗညုတဉာဏ်ရသည့်အချိန်
ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေ ထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကို ကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကို အောင်မြင်လိမ့်မယ်...။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဉာဏ်ကိုရမယ်...။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဉာဏ်ကိုရမယ်...။ မိုးသောက်ယံအချိန် အာသဝက္ခယဉာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဉာဏ်ကိုရမယ်...။
ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်..။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်...။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကို ဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်....။
ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်...။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ...။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး...။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး...။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တိုင်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ် ပတ်ပြီးမှ သွားကြလိမ့်မယ်...။
ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း
အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။
ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ..။
တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွား ကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်...။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်...။
ဓမ္မစကြာတရားဟောကြွခြင်း
ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစကြာတရားဟောဖ ို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံ တိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။
ဘုရားရှင်၏တန်ခိုးတော်
ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်...။ အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။
ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။
ရုပ်မြင်သံကြားမေတ္တေယျဘုရား
အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ်အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့ တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တေ ွပြုရဲဖို့ မရှိတော့ဘူး။
အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။
အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်....။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ...။ ရွှေမဝတ်နိုင်တဲ့ သူမရှိဘူးတဲ့...။
စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန် ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှ ကိုမရှိဘူး...။
နေ့ညခွဲမရ
အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်...။
ပရိနိဗ္ဗာန်စံမည့်အရွယ်
မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် သာသနာပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့...။
ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်...။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်...။
အဲဒီ မဏ္ဍကမ္ဘာမှာဘုရား နှစ်ဆူပွင့်ပြီး ပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူဘုရား တစ်ဆူသာပွင့်လိမ့်မယ်...။
သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား သုဘလုလင် တောဒေယျပုဏ္ဏား နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်...။
အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ်
ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ
၁) ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ်
၂) မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ်
၃) မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ်
၄) သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ်
၅) ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ်
၆) ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ်
၇) ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ်
၈) ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတားြ့ပုပြင်သောပုဂ္ဂိုလ်
၉) အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ်
၁၀) ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ်
၁၁) ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်….
အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။
အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။
အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့…..
မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွနု်ပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွနု်ပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာ လေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာ ဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်...။
မှတ်ချက်။ ။ စာအုပ်ဖတ်၍ ကိုယ်တိုင်ရေးသားပြီး မျှဝေပေးသော ညီမလေးနှင့်တကွ forward mail အဆင့်ဆင့်ပို့သောသူများအားလုံး၊ ဤဘလော့ဂ်အား ဝင်ရောက်ဖတ်ရှုလေ့လာသူများ အားလုံးအတွက် ကုသိုလ်ရစေလိုခြင်းအလို့ငှာ ထပ်မံမျှဝေလိုက်ပါသည်။ (စာကြောင်းများ သင့်လျော်အောင် ပြန်လည် စီထားခြင်းမှအပ မူရင်း forward mail အတိုင်းပြန်တင်ထားပါသည်)
မိုးငွေ့