Thursday, 19 September 2019

စွန့်လွှတ်ခြင်း.....




မြတ်စွာဘုရား ဂေါတမဘုရားမဖြစ်ခင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတယ်...။ ဂေါတမဘုရားရဲ့ စွန့်ခြင်းကြီး ငါးပါးတွေကတော့ (၁) ဓနပရစ္စာဂ - ပဒေသရာဇ် ဧကရာဇ် စကြာမင်းတို့၏ စည်းစိမ် ဥစ္စာ ရတနာတို့ကို စွန့်ခြင်း ။ (၂) ပုတ္တပရိစ္စာဂ - သားသမီးကို စွန့်ခြင်း ။ (၃) ဘရိယပရိစ္စာဂ - မယားကို စွန့်ခြင်း ။ (၄) အင်္ဂပရိစ္စာဂ - ခြေ လက် နား နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း ။ (၅) ဇီဝိတပရိစ္စာဂ - ကိုယ့်အသက်ကို စွန့်ခြင်း ။ ကံ စိတ် ဥတု အဟာရဆိုတဲ့ အကြောင်းတရားလေးပါးရဲ့ ပြုပြင်ဖန်တီးမှုကင်းတဲ့ ဒုက္ခခပ်သိမ်းကင်းငြိမ်းတဲ့ နိဗ္ဗာန်စံဖို့ အရာရာကို သုညဖြစ်တဲ့အထိပေးဆပ် စွန့်လွှတ်ခဲ့ရတယ်...။ 

ကျွန်မတို့ ပုထုဇဉ်တွေကတော့ တဏှာလေးတစ်ခု စွန့်ဖို့တောင်မှ တော်တော်စဉ်းစားကြရတယ်...။ ဥပမာ တချို့ဆို တရားစခန်းဝင်ဖို့ တရားထိုင်ဖို့ စိတ်အားသန်ပေမယ့် သီလရှင်ဝတ်ဖို့ကျတော့ ဆံပင်ကို မပယ်နိုင်ကြဘူး.....။ ခေါင်းတုံးကြီးဖြစ်နေရင် အလှပျက်တော့မှာ လူကြားထဲ ခေါင်းတုံးကြီးနဲ့ မသွားချင်ကြဘူး အဲလိုပေါ့...။ ဒီနှစ်ပိုင်းမှာ ကျွန်မ နေမကောင်းခဏ ဖြစ်လိုက်ကတည်းက သံဝေဂ တော်တော်ရခဲ့တယ်...။ ဒီဝါတွင်း ဥပုသ်နေ့တိုင်း ဥပုသ်သီတင်းသီလဆောက်တည်တော့ အမှားအမှန် ကုသိုလ် အကုသိုလ်တွေကို ထင်သာမြင်သာ မြင်လာတဲ့အပြင် ကိုယ်တိုင်ကလည်း အကုသိုလ် အကျိုးဆက်ကို လက်တွေ့ကျကျ ခံစားလိုက်ရတော့ အကုသိုလ်ဖြစ်မှာကို ပိုကြောက်လာတယ်...။

ပြီးခဲ့တဲ့ မွေးနေ့တုန်းက ဆေး(၁)မှာ Body လှူဖြစ်တယ်..။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တိတိ မွေးနေ့တုန်းကလည်း မျက်စေ့နားနှာခေါင်းဆေးရုံမှာ မျက်ကြည်လွှာလှူခဲ့ဖူးတယ်...။ မနှစ်တုန်းကမှ အဲဒီမျက်ကြည်လွှာလှူထားခဲ့တဲ့ ကဒ်လေးကြည့်ရင်း ရက်စွဲကိုဖတ်ကြည့်တော့မှ မျက်ကြည်လွှာလှူခဲ့တာ နှစ်နှစ်ဆယ်တောင်ပြည့်တော့မှာပဲလို့ သတိထားမိတယ်...။ ဒါနဲ့ မျက်ကြည်လွှာလှူပြီး နှစ်နှစ်ဆယ့်ပြည့်တဲ့ အထိမ်းမှတ်အေနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးလှူမယ်လို့  စိတ်ကူးလို့ ဒီနှစ်လှူဖြစ်သွားတယ်...။ တကယ်တော့ လူ့ခန္ဓာဆိုတာ အသက်ရှင်တုန်းပဲ အသုံးပြုလို့ရတာ သေသွားတော့ မီးသဂြိုလ် မြေမြှုပ် လောကအတွက် အသုံးဝင်စရာ ဘာမှချန်ရစ်မထားခဲ့နိုင်ဘူး...။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်အအသေကို ဆေးကျောင်းမှာ နောင်လာနောက်သားတွေ ဆေးပညာလေ့လာခွင့်ရဖို့ ဒါမှမဟုတ် အသက်သေဆုံးပြီးပြီးခြင်း အူကလီစာ အစားထိုးလိုတဲ့သူတွေ သုံးဖို့ လှူထားခဲ့ချင်တာပါပဲ..။

ဒီခန္ဓာကိုပြုပြင်ထိန်းသိမ်းနေတာဟာ တရားသဘောအရကြည့်ရင်တော့ အပုပ်ကောင် ရုပ်ဆောင်နေတယ် ဆိုပေမယ့် ခန္ဓာလှူဒါန်းထားတဲ့အတွက် အတတ်နိုင်ဆုံး ကိုယ်သေသွားရင် အသုံးဝင်မယ့် အရာတွေ များများစားစား ကျန်ခဲ့စေချင်တဲ့ သဘောနဲ့ ကိုယ့်ကိုယ်ကို ကျန်းမာအောင် အပျက်အစီးနည်းအောင် အမြဲကြံဆောင်ရမယ်လို့ နှလုံးအမြဲသွင်းထားတယ်...။ အဲဒီအကြောင်းရင်းတွေကို စဉ်းစားမိလို့ ကိုယ်တိုင်လည်း တစ်နှစ်ကို ကိုယ်စွန့်လွှတ်နိုင်တဲ့ အရာတွေကို တစ်ခုရရ နှစ်ခုရရ စွန့်လွှတ်သွားမယ်လို့ စိတ်ဆုံးဖြတ်ထားတယ်...။ ခုကစပြီး ကျွန်မ ခြေသည်းလက်သည်း အရောင်လုံးဝမဆိုးတော့ဘူးလို့ ဆုံးဖြတ်ထားတယ်...။ နောက်သုံးနှစ် ကျွန်မအသက် (47)နှစ်ပြည့်ပြီးတာနဲ့ စကပ် ဂါဝန် လုံး၀ မဝတ်တော့ဘူး...။ အဲလို....တခုခြင်းရအောင်လုပ်သွားမယ်...။ အရင်က ကျွန်မ အမဲသားစားတယ် ခုမစားတာ လေးငါးနှစ်ရှိပြီ ခြေလေးချောင်းဖြတ်မယ် စဉ်းစားထားတယ် မအောင်မြင်သေးတာက ဝက်သားကို မစွန့်လွှတ်နိုင်သေးလို့..။ ကျွန်မ သက်သတ်လွှတ်ကို ဝါတွင်းသုံးလစားရင်း ရာသက်ပန်စားနိုင်အောင် ကြိုးစားမယ်...။ ရိုးရိုးသက်သတ်လွှတ်ထက်ပြင်းတဲ့ Vegen ဆိုတဲ့ အသွေးပါလွှတ်တဲ့ သူတွေတောင်ရှိသေးတာပဲ..။ ကိုယ်စွဲနေတဲ့ တဏှာကို တဖြေးဖြေး ဖြတ်ကြည့်မယ်...။ ဟုတ်တယ် ခုချိန်မှာ ကျွန်မလှည့်ကြည့်စရာ လူမရှိတော့ရင် နောက်ဆံတင်းစရာ မရှိတော့ရင် ရာသက်ပန် သီလရှင်ဝတ်ချင်တယ်...။ မန္တလးခရီးစဉ်သွားပြီး ပြင်ဦးလွင်က ဖားအောက်ကျောင်းမှာ ရှားညိုရောင်ဝတ် သီလရှင်တွေကို တွေ့ကတည်းက တရားဓမ္မနဲ့ အေးအေးချမ်းချမ်းပဲ ဘဝကို နောက်ဆုံးနေဝင်ချိန် ရောက်တဲ့အထိ ဖြတ်သန်းချင်တယ်...။


မိုးငွေ့

No comments: