ဒီတစ်ခေါက်သူနဲ့ပြန်တွေ့တော့ ကျမတို့ခရီးအတူသွားဖို့ဆုံးဖြတ်ရင်း သွားမယ့်နေရာကိုရွေးကြတော့ ဟိုအရင်တုန်းက ကျမပြောဖူးခဲ့တာကို သူမှတ်ထားပုံရတယ်... ပုဂံကိုရွေးချယ်လိုက်တယ်...။
ဒီခရီးက ကျမတို့ နှစ်ယောက်အတူ ပထမဆုံးအကြိမ် ခရီးသွားခြင်းပဲ...။ ကျမတို့ ညဖုန်းပြောရင်းနဲ့ ကားလက်မှတ် ဟိုတယ်ဘိုကင်စတာတွေကို အွန်လိုင်းနဲ့ ချိတ်လိုက်တယ်....ညနေ ၆ခွဲကားနဲ့ရတယ်...။ ကားဂိတ်ကို ခပ်စောစောကြိုသွားပြီး ဟိုရောက်တော့ ညနေစာကို KFC ပဲစားလိုက်တယ်...။ သူနဲ့ ပထမဆုံးခရီးမို့ ကျမတော်တော်လေးတော့ စိတ်လှုပ်ရှားမိတယ်...။ တကယ်တော့ ကျမတို့နှစ်ယောက်စလုံးက သီးခြားဆီ ပုဂံကို အခေါက်ခေါက်အခါခါရောက်ဖူးခဲ့ပြီးသား....။ ပုဂံကို ကျမရော သူရော သွားလည်ရတာ ကြိုက်နှစ်သက်လို့ နှစ်ယောက်အတူသွားတဲ့ အမှတ်တရခရီးကိုလည်း ပုဂံမြို့ကိုပဲရွေးလိုက်တာဖြစ်တယ်...။ ညအိပ်ကားစီးတာလည်း အခုပထမဆုံးမို့ သူကကျမပခုံးကိုမှီချပြီးအိပ်ဖို့ အားနာနေပုံပေါက်ပေမယ့် ကျမကတော့ သူ့လက်မောင်းကို ဖက်တွယ်ပြီး တစ်လမ်းလုံးသူ့ပခုံးကိုမှီအိပ်ခဲ့တယ်...။ ဘေးနားခုံက တရုတ်ကြီးတစ်ယောက်က ကျမတို့နှစ်ယောက်ကိုစပ်စုတဲ့ မျက်လုံးနဲ့လှမ်းလှမ်းကြည့်တာခံရသေးတယ်..။
ကျမတို့က တုတ်တုတ်တို့ Scooterတို့ ဆိုင်ကယ်တို့ ဘိုကင်ကြိုမလုပ်ထားတော့ ဟိုမှာ ငှားရခက်သွားတယ်...။ ဒါနဲ့သူက သူ့အသိ ပန်းချီဆရာတစ်ယောက်ဆီ ဖုန်းဆက်အကူအညီတောင်းတော့ ကျမတို့ ဟိုသွားဒီသွားစီးဖို့ ဆိုင်ကယ်တစ်စီးရလိုက်တယ်...။ ခါတိုင်းသွားနေကြ စွယ်တော်လေးဆူနဲ့ နာမည်ကြီးဘုရားတွေကို ဦးစားမပေးဘဲ ကျမတို့ ချောင်ကြိုချောင်ကြား မသွားဖူးသေးတဲ့ ဘုရားတော်တော်များများဆီကိုရောက်အောင်သွားခဲ့ကြတယ်...။ ကျမတို့က ပုဂံမြို့သစ်မှာတည်းကြတာ မိုးလင်း မနက်စာစားပြီးတာနဲ့ မြို့ဟောင်းနဲ့ညောင်ဦးအထိ ဆိုင်ကယ်နဲ့လျှောက်သွားကြတယ်...။ ပုဂံအမှတ်တရဝတ်စုံတွေ ယွန်းထည်ပစ္စည်းတွေဝယ်ဖြစ်ကြတယ်...။ မကျည်းရိပ်အကြော်ဆိုင်တွေထိုင်ကြတယ် မြန်မာဘူဖေးထမင်းဟင်းတွေစားဖြစ်တယ် ပြီးတော့ လက်မှာမှင်ရည်နဲ့ အလှပန်းချီလည်းဆွဲခဲ့သေးတယ်...။ မှတ်မှတ်ရရ သူနဲ့ကျမ ပုဂံမြို့ဟောင်းနဲ့ ညောင်ဦးအစပ်နားက ထနောင်းပင်ရိပ်အောက်မှာရောင်းတဲ့ မြန်မာ့လက်မှုပစ္စည်းဆိုင်တစ်ခုမှာ ကြိမ်ထိုင်ခုံအပုအဝိုင်းလေးတစ်ယောက်တစ်လုံးဝယ်ဖြစ်တယ်...။ ကြိမ်ခုံလေးတွေမှာ မထိုင်ရတာ နှစ်ဘယ်လောက်ကြာပြီလဲ ကျမတို့ ငယ်ဘဝအလွမ်းပြေအနေနဲ့ရော လက်မှုပစ္စည်းတွေကို နှစ်သက်မြတ်နိုးတဲ့စိတ်နဲ့ အဲကြိမ်ထိုင်ခုံဝိုင်းလေးဝယ်ဖြစ်လိုက်ကြတာဖြစ်တယ်...။
တစ်ရက် သူနဲ့ ဘုရားသေးသေးတစ်ဆူဆီကို ဆိုင်ကယ်နဲ့သွားကြရင်း တစ်စုတစ်စည်းထဲလေထဲမှာ အုပ်လိုက်ပျံဝဲနေကြတဲ့ လိပ်ပြာရောင်စုံကိုတွေ့လိုက်တယ်...။ လိပ်ပြာလေးတွေက ကျမတို့ရဲ့ သတိရခြင်းတွေ ဒီမြို့လေးမှာတကယ်ရှိနေတယ်ဆိုတာကို မျက်ဝါးထင်ထင် နိမိတ်ပြလိုက်တာပဲ.... တကယ် အမှတ်တရပါပဲ.... ။ ဒီခရီးဟာ ကျမတို့နှစ်ယောက်အတွက်ပထမဆုံးခရီးတစ်ခုဖြစ်သလို ဘယ်တော့မှပြန်မရနိုင်တော့တဲ့ အမှတ်တရတွေထဲက တစ်ခုလည်းဖြစ်တယ်....။ ကျမနဲ့သူ နှစ်ယောက်သေသေချာချာတွေ့ဆုံချိန်က တကယ်တော့ တိုတောင်းလွန်းပါတယ်...။ ဒါပေမယ့်.... အချိန်တိုတိုလေးအတွင်းမှာပဲ တစ်ဘဝစာလောက်ရလိုက်တဲ့ အမှတ်တရတွေက ကျမနဲ့သူ့အတွက် ထိုက်တန်တဲ့ တွေ့ဆုံမှုတစ်ခုလို့ မှတ်ယူပါတယ်...။ တစ်ချိန်မှာ ပြန်လည်သတိရတမ်းတစရာ အမှတ်တရတွေကိုပဲ ကျမတို့ အပြန်အလှန်လက်ဆောင်ပေးနိုင်ခဲ့တာမဟုတ်လား.....။
ညနေစာစားပြီး ဟိုတယ်ပြန်ရောက်တော့ ကျမတို့အခန်းထဲမဝင်သေးဘဲ လသာညမို့ အခန်းရှေ့ဖက် မြက်ခင်းပြင်မှာ ခင်းပေးထားတဲ့ စားပွဲနဲ့ထိုင်ခုံမှာသွားထိုင်ကြတယ်...။ ကျမနဲ့သူ လသာညတွေအတော်များများကို အတူကြည့်ဖူးခဲ့တာတော့ အမှတ်တရပါပဲ...။ သူကဘီယာသောက်ပြီး နည်းနည်းထွေလာတော့ ကျမကို စကားတွေအများကြီးပြောလာတယ်...။ ကျမ မသိသေးတဲ့ သူ့ရင်တွင်းခံစားချက်တွေ လူမှုရေး နိုင်ငံရေးကအစပေါ့...။
"တကယ်တော့ ကိုယ်က မင်းအတွက် လူကောင်းတစ်ယောက်တော့မဟုတ်ဘူး... မင်း ကိုယ့်လိုလူမျိုးနဲ့မပတ်သက်သင့်ဘူး အဲဒါမင်းသိလား..... ကိုယ့်စိတ်အခြေအနေက သာမန်လူတွေလိုမဟုတ်ဘူး တခါတလေ ဘာစကားမှမပြောဘဲ ငြိမ်ငြိမ်လေးနေချင်တာ... မင်းလိုချင်တဲ့ မင်းကို ကလေးတစ်ယောက်လို အလိုလိုက်ချစ်ခင်ယုယဖို့လည်း ကိုယ့်မှာ အားအင်တွေရှိမနေဘူး ကိုယ်လူတွေနဲ့ သံခင်းတမန်ခင်း အပြုံးတွေ စကားတွေလည်း မပြောချင်ဘူး... ဘယ်သူမှမရှိတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုမှာ တိတ်တိတ်ဆိတ်ဆိတ်နေချင်တာမျိုး ကိုယ်ဆိုလိုချင်တာ မင်းသဘောပေါက်ရဲ့လား ?.."
သူ့အသံက အရင်လို နွေးထွေးမှုမရှိ ခွန်အားမပါ အနိမ့်အမြင့်မရှိ တသမတ်ထဲအေးစက်နေခဲ့တယ်...။ ကျမ သူဘာတွေတွေးနေလဲ အိမ်ထောင်ကျိုးမိဘနှစ်ပါးကနေ ကြီးပြင်းဆင်းသက်လာတဲ့ သူရင်ဆိုင်နေရတဲ့ လူနေမှုပြဿနာ သူဘာတွေ ဘယ်လောက်စိတ်ဖိစီးမှုများနေလဲ တစ်ခါမှ တွေးမကြည့်ခဲ့ဖူးဘူး...။
"ကိုယ်ဒီလိုပြောတော့ မင်းစိတ်ညစ်သွားပြီလားကိုယ့်ကို...."
ကျမဖက်သူလှည့်တော့ လရောင်က သူ့မျက်နှာတစ်ခြမ်းမှာ ထင်ကျန်လို့ သူပြုံးလိုက်တဲ့အခါ သူ့ပါးချိုင့်ကြောင့်လား သူ့မျက်လုံးတွေ ပိုနူးညံ့သွားတယ် ဒါပေမယ့် ပျော်ရွှင်ကြည်နူးတဲ့ တောက်ပမှုတွေ မတွေ့ရဘူး...။
"ကိုယ်ဘာမှမတွေးမိအောင် ကြိုးစားနေတာ ကိုယ်ဘာတွေတွေးနေလည်းဆိုတာ ကိုယ်မသိချင်သလို မင်းလဲမသိချင်နဲ့... ဒါပေမယ့် လူတစ်ယောက်ဟာ သူ့ဦးနှောက်က စက္ကန့်မလပ်တွေးနေတယ်ဆိုတာ မင်းယုံလား?.. "
ကျမ သူ့ကို ပခုံးတွန့်ပြလိုက်တယ်....။ သူက အသံတစ်ချက်ထွက်ပြီး ရီလိုက်တယ် သဘောက ကျမ သူ့ကို မသိသေးပါဘူးဆိုတဲ့ အဓိပ္ပါယ်နဲ့ဆိုတာကိုတော့ ကျမသိတယ်...။
" လာ ... ကိုယ်တို့ အထဲပြန်ဝင်ရအောင် အပြင်မှာ ခြင်တွေများလာပြီး မင်းခြေထောက်လှလှလေးတွေ မနက်ကျရင် အနီဖုတွေနဲ့ရုပ်ဆိုးကုန်မယ်..."
ခြင်ကိုက်တယ်ပြောမှ လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်ကိုးနှစ် ကျမတို့ စတွေ့ကြတုန်းက ကျမတို့တိုက်လှေခါးမှာ သူနဲ့ကျမ ညဉ့်တော်တော်နက်တဲ့အထိ စကားထိုင်ပြောကြတုန်း ကျမ ခြေဖမိုးတွေကို ခြင်တွေတွယ်လိုက်တာ မနက်မိုးလင်းကြည့်တော့ အနီဖုတွေ ပရပွနဲ့ပေါ့...။ အဲတုန်းက သူကခြင်ပြေးတဲ့ App ရှိတယ်ဆိုပြီး သူ့ဖုန်းကနေ ဒေါင်းလုတ်လိုက်သေး အဲဒါလဲ ခြင်ကိုက်တာက ကိုက်တာပါပဲ အဲဒီအမှတ်ရချိန်လေးပြန်တွေးမိပေမယ့်...သူ့ကိုတော့ ပြန်မပြောဖြစ်လိုက်ပါဘူး သူမှတ်မိချင်မှ မှတ်မိတော့မှာလေ...။
နှစ်ညအိပ်သုံးရက်ခရီးမှာ နောက်ဆုံး အပြန်ကားစီးရမယ့်နေ့မှာပဲ သူက အစားမှားပြီး ဝမ်းပျက်လို့ ဆေးသောက်ပြီး နေခဲ့လိုက်ရတယ်...။ အပြန်ခရီးမှာ ကျမတစ်ယောက်ထဲ ကားထဲ ဘေးခုံအလွတ်နဲ့ပြန်ခဲ့ရတယ်...။ အဲတုန်းက ကျမအလုပ်ရှိလို့ပြန်သွားလိုက်ရတာလို့ မှတ်မိတယ် တကယ်ဆို သူ့ကို ကျမတစ်ယောက်ထဲမထားခဲ့လိုက်သင့်ဘူး ...လို့ နောက်ကျမှ စဉ်းစားမိတယ်....။ ဒီလိုဖြစ်ရခြင်းဟာ ကျမတို့နှစ်ယောက်ကြားက သည်းခံခွင့်လွှတ်နိုင်စွမ်းနဲ့ အနစ်နာအနွံတာခံမှုတစ်ခုကို စမ်းသပ်လိုက်သလိုပဲ.... ဘယ်တုန်းကမှ ကျမအချစ်ကို မယုံကြည်ခဲ့တဲ့သူ့အတွက်တော့ သက်သေပြချက်ကောင်းကောင်းကြီးရသွားတာလည်းဖြစ်တယ်...။
"မင်းက ကိုယ်မင်းကိုချစ်သလောက် ကိုယ့်ကို ပြန်မချစ်ပါဘူး" တဲ့.... ကြုံတိုင်းအမြဲကျမကိုပြောတတ်တဲ့ သူ့စကား...။
"ကိုယ့်လောက် ကမ္ဘာမှာ မင်းကိုချစ်တဲ့သူမရှိဘူးဆိုတာ တစ်နေ့...မင်းသိလာလိမ့်မယ်" .... တဲ့
ဟင့်အင်း... ကျမကတော့ တလောကလုံး ကျမကို ဘယ်သူမှမချစ်ရင်နေပါစေ သူ့ဆီက အချစ်ကိုပိုင်ဆိုင်ခဲ့ဖူးတယ် ဆိုရင်ပဲ ကျေနပ်လှပါပြီ...။
ကျမတို့ အဲတုန်းကရောက်ခဲ့တဲ့ ခရီးစဉ်နှစ်ရက်မှာ ပုဂံမြို့ရဲ့ ကောင်းကင်ဟာ
မိုးပြာရောင်ကြည်လဲ့တောက်ပခဲ့ဖူးပါတယ်...
အချစ်ရှိသောနေ့စွဲများ
__________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment