Thursday, 22 August 2024

လိပ်ပြာဒိုင်ယာရီ.....(လက်ထပ်/ပြတ်စဲခွင့်)

 



ပုဂံကနေပြန်ရောက်ပြီး တစ်လလောက်မှာ ကျမတို့ ပန်းဆိုးတန်းမှာရှိတဲ့ လောကနတ်မှာ ပန်းချီပြပွဲတစ်ခုသွားကြည့်ဖြစ်ကြတယ်...။ အဲဒီနေ့က ကျမကစိမ်းပြာနုရောင်  hoodies လက်တိုအင်္ကျီနဲ့ အပြာဖျော့ဖျော့ ပေါင်မှာအပေါက်အပြဲတွေနဲ့ ဂျင်းပင်ရယ် အဖြူရောင် Cap ဦးထုပ်လေးရယ်ဝတ်ထားတယ်..။ သူကကျတော့ သူ့အကြိုက် Flannel ခရမ်းနုအကွက်ရှပ်လက်ရှည်နဲ့ ပြည်တွင်းဖြစ် အနက်ရောင်ချည်ဘောင်းဘီရှည်ပွပွ ဝတ်ထားတာ မှတ်မိတယ်...။ ပြီးတော့ အမြဲတမ်းသန့်ရှင်းပြီး ခြေသည်းတွေကိုတိထားတတ်တဲ့ ဖဝါးတစ်စုံအောက်မှာ မန္တလေးအောကတ္တီပါသဲကြိုးအနက်ရောင်ဖိနပ်က နေရာယူထားမြဲ...။ သူနဲ့ပတ်သက်ပြီး သွားလာခဲ့ဖူးတဲ့နေရာတိုင်းကို အသေးစိတ်မှတ်မိနေတတ်တဲ့ ကျမကို "မင်း မှတ်ဉာဏ်တွေကကောင်းလိုက်တာ"လို့ သူစိတ်ထဲပြောဖြစ်ဦးမှာသေချာတယ်....။ ကျမတို့ ပုဂံသွားတုန်းက သူ့အသိပန်းချီဆရာဆိုတာ အခု ပြပွဲမှာပါတယ်...သူ့ကားတွေကို အဓိကပြတာပေါ့....။ အဲဒီပန်းချီဆရာအပါအဝင် တစ်ခြားပန်းချီဆရာတွေရဲ့ ကားတွေလည်းပါတယ်...။ အဲနေ့က ပုဂံက အသက်ခုနှစ်ဆယ်နီးပါးလောက်ရှိတဲ့ ပန်းချီဆရာတစ်ယောက်နဲ့ စကားတွေပြောဖြစ်တယ်..(ဆရာ့နာမည်ကိုမိတ်ဆက်ပေးပေမယ့် မမှတ်မိလိုက်ဘူး) ဆရာက ကျမတို့နှစ်ယောက်ရဲ့ ကယ်ရီကေးချားပုံကို လက်တန်းဆွဲပြီးပေးလိုက်သေးတယ်...( မြင်ဖူးနေကျ ကယ်ရီကေးချားတော့မဟုတ်ဘူး အဲပန်းချီအမျိုးအစားကိုသေချာနားမလည်လို့ မပြောပြတတ်ဘူး)..။ ကျမတို့ ဆရာ့ရဲ့ ပန်းချီကား နှစ်ကားနဲ့ သူ့မိတ်ဆွေပန်းချီဆရာရဲ့ကားတွေ လေးကားလောက်အားပေးဖြစ်လိုက်တယ်...။ ပုဂံနဲ့ပတ်သက်တဲ့ ကားတွေချည်းပဲဆိုပါတော့ ....။ အဲပန်းချီကားတွေထဲက သူအနှစ်သက်ဆုံးက ကျမတို့ကို ပုံဆွဲပေးတဲ့ဆရာရဲ့ လက်ရာတစ်ခုဖြစ်တဲ့ အငြိမ့်မင်းသမီးပုံလေးပဲ..။ နောက်တစ်ပုံက ပုဂံမြို့ဟောင်းအဝင် တရပါတံခါးပုံ.....။ ပန်းချီကားတွေကို ကြည့်နေကျမဟုတ်တဲ့သူ နားမလည်တဲ့သူဆိုရင်တော့ အဲနှစ်ကားကို ဒီတိုင်းကြည့်ရင် ချက်ချင်းဘာပုံဆိုတာမသိနိုင်ဘူး... သူက(ကယ်ရီကေးချားနည်းပဲထားပါတော့)ကင်းဗာ့အမဲပေါ်မှာ အဖြူကောက်ကြောင်းတွေချည်း ဆွဲထားတာ သရပါတံခါးမှာဆို မြင်းလှည်းမောင်းနေတဲ့သူက မြို့တံခါးဝကနေထွက်လာတာပါတယ်...။ မင်းသမီးလည်းဒီတိုင်းပဲ တကိုယ်လုံးပုံမဟုတ်ဘူး ခေါင်းပုံပဲကွက်ဆွဲထားတာ မင်းသမီးမှန်းသိသာအောင် ဆံထုံးတွေနဲ့လည်မှာဆွဲထားတဲ့ ပုလဲပုတီးနဲ့ သူ့ရဲ့အဆင်အယင်ကိုကြည့်မှ ဒါမင်းသမီးပုံမှန်းသိတယ်...အဲလိုပေါ့...။

ပန်းချီနဲ့ပတ်သက်ပြီး ကျမသိပ်မရင်းနီးပေမယ့် ဟိုအရင်ချိန်တုန်းက စကော့ဈေးဘေးက မီးရထားဝင်းထဲမှာ  FMI ရှိတုန်းကဆို အဲမှာပြတတ်တဲ့ ပန်းချီပြပွဲတွေတိုင်းကို မကြာခနဝင်ကြည့်ဖူးတယ်....။ လောကနတ်ကိုတော့ သူနဲ့မှ ကျမရောက်ဖူးတာ...။ ကျမတို့ရောက်တဲ့နေ့က ပြပွဲလုပ်တာ သုံးရက်မြှောက်နေ့ လာကြည့်တဲ့သူတွေနည်းနည်းပါးနေပြီ...။ ပြပွဲမပြီးခင် ဆရာတွေက လောကနတ် အနောက်ဖက်လမ်းကစားသောက်ဆိုင်တစ်ခုကိုခေါ်သွားလို့ ကျမနဲ့သူလိုက်သွားကြတယ်...။ တရုတ်စားသောက်ဆိုင်သေးသေးလေးရဲ့ ထပ်ခိုးလေးမှာ သုံးဝိုင်းလောက် ပန်းချီဆရာတွေနဲ့ သူတို့ရဲ့ဧည့်သည်နဲ့ပြည့်နေတယ်...။ အနုပညာသမားတွေထုံးစံအတိုင်း ယမကာလေးတော့မပါမဖြစ်ပေါ့...။ စားကြသောက်ကြရင်း ကျမတို့ကို ပုံဆွဲပေးတဲ့ဆရာက ကျမတို့နှစ်ယောက်ကို သိပ်လိုက်ဖက်တာပဲ မင်္ဂလာဆောင်ဖြစ်ရင် သူ့ဆီ ဖိတ်စာပို့ဖို့မမေ့နဲ့ဦးလို့မှာလိုက်သေး...။ ဆရာအဲလိုပြောတော့ ကျမတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြုံးလိုက်မိသေးတယ်...။ 

ဒီလိုဆိုတော့ကျမတို့နှစ်ယောက်ရဲ့ တွေ့ဆုံပတ်သက်မှုပန်းတိုင်က လက်ထပ်ကြဖို့ မဟုတ်ဘူးဆိုတာ ထင်ရှားနေတယ်..။ ဒါဖြင့်.... ကျမတို့က အတ္တကိုအခြေခံပြီး တစ်ယောက်ရဲ့စိတ်ဆန္ဒနဲ့လိုအပ်ချက်ကို တစ်ယောက်ဖြည့်ဆည်းပေးဖို့သက်သက် အပျော်တွဲနေကြတာလား ကျမတို့ကြားမှာ ချစ်ခြင်မေတ္တာ နှောင်ဖွဲ့စရာသံယောဇဉ်ကြိုးတွေ  ဘာညာသာရကာ တကယ်ဘာမှမရှိတာလား....။ သေချာစဉ်းစားကြည့်တော့ အဲလိုလဲမဟုတ်ပြန်ဘူး....။ သူကလည်းကျမကို တုန်နေအောင်ချစ်သလို ကျမကလည်းသူ့ကိုချစ်တယ် ကျမတို့တစ်ယောက်ကိုတစ်ယောက်ချစ်ရုံသက်သက်ပဲတွဲကြတာ...ကျမတို့နှစ်ယောက်လုံး လက်ထပ်ကြဖို့ အစကတည်းကိုက ရည်ရွယ်ချက်မရှိခဲ့ဘူး..။  တကယ်ဆို ကျမတို့နှစ်ယောက်က LDRS တွေ သူကျမဆီရောက်လာမှသာ ကျမတို့တွေ့ကြရတာ ဒီလောက်ပဲ.....။ ပြီးတော့လည်း အကြောင်းအကြောင်းကြောင့် ကျမတို့က လက်ထပ်ဖြစ်ဖို့ အခြေအနေမှာ ရှိမနေကြဘူးလေ...။ သူ ကျမကို တစ်ချိန်ချိန်မှာ လက်ထပ်ခွင့်တောင်းလာဖို့လည်း ကျမက တစ်ခါဖူးမျှ မမျှော်လင့်ခဲ့ဘူး....။

ဒါပေမယ့် တစ်နေ့မှာ ညနေခင်းနေရောင်ပျောက်လုနီးအချိန် သူကျမဆီရောက်လာခဲ့တယ်.....။ အဲနေ့က ကျမတို့ နှစ်ယောက်ပြဿနာဖြစ်ပြီး မခေါ်မပြောကြတာ တစ်ပတ်ပြည့်တဲ့နေ့....။ ကျမအိမ်ခန်းရှေ့တံခါး ဘဲလ်သံကြားလို့ တံခါးဖွင့်လိုက်တော့ သူဖြစ်နေတယ် မျက်နှာလည်း မသာမယာသုန်မှုန်လို့ပေါ့....။ ကျမသူနဲ့ ကော်ရစ်တာမှာ စကားပြောတယ်....။ 

"ဘာဖြစ်လာတာလဲ " လို့ကျမစမေးတော့ သူ ကျမကို ဝမ်းပန်းတနည်းနဲ့ဖက်လိုက်တယ်...သူ့ဆီက ဘီယာနံ့တချို့ရနေတယ်...။ 

သူသောက်ထားပြီး မူးနေတာ 

ပြီးတော့ သူငိုနေတာလား...? ကျမငိုရင်တော့ သူကမကြိုက်ဘူး....။ သူငိုတာ ဒီတစ်ခါနဲ့ဆို ကျမ နှစ်ခါမြင်ဖူးတယ်...။ ပထမတစ်ခါက လွန်ခဲ့တဲ့နှစ်တွေ ကျမတို့စဆုံတုန်းက ကျမတို့တိုက်ကလှေခါးမှာ သူကျမကို ရှိုက်ကြီးတငင်ဖက်ပြီး ငိုဖူးတယ်... အဲတုန်းကလည်း ကျမ သူ့ကိုဖြတ်လိုက်လို့ ငိုတာလို့ထင်တယ်...။

"ဘာဖြစ်တာလဲ ဘေဘီ ကျမကိုပြောလေ..."

"မင်း... ကိုယ့်ကို တစ်ယောက်ထဲအကြာကြီးပစ်ထားလို့လေ....ကိုယ်နေလို့ထိုင်လို့မကောင်းဘူး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး... ဘာအလုပ်မှလဲလုပ်လို့မရဘူး မင်းကိုယ့်ကို နှိပ်စက်ထားတာ ရပ်ပါတော့ ကိုယ်မခံစားနိုင်တော့ဘူး..." တဲ့...။ ကျမ သူ့ကိုပြန်ဖက်ထားပြီး ကလေးတစ်ယောက်လို သူ့ဆံပင်တွေကို ပွတ်သပ်ပေးလိုက်တယ်...။

"အိုကေ အိုကေ နောက်ဆို အဲလိုမလုပ်တော့ဘူးဟုတ်ပြီလား  ကျမတို့ အခုအောက်ထပ်က ကော်ဖီဆိုင်မှာ စကားသွားပြောကြမယ်လေ လာ...." ဆိုပြီး ကျမတို့ တိုက်ရှေ့က ကော်ဖီဆိုင်မှာ နှစ်ယောက်သား သွားထိုင်ဖြစ်ကြတယ်....။ 

မှာထားတဲ့ကော်ဖီရောက်မလာခင်မှာပဲ သူက ကျမလက်ကိုဆုပ်ကိုင်ထားရင်း "ကိုယ်မင်းကိုလက်ထပ်ချင်တယ်" လို့ပြောချလိုက်ရော.....။ ကျမဘဝမှာ ပထမဦးဆုံး လက်ထပ်ခွင့်တောင်းတဲ့သူက ကျမသိပ်ချစ်ရတဲ့သူနေဖြစ်လို့ ပီတိတော့ဖြစ်မိတယ် ...... ။ ဒါပေမယ့်.....

" မင်း ကိုယ့်ကိုလက်ထပ်နိုင်တယ်မဟုတ်လား အခုပဲကိုယ်တို့ လက်ထပ်စာချုပ်သွားဝယ်မယ် လက်မှတ်ထိုးကြမယ်..." တဲ့...။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တစ်ခုလို့ ကျမမြင်တယ်....။ သူ့ရဲ့ပြင်းပြတဲ့စိတ်ခံစားမှုတစ်ခုကို သက်သာရာ ရလိုရညား ဖြေသိမ့်ဖို့ ဆုံးဖြတ်လိုက်တာလို့ပဲ ကျမသတ်မှတ်လိုက်တယ်.....။ ဒါမှမဟုတ် သူကျမကိုလုပ်နေကျ စမ်းသပ်ချက်တစ်ခုလဲဖြစ်နိုင်တယ်...။

"ဟင့်အင်း...." 

ကျမ သေချာပေါက် ငြင်းဆိုရမယ်မဟုတ်လား....။ ကျမသူဆုပ်ကိုင်ထားတဲ့လက်ကနေ ရုန်းထွက်လိုက်တယ်....။ 

"ခင်ဗျားရူးနေလား?? တဒင်္ဂစိတ်ခံစားမှုတစ်ခုအတွက်နဲ့ လက်ထပ်မယ်ဆိုတဲ့ စကားကိုလွယ်လွယ်မပြောသင့်ဘူးဆိုတာ ခင်ဗျားမစဉ်းစားဘူးလား..."

ကျမအဲလိုပြောချလိုက်တော့ သူက ကျမရှေ့တည့်တည့်ထိုင်ခုံကိုရွှေ့ထိုင်ပြီး ကျမပခုံးနှစ်ဖက်ကို ဖျစ်ညစ်ကိုင်ထားတယ်...။

"မင်းသိလား.... ကိုယ်ဘဝမှာလေ ကိုယ်တွဲခဲ့တဲ့မိန်းကလေးတွေအားလုံးကို တစ်ခါမှဒီလိုစကားမျိုးမပြောခဲ့ဖူးဘူး..မင်းက ကိုယ့်ဘဝရဲ့ ပထမဆုံးလက်ထပ်ခွင့်တောင်းခံရတဲ့ သူပဲ....အဲဒါမင်းသိလား...."

"အဲတော့...  ဘာလဲ ကျမက ဂုဏ်ယူရမယ်လို့ ပြောချင်တာလား..."

ကျမပခုံးကိုကိုင်ထားတဲ့ သူ့လက်တွေနဲ့ ကျမကို ခပ်ကြမ်းကြမ်းနောက်ကိုစောင့်တွန်းလိုက်တယ် ထိုင်ခုံမှာမြဲမြဲထိုင်ထားလို့သာ ကျမနောက်လှန်မကျတာ.... ။ သူ့မျက်လုံးတွေက ကြေကွဲဝမ်းနည်းရာကနေ ဒေါသဖက်ကိုကူးသွားပြီ...။ 

"အလကားပဲ.... မင်းက တကယ်တော့ အလကားမိန်းမတစ်ယောက်ပဲ ငါ့ကိုတကယ်မချစ်ဘဲနဲ့ အပျော်လာတွဲနေတဲ့ ငါ့ကိုလာ Play နေတဲ့မိန်းမပဲ.... WTF !!! "

ကျမတို့ကော်ဖီဆိုင်ထဲမှာ တိုးတိုးတိုးတိုးနဲ့ကြိတ်ဖြစ်နေကြတာ....။ မှာထားတဲ့ကော်ဖီလည်းအေးဆေးမသောက်လိုက်ရဘဲ  ရန်ဖြစ် ပြဿနာတက်ပြီး အိမ်ပြန်သွားလိုက်ကြတယ်...။

ကျမတို့ ဝေးရမယ့်နေ့တွေက တစ်နေ့ထက်တစ်နေ့ နီး...နီးလာပြီ...။ 

ဒီတစ်ခေါက်ပြန်ဆုံဆည်းခြင်းဟာ ဝေးရဖို့နဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်ကြတော့ဖို့ဖြစ်လာတယ်ဆိုတာ တကယ်တော့.... ကျမတို့နှစ်ယောက်စလုံး နားလည်သဘောပေါက်ထားကြပြီးသား....။


__________________
Revolution will prevail
မိုးငွေ့

No comments: