"ကျွန်တော်က ခင်ဗျားကောင်းကင်မှာ လင်းလက်ခဲ့ဖူးပါတယ် ဒါပေမယ့်
အစောကြီးကြွေသွားရတဲ့ကြယ်လေးပေါ့"စပ်ခွန်ဇရဲ့စာလေးဖတ်လိုက်လို့
သူ့ကိုသတိရသွားခဲ့ရတယ်...။ ကြယ်တွေစုဝေးပြည့်နှက်နေတဲ့အာကာပြင်ကြီးကို
မျက်ဝါးထင်ထင်ကြည့်ခဲ့ဖူးတဲ့သူက "Starry Night" ကြယ်တွေအကြောင်း စာရေးဦးမယ် ပြောဖူးတယ်လေ....။
ကျွန်မဖြင့်မျှော်ရတာကြာလှပေါ့ သူကတော့ Mood မလာသေးလို့ မရေးသေးတာဖြစ်မှာ
ဒါမှမဟုတ်မေ့နေတာများလား....။
ဟိုနေ့ကဖုန်းပြောတော့ "ကောင်းကင်တစ်ခုလုံး တိမ်တွေချည်းအပြည့်ပဲ ဒီညတော့ ကြယ်တောင်မြင်ရမယ်မထင်ဘူး"လို့ သူပြောတော့ ကြယ်တွေအကြောင်းစာရေးဖို့ သတိပေးလိုက်မိသေးတယ်...။ သူရေးတော့ရေးဖြစ်တယ် နေစင်္ကြာဝဠာအကြောင်း ဂြိုလ်တွေရဲ့ကြောင်း ပေါက်ကွဲလွင့်မျောနေကြတဲ့ ဥက္ကာခဲတွေ အကြောင်းပေါ့....။ တကယ်က သူက ကဗျာဆရာမဟုတ်ဘဲ စာရေးဆရာလုပ်ရမှာ သူကျွန်မထက် အများကြီးစာရေးကောင်းတယ်....။ သူ့အရေးသားတွေက စကားလုံးကြွယ်တယ်တဲ့အပြင် စကားပြောတွေလည်း တည်ကြည်ခန့်ညားတယ် ....။
ကဗျာဆရာဆိုပေမယ့် ကျွန်မအကြောင်းတဖွဲ့တနွဲ့တော့ သူတစ်ခါမှမရေးဖူးဘူး သေချာတယ်...။ သူက ချစ်ခြင်းမေတ္တာအကြောင်းရေးဖွဲ့တာထက် သူ့ကဗျာတွေက အတွေးအခေါ်နိုင်ငံရေးနဲ့ဆက်စပ်တဲ့ မောဒန်ဆန်ဆန်ကဗျာတွေ တခါတလေ ကျွန်မတောင်ဖတ်ပြီးနားမလည်တာရှိတယ်...။
ကျွန်မတို့က ဖုန်းပြောရင် အများအားဖြစ် ရာသီဥတုအကြောင်း ကြယ်တွေ
လတွေအကြောင်း ပြောဖြစ်တယ် "မင်းရဲ့ကောင်းကင်မှာ လသာနေပြီလား ဒီမှာတော့
လကခေါင်းပေါ်တည့်တည့်ရောက်နေပြီ"
"ဒီည လကအရှေ့ကထွက်တော့ မင်းအခန်းကနေမြင်ရမယ့်အချိန်က မနက် ၁နာရီ
၂နာရီလောက်ဖြစ်မှာ စောင့်ပြီးမကြည့်နဲ့ဦး မင်းအိပ်ရေးပျက်လိမ့်မယ်...
ကိုယ့်အိပ်ချိန်ကိုဘယ်သူ့မှမပေးနဲ့ ကိုယ့်ကိုလဲမပေးနဲ့ ဖုန်းပိတ်အိပ် ဖုန်းကိုလဲ
ခပ်ဝေးဝေးမှာထား ကိုယ်ပြောတာသိလား"
ကျွန်မရဲ့ကြယ်တာရာလေး ကြယ်လေးတွေလို တောက်ပတဲ့အကြည့်တွေနဲ့ ကျွန်မကို
ကလေးတစ်ယောက်လို အဲလိုဂရုတစိုက်ပြောတတ်တာလေး သဘောကျမိတယ် သူ့ကို....။
__________________
မိုးငွေ့
No comments:
Post a Comment