"မင်းက
ကိုယ့်အတွက် အနှောက်အယှက်ပဲ ကောင်မလေး.....မင်းကိုယ့်အနားမရှိတဲ့အချိန်ဆို ကိုယ်စာတွေအများကြီးရေးနိုင်တယ် အများကြီးလည်းတွေးနိုင်တယ် မင်းကိုယ့်ဘေးနားရောက်လာရင် ကိုယ်ဘာမှလုပ်လို့မရတော့ဘူး" လို့ သူပြောလိုက်တဲ့အခါ
တခါတလေ ဒီထက် ရင့်သီးတဲ့ စကားလုံးတွေသုံးရင်လဲ စိတ်နာရ စိတ်ဆိုးရမယ့်အစား
ခုနောက်ပိုင်းကျွန်မစိတ်တွေက သူ့အပေါ်ပျော်ဆင်းသွားတာကို တုန်လှုပ်ခြောက်ခြားစွာ
သိလာရတယ် (သူ့ရှေ့မှာတော့ ကျမခံစားချက်ကို ချပြလိုက်လို့ဘယ်ဖြစ်မလဲ)....။ အနှောင်အဖွဲ့ကို မကြိုက်ဘူးလို့ အမြဲတမ်းဟစ်ကြွေးတတ်တဲ့ ကျွန်မနှလုံးသားကို
နှစ်ရှည်လများစွာ မမြင်နိုင်နဲ့ ကြိုးတွေနဲ့အထပ်ထပ်ရစ်ပတ်ခံနေရတာကိုပါ
သေချာသိလိုက်ရပြန်တယ်....။
"ကိုယ်တို့
တဖြေးဖြေးနဲ့ လမ်းခွဲကြတာပေါ့ အချိန်တော့နည်းနည်းယူရမယ် အစိမ်းဖြတ်ဖြတ်ရင်
နှစ်ယောက်စလုံး ပိုခံစားရမယ် နာကျင်ရမယ် မဟုတ်လား..."
သူ့အသံတွေက
ပြတ်သားပြီး စိတ်ချယုံကြည်မှုအပြည့်နဲ့ တုန်ယင်ကွဲအက်မှု စိတ်လှုပ်ရှားခြင်း ဘာဆို ဘာမှမရှိ.....။
"ကိုယ်တို့
ဖုန်းပြောတာ လျှော့ကြတာပေါ့..... ဒီကိစ္စမှာ မင်းကိုယ်တိုင် ပါဝင်မှရမယ်
သိလား..."
သူ့စကားမဆုံးခင်ကတည်းက
ကျွန်မက မျက်ရည်ပိုးပိုးပေါက်ပေါက်ကျနေပြီ....။ ကိုယ့်ဘာသာ သူမသိအောင်
ကြိတ်ငိုနေလို့ သူ့ကိုပြန်မပြောနိုင်သေး....။
"ဘာလို့
ငြိမ်သွားတာလဲ ကိုယ်ပြောတာကြားလား..."
"ဟိတ်...
တစ်ခုခုပြန်ပြောလေကွာ"
"မင်း...ငိုနေတာလား..."
တဲ့....
ကျွန်မငိုနေမယ်လို့ သူသိနေတယ်...။ ကျွန်မနဲ့ပတ်သက်ရင် ကျမခံစားချက်ကို ချပြစရာမလိုလောက်အောင် မျက်စိမှိတ်ထားရင်တောင် အကုန်အလွတ်ရနေတတ်တဲ့သူ....။
"မင်း ကိုယ့်ကို Drama လာမခင်းပြနဲ့နော် ကိုယ်ခုမင်းကို VC ခေါ်လိုက်မယ်
မင်းတကယ်ငိုမငိုကိုယ်ကြည့်မယ်..."
ပြောပြီးတာနဲ့
သူဖုန်းချပြီး VC ချက်ချင်းခေါ်လာတယ် .......။ အမှောင်ထဲမှာပြောနေတဲ့ ကျွန်မကို
သူမမြင်ရဘူး...။ သူ့မျက်နှာက ပုံမှန်ပဲဘာမှမဖြစ်သလို....။
"မီးဖွင့်လိုက်လေ
ကိုယ်မင်းကို မမြင်ရဘူး...."
ကျွန်မ
မီးဖွင့်လိုက်တော့ အလင်းစူးလို့ မျက်လုံးကို လက်နဲ့ကာထားရတယ်...။
"မငိုပါဘူး
တကယ်မယုံနဲ့ ခင်ဗျားပြောသလို Drama ခင်းနေတာ" လို့ ကျွန်မ သူ့ကို ငိုပြီးခါစ
နှာသံကြီးနဲ့ပြန်ဖြေလိုက်တယ်....။ နှာထိပ်တွေနီနေတာ နှုတ်ခမ်းတွေ ပုံမှန်ထက်
ပိုထူပြည့်ဖောင်းနေတာကို ကြည့်ချင်းအားဖြင့် ကျွန်မ တကယ်ငိုထားတယ်ဆိုတာကို
သူရိပ်စားမိနိုင်ပါတယ်....။ မျက်လုံးမို့အစ်နေတာကိုတော့ လက်နဲ့ကွယ်ထားလို့
သူမမြင်ရဘူးထင်တယ်....။ VC ပိတ်ပြီး သူဖုန်းပြန်ခေါ်လာတယ်....။
"တကယ်
ငိုနေတာပဲ...." တဲ့..... ဪ... ငိုနေတာပါဆိုမှ.....
"ဒီတိုင်း
မျက်ရည်ပဲကျတာမဟုတ်လား ငိုတာက ရင်ဘတ်မနာဘူးမဟုတ်လား..." ကျွန်မရဲ့
ငိုချင်းကို သူ အသေးစိပ်ခွဲခြမ်းစစ်ဆေးနေသေးတယ်...။
"နာတယ်...."
"အပိုတွေ....မင်းသရုပ်ဆောင်ကောင်းတာ
ကိုယ်သိတယ်...." တဲ့
ကျွန်မကို
အထူးသဖြင့် ကျွန်မရဲ့ ခံစားချက်တွေကို အမြဲ Scan ဖတ်တတ်နေတဲ့ သူက ကျွန်မကို
မခံချင်စိတ်ဖြစ်အောင် သက်သက်ပြောနေမှန်းသိသိနဲ့ မယုံရကောင်းလားဆိုပြီး
ပိုဝမ်းနည်းရသေးတယ်....။
"ကိုယ်သိတဲ့ ကောင်မလေးက မာနခပ်ကြီးကြီးနဲ့ မာကျောခက်ထန်နေတဲ့သူတစ်ယောက်ပါ ထစ်ခနဲဆိုငိုတတ်တဲ့ ဝမ်းနည်းတတ်တဲ့ သူမှ မဟုတ်တာ...."
ချစ်သူတစ်ယောက်ဆီက လမ်းခွဲစကားပြောခံနေရတဲ့ မိန်းမတစ်ယောက်အနေနဲ့ ကျွန်မက ခုချိန်မှာ ပျော်နေရမှာလား ဝမ်းသာနေမယ်လို့ သူထင်နေတာလား....ဘုရားရေ.....!!!
အရင်တုန်းက ကျွန်မတို့ရန်ဖြစ်ပြီး ကော်ဖီဆိုင်တစ်ခုကအပြန် ကားပေါ်မှာ
ကျွန်မငိုတော့ သူက သူ့ရင်ခွင်ထဲ မျက်နှာအပ်ထားစေပြီး ကျွန်မကိုပွေ့ဖက်ထားခဲ့တယ်...။ ငိုထားလို့
မျက်ရိုးကိုက်နေတဲ့ ကျွန်မနာထင်ကိုလက်နဲ့နှိပ်ပေးပြီး မို့အစ်နေတဲ့ ကျွန်မမျက်ခွံကို
ခပ်ဖွဖွနမ်းပြီးချော့ခဲ့ဖူးတယ်....။
ခုချိန် ကျွန်မသူ့ရှေ့ရှိခဲ့ရင် သူအဲဒီလို ချော့နိုင်ပါတော့မလား.... မသေချာတော့ဘူး....ဝမ်းနည်းစရာပဲ.....။
"သီချင်းဖွင့်လိုက်
ကိုယ်တို့အတူနားထောင်ရအောင် ပြီးတာနဲ့ ကိုယ်ဖုန်းချတော့မယ်...."
သူက
ကျွန်မကို ခါတိုင်း ကျွန်မတို့ဖုန်းပြောလို့ ပျင်းလာရင် လုပ်နေကျ
တခြားဖုန်းတစ်လုံးကနေ သီချင်းဖွင့်ခိုင်းတယ်....။ Akari ရဲ့ "နှုတ်မဆက်နဲ့ ဂွတ်ဘိုင်" သီချင်း.....။
သီချင်းသံစဉ်ထွက်လာကတည်းက
အငိုတိတ်နေပြီဖြစ်တဲ့ ကျွန်မက အစကိုပြန်ရောက်သွားတယ်...။ မျက်ရည်တွေက ဒရဟောရေစီးကြောင်းလို....။ သူဖုန်းချသွားမှာကြောက်လို့ သီချင်းမပြီးပါစေနဲ့လို့
မဖြစ်နိုင်မှန်းသိသိလျက်နဲ့ ဆုတောင်းမိသေးတယ်...။ တကယ်လဲ
သီချင်းလဲပြီးရော..."ဒါပဲနော်"ဆိုပြီး သီချင်းထဲကအတိုင်း
ဘာနှုတ်ဆက်စကားမှမပြောဘဲ တုံးတိကြီး ဖုန်းချသွားတယ်....။
ဒီညကျမှ
ခါတိုင်းထက် ပိုပြီး တိတ်ဆိတ်မှောင်မိုက်လိုက်တာလို့ ခံစားရတယ်....။
ဘယ်တုန်း....ကမှ အစီစဉ်တကျမရှိခဲ့တဲ့
လောကကြီးမှာ အရာရာဟာ ဒီနေ့လောက် ဘာမှမသေချာဘူး.....
မနက်ဖြန်.........
မနက်ဖြန်မှာ ဘာဆက်ဖြစ်မလဲ ကျွန်မတို့
အတတ်မခန့်မှန်းနိုင်ဘူး.......
မနက်ဖြန်မှာ ကျွန်မတို့နှစ်ယောက်
အပြီးပိုင် ပြတ်စဲသွားနိုင်တာပဲ........
မနက်ဖြန်မှာ ကျွန်မဟာ
ချစ်သူပစ်ခံရသူတစ်ယောက်လဲဖြစ်နိုင်တယ်.........
မနက်ဖြန်မှာ သူစိတ်ပြောင်းပြီး ကျွန်မကို ဖုန်းခေါ်ပြီးလဲပြန်ချော့နိုင်တာပဲ ........
ဒါမှမဟုတ်......
မနက်ဖြန်မှာ ကျွန်မဆီကနေ သူပျောက်ချင်းမလှပျောက်သွားနိုင်တာပဲ......
မနက်ဖြန်မှာ .....
မနက်ဖြန်မှာ .....
မနက်ဖြန်မှာ .....
Revolution will prevail
မိုးငွေ့
No comments:
Post a Comment