Wednesday, 31 August 2011

ကြက်သားဖက်ထုပ်ပြုတ်

ကြက်သားဖက်ထုပ်ပြုတ် 





ခုတလော အပြုတ်တွေ အပေါင်းတွေအရမ်းစားချင်စိတ်ပေါက်နေတယ်...။ ကိုယ့်ဘာသာပဲကိုယ် လုပ်စားရတာပေါ့ ဘယ်သူကမှလာမကျွေးဘူးကိုးး...း( စီးတီးမတ်မှာ ဖက်ထုပ်ရွက် အခုနှစ်ဆယ်ပါတာ နှစ်ထုပ်ဝယ်...။ ကြိတ်ထားပြီးသားကြက်သား ၁၀၀ဂရမ်...။ တရုတ်နံနံတစည်း ကြက်သွန်မှိတ်တစ်စည်း နဲ့ ကြက်သားလုံးတစ်ထုပ်ဝယ်ပြန်ခဲ့တယ်....။

ကြက်သားထဲကို တရုတ်နံနံနဲ့ ကြက်သွန်မှိတ်နှုတ်နှုတ်စင်းပြီးထည့် ငရုတ်ကောင်းမှုန့် ပြောင်းမှုန့် ဆီနည်းနည်း ဆန်အရက်နည်းနည်း ကြက်သားမှုန့် ပဲငံပြာရည်အကြည်ထည့်နှယ်ပြီး ဗူးထဲအဖုံးပိတ် ရေခဲသေတ္တာထဲ ထည့်ထားလိုက်တယ်...။ နောက်နေ့မနက်ကျ.... ရေအိုးဆူဆူတည်ပြီး ခနောခဲတစ်ခဲနဲ့ ကြက်သားလုံးတွေကိုပြုတ်ထားလိုက်တယ်...။ ဖက်ထုတ်ရွက်ထဲကို နှပ်ထားတဲ့ ကြက်သားလက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ကော်ထည့်ပြီး ဟိုဖက်ဒီဖက် ဖိကပ်လိုက်တယ်...။

ရေနွေးအဖြူနောက်တစ်အိုးတည်ပြီး ဖက်ထုပ်သုံးမိနစ်လောက်ထည့်ပြုတ်ပြီး စားမယ့်ပန်းကန်ထဲ ထည့်လိုက်တယ်။ ဖက်ထုတ်ပေါ်ကို မြေပဲဆန်ထောင်း ကြက်သွန်ဖြူဆီချက် သကြား ငံပြာရည်နဲ့ အချဉ်လေးကြိုက်ရင် သံပုရာသီးလေးညှစ်ထည့် ကြက်သွန်မှိတ်လေးဖြူးပြီး ပူပူလေးသောက်ရအောင်....။ ဖက်ထုပ်သားလေးက ချောခနဲ ချောခနဲနဲ့ လည်ချောင်းထဲကို ၀င်သွားတာများ....ရှလွတ်...။


မိုးငွေ့

Monday, 29 August 2011

ရာဇဝင်များရဲ့ သတိုးသမီးသို့.....




သူမရဲ့ စီးဆင်းမှုက မညီမညာ အကွေ့အကောက် အဝေ့အဝိုက်တွေနဲ့.....။ တချို့ နေရာတွေမှာ သေးသွယ်ကျဉ်းမြောင်းတယ် ...။ တချို့နေရာတွေမှာ ကြီးမားကျယ်ပြန့်တယ်....။ သူမရဲ့ရင်ခွင်မှာ အဖိုးမဖျက်နိုင်တဲ့ ပေါကြွယ်ဝတဲ့ တိုင်းပြည်ရဲ့ သံရာဇာသ ကျွန်းလုံးကြီးတွေကို အထက်ရွာမှ အောက်ပြည်ကို မညီးမညူသယ်ဆောင်ပေးတယ်....။ အထက်ပြည်ကထွက်သမျှ ပဲနှမ်းကုန်တွေကို အောက်ပြည်က ငါးပိငါးခြောက်နဲ့ လဲလှယ်စားသုံးဖို့ အဆင်ပြေချောမွေ့စွာ ဝါးဖောင်တွေကို စုန်ဆင်းပေးတယ်....။ ရေရှားပါးတဲ့ ဒေသတွေအတွက် သောက်သုံးဖို့ သူမမျက်ရည်တွေကိုပေးတယ်....။ ကလေးရော လူကြီးပါမကျန် ညနေ နေညိုချိန်မှာ သူမရင်ခွင်ဆီကို ခုန်ပျံလွှား ဂျွန်းထိုးချသူများလည်း တပျော်တပါးကြီး ရှိတယ်...။ သူမကတော့ နေလုံးနီနီကြီးကို မော့ကြည့်လို့ပဲ လှိုင်းကြက်ခွပ်များနဲ့ ပြုံးနေလိမ့်မယ်...။ မိုးနဲရာသီမှာ လယ်ယာစိုက်ပျိုးဖို့ မိုးအစား သူမသွေးကြောကိုဖောက်ထုတ်အစားထိုးပေးတယ်....။ တံငါသည်တွေအတွက် ရေသံရာဇာသတွေကိုပေးတယ်...။ နွေမှာ သောင်ထွန်းလို့ သူမရင်ခွင်မှာ နာကျင်ခံ သီးနှံစားပင်တွေ စိုက်ထိုးခွင့်ပေးတယ်....။ တရံသောအခါက သောင်ထွန်းတဲ့ သူမရင်ခွင်ပေါ် လှေနဲ့ကူးပြီး ချစ်သူ့နာမည်ကို ရေးခြစ်ပြီး အော်ဟစ်အသံထွက်ဖူးသူလည်းရှိခဲ့ဖူးမယ်..။ ကြိုးတန်းရုပ်ရှင်ကားထဲကလို သဲသောင်ပေါ်မှာတဲအိမ်လုပ်နေတဲ့ ရရစားစားလူနေမှုမှာ ဒုတ်တပျက်ဓါးတလက်နဲ့ အချင်းချင်း ရန်ငြိုးဖွဲ့သူတွေလည်း ရှိခဲ့ဖူးမှာပါ....။ ရှားပါးလင်းပိုင်တွေစံပျော်ရာ....။ ဟိုဒီခုတ်မောင်း မီးခိုးတလူလူနဲ့ မော်တော်ဘုတ်ကြီးတွေစံပျော်ရာ....။ စင်ရော်ငှက်တို့စံပျော်ရာ.....။ ဒီလိုနဲ့ လူတွေပြုပြုသမျှ မညီးမညူရှာဘဲ... နေစဉ်အဆက်မပြတ် စီးဆင်းမြဲစီးဆင်းခဲ့တာ ရာဇဝင်တစ်ခုတိုင်ခဲ့ပြီပဲ....။ ခေတ်မှီဖွံ့ဖြိုးလာတာနဲ့အမျှ စည်းကမ်းတကျရှိမှုဟာလည်း တပြေးညီတည်းလိုက်ပါလာရမှာပါ...။ ခုတော့ ကမ္ဘာကြီးတိုးတက်ပြောင်းလဲလာမှုဟာ သဘာဝပတ်ဝန်းကျင်ပိုမိုပျက်သုဉ်း ဆုတ်ယုတ်လာတာနဲ့ ညီမျှနေပါတယ်...။ ပျက်စီးယိုယွင်းလာတဲ့ စာရိတ္တမဲ့သူတချို့ကြောင့် သူမရင်ခွင်ဟာ တဖြေးဖြေး ညစ်ထေးမှုတွေ စီးဝင်ရောက်လာတယ်....။ အမှိုက်သရိုက်တွေ စားကြွင်းစားကျန်တွေ မြေဆီလွှာအတွက်ရော ဘယ်နေရာအတွက်မှပါ ကောင်းကျိုးမပြုတဲ့ ကြွတ်ကြွတ်အိတ်တွေ အသေကောင်အပုတ်ကောင်တွေကို မသယ်ဆောင်ချင်ပေမယ့်လည်း သယ်ဆောင်လာရပြီ....။ တိုင်းရင်းသားလူမျိုးစုပေါင်းများစွာကို ရင်ခွင်မှာအစဉ် ပိုက်ထွေးထားတဲ့ မိခင်ကြီးပမာ သူမဟာ မသမာသူ လောဘသားကောင်တွေကြောင့် ခုတော့ ငိုလေပြီ.....။ “ဧရာဝတီ ရာဇဝင်များရဲ့ သတိုးသမီး...... ငါတို့ရဲ့ မိခင် ဧရာဝတီ ရာဇဝင်များရဲ့ သတိုးသမီး..... ငါတို့ရဲ့ ကောင်းကင်...” ကိုငှက်ကြီးရဲ့ သီချင်းကို ငြီးတွားမိပါရဲ့.....။ သူမအတွက် သီချင်းတွေရေးလိုက်ကြတာ....။ သူမအတွက် ကဗျာတွေစပ်လိုက်ကြတာ......။ ကိုယ်သန်ရာ သန်ရာရှုဒေါင့်ကနေ သူမအတွက်ကယ်တင်ဖို့ အဖက်ဖက်က တတ်အားသမျှ ဝိုင်းဝန်းကူညီနေကြတယ်......။ သူမရှေ့လျှောက်အဓွန့်ရှည်ပါ့မလား.....စိုးရိမ်စိတ်တွေ တစ်ဦးတစ်ယောက်ချင်းစီမှာ မြူမှုန်ကလေးလောက်ရှိကြမယ်ဆိုရင်....... သန်းရှစ်ဆယ်ကျော် (ခန့်မှန်းချေ) လူဦးရေကဖြစ်ပေါ်လာမယ့် စိုးရိမ်ပူပင်မှုကြောင့် မေခမလိခ နှစ်မွှာသွေးကြောမှ ဖြစ်တည်လာတဲ့ မြစ်ဧရာဝတီ ရာဇဝင်ထဲကသတိုးသမီး သူမဟာ...... ကျေနပ်မှု အားအင်အပြည့်နဲ့ နောင်.....အဆုံးမသတ်နိုင်တဲ့ အနာဂတ်ထိတိုင် ဆက်လက်ရှင်သန်နေဦးမယ် ဆိုတာ ယုံကြည်လျက်.....။ 



မိုးငွေ့

Saturday, 27 August 2011

ဖျားနေသောနေ့...ဖျားနေသောည...

GOSH!!!! စားချင်တာတွေကို ဂူဂယ်ကနေယူစားနေရတယ် သနားထှာ.....
















မိုးလေးအေးအေး
ချမ်းစီးစီးမှာ
ခေါက်ဆွဲပြုတ်ပူပူသောက်ချင်တယ်...။

နှာရည်ယိုရွဲ တရွှဲရွှဲ
အငွေ့တထောင်းထောင်းနဲ့
ခေါက်ဆွဲပေါင်းလည်းစားချင်တယ်..။

လည်ချောင်းနာနာ
ချောင်းတဟွတ်ဟွတ်ပေမယ့်
ကော်ဖီ ဘလက်တော့သောက်ချင်တယ်...။

ဝိတ်လျှော့ပါတယ် လျှော့ပါတယ်
ပြောဆိုရင်းနဲ့
“မယ်ခေါင်”နဲ့အတူ
ဆူရှီ ဆာရှိမိ တန်ပူရာလည်းစားချင်တယ်...။

ဟမ်.......!!!!
နေမကောင်းတောင်
ငတ်ကြီးကျတယ်........လို့
မပြောလိုက်ပါနဲ့...
ဓါတ်စာဖြည့်စွပ်တာပါ...အဟဲ...။(ကဗျာမဟုတ်တဲ့ ကဗျာ)

မိုးငွေ့


Wednesday, 24 August 2011

Blog Day အမှတ်တရ.....




Aug 31 မှာကျရောက်မယ့် blog day အတွက် အမှတ်တရလေးရေးပေးဖို့ ကြောင်ကလေးမောင်မျိုးက တဂ်လိုက်ပါတယ်...။ ဒီလောကထဲ ကိုယ်ရောက်လာတာ လာမယ့် ဒီဇင်ဘာဆို သုံးနှစ်ပြည့်ပြီ.....။ ဘယ်လောက်ပဲ သက်တမ်းရှိရှိ ခုထိတော့ ကိုယ့်ကိုယ်ကို အသစ်တစ်ယောက်လိုပဲမြင်နေတုန်း စီဘောက်တွေကို အပြေးဖတ်ချင်တုန်း ဒီနေ့ဘယ်နှစ်ယောက် လာဖတ်သွားသလဲ စောင့်ကြည့်နေမိတုန်း....။ ပို့စ်အသစ်တင်ပြီးတိုင်း ကော်မန့်ဘယ်နှစ်ခုရသလဲ ရင်ခုန်မိတုန်း....။ သုံးနှစ်ပြည့်အမှတ်တရအတွက် တလောကပဲစာလေးကြိုရေးထားတာ သတိရသလောက် ရေးစရာရှိတာလေး ကောက်ကောက်ရေးထားတာ....။ ခုတော့.....ဘလော့ဒေးအတွက်ရေးဖို့ သွေးပူလေ့ကျင့်ခန်းယူပြီးသားဖြစ်သွားတာပေါ့....။ မောင်မျိုးက ၂၀၀၇ ကတည်းကစရေးတာဆိုတော့ သူကကိုယ့်ထက်ဝါပိုရင့်တယ်....။ ရေးစရာ သိပ်ပြီးရှည်ရှည်ဝေးဝေးရှိမှာမဟုတ်တဲ့ အတွက် အပိုင်းတစ်တွေနှစ်တွေလည်း မခွဲတော့ပါဘူး...။ တစ်ခါတည်းတစ်ကားပြီးပဲကောင်းတယ်...။ တကယ်တော့ စာရေးချင်လွန်းလို့သာ ဘလော့လောကထဲရောက်နေတာ... စာရေးတာကလွဲလို့ နည်းပညာဆိုင်ရာ ဘာဆိုဘာမှမသိသူပါ....။ စိတ်ထဲခံစားရတဲ့ အတိုင်းရေးသည်....။ ရုပ်ရှင်စကားနဲ့ပြောရရင် ခုချိန်ထိ အကယ်ဒမီမှန်းပြီးရိုက်တဲ့ကားမရှိသေး.... အဲ ဘာဆု ညာဆုရဖို့ ပြိုင်ပွဲလည်းမဝင်ဖူး... ဘယ်မဂ္ဂဇင်း ဘာစာအုပ်ထဲမှာမှ မရေးဖူးသေး အဲဒီလိုထည့်ဖို့ရာလည်း ကိုယ့်စာတွေက အဆင့်မမီသေး....။ အဲဒါကြောင့်....။

၂၀၀၈မှာ မောင်လေးတစ်ယောက်က ဘလော့လေးတစ်ခုလုပ်ပေးခဲ့တယ်....။ မိုးငွေ့နှင့်အတူဖြစ်လာရခြင်းကို ဒီမှာရေးထားဖူးတယ်...။ ဘလော့စရေးတော့ စာရေးခပ်ကျဲကျဲပါပဲ ဘယ်သူနဲ့မှလည်း သိပ်မသိဘူး....။ ဘလော့လုပ်ပေးတဲ့မောင်လေး ချိပ်ပေးထားတဲ့ လင့်ခ်တွေကိုပဲ လျှောက်သွားပြီးစာဖတ်တယ်...။ ကိုကလိုစေးထူးရှိတယ် ကိုရင်ညိမ်းရှိတယ် မလေး(အိမ့်ချမ်းမြေ့)ရှိတယ်... ညခင်းရဲ့လမင်း ကိုရင်နော်ခင်လေးငယ်...။ ကျန်တာသိပ်မမှတ်မိတော့ဘူး အိမ်အသစ်ပြန်ပြောင်းတော့ လင့်ခ်တွေကျန်ခဲ့တာ....။ ပထမဦးဆုံး ကိုယ်နဲ့ အိမ်ခေါ်နာမည်ချင်းတူတဲ့ မီးမီးခေါ်နိုင်းနိုင်းစနေ ဆီကို နေ့တိုင်းရောက်ဖြစ်တယ်...။ သူတင်တဲ့ပို့စ်တိုင်း လိုက်ဖတ်တာ ဒီနေ့ထိပါပဲ....။ သူ့ရဲ့ ဗဟုသုတရစရာစာတွေ ရသတွေ ဘဝသင်ခန်းစာတွေကို ဘာသာပြန်ထားတာကြိုက်တယ်...။ ကိုယ်က ရှမ်းပြည်ကလာတော့ သူတာချီလိတ်ရောက်တုန်း တင်တဲ့ ရှမ်းအစားအစာတွေကို သိပ်သဘောကျတယ်....။ နောက်တစ်ယောက်က သက်တန့်ချို သူ့ကိုတော့အစက မိန်းကလေးပဲထင်ခဲ့တာ သူ့ကို ကိုယ်နဲ့တစ်ရုံးတည်းအလုပ်လုပ်တဲ့ ညီမလေးပန်းခင်းလေး ဘလော့သွားလည်ရင်းနဲသိခဲ့တာ...။ သူ့ဘလော့ကိုဖတ်ရတာ သုတစွယ်စုံတစ်အုပ်တစ်အုပ်ကို ဖတ်နေသလို့ပဲ ကိုယ်မသိသေးတဲ့ ကမ္ဘာပေါ်က အထူးအဆန်းတွေအကုန်လုံးတင်ထားတယ်... ဒါ့အပြင် ကျန်းမာရေးအကြောင်းလေးတွေကိုလဲ ဗဟုသုတရစရာရေးတတ်ပါတယ်...။

အဲဒီကနေ အသည်းကွဲကဗျာတွေချည်းရေးကြတဲ့ ညလင်းအိမ် အနှိုင်းမဲ့ နတ်ဆိုးရေးတဲ့အလွမ်းပုရပိုဒ်တို့နဲ့ အွန်လိုင်းသူငယ်ချင်းတွေလည်းဖြစ် အရမ်းလည်းခင်ခဲ့တယ်....။ ခုချိန်ထိလဲ ဖဘမှာ မခွဲအတူရှိနေကြဆဲ..။ စကားလုံးအားသန်တဲ့ ကိုယ့်ကိုမိုးကြီးလို့ခေါ်တတ်တဲ့ ကဗျာဆရာမိုးစက်အိမ်....။ စာတော်တော်စုံစုံရေးဖြစ်တဲ့ ကျမကြိုက်၏မကြိုက်၏တဂ်ပို့စ်ကိုတဂ်ပြီး ခုထိလာမဖတ်သွားသေးတဲ့ ဆိုင်းပရက်စ်က အဖြူရောင်နတ်သမီး ကိုလည်း ညီအစ်မအရင်းလိုခင်မင်ခဲ့တယ်....။ သူတို့ စီဘောက်မှာ ဟိုဟာရေးဒီဟာရေး စနောက်နေကျပေါ့...။ အလွမ်းစာတွေရေးတတ်တဲ့ ညီမလေးနှင်းဆီနက် ....။ ရွှေဝတ္ထုတိုဆုရထားတာ မကြာသေးတဲ့မြတ်မွန်....။ ခုနောက်ပိုင်းစာရေးကျဲနေတဲ့ ညီမသဒ္ဒါလှိုင်း။ ဝတ္ထုတိုကောင်းကောင်းလေးတွေ ကဗျာလှလှလေးတွေကို ရေးတတ်တဲ့ ကိုဏီလင်းညို.... မသိဂါၤ....။ ဟင်းကောင်းကောင်းတွေချက်တတ်တဲ့ အထူးအဆန်းပို့စ်လေးတွေ တင်တတ်တဲ့ မချော...သူတို့တွေအားလုံးနဲ့လည်းအရမ်းခင်တယ်....။

အထက်က ကဗျာ ကဗျာဆရာမတွေ စာရေးစိပ်တဲ့ အချိန်ထိတော့ မိုးငွေ့က သူတို့ဆီမှာပဲ တဝဲလည်လည်ရှိသေး...။ တခြား ဘလော့လည်ပြီးစာဖတ်တာ သိပ်မလုပ်ဖြစ်ဘူးဗျ....။ ၂၀၀၉ တစ်နှစ်လုံးဆိုပါတော့......။ ကဗျာဆိုလို့ ကိုယ့်ရဲ့ ချစ်ညီမလေး ခေါင်ခေါင်ကိုတော့ ဘယ်ထားခဲ့လို့ရပါ့မလဲ..။ သူ့ကိုလည်း ပန်းခင်းလေးဘလော့ကနေတွေ့လို့ စာသွားဖတ်ရင်း သိခဲ့တာပဲ...။ ကိုယ်စာသွားဖတ်တဲ့ အချိန် သူက ဘလော့လောကနေ ကိုယ်ယောက်ဖျောက်ခါစလေး....။ သူစာတွေဆက်မရေးရင် သူ့ကဗျာကောင်းလေးတွေ ပျောက်ကုန်မှာဆိုးလို့ သူ့ကဗျာတွေကိုခေါင်ခေါင်ရဲ့ကဗျာများ ဆိုတဲ့လေဘယ်နဲ့ သီးသန့်လုပ်ထားတယ်....။

၂၀၁၀ လောက်မှ ဘလော့အိမ်လည်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့်လေးလုပ်လာခဲ့တယ်....။ အဲဒီမှာ မပန်ဒိုရာကိုသိလာတယ်...။ သူရေးတဲ့ Avator ရုပ်ရှင်ခံစားမှုစာလေးကိုစဖတ်ရင်းပေါ့...။ ပြီးတော့ သူ့ဘဲငန်းဇာတ်လမ်းလေးလည်း ဘလော့မှာ အင်မတန်ပွဲစည်ခဲ့တဲ့ ပို့စ်အတွဲလေးပဲ....။ ရယ်စရာဟာသစာရေးဆရာ မဟုတ်ပေမယ့် စာရေးရင် ပြုံးချင်စရာအရေးအသားလေးတွေနဲ့ စွဲဆောင်တတ်တဲ့ မချစ်ကြည်အေး ...။ အက်ဆေးလှလှလေးတွေကို စီးမျောလိုက်ပါလာအောင်ရေးတတ်တဲ့ မသက်ဝေတို့ကိုခင်လာတယ်....။ ဖဘသုံးကတည်းက တော်တော်လေးရင်းနှီးသွားကြတာ......။ ဓါတ်ပုံဝါးဝါးလေးတွေကိုတင်တတ်တဲ့ စလုံးပေါင်းအမှားတွေကို ဒီအတိုင်းအမြဲတင်တတ်တဲ့ တိမ်တွေကိုချစ်တတ်တဲ့ မမခင်ဦးမေ......။ ရသကောင်းကောင်းနဲ့ တခါတလေမော်ဒန်ဆန်တဲ့ စာတွေရေးတဲ့ မနော်(မနော်ဟရီ)။ ကျနော် ကျနော်လို့အမြဲပြောတတ်တဲ့ မန်းသူ မကြီးရွှေစင်။ ဘယ်တော့မှမရိုးအီနိုင်တဲ့ သူ့စာဖတ်တိုင်းအမြဲရယ်ရတဲ့အမြဲရှင်သန်နေဆဲ ကျမတို့ရဲ့ ကိုကြီးကျောက်...။ ကိုယ့်ထက်အသက်ကြီးတဲ့ အစ်ကိုတွေအစ်မတွေနဲ့ သိကျွမ်းရတာသိပ်ကောင်းတာပဲ...။ ကိုယ်မသိသေးတာက အများကြီးပဲလေ...။ ကိုယ်မသိသေးတာကို သူတို့ဆီကသိရတယ်...။ ကျောင်းသားဘဝထဲက သူငယ်ချင်းအပေါင်းအသင်းတွေက ကိုယ့်ထက်ငယ်တဲ့သူတွေများတယ်...။ အိမ်မှာလည်းအကြီးဆုံးဆိုတော့ အစ်ကိုအစ်မတွေမရှိတော့ အစ်မတွေနဲ့ ခင်မင်ရတာ သိပ်ကိုဝမ်းသာတယ်....။ အထက်မှာပြောပြထားတဲ့ ဘလော့ဂါတွေနဲ့ အပြင်မှာ အားလုံးလိုလို မြင်ဖူးထားတယ်...။ ဂျင်းစုတ်လေးဆိုတဲ့ အင်ကြင်းသန့်ကိုတော့ မချစ်တို့ မသက်ဝေတို့ဆီမှာ ကော်မန့်သွားပေးရင်းသိခဲ့တာ...။

ဘလော့လောကထဲက မောင်နှမတွေဆီ တစ်ဆင့်တစ်ဆင့်သွားလည်ရင်းက ခုနောက်ပိုင်းမှသိလာရတဲ့ ဘလော့ဂါတွေကတော့ ထိုင်းအစားအစာတွေ သဘာဝရှုခင်းတွေ ဖက်ရှင်ရှိုးတွေ ရိုက်ကွင်းတွေကိုတင်ပေးတတ်တဲ့ မွန် အေးချမ်းတဲ့အားကျစရာ မိသားစုလေးနဲ့ စာရေးကောင်းတဲ့ ကိုညီလင်းသစ်၊ ကိုယ်ကအစားမက်တော့ ဟင်းချက်တဲ့ အိမ်ရှင်မဘလော့တွေ ဆီကိုလည်း တော်တော်ရောက်ဖြစ်တယ်...။ တစ်ယောက်ချင်းမရေးပြတော့ပါဘူး.......။ မအိမ်သူ မရို့စ် မဒမ်ကိုး မိုးပန်းချီတို့ Jasmine တို့တွေကဘလော့ ညီအစ်မအသစ်တွေပေါ့...။ မိုးပန်းချီကိုတော့ ဖဘမှာကတည်းက သိတာ နာမည်လေးကို သဘောကျလို့ သူ့ဘလော့ကိုသွားလည်ဖြစ်သွားတယ်...။ ဦးဟန်ကြည် အန်တီတင့် ကိုညိမ်းနိုင် ကြယ်လွမ်းသူနဲ့ နတ်ဆိုးလေးတို့ကိုတော့ ကော်မန့်လာရေးတာတွေ့ရင်းနဲ့ သိသွားတာ....။ ဒီတော့မှ အော်.. အသင်တို့ ဘလော့လောက အတော်ကျယ်ပြန့်သကိုးလို့ သုံးသပ်မိတယ်.....။ ဒါတောင်ကိုယ်သိနေတဲ့ ကိုယ့်ပတ်ဝန်းကျင်က သေးသေးလေးရှိသေးတာ...။ အသစ်မောင်ငယ် ညီမငယ်တွေလည်း အားမလျှော့ပါနဲ့ ရေးကြပါလို့... အားပေးတိုက်တွန်းချင်ပါတယ်....။ ဘာပဲဖြစ်ဖြစ် ကိုယ့်အစ်ကိုတွေ အစ်မတွေအများကြီးဆီကနေ ပညာရတယ် အားတွေရတယ်မဟုတ်လား...။

မောင်မျိုးပြောသလိုပဲ ဘလော့ဂါဖြစ်ရတာပျော်တယ်....။ ကိုယ်နဲ့ မမြင်ဖူးတဲ့ ကမ္ဘာအရပ်ရပ်က မိတ်ဆွေတွေလည်းတိုးပွားတယ်....။ စာရေးရတာလည်းပျော်သကိုး ဘယ်တော့မှမသေနိုင်တဲ့ပိုး....။ တကယ်တော့ ဒီတဂ်ဂိမ်းရဲ့ မူလပင်ရင်းကတော့ ကိုအောင်(ပျူနိုင်ငံ)ပါ ...။ ဘလော့လောကအကြောင်းအရာ အစအဆုံးနီးပါးကို အပိုင်းသုံးပိုင်းခွဲပြီးတင်ထားတဲ့ ကိုအောင့်ဘလော့မှာ စုံစုံလင်လင်သွားဖတ်ဖြစ်ကြမှာပါ....။ သူ့ကိုတော့ မသိပါဘူး... မသက်ဝေတို့ဆီမှာတော့ ခဏခဏတွေ့ဖူးပါတယ်....။ ကိုအောင်တဂ်လို့ မောင်မျိုးရေးသည်...။ ယခုတစ်ခါ မောင်မျိုးတဂ်လို့ မိုးငွေ့ရေးသော... ဘလော့ဒေး၏အမှတ်တရပို့စ်လေးတစ်ပုဒ် ဒီမှာတင်တစ်ခန်းရပ်လိုက်ပါသည်..။ ဆက်ပြီးမတဂ်တော့ပါဘူး ချစ်သော ဘလော့မောင်နှမများ ဘလော့ဒေးအတွက် အမှတ်တရရေးတင်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ်...။

စကားချပ်။ ။ မောင်မျိုးနဲ့သိတာ သိပ်မကြာသေးဘူး....။ မိုးငွေ့ရဲ့ နောက်ဆုံးသူငယ်ချင်း အသစ်စက်စက်လေး ဆိုပါတော့...။ ဖဘမှာတော့ ကြောင်ရုပ်ကလေးနဲ့ အမြဲမြင်နေကျပါ....။



မိုးငွေ့

Monday, 22 August 2011

စူးနစ်မိုး.....





ဘယ်ဘက်ရင်အုံဆီက စူးခနဲဆစ်ခနဲ ခံစားမှုနဲ့အတူ ကိုယ့်ပါးပြင်ပေါ်မှာ မိုးရေအေးစက်စက်တွေနဲ့ မျက်ရည်ပူနွေးနွေး ရောပါစီးကျသွားတယ်....။ ကိုယ်တို့ကြားမှာ မင်းမိုးပေးထားတဲ့ ထီးရိုးလေးတစ်ချောင်းပဲ ရှိတယ်.....။ ကိုယ်တို့နှစ်ယောက်နီးနီးလေးမှ တကယ့်နီးနီးကလေး....။ နီးလွန်းအားကြီးလို့ မင်းကိုမော့ကြည့်ရတာ မျက်ရည်တွေနဲ့ ဝိုးဝါးနေတယ်...။ မိုးစက်ကျသံတွေကြား မင်းအသက်ရှုသံခပ်ပြင်းပြင်းကို ကြားနေရတယ်......။ မင်းမျက်နှာတွေအရင်လို ကြည်လင်ရှင်းသန့်နေတုန်း.......။ မင်းမျက်လုံးလေးတွေ ကြယ်တွေလိုလင်းလက်နေကြတုန်း....။ မင်းသိပ်ကြိုက်တဲ့ အဖြူရောင်ဆွတ်ဆွတ်ရှပ်အကျီၤနဲ့ ပုဆိုးလေးဝတ်ထားတယ်....။ မင်းအဲလိုလေးဝတ်တာကို ကိုယ်သိပ်.......သဘောကျတာပဲ....။ မင်းနှုတ်ခမ်းတစ်စုံ လှုပ်ခတ်သွားတယ်........။ တစ်ခုခုပြောလိုက်တာ... ခပ်တိုးတိုးကလေးပဲ....။ သေချာမကြားရပေမယ့် မင်းနှုတ်ခမ်းလှုပ်တာကိုကြည့်ပြီး ကိုယ်သိလိုက်တယ်...။

“ဘာလို့မိုးရေထဲ တစ်ယောက်တည်းရပ်နေရတာလဲ”တဲ့.........။

ပြီးတာ့ မိုးရေစိုလို့ တစ်ချောင်းခြင်းမျက်နှာပေါ်အုပ်နေတဲ့ ဆံပင်တွေကို မင်းကသပ်တင်ပေးတယ်.....။ ကိုယ့်ဆံပင်တွေကို ဆွဲယူပြီး ......

“မ' ဆံပင်တွေ တိုသွားတယ်နော်”တဲ့.......

မိုးရေထဲမှာကြာနေပြီဖြစ်လို့ ပြာနှမ်းအေးစက်နေတဲ့ ကိုယ့်နှုတ်ခမ်းတစ်စုံပေါ် အိထွေးတဲ့ နွေးခနဲအသိနဲ့...။

“ကျနော်တို့ ကော်ဖီပူပူလေးသောက်ဖို့လိုနေပြီ...” ဆိုပြီး ကိုယ့်လက်တစ်ဖက်ကို တင်းတင်းဆုတ်ကိုင်ပြီး လှည့်ထွက်လာခဲ့တယ်....။

ကိုယ်တို့ခုနက မတ်တပ်ရပ်နေတဲ့ နေရာလေးက ကွင်းပြင်ကြီး......။ အဲဒီကနေ... သစ်ပင်စိမ်းမှောင်မှောင်တွေ ရှိတဲ့ တောအုပ်အစပ်နားထိ သွားနေကြတယ်.........။ သူကတစ်ဖက်ကထီးလေးမိုး တစ်ဖက်ကကိုယ့်ပခုံးကို သိုင်းဖက်ထားလို့ သူ့ခါးကို တင်းတင်းကျပ်ကျပ် ကိုယ်ပြန်ဖက်ထားတယ်...။ မင်းနဲ့ ဘယ်တော့မှ ပြန်မတွေ့တော့ဘူးထင်ပြီး ခုရုတ်တရက်ပြန်တွေ့တော့ မယုံနိုင်စရာကောင်းလောက်အောင် အံ့အားသင့်ပြီး ကိုယ်ပျော်လိုက်တာ အိန်ဂျယ်ရယ်... မျက်ရည်တောင်ကျမိတယ်...။

ဒီကစပြီး ကိုယ်တို့ ဘယ်တော့မှ မဝေးတော့ဘူးပေါ့နော်.......ဟုတ်လား .... အိန်ဂျယ်....။

မိုးထဲလမ်းလျှောက်ရင်း မင်းကိုယ်တိုင်ဖျော်တိုက်မယ့် ကော်ဖီပူပူတစ်ခွက်ရဲ့ အနံ့မွှေးမွှေးလေးကိုတောင် ရနေပြီ..။

စိမ်းမှောင်တဲ့ တောအုပ်ထဲကို ကိုယ်တို့နှစ်ယောက်စဝင်လိုက်ကတည်းက ...အရာအားလုံး အမှောင်တိုက်တွေ ကြီးစိုးသွားတယ်...။ မင်းကိုလည်းမမြင်ရတော့ဘူး... ကိုယ့်ကိုယ်ကိုလဲ မမြင်ရတော့ဘူး...။ အိန်ဂျယ်ရေ....လို့ ကိုယ်အော်ခေါ်ပေမယ့် ပြန်ထူးသံမကြားရဘူး......။ မိုးရေတွေရွှဲစိုလို့ လူက ဝမ်းနည်းကြောက်ရွံမှု နဲ့အတူ အေးစက်တုန်ခိုက်နေပြီ.... လက်ကိုတင်းတင်းပိုက်ထားရင် နှုတ်ခမ်းတွေလဲ တဆတ်ဆတ်တုန်လို့ မေးချင်းရိုက်နေပြီ...။

အာခေါင်တွေခြောက်ကပ်နေတယ်....။ ရေဆာလိုက်တာ........။ လက်ဖမိုးနဲ့ ပါးကိုထိမိတော့မှ ကိုယ်တွေကျစ်ကျစ်တောက် ပူနေမှန်းသိလိုက်တယ်...။ ခေါင်းရင်းက ရေဗူးကိုလက်နဲ့စမ်းယူလိုက်တယ်....။ အမှောင်ထဲမှာ ရေဗူးအဖုံလေးဖွင့်မယ် လုပ်တုန်း ကိုယ်ခဏတွေသွားတယ်...။ ခုနက အဖြစ်အပျက်တွေက အိပ်မက်........ အိပ်မက်တွေတဲ့လား.............။

မနေ့ညနေတုန်းက မိုးမိလို့ ကိုယ်တွေပူနေတာဖြစ်မယ်....။ မိုးကပေးတဲ့ ကိုယ့်အတွေးစတွေက အိပ်မက်ထဲထိတောင် လိုက်လာခဲ့ကြတာကိုး....။ မင်းဆိုပြနေကျသီချင်းလေးရုတ်တရက် အသံထွက်လာလို့ ကိုယ်လန့်သွားသေး....။ မနက်ခြောက်နာရီ........။ ကိုယ့်ဖုန်းနိုးစက်က အသံလေးပါ.....။


မိုးငွေ့

Saturday, 20 August 2011

Junction Mawtin က Neo Cafe မွာ...

စကာင်္ပူကြာဇံကြော်တဲ့ဗျာ...ပွဲကြီးလွန်းလို့ စားမကုန်ခဲ့ဘူး


ဝက်သားနှမ်းကပ်ကြော်... ဘီယာနဲ့မြည်းချင်စရာ ဟင်းတစ်ခွက်ပေပဲ..


အချိုပွဲ.... ဘရောင်နီကိတ် ချောကလက်အိုင်စရမ်တဲ့


Friday, 19 August 2011

တစ်ဦးတည်းသောသမီး မဖြစ်ခဲ့ပါ.....






မောင်မျိုးဘလော့ကိုသွားလည်ရင်း သူ့အစ်မအကြောင်းလေးရေးထားတာတွေ့တော့ ငယ်ငယ်တုန်းက ကျွန်မတို့မောင်နှမတတွေ အတူဆော့ကြ ကဲခဲ့ကြတာတွေကို ပြန်လွမ်းမိသွားတယ်....။ မောင်မျိုးလိုတော့ ကျွန်မက အစ်မတွေ အစ်ကိုတွေမရှိဘူး...။ ကျွန်မတို့မောင်နှမလေးယောက်မှာ ကျွန်မက အကြီးဆုံး ... ကျွန်မအောက်မှာ မောင်လေးနှစ်ယောက်နဲ့ အငယ်ဆုံးက ညီမလေး....။ တကယ်ဆို... ကျွန်မက တစ်ဦးတည်းသော သမီးဖြစ်ရမှာ...။ မေမေက ကျွန်မကိုမွေးပြီး ငါးနှစ်အထိ နောက်ထပ်ကလေးမယူခဲ့ပါဘူး...။ ဟိုအရင်ကတော့ ငါသာ တစ်ဦးတည်းသောသမီး ဖြစ်ခဲ့ရင်ကောင်းမှာပဲလို့ တကိုယ်ကောင်းစိတ်လေးမွေးမိတယ်...။ တစ်ဦးတည်းသောသမီး သူငယ်ချင်းတွေနဲ့ တွေ့တော့မှသာ သူတို့ဘ၀ ဘယ်လောက်အထီးကျန် ဆန်လည်းဆိုတာ သိလာတယ်ရ...။






ကျွန်မအသက် လေးနှစ်ကျော် ငါးနှစ်အထိ မေမေက နောက်ထပ်ကလေးမယူခဲ့ဘူး....။ တစ်အိမ်သားလုံးရဲ့ အချစ်တော်အဖြစ် အချိန်ကြာကြာခံခဲ့ရတာပေါ့...။ ကျွန်မအသက် ခြောက်နှစ်နဲ့ ဆယ်ရက်တိတိမှာ မေမေကမောင်လေးကိုမွေးခဲ့တယ်....။ (အဲဒီမောင်လေးအသက်တစ်နှစ်ကျော်မှာပဲ အပြင်းဖျားပြီး ပိုလီယိုပိုးဝင်သွားတာနဲ့ ခြေထောက်တစ်ဘက်ကမသန်တော့တာ ဒီနေ့ထိပါပဲ....။ အရမ်းသနားဖို့ကောင်းပါတယ်.....) နောက်တစ်နှစ်ခြားစီပဲ နောက်ထပ်မောင်လေး တစ်ယောက်နဲ့ ညီမလေးကို ထပ်မွေးခဲ့ပါတယ်..။ အဲဒါနဲ့ စည်စည်ကားကား ပျော်ရွှင်ဖွယ် မောင်နှမလေးယောက် ဖြစ်သွားရော...။ နယ်မှတော့ အသက်ခြောက်နှစ်ကျော် ကလေးတစ်ယောက်အတွက် အငယ်ကလေး တစ်ယောက်ကို ကောင်းကောင်း ထိန်းကျောင်းနိုင်နေပါပြီ....။ အဝတ်စရှည်နဲ့ ကျောမှာချီပိုးပြီး ရွာရိုးကိုးပေါက် လျှောက်သွားနေတာပါပဲ...။ ဗိုက်ဆာမှသာ အိမ်ပြန်လာတာ...။ အဲဒီခေတ်က အိမ်တိုင်းတီဗီ မရှိဘူးလေ....။ ဒါကြောင့် အငယ်တွေကိုထိန်းရင်း တီဗီရှိတဲ့ အိမ်တွေမှာ စနေ...တနင်္ဂနွေမနက် 7:30ဆို ယိုးဒယားလိုင်းကလွှင့်တဲ့ စက်ရုပ်ကားတို့ ခုခေတ်ထိကလေးတွေကြိုက်နေတုန်းဖြစ်တဲ့ ပါဝါရိန်းဂျားတို့ ကာတွန်းကားတို့ သွားသွားကြည့်တယ်...။ သူများအိမ်က တီဗီကိုမပိတ်လိုက်မချင်းမပြန်ဘူး....။



ကျမတို့အိမ်နောက်ဖေးခြံထဲက သရက်ပင်ရှေ့မှာ ရိုက်ထားတဲ့
နို့ညှာမောင်လေးနဲ့ အငယ်ဆုံးညီမလေး


ပျော်စရာအကောင်းဆုံးက ညနေထမင်းစားချိန်လေးပဲ....။ အိမ်ရှေ့ ဈေးခင်းတဲ့ ကွပ်ပျစ်ပေါ်မှာ မောင်နှမတွေ မေမေလာပေးမယ့် ထမင်းဇလုံကိုစောင့်ကြရတယ်....။ ထမင်းဇလုံတစ်ခုထဲမှာ ဆီနဲ့ ငံပြာရည်ဆမ်းပြီးနယ်လိုက်တယ် အသားကြော်က တစ်ယောက်တစ်တုံး....။ ကျန်တဲ့ အငယ်တွေကို ခွံကျွေးရတာ... သုံးလေးယောက်အတူစားလို့ ဒါကြောင့် ထမင်းကို ဇလုံနဲ့ထည့်ပေးရတာ...။ ကျွန်မညီမအငယ်ဆုံးဆို ခုချိန်ထိ ထမင်းစားမကောင်းရင် ကျွန်မကိုပဲနယ်ပြီးခွံကျွေးခိုင်းတာ အဲဒါဆို ထမင်းက တစ်ပန်းကန်ကြီးကုန်ရော...။ ချောင်းရေမှာရေသွားကူးလွန်းအားကြီးလို့ အသားတွေမဲတူးနေရောပဲ....။ မောင်နှမထဲမှာ ဘယ်သူ့ကိုပိုချစ်သလဲလု့ိမေးရင် အကုန်အတူတူပဲချစ်ပါတယ်...။ ဒါပေမယ့် ခြေထောက်မသန်တဲ့ မောင်လေးကိုတော့ ဂရုဏာပိုမိတာပေါ့....။

ကျွန်မနဲ့ ကျန်တဲ့ မောင်နှမတွေက အသက်နည်းနည်းကွာတော့ ရန်သိပ်မဖြစ်ဘူး...။ သူတို့သုံးယောက်ကသာ အထက်အောက်တစ်နှစ်ခြားစီမို့ မတည့်ကြဘူး....။ တကျက်ကျက်ပဲ...။ ကျွန်မကို ရန်ကုန်မှာ ကျောင်းတက်ဖို့ အဒေါ်ကလှမ်းခေါ်တော့... ကျွန်မအသက်ဆယ့်နှစ်နှစ် ခုနှစ်တန်း....။ ဖေဖေဆုံးပြီး နောက်တစ်နှစ်မှာပဲ ရန်ကုန်ကို ကျောင်းတက်ဖို့ရောက်လာခဲ့တာ...။ ကျွန်မထွက်လာတော့ အငယ်ဆုံးညီမလေးက အသက်သုံးနှစ်ကျော်ပဲရှိသေးတာ........။ ပထမဦးဆုံးအိမ်နဲ့ခွဲခဲ့ရတာ....။ ဘာပြောကောင်းမလည်း ဝမ်းနည်းတာပေါ့.... ငိုတာပေါ့....။ နောက်တော့ ဖေဖေမရှိတာနဲ့ ကျန်တဲ့မောင်နှမတွေကိုလည်း ဟိုအဒေါ်ကတစ်ယောက်ခေါ်လိုက် ဒီအဒေါ်က တစ်ယောက်ခေါ်လိုက်နဲ့ တကွဲတပြားစီဖြစ်ကုန်ရော....။ ကျွန်မဆယ်တန်းအောင်လို့ အိမ်ကိုခြောက်လပြန်နေသေးတယ်..။

နောက်တော့ မေမေက အဒေါ့်ကလေးတွေ စကာၤပူမှာ ကျောင်းတက်တာ သွားစောင့်ပေးရတယ်....။ အဲဒီချိန်မှာ အငယ်ဆုံးညီမလေးက ကျွန်မနဲ့အတူရောက်လာပြီ... သူကခြောက်တန်းပေါ့ အဲဒီတုန်းက....။ အဒေါ်တို့အိမ်ကနေပဲ ကျောင်းတက်ခဲ့ရတာ ဘွဲ့ရတဲ့အထိဆိုပါတော့.....။ ကျွန်မတို့မောင်နှမလေးယောက်မှာ ခြေထောက်မသန်တဲ့ မောင်လေးကလွဲလို့ အားလုံးကျောင်းပြီး ဘွဲ့ရခဲ့ကြပါတယ်....။ တတိယမောင်လေးကလည်း စစ်တပ်ထဲက အဒေါ်ခေါ်ထားတော့ သူတို့ နယ်ပြောင်းတိုင်း သူက လျှောက်လိုက်နေရတာကိုး...။ ဒုတိယမောင်လေးကတော့ ကျွန်မတို့ အခုနေတဲ့အိမ်မဝယ်ခင်အထိတော့ နယ်မှာ ဆိုင်ကယ်ပြင်တယ် စတစ်ကာကပ်တာလုပ်တယ်....။ မိသားစုအားလုံးစုံစုံလင်လင်နဲ့ အတူပြန်နေရတာဆိုလို့ ခြောက်နှစ်ပဲရှိပါသေးတယ်.....။ ဆယ်နှစ်ကျော် မေမေအလုပ်လုပ်လို့ရတဲ့ ငွေစုပြီး အိမ်ခန်းဝယ်လိုက်တော့မှ မိသားစုအတူပြန်နေခဲ့ကြရတာပါ...။

ခုလည်း ကျွန်မတို့မောင်နှမတွေ စုစုစည်းစည်းပျော်ပျော်ပါးပါးပဲ....။ ကျွန်မဆို အိမ်အလုပ်ဘာမှ သိပ်မလုပ်ရဘူး...။ ဒုတိယမောင်လေးက အိမ်အလုပ်ပဲလုပ်တော့ သူပဲ အကုန်လုပ်ပေးတာ ကျန်သုံးယောက်က အပြင်အလုပ်ကိုယ်စီနဲ့ဖြစ်နေတော့...။ နေ့ဘက်ဆို အိမ်မှာ မေမေနဲ့မောင်လေးနှစ်ယောက်တည်းပေါ့....။ ညကျအလုပ်ကပြန်လာရင်း ထမင်းလက်စုံအတူစားကျ ထမင်းစားပြီးရင်လည်း တီဗီရှေ့မှာ နေရာယူပြီး လက်ဖက်တွေ ကော်ဖီတွေ စားစရာမုန့်တွေအစုံနဲ့ ပျော်စရာကြီးပေါ့...။

ဒီတော့မှ ပြန်တွေးမိတယ်.....။ ငါသာ တစ်ဦးတည်းသော သမီးဖြစ်ခဲ့ရင် ခုလိုမောင်နှမတွေနဲ့ ပျော်စရာကောင်းတဲ့ အချိန်တွေရှိမှာမဟုတ်ဘူးလို့....။ ပြီးတော့ တစ်ဦးတည်းသောသမီးတွေ ဖြစ်လေ့ရှိတဲ့ တစ်ကိုယ်ကောင်းစိတ်တွေ အတ္တစိတ်တွေနဲ့ အထီးကျန်ဆန်စွာ နေထိုင်နေရမှာကို တွေးမိတော့ ....ဘဝအဆက်ဆက်က အတူပြုခဲ့သမျှ ကုသိုလ်တွေကြောင့် မောင်နှမတွေ အဖြစ်ကြုံဆုံခွင့်ရလာတာကို တွေးမိပြီး ပီတိဖြစ်ရပါတယ်....။



မိုးငွေ့


Wednesday, 17 August 2011

လွင့်မျောနေတဲ့ မျှော်လင့်ခြင်းကွင်းပြင်....





လေနင်ရာ........ယိမ်းနွဲ့နေတဲ့ ကိုယ့်စိတ်ကလေးတွေက မင်းအတွက်ကြောင့်ပဲဖြစ်ပေါ်လာတာပါ.....အိန်ဂျယ်....။

ဟိုးးး.... အဝေးဆုံးကို ရောက်သွားလိုက်....။ နီးနီးကလေး ပြန်လာလိုက်နဲ့...... ခံစားမှုလေးက.... မျှော်လင့်ခြင်းကွင်းပြင်ကျယ်ကြီးထဲမှာ တစ်ပွင့်ချင်း လွင့်မျောနေတဲ့ ဝါပွင့်လေးတွေလိုပဲ......။ လွမ်းမောရတာလည်း များလှပြီ....။ ပြန်လာခဲ့ဦးမလားလို့ မမေးချင်တော့ဘူး....။ အဲလိုမေးကြေးဆို... မင်းထားခဲ့တာမဟုတ်တဲ့ အတွက် ကျန်ရစ်ခဲ့သူလည်း ကိုယ်မဟုတ်ဘူး.....။

ဒီည လပြည့်ည... ။ လကို အပြည့်အ၀ အပီအပြင်မမြင်ရပါဘူး...။ မီးခိုးရင့်ရင့် တိမ်တိုက်တွေက ခဏခဏကွယ်ကွယ်ပစ်တယ်....။ ကိုယ်ကြည့်လိုက်တဲ့ အချိန် လပြည့်လက တိမ်လိတ်တွေကြား ပုန်းကွယ်လိုက်တယ်....။ ဝမ်းနည်းစွာ ကိုယ်မျက်လွှာချလိုက်တော့ ငွေချည်မျှင်မိုးဖွဲဖွဲ လမင်း အလင်းပြပြနဲ့ ကိုယ့်ကိုဖမ်းစား ညှို့ယူပြန်တယ်....။ ငယ်ငယ်က ဖတ်စာကိုပြန်သတိရလို့ ပြုံးမိသွားတယ်...။ “ညအခါ...လသာသာ... ကစားမှာလား....နားမှာလား”...။ ကိုယ်နားနေတဲ့ အချိန်မှာ လမင်းကြီးက ကိုယ့်ကိုလာကစားနေတာပါ....။ မင်းက... လမင်းကြီးထဲမှာလား အိန်ဂျယ်.......။

ဝမ်းသာလိုက်တာ အိန်ဂျယ်ရယ်.......။ မင်းဆိုပြနေကျ သီချင်းလေးကို ကိုယ်ရှာတွေ့သွားပြီ.....။ သီချင်းခေါင်းစဉ်မသိဘူး အဆိုတော်ကိုမသိဘူး...ဘယ်သူရေးသလဲ ကိုယ်မသိဘူး...။ ကိုယ်သိတာ မင်းဆိုပြတဲ့ အချိန် သီချင်းလေးက ဆွဲဆောင်နိုင်စွမ်းလွန်းလို့ နားထောင်ရင်း စီးမျောမိတယ်....။ chorus အပိုဒ်လေး နည်းနည်းဆိုပြမယ်....။

“ ငါဟာ... မင်းမရှိတဲ့ အဝေးမှာ .....တမ်းတနေဆဲ နာကျင်တဲ့ အလွမ်းရက် ရှည်များမှာ ..... ငါဟာ... မင်းမရှိတဲ့ အဝေးမှာ အို...တမ်းတနေဆဲ ရင်ခုန်သံများနဲ့ တစ်ယောက်ထဲပါ.... ဘယ်လိုပင်ဝေးသွားလဲ ရင်မှာအမြဲ မင်းတစ်ယောက်ကို ဖြည့်ဆည်းပေးဖို့ အသင့်ပြင်ခဲ့ .... ဟေး..ရာ... အိုး အို.....”

ညပေါင်းများစွာ အဲဒီသီချင်းလေးနဲ့ ကိုယ်အိပ်စက်မယ်....။ ကိုယ့်အာရုံတွေက ဂီတာကြိုးပေါ်က ဖြူသွယ်တဲ့ အနုပညာလက်ချောင်းလေးတွေဆီ..... စုံမှိတ်ထားတဲ့ မျက်လုံးတွေဆီ...... လှပတဲ့ စကားလုံးလေးတွေကို ရွတ်ဆိုတဲ့ နှုတ်ခမ်းများဆီ...... နူးညံ့စွာလွင့်ပျံလာတဲ့ အသံများဆီ....... တေးသွားလေးနဲ့အတူ ပျော်ဝင်နေတဲ့ ရင်ခုန်သံတိုးလျလျတွေဆီ.....။

ခုတော့လဲ သံစဉ်တွေကို ရင်ခွင်မှာပိုက်.... ကိုယ့်အချစ်တွေကို တိတ်တခိုးယူဆောင်လို့ အဝေးကို ပျံသန်းသွားပြီလား....။ အတောင်ပံတွေညောင်းလို့ တစ်တောင့်တစ်နေရာမှာ နားနေလား......။ ဒါမှမဟုတ်.... ကိုယ့်လိုပဲ မျှော်လင့်ခြင်းကွင်းပြင်ကျယ်ကြီးထဲ မရေရာတဲ့ စိတ်တွေနဲ့ မျောလွင့်နေဆဲပဲလား......။

မတွေ့ရတဲ့ ရက်တွေအတွက် ကိုယ့်မေးခွန်းတွေ သိပ်များနေလိမ့်မယ်...။ မေးခွန်းတွေကများလှချည်လား ...။ တစ်ခုပြီးမှတစ်ခုမေးပါဆိုရင်....အရင်ဦးဆုံးကိုယ်မေးချင်တာကတော့...... ရိုးစင်းလွန်းလှပါတယ်..... “နေကောင်းရဲ့လား အိန်ဂျယ်”.......။ နောက်ဆက်တွဲ မေးခွန်းတွေကတော့ ကိုယ့်ရဲ့ ပထမအမေးကို မင်းပြန်ဖြေမယ့် အဖြေပေါ်မှာပဲ မူတည်ပါတယ်.....။ သေချာတာကတော့ ကိုယ်ဟာ... ရူးကြောင်ကြောင်နဲ့ တစ်ယောက်တည်းစကားပြောနေတဲ့ သူနဲ့တူနေပါလိမ့်မယ်......။ ကိုယ်လက်တွေ့မေးကြည့်ချင်ပါတယ်....။ ဒါပေမယ့် တုန့်ပြန်မှုမရှိတဲ့ အဖြေတစ်ခုကို ကိုယ်စောင့်ကြည့်ဖို့ သတ္တိမရှိဘူး....။ ခံနိုင်ရည်မရှိဘူးလို့ပြောရင် ပိုမှန်မယ်ထင်တယ်....။

မင်းရဲ့ တံခါးပေါက်ရှေ့မှာ ကိုယ်အမြဲရပ်နေတာပါ.....။ တံခါးလာဖွင့်ဖို့တော့ ကိုယ်ဘယ်တော့မှ ခေါက်မှာမဟုတ်ဘူး...။ ကံကြမ္မာက တံခါးလာဖွင့်ပေးမယ့် တစ်နေ့ကို ကိုယ်စိတ်ရှည်လက်ရှည်စောင့်နေမယ်....။ မင်း....အထဲမှာ ပုန်းနေတယ်ဆိုတာ ကိုယ်သိနေတာပဲလေ.......။ ကလေးတွေနဲ့ တူတူပုန်းတမ်း ကစားသလိုပေါ့..... သူတို့ပုန်းနေတာကို မြင်ရက်သားနဲ့ မမြင်ချင်ယောင်ဆောင်ပြီး မင်းဘယ်မှာလဲလို့ နှုတ်ကပဲရွတ်ဆို နေလိုက်မယ်....။ မင်းကိုယ်ယောင်ထွက်မပြမချင်းပေါ့....။


မိုးငွေ့

Tuesday, 16 August 2011

သဒ္ဒါ့အတွက်... ဟင်းတစ်ခွက်

ရောင်စုံချ
ဉ်စပ်ကြက်သားသုပ်

ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ငရုတ်ပွအ၀ါ၊ ငရုတ်ပွအနီ၊ ကြာဇံကြီးဖတ်


ပင်အပ်မှို၊ မုန်လာဥနီ၊ ဆူကာညွှန့်(ဂေါ်ရခါးညွှန့်)

ငရုတ်ကောင်းနံ့မွှေးမွှေးလေးနဲ့ သုံးရောင်ခြယ် ဟင်းချိုပူပူလေးတစ်ခွက်


စနေနေ့က အင်းလျားမြိုင်ထိပ်က Market Place ရောက်တယ်....။ နောက်တစ်ပတ်ထဲ ၀ါဆိုသင်္ကန်းအာရုံဆွမ်းအတွက် လိုအပ်တာတွေ ကြိုဝယ်ထားစရာ အခြောက်အခြမ်းတွေ ၀ယ်ခဲ့တယ်....။ ဟင်းရွက်တန်းရောက်တော့မှ... ရောင်စုံငရုတ်ပွတွေ့တာနဲ့ဝယ်ခဲ့လိုက်တယ် မုန်ညင်းဖြူ ဟင်းနုနွယ်ရွက် မုန်လာဥနီနဲ့ ပင်အပ်မှိုလို့ခေါ်တဲ့ Enoki မှိုတစ်ထုပ်ဝယ်ခဲ့တယ်...။ အဖြူ အနီ အ၀ါ အစိမ်း အရောင်စုံပါတယ်...။ အသားခွာပြီးသား ကြက်ရင်အုံကတစ်ကဒ်ဝယ်လာတယ်....။ ခေါက်ဆွဲကြော်စားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကြက်ဥခေါက်ဆွဲ တစ်စည်းတောင်ဝယ်ခဲ့သေး...။

တနင်္ဂနွေမနက်ကျတော့ ၀ယ်လာတဲ့ အသားနဲ့ အသီးအရွက်တွေကို အကုန်ထုတ်လိုက်တော့...။ ညီမ သဒ္ဒါလှိုင်းနဲ့ သောကြာနေ့အွန်လိုင်းပေါ်တွေ့တုန်းက စကားပြောဖြစ်တယ်...။ သူလည်းတုပ်ကွေးကွေးနေတာတဲ့..။ ခုမှပြန်သက်သာတာတဲ့...။ ညီမလေး အခု အစုံသုပ်တို့ ချဉ်ချဉ်စပ်စပ်တွေစားချင်နေတယ်တဲ့...။ ဒါဆို ပိတ်ရက်ကျအမ ချက်ကျွေးမယ်လို့ပြောလိုက်တယ်...။ ဒါပေမယ့် ကိုယ်ဝယ်ထားတာတွေနဲ့ အသုပ်စုံလုပ်ဖို့ကမဖြစ်သေးတာနဲ့... တီဗီကလာတဲ့ Master Chef အစီအစဉ်နဲ့ ထိုင်းစာ mini cook စာအုပ်လေးဖတ်ပြီးတကာလမှာ... ၀ယ်လာတဲ့ အသီးအရွက်တွေကို ကြက်သားသုပ်ချဉ်စပ် လုပ်မယ် နောက်.... .ဂေါ်ရခါးညွှန့်ကို မုန်လာဥနီနဲ့ ပင်အပ်မှိုလေးနဲ့ ဟင်းချိုချက်မယ်..။

 

ကြက်ရင်အုံသားနှစ်ခုကို ခနောမှုန့် ပဲငံပြာရည်အကြည် ဆန်အရက်နည်းနည်းနဲ့ နယ်ပြီး ရေခဲသေတ္တာထဲမှာ နာရီဝက်လောက်ထည့်ထားမယ်..။ ကြက်သားသုတ်ထဲမှာ လိုအပ်တဲ့ အသီးတွေပို ပုံမှာပါတဲ့အတိုင်း အကုန်လုံးလှီးပြီး ပန်းကန်ပြားတစ်ခုမှာ စီထည့်ထားမယ်....။ ပဲကြာဇံမရှိလို့ ကြာဇံကြီးဖတ်ကို ရေဆူဆူမှာ ဆားခပ်ပြီး ပြုတ်လိုက်တယ်..။ အသုပ်ထဲထည့်မယ့် အချဉ်ရည်ကအရေးကြီးဆုံးပဲ ဒီအသုပ်ရဲ့ အရသာက သူ့မှာပဲ မူတည်တာကိုး...။ ကြက်သွန်ဖြူငါးမွှာ ငရုတ်သီးစိမ်းများများ(အစပ်စားနိုင်သလောက်ပေါ့) သံပုရာသီးနှစ်လုံး၊ ကြက်တံဆိပ်ငရုတ်သီးအချိုရည်ဆော့စ် ငံပြာရည်...။ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထဲကို ငံပြာရည် ထမင်းစားဇွန်းနှစ်ဇွန်း ငရုတ်ချိုဆော့စ်နှစ်ဇွန်း နဲ့ ညှစ်ထားပြီးသားသံပုရာရည်နဲ့ရောပြီး နံနံပင်လေးထည့်ပြီး မွှေထားလိုက်ပါ....။ နှပ်ထားတဲ့ ကြက်ရင်အုံသားကို မကပ်တဲ့အိုးထဲ ဆီနှစ်စက်သုံးစက်ထည့်ပြီး မီးအေးအေးမှာ ဟိုဘက်ဒီဘက်လှန်ပေးပါ...။ ကြက်သားရွှေနီရောင်သန်းလာပြီး အတွင်းသားထဲထိကျက်ပြီဆို ခဏအအေးခံထားပြီး ရှည်မျောမျော မထူမပါးလေးလှီးထားပါ...။ အသုပ်ဇလုံထဲကို ကြက်သား ရောင်စုံအသီးတွေထည့်ပြီး အချဉ်ရည်လောင်းပြီး သမလိုက်ရင် ချဉ်စပ်ကြက်သားသုပ်ရပါပြီ....။

ဟင်းချိုကတော့ လွယ်ပါတယ်....။ ကြက်သားပြုတ်ရည်ဆူဆူထဲကို ဆူကာညွှန့် မုန်လာဥနီအတုံးလေးတွေ အရင်ထည့် မီးပိတ်ခါနီးမှ မှိုလေးထည့်လိုက်ပါ...။ ကြက်သားသုပ်ချဉ်စပ်ရှူးရှူးရှဲရှဲစားလိုက်... ဟင်းရည်ပူပူလေးကိုသောက်လိုက်နဲ့ ဂွတ်ပဲ...။


တကယ်ဆို ထိုင်းရောက်နေတဲ့ ညီမသဒ္ဒါ အတွက် မြန်မာစာလေး ချက်ကျွေး သင့်တာ ... နောက်တစ်ခေါက်ပေါ့နော်....။ အသုပ်စုံနဲ့ ခုတလော သိပ်စားချင်နေတဲ့ မန္တလေးမြီးရှည်လုပ်စားဖို့ အစီအစဉ်ရှိတယ်....။
သဒ္ဒါ့အတွက် ဟင်းတစ်ခွက်ဆိုပေမယ့် နှစ်ခွက်တော့ဖြစ်သွားတယ်....။


မိုးငွေ့

 

Thursday, 11 August 2011

မမချစ်အတွက် အဟာရဆန်ပြုတ်နဲ့ အီကြာကွေး...




တုပ်ကွေးကွေးပြီး နာလန်ထခါစ မမချစ်(ချစ်ကြည်အေး)ကို မနေ့က အွန်လိုင်းမှာတွေ့တော့ နှုတ်ဆက်ရင်း အမ ဆန်ပြုတ်သောက်မလား ပြုတ်ပေးမယ်ဆိုတော့ ... အင်း သောက်ချင်တယ်....အီကြာကွေးလေးနဲ့တဲ့....။ အိုကေ...နက်ဖြန်မနက်စာလေးပြုတ်ကျွေးမယ်လို့ပြောလိုက်တယ်....။ ချစ်မမကလည်း တော်တော်လေး သဘောကျသွားတယ်.....။

ဒါနဲ့ ဒီဆန်ပြုတ်လေးကို ပြုတ်ဖြစ်သွားတယ်....။ ဆန်ကဗူးတစ်ဝက် မုန်လာဥနီအလုံးတစ်ဝက် အာလူးတစ်လုံး....။ ဆန်ကို ဆားနည်းနည်းနဲ့အရင်ပြုတ်ပြီး... ဥနီနဲ့အာလူးကို နုတ်နုတ်ကလေးလှီးပြီးနောက်မှထည့်လိုက်တယ်....။ ဆန်လုံးပွလာတော့မှ နည်းနည်းအအေးခံပြီး လက်ကြိတ်စက်နဲ့ အကုန်ကြေသွားအောင်ကြိတ်လိုက်တယ်...။ ပြီးမှ မီးဖိုပေါ်ပြန်တင်...ရေနွေးထပ်ရောပြီးတည်ထားတယ်...။ ဆန်ပြုတ်နပ်ပြီဆိုရင် ကြက်သွန်ဖြူဆီချက် ချက်ထားတဲ့အထဲက ကြက်သွန်ဖတ်ချည်းတစ်ဇွန်းခပ်ပြီး ဆန်ပြုတ်အိုးထဲထည့်လိုက်တယ်...။ ဆိုတော့ ဆန်ပြုတ်လေးက ကြက်သွန်ဖြူဆီချက်နံ့လေးမွှေးနေရော....။ စားခါနီးအီကြာကွေးညှပ်ထည့် ငရုတ်ကောင်းလေး နည်းနည်းဖြူး ကြက်သွန်မှိတ်လေးဖြူးပြီးသောက်ပါလေ...။


မိုးငွေ့


Tuesday, 9 August 2011

အိန်ဂျယ်...စုစည်းမှု





ဘာလို့မှန်းကိုမသိဘူး...အဲဒီစကားလုံးကို ကြိုက်ခဲ့တာ ဟိုးး ငယ်ငယ်ကတည်းက...။ မိန်းကလေးဆိုတော့ ငယ်ကတည်းက ဆော့ကြရင်လည်း ရုပ်ရှင်ရိုက်တမ်းကစားကြမယ်ဆိုလည်း ကိုယ်က လှတပတ နတ်သမီးလေး နေရာက နေချင်ခဲ့တာ... ။ နတ်သမီးဆိုအရမ်းလှတယ်ဆိုတာပဲ နားလည်ခဲ့တာလေ....။ နောက်ပြီး အတောင်ပံလေးနဲ့ လင်းလက်နေတာကိုလည်းကြိုက်တယ်...။ ဒုက္ခရောက်နေတဲ့သူတွေကို လိုက်ကယ်တယ်လို့လည်း ရုပ်ရှင်ထဲမှာခဏခဏကြည့်ဖူးတယ်လေ...။ ဒီတော့ အိန်ဂျယ်ကို ငယ်စဉ်ကတည်းက စွဲလန်းလာခဲ့တာ.....။ ခု..စာရေးဖြစ်တော့မှပဲ... အဲဒီစကားလုံးလေးကို ထည့်ထည့်သုံးဖြစ် တာလည်း နှစ်သက်လို့ပါ....။ နတ်သမီးဆိုတာထက် အင်္ဂလိပ်အသံထွက် အိန်ဂျယ်ဆိုတာကို ပိုကြိုက်တယ်....။ အိန်ဂျယ်ကို နတ်သမီးလို့ အကြမ်းဖျင်းသိထားပေမယ့်... တကယ်တမ်းတော့ နတ်သားလို့လည်း အဓိပ္ပါယ်ယူလု့ိရသလို ဘုရာသခင်ရဲ့ တမန်တော်လို့လည်းမှတ်လို့ရတယ်...။

Angel ဆိုတဲ့ခေါင်းစဉ်နဲ့သီချင်းတွေအများကြီးထဲက Mariah Carey ရဲ့ Angels Cry..... Arosmith ရဲ့ Angel .... Shaggy ရဲ့ Angel....... နဲ့ Monica ရဲ့ Angel of Mine သီချင်းတွေကို ကြိုက်တယ်....။

မြန်မာသီချင်းထဲမှာဆိုရင်တော့ ရေဗက္ကာဝင်းဆိုတဲ့ အိန်ဂျယ် သီချင်းလေးကြိုက်တယ်....။ ရုပ်ရှင်ကားမှာဆို City of Angel ...။ မြန်မာဇာတ်လမ်းတွေမှာလည်း တော်တော်များများကြည့်ဖူးပါတယ် ...အိန်ဂျယ်ပါတဲ့ကားတွေလေ...။ နတ်သမီးချည်တိုင်တို့...ဘာတို့ပေါ့ အများကြီးပဲ မမှတ်မိတော့တာ...။ စာရေးဆရာအသစ်ထဲမှာတောင် နတ်သမီးဆိုတဲ့ ကလောင်နာမည်ရှိတယ်....။ သူ့စာအုပ်တွေတော့ မဖတ်ဖူးသေးဘူး....။

ဒီပို့စ်ကိုရေးဖို့စိတ်ကူးရခဲ့တာကလည်း ကော်မန့်မှာလာရေးသွားတဲ့ ကိုညိမ်းနိုင် ကြောင့်ပါ...။ အိန်ဂျယ်ကို သီးသီးသန့်သန့်လေးတစ်နေရာ စုစည်းဖို့တွေးမိပေမယ့် မလုပ်ဖြစ်ခဲ့တာပါ.....။

လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိတယ်လေ... နတ်ဆိုးနဲ့နတ်ကောင်း...။ မကောင်းတဲ့စိတ်ကိုအားပေးတဲ့ နတ်ဆိုးက ခေါင်းမှာချိုပေါက်ပြီး နတ်ကောင်းကတော့ အတောင်ပံလေးနဲ့လို့ ရုပ်ရှင်ကားတွေမှာ ပုံဖော်တာ မြင်ဖူးကြမှာပါ...။ ကိုယ်နေမကောင်းတုန်းက ကိုယ့်ရဲ့ကိုယ်စောင့်နတ်သမီးလေးကို အိန်ဂျယ်နှင့်တစ်ညနေနဲ့ နတ်သမီးပုံပြင်မှာ ဒီလိုလေးရေးခဲ့ဖူးတယ်.....။ ညီမလေးခေါင်ခေါင်ဆီစာတွေ ကဗျာတွေသွားသွားဖတ်ရင်းနဲ့လည်း သူ့ရဲ့ အိန်ဂျယ်အပေါ်ဖွဲ့နွ့ဲရေးသားထားတာလေးကို စွဲလန်းနှစ်သက်လွန်း ခဲ့လို့ သူ့ရဲ့အက်ဆေးဖြစ်တဲ့ အမုန်းဖွဲ့အိန်ဂျယ်နဲ့ ကမ္ဘာဖျက်မိုး ဆိုတဲ့ ကဗျာလေးတစ်ပုဒ်လည်း ကျမရဲ့စုစည်းမှုထဲ မဖြစ်မနေပါရမှာပါ...။

ဝတ္ထုတိုအဖြစ်ပုံဖော်ခဲ့ဖူးတာကတော့ Letters to Angel ရယ် ...။ ပြီးခဲ့တဲ့လကမှ တင်ခဲ့တဲ့ အိန်ဂျယ်ည တို့ပဲဖြစ်ပါတယ်....။ အိန်ဂျယ်ကို အများဆုံးရေးဖြစ်တာကတော့ အက်ဆေးမှာပါပဲ....။ ကိုယ့်ရဲ့ အိန်ဂျယ်က ကိုယ်ရေးတဲ့ အက်ဆေးကိုအကြိုက်ဆုံးဆိုလို့လေ....။ ကဗျာမရေးတတ်ပေမယ့် မတတ်တခေါက်လေးနဲ့ ဖန်ပုလင်းထဲက,ကဗျာတစ်ပုဒ်...ရယ်... ကဗျာမျက်ရည်.....ရယ် ကြယ်မိုး......ရယ်ဆိုပြီး အိန်ဂျယ်နဲ့ ပက်သတ်တာ သုံးပုဒ်ရေးဖူးတယ်.....။ ကြည်နူးစရာလေးနဲ့ အိန်ဂျယ့်အတွက် ပထမဦးဆုံး အိန်ဂျယ်ပါတဲ့ အက်ဆေးလေးကတော့...အိန်ဂျယ် တဲ့....။ ကိုယ့်အနားက အိန်ဂျယ်ပျောက်သွားချိန်မှာတော့ ပန်းချီကားဆန်ဆန် စိတ္တဇဆန်ဆန် ပုံပြင်ဆန်ဆန် အက်ဆေးလေးကို ပျောက်ဆုံးနေသောအိန်ဂျယ် နဲ့ ကိုယ်ဆေးခြယ်ခဲ့ဖူးတယ်....။ နားလည်မှုများနဲ့ အတူပျံသန်းချိန်....။ လက်လျှော့တော့မလို့လား.... အဝေးကပဲဆက်ချစ်သွားမယ်တဲ့....။ လွမ်းနာတာရှည်လို့ ကယောက်တမ်းနဲ့ ခေါင်းစဉ်မပါတဲ့ကောင်းကင်....။ တစ်သက်တာအတွက် မှတ်စု...။ ကော်ဖီခါးခါးအစား သောက်ခဲ့မိတဲ့ အလွမ်းခါးခါး....။ နာနာကျင်ကျင်နဲ့ Goodbye နှုတ်ဆက်ပါတယ်...။ သတိရသေးရင်နှုတ်ဆက်ပါတဲ့....အမျှင်မပြတ်သေးတာ... လွမ်းမောတမ်းတနေသေးတာ...။ အိန်ဂျယ့်ကို......အိပ်မက် မက်တယ်....။ You are my Angel ... forever... အမြဲတမ်းအတွက်....မင်း ။

ဘာပဲဖြစ်ဖြစ် ကျမအက်ဆေးတွေကို ချစ်တတ်တဲ့ အိန်ဂျယ့်အတွက် နောက်ထပ်အကြောင်းအရာလေးတွေ ရေးဖြစ်သွားဦးမှာပါ...။ အိန်ဂျယ့်ကို အားပေးတဲ့ စာဖတ်ပရိတ်သတ်အားလုံး.... ဘလော့ဂ်သူငယ်ချင်းအားလုံးကို ကျေးဇူးအထူးတင်ပါတယ်....။

မိုးငွေ့


Monday, 8 August 2011

တစ်ခါတုန်းက မင်းသားအလောင်းအလျာတွေ.....



ကျောင်းတုန်းက အဟောင်းတွေကို အသစ်ပြန်မရေးဖြစ်တာကြာပေါ့....။ တလောက Balazone သွားတော့... ပိုင်ဇေရဲထွန်းတို့ မိသားစုတွေ တပြုံတမကြီးနဲ့တွေ့ခဲ့တယ်...။ တပြုံတမကြီးလို့ရေးရတာက သူတို့မိသားစုလေးငါးယောက်အပြင် သူ့ယောက်ခမကြီးရော ကလေးထိန်းတွေရောလေ....။ သူ့အမျိုးသမီးလေးက တတိယမြောက်သားလေးကို ထပ်မွေးထားတာမကြာသေးဘူးတဲ့....။ ဒီလိုပါ ကျောင်းတုန်းက သူနဲ့ တခြား ရုပ်ရှင်မင်းသားအလောင်းအလျာများအကြောင်း နည်းနည်းအပုပ်ချချင်ပါတယ်...။ ဟဲ...ဟဲ... ဒီပို့စ်ဖတ်မိတဲ့ သူတို့အမျိုးတွေ မိတ်ဆွေသယ်ရင်းတွေ မိုးငွေ့ကိုခဲနဲ့ပေါက်မလား. ချောင်းရိုက်မလား တစ်ခုခုပဲဗျို့....။ ကျမတို့ RC3မှာ ကျောင်းတက်တုန်းကျမတို့အဖွဲ့ထဲမှာတိုက်ကွမ်ဒိုက အမတစ်ယောက်ပါတယ်....။ သူမိတ်ဆက်ပေးလို့ တိုက်ကွမ်ဒိုက ယောက်ကျားလေးသူငယ်ချင်းတွေတော်တော်များများနဲ့ သိတယ်...။ ပိုင်ဇေက အဲဒီတုန်းက မြန်မာ့လက်ရွေးစင်... ။ ကျမတို့နဲ့တော့ ကျောင်းမတူဘူး ...။ သူက RC2က....။ ဒါပေမယ့် သူငယ်ချင်းတွေက ကျမတို့ကျောင်းမှာများတော့ လာလာလည်တယ်....။ သူက ဘိုဆန်ဆန်ရုပ်နဲ့ နုဖတ်ပြီးချောတော့ ကျောင်းထဲဝင်လာရင် အကုန်လုံးကငေးမောကျရတာ...။ ကျမကတော့ ယောက်ကျားတစ်ယောက်အဲဒီလောက် နုဖတ်ချောမောနေတာကိုမကြိုက်ဘူး....။ အသားညိုမှ အရပ်ရှည်မှ ယောက်ကျားပီသမှကြိုက်တာ...။ ဒီတော့ ငေးမောတဲ့ အထဲမှာတော့မပါဘူးပေါ့....။ သူက ရုပ်ကလေးချောတော့ နည်းနည်းတော့ မာန်တက်တာပေါ့ဗျာ....။ တစ်ကမ္ဘာလုံးလုပ်ကျွေးတဲ့ ရုပ်မျိုးအမြဲဖမ်းထားတတ်တယ်...။ အဲ... သူ့ရဲ့ပင်ကိုယ်စတိုလ်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်....။ အဲဒီလိုနဲ့ ကျမသူငယ်ချင်းက ကိုးရီးယားမြန်မာ ချစ်ကြည်ရေးပွဲရှိတယ်... သုဝဏ္ဏကွင်းမှာ ကစားသမားတွေကို ပန်းစည်းကမ်းဖို့ ကျမကို အကူညီတောင်းပါတယ်....။ အဲဒီချိန်က ကိုးရီးယားဇာတ်လမ်းတွေ သိပ်ခေတ်မစားသေးပါဘူး...။ ကိုးရီးယားကစားသမားတွေကို ပန်းစည်းကမ်းမယ်ဆိုတော့ စိတ်ဝင်စားတယ် ကူညီမယ်ဆိုပြီး လက်ခံလိုက်တာ....။ တကယ်လည်းပွဲစရော....မြန်မာနဲ့ ကိုးရီးယားကစားသမားတွေ တစ်ယောက်ခြားဆီ ကွင်းလယ်မှာ တန်းစီးရပ်နေကြတယ်...။ ပိုင်ဇေလဲပါတယ်လေ....။ ပန်းစည်းကိုင်ပြီး ကျမဆုတောင်းနေမိတယ် သူနဲ့မကျပါစေနဲ့... ကိုးရီးယားကောင်လေးနဲ့ပဲပန်းစည်းကမ်းရပါစေပေါ့....။ သူနဲ့က သူငယ်ချင်းမိတ်ဆက်ပေးထားပေမယ့် သူ့ပုံစံကိုမကြိုက်လို့ သိပ်လဲ မခင်ဘူးလေ...။ ဆုတောင်းမပြည့်ပါဘူးဗျာ...။ တကယ်ကြီး ပိုင်ဇေနဲ့ကို တည့်တည့်တိုးတာ...။ ကောင်စုတ်လေးက ပန်းကမ်းပြီးလက်ဆွဲနှုတ်ဆက်တော့ လက်မကမ်းပေးဘူးလေ.... အဲလို အကျင့်မကောင်းတာ...တမင်သက်သက်လုပ်တာလေ....။ နောက်တော့ကျမှ... ရင်းနှီးလာတော့မှသိတာ... သူ..ကျမကို စလိုက်တာပါတဲ့...။ မခက်လား လူပုံလည်မှာ ကျမက လက်ကြီးကမ်းပေးပြီး လေထဲမှာပြန်ရုတ်လိုက်ရတာ...ဘယ်လောက် ဖီးလ်အောက်လဲ...။ တကယ်တော့ သူက သဘောကောင်းရှာပါတယ်.. သူ့မျက်နှာထားကိုက အော်တို အဲလိုဖြစ်နေတာတဲ့...။ အင်းလျားလမ်းထဲ သင်္ကြန် သူမဏ္ဍတ်လုပ်တော့သွားဖြစ်သေးတယ်...။ အဲဒီတုန်းက သူက မင်းသမီးလေးတစ်လက်နဲ့တွဲနေပြီလေ (အဲ...နိုင်ငံရေးတွေပါကုန်ပြီထင်တယ်)...။ ကိုဂျွန်လွင်ရဲ့ မော်ဒယ်အေဂျင်စီမှာ သင်တန်းတက်ပြီး ဆီဒိုးနားမှာ ရှိုးပွဲလုပ်တော့ သွားကြည့်ကြသေးတယ်....။ ခုတော့လည်း သူက တကယ့် လူကြီးဖြစ်နေပါပြီ လူကြီးမှ ကလေး သုံးယောက်ဖအေကိုဖြစ်နေပါပြီ.... ဇနီးငယ်ငယ်... သမီးချောချောလေးနဲ့ ချစ်စရာအင်မတန်ကောင်းတဲ့ သားကလေးနှစ်ယောက်တောင် ပိုင်ဆိုင်ထားနေပါပြီ....။ ခုနောက်ပိုင်း ဗီဒီယိုခွေတွေမှာ မင်းသားအစ်ကိုနေရာတွေက ပြန်ရိုက်နေတာတွေ့နေရပြီ...။ အောင်မြင်ပါစေ... သူငယ်ချင်း....။ နောက်တစ်ယောက်အကြောင်း အပုပ်ချရအောင်....အဲလေ... ပြောကြအောင်....။ သူကတော့ ကျမတို့နဲ့ တစ်ကျောင်းထဲ ဒါပေမယ့် သူက Phys မေဂျာက...။ သူလည်း တိုက်ကွမ်ဒိုကပဲ....။ အားတော့နားပါရဲ့ ဒါပေမယ့် ပြောပြချင်ပါတယ်....။ သူက စကားပြောရင် တံတွေးမသိမ်းတတ်ဘူး... ဘိုလိုမပြောဘဲနဲ့တောင်မှ သူနဲ့စကားပြောရင် ရှောင်လင်သိုင်းတော့ တတ်ထားရတယ်...။ အဟဲ... ကျမ မသိလိုက်လို့ ခံခဲ့ရတဲ့ အကြောင်းလေးတစ်ခု ပြောပြဦးမယ်...။ တစ်နေ့ ကျမတို့ RC3 ဝင်ဝင်ချင်း ဆင်ဝင်မရောက်ခင် တစ်ဖက်တစ်ချက်က ပုဏ္ဏရိတ်ပင်တွေနဲ့စည်းလုပ်ထားတဲ့ ပန်းခြံသေးသေးလေးရှိတယ်..။ ကျမတို့ထိုင်နေကြတာက ဝင်ဝင်ချင်း ဘယ်ဘက်ခြမ်း ပုဏ္ဏရိပ်ပင်ဒေါင့်ချိုးက ဗာဒံပင်အောက် ခုံတန်းလေးမှာ..။ အဲဒီအပင်ပေါ်မှာကလည်း ကျီးကန်းတွေက သိပ်သောင်းကျန်းတာ...တအာအာနဲ့ကို ဆူနေတတ်တယ်....။ ကျမရယ်..ကျမသူငယ်ချင်းနှစ်ယောက်နဲ့ အဲဒီတိုက်ကွမ်ဒိုအစ်ကိုချောနဲ့စကားပြောကြတာပေါ့...။ စကားပြောနေရင်းနဲ့ ကျမဘယ်ဖက်လက်ဖျံပေါ် “ဘတ်”ဆိုပြီး...တစ်ခုခုလာစင်တယ်လို့ခံစားရတော့ ကျမက အပင်ပေါ်က တအာအာ ဆူညံနေတဲ့ ကိုကျီးကန်းများဆီကို ချက်ချင်းမော့ကြည့်လိုက်တယ်...။ စိတ်ထဲမှာလည်း ချက်ချင်းပဲ အင်းးး ငါတော့ ကျီးကန်းချေးပါချတာ ခံလိုက်ရပြီပေါ့...။ အဲသလို မော့ကြည့်နေချိန်မှာပါ အောင်မင်းဝင်းက ကျမလက်ကိုဆွဲယူပြီး တစ်ရှူးနဲ့ သုတ်ပစ်လိုက်ပါတယ်...။ “ဆောရီး...ဆောရီးသူငယ်ချင်းငါ့တံတွေးနင့်လက်ကို စင်သွားတာပါ”တဲ့....။ သေရောဗျာ...။ ရယ်လည်းရယ်ချင်... ငိုလည်းငိုချင်ဖြစ်သွားတာပေါ့....။ ကျောင်းပြီးတော့ မော်ဒယ်လ်အေဂျင်စီတွေ ဘာတွေဖွင့်လိုက်သေးတယ်...။ ခုတော့...မြန်မာဗီဒီယိုခွေတွေမှာ... မင်းရဲဆက် ဆိုတဲ့နာမည်နဲ့ရိုက်နေပါတယ်...။ မင်းသား.... အင်မတန်ဖြစ်ချင်တဲ့ကောင် ...။ အစပိုင်းကတော့ အရံအနေနဲ့ လူကြမ်းဗီလိန်နေရာက အရိုက်များနေရာကနေ...ခုတော့ ခေါင်းဆောင်နေရာက စရိုက်နေရပြီလို့တော့ ကြားတာပဲ....။ အဆက်သွယ် မရှိကြတော့ဘူးလေ...။ တိုက်ကွမ်ဒိုက အစ်ကိုတွေကလည်းမလွယ်ဘူးရယ်....။ မင်းသားဖြစ်ချင်တဲ့သူ အများသား...။ သတ္တိကလည်း တိုက်ကွမ်ဒိုကပဲ....။ နောက်ပြီး ကျမတို့အခန်းထဲက နာမည်တော့သိပ်မမှတ်မိတော့ဘူး... ကျောင်းတုန်းကတော့ သူ့ကိုမင်းသားလို့ပဲခေါ်ကြတာ...။ အော်...သူက ကျောင်းလာရင် မျက်နှာကို ဖွေးနေအာင် ပရိုမီနာအမြဲလိမ်းပြီးလာလို့ ပရိုမီနာလို့တောင် နာမည်ပြောင်ခေါ်ကြတယ်...။ ဦးကျော်ဆီမှာ တပည့်သွားခံပြီး ကားတော်တော်များများမှာ ပါသေးတယ်...။ ခုနောက်ပိုင်းတော့ ပျောက်သွားရော....။ ညီနန္ဒအကြောင်းကိုတော့ ဒီမှာ တစ်ခါရေးထားပြီးသားမို့ ထည့်မရေးတော့ဘူး....။ ပျော်စေ ပျက်စေပါ... ကျောင်းတုန်းက အမှတ်တရလေးတွေကို မှတ်တမ်းတင်ထားချင်တာသက်သက်ပါပဲ... ဘယ်သူ့ကိုမှထိခိုက်နစ်နာစေတဲ့ စိတ်နဲ့မဟုတ်ပါဘူး...။ အဆက်သွယ်ရှိနေဆဲ သူငယ်ချင်းတွေရော... အဆက်သွယ်မရှိတော့တဲ့ သူငယ်ချင်းတွေရော စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အရာရာအောင်မြင်အဆင်ပြေကြပါစေလို့ ဒီပို့စ်လေးနဲ့ ဆုမွန်တောင်းပေးလိုက်ပါတယ်....။


မိုးငွေ့

Thursday, 4 August 2011

စပါ့ဂတီခေါက်ဆွဲကြော်




အမှန်တော့ စပါ့ဂတီခေါက်ဆွဲကြော်ကို သူများဘလော့မှာ သွားလျှောက်လည်ရင်းတွေ့ခဲ့လို့ စားချင်တာနဲ့ ကြော်ကြည့်လိုက်တာ....။ အရွက်တွေကိုတော့ များများစားစားမထည့်တော့ပါဘူး...။ အိမ်မှာ ရှိတဲ့ မုန်ညင်းဖြူထုပ်နဲ့ မုန်လာဥနီနှစ်လုံးသုံးလိုက်တယ်....။ ကြက်ရင်အုံသားကိုပါးပါးလှီးပြီး မိုးငွေ့တို့ရဲ့ မာရီနိတ်တစ်စတိုင်အတိုင်းပဲ ကြက်သားမှုန့် ငရုတ်ကောင်း ပဲငံပြာရည်အကြည် ပြောင်းမှုန့်နဲ့ ဆီနည်းနည်း နယ်ပြီးနှပ်ထားလိုက်တယ်...။ မုန်ညင်းဖြူကိုလှီးပြီး ရေဆေးထား ဥနီနှစ်လုံးကိုအမြောင်းလေးတွေလုပ်ပြီး အပွင့်ဖော်လိုက်တယ်...။ စပါဂတီကို ရေဆူဆူမှာ ဆားခတ်ပြီးပြုတ်လိုက်ပါတယ်....။ နူးလာရင် ရေအေးဆေးပြီး ကြာညို့ ငံပြာရည်နဲ့ ဆီထည့်ပြီးနယ်ထားလိုက်တယ်....။ ဒယ်ပူပူမှာ ဆီထည့်ပြီး ဓါးပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကိုထည့်ကြော်... မွှေးလာရင် ကြက်သားကိုကြော်... ကြက်သားရရင် အရွက်တွေထည့်ပြီး အရွက်မနွမ်းတနွမ်းအချိန်မှာ စပါဂတီိထည့် ခရမ်းချဉ်သီးဆော့စ် ထမင်းစားဇွန်းတစ်ဇွန်းထည့်ပြီး အပေါ့အငံမြည်း ကြည့်... အိုကေရင်ရပါပြီကွယ်........။



အီတလီခေါက်ဆွဲကို တရုတ်လိုကြော်ထားတာလေးမြည်းသွားကြပါဦး


မိုးငွေ့

Tuesday, 2 August 2011

ကျွန်မကြိုက်၏ မကြိုက်၏.....






အဖြူရောင်နတ်သမီးဆီသွားလည်ရင်း အတဂ်ခံလာရတာ......။ အစအဆုံးလည်းဖတ်ပြီးရော.... ဒီလူဒီလူတွေကို တဂ်ပါတယ်တဲ့...။ အမှန်က ဒီပို့စ်ကလည်း နတ်သမီးစခဲ့တာမဟုတ်ဘူး.... ။ သူလဲ အတဂ်ခံရတာပါပဲ....။ ဖဘက ကြောင်အဖွဲ့ တဂ်လိုက်တာတဲ့လေ....။ အလိုလိုနေ.... ကိုယ်လဲ ကြောင်အဖွဲ့ထဲရောက်သွားပြီလား....။ third party ဆိုတော့ နည်းနည်းတော့ဝေးပါတယ်.....။ ကြောင်တော့မချစ်တတ်ဘူးနော်...။ ကြောင်မှမဟုတ်ပါဘူး.... ဘာအကောင်မှမချစ်တတ်တာ....။ ဟိုးး တလောက မသက်ဝေရဲ့ ဒေးလီးလိုက်ခ်နဲ့ ဒစ်လိုက်ခ်မှာတုန်းက ဒေးလီးဒစ်လိုက်မှာ ရေးဖူးပါတယ်.... ကိုယ်မကြိုက်ဆုံးအရာတွေကိုပေါ့....။ ခုတော့ ကြိုက်တာရော မကြိုက်တာတွေရော အတူရေးပေးရမယ်တဲ့...။ သူများ ဘလော့ဂ်တွေမှာ သွားချောင်းလာခဲ့ပြီးပြီ......သူတို့တွေဘယ်လိုရေးသလဲ.......။ မိုးငွေ့ရဲ့ အကြိုက်တွေ ရေးရမယ်ဆိုရင်တော့ များမှာ... အတိုပဲချုံ့ပေးလိုက်တော့ကောင်းမယ်...။ ကိုယ်က အရပ်အရှည်ထဲမှာမပါသလို အရပ်နိမ့်သူလည်းမဟုတ်ဘူး....။ ငါးပေလေးလက်မ ဆိုတာ မြန်မာအမျိုးသမီးတစ်ယောက်အတွက် အနေတော်လောက်ဖြစ်မယ်ထင်ပါတယ်....။ ကိုယ့်အကြိုက်ထဲမှာ ကိုယ့်ဆံပင်ခွေခွေတွေပါတယ်.......။ အသားအရေ(ညိုနေတာကိုကြိုက်တာ)....။ ခြေဖမိုးနဲ့ခြေချောင်းလေးတွေကို ကြိုက်တယ်....။ ဒါပေမယ့် ခြေတံတွေကိုတော့မကြိုက်ဘူး ...။ အဝတ်အစားဆို အစုံဝတ်ရတာကိုကြိုက်တယ် ဒီဟာမှ ဒီလိုမျိုးရယ်မှမဟုတ်ဘူး... ကိုယ်က ဖက်ရှင်ကြိုက်တော့ ဖက်ရှင်ကျမယ့်ဘယ်အဝတ်မျိုးမဆို ဝတ်တယ်...။ (စာရီမဝတ်ဖူးသေးဘူး ဝတ်ကြည့်ချင်တယ်)....။

သူ့နေရာ ဒေသ အခြေအနေကိုလိုက်ပြီး သင့်လျော်တဲ့ အဝတ်မျိုးဝတ်တယ်.....။ အကြိုက်ဆုံးလို့လာမပေးနဲ့ ခေါင်းကစ ခြေထောက်ထိအကုန ်ကြိုက်တယ်...။ ဦးထုပ်ဆိုလဲ ဦးထုပ် ...။ မျက်မှန် လက်ပွေ့အိတ်.... ဖိနပ်.... ဖန်စီ ပိစိပိစိတွေပါမကျန် အကုန်ကြိုက်တယ်ကွယ်..။ ညနေရေချိုးပြီးရင် ရွှေဘိုသနပ်ခါးစစ်စစ်ကို ခပ်ပါးပါးလေးလိမ်းရတာကြိုက်တယ်...။ ကိုယ့်မျက်နှာက မိတ်ကပ်နဲ့မလိုက်ဘူး....။ ဒီအတိုင်းပြောင်သလင်းခါလေးနဲ့ ပိုကြည့်ကောင်းတယ်....။ အစားအသောက်ကတော့ ခေါက်ဆွဲဆို မျိုးစုံကြိုက်တယ်....။ ဂျီးမများဘူး အကုန်စားတယ်....။ ဘယ်နယ် ဘယ်နေရာကိုရောက်ရောက် ဒေသခံအစားအစာတွေကို မြည်းစမ်းရတာကြိုက်တယ်....။ အသားဆို စစ်သားနဲ့ သစ်သားပဲရှောင်တယ်........လို့ မပြောပါဘူး....။ မြွေတို့ ဘာတို့ တောက်တဲ့တို့လို အကောင်မျိုးတော့ မစားဘူးပေါ့..။ ငါးပိချက် ငံပြာရည်ချက်တွေကြိုက်တယ်....။ မန်းမှာနေတုန်းကဆို သူတို့ထမင်းစားရင် ငံပြာရည်ဖျော်အမြဲပါတယ်... ငရုတ်သီးကြော်နဲ့ ငံပြာရည်ဖျော်ထားတာကြိုက်တယ်...။ 

ခုတလော...အစားချင်ဆုံးက အုန်းထမင်းနဲ့ ကြက်သားဆီပြန်... အမဲကြော်... ကင်မွန်းချဉ်ဟင်းရည် ကောင်းကောင်း ငံပြာရည်ချက်ကောင်းကောင်းနဲ့လေ...။ ရေးရင်းနဲ့တောင် စိတ်မထိန်းနိုင်တော့ဘူး...။ ဒါပေမယ့် အားရပါးရကပြချင်ပါသော်လည်း ကျန်းမာရေးကမကောင်း..... ဆိုသလို...။ ဆရာဝန်က အဆီအဆိမ့်တွေ ရှောင်ရမယ်တဲ့... (ငတ်ရောပဲ)....။ ဒါတောင် နေ့လည်က မကြီးရွှေစင်ရဲ့ မစားလိုက်ရတဲ့ ဝက်စတူးဟင်းကို သွားငမ်းခဲ့သေး....။ မကြိုက်တဲ့ ဟင်းတွေလည်းပြောဦးမှပါ တော်နေကြာ အကုန်ကြိုက်တယ်ထင်နေမစိုးလို့...။ အိုင်ဒုန့်လိုက်ခ်... ငါးကျည်းခြောက်ဟင်း....။ ငါးကျည်းခြောက်ရဲ့ ကြပ်တိုက်ထားတဲ့အနံ့ကိုမကြိုက်တာ....။ ငါးဟင်းတွေ သိပ်မကြိုက်ဘူး ညှီလို့....။ ငါးကြင်း ငါးမြင်း ငါးခူ နဲ့ ပင်လယ်ငါးတချို့တော့စားတယ်....။ ငါးပြေမမကြိုက်တာ ဒိုက်စော်နံလို့ရယ်....။ အသီးနှံထဲမှာတော့ တော်တော်များများကြိုက်ပါတယ်....။ ကြက်မောက်သီးမကြိုက်ဘူး...။ အမွှေးတွေနဲ့မို့လို့...။ ပြီးတော့ စားရင်အသားက အစေ့ကိုကပ်နေတာမျိုးကိုမကြိုက်လို့...။ အဟဲ ကြက်မောက်သီးဗူးတော့ စားတယ်...။ ရာသီပေါ်သီးတွေအတော်စုံစုံလင်လင်စားဖြစ်ပါတယ်....။ အကြိုက်ဆုံးလို့မမေးနဲ့ အကုန်ကြိုက် အကုန်ကြိုက်ပဲ..။

မိုးငွေ့...သီချင်းတွေကိုသိပ်ရူးသွပ်တယ်........။ အဆိုတော်မဖြစ်မယ့်သာမဖြစ်တာ... အတော်တော့ဆိုတယ် (ဘဘဘိုကလေးတင့်အောင်က ဆရာချစ်ဦးညိုကိုပြောသလိုပေါ့)။ Pop နဲ့ R&B ကိုကြိုက်တယ်........။ တခါတလေ hip hop နားထောင်ရတာလည်းကောင်းတယ်....။ Mariah Carrey တို့ Beyonce တို့ကို သိပ်အားကျတယ်....။ ရုပ်ရှင်ဆို drama .... fancy ... တို့ စွန့်စားခန်းတွေ အက်ရှင်တွေလည်းကြိုက်တယ်.....။ စစ်ကားတော့မကြိုက်ဘူး........။ 

စာအုပ်ဖတ်ရတာလည်းကြိုက်တယ်....။ အင်း...ဘယ်လိုစာအုပ်မျိုး ကြိုက်သလဲဆိုရင် Biography လိုမျိုးကိုပိုကြိုက်တယ်....။ ဒီလူ ဘာကြောင့် သမိုင်းမှာ နာမည်သွင် ကျန်ရစ်သလဲ.... သူဘာတွေလုပ်ခဲ့သလဲဆိုတာမျိုးကို စိတ်ဝင်စားတယ်...။ အထူးသဖြင့် မြန်မာ့သမိုင်းထဲက ထင်ရှားခဲ့တဲ့ သူရဲကောင်းတွေ မဟေသီတွေကို စိတ်ဝင်စားတယ်....။ နောက်ပြီး ရသစာအုပ်တွေကြိုက်တယ်.... ဝတ္ထုစာအုပ်မှာဆို ဂျူးကိုကြိုက်တယ်.... ဆရာချစ်ဦးညိုကျတော့ သမိုင်းနောက်ခံရေးလို့ ကြိုက်တယ်...။ နိုင်ငံခြားဖက်ရှင်မဂ္ဂဇင်းတွေကြိုက်တယ်....။ ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့ ကာတွန်းစာအုပ်ကောင်းကောင်းတွေ ပြန်ဖတ်ချင်တယ်....။ တွတ်ပီ ကိုရွှေထူး(ပြည်) ရက်စ်ဘော့စ်လို့ အမြဲပြန်ထူးတတ်တဲ့ တိုက်ဂါးဆိုတဲ့ တပည့်တစ်ယောက်ရှိတဲ့ ဦးကပ်စေးကာတွန်း(ဆွဲတဲ့သူကိုမေ့နေတယ်) သူရဲ့တူ ခင်မောင်သိန်းထွန်းဝင်း လူတွေကိုအမြဲကူညီရိုင်းပင်းတတ်တဲ့ အရိုင်း....။ ရုပ်ပြထဲမှာဆို ရာမ စံရွှေမြင့် စိုင်းလားရှိုး....ကျော်အောင်မော်။ ခုနောက်ပိုင်း အဲဒီစာအုပ်တွေ ထွက်မထွက်မသိတော့ဘူး စာအုပ်အငှားဆိုင် မရောက်ဖြစ်တော့တာ ကြာပေါ့...။ မှတ်မိပါသေးတယ်...ငယ်ငယ်တုန်းက ဇီးတော်ဖီဝယ်စားရင် ပြာကလောင် ပြာကချောင်ကာတွန်းစာအုပ် သေးသေးလေးတွေပါတယ်...။ ကာတွန်းဖတ်ချင်တော့ ဇီးတော်ဖီကိုတစ်ခုပြီးတစ်ခု ဝယ်ဝယ်စားဖြစ်တယ်...။ ခုရေးသွားတဲ့အထဲမှာ အကြိုက်တွေကများနေတယ်နော်....။ ကိုယ် မကြိုက်တာတွေကိုတော့ ဒီမှာ သွားဖတ်ကြည့်နိုင်ပါတယ်....။ ဒီလောက်ဆိုရပြီထင်တယ်... အတိုချုံးမယ်ပြောပြီး နည်းနည်းတောင်ရှည်သွားပြီ...။ ဆက်လည်းမတဂ်တော့ပါဘူး... ဘလောဂ်ဂါတွေတော်တော်စုံနေပါပြီရေးကြတာ.....။ အထူးသဖြင့် အငယ်ပိုင်းတွေပေါ့...။ အကြီးပိုင်းဆိုလို့ ကိုယ်တစ်ယောက်တည်းဖြစ်မယ်ထင်တယ်... ။ 


မိုးငွေ့

အမြဲတမ်းအတွက်မင်း.....




အဲဒီညက မင်း....ဘာစိတ်ကူးပေါက်တယ်မသိ ကိုယ်နဲ့စကားတွေအများကြီးလာပြောနေတယ်....။

အဲဒီချိန်တုန်းက ကိုယ်လက်တော့လေးဖွင့်ပြီး မင်းနဲ့စကားပြောခဲ့တာတွေကို ပြန်ဖတ်နေတဲ့အချိန်......။ မင်းနစ်မှတင်ထားတဲ့ ရေခဲရုပ်လေးကိုလည်း လှမ်းကြည့်ကြည့်နေရင်း... ဗြုန်းဆို.... မင်းရုတ်တရက်ကြီးရောက်လာတာ.... ကိုယ်ဖြင့်လန့်သွားတာပဲ........။

အိပ်မက်မက်နေတာများလား....။ ဘာလားပေါ့.....။ အပြင်နဲ့အထဲ နည်းနည်းရောသွားတယ်....။

မင်းတကယ် ကိုယ်ထင်ပြပြီးရောက်လာခဲ့တဲ့အချိန်နဲ့ မင်းကို ကိုယ်အိပ်မက်မက်တဲ့ အချိန်သိပ်မကြာလိုက်ဘူး...။ နှစ်ရက်ပဲခြားမှာ.....။ ခဏလောက်တော့ပြန်လာခဲ့ပါ....အိန်ဂျယ်လို့ ကိုယ်ဆုတောင်းခဲ့တာ ပြည့်သွားတဲ့သဘောလား..။

ကိုယ်တို့ဘာတွေပြောဖြစ်ခဲ့ကြသလဲ.....။

ဟင်းချက်စားတဲ့ အကြောင်းတွေ......... မင်းကသူငယ်ချင်းတွေနဲ့ M3မှာ အသည်းကွဲသီချင်း သွားဆိုဖြစ်ခဲ့တဲ့ အကြောင်းတွေ..........ကိုးတန်းကတုန်းက ချစ်ခဲ့ဖူးတဲ့ မင်းရဲ့ ငယ်ချစ် ကောင်မလေးအကြောင်း....အဲဒီနောက် ရည်းစားဘယ်နှစ်ယောက်ထားခဲ့ဖူးတယ်ဆိုတာတွေရယ်ပေါ့....။

ခါတိုင်းနဲ့မတူတာတစ်ခုတော့ သတိထားလိုက်မိတယ်....။ မင်းစကားပြောတာ နည်းနည်းဂျစ်ကန်ကန်နိုင်နေတယ်......။ တစ်ခုခုအတွက် ...ဟာနေတဲ့ ခံစားမှုတစ်ခုခုအတွက်.... ပေကပ်ကပ်လေးဖြစ်နေသလားလို့....။

I am not angel .... just evil တဲ့....။ ကျတော်က အိန်ဂျယ်မဟုတ်ဘူး မိစ္ဆာပါတဲ့လေ........။
ဘာပဲဖြစ်ဖြစ် You are my ANGEL........forever....ပဲ...။


မိုးငွေ့