Friday, 28 August 2026

လိပ်ပြာဒိုင်ယာရီ..... (အဖြူရောင်အင်္ကျီ)

 



ကျမတို့ဝေးကွာပြီး ရှစ်နှစ်ကြာပြီးနောက် သူနဲ့ ပထမဆုံးပြန်ဆုံတွေ့တဲ့နေ့တုန်းက ဝတ်ခဲ့တဲ့ အဖြူရောင်အင်္ကျီလေးကို ဒီနေ့ ပြန်ဝတ်ဖြစ်လို့ သတိရခြင်းများစွာနဲ့ ဒီစာလေးကို ရေးဖြစ်ခဲ့ပါတယ်....။

တကယ်တော့ ကျမတို့နှစ်ယောက်ရဲ့ ပထမဆုံးပြန်ဆုံတွေ့မှုဟာ တောင်ထိပ်ပန်းလမ်းက အဖြူရောင်ကော်ဖီဆိုင်လေးမှာမဟုတ်ပါဘူး... ကုန်ပဒေသာတိုက်တစ်ခုရဲ့  စားသောက်တန်းတွေရှိတဲ့ တတိယထပ်က ကော်ဖီဆိုင်လေးတစ်ဆိုင်မှာဖြစ်တယ်....။ အဲနေ့တုန်းက ကျမတို့ ကော်ဖီဆိုင်ရှိရာကိုတက်မသွားခင်မှာ အောက်ထပ်မှာ သူ့ကိုရပ်စောင့်နေတုန်း သူဝင်လာတော့ ကျမကို ဘယ်နားမှာစောင့်နေလဲလို့ ဖုန်းအရင်ဆက်ခဲ့တယ်...။ ပြီးတော့.... အလှကုန်ကောင်တာရှေ့မှာစောင့်နေတဲ့ ကျမဆီကို သူတန်းတန်းမတ်မတ်လျှောက်လာခဲ့တယ်...။ ကျမရှေ့တည့်တည့်မှာလာရပ်တဲ့ ချည်သားဘောင်းဘီပွပွ ခပ်နွမ်းနွမ်းဖလန်နယ်အကွက်ရှပ်လက်ရှည်နဲ့ အသားတွေညိုမှောင်သွားပြီး ပိန်ပါးရှည်မျောနေတဲ့သူကို ကျမမော့ကြည့်ဖြစ်တယ်...။ အရောင်ဖျော့ဖျော့မျက်ဝန်းတစ်စုံက အပြုံးတွေ အရင်လိုမလတ်ဆတ်တော့ပေမယ့်လည်း ကျမကို ပြန်တွေ့လို့ ဝမ်းသာကြည်နူးတဲ့ပုံရိပ်တွေက တောက်ပလို့နေတယ်...။ ကျမက လက်ရှည်အသားပျောပျော့ အဖြူရောင်အင်္ကျီနဲ့ အပြာရင့်ဂျင်းဘောင်းဘီဝတ်ထားခဲ့တယ်...။ အဖြူရောင်လို့ အကြမ်းမျဉ်းပြောပေမယ့် ကျမအင်္ကျီက အဖြူဆွတ်ဆွတ်တော့မဟုတ်ဘူး နို့နှစ်ရောင်သန်းတဲ့အဖြူရောင်....။ မျက်နှာချင်းဆိုင်စဆုံဆုံခြင်းမှာ ကျမတို့နှစ်ယောက်ဘာစကားစပြောခဲ့သလဲ ဘယ်လိုနှုတ်ဆက်ကြသလဲဆိုတာ ကျမတကယ်မမှတ်မိတော့ဘူး...။ တစ်ယောက်ကိုတစ်ယောက်ပြုံးပြနေလိမ့်မှာတော့ သေချာပါတယ်...။

ကျမတို့ စက်လှေခါးစီးပြီး တတိယထပ်မှာရှိတဲ့ ကော်ဖီဆိုင်ကိုတက်သွားကြတယ်...။ ကော်ဖီတစ်ယောက်တစ်ခွက်နဲ့ မြေပဲထောပတ်အနှစ်သုတ်ထားတဲ့ပေါင်မုန့်မီးကင်စားကြတယ်...။ စကားနဲနဲပါးပါးပြောပြီး သူက သူ့အိတ်ကပ်ထဲကနေ အသင်းဝင် ကဒ်လေးတစ်ကဒ်ထုတ်ပေးတယ်...။ ကျမကို ဒီအသင်းဝင်ကဒ်လေးသိလားလို့မေးတာမှတ်မိတယ်...။ ဟင့်အင်း ကျမ အဲဒါကိုမသိဘူးလို့ဖြေလိုက်တော့ သူက အသင်းဝင်ကဒ်လေးမသိရကောင်းလားဆိုတဲ့ စိတ်ကလေးနဲ့ မကျေမနပ်လေးတော့ဖြစ်သွားခဲ့မယ်ထင်တယ်...။ တကယ်လဲ ကျမ မသိခဲ့တာပါ...။ နောက်တော့ သူ့ဆီကနေ ကျမနှစ်သက်တဲ့နံပါတ်လေးနဲ့ အသင်းဝင်ကဒ်လေးတစ်ကဒ်ပိုင်ဆိုင်ခဲ့တယ်...။ ကဒ်နံပါတ်ရှစ်လုံးမှာ သူ့မွေးနေ့လဲပါသလို ကျမတို့နှစ်ယောက်စလုံးရဲ့ မွေးဂဏန်းလဲပါတယ်...။ အဲဒီကဒ်လေး ခုထိအသုံးဝင်နေသေးလား ကျမ မသိဘူး...။

အမှန်တကယ် တောင်ထိပ်ပန်းလမ်းက အဖြူရောင်ကော်ဖီဆိုင်လေးမှာဆုံဖို့ Date လိုက်တာက (ပထမတစ်ခေါက်တွေ့ပြီး) ကျမတို့နှစ်ယောက်ရဲ့ မွေးဂဏန်းကျတဲ့ရက်စွဲလေးမှာ နောက်ထပ်ဆုံဖြစ်ကြတဲ့အချိန်ပဲဖြစ်တယ်...။ ဒုတိယအကြိမ်မို့ တစ်ယောက်ကိုတစ်ယောက်သိပ်ပြီး စိမ်းနေ ရှိန်မနေတော့ဘဲ ရင်ထဲတကယ်ဖြစ်ချင်တဲ့ဆန္ဒတွေအပြည့်နဲ့ ကျမတို့ပွေ့ဖက်နှုတ်ဆက်ဖြစ်ခဲ့ပါတယ်...။

ခုတော့......တစ်နေရာဆီဝေးကွာသွားပြီးဖြစ်တဲ့ ကျမတို့နှစ်ယောက်ရဲ့ စိတ်ဝိဉာဉ်တွေကို ပေါင်းကူးဆက်သွယ်ပေးတဲ့ လိပ်ပြာလေးတွေလည်းပျောက်ခြင်းမလှပျောက်လို့ တကယ်ပဲ သတိရခြင်းတွေကို သယ်ဆောင်လာပေးတဲ့ လိပ်ပြာလေးတွေဟာ သေဆုံးသွားကြပြီလားဆိုတာ ကျမ အရင်လို မတုန်လှုပ်မိတော့ပါဘူး....။


မိုးငွေ့

No comments: