🎵 မိုး မိုး မိုး .......တို့နှစ်ယောက်ချစ်တဲ့မိုး..... 🎵
🎵 မိုး မိုး မိုး..... ခုတော့ အချစ်ရယ်...ဘယ်မှာလဲ....🎵
🎵 မိုး မိုး မိုး .... လွမ်းလို့မဆုံးဘူး...မိုး...”🎵
လက်ဖက်ရည်ဆိုင်ထဲက သီချင်းသံက ကိုယ့်ရင်ကိုပိုပြီးစူးနစ်စေသလိုလို.....။ မိုးအေးအေးနဲ့ အိမ်မှာကွေးရတာ ပျင်းလာလို့ အပြင်ပတ်ဝန်းကျင်နည်းနည်းထွက်ပြီးလေ့လာနေတာ....။ မိုးခိုတဲ့သူတွေ ကိုယ့်လိုပဲ ပျင်းပျင်းနဲ့ လက်ဖက်ရည်ထွက်သောက်သူတွေ ဆိုင်တစ်ခုလုံးနီးပါး ပြည့်လို့ရယ်....။ တော်ပါသေးရဲ့ ဒေါင့်ခုံနေရာလေးမှာ လူလွတ်နေလို့...။ ပြီးတော့ နံရံကပ်လေးဆိုတော့မှီလို့ရသေး....။ လက်ဖက်ရည်လေးကျိုက်လိုက်... သီချင်းအေးအေးလေးနားထောင်လိုက် လမ်းပေါ်က မိုးရေတွေကို ငေးမောလိုက်နဲ့တော့ ကိုယ့်ဖီလင်နဲ့ကိုယ် ဟုတ်နေလို့ပဲ...။
ဆိုင်ရှင်က အိုင်ဒီယာမဆိုးဘူး....မိုးရာသီအတွက် သီချင်းတွေကို မိုးနဲ့ပတ်သက်တာချည်းပဲ သီးသန့်လက်ရွေးစင် သွင်းထားတဲ့ ခွေကိုဖွင့်ပေးထားတယ်....။ အပြင်မှာတော့ မိုးကသည်းကြီးမဲကြီးရွာလိုက် ပြန်တိတ်သွားလိုက်နဲ့ အလုပ်ကိုရှုပ်နေရော.....သူ့စိတ်ကြိုက်ရွာချင်သလိုကို ရွာနေတာ ဒါ....ရန်ကုန်မိုး....။ မိုးအေးလို့လား အခါတိုင်းလို စကားပြောသံတွေဆူညံမနေဘဲ... ကိုယ်နောက်မှီထားတဲ့ နံရံ အထက်က ချိပ်ဆွဲထားတဲ့ ဘောက်စ်ကထွက်တဲ့ သီချင်းသံ ငြိမ့်ငြိမ့်လေးနဲ့ မိုးစက်ကျသံတို့က ကာရံစည်းချက်ကိုလိုက်လို့....။
🎵 မိုးစက်မဲ့ ငါ့ညတွေ မိုးစက်မဲ့ မုန်တိုင်းတွေ တိုက်သလို မင်းအတွက် စကားလုံးးတွေငါ့မှာ မရှိသလို အားလုံးပြောင်းလဲသွားမှ အတိတ်က အရင်လိုမဖြစ်သလို ချန်ခဲ့ပြန်တဲ့ မင်းအနမ်းတွေကို လွမ်းသလို ကျန်ရစ်သလို.... 🎵
ခဏနေတော့ ဆိုင်ထဲကို အသားခပ်ဖြူဖြူသန့်သန့်ကောင်လေးနဲ့ အသားညိုညိုကောင်လေး နှစ်ယောက် ဝင်လာပြီး ဟိုနေရာရှာဒီနေရာရှာလုပ်ရင်းက ကိုယ်ထိုင်တဲ့ စားပွဲကိုလက်ညိုး ထိုးပြီး လျှောက်လာနေကြတယ်...။
“အစ်ကို ဒီနေရာမှာလူရှိလား.... ကျနော်တို့ထိုင်လို့ဖြစ်မလားဗျ”...
ဟားးး လုပ်ပြီ.....။ ဂျင်းဘောင်းဘီ တီရှပ်အဖြူနဲ့ မိုးအေးလို့ အပေါ်ဂျင်းဂျာကင် ထပ်ထားပြီး အောက်က အောစတားရှုး ဦးထုပ်ကိုခိုက်ငိုက်ငိုက်စောင်းထားတဲ့ ကိုယ့်ကို သူတို့က ယောက်ကျားတစ်ယောက်ထင်နေတာ...။ ရှိစေတော့ ရှိစေတော့ ကိုယ်ခေါင်းညိမ့်ပြလိုက်တော့ သူတို့နှစ်ယောက် ခုံဆွဲထိုင်လိုက်တယ်...။
“ဟေ့ကောင်... မင်းကောင်မလေးကလာပါ့မလား မိုးဒီလောက်ရွာနေတာ” အသားညိုညိုကောင်လေးက အဖြူကောင်လေးကိုမေးနေတာ...။ ကြည့်ရတာ ရည်းစားနဲ့ ချိန်းထားကြတာဖြစ်မှာပါ....။ သူတို့စကားပြောရခက်မှာစိုးလို့ ပါလာတဲ့ ဆရာနန္ဒာသိန်းဇံရဲ့ “အရိမဒ္ဒနမှတွေးမြင်ရနံ့တို့ ဝေ့ပျံ့နေဆဲ” စာအုပ်ကိုဖတ်နေလိုက်တယ်...။ သူတို့နှစ်ယောက်လက်ဖက်ရည် တစ်ယောက်တစ်ခွက်မှာပြီး....။ အညိုကောင်လေးက ရေနွေးခွက်ကိုဆေးပြီး ရေနွေးငှဲ့ထည့်နေတယ်....။ ပြီးတာ့ ကိုယ့်ရှေ့ကခွက်ကိုပါဆွဲယူပြီး...။
“အစ်ကိုကျနော်ရေနွေးဖြည့်လိုက်မယ်နော်”တဲ့
သူပြောတဲ့အချိန် ကိုယ့်ခွက်ထဲကို သူ ရေနွေးငှဲ့ထည့်နေပြီ...။ ကိုယ်သူ့ကိုမော့ကြည့်ပြီး “ကျေးဇူး”လို့တစ်ခွန်းပြောလိုက်တယ်...။ ဒီတော့မှသူက အံ့အားသင့်သွားတဲ့ အကြည့်နဲ့....။
“ဟာ....ဆော ဆောရီးနော်.... ကျနော်က ယောက်ကျားလေးအောက်မေ့လို့ ဆောရီးအစ်မ”
“ရပါတယ်....” လိုရင်းတိုရှင်းပြန်ပြောပြီး ကိုယ်စာအုပ်ကိုဆက်ဖတ်နေလိုက်တယ်....။
အဖြူကောင်လေးကတော့ လက်ကိုင်ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေလို့ ကိုယ်တို့အဖြစ်ကို မသိလိုက်....။
“ကျွတ်....ဟာကွာ.... ဖုန်းလည်းမကိုင်ဘူး....” အဖြူကောင်လေးဆီက ကျွတ်ခနဲ စုတ်သပ်တဲ့အသံထွက်လာတယ် ။
“ငါထင်တယ် မင်းကို သူပုံပြောသွားပြီ ငါ့ကောင်”
ကိုယ်လက်ဖက်ရည်ခွက်ကိုကောက်ကိုင်ပြီး တစ်ကျိုက်မသောက်ခင် သူတို့ကို တစ်ချက်စပ်စုပြီး ကြည့်လိုက်တယ်....။ အဖြူကောင်လေးက ရှပ်အကျီၤဖြူဆွတ်ဆွတ်နဲ့ ကချင်ပုဆိုးလေးကို သပ်သပ်ရပ်ရပ် ဝတ်ထားတာ....။ ခပ်ကြမ်းကြမ်း ဆံပင်တိုတိုတွေက မိုးရေတွေစိုလို့.....။ မျက်ခုံးခပ်ကောင်းကောင်း....။ နှာတံပေါ်ပေါ် နှုတ်ခမ်းတစ်စုံက ယောက်ကျားလေးတွေဆီမှာ မြင်ဖူးလေ့ရှိတဲ့
နှုတ်ခမ်းထက် နည်းနည်းလေး ပိုထူနေတယ်လို့ ထင်တယ်...။ ဆေးလိပ်မသောက်မှန်းသိသာတယ်....။ အသားအရေတွေက ကြည်လက်နေတယ်...။ သူ့ကိုမြင်တော့ အိန်ဂျယ့်ကို သတိရသွားတယ်.........။ ကိုယ့်ရဲ့ အိန်ဂျယ်လေးရော ဘယ်ဆီရောက်နေသလဲ...။ ခုနေ ဟိုကောင်လေးလိုပဲ ကိုယ်ဖုန်းကောက်ဆက်လိုက်ရင် ဒါမှမဟုတ် မက်ဆေ့ချ်ပို့လိုက်ရင် မင်းရောက်လာမလား.....။ ဟ...ဟ...ဟ ဘယ်တုန်းကများ မင်း..မက်ဆေ့ချ်ပြန်ဖူးလို့လဲ.....။ ကိုယ့်ဘာသာကိုယ်တွေးပြီး ရယ်လိုက်ပေမယ့် နာနာကျင်ကျင်နဲ့ ကိုယ့်ရယ်သံတွေကို ကိုယ်တိုင်ပဲပြန်ကြားရတာပါ....။
🎵 မိုးတွေရွာချိန်တိုင်း ဒီရင်မှာလွမ်း အိမ်ပြန်ချိန်လမ်းလေး ငါလျှောက်ရင်း ခုဆို လူတွေအကုန်လုံး အိပ်ပျော်နေချိန်မို့ နင်ဘယ်မှာရှိမလဲ ငါမသိလို့ ဒီဇူလိုင်မိုးတွေရွာတိုင်းမှာ ဟိုအရင်နေ့လေးတွေ ငါသတိရ ရွာနေတဲ့ မိုးတွေရပ်မသွားပါ စိုစိုကာရွှဲရင်း တစ်ယောက်တည်းငါ မိုးတွေရွာ.... 🎵
ကိုယ်စာအုပ်ဖတ်ပြီး တစ်ဝက်ကျိုးသွားတဲ့ အထိ သူတို့နဲ့ ချိန်းထားတဲ့ ကောင်မလေးအရိပ်အယောင်တောင် မတွေ့ရပါဘူး....။ မိုးအေးအေးမှာ ကောင်လေးကတော့ ရင်ပူနေရှာမှာပေါ့....။ ကိုယ့်မှာ စာအုပ်ဖတ်လိုက် သူတို့ကို မသိမသာစပ်စုလိုက်နဲ့ အလုပ်ကိုဖြစ်လို့...။ နောက်တော့ ရောက်လာတော့မှာမဟုတ်ပါဘူးလေဆိုပြီး စိတ်လျှော့လိုက်ပုံရပါတယ်။ သူတို့ဘာသာသူတို့ ဟိုအကြောင်းဒီအကြောင်းပြောရင်း....အညိုကောင်လေးက ကိုယ့်လက်ထဲက စာအုပ်ကိုလာစပ်စုလိုက်သေး....။
“အစ်မ အဲဒီစာအုပ်လေးဖတ်လို့ကောင်းလား.... ကျနော်က ဆရာနန္ဒာသိန်းဇံရေးတဲ့ ရသစာတွေကို သိပ်ကြိုက်တာ ဒီစာအုပ်က ခုမှထွက်တာထင်တယ်...”
“ဟုတ်တယ် ခုမှအသစ်ပြန်ထုတ်တာ ဆရာ့ရဲ့ဆောင်းပါးစာစုတွေလေ...”
ဒီတော့မှ အဖြူကောင်လေးကပါ လိုက်လာတော့တယ်....။ အစောကတော့ သူ့ကောင်မလေးကို တမျှော်မျှော်နဲ့ကိုး...။
“အစ်မက အင်တာနက်သုံးလား” တဲ့....။
“ဘာဖြစ်လို့လဲ ဒီဘက်ခေတ်မှာ အင်တာနက်လူတိုင်းသုံးတာပဲ” ကိုယ့်ရဲ့လေသံနဲနဲ မာဆတ်ဆတ်ဖြစ် နေလိမ့်မယ်ထင်တယ်....။
“... အစ်မကို အင်တာနက်ဆိုင်မှာ ခဏခဏတွေ့ဖူးနေလို့ပါ...”
“ဟုတ်မှာပါ...” “မင်းကို တစ်ခုတော့မေးချင်တယ် အကျီၤအဖြူရောင်ကို ကြိုက်လို့ဝတ်တာလား” ကိုယ်မေးလိုက်တော့မှ သူ့ကိုယ်သူပြန်ငုံ့ကြည့်ရင်း....
“ဟုတ်.... အဖြူရောင်ကြိုက်ပါတယ်.... များသောအားဖြင့်ဝတ်ဖြစ်ပါတယ်... ဒီနေ့က လူမှုရေးလုပ်အားပေး တစ်ခုက ပြန်လာလို့ ဒီလိုလေးဖြစ်နေတာ...”
အဖြူရောင်လေးက စကားပြောသွက်လက်သားပဲ....။ ခုခေတ်ကောင်လေးတွေ လူမှုဆက်ဆံရေးမညံ့ကြပါဘူး..။ လိုက်လျောညီထွေစွာနေထိုင်ပြောဆိုတတ်တာပဲ....လို့ စိတ်ထဲတွေးမိသွားတယ်...။ ကိုယ်တို့စကားစပြတ် သွားချိန်မှာပဲ....။ ဆံပင်ခါးလည်လောက်ရှည်တဲ့ ချစ်စရာကောင်မလေး တစ်ယောက်ရောက်လာတယ်....။ သူတို့မျှော်နေတဲ့ ကလေးမလေးပါ....။ အဖြူရောင်ကောင်လေးရဲ့ ကောင်မလေးပေါ့...။ ကိုယ်နဲ့စကားပြောရင်း သူတို့ စောင့်ရကျိုးနပ်သွားပါတယ်....။ မိုးလဲ စဲနေပြီ....။
“ကျေးဇူးပဲ အစ်မရေ... ကျတော်တို့ကို စကားပြောပေးတဲ့အတွက်... နောက်မှဆုံမယ် လစ်ပြီ” တဲ့...။
သူတို့လစ်ပြီပြောခါမှပဲ အချိန်ကိုကြည့်မိတယ်....။ လက်ဖက်ရည်တစ်ခွက်နဲ့ ကိုယ်ထိုင်နေတာ နှစ်နာရီနီးပါးရှိနေပြီ...။ ကိုယ်လည်း လစ်ဦးမှပါ....။ ညနေစာချက်စရာလေးပါ ဒီနားကဈေးမှာ ဝင်ဝယ်ဖို့စိတ်ကူးလိုက်မိတယ်....။
ဘာမှတော့မဆိုင်ဘူးပေါ့ အိန်ဂျယ်.......။ မင်းကြိုက်တတ်တယ်ဆိုလို့ အဲဒီလက်ဖက်ရည်ဆိုင်က စမူဆာလေး သုံးခုဝယ်ပြီး အိမ်ကျသုပ်စားမလားလို့... :)
🎵မယုံနိုင်ဘူး မင်းစွန့်ခွာသွားတဲ့ နေ့ကို
မယုံနိုင်ဘူး သံယောဇဉ်ဖြတ်ခဲ့တဲ့ မင်းကို
မယုံနိုင်ဘူး အိပ်မက်တွေဖျက်ခဲ့တဲ့ မင်းကို
မယုံနိုင်ဘူး ဒီအတိုင်းဇာတ်သိမ်းရမယ့်အဖြစ်ကို မယုံနိုင်ဘူး.... 🎵
ပြန်ခါနီးမှ ကိုငဲကလည်း မယုံနိုင်ဘူး ချည်းဇွတ်အော်နေတော့တာပဲ....။ မယုံနိုင်လည်း ယုံရတော့မှာပဲ တကယ်လည်း မင်းစွန့်ခွာသွားခဲ့တာပဲ သံယောဇဉ်ဖြတ်သွားခဲ့တာပဲ အိပ်မက်တွေကို ဖျက်းစီးပစ်ခဲ့တာပဲ ဒီအတိုင်းဇာတ်သိမ်းရမယ့်အဖြစ်ကို မယုံနိုင်လည်း ယုံရပြီ....။
မိုးတွင်းကြီးထဲမှာ ထီးကိုင်ဖို့လည်းပျင်းသေးတဲ့ ကိုယ့်အတွက် မိုးစဲချိန်ကိုပဲ စောင့်ရတာ အကျင့်ရနေပါပြီ....။ အပြင်ဘက်မှာတော့ တိမ်တွေက ခဲသားရင့်ရောင်သန်းနေဆဲ.... မိုးစက်တွေ တစ်ဖျောက်နှစ်ဖျောက်ကျနေဆဲပဲ...။ စာအုပ်လေးကို ရေမစိုအောင် ဂျက်ကက်အတွင်းထဲထည့်ပြီး ကိုယ်ချစ်တဲ့ မိုးအောက်မှာ အရသာရှိရှိ လမ်းလျှောက်ပြန်လာခဲ့တော့တယ်...။
မိုးငွေ့
19 comments:
အားးးးးးးးး အဲလိုမိုးနေ့တွေ အကြောင်းရေးရင် လွမ်းတတ်လို့ပါဆို.. ဟဲ.. အားပေးသွားပါတယ် အမရေ...မိုက်၏။။။
မိုးနဲ့ ပါတ်သတ်ရင် အမှတ်တရတွေ ရှိပါတယ်ဆို ..:):)
မမရေ အားပေးလျှက်ပါလို့။
ဖတ်နေရင်းနဲ့ မိုးငွေ့ဖြန်းတဲ့ လေတွေတောင် ဝေ့ဝိုက် တိုက်ခတ်သွားသလိုလို...၊ အနားမှာ လေထုက ချက်ချင်းပဲ အေးစိမ့် လာသလိုလို...၊ နားထဲမှာ မိုးသံတွေ တဖျောဖျော ကြားလိုက်ရ သလိုလို...၊ အေးသလို နွေးသလို ခံစားမှုလေးတွေ ရလိုက်တယ်..။
ရုံးသွားတိုင်း ဘယ်တော့ ထီးမယူတဲ့အတွက် မိုးရွာလို့ ရှိရင် လက်ဘရည်ဆိုင်ထဲ ၀င်ခို လွယ်အိတ်ထဲ ပါလာတဲ့ စာအုပ်ကိုထုတ် ဒါမှမဟုတ် ဆိုင်က သတင်းစာကိုယူပြီး ထမင်းချိုင့်လေး ဘေးချကာ ကော်ဖီတခွက်နဲ့ မိုးတိတ်တဲ့အထိ စာထိုင်ဖတ်ခဲ့တဲ့ လွန်ခဲ့သော လေးနှစ်လောက်က အဖြစ်အပျက်တွေကို ဒီပိုစ့်လေးက သတိရမိသွားစေတယ်။
မိုးရွာရင်တော့အိပ်ယာပေါ်ပြေးပြီးစောင်ပဲခြုံနေချင်တယ်
(ဒါပေမယ့်အဲလိုဇတ်သိမ်းဆိုရင်တော့ ငိုချင်တယ် )
ချစ်တဲ့
မဒိုးကန်
မိုးနဲ့ပတ်သက်တဲ့ဇာတ်လမ်းလေးတွေကိုချစ်တယ်...:)
ဟုတ်တယ် အစ်မ...
မိုးရေထဲ လမ်းလျှောက်ရတဲ့ အရသာ ဘာနဲ့ မှ မလဲနိုင်ဘူး။ တကယ့် ဖီးးးးးးးးး ပဲ...။
အစ်မရေ ကျွန်တော်ကတော့ ဘလော့ဂ်ဂါ အသစ်ကလေးပါ။ လင့်လေး ယူသွားပါတယ်။
ကလေးဘ၀ကတောင်ကြီးမှာနှင်းလိုလိုမိုးလိုလို
မြူလိုလိုအမြဲမြင်ရတွေ့ရတယ် မိုးရာသီနဲ့ဆောင်းရာသီ
ဆိုရင်လေ....ခုလဲဒီမှာမိုးတွေရွာနေတယ်
မေမေပြောတယ်တောင်းကြီးမှာလဲ မိုးတွေရွာနေတာတဲ့
မိုးနဲ့ပတ်သက်တာတွေအများကြီးရှိခဲ့တယ်ထင်တယ်
မိုးလေးတဖြောက်ဖြောက် ရွာနေတဲ့အချိန်လေးမှာ ထီးမဆောင်းပဲ အင်းလျားကန်ဘောင်မှာ စိတ်ကူးတွေရွက်လွှင့်ရင်း လမ်းလျှောက်ချင်နေခဲ့တယ်မမိုးရေ.။
ချစ်တဲ့
သဒ္ဓါ
အခုချိန်ထိ စွန့်ခွါသွားတယ်ဆိုတာကို လက်မခံနိုင်သေးဘူး ....
အပြင်မှာတော့ မိုးမရွှာဘူး ဒါပေမယ့် အထဲမှာတော့ မိုးကြိုးတွေပါ ပစ်လို့
မိုး.....အလွမ်း..... ပြီးတော့အိန်ဂျယ်....အင်း....
အတိတ်ကိုတောင်သတိရမိသလိုလိုဖြစ်သွားတယ်....:(
ဖတ်လို့ကောင်းပါ့ ငါ့ညီမရယ်....
ဟားဟား မကြီးမိုးငွေ့ကတော့လေလုပ်ပြီ..။
စဉ်းစားမနေပါနဲ့အမရာ..
ဝယ်ပြီးသာသုပ်စားလိုက်စမ်းပါ..
ညီမတော့အားပေးတယ်..ရှလွတ်
ချစ်တဲ့ Blackroze
မိုးနောက်ခံဇာတ်လမ်းကလေးပါလား...အရေးအသား ညက်ညောတာကြောင့်ပဲ ဇာတ်လမ်းကို ရုပ်လုံးကြွသွားစေတယ်လို့ ယူဆမိပါရဲ့...ဇာတ်လမ်းဆိုပေမယ့် စကားပြောအက်ဆေးဆိုရင် ပိုမှန်မယ်ထင်တယ်...အင်း...ငယ်ငယ်တုန်းကတော့ မိုးတွေရွာရင် တစ်ခုခုတော့တစ်ခုခုပေါ့ ခံစားမိသား...လွမ်းချင်တာလိုလို ဘာလိုလိုပေါ့လေ...အခုကတော့လည်း မိုးရွာပေမယ့် အလုပ်သွားရတာရယ်...လမ်းတွေမှာ ရေတွေပြည့်နေလို့ အသွားအလာခက်တာရယ်နဲ့ပဲ မိုးတောင် ကိုယ်နဲ့ ခပ်စိမ်စိမ်းဖြစ်နေတာကြာပေါ့...
မိုးငွေ့ရေ ဝတ္ထုလေးဖတ်သွားတယ်။ ကိုယ့်ခံယူချက် ယုံကြည်ချက်အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုသွားတယ်။ မိုးနဲ့ဆက်နွယ်တဲ့တေးလေးတွေ သီနေတော့ ဆွေးဆွေးမြေ့မြေ့လေးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မိုးငွေ့ဆိုတဲ့အတိုင်းပဲ မိုးနဲ့ပတ်သက်တာကိုရေးတာတွေများနေသလားလို့။ မိုးကိုတော်တော်ကြိုက်ပုံရတယ်။ အဲဒီလိုအကြောင်းအရာတွေဖတ်ရရင် မြန်မာပြည်သာ အပြေးပြန်ချင်တော့တယ်။ မိုးအေးအေးမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ လေကန်။ ပြန်မရနိုင်တော့ဘူး ထင်ပါရဲ့။ ဘ၀က ကံစီမံရာ လိုက်နေရတာကိုး။
မိုးထဲမှာ စက်ဘီးလေးစီးပြီ
လွမ်းဆွတ်ခဲ့ ဖူးတာလေး သတိရစေတယ်။
ကျမ်းမာပျော်ရွှင်ပါစေ
ဒီပိုစ့်လေး ဖတ်လိုက်တော့ ရင်ထဲနင့်သွားသလိုပဲ... ကိုယ့်ခင်ဗျာ.. အို (ဟိုင်း) .. လာ.. ခဲ့..... ပီလို့  တွေးမိလိုက်လို့  ပါဗျာ........ :(
မိုက်တယ်... ညီမလေး...
Post a Comment