Wednesday, 21 September 2011

Simply Yellow Lentils with Coconut Milk

ဒါက အုန်းနို့များများသိပ်မစားရဲတဲ့သူများအတွက်

ဒီတစ်ခွက်ကတော့ မမသက်ဝေအကြိုက် အုန်းနို့ပစ်ပစ်နှစ်နှစ်လေးနဲ့


ခုတလော... မိုးတွင်းဆိုတော့ ဟိုလူဖျား ဒီလူနေမကောင်းဖြစ်လွန်းလို့ နာလန်ထခါစ ချစ်အစ်မ ချစ်ညီမလေးတွေရဲ့ အာသီသတောင်းဆိုမှုကြောင့် မိုးငွေ့ခင်ဗျာ လက်မလည်ရှာပါဘူး..(အင်းလေ လက်က ဘယ်လိုလည်မလဲ ကျိုးသွားမှာပေါ့လို့)...။ မမသက်ဝေကလည်း လာအော်သွားတယ် ဟင့်...သူများကိုကျတော့ လုပ်မကျွေးဘူးတဲ့....။ ကိုယ့်အစ်မ အုန်းနို့ကြိုက်တတ်မှန်းသိလို့ ဖဘမှာ တိုးတိုးလေးနဲ့ သွားပြောရတယ် အစ်မအတွက် အချိုပွဲလုပ်ပေးမယ်လို့...။ ဒီလိုနဲ့ ရိုးစင်းလွန်းတဲ့ အချိုပွဲတစ်ခွက်ကို ဖန်တီးလိုက်ပါတယ်....။

Simply လို့သုံးရခြင်းအကြောင်းကတော့ ဒီပဲဝါလေးအုန်းနို့ဟာ အလွန်းအမင်းကို ရိုးစင်းတဲ့ အချိုပွဲ တစ်ပွဲဖြစ်နေလို့ပါပဲ....။ လုပ်ရတာလည်းလွယ်ကူတယ် ...။ စားရတာလဲ အင်မတန်မှ ချိုဆိမ့်မွှေးအရသာလေး...။ မမိုးငွေ့ အရမ်းညွှန်းပြီလို့တော့ မပြောပါနဲ့....။ တကယ်ပါ တကယ်ကောင်းတာပါ....။

သန့်ပြီးသား ပဲဝါလေးတစ်ရာဂရမ်တစ်ထုပ်ကို ရေဆေးပြီ စိမ်ထားပါမယ်...။ သကြားညို ခွက်တစ်ဝက်စာကို နည်းနည်းလှော်မယ် အညိုရောင်ရအောင်ပါ....။ မတူးပါစေနဲ့...။ အညိုရောင်ဖြစ်ပြီး မွှေးလာပြီဆို ရေငါးခွက်စာထည့်ပြီး ဆူအောင်တည်ရမယ်...။ ရေဆူလာရင် ပဲထည့်မယ်... ဆားနည်းနည်းခတ်ပါမယ်....။ ပဲကိုနူးအောင်ပြုတ်ပေးရမယ်....။ ခပ်ပျစ်ပျစ်စေးစေးကြိုက်သူများ အတွက် ပဲရပြီဆို ကော်မှုန့်ဖျော်ထားတာလေး ခွက်တစ်ဝက်စာလောက် လောင်းထည့်ပါမယ်...။ ကိုယ်ကတော့ အရည်ကျဲတာကိုကြိုက်လို့ ကော်မထည့်ပါဘူး....။ သောက်ခါနီးမှ ပန်းကန်ထဲခပ်ထည့်ပြီး အုန်းနို့ရည်လေးဆမ်းလိုက်ရင် ရပါပြီ...။ အစကတော့ ရယ်ဒီမိတ် အုန်းနို့ဗူးဝယ်ထည့်မလို့ ပါပဲ... အလွယ်တကူရနိုင်တဲ့ သဘာဝအုန်းသီးကိုပဲ ဆိုင်ကခြစ်ခဲ့ပြီး အိမ်မှာပဲ ကိုယ့်ဘာသာကိုယ် အရေညှစ်လိုက်တယ်... အဲဒါပိုလတ်ဆတ်တယ်လေ...။ အဲလို အုန်းနို့အစိမ်းကို တနေကုန်ခံအောင် လုပ်နည်းကတော့ ခြစ်ပြီးသားအုန်းသီးဖတ်တွေကို ဆယ်မိနစ်လောက်ပေါင်းပြီးမှ အုန်းနို့ရည်ကို ညှစ်ယူရင်ပိုကောင်းပါတယ်...။

ဒီပို့စ်ကိုရေးထားတာကြာပြီ ကိုယ်နေကောင်းနေတုန်းကတည်းကပေါ့.... ခုမှပုံတင်လို့ရလို့....။


မိုးငွေ့

11 comments:

စံပယ်ချို said...

တစ်ခါမှ မစားဖူးသေးဘူး
ထူးထူးဆန်းဆန်းလေးကို
ဦးဦးဖျားဖျား စားသွားရလို့ကျေးဇူးတင်ပါတယ်ရှင်။
ချက်ရတာလဲလွယ်မယ်ထင်တယ်နော်....
ခင်မင်တဲ့ jasmine

...အလင်းစက်များ said...

မသက်ဝေ သွေးတိုးနေတယ်တဲ့ ကျနော့ကိုပေး..... သူ့ သွားမတိုက်နဲ့  တော်ကြာတရားခံ ဖြစ်နေမယ်။ ဟိုက ပေါင်ချိန်စက်တောင် အလွတ်ပေးတာ မဟုတ်ဘူး။

သက်ဝေ said...

အာရိုး... မုန့်လုစားတဲ့သူနဲ့ တွေ့နေပြီ..
သူ့စကား မယုံနဲ့ ညီမရေ... အမမှာ သွေးတိုးတို့ ကိုလက်စထရောတို့... ဘာဆို ဘာမှ မရှိဘူး...
အုန်းနို့များများနဲ့ တပွဲ.....း)))

ချော(အစိမ်းရောင်လွင်ပြင်) said...

မစားဖူးပေမဲ့ စိတ်ဝင်စားတယ်
သာကူကျိုတို့လို ကန်ဇွန်းဥ၊ ဖရုံသီးလေးထည့်ရင်လည်း ကောင်းမယ်နော်

ညီရဲသစ် said...

အုန်းနို့ နဲနဲနဲ့ တစ်ပွဲပေးပါဗျို့ ...

ညိမ်းနိုင် said...

အဟင့် ...သွေးတိုးရှိသဗျ....အုန်းနို့များ မြင်တာနဲ့မူးလာ
တာရယ်.....

blackroze said...

ဘာဘဲကျွေးကျွေးပါ
လာစားပြီးသားဘဲ..

ချစ်တဲ့ညီမ Pigpig

mstint said...

ထူးထူးဆန်းဆန်းအစာဆိုရင် လုပ်စားချင်တဲ့ဝါသနာရှိတယ် မိုးငွေ့ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Han Kyi said...

စားရဲဘူးဗျာ အသက်ကမငယ်တော့ သွေးတက်မှာကြောက်လို့ သွားရည်ကျရုံပဲကျပြီး စားချင်စိတ်ကို တိတ်တိတ်လေး မြိုချလိုက်တယ်...ကြည့်ရတာကလည်း စားချင့်စဖွယ်ဖြစ်နေပြန်ရော...ရော်...ခက်ကပြီ...

ကြယ်ရောင်မှတ်စု said...

ဂလု....စားချင်စရာပဲ အစ်မရေ.... :)

ခင်တဲ့(ဖိုးကြယ်)

ကြယ်ရောင်မှတ်စု said...

ဂလု....စားချင်စရာပဲ အစ်မရေ...အချိုပွဲဆိုသိပ်ကြိုက် :P

ခင်တဲ့(ဖိုးကြယ်)