Tuesday, 27 September 2011

အလင်းမှုန်.....



တိမ်အုပ်တွေပြိုဆင်းလာတော့မလား..... ။ ကိုယ်ယောင်ရမ်းပြီး လက်နဲ့ကာမိတယ်.....။ လေတစ်ချက်ခပ်ပြင်းပြင်ဝှေ့သွားမှ သတိထားမိတယ်......။ ဆံနွယ်တွေ......ကိုယ်ပေါ်က ချည်ထည်စတွေတလွင့်လွင့်ဖြစ်လို့.......။ မျက်နှာကိုလာထိမှန်တဲ့ မိုးစက်ပေါက်တွေက မျှားစင်းတွေအလား ထင်မှတ်မှားမိတယ်....။ အိုကွယ်... ခံစားမှုတွေတိုင်းက နာကျင်မှုတွေချည်းပါလား....။
စောစောက တိမ်ညိုတွေကြောင့် လောကကြီးတစ်ခုလုံး မှောင်မဲသွားတယ်....။ ခုတော့ မျက်စိတွေစူးခနဲ ကျိန်းစပ်လောက်တဲ့ အလင်းမှုန်တစ်ခုကြောင့် ဘာမှမမြင်ရတော့ဘူး.....။ အမှောင်တွေလည်းမရှိတော့ဘူး ...။ လေတွေလဲမတိုက်တော့ဘူး....။ မိုးစက်တွေလဲ ပျောက်သွားပြီ....။ အလင်းတန်းလေးကတော့ ရှိနေဆဲပဲ....။ အေးမြမွှေးပျံ့တဲ့ ရနံ့နဲ့အတူ ကိုယ့်ပါးပြင်ပေါ်ကို နွေးထွေးတဲ့ အတွေ့လေးတစ်ခုကျရောက်လာတယ်......။ လက်တစ်စုံပါရဲ့ နွေးထွေးမှုပါ.......။ အလင်းမှုန်တွေကို အသားကျသွားတော့မှ ကိုယ်မျက်လုံးဖွင့်ကြည့်မိတယ်......။ အဖြူဆွတ်ဆွတ်ဝတ်စုံနဲ့ ဖြန့်ကျက်ထားတဲ့ အတောင်ပံတစ်စုံနဲ့ အိန်ဂျယ်ပါ.......။ ကိုယ့်ရဲ့ အိန်ဂျယ်လေးပါ....။ (နှလုံးသားဆိုတာ အရည်ပျော်လွယ်တဲ့ အမြဲလှုပ်ခတ်နေတတ်တဲ့ အရာတစ်ခုလား......။ မင်းနဲ့တွေ့ဆုံတိုင်း ကိုယ့်ဘယ်ဘက်အိတ်ကပ်လေး ဟာလာဟင်းလင်းကြီးဖြစ်ဖြစ်သွားတယ်လို့ ခံစားရတယ်....)

ကိုယ့်ရဲ့ ပါးပြင်ကိုထိထားတဲ့ လက်ငါးချောင်းက ကိုယ့်လက်အစုံကိုဆုတ်ကိုင်ပြီး နွေးထွေးမှုပေးပြန်တယ်....။ အိန်ဂျယ့်မျက်နှာလေးက အေးချမ်းလိုက်တာ....။ ပြီးတော့ ကိုယ့်ကို အပြုံးဖြူဖြူလေးတွေချွေချပေးတယ်.........။ ကိုယ့်လက်ခုံလေးကို ငုံ့နမ်းလိုက်ချိန်မှာ အတောင်ပံတစ်စုံကလှုပ်ခတ်သွားတယ်.....။ မင်းဘယ်ကိုပြန်သွားဦးမလို့လဲ အိန်ဂျယ်........။ ကိုယ့်ကို ခဏသာ နှစ်သိမ့်မှုပေးပြီး အဝေးကို ပျံသန်းဖို့ ပြင်ဆင်နေပြီလား....။ မင်းဘယ်လောက်ပဲ အလုပ်တွေရှုပ်နေပါစေပေါ့.... ကိုယ့်ဆီကိုတော့ သတိရတိုင်းလာခဲ့ပါ.....။ ကိုယ်မင်းကိုစောင့်နေပါ့မယ် အိန်ဂျယ်.....။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါနော်........။

(အိန်ဂျယ်နဲ့ ဆုံဖြစ်တဲ့ တခဏသာလေးအတွက် အမှတ်တရ)

မိုးငွေ့

14 comments:

စံပယ်ချို said...

အလင်းမှုန် ကို အဝေးရောအနီးပါမှုန်တဲ့
jas ကရင်ဘတ်နဲ့ဖတ်ခဲ့ရပါတယ်
ခင်မင်တဲ့ jasmine

ညိမ်းနိုင် said...

ဟင်.....အိန်ဂျယ်နဲ့ဆုံတိုင်း ဘယ်ဘက်အိပ်ကပ်လေးက
ဘာကြောင့်ဟာလာဟင်းလင်းဖြစ်ရသတုန်းဗျ...၊အိန်ဂျယ်
ကပိုက်ဆံချေးသွားလို့လားဟင်......:))))
စတာနော်...၊အိန်ဂျယ်အက်ဆေးလေးတွေက ပဟေဠိဆန်
တယ်...၊အတွေးပွားရတယ်....၊ကျွန်တော်တော့ သဘောကျ
သဗျ....။

Cameron said...

ကျေးဇူးပါ jas နဲ့ ကိုနိုင်.....။ ရင်ဘတ်နဲ့ ရင်းပြီးရေးထားတဲ့စာတွေကို ရင်ဘတ်နဲ့လာဖတ်ပေးတဲ့အတွက်ပါ....။

ခင်တဲ့
မိုးငွေ့

ကိုရင် said...

အိန်ဂျယ်နဲ့ ခဏခဏဆုံဖြစ်ပါစေဗျာ..

ညီရဲသစ် said...

ဘယ်ဘက် အိတ်ကပ်လေးတဲ့လား...
လှလိုက်တဲ့ အသုံးအနှုန်းလေး...
သဘောကျတယ် အစ်မ...

blackroze said...

ညီမသာအိန်ဂျယ်ဆိုရင်တော့မကြီးမိုးငွေ့နားမှာဘဲ
နေမှာ..ဘယ်မှမသွားဘူး..
မကြီးကိုတနေ့တမျိုးစားချင်တာတွေဝယ်ကျွေးခိုင်းမှာ..

မကြီးရေ..ချစ်တဲ့သူနဲ့ဝေးနေရတဲ့ခံစားချက်ကို
ကိုယ်ချင်းစာပေးနိုင်ပါတယ်အမရယ်..
အိန်ဂျယ်နဲ့အမြဲတမ်းနီးပါစေအမရယ်..

...အလင်းစက်များ said...

တစ်ခုခုကို ခံစားနေသလိုပဲ။ အဲ့သည်ထဲမှာ ပြောမပြထားတဲ့ဟာ တစ်ခုခု။ ကိုယ်ပဲခံစားနေရတာလား မပြောတတ်။

ချမ်းမြေ့ပါစေဗျား

သိင်္ဂါကျော် said...

အိန်ဂျယ်လေး လည်း သိပါစေ...

မဒမ်ကိုး said...

အိန်ဂျယ်လေးနဲ့ ဆုံတိုင်းသူငယ်ချင်းတွေကို ပြန်ပြောပြနိုင်ပါစေ
ခင်တဲ့

မဒိုးကန်

mstint said...

ရင်တွင်းခံစားချက်လေး ဖတ်သွားတယ် မိုးငွေ့ရေ။
ရေးသားထားတာလေးတွေ နူးညံ့တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဆူးသစ် said...

အနုပညာသမားတွေက ပိုပြီးထိလွယ်ရှလွယ်ခံစားလွယ်တယ်။ ညီမရဲ့စာစုက အဲဒီအဆိုထက်ပိုမယ်ထင်တယ်။ တော်တော်ခံစားတတ်တယ်လို့ပဲဆိုရမယ်။ အဲဒါက စာရေးတဲ့အခါ တော်တော်ကောင်းတယ်။ အစ်ကို့စာကို လာအားပေးသွားတာကျေးဇူးပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

နူးညံ့ချစ်စရာကောင်းမဲ့ အိန်ဂျယ်ဘဲနော်
အိန်ဂျယ်အတွက် ရေးထားတဲ့ လွှင့်မျောနေတဲ့အရေးအဖွဲ့လေးတွေကို အိန်ဂျယ်တစ်ယောက် ဖတ်မိပါစေ

Cameron said...

း)

မအိမ်သူ said...

အလင်းမှုန်လေးတွေထဲက အိန်ဂျယ်လေးကို မျက်စေ့ထဲမြင်ယောင်သွားမိတယ်။ ကြည်နူးစရာလေး..