Thursday, 28 April 2011

အပြာရောင်လက်သည်းညှပ်ကလေး.....




မောင့်ရုံးလွယ်အိတ်လေးကို ကျမရှင်းပေးနေကျပါ...။ ဘာကြောင့် သည်လက်သည်းညှပ်အပြာရောင်းလေးကို ခုမှတွေ့မိပါလိမ့်..။ ကျမတော်တော်လေးတော့ ခေါင်းနပမ်းကြီးသွားသည်...။ သည်လက်သည်းညှပ်ကို မောင်ဘာကြောင့် ခုချိန်ထိ သိမ်းထားသေးသလဲ....။ တကယ်တော့ မောင့်လက်သည်းတွေရှည်လာတိုင်း ကျမဝယ်ပေးထားသည့် ပန်းရောင်လက်သည်းညှပ်ကလေးနှင့်သာ မောင့်ကိုကျမကိုယ်တိုင်ညှပ်ပေးနေကျ...။

ကျမကောင်းကောင်းကြီး မှတ်မိနေသေးသည်....။ လွန်ခဲ့သောသုံးနှစ် ကျမနဲ့မောင် လက်မထပ်ခင်က... အဖြစ်အပျက်လေးပါ...။ အဲဒီတုန်းက မောင် ဆေးကုမ္ပဏီမှာ ရာထူးသိပ်မကြီးသေး....။ အလုပ်မှာ တခြားကုမ္ပဏီမှ မိုးစက်ဖြူဆိုသည့် ဆံပင်ရှည်ရှည်ကောင်မလေးနှင့် မောင် ဘာလိုလိုသတင်းကြားလို့ ကျမနှင့် မောင် အကြီးအကျယ် ပြဿနာတက်ခဲ့ကြသေးသည်...။ အဲဒီ..အပြာရောင်လက်သည်းညှပ်ဆိုတာ မိုးစက်ဖြူဆိုသည့် ကောင်မလေး မောင့်ကိုမွေးနေ့လက်ဆောင်ပေးခဲ့ဖူးသော ပစ္စည်းဆိုတာ မောင်ပြောဖူးလို့ ကျမသိနေခဲ့ပါသည်...။

မောင်အလုပ်သွားသည့် အိတ်လေး ညစ်ပတ်နေလို့ အခြားတစ်လုံးနှင့်လဲရန် လုပ်ပေးနေပေမယ့် ကျမစိတ်တွေ ဂနာမငြိမ်ဖြစ်နေသည်...။ ဒီကိစ္စ... မောင့်ကို ပွင့်ပွင့်လင်းလင်း မေးသင့်သလား...။ ကျမကိုယ်ကျမဇဝေဇဝါနှင့် အဲသည်နေ့က ပိတ်ရက်မို့ အိမ်အလုပ်လုပ်ရင်း ရှုပ်ထွေးနေတော့သည်...။ ဧည့်သည်နှင့် မောင်အပြင်သွားနေသည်မို့ မောင်ပြန်လာလျှင်မေးဖို့ မေးခွန်းတွေကို ကျမရွေးနေမိသည်...။ ရုံးပိတ်ရက်လေးမှာပဲ မောင့်ကို ဖွယ်ဖွယ်ရာရာ ဟင်းလေး ချက်ကျွေးနိုင်တာမို့ ကျမ အပြာရောင် လက်သည်းညှပ်လေးအကြောင်းကို ခဏမေ့ထားလိုက်သည်...။

သင်္ဘောလိုင်းရုံးမှာ အလုပ်လုပ်သည့်ကျမအတွက် တစ်ပတ်မှာ တနင်္ဂနွေပိတ်ရက်လေးတစ်ရက်သာ မောင့်အတွက် အချိန်ပေးနိုင်သည်... ။ မောင်သည်လည်း ကျမနှင့်ထပ်တူပါ...။ ဒါကြောင့် ပိတ်ရက်ကလေး တစ်ရက်သာ မောင်စားချင်တာလေးကို ကျမကိုယ်တိုင် ချက်ပြုတ်ပေးရသည်...။ သည်တစ်ရက်ကလေးပဲ ကျမတို့ မျက်နှာချင်းဆိုင် ထမင်းဝိုင်းလေးကို ကြည်ကြည်နူးနူးအတူစားနိုင်ကြသည်...။ ခုလို ဧည့်သည်ရောက်နေသည့် အခါမျိုးဆို ထမင်းတစ်နှပ်လက်ဆုံမစားဖြစ်ကြတော့...။ ညနေမောင်ပြန်လာတော့လည်း မောင့်အရိပ်အကဲကို ကြည့်ပြီး ကျမသိချင်သော အပြာရောင်လက်သည်းညှပ်ဆီလည်း မရောက်ဖြစ်တော့...။ သည်လိုနဲ့ ကျမ... စိတ်ထဲ ကလိကလိနဲ့ တစ်ရက်ပြီးတစ်ရက် မောင့်ကိုမေးဖို့သာ ချောင်းနေမိသည်....။

ရုံးမသွားခင် မောင်နှင့် မနက်စာစားတုန်း စကားစလိုက်ရမလားတွေးမိသည်...။ ဟင့်အင်း...မဖြစ်သေးပါဘူး... ဘာမဟုတ်တာလေးနှင့် မောင်ရုံးမှာ တစ်နေကုန် စိတ်အနှောက်ယှက်ဖြစ်သွားမှာလည်းမလိုလား...။ ဒါဖြင့် ညနေကို ကျမခပ်စောစောကြိုရောက်နှင့်ပြီး... မောင်ပြန်လာတဲ့အချိန် မောင့်ကိုရေအေးအေးတစ်ခွက်နှင့်ကြိုရင်း စကားစရမည်လား...။ သည်လိုဆိုမောင်အလုပ်က မောမောနှင့်ပြန်အလာမှာ စိတ်ရှုပ်သွားနိုင်သေးသည်...။ မောင်နှင့် ညစာစားသောအချိန်.... ညစာစားပြီး တီဗီရှေ့မှာ မောင့်ပေါင်ပေါ်ခေါင်းအုံးနေသည့်အချိန်.... ဒါမှမဟုတ် အိပ်ယာဝင်ပြီး ကျောပေးထားသည့်ကျမခါးကိုလှမ်းဖက်ရင်း ကျမလက်မောင်းမှာ မောင်ပါးအပ်ထားသည့်အချိန် မောင့်လက်ခုံပေါ်က မွှေးညှင်းနုလေးတွေကို ကျမပွတ်သပ်သည့်အချိန်မှာ မေးသင့်သလား....။ လားပေါင်းများစွာသောမေးခွန်းနှင့် အချိန်....နေရာ....ရွေးချယ်နေသည်နှင့်သာ အချိန်တွေကုန်ခမ်းသွားတော့သည်...။ ကျမသိချင်နေသော မေးခွန်းကတော့ ခုထိအကောင်ထည် မပေါ်လာသေး..။

မောင့်ပုံစံကတော့ အေးအေးဆေးဆေးပါပဲ... ။ ကျမကသာ အဲသည်လက်သည်းညှပ်ကလေးကြောင့် မျက်စိပျက် မျက်နှာပျက်နှင့် မောင်ကိုယ်တိုင်ကတောင် ရိပ်မိလို့ မေးယူရသည်...။ ဒီလိုတော့လည်းကောင်းသား....။ ကျမမေးချင်သော အကြောင်းအရာကို မောင်ကစပေးလိုက်လို့ သက်သာရာရသွားသည်...။


“မီ...ကိုကြည့်ရတာ ခုတလော တစ်မျိုးပဲ နေမကောင်းဘူးလား အလုပ်ကပင်ပန်းနေလို့လား”

“မဟုတ်ပါဘူး မောင်ရဲ့... ကောင်းပါတယ်”


ကျမပုံစံက မခို့တရို့ အားနာပါးနာနဲ့ ပြောမထွက်နေတဲ့ပုံပေါက်နေပါလိမ့်မယ်.....။


“ဒါဖြင့် မောင့်ကို တစ်ခုခုပြောစရာရှိနေလား”


ဒါပဲပေါ့.... ကျမလိုချင်တာ မောင်စကားစပေးဖို့ပဲ... ဒီလိုဆို ကျမသိချင်တာကို မေးလိုက်တော့မည်....။


“ပြောစရာမဟုတ်ဘူး... မေးစရာရှိတာ”


လက်ဆယ်ချောင်းကိုယှက်ပြီး ဆုပ်ထားတဲ့ ကျမပုံစံကို ကြည့်ပြီး မောင်အနားကိုရောက်လာပါသည်...။ ကျမပခုံးကို ညင်သာစွာသိုင်းဖက်ပြီး စကားဆက်လိုက်သည်...။


“ဆိုစမ်းပါဦး ငါ့မိန်းမ....ဘယ်လို အကြောင်းများရှိလို တွန့်ဆုတ်ဆုတ်ဖြစ်နေပါလိမ့်”

“ဟို...ဟိုလေ.... မောင့်အိတ်ထဲမှာ အပြာရောင် လက်သည်းညှပ်ကလေးတစ်ခုတွေ့တယ်.... အဲဒါ ဟိုကောင်မလေး မောင့်ကို မွေးနေ့လက်ဆောင်ပေးထားခဲ့ဖူးတဲ့ တစ်ခုမဟုတ်လား”

“အောင်မလေးဗျာ... ဘာများမေးချင်သလဲလို့....အော် ဒီလက်သည်းညှပ်ကိစ္စနဲ့ ငါ့မိန်းမ ဘယ်နှစ်ရက်လောက်တောင် တစ်ယောက်တည်းကြိတ်ခံစားခဲ့ရသလဲ အမှတ်ကလည်းကြီးပါ့ဗျာ နှစ်တွေဒီလောက်ကြာနေပြီ ...ကဲ မောင်ကိုယ့်ဘာသာကိုယ်ဝယ်သုံးတဲ့ လက်သည်းညှပ်လေးရောမဖြစ်နိုင်ဘူးလား အပြာရောင်လည်းဖြစ်ချင်ဖြစ်နေမယ်လေ...”

မောင်က ကျမနဖူးကို လက်သီးနဲ့ခပ်ဖွဖွထုရင်း ဂရုဏာသက်သွားပုံထောက်သည်...။ ပြီးတော့ ကျမမျက်လုံးတောင့်က ဘယ်ချိန်ကတည်းက တွဲခိုနေမှန်းမသိသည့် မျက်ရည်စက်တွေကို လက်ညိုးနှင့်အသာ တို့ထိပြီးသုတ်ပေးပါသည်..။ မောင်ရှင်းပြမည့် လက်သည်းညှပ်အကြောင်းကို နားမထောင်ခင်မှာပဲ ကျမမောင့်ကို တအားဖက်ထားလိုက်မိသည်...။ ကျမ မောင့်အချစ်ကို ရင်နှင့်အမျှခံစားမိသွားလို့ပါ....။ မောင့်မျက်လုံးဆီမှ တစ်ဆင့် မောင့်ရင်ဘတ်ဆီမှတစ်ဆင့် ကျမခန္ဓာကိုယ်သို့စီးမျောဝင်ရောက်သွားသည်...။

“အဲဒီလက်သည်းညှပ်က သူတစ်ယောက်တည်းပေးခဲ့တာမဟုတ်ပါဘူး ကျန်တဲ့သူငယ်ချင်းတွေနဲ့စုပြီး ဝယ်ပေးကြတာပါ ... မီ...မောင်ပြောပြထားဖူးတာ မေ့သွားပြီထင်တယ် ...။ ခုရုံးအံဆွဲထဲသိမ်းထားတာကို ရုံးက တပည့်တစ်ယောက်ခဏငှားပြီး မောင်ရုံးပြန်ခါနီးအံဆွဲသော့ပိတ်ပြီးမှလာပေးတော့ အိတ်ထဲပဲ အလွယ်တကူကောက် ထည့်လာလိုက်တာ...ဘာမှ လျှောက်တွေးမနေနဲ့ မောင့်ဘဝမှာ မီတစ်ယောက်တည်းပဲရှိတာ.... ယုံတယ်မဟုတ်လား”

မောင်က ကျမလက်ခုံကို နမ်းမွှေးရင်းမေးသည်....။ ကျမခေါင်းညိတ်လိုက်မိသလား မမှတ်မိတော့ပါ....။ ကျမတို့ မိန်းမသားတွေများ ကိုယ့်ယောက်ကျားက အဲလိုလေး တစ်ချက်ချော့လိုက်တာနဲ့ ပျော့သွားကြစမြဲပါပဲ....။

ကျမမောင့်ကို ဆက်ပြီး ပြဿနာရှာသင့်သလား...။ စိတ်ထဲတော့ သိပ်မရှင်းသေး....။ မိန်းမတစ်ယောက်ရဲ့ အတ္တကို မောင်ကမသိကျိုးကျွန်လုပ်ပစ်တတ်တဲ့ နေရာမှာတော့ နှစ်ယောက်မရှိပါပဲ....။ တကယ်ဆို အဲသည်လက်သည်းညှပ်ကလေး မောင့်ဆီမှာ ရှိကို ရှိမနေသင့်တာကို မီလိုမောင်ဘယ်တွေးမိပါ့မလဲ....။


မိုးငွေ့

Wednesday, 27 April 2011

15မိနစ်ကြက်...

                          ကျမ ကြက်သားခုတ်တာ တော်တော်ညံ့သေးတယ်လို့ ၀န်ခံပါတယ်....





ခြောက်ဆယ်သားလောက်(CPကြက်ထက် မြန်မာကြက်ကိုသုံးရင် ပိုကောင်းပါတယ်) ကြက်နုနုတစ်ကောင်ကို ရေစင်စင်ဆေးပြီး ဆားခတ်ထားတဲ့ ရေနွေးဆူဆူထဲကို ဆယ့်ငါးမိနစ်ထည့်ပြုတ်....။ ပြီးရင် ကြက်သားကိုဆယ်ပြီးအဆေးခံထားတဲ့အချိန်မှာ ကြက်သားပေါ် လောင်းထည့်မယ့်ဆော့ကိုလုပ်မယ်....။ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းကို ဓါးပြားရိုက် နုပ်နုပ်စင်းထား ဂျင်းကိုအချောင်းလေးတွေ ပါးပါးလှီး နံနံပင်လှီးပြီး ပန်းကန်ထဲထည့်ထား ...။ အဲဒီထဲကို ပဲပိစပ်ငံပြာရည်အကြည်ရယ် ပဲဆီသန့်သန့်အနည်းငယ်နဲ့ သံပုရာသီးတစ်စိပ်ညှစ်ထည့် မွှေထားလိုက်...။ ကဲ ခုလောက်ဆို ကြက်သားလဲ အေးလောက်ပြီ ..။ ကြက်ကောင်လုံးပြုတ်ကို စဉ်းတုံးခပ်ကျယ်ကျယ်မှာ အသားခုတ်တဲ့ ဓါးမနဲ့ အတုံးလှလှလေးတွေခုတ်ထစ်ပြီး ပန်းကန်ပြားထဲစီထည့် စောစောကလုပ်ထားတဲ့ ဆော့စ်ကိုအပေါ်ကဆမ်းလိုက်....အရသာက အဲဒီဆော့စ်မှာ အဓိကပဲ....။ ဆော့စ်ကောင်းမှ ကြက်သားလဲစားကောင်းမယ်...။


မိုးငွေ့

Monday, 25 April 2011

တို့ဖူးကြော်သုပ်...




တိုဖူးကြည်ကြည်လေးတွေကို တရုတ်တန်းက၀ယ်ခဲ့တယ်...။ အဲဒါလေးကိုမထူမပါးလှီးပြီး ဆီများများထဲ ထည့်ကြော်...။ အအေးခံထားပြီး ကပ်ကြေးနဲ့ ညှပ်ထား ပါလာတဲ့ မြေပဲ ဆီချက် ကြာညို့ ငရုတ်သီးကြော် အချဉ်ရည်တွေကို လောင်းထည့် နံနံပင်နဲ့ ဂေါ်ဖီပါးပါးလှီးထပ်ထည့် မုန်ညင်းစိမ်းချဉ်အဖတ်ရော အရည်ရောထည့်သုပ်လိုက်ဂွတ်ပဲဗျို့.......။

မိုးငွေ့

Saturday, 23 April 2011

ရှမ်းမုန့်တီအရည်

လိုအပ်တာက ခရမ်းချဉ်သီး ပဲပုပ်ချပ် မကျည်းသီး ငရုတ်သီးခြောက်
 ရှမ်းငရုတ်ကောင်း နံနံပင် ရှမ်းနံနံနဲ့ မုန့်ဖတ်



ရှမ်းငရုတ်ကောင်းကိုမွှေးနေအောင်လှော်ထား



ဒါကတော့ ပဲပုပ်မီးကင်ရယ် ငရုတ်သီးခြောက်လှော်နဲ့ ရှမ်းငရုတ်ကောင်းလှော်ကို ညက်နေအောင်ထောင်းထားတဲ့ အမှုန့်



ကဲရပါပြီ...ရှမ်းမုန့်တီအရည်....


ပန်းကန်ထဲကို မုန့်ဖတ်ထည့် မကျည်းသီးနဲ့ခရမ်းချဉ်သီးပြုတ်ထားတဲ့အရည်ဆမ်း သုံးမျိုးစပ်ထောင်းထားတဲ့ အမှုန့်ကိုထည့် နံနံပင်နဲ့ ရှမ်းနံနံဖြူး ဆား အချိုမှုန့်ခပ်ပြီးရင် သောက်လို့ရပြီ...။ ချဉ်စပ်လေးနဲ့ ပဲပုပ်နဲ့ ရှမ်းငရုတ်ကောင်းနံ့မွှေးတေးတေးနဲ့ သောက်လို့ကောင်းတယ်ဗျ...။


မိုးငွေ့

သင်္ကြန်တွင်း ချက်စားဖြစ်သော ...

သာကူနဲ့ ကန်ဇွန်းဥအချိုပွဲ အုန်းသီးဖတ်လေးဖြူး
ပုံကရိုက်တာဝါးသွားတယ်....

မုန့်ကြာစေ့ အုန်းသီးနဲ့

မုန့်ကြာစေ့ အုန်းသီးမပါ

ရေညှိ၊ ခါဂျက်ဥ၊ အသီးစုံငါးချောင်း

ကြက်သားပြုတ်ရည်ဆူဆူထဲကို အပေါ်က အစာပလာတွေထည့်လိုက်
သောက်ခါနီး ငရုတ်ကောင်းလေးခတ်

ပြောင်းမှုန့် ကြက်သားမှုန့် ငရုတ်ကောင်း ဆားနဲ့ နယ်နှပ်ထားတဲ့ ၀က်နံရိုး

ဝက်နံရိုးကြော်ပူပူလေး သုံးဆောင်ပါဦး

ပဲသွေးနဲ့ ၀က်အူချောင်း

ဆီပူပူမှာ ကြက်သွန်နီလေးထည့်မွှေ ပြီးရင် ပဲသွေးနဲ့ ၀က်အူချောင်းထည့်
ပဲငံပြာရည်အကြည် ခရုဆီလေးနဲ့ကြော်...

ပဲသီးတောင့်ရှည် ရေနွေးဖျော.. ကြက်သွန်ဖြူဆီချက်...မြေပဲဆံထောင်း
ကြက်သွန်နီပါးပါးလှီး သံပုရာသီးစတာတွေကို အသင့်ပြင်ထား

သက်သတ်လွတ်ပဲသီးသုပ်တစ်အပွဲရပြီ

မရမ်းသီးဆားစိမ် အစေ့ထုတ် ခရမ်းချဉ်သီးပါးပါးလှီး ကြက်သွန်ဖြူနီ အနှစ်ထောင်း ငရုတ်သီးစိမ်း

အနှစ်ကိုဆီသတ် မွှေးလာရင် ခရမ်းချဉ်သီးထည့်လှိမ့် နွမ်းလာရင် မရမ်းသီးထည့် ဆားလျှော့ထည့် အချိုမှုန့်နည်းနည်းခပ်... အိုးချခါနီး ငရုတ်သီးစိမ်းလေးထည့်လိုက်
ရပြီသက်သတ်လွတ် မရမ်းသီးဆားစိမ် ငါးပိချက်

ပဲပြားကြက်ဥမွှေကြော်အတွက် လိုအပ်တာက
ပဲပြားတစ်တွဲ ကြက်ဥနှစ်လုံးကို ဟင်းခတ်မှုန့်နဲ့ နာနာခေါက်ထား

ခေါက်ထားတဲ့ ကြက်ဥထဲကို ပဲပြားချေထည့် ငရုတ်ကောင်းနည်းနည်းထည့်ပြီး သမထားလိုက်

ဆီဆူဆူမှာ သမထားတဲ့ ကြက်ဥနဲ့ပဲပြားကိုထည့်ကြော်...
ဟော...ပဲပြားကြက်ဥကြော်ရပြီ....

ပဲထောပတ်ချဉ်ဟင်းရည်
ပဲထောပတ်ကိုပြုတ်ထား နူးလာရင် ကြက်သွန်ဖြူနီ ဂျင်းထောင်းထားတာကို ဆီသတ် မဆလာလေးနည်းနည်းဖြူးပြီး ပဲပြုတ်အိုးထဲလောင်းထည့် အပေါ့အငန်မြည်းပြီးငါးမိနစ်လောက်ထည်တည်ထားလိုက်ရင်ရပြီ

ကြက်သွန်ဖြူလေးဆီသတ် နနွင်းလေးနည်းနည်းထည့်ပြီး အတုံးလိုက်လှီးထားတဲ့ ရွှေဖရုံသီးကို ဆယ့်ငါးမိနစ်လောက်နှပ်ထားလိုက် သကြားလေးနည်းနည်းထည့်



မိုးငွေ့

Monday, 18 April 2011

ဖက်ထုပ်ပေါင်း

ဝက်သားနုတ်နုတ်စင်း ဖက်ထုပ်ရွက်နဲ့ ကြက်သွန်မိတ်

ဝက်သားထည့်ပြီး ကြက်သွန်မိတ်လေးနဲ့ လှသပသစည်းထားတဲ့ ဖက်ထုပ်


Popular စာအုပ်ဆိုင်က mini cook ယိုးဒယားဟင်းချက်နည်းစာအုပ်ထဲက ဖတ်ပြီး လုပ်ကြည့်တာပါ....။ ဖက်ထုပ်ရွက်ကို အသစ်ဖွင့်တဲ့ တော်ဝင်စင်တာက မုဒိတာမတ်ကက်မှာဝယ်ပါတယ်....။ နုတ်နုတ်စင်းပြီးသား အသားထဲကို ကြက်သွန်ဖြူ ကြက်သွန်နီသေးသေးစင်းထားတာထည့် ငရုတ်ကောင်း ဆားထည့်ပြီး နုယ်ထားနှပ်ထားရမယ်..။ ဖက်ထုပ်ရွက်ကိုခင်း အသားလေးထည့် ကြက်သွန်မိတ်ကို နည်းနည်းပျော့တာရွေးပြီး ချည်လိုက်...။ ဆယ်ခုကျော်လောက်ဆို... ရေဆူဆူပေါင်းအိုးဇကာထဲထည့်စီ.... ဆယ်မိနစ်လောက်ဆိုရပြီဗျ....။ တွဲဖက်စားရမယ့်အချဉ်ရည်လုပ်နည်းကလဲ လွယ်ပါတယ်....။ ပဲငံပြာရည်အကြည်ထဲကို ပါးပါးနဲ့ အချောင်းချောင်းလှီး ထားတဲ့ ဂျင်းနုနုလေးတွေထည့် သံပုရာသီးတစ်စိပ်ညှစ်လိုက်ရင်ရပြီ...။ ပူပူနွေးနွေး ဖက်ထုပ်ပေါင်းလေးကို အချဉ်ရည်လေးထဲနှစ်ပြီးစား ဂျင်းဖတ်လေးပါစယ်ပြီးစား သိပ်ကောင်းပဲ....။ အချဉ်ပန်းကန်လေးနဲ့ ပေါင်းပြီးသားဖက်ထုပ်က အိုးထဲကမထွက်ခင်မှာ ပါးစပ်ထဲရောက်ကုန်လို့ ဓါတ်ပုံမရိုက်ထားလိုက်မိဘူး....။


မိုးငွေ့

Monday, 11 April 2011

ရွှေရုံးသင်္ကြန်...

စားကြပါဦးရှင့်... မုန့်လုံးရေပေါ်





မုန့်လုံးရေပေါ်လုံးနေကြတာ.... 



ကြက်ရိုးများများနဲ့ကြာဇံချက်   



ရုံးမှာတစ်ခါမှ ဒါမျိုးမလုပ်စားဖူးဘူး သင်္ကြန်ဆို...။ အရင်က ရုံးမှာ မိန်ကလေးနည်းတော့ ရုံးပိတ်ခါနီး ဘဲကင်လေး ဘီယာလေးနဲ့ပဲပြီးတတ်တယ်....။ ဒီနှစ်တော့ မိန်ကလေးအင်အားကလည်းတောင့် ကိုရွှေယောကျာၤးတွေက နယ်ပြန်သူပြန်ဆိုတော့ ရုံးမှာ နှစ်ကူးအကြိုမုန့်လေးလုပ်စားဖို့ ကျမကပဲ ဦးဆောင်လိုက်တယ်...။ တခြားရုံးက အမတွေကိုလဲ ဖိတ်ကျွေးသေးတယ်...။ သူများရုံးက ရွှေရင်အေးတော့ သွားမသောက်ဖြစ်ဘူး....။ အဝေးရောက် အစ်ကိုတွေ မောင်တွေ အစ်မတွေ ညီမတွေအတွက် အလွမ်းပြေအတာသင်္ကြန်ရဲ့ မုန့်လုံးရေပေါ်လေးကို တင်ပေးလိုက်ပါတယ်....။ နှစ်သစ်မှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စွာရှိကြပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်...။ 


မိုးငွေ့

Friday, 8 April 2011

Daily Dislikes

မမသက်ဝေတို့ ခုတလော တော်တော် တဂ်ဖြစ်နေတာ....။ ဒေလီးလိုက်ခ်စ်တုန်းကတော့ လိုက်မရေးဖြစ်ပါဘူး...။ ကိုယ်ရဲ့ တစ်နေ့တာအကြိုက်တွေက သိပ်များလွန်းလို့ စာမျက်နှာဆန့်မယ်မထင်...။ ခုတစ်ခါ မကြိုက်ဆုံးများကိုတော့ ရေးမယ်....ရေးမယ် ရေးချင်တယ်.ကွယ်...။ ကိုယ်ဘာတွေမကြိုက်လဲဆိုတာကို လူသိစေချင်နေတယ်.. အဟဲ...။
  • မနက်မိုးလင်းလာလို့ အိပ်ယာကနေချက်ချင်းထရတာကို မကြိုက်....
  • အိပ်ယာကနိုးလာချိန်မှာ အိုက်စပ်စပ်ဖြစ်နေတာကို မကြိုက်....
  • ရုံးသွားခါနီး မနက်စာကို ဘိုစာနဲ့စားရတာမကြိုက်....
  • ရုံးကိုဖက်ရှင်ကျကျဝတ်မသွားနိုင်တဲ့ နေ့တွေဆို ကိုယ့်ကိုယ်ကိုမကြိုက်...
  • အိမ်ကအထွက် ညကမပြင်ဆင်ထားမိလို့ တွေ့တဲ့ ဖိနပ်ပါးကိုကောက်စီးလိုက်ရတာမကြိုက်...
  • အိမ်ပေါ်ကဆင်းလာလို့ အိမ်ရှေ့မှာ ဓါတ်ဆီကားတွေတန်းစီနေတာကိုတွေ့ရင်မကြိုက်.....
  • ရုံးရောက်လို့ အလုပ်စလုပ်တာနဲ့ အချိန်တိုင်း....ဖုန်းမြည်နေတာကိုမကြိုက်.....(လာသမျှဖုန်းက ကိုယ့်ဖုန်းပဲဖြစ်နေတော့ ကြာလာ ကိုင်ပေါက်ချင်လာတယ်)
  • အလုပ်အားတုန်း မျက်နှာစာအုပ်နဲ့ ကိုယ့်ဘလော့တွေကိုဝင်ကြည့်ဖို့ လိုင်းတွေအမြဲကျနေတာကိုမကြိုက်...
  • ဘလော့ထဲရောက်သွားလို့ ကိုယ့်ပို့စ်တွေမှာ ကွန်မန့်တွေလာရေးကြတာကို မတွေ့ရင်မကြိုက်...(တိတ်တိတ်ကလေး လာဖတ်ပြီး မမန့်သွားတာကို မကြိုက်... မကြိုက် လုံးဝမကြိုက်....)
  • မီးပူတိုက်၊ ပန်းကန်ဆေးရတာကိုလဲ မကြိုက်....
  • ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို မကြိုက်....
  • ချောကလက်မကြိုက်.... ကြက်မောက်သီးမကြိုက်....
  • ငါးကျည်းကြပ်တိုက်ဟင်း လုံးဝမကြိုက်...
  • ပွင့်ပွင့်လင်းလင်းမရှိဘဲ မြုံစိစိလုပ်တတ်တဲ့သူတွေကိုမကြိုက်...
  • မနာလိုဝန်တိုစိတ် စာနာစိတ်မရှိသူကိုမကြိုက်....
  • ဆူညံပူညံ ပွစိပွစိသံတွေကို မကြိုက်....
  • ကိုယ့်ကို pressure လာပေးတာကိုမကြိုက်....
  • ရုံးဆင်း အိမ်ပြန်ချိန် စားပြီးသားထမင်းဗူးတွေကို ပြန်သယ်ရတာမကြိုက်....
  • ညနေ...ကားတိုးစီးရရင် ကားထဲက လူနံ့တွေကိုမကြိုက်.... (အဲဒါကတော့ ငယ်ငယ်ကတည်းက တကယ့်အလာဂျီပဲ လုံးဝမရဘူး ဟန်ကိုမဆောင်နိုင်တာ)
  • အိမ်ရောက်လို့... ရေမချိုးခင် အ၀တ်တောင်းထဲက အ၀တ်တွေပုံနေတာကိုတွေ့ရင်မကြိုက်...
  • ညဘက်တီဗီကြည့်တဲ့အချိန် စကားလာပြောတာကိုမကြိုက်....
  • ညအရမ်းအိပ်ငိုက်နေတဲ့အချိန်မှာ ဇာတ်ကားသိပ်ကောင်းတယ်ဆိုပြီး လာနိုးတာကို မကြိုက်...
  • အိပ်မပျော်ခင် သီချင်းတစ်ပုဒ်နှစ်ပုဒ်နားမထောင်လိုက်ရတာကို မကြိုက်.....(တခါတလေ mp4လေး ဘက်ထရီကုန်နေတဲ့အချိန်)
  • အိပ်မပျော်တဲ့ ညတွေမှာ ဟိုတွေး ဒီတွေး အချိန်ကုန်ပြီး ပို့စ်တစ်ပုဒ်တောင်မရလိုက်တာကို မကြိုက်...
အဲ...အဲ...ရေးရင်း ရေးရင်း....မကြိုက်တာတွေသိပ်များသွားပြီလား...။ ချစ်ခင်စွာတဂ်လာတဲ့ မမသက်ဝေရေ.... ရေးပြီးပါပြီ... ။ ပထမဦးဆုံးလာမန့်ပါ...။ ကွန်မန့်မပေးတာကို မကြိုက်ဆုံးလို့ပြောထားတယ်နော်...း) မိုးငွေ့

သရက်သီးသုပ်

မချစ်စုသရက်သီးကိုခြစ်ထားတာ



ခြစ်ထားတဲ့ သရက်သီးထဲကို ငံပြာရည် ငရုတ်သီးမှုန့် သကြား ဆားနဲ့ ငါးပိမီးဖုတ်ထားတာနည်းနည်း
သရေတောင်ယိုလာပြီ... ကဲ... အားရပါးရ နယ်ဖို့ အဆင်သင့်ပဲ....



အမလေး.......ကောင်းလိုက်တာနော် ဆွေမျိုးမေ့လောက်တယ်.....



တစ်နေ့က ဂျင်းဂျင်း(အင်ကြင်းသန့်)က မျက်နှာစာအုပ်မှာ သရက်သီးစားချင်ကြောင်း ရေးထားတာ တွေ့လိုက်တယ်..။ သူရေးထားတာကိုဖတ်ပြီး ကိုယ်လဲစားချင်လာတာနဲ့ ညဈေးရောက်တုန်း မချစ်စုကို တစ်ထောင်ဖိုး ငါးလုံးဝယ်လာလိုက်တယ်...။ အဟဲ...အရမ်းကိုစားချင်နေလို့ ညစာထမင်းစားပြီးတာနဲ့ သရက်သီးနှစ်လုံးကိုချက်ချင်းခွာပြီး သုပ်လိုက်တာ...။ ကျမသရက်သီးသုပ်က ထမင်းနဲ့စားတဲ့ ကြက်သွန် ဆီချက်ပါတဲ့ အသုပ်မျိုးမဟုတ်ဘူး....။ အအီပြေ သရေစာသဘောမျိုးသုပ်ထားတာ ... ရှူးရှဲ ရှူးရှဲနဲ့ စားကြည့် သိပ်ကောင်းတယ်....။ အဟီးး နောက်နေ့ သွားကျိန်းပြီး ထမင်းမစားနိုင်ရင် တာဝန်မယူဘူးနော်...။


မိုးငွေ့

Monday, 4 April 2011

My Simply White....





အဝါရောင်စည်းကိုကျော်လာပြီးနောက်... ခြင်းတောင်းအနီလေးကို ကောက်ကိုင်ပြီး... ကိုယ်အရင်ဦးဆုံး စတွေ့ရတာက အဝါဖျော့ရောင် ပန်းသစ်တော်တွေ.....။ အစိမ်းရောင်နဲ့.. တောက်ပြောင်နေတဲ့ နီညိုရောင်ပန်းသီးတွေနဲ့ အဝါအနီကြား Gala ပန်းသီးတွေ...။ နောက် အနက်ရောင်စပျစ်သီးတွေ ချယ်ရီတိုမားတိုးတွေ...။ ခြင်းထဲကိုကောက်ထည့်မိတာက အစိမ်းရင့်ရောင်မုန်ညင်းစိမ်းတစ်စည်း...။ ညဘက်ဗိုက်ဆာရင် ခေါက်ဆွဲပြုတ်ထဲထည့်သောက်မယ်...။ အသားငါးတန်းကဖြတ်ပြီး အအေးဗူးဘက်ကို ရောက်သွားတယ်..။ ဟုတ်သားပဲ အိမ်မှာ အအေးကုန်နေပြီ...။ ဂျပန်ကလာတဲ့ အနီရောင်ရဲရဲ ရှားစောင်းလက်ပတ်နဲ့ သလဲသီးဖျော်ရည်ဗူးလေးကိုကောက်ယူထည့်လိုက်တယ်...။ နောက် ... နယူးဇီလန်က အဖြူရောင်ဆွတ်ဆွတ် အဆီထုတ်ထားပြီးသား နို့တစ်ဗူး.. မေမေ့အတွက်...။ ဟင်းချက်စရာ အခြောက်အခြမ်းတန်းမှာ ဝါရွှေရောင် ငါးဆယ်သားဆီတစ်ပုလင်း...။ မြန်မာမုန့်တန်းက ကျောက်စိမ်းရောင် ဆွမ်းမွှေးကျောက်ကျော တစ်တုံး....။ ဘာကျန်သေးလဲ....။ အင်း.. ရေစစ်တစ်ခု...။ ရေစစ်ကိုဘယ်တန်းမှာ ရှာရမှန်းမသိတော့ ပန်းကန်ဆေးရည် ဆပ်ပြာတန်းဘက်ရောက်သွားတယ်...။ ဒါနဲ့ရှာမတွေ့တာနဲ့ ပြန်အထွက်မှာ လျှပ်စစ်ပစ္စည်းတန်းကို တန်းရောက်ရော...။ အသားကြိပ်စက်လေးဝယ်ဦးမှပါလို့ စိတ်ကူးပေါ်တာနဲ့ နို့စိမ်းရောင်နဲ့အဖြူ စပ်ထားတာလေးကို စက်စမ်းခိုင်းပြီးယူလိုက်တယ်...။ ရေစစ်ဘယ်ကယူရမလဲမေးတော့ ပန်းကန်တွေ ဇွန်းခရမ်းတွေရောင်းတဲ့ အတန်းမှာပါတဲ့...။ ဟုတ်ပါ့ စဉ်းတုံးတွေဘေးနာမှာပဲ ဂျုံမှုန့်စစ်တဲ့ ဇကာတွေနဲ့ အတူတူထားတာ...။ အဲဒါလေးတစ်ခုရွေးယူပြီး ပိုက်ပိုက်ရှင်းတော့မယ်ဆိုပြီး ပြန်ထွက်အလာ.... မျက်စိထဲကို အဖြူရောင်အလင်းတန်းကလေးတစ်ခု ဝင်လာတယ်....။ စက္ကန့်ပိုင်းလေးပဲ အဖြူရောင်လေးနဲ့ကိုယ်မျက်နှာချင်းဆိုင် ပခုံးချင်းလွှဲ တစ်ပေလောက်အလိုမှာ (သူက မုန့်လုပ်တဲ့ ပစ္စည်းတန်းထဲကိုအဝင်)... သူရဲ့ အဖြူရောင်အကျီၤ ဘယ်ဘက်အိတ်ကပ် အပေါ်နားလေးကို ခပ်ကြီးကြီးမဟူရာကျောက် အနက်ရောင်လက်စွပ်ဝတ်ထားတဲ့ ကိုယ့်ဘယ်ဘက်လက်ညိုးလေးနဲ့ “ဟိတ်”ဆိုပြီး တို့ထိလိုက်တယ်....။ သူလှည့်ကြည့်ပြီး အံ့အားသင့်သွားတဲ့ သူ့မျက်လုံးဆီက ဖြာထွက်လာတဲ့အလင်းတွေရဲ့ ကွန့်မြူးမှုက ကိုယ့်မျက်ဝန်းဆီကိုတောင် ကူးစက်သွားသလား လို့ထင်ရတယ်...။ ထုံးစံအတိုင်း သူ့အပြုံးကြည်ကြည်လေးပါ တွဲလျက်ပေါ့....။ အဲဒီနေ့ကျမှ ကိုယ့်က သူမြင်ဖူးနေကျပုံစံမျိုးမဟုတ်ဘဲ ဘုရားကအပြန် အနက်ရောက်ရင်ဖုံးလက်တိုနဲ့ ပန်းဖျော့ရောင်အခံမှာ အနက်ရောင်အစက်ပျောက်ကလေးတွေ ပါတဲ့လုံချည်နဲ့ ပြီးတော့ သနားခါးပါးကွက်နဲ့လေ....။ ချွေးတွေနဲ့မို့ ပါးပြင်က သနားခါးပါးကွက်လည်း အသားထဲပျောက်လုနေလောက်ပြီ...။ နောက်ပြီး ဆံပင်အတိုညှပ်ပြီး သရေကွင်းနဲ့ နှစ်ဆင့်စည်းထားတော့ သူ့အမြင်မှာ ကိုယ်ဟာ အထူးအဆန်းဖြစ်နေလိမ့်မယ်...။ ခုတစ်ခါ... ကိုယ်တို့ဆုံတော့လဲ အဖြူရောင်လေးဟာ အဖြူရောင်အကျီၤလေးနဲ့ပါပဲ.....။ “ကျွန်တော်က အဖြူရောင်ဆိုသိပ်ကြိုက်တာ”လို့ သူပြောပြဖူးတာကို မှတ်မိနေတယ်...။ “ဒါပေမယ့် ကျွန်တော့်ဘဝက လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက အဖြူရောင် မဟုတ်တော့ပါဘူး”တဲ့...။ အဲဒါ...ဘာအဓိပ္ပါယ်လဲ ?? ဟင့်အင်းး ကိုယ်မစပ်စုချင်ပါဘူး....။ အဖြူရောင်ဟာ ကိုယ့်အတွက် အမြဲတမ်းအဖြူရောင်ဖြစ်နေရင်ပြီးတာပါပဲ....။ သူနဲ့စကားပြောနေရင်း ခြင်းတောင်းလေးနဲ့ ကောင်တာကိုလှမ်းကြည့်တော့ သူက“ပြန်တော့မလို့လား” တဲ့...။ အင်း...ဟုတ်တယ်လို့ပဲဖြေခဲ့လိုက်တယ်...။ တကယ်ဆို.... အဖြူရောင်လေးနဲ့အတူ ဈေးကူဝယ်ပေးရမှာ ပြီးရင် ကိုယ်တို့ အောက်ထပ်မှာ ကော်ဖီအတူသောက်ရင်းနဲ့လည်း စကားပြောလို့ရသေးသားပဲ...လို့ စိတ်ကူးမိပေမယ့်...ကိုယ့်စိတ်ကူးတွေကို အကောင်ထည်ဖော်ခွင့် မပြုလိုက်ပါဘူး....။ အဖြူရောင်နဲ့ပတ်သက်လာရင် ကိုယ်ဟာ စည်းဘောင်ထဲမှာ အမြဲရှိနေရမယ့် သူပဲလေ.......။ ဝယ်ထားသမျှကို ငွေရှင်းဖို့ကောင်တာမှာတန်းစီးနေတုန်း အဖြူရောင်လေးကို ကိုယ်လည်ပြန်ရှာကြည့်မိသေးတယ်....။ အရောင်စုံတွေကြားထဲမှာ ရိုးစင်းတဲ့အဖြူရောင်လေး ပျောက်ကွယ်မသွားပါဘူး....။ သူ....ကိုယ့်မြင်ကွင်းထဲကနေ ခေတ္တခဏထွက်သွားခဲ့တာပါ.....။ လေးလံနေတဲ့ စိတ်နဲ့ ဝယ်ထားတဲ့ ပစ္စည်းတွေအတွက် ငွေထုတ်ရှင်းလိုက်တယ်....။ အဲဒီနောက် အဝါရောင်စည်းပြင်ဘက်ကို ကိုယ်ထွက်ခဲ့ လိုက်တော့တယ်..။


မိုးငွေ့

အချစ် = အဝါရောင်ပန်းခင်းလေး.....






နည်းနည်းကြမ်းပြီး မတိုမရှည်ဖြစ်နေတဲ့ ကျွန်တော့်ဆံပင်တွေကို လေကတိုက်လိုက် ကျွန်တော့်ကလက်နဲ့ သပ်တင်လိုက်နဲ့ လေထဲပါလာတဲ့ နှင်းတွေကြောင့်စိုစွတ်စပြုနေပြီ....။ ပါးပြင်တွေလဲ အေးစက်ထုံကျင်နေလိုက်တာများ....။

ဂျင်းဘောင်းဘီအိတ်ကပ်ထဲကို မရမကလက်ထိုးထည့်ပြီး ကျွန်တော့်အရပ်ထက်ရှည်နေတဲ့ တစ်သက်မှာ တစ်ခါမှမမြင်ဖူးတဲ့ မြက်ပင်စိမ်းစိမ်းတွေကြားထဲက ဆက်လျှောက်လာမိတယ်...။ အောက်ကိုငုံ့ကြည့်တော့ ကျွန်တော့်အော်စတားလေးမှာ နှင်းတွေနဲ့ မြက်ပင်ပေါက်လေးတွေ ကပ်ညှိနေကြတယ်...။ မြက်ပင်စိမ်းတွေကြားမှာ ဘာပန်းမှန်းသေချာမသိတဲ့ အဝါရောင်တောက်တောက် အပွင့်လေးတွေပွင့်နေကြတာ... လှလိုက်တာဗျာ....။ ကျွန်တော့်မျက်လုံးထဲမှာတော့ တကယ့်ပန်းချီကား တစ်ချပ်လိုပဲ....။ မိုးကောင်းကင်ကြီးကတော့ နှင်းမြူမှုန်တွေနဲ့ မီးခိုးရောင်ဖျော့ဖျော့လေး.... ကျွန်တော့်ဘေးပတ်ပတ်လည်မှာတော့ အစိမ်းရောင်လွင်ပြင်ကျယ်ထဲမှာ အဝါရောင် အစက်အပျောက်လေးတွေ.... ကျွန်တော်ကသာ ဂျင်းပင်အပြာနဲ့ အဖြူရောင်ရှပ်လက်ရှည်လေး ဝတ်ထားတာ...။ တကယ်ဆို ဒီရာသီဥတုနဲ့ အပေါ်ဝတ်လေးတော့ ယူလာသင့်တယ်....။

ရှေ့နားမှာ ရေစီးသံတွေကြားနေရတယ်....။ ကျွန်တော်လိုက်ရှာနေတဲ့ ရေခဲမြစ်ပဲဖြစ်မှာပါ....။ အဲဒီရေခဲမြစ်ရဲ့တစ်ဘက်ကမ်းမှာ သူမ ကျွန်တေ်ာ့ကိုစောင့်နေမှာ....။ ဟော....တွေ့ပါပြီ... ချောက်ကမ်းပါးနက်ကြီး အောက်မှာစီးဆင်းနေတဲ့ မြစ်....။ ပြီးတော့ ငွေမှင်ရောင် တံမြက်စည်းပင်တွေ ကြားထဲက သူမ.....။ မြစ်ကမ်းနဖူးမှာ သူမဒူးထောက်လျက်... ကျွန်တော်ကို စိုက်ကြည့်နေတယ်..။ သူမပြောခဲ့ဖူးတဲ့ အရုပ်သဏ္ဍန်တိုင်း တသွေမသိမ်းပါပဲ....။ နည်းနည်းဝေးတယ်ဆိုပေမယ့် ... စိမ်းဖန့်ဖန့်သူမမျက်ဝန်းတွေကို မြင်နေရတယ်....။ သူမမျက်ဝန်းတွေက လွမ်းဆွေးရိပ်တွေ သန်းနေတယ်...။ သူမ ခေါင်းကခြုံပုဝါလေး လေအဝေ့မှာ.... ကျွန်တော့်ဆီလွင့်လာတယ်...။ အဖြူရောင်ပဝါလေးကို ကျွန်တော်ဖမ်းဆုပ်ကိုင်လိုက်မိတယ်...။ လေထဲလွင့်နေတဲ့ သူမရဲ့ရှည်လျားတဲ့ ငွေမှင်ရောင် ဆံပင်တွေက တံမြက်စည်းပင်ရောင်တွေနဲ့ ရောထွေးနေတယ်...။ သူမအသားတွေက နှင်းပွင့်တွေလိုပဲ ဖြူဖွေးနေတယ်.....။ တစ်ခါက သူမပြောဖူးတဲ့ သေမင်းရဲ့ တမန်တော်သရုပ်မျိုးပါပဲ...။ တကယ်ပဲ သူမအဲဒီအတိုင်း ပြင်ဆင်လာခဲ့သလား....။ ကျွန်တော့်ရင်ခွင်ထဲရောက်နေတဲ့ ပဝါလေးကြောင့် နွေးနွေးထွေးထွေးလေး ဖြစ်သွားတယ်လို့ ခံစားလိုက်ရတယ်...။ သူမ ကျွန်တော့်ကို လက်ဝှေ့ရမ်းပြပြီး တစ်ခုခုအော်ပြောနေတယ်...။ ဒါပေမယ့် ဘာအသံမှမကြားရပါဘူး....။ ရေစီးသံတွေနဲ့ ရောသွားလို့များလား....။ သူမနောက်တစ်ကြိမ်ကြိုးစား အော်ခေါ်နေတာတွေ့ရတယ်...။ ဒီတစ်ခါလည်း ဘာအသံမှာမကြားရဘူး....။ သူမ ဂါဝန်စလေးကိုမပြီး ဟိုဘက် ဒီဘက် ပြေးနေတာကိုတွေ့တယ်....။ ကျွန်တော့်အမြင် အာရုံရှေ့ကို မြူခိုးတိုက်တွေ ပိတ်ဆီးလိုက်တယ်.....။

ကျွန်တော် လန့်နိုးလာခဲ့တယ်....။ နှုတ်ခမ်းတွေ ခြောက်သွေ့နေလို့ လျှာနဲ့သပ်ရင်း ရေတစ်ခွက် သောက်လိုက်တယ်...။ အိပ်မက်ထဲမှာ သူမ ကျွန်တော့်ကို အဖြူရောင်ပုဝါလေးလာ ပေးသွားတယ်ဆိုတဲ့ အဓိပ္ပါယ်က ကျွန်တော့်အပေါ်ထားတဲ့ သူမရဲ့ အဖြူရောင်အချစ်ကို ကျွန်တော့်ဆီမှာ အပြီးပိုင်ထားသွားတဲ့ သဘောလားဗျာ....။


မိုးငွေ့