Monday, 4 April 2011

အချစ် = အဝါရောင်ပန်းခင်းလေး.....






နည်းနည်းကြမ်းပြီး မတိုမရှည်ဖြစ်နေတဲ့ ကျွန်တော့်ဆံပင်တွေကို လေကတိုက်လိုက် ကျွန်တော့်ကလက်နဲ့ သပ်တင်လိုက်နဲ့ လေထဲပါလာတဲ့ နှင်းတွေကြောင့်စိုစွတ်စပြုနေပြီ....။ ပါးပြင်တွေလဲ အေးစက်ထုံကျင်နေလိုက်တာများ....။

ဂျင်းဘောင်းဘီအိတ်ကပ်ထဲကို မရမကလက်ထိုးထည့်ပြီး ကျွန်တော့်အရပ်ထက်ရှည်နေတဲ့ တစ်သက်မှာ တစ်ခါမှမမြင်ဖူးတဲ့ မြက်ပင်စိမ်းစိမ်းတွေကြားထဲက ဆက်လျှောက်လာမိတယ်...။ အောက်ကိုငုံ့ကြည့်တော့ ကျွန်တော့်အော်စတားလေးမှာ နှင်းတွေနဲ့ မြက်ပင်ပေါက်လေးတွေ ကပ်ညှိနေကြတယ်...။ မြက်ပင်စိမ်းတွေကြားမှာ ဘာပန်းမှန်းသေချာမသိတဲ့ အဝါရောင်တောက်တောက် အပွင့်လေးတွေပွင့်နေကြတာ... လှလိုက်တာဗျာ....။ ကျွန်တော့်မျက်လုံးထဲမှာတော့ တကယ့်ပန်းချီကား တစ်ချပ်လိုပဲ....။ မိုးကောင်းကင်ကြီးကတော့ နှင်းမြူမှုန်တွေနဲ့ မီးခိုးရောင်ဖျော့ဖျော့လေး.... ကျွန်တော့်ဘေးပတ်ပတ်လည်မှာတော့ အစိမ်းရောင်လွင်ပြင်ကျယ်ထဲမှာ အဝါရောင် အစက်အပျောက်လေးတွေ.... ကျွန်တော်ကသာ ဂျင်းပင်အပြာနဲ့ အဖြူရောင်ရှပ်လက်ရှည်လေး ဝတ်ထားတာ...။ တကယ်ဆို ဒီရာသီဥတုနဲ့ အပေါ်ဝတ်လေးတော့ ယူလာသင့်တယ်....။

ရှေ့နားမှာ ရေစီးသံတွေကြားနေရတယ်....။ ကျွန်တော်လိုက်ရှာနေတဲ့ ရေခဲမြစ်ပဲဖြစ်မှာပါ....။ အဲဒီရေခဲမြစ်ရဲ့တစ်ဘက်ကမ်းမှာ သူမ ကျွန်တေ်ာ့ကိုစောင့်နေမှာ....။ ဟော....တွေ့ပါပြီ... ချောက်ကမ်းပါးနက်ကြီး အောက်မှာစီးဆင်းနေတဲ့ မြစ်....။ ပြီးတော့ ငွေမှင်ရောင် တံမြက်စည်းပင်တွေ ကြားထဲက သူမ.....။ မြစ်ကမ်းနဖူးမှာ သူမဒူးထောက်လျက်... ကျွန်တော်ကို စိုက်ကြည့်နေတယ်..။ သူမပြောခဲ့ဖူးတဲ့ အရုပ်သဏ္ဍန်တိုင်း တသွေမသိမ်းပါပဲ....။ နည်းနည်းဝေးတယ်ဆိုပေမယ့် ... စိမ်းဖန့်ဖန့်သူမမျက်ဝန်းတွေကို မြင်နေရတယ်....။ သူမမျက်ဝန်းတွေက လွမ်းဆွေးရိပ်တွေ သန်းနေတယ်...။ သူမ ခေါင်းကခြုံပုဝါလေး လေအဝေ့မှာ.... ကျွန်တော့်ဆီလွင့်လာတယ်...။ အဖြူရောင်ပဝါလေးကို ကျွန်တော်ဖမ်းဆုပ်ကိုင်လိုက်မိတယ်...။ လေထဲလွင့်နေတဲ့ သူမရဲ့ရှည်လျားတဲ့ ငွေမှင်ရောင် ဆံပင်တွေက တံမြက်စည်းပင်ရောင်တွေနဲ့ ရောထွေးနေတယ်...။ သူမအသားတွေက နှင်းပွင့်တွေလိုပဲ ဖြူဖွေးနေတယ်.....။ တစ်ခါက သူမပြောဖူးတဲ့ သေမင်းရဲ့ တမန်တော်သရုပ်မျိုးပါပဲ...။ တကယ်ပဲ သူမအဲဒီအတိုင်း ပြင်ဆင်လာခဲ့သလား....။ ကျွန်တော့်ရင်ခွင်ထဲရောက်နေတဲ့ ပဝါလေးကြောင့် နွေးနွေးထွေးထွေးလေး ဖြစ်သွားတယ်လို့ ခံစားလိုက်ရတယ်...။ သူမ ကျွန်တော့်ကို လက်ဝှေ့ရမ်းပြပြီး တစ်ခုခုအော်ပြောနေတယ်...။ ဒါပေမယ့် ဘာအသံမှမကြားရပါဘူး....။ ရေစီးသံတွေနဲ့ ရောသွားလို့များလား....။ သူမနောက်တစ်ကြိမ်ကြိုးစား အော်ခေါ်နေတာတွေ့ရတယ်...။ ဒီတစ်ခါလည်း ဘာအသံမှာမကြားရဘူး....။ သူမ ဂါဝန်စလေးကိုမပြီး ဟိုဘက် ဒီဘက် ပြေးနေတာကိုတွေ့တယ်....။ ကျွန်တော့်အမြင် အာရုံရှေ့ကို မြူခိုးတိုက်တွေ ပိတ်ဆီးလိုက်တယ်.....။

ကျွန်တော် လန့်နိုးလာခဲ့တယ်....။ နှုတ်ခမ်းတွေ ခြောက်သွေ့နေလို့ လျှာနဲ့သပ်ရင်း ရေတစ်ခွက် သောက်လိုက်တယ်...။ အိပ်မက်ထဲမှာ သူမ ကျွန်တော့်ကို အဖြူရောင်ပုဝါလေးလာ ပေးသွားတယ်ဆိုတဲ့ အဓိပ္ပါယ်က ကျွန်တော့်အပေါ်ထားတဲ့ သူမရဲ့ အဖြူရောင်အချစ်ကို ကျွန်တော့်ဆီမှာ အပြီးပိုင်ထားသွားတဲ့ သဘောလားဗျာ....။


မိုးငွေ့

5 comments:

ညိမ်းနိုင် said...

အွန်..ဒီပို့စ်က ပထမို့ပို့စ် အိန်ဂျယ်ရဲ့ အဆက်လား..ဒါမှမ ဟုတ်..ပြောင်းပြန်ပို့စ်လား...၊ပို့စ်နှစ်ခုကို ခုလိုဆက်စက်
ပြီးရေးတဲ့ အိုင်ဒီယာလေးကမိုက်တယ်..။

Cameron said...

ဟုတ်တယ်...ဒီတစ်ပုဒ်က ပျောက်ဆုံးနေတဲ့ အိန်ဂျယ်အတွက် ကောင်လေးဘက်ကအမြင်ကို ပြန်ရေးထားတာ...။ မောင်လေးပြောသလို ပြောင်ပြန်ပို့စ်ပေါ့...။ ကျေးဇူး...အားပေးတဲ့အတွက်..း)

ခင်တဲ့
မိုးငွေ့

Angelhlaing(May everybody be happy and healthy! said...

အရမ်းဖတ်လို့ကောင်းတယ်မမရေ..
ပြိးသွားမှာတောင်ဆိုးမိတယ်...
အရေးအသားအားကျလျှက်...
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

ရွှေရတုမှတ်တမ်း said...

essay လေးတွေကောင်းတယ်...သူငယ်တောင်ပြန်ချင်လာပြီ...

အဖြူရောင်နတ်သမီး said...

နုတယ်မမိုးရေ...
အပြီအပြင်ကို ခံစားသွားတယ်နော်...
အစဉ်အားပေးလျှက်...