Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, 15 June 2026

နှုတ်ဆက်လိပ်ပြာ.....

 



ဒီကမ္ဘာကို ကျမတို့ တစ်ခေါက်ပဲလာခွင့်ရတာပါ.....

နောင်နှစ်ပေါင်း တစ်ရာကြာရင် ရှင်ရော ကျမရော ရှိတော့မှာမဟုတ်ပါဘူး 

တစ်သက်လုံးရုန်းကန်ခဲ့ပေမယ့် ကျမတို့နဲ့အတူ ဘာကိုမှတပါထဲ သယ်သွားလို့မရပါဘူး...

စွဲလမ်းခဲ့သမျှ အချစ် အမုန်း အငြိုး အာဃာတတွေကိုလည်း သယ်သွားလို့မရဘူး

ဘဝက တိုတိုလေးပါ

ဒါကြောင့် စားချင်တဲ့အရာကိုစားပါ

တွေ့ချင်တဲ့သူကိုတွေ့ပါ

နှစ်သက်တဲ့ အလှအပတွေကို ကြည့်ပါ

ဝါသနာပါရာ အလုပ်ကိုလုပ်ပါ

ဘဝဆိုတာ မူလကတည်းက ပျက်စီးခြင်းသဘောတရားပါ 

ရှေ့ဆက်ရမယ့် အချိန်က သိပ်မရှိတော့ဘူး

အချိန်တွေ ကုန်ဆုံးသွားတဲ့အခါ အရာအားလုံးကို ကျမတို့ လက်လွှတ်နိုင်ရမယ်

လူ့လောကမှာ လူမျိုးစုံ ပုံစံမျိုးစုံနဲ့ဆုံတွေ့ရမှာပါပဲ 

လူကောင်းတွေက သင့်ကို ပျော်ရွှင်မှုပေးတယ်

လူဆိုးတွေက အတွေ့အကြုံပေးတယ်

အဆိုးဆုံးလူက သင်ခန်းစာပေးပြီး တွေ့ဆုံမှုအားလုံးဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး

ဝင်လာတဲ့ သူကို တန်ဖိုးထားပါ

ထွက်သွားမယ့်သူကိုလည်း လွှတ်ပေးလိုက်ပါ

ဆုံးရှုံးရမှာကို မကြောက်ပါနဲ့

နာကျင်ရမှာကိုလည်း မကြောက်ပါနဲ့

ဘာလို့လဲဆိုတော့ သင့်ကိုနာကျင်စေတဲ့အရာကလည်း သင့်ဘဝရဲ့ ကံကြမ္မာတစ်ခုမိုလို့ပါ.....။       ။

# Crd





မိုးငွေ့


Wednesday, 8 October 2025

Hello .....




မာယာများတဲ့ လိပ်ပြာတစ်ကောင်

ညသန်းခေါင်ယံမှာ ငါဆီရောက်လာတယ်

ဟိုအရင်ချိန်တွေတုန်းကတော့

ငါလက်ဖဝါးပေါ် လာနားခဲ့ဖူးတဲ့

ငါ့ဆီကနေ ဘယ်ကိုမှမပျံသန်းချင်ခဲ့တဲ့

အဝါရောင်လိပ်ပြာတစ်ကောင်ပေါ့

တကယ်တော့ .....

သားကောင်ကိုစောင့်ဖမ်းတဲ့မုဆိုး

ခုတော့.....

မာယာများတဲ့ လိပ်ပြာတစ်ကောင်ဆီက

Hello ဆိုတဲ့အသံကိုတောင်

ငါမမှတ်မိချင်တော့ဘူး.....။       ။



Monday, 2 June 2025

(သတိရခြင်းဆိုတာ)


လွတ်လပ်တယ်

တိကျသေချာတယ်

သိုဝှက်ဟန်ဆောင်မှုကင်းတယ်

လုံခြုံတယ်

အချက်အလက်ပြည့်စုံတယ်

ဒါပေမယ့်

အထီးကျန်ဆန်တယ်

၀မ်းနည်းစရာကောင်းတယ်

မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်

အဆိုးဆုံးကတော့

တစ်ဖက်သတ်ဆန်တယ်။               ။

(အယ်ဖြူ)

( ၁၉၇၂ - ၂၇၊ မေ၊ ၂၀၀၄ )


မှတ်ချက်။          ။ ဦးကျားကြီး(ဆရာကျောင်း) စာမျက်နှာကယူလာတာ 



Wednesday, 23 April 2025

ဝေးပြီးတဲ့နောက်မှာ.....




သူပျော်နေတယ်လို့ စိတ်ထဲမှာ

ယုံထားလိုက်တယ်

နောက်ထပ် ဘာမှမသိရ မတွေ့ရ

မကြားရအောင် နေတယ်

ကိုယ့်စိတ်ကို ပျော်အောင်ထားတယ်

တတ်နိုင်တဲ့အခါ ရယ်တယ်

မတတ်နိုင်တဲ့အခါ ငိုတယ်

မနေ့ကထက် ဒီနေ့ပိုလှအောင် ပြုံးတယ်

သတိရတဲ့အခါ ကြယ်တွေကို ငေးတယ်

အိပ်မက်ဟာ အိပ်မက်ပဲဆိုတဲ့အကြောင်း

ကြိုးစားလက်ခံလိုက်တယ်

အမှတ်တရတချို့ ပြန်တွေ့ရရင်

ကိုယ့် 
memory ထဲမှာပဲ

ဘယ်သူမှ မမြင်အောင်

တိတ်တိတ်ကလေး သိမ်းထားတယ်

ချစ်ခြင်းမေတ္တာဆိုတာကို စကားလုံးအဖြစ်နဲ့

ကဗျာထဲမှာ သုံးရုံလောက်ပဲ အာရုံရှိတော့တယ်

ဖြတ်မျဉ်းတစ်ကြောင်းလို

ကိုယ့်ဆီမှာ ခဏတာ

ရေစက်လာဆုံပေးတဲ့အတွက်လည်း

တစ်သက်စာ ကျေးဇူးတင်တယ်

ကြီးကြီးမားမားတွေ မလုပ်ပြချင်ပေမယ့်

တခမ်းတနားတော့ တိတ်ဆိတ်ပြချင်တယ်


Wednesday, 6 March 2024

နှစ်ကိုယ်ခွဲ......


 

အမှောင်ထုရဲ့ အလင်းပြပြမှာ

အရိပ် နှစ်ခု, လှုပ်ရှားမှု ရစ်ပတ်နွယ်ဝင်

တစ်ကိုယ်က နင့်ကို နာကျည်း စက်ဆုတ် ရွံရှာသူ....

နောက် တစ်ကိုယ်က 

နင့်ကို သေသည်အထိမေ့မရ စွဲလမ်း ချစ်မက်သူ ....


မိုးငွေ့

1:53 am



Tuesday, 23 January 2024

ဝင်းမြင့်၏အချစ်ကဗျာများ(၃).....




ရန်ကုန်မြို့ထဲကနှင်း

ဒီနှစ်
ပထမဆုံးကျတဲ့ နှင်းလို့ ပြောတာပဲ
ကိုယ်စုံစမ်းကြည့်တော့
မနှစ်က နှင်းတွေ
သို့မဟုတ်
စာမျက်နှာပေါ်ကနှင်းတွေ
ရုပ်ရှင်ထဲကနှင်းတွေ.....။      ?



ပြတင်းအပြင်ကိုလွတ်ထွက်သွားတဲ့ အကြည့်က
ရွှဲစိုပြီး ပြန်ဝင်လာတယ်
မိုးရွာထဲ နှင်းက ဘယ်ပျောက်သွားပါ့မလဲ
မိုးတိတ်ရင်တွေ့ရမှာပဲ
တောင်ကြီးက ရှိပြီးသားပါ
မြေပြန့်က မိုးကိုခေါ်လာသူ
နှင်းတွေကိုယူသွားမလို့လား
တစ်ဦးမေတ္တာ တစ်ဦးမှာ
နိုင်သလောက် ယူသွားလေ
ဆိုလာသူ။    ။


နှင်းတောတိုးခြင်း

ငါ့ရဲ့ငွေနှင်းမှုန်ရေ....
ဖျာအောက်က အမှိုက်တွေကိုပဲ
ငါပြန်ဆွဲထုတ်မိပြီလား
ဒီကိစ္စ တချို့က တယောထိုးကြ
လှေကားထစ်တွေကို အတက်အဆင်း ပြုလုပ်ကြ
ဒဏ်ရာနဲ့ဆေးကို လဲလှယ်ကြသလိုမျိုးနဲ့

အဲဒီတော့ ငါ့မှာဆီမရှိတဲ့ ခွေးသွားစိပ်တွေကို ဆီဖြည့်တယ်
ဓါတ်ဘောလုံးကို လေထိုးတယ်
ပြတင်းပေါက်တွေ နေရာပြောင်းချိတ်တယ်
ငါ့အရိပ်ကိုလည်း ဆေးရောင်တစ်မျိုးပြောင်းသုတ်တယ်
ပြီးတော့ ခုန်အုပ်ဖို့ ကြည့်လိုက်တော့
နှင်းတွေက တောင်ကြားထဲမှာ မုဆိုးဒူးထောက်ထိုင်လို့
ငါအရောက်မြန်လို့ပဲ
 အိပ်မက်ထဲက ငါ့ကိုယ်ငါ ပုတ်နှိုးပြီး
ပြန်ရောက်လာခဲ့တယ်....။    ။



လေနဲ့အတူလွင့်ခြင်းသို့

နံရံကို တက်တခေါက်ခေါက်နဲ့ ခေါက်မကြည့်နဲ့ဦး
ထောင်ချောက်ကို ပန်းနဲ့ပေါက်ခြင်းများနဲ့
ရယ်သွမ်းသွေးတဲ့ အသံလေးဟာ ပရိယာယ်ပဲ...။

မြင်းကောင်ရေအားတွေ မရေတွက်နိုင်သော်လည်း
မဂ္ဂါဝပ်တွေ ကိုယ့်ခေါင်းပေါ် ဖြတ်သွားပေမယ့်
ငှက်ကလေးတွေက သံသာကျူးရင့်ဆဲ....။

ကိုယ့်ကို ကျောပေးထိုင်နေတာလား
ကိုယ်က ကျောပေးထိုင်နေမိသလား
နေဝင်ချိန်များလည်း ဘယ်သူမပြုမိမိမှုပဲ
ရနံ့စူးစူး
ကျူးကျော်နေထိုင်ခွင့်ရသော
ဆူးပေါ်မှ ထလာတဲ့ အနမ်းချည်းသက်သက်...။

ငါလွှတ်ချပြီး
ငါ ပြန်ကောက်ခဲ့
ငါဆောက်တည်ရာမဲ့
သစ်ရွက်ကြွေ။      ။


ချစ်ကြောင်းဆိုပြခြင်း

ကိုယ့်ကိုယ်ကို အာမခံပြီး ထိုးမြဲလက်မှတ်က
မြစ်ကို ဖြတ်ကူးဖို့တောင် မလုံလောကခဲ့ဘူး

လမ်းတစ်ဝက်
အချစ်တစ်ဝက်
နိဗ္ဗာန်တစ်ဝက်

နောက်ထပ်
တို့ကူးရဦးမယ့်
စိတ်တွေ.....။     ။




__________________

Revolution will prevail
မိုးငွေ့


Saturday, 6 January 2024

ခံစားမိသော စစ်ငြိမ်းနှင့် ဖရောဆန် ကဗျာများ.....


ဘယ်သူ့ဆီကပဲ ဖြစ်ဖြစ်
သတိရတယ်ဆိုတဲ့ စကား ကြားချင်တယ်
ဘယ်ရောက်နေလဲဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ဖြစ်
ဘာလုပ်နေလဲ ဆိုတာမျိုးပဲ ဖြစ်ဖြစ်
တစ်ယောက်ယောက် က
ကိုယ့်ကို သတိရနေတယ်ဆိုတဲ့စိတ်မျိုးနဲ့
ခဏလောက်ဖြစ်ဖြစ် နေ ထိုင် ချင် တယ် ။

#စစ်ငြိမ်း




လူတစ်ယောက်ကို မပိုင်ဆိုင်ဖူးဘဲနဲ့တောင်
ဆုံးရှုံးရတာ အံသြစရာပဲ...။

☁  || စစ်ငြိမ်း




ချစ်သော . . .  Emily

ဘယ်တော့မှ ပြန်မတွေ့သင့်တော့တဲ့ လူတွေ
ဘယ်တော့မှ ပြန်မစဉ်းစားသင့်တော့တဲ့ အကြောင်းအရာတွေ
ဘယ်တော့မှ ပြန်မသွားသင့်တော့တဲ့ မြို့နဲ့
ဘယ်တော့မှ ပြန်မကြည့်သင့်တော့တဲ့ ရုပ်ရှင်တွေ
ဘယ်တော့မှ ထပ်မဆိုသင့်တော့တဲ့ သီချင်း
ဘယ်တော့မှ ပြန်မဖတ်သင့်တော့တဲ့ ကဗျာ
ဘယ်တော့မှ မမက်သင့်တော့တဲ့ အိပ်မက်များ
ဘယ်တုန်းကမှ မရှိခဲ့တဲ့ အရာတွေလို
အဲ့လိုမျိုး
ကိုယ်မေ့ပစ်လိုက်တော့မလို့ . . .

#စစ်ငြိမ်း




မင်းကို  အစကနေ ပြန်သိကျွမ်းချင်တယ်
ပြီးရင် ချစ်တယ်လို့ မပြောတော့ဘူး ။

🥀
#စစ်ငြိမ်း




                 
စာအုပ်တစ်အုပ်ကို အတူတူဖတ်ရင်း
မင်းပါးလေးကို ဖြတ်ခနဲနမ်းလိုက်ဖို့ 
သံသရာထောင့်တစ်နေရာမှာ 
ကိုယ်စောင့်နေမှာပေါ့....။😌

#စစ်ငြိမ်း




ဝေးပြီးနောက်
မင်းကို ကိုယ်မတွေ့နိုင်တော့တဲ့အထိ
အဲ့မြို့လေးဟာ ကျယ်လွန်းခဲ့တယ် ။




' ဝေးပြီးတဲ့နောက်မှာ… … '

သူပျော်နေတယ်လို့ စိတ်ထဲမှာ

ယုံထားလိုက်တယ်

နောက်ထပ် ဘာမှမသိရ မတွေ့ရ

မကြားရအောင် နေတယ်

ကိုယ့်စိတ်ကို ပျော်အောင်ထားတယ်

တတ်နိုင်တဲ့အခါ ရယ်တယ်

မတတ်နိုင်တဲ့အခါ ငိုတယ်

မနေ့ကထက် ဒီနေ့ပိုလှအောင် ပြုံးတယ်

သတိရတဲ့အခါ ကြယ်တွေကို ငေးတယ်

အိပ်မက်ဟာ အိပ်မက်ပဲဆိုတဲ့အကြောင်း

ကြိုးစားလက်ခံလိုက်တယ်

အမှတ်တရတချို့ ပြန်တွေ့ရရင်

ကိုယ့်memoryထဲမှာပဲ

ဘယ်သူမှ မမြင်အောင်

တိတ်တိတ်ကလေး သိမ်းထားတယ်

ချစ်ခြင်းမေတ္တာဆိုတာကို စကားလုံးအဖြစ်နဲ့

ကဗျာထဲမှာ သုံးရုံလောက်ပဲ အာရုံရှိတော့တယ်

ဖြတ်မျဉ်းတစ်ကြောင်းလို

ကိုယ့်ဆီမှာ ခဏတာ

ရေစက်လာဆုံပေးတဲ့အတွက်လည်း

တစ်သက်စာ ကျေးဇူးတင်တယ်

ကြီးကြီးမားမားတွေ မလုပ်ပြချင်ပေမယ့်

တခမ်းတနားတော့ တိတ်ဆိတ်ပြချင်တယ်





စီးကရက်သောက်မယ်
သူက အသက်ကိုတိုစေတယ်
ငါတို့အကြာကြီးဝေးမနေရတော့ဘူးပေါ့

#စစ်ငြိမ်း


__________________
Revolution will prevail
မိုးငွေ့



Monday, 21 August 2023

ဝင်းမြင့်၏အချစ်ကဗျာများ(၂).....


 



အဝါရောင်လွမ်းချင်း

မီးကြွင်းကို
ပြာဖုံးပြီး
ကိုယ့်နှလုံးသားနဲ့ ခပ်ထည့်ခဲ့ပါတယ်...။

ပင့်ကူအိမ်လို
ဧည့်သည်ကို ဖမ်းစားတတ်တဲ့ အလွမ်းများကလည်း
ဒီမြို့မှာ အဆိပ်တက်ဖူးပါရဲ့...။

ဆက်သွယ်ရန် ရှိ မရှိ
သို့သော်မသိရတော့ပါ...။

လိပ်စာ
အိမ်နံပါတ်
လမ်းနာမည်
၂၀၀၁ ပြည့်နှစ်...။

အိမ်ရှေ့က ဖြတ်လာတော့
ပိတောက်ပင်အရိပ်ကြီးက ရုတ်တရက် ဝုန်းခနဲ
တစ်ကိုယ်လုံး ဝါထိန်သွားပါတော့တယ်...။        ။


မျက်ရည်များသင်ကြားခြင်း

ခြံစည်းရိုး အုတ်တံတိုင်းပေါ်မှာ
ကြေကွဲစရာအပြည့်နဲ့ ပုလင်းကွဲတွေ....။

မီးခြစ်ဆံဘူးထဲကလို
ကိုယ်တို့မှာ ထတောက်ဖို့လွယ်တဲ့ ထိပါးမှုနဲ့ပေါ့...။

သံပြိုင်တေးက 
ဝက်မှေး မှေးနေတဲ့ကောင် အမွေးနုတ်ခံရတာပဲ....။

မျက်ရည်ယိုစရာ ဗုံးမလို
သေဖို့ နတ်မလို....။

တို့ချစ်ခြင်းက
သူတို့ ချစ်ခြင်းနဲ့ တူစရာမလို.....။         ။



တောင်ဇလပ်နီနီ

မခူးနဲ့ဆိုလည်း
မပန်ရရုံပဲ....။

သူ့တစ်ပင်လုံးတော့
ပန်ထားတာဝေလို့
တောင်ဇလပ်နီနီ...။            ။



မပျော်တဲ့အရောင်

မပျော်တဲ့ အဝါရောင်အတွက်
ခြံထောင့်မှာ ထောင်ပြီး
ပိတောက်ပင် စိုက်မယ်...။

ပိတောက်ပွင့်ရင်
ပိတောက်ပန်းတွေပို့မယ်..။

ပိတောက်တွေမပွင့်ခင်
အဝါရောင်ကို ကိုယ်သိမ်းထားမယ်....။       



ဇာတ်ညွှန်း

သံစဉ်တွေလိုပဲ
စကားလုံး အဖွင့်အပိတ်တွေပေါ့
ပြီးတော့ အလင်းနဲ့အမှောင်
ရှောင်လို့မရတဲ့ လမ်းကျဉ်းများ
ဆုံခဲ့ကြတယ်
ပြန်ဝေသွားတယ်
မနက်ဖြန် ရောက်လာမယ်
သီချင်းနားထောင်မယ်
စာတစ်ပုဒ်ရေးမယ်
ပန်းချီကို နားလည်ကြည့်မယ်
တဖြေးဖြေးနဲ့
မပြေးပါနဲ့.....။            ။



_________________
Revolution will prevail
မိုးငွေ့

Wednesday, 26 July 2023

ဝင်းမြင့်​၏အချစ်ကဗျာများ(၁).....

လိုရာကို လွတ်လပ်စွာပြန်သန်းပါ လိပ်ပြာငယ်


ကျမကို ကျမစာအမြဲလာဖတ်တဲ့မိတ်ဆွေတစ်ယောက်က ဝင်းမြင့်ရဲ့ ကဗျာစာအုပ်ဖတ်ကြည့်ဖို့အကြံပေးတာနဲ့ ကဗျာစာအုပ်တန်းမှာသွားရှာတော့ နှစ်အုပ်ရလာခဲ့တယ်...။ အခုကျမ ဝင်းမြင့်ရဲ့ အချစ်ကဗျာဆိုတဲ့ ကဗျာတိုပေါင်းရာနဲ့ချီတဲ့ထဲက ကျမအနှစ်သက်ဆုံး ကဗျာတွေကို အပိုင်းစဉ်အလိုက်တင်ပေးသွားချင်ပါတယ်...။ ကဗျာကိုချစ်ပေမယ့် ကဗျာတစ်ပုဒ်ဖြစ်ဖြစ်မြောက်မြောက်ရေးဖို့ အဖြစ်မရှိခဲ့တဲ့ ကျမကိုယ်ကျမ အားမရဘူး...။ 

ကဗျာဆရာတစ်ယောက်ဆီက ကဗျာရေးနည်းသင်ပေးဖို့ ကျမတောင်းဆိုခဲ့ဖူးမယ်ထင်တယ်...။ ဒါပေမယ့် ကျမနဲ့ကဗျာ ဘယ်လိုမှ ဘာမှဖြစ်မလာနိုင်တော့မှန်းသေချာနားလည်သွားတဲ့နေ့ကစပြီး ကျမကဗျာတစ်ပုဒ်ရေးဖို့ ဘယ်တော့မှမကြိုးစားတော့ဘူး... ။ 

ကျမနဲ့ကဗျာ ဒီဘဝဒီအမျှပေါ့.....

ကဲ တကယ့်ကဗျာဆရာတွေရဲ့ ကဗျာတွေပဲ ကူးချဝေမျှပါရစေ....


ကွာဝေး

မီးပျက်ပေမယ့် 
အလင်းရောင်မပျက်စေနဲ့

မီးမွေးချင်တဲ့သူနဲ့
အလင်းရှိစေချင်သူ
ကွာပါတယ်။    ။


မီးပုံးပျံခြင်း

မီးပုံးဟာ
ပျံသွားမှာဆိုတော့

သူလည်းတစ်နေ့ 
ပြန်လာမှာလား

မီးစာကိုဆွတ်
လက်ကိုလွှတ်

လရောင်ထဲမှာ
သူလိုရာခရီးသွားစေတော့။    ။  ၁၄.၁၀.၂၀၁၆



ချစ်သံဇဉ်

ထီးထဲမှာ ပိတ်မိနေတဲ့ အရိပ်နှစ်ခုလို
ခလုတ်ဖွင့်မိတော့မှ လူသားနှစ်ခု တွေ့ကြတယ်...။

သံယောဇဉ် ဆိုတာမျိုးကလည်း ကိုယ့်အမျှင်နဲ့ ကိုယ်
ရုန်မထွက်ချင်တဲ့ ပင့်ကူ...။

စိတ်ကူးထဲကအတိုင်း တစ်ဦးနဲ့တစ်ဦး သတိရတဲ့အခါ 
လူတစ်ယောက် အရိပ်နှစ်ခု ထပ်တူ....။

ဒီလိုဆို စွယ်တော်ပင်လည်း ဆေးဖက်ဝင်
စံပယ်ပန်းတွေက ချစ်တတ်သူ....။    ။ ၂၅.၁၀.၂၀၂၇



မျက်ရည်ဆိုင်

ဓါတ်ခွဲခန်းထဲမှာ
စံပယ်ဆိုပြီး ဘာလို့ ကြွေခဲ့သလဲ တီးခေါက်မိတယ်...။

သူက အဖြူရောင်ယဉ်ကျေးမှုပဲ
ရေမွှေးအဖြစ် ဘဝကူးခဲ့သူ....။

ကျွန်တော်က ပုံတူကူးချသူ သက်သက်ပါ
သူ့ ထုံးတမ်းစဉ်လာကို မသိတတ်ခဲ့မိဘူး....။

သူခွင့်လွှတ်ချက်မှာ မွှေးပြီး ကျန်ရစ်တယ်
သူ့အရောင်က စွန်းထင်ကျန်ရစ်တယ်...။

မျက်ရည်ကို 
ချိတ်ပိတ်ပြီး တိတ်ကပ်ပြီး
တံဆိပ်ခတ်ပြီး အရောင်ဆိုးပြီး 
လိပ်စာနဲ့တကွပို့တယ်....။    ။


အချစ်

ချစ်တဲ့အကြောင်းများပြောမိတဲ့အခါ
သူမက အသည်းပုံအနီရောင်လေး လက်နဲ့ဖိပြီး
နီးစွေးတဲ့ တော်လှန်ရေးပဲလို့ အယူအဆရှိတယ်...။

ကျွန်တော်ကတော့သောင်ပြင်မှာပုံထားတဲ့ သဲပုံလေးကိုပဲ
အမြဲပြေးမြင်ယောင်တယ်...။

ရေတတ်လာရင်
သဲတွေ တစ်ပြေးတည်း ပြန်ပျော်ဝင်ပုံမျိုး...။

လူတွေကြားထဲမှာ
ဒီတော်လှန်ရေး အမြဲရှိနေမှာပဲ
ကွာခြားပေမယ့် အမြဲနိုးကြားနေမယ့် အချစ်တွေလေ....။    ။၆.၈.၂၀၁၈





_______________________
Revolution will prevail
မိုးငွေ့


Monday, 5 December 2022

Empty .....




နောက်ဆုံးမှာ 

အချစ်လည်းမရှိ 

အမုန်းလည်းမရှိ 

ဘာမှမရှိတော့တဲ့ 

ဗလာသက်သက်နဲ့ 

ငါတို့အဖော်လုပ်ကြမယ်...

အိုမင်းဆွေးမြေ့တဲ့အထိပေါ့ ...။


တကယ်က ကျနော်က ကဗျာမရေးတတ်တဲ့ထဲမှာ ထိပ်ဆုံးကပါတယ်...။ ကဗျာဆိုတာဘာလဲ ဘယ်လိုရေးရင် ကဗျာဖြစ်လဲဆိုတာကို သေချာနားမလည်ဘဲ ကိုယ့်ဘလော့မှာ ကဗျာလို့ Label တပ်ပြီး တင်လာတာဖြင့်များနေပြီ အားလည်းနာပါတယ်...။ ခုတလော အရင်လို အေးရာအေးကြောင်း မ Chill ရတာကြာပေါ့...။ အမြဲတမ်းအေးအေးဆေးဆေး အလုပ်လုပ် စာတွေရေးနေတတ်တဲ့သူ ကျနော်က ပိုက်ဆံများများရတာထက် စိတ်ချမ်းသာပြီး အေးဆေးနေရတာကိုပိုကြိုက်တယ်...။ အဲဒါလည်း မကြာခဏပြောဖူးပါတယ်...။ 

နောက်ဆုံးမှာ အချစ်လည်းမရှိ အမုန်းလည်းမရှိ ဗလာသက်သက်နဲ့ အဖော်လုပ်ပေးမယ့်သူဆိုတာ အရိုးဆွေးတောင်ရှာမတွေ့နိုင်ပါဘူး...ကဗျာထဲမှာတော့လှလှပပလေး အိုမင်းဆွေးမြေ့တဲ့အထိလို့သာရေးလိုက်တာ...။ ကျနော်တော့ အဲဂျင်းစကားကြီးကို မယုံဘူးဘဲ...။


___________________
Revolution will prevail
မိုးငွေ့

Saturday, 14 May 2022

ပိတောက်ပန်း.....

 



ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းကိုရေးမပြမီ ဒီပိတောက်ပန်းမတိုင်ခင်တုန်းက မြန်မာကဗျာဟာ သဘာဝအကြောင်း ပန်းအကြောင်း ရာသီအကြောင်း နက္ခတ်အကြောင်း တောတောင်ရေမြေအကြောင်းကို ခပ်ရိုးရိုး ခပ်စင်းစင်းဖွဲ့သွားတဲ့ သရုပ်ပြအဖွဲ့လောက်ပဲရှိပါတယ်...။ ဦးကြော့ရဲ့ ပိတောက်ပန်းအဖွဲ့ကိုကြည့်ရင် ဒီအချက်ကို သိနိုင်ပါတယ်...။


ပိတောက်ပန်း 

လတန်းခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ ။

တကယ်တမ်းသာပ
ဘယ်ပန်းသော်စံမတူလို့
နန္ဒမူဖန်ဂူရိပ်မှာ
ပစ္စေကာချွေးတော်သိပ်ရတဲ့
အေးရိပ်ဆာယာ ။

တစ်နှစ်တွင်
သည်တစ်လသာပ
တစ်လတွင် တစ်ရက်တည်း
ခက်ခဲတဲ့ရက်ဗုဒ္ဓါ
ပွင့်ရှာကြစုံမြိုင်တွင်း ။

မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံမတော့
ဂိမ္မာန်လေ  ပြန်နှောက်ခဲ့ရင်
ရွှေဝတ်ဆံ
ငုံတံညှောက်ကယ်က
သိန်သရေ
ထိန်ဝေလို့တောက်တဲ့ပြင်
လမ်းတစ်လျှောက်မှာလ
ဆန်းသလောက်
မလင်းနိုင်ဘု
ပန်းပိတောက်မင်း ။   (ဦးကြော့)


ဒီကဗျာလေးကို ကျမတို့ ငယ်စဉ်က ကျောင်းမှာတောင်သင်ခဲ့ဖူးမလားပဲ မမှတ်မိတော့တာ...အထက်တန်းကျောင်းတော့ မဟုတ်လောက်ဘူး တက္ကသိုလ်တန်းမှာပါတဲ့ ကဗျာဖြစ်ဖို့များတယ်...။ ကဗျာလေးဖတ်ပြီး ကျောင်းတုန်းက မြန်မာစာအချိန်တွေကို ပြန်သတိရစေတယ် ဆရာမတွေကဗျာတစ်ပိုဒ်ရွတ်လိုက် အဓိပ္ပါယ်ရှင်းပြလိုက်နဲ့ ပြီးရင် ကဗျာကို စကားပြေပြန်ရေးရတာတွေပေါ့...။   ဦးကြော့ရဲ့ ပိတောက်ပန်းက သိပ်လှပြီး ပန်းပွင့်ရဲ့ သင်္ခါရ၊ လောကရဲ့သင်္ခါရသဘောကို ဖော်ပြတဲ့ သရုပ်ပြကဗျာကလေးတစ်ပုဒ်ပါပဲ....။

ဇော်ဂျီရဲ့ (ဆရာကြီးကို ကလောင်နာမည်ပဲပွင့်ပွင့်လင်းလင်းခေါ်ပါရစေ) ပိတောက်ပန်းကတော့ ရသသဘောတင်မကတော့ဘူး ဒဿနပါ ပါလာတယ်...။ ကျမ ကဗျာရော စကားပြေပါ ရေးပြမယ်....။


ပိတောက်ပန်း
 
မခူးချင်စမ်းနဲ့
နှစ်ဆန်းခါတော်မီလို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပ
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို
လင့်ကုန်ကြတော့လို့
ခေါင်းကြွက ဆာဝေဝေနဲ့
သူလည်းလေ
လောကီသားလိုပေါ့
ကြွားချင်လှပေလိမ့်မယ်..။


တစ်ပိုဒ်ချင်းဆီကို  ပြောစရာတွေရှိတယ်...။ ဒီပထမဆုံးအပိုဒ်မှာ ဇော်ဂျီရဲ့ စိတ်ရင်း စိတ်ဓါတ်ကိုမြင်လိုက်ရတယ်...။ အဲဒါတွေကတော့ ခွင့်လွှတ်ခြင်းပါပဲ....။ ခွင့်လွှတ်ခြင်းဟာ ဇော်ဂျီ့စိတ်ဓါတ်ဖြစ်တယ်...။ ပိတောက်တွေပွင့်တော့မယ် တလောကလုံး ရွှေရည်တွေဖုံးတော့မယ် ကြည့်လေရာရာမှာ ပိတောက်ငုံ ပိတောက်ဖူးတွေက သူတို့လာတော့မယ် စောင့်ကြ မျှော်ကြလို့ ကြေငြာနေတဲ့ပုံမျိုး ခေါင်းမော့ပြီး ဝေဝေဆာဆာနဲ့ ကြွားနေလေရဲ့...။  ကြွားချင်လဲ ကြွားပါစေ သူလဲလောကီသားမို့ ကြွားချင်ရှာမှာပေါ့လို့ ဇော်ဂျီက နားလည်ခွင့်လွှတ်ထားပါတယ်...။ ဒီတော့ ပိတောက်ပန်းကဗျာရဲ့ ပထမပိုဒ်ဟာ နားလည်ခွင့်လွှတ်ခြင်းကို ပြတဲ့ အပိုဒ်ဖြစ်ပါတယ်...။


တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ
ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာ
လူးလေတော့
သူတို့လို ဘယ်မြူးနိုင်ပါ့
ထူးပါဘိတယ်....။


ကြည့်စမ်းတဲ့...။ ဘယ်လောက်ကျက်သရေရှိသလဲ...။ ပြာရီတိမ်တိုက်တွေကြားထဲ လေပြည်လေး သုတ်လိုက်တဲ့အခါမှာ ပိတောက်ဖူး ပိတောက်ခိုင်တွေဟာ ဟိုဖက်ယိမ်းလိုက် သည်ဖက်ယိမ်းလိုက်နဲ့ ငှက်တွေ လည်ချင်းယှက်နေကြသလိုပဲ မြူးနေလိုက်ကြတာ ဘယ်လောက်မြူးနေ ရွှင်နေ ပျော်နေလိုက်ကြသလဲ သူတို့လို ဘယ်သူမြူးနိုင်သလဲ သူတို့လို ဘယ်သူပျော်နိုင်သလဲ...။ ဇော်ဂျီဟာ မြူးနေတဲ့ ပိတောက်ပန်းကို မြင်တယ်...။ ပျော်နေတဲ့ ပိတောက်ပန်းကိုမြင်တယ်...။ ပိတောက်ပန်းတွေနဲ့အတူ သူ့စိတ်ဟာ မြူးနေတယ်...။ ပိတောက်ပန်းမြူးနေတာကိုကြည့်ပြီး မုဒိတာပွားနေတယ်....။ သူတပါး ပျော်တာ မြူးတာ ချမ်းသာတာကို ကြည့်ပြီး မျှဝေခံစားတာဟာ မုဒိတာဖြစ်ပါတယ်...။ ဒါကြောင့် ပိတောက်ပန်းကဗျာရဲ့ ဒုတိယအပိုဒ်ဟာ ဇော်ဂျီရဲ့ မုဒိတာစိတ်ကို ပြနေပါတယ်...။ မုဒိတာ စိတ်ဟာလည်း ဇော်ဂျီရဲ့ စိတ်ရင်း စိတ်ဓါတ်ပဲ  ဖြစ်ပါတယ်...။

တတိယအပိုဒ်ကတော့ ဇော်ဂျီရဲ့ အကောင်းမြင်ဝါဒကို ဖော်ပြနေတဲ့ အပိုဒ်လို့ ဆိုချင်ပါတယ်...။ ဘယ်လိုများအကောင်းမြင်သလဲ...။


အဝါဝါ ဆင်သင်္ကန်းရယ်နဲ့
ကမ္ဘာမှာ ဘဝင်ချမ်းစေဖို့
သာသနာရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ်
ရည်ရွယ်ရော့သလား...။


ပိတောက်ပန်းတွေ ဒီလောက်ဝါဝင်းထိန်နေတာ ဘာကိုရည်ရွယ်တာလဲ ဘာ့ကြောင့်လဲလို့ ဇော်ဂျီက သူ့ကိုယ်သူ ပြန်မေးပါတယ်...။ ကမ္ဘာကြီးငြိမ်းချမ်းအောင် ဗုဒ္ဓသာသနာ ရွှင်လန်းအောင် ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ စတဲ့ သာသနာသုံးရပ်ကို ကိုးကွယ်ဆည်းကပ်ိနုင်အောင် လူတွေကို သတိပေးလှုပ်ဆော်ချင်တဲ့အတွက် ပိတောက်ပန်းတွေဟာ ဒီလောက် ဝါဝင်းနေကြတာလား ဒီလောက်ထိန်ဝေနေကြသလား လူတွေကို ကပ်သုံးပါးကကျော်လွန်နိုင်အောင် အားထုတ်ကြလို့ သတိပေးတဲ့အနေနဲ့ ဒီလိုရွှေရောင်တောက်တာများဖြစ်နေရော့သလားလို့ ဇော်ဂျီက သူ့ကိုယ်သူ ပြန်မေးပါတယ်...။ ပိတောက်ရဲ့ အဝါရောင်ထဲမှာ သင်္ကန်းကို မြင်လိုက်တဲ့ ဇော်ဂျီရဲ့ အမြင်ဟာ ငြိမ်းချမ်းမှုကို လိုလားတဲ့ ဇော်ဂျီရဲ့အမြင် ဘာသာတရားကို ကိုင်းညွှတ်တဲ့ ဇော်ဂျီရဲ့အမြင် အကောင်းအမွန်ကိုသာ ကြည့်တတ်တဲ့ ဇော်ဂျီရဲ့ အကောင်းမြင်ဝါဒကို ဖော်ပြနေပါတယ်....။


ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွဲ့ချင်တဲ့
နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပ
အရေးအခါသာမှ
ခမျာမှာ
တစ်ဂုဏ်ဆန်းရတယ်
ပိတောက်ပန်းများ....။ (ဇော်ဂျီ)


နောက်ဆုံးပိုဒ်ဟာ ဇော်ဂျီရဲ့ စာနာစိတ် ကရုဏာစိတ် သမ္ပဇဉ်စိတ်တို့ကို ပြလိုက်တဲ့ အပိုဒ်ပါပဲ...။ ရွှေရောင်ခြယ်ထားတဲ့ ပိတောက်ပန်းဟာ နှစ်ဦးမှာပွင့်တဲ့ တခြားပန်းတွေလိုပဲ ပန်းပွဲတော်ကြီးထဲ ပါချင်မှာပေါ့တဲ့...။ သွားပြီးမခူးလိုက်ပါနဲ့ သူခမျာ နှစ်ကုန်ပြီး အတာကူးချိန်မှာ ပျော်ဖို့အတွက် တစ်နှစ်လုံးစောင့်ခဲ့ရတာပါတဲ့..။ ခုလို အခွင့်အရေးကြုံမှ သူ့ဂုဏ်ပုဒ်ကလေးကို သူထုတ်ပြရတာမို့ မြူးခွင့် ဖူးခွင့် ပွင့်ခွင့် ပျော်ခွင့် ဝင်းခွင့် ဝါခွင့် ပေးလိုက်ပါလို့ ဇော်ဂျီက ကရုဏာစိတ် စာနာစိတ် သမ္ပဇဉ်စိတ်နဲ့ ပိတောက်ပန်းဖက်ကနေ ရှေ့နေလိုက်ပေးပါတယ်...။ ဒါဟာ ဇော်ဂျီရဲ့ စိတ်ရင်း စိတ်ဓါတ်ပါပဲ...။

ပိတောက်ပန်းကဗျာဟာ ၁၉၂၈ ခုနှစ်က ရေးခဲ့တဲ့ ကဗျာဖြစ်တဲ့အတွက် ခုဆိုရင် နှစ်ပေါင်း ကိုးဆယ်ကျော်နေပါပြီ...။ အနှစ်ကိုးဆယ်ကျော်ကြာသည့်တိုင် ပိတောက်ပန်းဟာ လန်းဆန်းနေတုန်း မွှေးပျံ့နေတုန်း ရွှေရောင်တောက်နေတုန်းပါပဲ...။ ဒီကဗျာဟာ မြန်မာကဗျာသစ်မှာ ပထမဆုံး ပေါ်ထွက်လာတဲ့ ကဗျာဖြစ်ပါတယ်...။ အတွေးသစ် ကဗျာသစ်ကို‌ဖော်ပြလိုက်တဲ့ ပထမဆုံးသော ခေတ်သစ်ကဗျာဖြစ်ပါတယ်...။ ဒါ့ကြောင့် ခေတ်သစ်မြန်မာကဗျာဟာ ပိတောက်ပန်းက ဆင်းသက်လာတယ်လို့ပြောချင်ပါတယ်...။

အမေရိကန် ကဗျာဆရာ ရောဘတ်ဖရော့စ်က ကဗျာဟာ ပီတိနဲ့စပြီး ပညာနဲ့ဆုံးတယ် ( Poetry begins is delight and ends in wisdom ) လို့ပြောဖူးခဲ့တာကို ဖတ်ဖူးတယ်...။ ကဗျာရေးသူအဖို့ရော ကဗျာဖတ်သူအဖို့ရော ဒီအတိုင်းပါပဲ...။ ကဗျာဆရာဟာ ခံစားချက်တစ်ခုကိုရလို့ ပီတိဖြစ်သွားတယ် ဒီတင် ကဗျာတစ်ပုဒ်ကို ကောက်စပ်လိုက်တယ် စရေးလိုက်တယ် ...။ စရေးတုန်းကတော့ ပီတိဖြစ်လို့ရေးလိုက်တာပဲ ဒါပေမယ့် ကဗျာဆုံးသွားတဲ့အခါမှာ ဉာဏ်အလင်းကို ရလိုက်တယ်...။ သမ္ပဇဉ်တရားကိုရလိုက်တယ်....။ သမ္ပဇဉ်ဆိုတာ အများအပြားကိုသိတဲ့ ပညာလို့ခေါ်တာပါ...။

ဖတ်သူအဖို့လည်း ဒီလိုပါပဲ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်တယ် ကြည်နူးသွားတယ် ကျေနပ်သွားတယ် အားရသွားတယ် ဖတ်ရင်းဖတ်ရင်း ဆုံးသွားတဲ့အခါမှာ ဪ ဒီလိုပါလားဆိုတဲ့ အသိတရားကိုရသွားတယ် ...။ ဉာဏ်အလင်းကို ရသွားတယ်...။ ဇော်ဂျီရဲ့ ကဗျာကို ဖတ်လိုက်ရင် ဒီတိုင်းပဲခံစားရပါတယ်...။ ပိတောက်ပန်းကဗျာကို ဖတ်လိုက်ရတာမှာ ပိတောက်ပွင့်တာကိုမြင်ရတော့ ကြည်နူးတယ် ပျော်တယ် ကျေနပ်တယ် ဒါပေမယ့်အဆုံးမှာတော့ ခွင့်လွှတ်တတ်မှု မုဒိတာပွားတတ်မှု အကောင်းမြင်တတ်မှု စာနာမှု စတဲ့အသိတွေကို ရလိုက်တယ် ဒါဟာ ကဗျာကိစ္စပြီးမြောက်တာပါပဲ...။

တကယ်က ကျမဟာ ကဗျာအကြောင်း ကဂနဏသိပ်သိတာမဟုတ်သလို ရေးလဲမရေးတတ်ပါဘူး....။ ဒီလိုပဲ စိတ်ဝင်စားစရာလေးတွေကို ရှာရင်း ဖွေရင်း လေ့လာရင်း ဖတ်ရှုရင်း ကဗျာချစ်စာဖတ်သူတွေကို မျှဝေပေးချင်တဲ့ စိတ်ကြောင့် ရေးသားတင်ပြပေးတာပါ...။ ကဗျာတစ်ပုဒ်ကို အဓိပ္ပါယ်ဖွင့်ရတာနဲ့ ပန်းချီကားတစ်ချပ်ကို အဖြေဖော်ရတာ ခပ်ဆင်ဆင်တူတယ်...။ ကာယကံရှင်တွေရဲ့ဆိုလိုရင်းကို ကဗျာဖတ်သူနဲ့ ပန်းချီရှုသူတွေ နားလည်တာ တစ်ထပ်ထဲကျချင်မှကျမယ် ဒီလို တစ်ဦးတစ်ယောက်ချင်းဆီရဲ့ စိတ်ခံစားမှုကနေ ဆင့်ပွားထွက်ပေါ်လာမယ့် အနက်တွေကိုက အဆုံးစမရှိတဲ့ အနုပညာတစ်ရပ်ပဲလို့ ကျမ ယူဆထားတယ်.....။



ဝန်ခံချက် ။       ။ ဆရာ မြသန်းတင့်ရဲ့ သူ့လက်ရာ သူ့အယူအဆ သူ့စာပေ သူ့အတွေးအမြင် စာအုပ်မှ ကောက်နုတ်ရေးသားပါသည်...။ 




___________________
Revolution will prevail
မိုးငွေ့

Monday, 9 August 2021

ဩဂုတ်ရဲ့ကဗျာ.....




(ဩဂုတ်နဲ့ ဝါနေတဲ့ လိပ်ပြာတွေ) ဆရာမျိုးဆွေသန်းရဲ့ Facebook ကနေကူးလာတာ.....

ဩဂုတ်လရောက်တာနဲ့ ဗလာစာအုပ်လေးထဲမှာကြိုက်လို့ ကိုယ့်လက်ရေးနဲ့ကိုယ် ကူးရေးထားတဲ့ စာမျက်နှာတစ်မျက်နှာထဲမှာ ကူးမိတဲ့ "မြစ်ကုန်သည်ရဲ့ ဇနီး"  နဲ့  ရဝေရှင်ထွေးရဲ့"ကြာတော့သည်လည်း မောင့်စကား"က အလိုလိုမှ အလိုလိုကို သတိရလာတော့တာပါပဲ။


(မြစ်ကုန်သည်ရဲ့ ဇနီး  .  .  .  . ပေးစာ)

ကျွန်မဆံပင်ကို နဖူးမှာတန်းလန်းဖြတ်ရဆဲပဲ  ရှိစဉ်က

ကျွန်မရှေ့တံခါးမှာ ကစားခဲ့တယ်  ပန်းတွေနှုတ်တမ်း

ရှင်ရောက်လာတယ် ဝါးလုံးနဲ့ထောက်   မြင်းစီးတမ်း

ကျွန်မထိုင်တဲ့နား လျှောက်လာ၊ ဆီးသီးပြာပြာနဲ့ ကစား

ကျွန်မတို့ ချိုကန်ရွာမှာ   ဆက်နေခဲ့ကြတယ်

လူသားငယ်နှစ်ဦး  အမုန်းမဲ့    သံသယမဲ့။


တစ်ဆယ့်လေးမှာ 

ကျွန်မရှင့်ကို သခင့်ကို  လက်ထပ်ခဲ့

ကျွန်မ မရယ်ဘူး  ရှက်တတ်လို့  ခေါင်းကို ငုံ့ကာ  

နံရံကိုကြည့်နေမိ၊ ခေါ်ကြရဲ့ အကြိမ်တစ်ထောင်  

နောက်လှည့်မကြည့်ဘူး။


တစ်ဆယ့်ငါးမှာ 

ကျွန်မ မျက်နှာ ရှစ်ခေါက်ချိုးမလုပ်တော့ဘူး

ကျွန်မ မြူမှုန်နဲ့ ရှင့် မြူမှုန်နဲ့ နှောစေချင်တယ် 

ထာ၀ရ  ထာ၀ရ  ထာ၀ရသာ၊ 

ဘာဖြစ်လို့ ကျွန်မ မျှော်စင်တက်ရမှာတုန်း။


တစ်ဆယ့်ခြောက်မှာ  ရှင်ခရီးထွက်တယ်

ဝေးလံတဲ့ ကူတိုးအင် ကို 

ဝဲဂယက်ချာလည် မြစ်ကသွားတယ်

ရှင်သွားတာ ငါးလ ကြာခဲ့ပြီ 

ခေါင်းထက်မှာ မျောက်တွေ 

လွမ်းဆွေးဖွယ်အသံပြုနေကြ။


ရှင်ထွက်သွားတော့ ခြေကို ဒရွတ်ဆွဲလို့

တံခါးပေါက်မှာ ခု ရေညှိတက်နေပြီ  

ရေညှိမျိုးစုံ ထူလိုက်တာ ခွာလို့မရတော့ဘူး

ဒီဆောင်းဦး စောတယ်  သစ်ရွက်ကြွေတာ လေထဲ

လိပ်ပြာမောင်နှံတွေ သြဂုတ်နဲ့ ဝါနေကြ

အနောက်ဥယျာဉ်က မြက်ခင်းပေါ်မှာလေ။


ဒါတွေ ကျွန်မ ထိခိုက်ရ၊ ကျွန်မ အိုသထက် အိုမင်းပေါ့

ကိအန်မြစ်ရဲ့ မြစ်ကျဉ်းကနေ လာမယ်ဆိုရင်

ကျွန်မ ကြိုတင်သိပါရစေနော် 

ကျွန်မ ထွက်လာကြိုမယ် ချိုဖူးဆ အထိပဲ။       ။

လီတိုက်ပို  (၈ ရာစု)


(၈) ရာစုက တရုတ်ကဗျာကို ဆရာမောင်သာနိုး ဘာသာပြန်တယ်။

ရာစုနှစ်တွေ ခေတ်တွေကို ကျော်ထွက်တဲ့ ကဗျာတွေပဲ ဖြစ်တယ်။ အလွမ်းမှန်အလွမ်းသန်ပုံကိုကြည့်ပါလား၊ ဆီးသီးပြာပြာနဲ့ ကစားတဲ့ လူသားငယ်နှစ်ဦးက အမုန်းမဲ့  သံသယမဲ့ တဲ့။ ဝေးလံတဲ့ ကုတို့အင်ကို ဝဲဂယက်ချာလည် မြစ်ကသွားတော့ခေါင်းထက်မှာ မျောက်တွေ  လွမ်းဆွေးဖွယ်အသံပြုနေကြ။ တယ်တဲ့။

အို မျောက်တွေအူတာ က သူ့အလွမ်းကို စေ့ဆော်လိုက်တာလို့မြင်ရတယ်။ ကျွန်မ မြူမှုန်နဲ့ ရှင့် မြူမှုန်နဲ့ နှောစေချင်တယ် တဲ့ အက်တမ်၂ခုကို ပေါင်းချင်တာပေါ့။ လိပ်ပြာမောင်နှံတွေ သြဂုတ်နဲ့ ဝါနေကြ ဒါတွေ ကျွန်မ ထိခိုက်ရပြီး  အိုသထက် အိုမင်းရပြီ ကိအန်မြစ်ရဲ့ မြစ်ကျဉ်းကနေ လာမယ်ဆိုရင် ကျွန်မ ကြိုတင်သိ ပါရစေနော်တဲ့ ချိုဖူးဆ အထိ သူထွက်ပြီး လာကြိုပါမယ်တဲ့။ ၈ ရာစုက ကဗျာက အလွမ်းမှန် အလွမ်းသန်လိုက်တာခုထိ လွမ်းရတုန်းပဲ။ နေ့စဉ် သုံးစကားတွေကပဲ သာနေလိုက်တဲ့ အသံတွေ။




ဒီလိုပဲ တောင်ငူခေတ်က မင်းပျို မင်းလွင် အိမ်ရှေ့မင်း နတ်သျှင်နောင်ကို  မရဲတရဲ ချစ်ခဲ့ရတဲ့ ရဝေရှင်ထွေးလေးရဲ့ ဝမ်းနည်း မပြေ ဖြစ်ရပုံကိုကြည့်ပါလား......။


ဝမ်းနည်းမပြေ၊ မွေ့ရာရွှေထက်

ကြာခွေသောတူ၊ မယ့်လွမ်းမူကို

ကြင်သူသက်ဝေ၊ မသိလေတည့်


မရွှင်တမ်းစက်၊ အုံ့ပြက်မနည်း 

အလွမ်းသည်းအောင်၊ 

ဆည်းဘိသည်လော၊ မရောလင်းဝါ၊ 

လျှပ်စစ်ပါ၍

ဖြာတော့သည်လည်း တိမ်ညွန့်ဖျား။


လှပ်လှပ်နွဲ့ရှာ၊ မဉ္ဇူကြာသို့

ဗျာပါထပ်ပွား၊ လွမ်းခြင်းများကို

ထားရစေတော့၊ လျော့ကြီးလျော့မှ

ရွှေလျော့အသွင်၊ ရာတင်ဆယ်ပြန်၊

မယုတ်လွန်သို့ စေကျွန်မလာ၊ 

နှုတ်ဆင့်မှာ၍

ကြာတော့သည်လည်း မောင့်စကား။

( ရဝေ ရှင်ထွေး )တောင်ငူခေတ်    


ခေတ်မှမလိုတာပဲ......။

ကဗျာ ၂ ပုဒ်စလုံးက ရှင်းပြမှ ရှုတ်နေဦးမယ်။ ရဝေရှင်ထွေးကလည်း  ဒီနေ့  ၂၁ရာစု ရောက်သည်ထိဝမ်းနည်းမပြေတာက ကြာတော့သည်လည်း မောင့်စကား ဆိုတာနဲ့တင်လုံလောက်ပြီး ခေတ်အဆက်ကို ဖြတ်သန်းကာ သူ့အလွမ်းတွေကို သယ်ဆောင်ပေဦးတော့မယ်။

ဩဂုတ်လရောက်တာနဲ့ လိပ်ပြာတွေဟာ ဩဂုတ်နဲ့ ဝါနေကြ တဲ့  (၈) ရာစုက လီတိုက်ပိုရဲ့ မြစ်ကုန်သည်ရဲ့ ဇနီးနဲ့ အလွမ်းသည်းအောင်ရွာနေတဲ့မိုးက လျှပ်စစ်ပါစွက်ပြီး ဖြာတော့သည်လည်း တိမ်ညွန့်ဖျားကိုကြည့်ပြီး ကြာတော့သည်လည်း မောင့်စကားလို့ ရေရွတ်နေရှာတဲ့တောင်ငူ ခေတ်က ရဝေရှင်ထွေး လေးကို အလွမ်းမှန် အလွမ်းသန်တွေပါလားလို့ အလိုလိုမှ အလိုလိုကို သတိရလို့ လာတော့တာပါပဲ။


#စာအုပ်ထဲမှာကူးရေးထားမိတဲ့ကဗျာတွေ

( ဒီဇိုင်း မျိုးဆွေသန်း )


Friday, 2 July 2021

တေမိမိုး.....




ငိုလို့မရတဲ့ လူတစ်ယောက်ရဲ့

ရင်ထဲမှာ ဝမ်းနည်းစရာတွေ

ကုန်ခန်းသွားပြီ လို့

မင်း ထင်ရက်သလား ။


ငါသာ ကောင်းကင်ကြီး ဖြစ်ခဲ့ရင်

မိုးရေစက်တွေအဖြစ်....ရွာချလိုက်ချင်ပါရဲ့။


ကြည့်စမ်းပါဦး

မင်းကိုဆုံးရှုံးရတော့မယ်....ဆိုတဲ့အသိက

ရင်မချိအောင်  ခံစားလိုက်ရပုံများ

ဘာစကားမှ

ပြောမထွက်တော့ဘူးလေ။


သစ်ရွက် တစ်ရွက် ဖြစ်ခဲ့ရင်

ငါ ကြွေပြလိုက်ချင်တယ် ။


အိပ်မက်ထဲမှာ တွေ့ဖို့မဆိုထားနဲ့..

အိပ်ပျော်အောင် မနည်းကြိုးစားနေရတဲ့ ..

ငါ့ရဲ့ညတွေဟာ 

မင်းကခုန်ဖို့အတွက်

အမြဲ နိုးထနေပါတယ် ။


မင်းကို နှုတ်ဆက်ဖို့

ငါရဲ့လက်တွေ ထုံကျင်နေသလို

မင်းရဲ့ ကျောပြင်လေးကို 

ငေးကြည့်ကျန်ရစ်ဖို့

ငါ့မျက်လုံးတွေ

ဝေဝါးနေရပြီ ။


အဲဒါ ..

မျက်ရည်တွေလားဟင် !!!


ဘာမှမပြောဘဲ 

ခံစားနေရသူချင်းအတူတူ

ကောင်းကင်ကြီးကမှ 

ရွာချခွင့်ရပါသေးရဲ့ ။     ။


မောင်လှမျိုး(ချင်းချောင်းခြံ)

[ကြေကွဲမှတ်တမ်း -(လုံးချင်းဝတ္တု )-မှ]



Saturday, 19 June 2021

#THE_LADY





အမေစုမွေးနေ့အကြို ဂုဏ်ပြုကဗျာပြိုင်ပွဲရဲ့

ပထမဆုရ ကဗျာ


**************


ခေါက်ရိုးကျိုးနေတဲ့

လူနေမှုအဆင့်အတန်း ...

ကြောက်ရိုးကျိုးနေတဲ့

တရားဥပဒေဘောင်တန်း ...

ဟေ့ ...

The Ladyရှေ့မှာ ဒူးထောက်ကြစမ်း ...


The Lady နဲ့တွေ့ရင်

သေနတ်ပြောင်း၀က ကျည်ဆံဖူးတွေ 

အငွေ့တလူလူနဲ့ အပြင်မထွက်ဝင့်ဘူး ...

The Lady နဲ့ ဆုံရင် 

နေပြည်တော်က စားဖားကြီးတွေ

သွားရည်တမြားမြားနဲ့ ပါးစပ်မဟရဲဘူး ...

The Lady နဲ့တွေ့ရင်

ဝိတိုရိယ ဘုရင်မကြီးတောင်

ခနိုးခနဲ့မရယ်ရဲဘူး ...


စနစ်ကြောင့် ကျွန်ဖြစ်ရတာ

သမိုင်းရဲ့အပြစ်မဟုတ်ဘူး ...

စနစ်ကိုမတော်လှန်ပဲ ကျွန်ဖြစ်ခံရင်တော့

ငါတို့အပြစ်ဖြစ်သွားပီ ...

ဘုရားခေတ်မှပဲ လိမ္မာကြတာပေါ့ ...

လာ ...

Do Or Die တစ်ခုကိုရွေး

The Lady နဲ့သာဆို 

နိုင်ငံတော်အလံရဲ့အနီရောင်ကိုတောင်

ငါ့နှလုံးသွေးနဲ့ရေးခြစ်ခြယ်ပေးမယ် ...


"မဟတ္တမဂန္ဓီ" ကပြောတယ် ...

"An eye For an eye only ends

up making the whole world blind..."

"မျက်လုံးတစ်လုံးအတွက် နောက်ထပ်တစ်လုံး

ထပ်ပြီးစတေးရရင် တစ်ကမ္ဘာလုံး

မျက်ကန်းတွေ ဖြစ်ကုန်လိမ့်မယ်"တဲ့ ...

စုံလုံကန်းချင်သူများ 

The Lady ကို ပုန်ကန်ပါ ...

နှစ်ပေါင်း(၂၀)ကျော်

တစ်ဖက်ကန်းခဲ့ရတဲ့ ငရမကန်းနိုင်ငံတော်ဟာ

အမှန်လက္ခဏာနဲ့မိုးစင်စင်လင်းသင့်ပြီ ...

နှင်းဆီရေကြည် သစ္စာတည်မှ

အတ္တအမှောင်ကို ခွဲနိုင်မယ် ...

ကိုယ့်သမိုင်းကိုယ်ရေးပေါ့ ...

နောက်ထပ်မျက်လုံးတစ်လုံး

ဘယ်သူတွေကန်းချင်မိသေးလဲ, ဖြေ ...


ဂါထာမန္တရားမတိုးတဲ့

ဘုန်းကြီးတစ္ဆေဝေလေလေများ

The Lady အမိန့်ပေးမယ် နားစွင့်ထား ...

ဒီစတုတ္ထနိုင်ငံတော်ရဲ့ခြစားအဂတိ

အမြစ်လှန်တော်လှန်မှုမှာ

"ငါ"စွဲသူများအတွက် အမျှဝေကြမယ် ...


ဒီဘက်ခေတ်မှာ ဒဏ္ဍါရီတွေထဲကလို

အရိုးနဲ့စည်းရိုးထိုးစရာမလိုဘူး ...

"သူခိုးနဲ့အမျိုး"အတွက်မကြည့်ရင်

မြေပုံစည်းတစ်စက်မရွေ့ဘူး ...

ဘယ်သူသေသေ ငတေမာရင်ပြီးရောသူတွေ

ခေါင်းမြီးတွေခြုံမနေနဲ့ 

The Lady လာနေတယ် ...


မြန်မာပြည်ရဲ့လမ်းထိပ်တွေမှာ

စစ်သေနတ်နဲ့ပစ်သတ်ခံရတဲ့ 

ဒီမိုကရေစီစစ်သည် ညီလေးတို့ရေ ...

သွေးအိုင်အတိမ်အနက်ထဲက

လူ့အခွင့်အရေးကို မီးအိမ်ထွန်းပြချင်တဲ့

ဒေါင်းချေသည် ညီမလေးတို့ရေ ...

ကောင်းချီဩဘာ မျှဝေယူဖို့

အလင်းခန္ဓာတို့ကို မတ်ပြီး

ခေါင်းထောင်လို့ ကြည့်လှည့်ပါတော့ ...


ကမ္ဘာမကြေမီးတွေ ညှိမ်းဖို့ ...

တောင်တန်းတိုက်ပွဲတွေ ငြိမ်းဖို့ ...

ပြည်သူတွေ စိမ်းလန်းစိုပြေဖို့ ...

နှင်းဆီပန်းတွေ ပန်ပြီး

နေဝန်းနီနီနဲ့အပြိုင် သတ္တိအစိုင်အခိုင်နဲ့ 

အားလုံးရဲ့ရှေ့ကို 

The Lady လာနေပြီ ... ။ ။


Credit


Wednesday, 16 June 2021

ပိုကြောက်စရာ ကောင်းတယ်

 



ပြုံးမပြတတ်တဲ့ မျက်နှာထက် 

လိုအပ်ရင်မျက်နှာချိုသွေးတဲ့ လိုပြုံးတွေက

ပိုကြောက်စရာကောင်းတယ်။


တစ်ယောက်တည်း အထီးကျန်ရတာထက်

သာမှအတူနေချင်တဲ့ အဖော်ပြုခြင်းက

ပိုကြောက်စရာ ကောင်းတယ်။


မယုံကြည်ရတာထက်

အယုံသွင်းနေတဲ့ ရိုးသားမှုက

ပိုကြောက်စရာ ကောင်းတယ်။


ဆိုးကွက်ကိုပဲ အပြစ်တင်တာထက်

ဘာလုပ်လုပ် အကောင်းမမြင်တတ်တဲ့ မျက်လုံးတွေက

ပိုကြောက်စရာ ကောင်းတယ်။


အားနည်းချက်ကို ဝေဖန်တာထက်

အားသာချက်ကို မချီးမွမ်းချင်တဲ့ မနာလိုဝန်တိုမှုက

ပိုကြောက်စရာ ကောင်းတယ်။


ပွင့်ပွင့်လင်းလင်းပြောတာထက်

နောက်ကွယ်မှကဲ့ရဲ့တတ်တဲ့ အတင်းစကားတွေက

ပိုကြောက်စရာကောင်းတယ်။


ကျေးဇူးမသိတတ်တာထက်

ကျေးဇူးကန်းတာက 

ပိုကြောက်စရာကောင်းတယ်။


ကိုယ့်ကိုမုန်းနေသူထက်

မာယာတွေနဲ့ ချစ်ဟန်ဆောင်နေသူက

ပိုကြောက်စရာ ကောင်းတယ်။


အဝေးကရန်သူထက်

နောက်ကျောကိုဓားနဲ့ထိုးမယ့် အနီးကပ်မိတ်ဆွေက

ပိုကြောက်စရာကောင်းတယ်။


ရုပ်ဆိုးအကျည်းတန်တာထက်

စိတ်ထားမလှတာက ပိုကြောက်စရာကောင်းသလို

လောကမှာ…ပညာမဲ့လူယုတ်မာထက်

ပညာတတ် လူယုတ်မာက ပိုကြောက်စရာ ကောင်းပါတယ်။

#credit


Thursday, 4 March 2021

နွေဦးနိမိတ်.....

  



ခူးလိုက်တာတော့ နှင်းဆီပဲ...ဒါပေမယ့် 

ဘယ်ဘက်လက်မှာ သစ္စာပန်း

ညာဘက်လက်မှာ ဗေဒါပန်း


မြူတွေကြားထဲ တိုးထွက်လာတဲ့ 

အလင်းအရိပ်လေးကိုကြည့်လိုက်တော့ ...

( ဟာ! ) ..... အမေ 


လျှောက်လှမ်းလာတဲ့ အမေ့ခြေလှမ်းတွေဟာ 

အရင်လို ပေါ့ပါးသွက်လက်စွာနဲ့ 

ကလေးတွေကြားမှာ ပြုံးပျော်နေလိုက်တာ


အမေ့အလုပ်စားပွဲမှာ 

သစ္စာပန်းလေးထိုးထားပေးမယ်။

ဗေဒါပန်းကတော့ အမေ့ကိုပေးဖို့ ပြီးတော့ ...

ပန်းပေးရင်းနဲ့ နွေးထွေးစွာ 

တင်းတင်းကြပ်ကြပ်လေး ပွေ့ဖက်မယ်လို့ ကြံရွယ်...


အမေပြန်လာလို့ ဝမ်းသာတယ် ` အမေ´...။


ဒေါင်းတောင်

4-3-2021

9:01 AM


ကဗျာမရေးတာကြာပြီဖြစ်တဲ့ ထာဝရစာဖတ်သူလေးဆီက ခွင့်တောင်းကူးယူထားတာပါ...တန်ဖိုးမဖြတ်နိုင်တဲ့ အမေ့အတွက်လှပတဲ့ နွေဦးကဗျာတစ်ပုဒ်ကို ဖန်တီးပေးခဲ့လို့ ကျေးဇူးအကြီးကြီးတင်ပါတယ်....:)


Sunday, 21 February 2021

သံလွင်ခက်တို့မျိုးဆက်.....




         (၁)


စစ်မြင်းတွေပြေးလွှား

ခွာသံတို့ကြားရပြီ .....။


          (၂)


သူ့ကျင်းသူ နက်နက်တူးပြီးမိုက်တဲ့

အတ္တကြီးသူတစ်သိုက်ကတော့

ပန်းတွေရဲ့ အရုဏ်ဦးကိုပျက်သုဉ်း

သွေးညှီနံ့နဲ့  ဖုံးဘို့ကြိုးစားနေကြတယ် ၊


အဲ့ဒီ အရုဏ်ဦးဟာ

ငါတို့မျိူးဆက်သစ်ရဲ့ အနာဂတ်

သစ္စာပန်းရနံ့ တွေနဲ့  ဘောင်ခတ်ထားတယ် ....။


            (၃)


"သစ္စာပန်း" တဲ့ ......

ပန်းတွေတောင်သစ္စာဆိုကြပေါ့ ၊

ဂိမ်းဆော့တဲ့ လူငယ်တွေ 

ကမ္ဘာမကြေဆိုမှတော့

ပန်းတွေသစ္စာဆိုတာ ဘာဆန်းလဲ ၊

ကျေးဇူးပြု ပြီး ဒီပန်းတွေအားလုံးကို " Z " လို့ခေါ်ပါ ၊

ညစ်ပတ်တဲ့ လက်တွေနဲ့မခူးရ 

လူသတ်တဲ့ လက်တွေနဲ့ မကိုင်ရ

ဟေ့ ! ဘီလူးတွေ နောက်ဆုတ်

သင်တို့ရဲ့အညှီအပုပ်ကို

 ဒီပန်းတွေက မောင်းထုတ်ကြလိမ့်မယ် .....။


            (၄)


ကာဆီးထားတဲ့ ဥပဒေနံရံတွေကို

ဖြတ်ထိုးဉာဏ်ဆိုတဲ့ သော့နဲ့ဖွင့်ဝင်

 အကြမ်းမဖက်တဲ့ 

 Z တွေရဲ့ နှလုံးရည်ဟာ

 မော်ကွန်းတင်ခဲ့ပြီ ၊ 


"Z" ဆိုတာ ...... 

ဒီနိုင်ငံ ဒီပန်းတစ်ခင်းအတွက် 

သူတို့ရဲ့ ဘဝအသစ်စက်စက်တွေကို

မြေသြဇာ အဖြစ်နဲ့ စိုက်ထားတာ ၊


Z တွေရဲ့ ကွန်ပျူ တာကီးဘုတ်

ကမ္ဘာကြီးကို ကိုင်လှုပ်ပစ်လိုက်တယ် ၊ 

သူတို့ဦးနှောက်ရဲ့တောက်ခေါက်သံ

ကမ္ဘာကြီးတစ်ခုလုံး ညံ သွားတယ် ......။


               (၅)


ကျည်ဆန်တွေမှာ အာဏာရှိပေမယ့်

ပန်းတွေဆီမှာသာ အနာဂတ်ရှိတယ် ဆိုတဲ့ ရာဇသံ

သေနတ်ပြောင်းတွေထံကို ပို့လိုက်ပြီ ၊

အနာဂတ်မျိုးဆက်ရဲ့သစ္စာပန်းခင်း

စစ်မြင်းတွေ ခွာနဲ့ မနင်းစေရ ....၊

 ငါတို့ ရွတ်ဆိုမယ့် သစ္စာအလင်းဟာ

ဘီလူးတွေလည်ပင်းကို 

သံလျက်အစင်းစင်း ထိုးဖောက်

 မီးဟုန်းဟုန်းတောက်စေသတည်း ..........။


#မင်းခိုက်စိုးစန် ၂၀၂၁

                              

Saturday, 20 February 2021

ငါတို့အားလုံးတစ်ခုထဲ......

 




ငါတို့အားလုံး “တခုချင်း”စီကနေ

ငါတို့အားလုံး “တခုထဲ”ဖြစ်သွားတဲ့အခါ........


"ငါတို့အားလုံးတခုထဲ"

================

ကင်မရာ​တွေ​ရှေ့

ဗိုက်ဖုံးအင်္ကျီလှန်ပြလိုက်တာ

အဲဒီမိန်းမရွယ်ရဲ့ ဗိုက်သားမဟုတ်ဖူး

"အနာဂါတ်ကြီး"ဗျ

​နေ့​စေ့ လ​စေ့ အနာဂါတ်ကြီး

"မဖျက်ဆီးနဲ့

အညွှန့်မချိုးနဲ့ "လို့ ​ပြော​နေတာ


အိုက်တင်​ကောင်းလို့ 

သရုပ်​ဆောင်​နေတာမဟုတ်ဘူး

ပလက်​ဖောင်း​ပေါ်လက်အုပ်ချီရင်း

စီးကျလာတဲ့ မျက်ရည်​တွေက

စာနာဖို့ ဆင်ခြင်ဖို့


နံရံကို မှုတ်​ဆေးနဲ့ 

လက်​​​ဆော့​နေတာမဟုတ်ဘူး

ငယ်သူအိပ်မက် အပျက်မခံ ပန်းချီမှာ

လွတ်လပ်ခြင်းရဲ့ ဒရမ်​တွေ"ထမြည်​"နေတာ


အိုးခွက်ပန်းကန်​တွေကို 

ထုရိုက်​နေတာ မဟုတ်ဘူး

ကျင့်ဝတ်မဲ့မ​ကောင်းဆိုးရွား​တွေကို ​​

မောင်းထုတ်​နေတာ


ဘဏ်ဖယ်ရီက သူ့​ရှေ့လမ်း​ပေါ်

ပစ်ခင်းချလိုက်တဲ့ နှလုံးသား​တွေ​ရှေ့

ကျွီ"ကနဲ ဘရိတ်အုပ်လိုက်​တော့

အနင်းကျိတ်ခံဖို့ ​ရွေးထားတဲ့

လူသားစင်စစ် ဧကန်ဖြစ်​တွေကို​တွေ့ရတယ်


မီးပွိုင့်မှာ

 စက်​သေကုန်တဲ့ကား​တွေ ရှေ့

ရင်ကျပ်လာလို့ တုံးလုံးရပ်လိုက်ရတဲ့ 

လူသား​​တွေ


အို...ကမ္ဘာကြီးရဲ့....

​လေထဲဝဲပျံ​နေတဲ့ ဓါတ်ပုံ​တွေကြည့်လိုက်ပါ


ယုံကြည်ရာပိုစတာကိုယ်စီနဲ့

လမ်းကူးလာတဲ့ လူအိုစုံတွဲလည်းပါတယ်


သံပုံးတီးရင်း ငိုမဲ့မဲ့ အ​ဒေါ်ကြီးလည်း

ပါတယ်


ဝှီးချဲ​ပေါ်က အံကြိတ်​နေတဲ့ ဖခင်အို

ဘုရားစင်​ရှေ့ သစ္စာဆို​နေတဲ့ မိခင်အို နဲ့


အင်ဂျင်နီယာမှာလည်း သူ့တန်ဖိုးနဲ့

အထည်ချုပ်သမ​​လေးလည်း သူ့တန်ဖိုးနဲ့


စတီယာရင်ကိုင်​သော လက်​တွေ

​မြေဖြူကိုင်​သော လက်​တွေ


​ခေတ်လမ်းနံရံမှာ ကာတွန်းတကွက်

ကဗျာတ​ကြောင်း၊ ပန်းချီတချပ်၊

​ဆေးထိုးအပ်နဲ့၊ ကီးဘုတ်ဖိုက်တာများ.....

အားလုံး.....စက်​ခေါင်း​​​မောင်းသမား


ဒီလမ်း​ပေါ်မှာ အခု​တော့

​ကျောင်း​​တော်က ရန်စ​တွေ​​တောင်

​ယောက်ဖ​ရေ သားရီး​ရေ ပြန်​ခေါ်လို့


ဘုရား​ကျောင်း​ရှေ့ ချပ်ဂျ်ကျောင်း​ရှေ့

ဗလီ​ရှေ့မှာ အားလုံးအတူ


ချီတက်သူ​တွေစားပြီးမှ

အ​​မော​ပြေ အလကား​ကျွေးတာပါလို့ ​

ပြောသွားတဲ့ ဖရဲသီးသည်​လေးကအစ.....


ငါတို့အားလုံး 'တခုချင်းစီ'က​နေ

ငါတို့အားလုံး "တခုထဲ"ဖြစ်သွားတဲ့အခါ


ငါတို့ဟာ

နိုင်မြင်းကို ​ရွေး​​လောင်းသူ​တွေ မဟုတ်

ကိုယ်တိုင်ပန်းဝင်တဲ့ နိုင်မြင်းအဖြစ်

ကိုယ်တိုင် ကဆုန်ဆိုင်း​ပြေး​နေကြတာ။


#မင်းကိုနိုင်

၁၉.၂.၂၀၂၁


Monday, 15 February 2021

ဆရာကြီးမင်းသုဝဏ်ရဲ့ကဗျာ.....



"၀မ်းနည်းပါကြောင်း"#မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ပါလျက်နိုင်ငံ့အရေးကို စိတ်မ၀င်စား၊ ကိုယ်နဲ့မဆိုင်သလို နေပြီး ဘ၀ကို  ဖြတ်သန်းနေသူတို့အတွက် ဆရာကြီး မင်းသု၀ဏ်ရဲ့ ကဗျာလေး....


"၀မ်းနည်းပါကြောင်း"

*********************

လမ်းဖောက်တော့ သူမပါ

လမ်းပြင်ရာ သူမရောက်

ဖြောင့်ဖြူးစွာ လမ်းပြေချောတော့

ကျော့ကျော့လေးလျှောက် ။


ကန္တူးရာ သူမပါ

ကန်ပြင်ရာ သူမရောက်

မြကန်သာ ရေကြည်သန့်မှ

ခန့်ခန့်လေးသောက် ။


ပန်းစိုက်ရာ သူမပါ

ပေါင်းသင်ရာ သူမရှိ

ပန်းပေါင်းစုံ သင်းကြူမွှေးတော့

ရွေးပန်ချင်၏ ။


ရပ်ရွာရေး ဆွေးနွေးရာ

ဖယ်ရှောင်ခွာ သူမရော

သူထင်ရာ မြင်အတွေးနဲ့

ဘေးထိုင် ဘုပြော ။


လူ့ဘ၀ ခဏတာ

မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့

လူပီစွာ ကိုယ့်အမျိုးတွက်

ကြိုးလိုက်စမ်းပါ ။

သိလျက်နဲ့ သွေရှောင်ခွာ

ဝေဖန်ကာ အမြင်စောင်း

မူမမှန် တယူသန်အတွေးတွေနဲ့

ကလေးလို အရေးဆိုကြမ်းတော့

၀မ်းနည်းပါကြောင်း ။       


ဆရာကြီးမင်းသု၀ဏ်

Friday, 1 May 2020

Unknown Call.....




ကျွန်တော်တို့ဘဝမှာ တကယ်မေ့မရဘဲ
အတင်းအကျပ်မေ့ချင်ယောင်ဆောင်ထားတဲ့ သူတစ်ယောက်ရှိမှာပါ
ရင်ထဲမှာရော ဘဝထဲမှာရော မရှိတော့ပါဘူးလို့
ကိုယ့်ကိုယ်ကို လိမ်ညာထားပေမယ့် နက်နက်ရှိုင်းရှိုင်း တစ်နေရာမှာ
တိတ်တိတ်လေး ခိုးသိမ်းထားတဲ့ ကံ့ကော်ပွင့်ခြောက်လေးပေါ့

ကျွန်တော်က တယ်လီပသီကို ယုံတယ်
ချစ်ခြင်းမေတ္တာကိုလည်း သက်ဝင်တယ်
Unknown Call တွေနဲ့ ပတ်သက်ပြီး ကစဉ့်ကလျားသီအိုရီကို လက်ခံတယ်....။

နှစ်ကာလတွေ ကြာသွားတဲ့အထိပေါ့
သူအဆင်မပြေတဲ့အခါ ကျွန်တော့်ဆီ ဖုန်းခေါ်မှာပါဆိုတဲ့ စိတ်နဲ့
ရင်ဘတ်ကို ဖွင့်ထားဉီးမှာ......။


@@@@@@@@@@


မိုးတွေရွာတဲ့အခါ
နှင်းတွေကျတဲ့အခါ
ရွက်ဝါတွေ ကြွေတဲ့အခါ
တစ်ယောက်ယောက်ကို စူးစူးနစ်နစ်သတိရပစ်ဖို့ပေါ့....

ခင်ဗျားတို့လည်း အကျအရှုံးများတဲ့ ချစ်ခြင်းမေတ္တာနဲ့ လွဲပါစေပေါ့....။

#စပ်ခွန်ဇ
#ခင်ဗျားကို ကျွန်တော်ချစ်တယ်......


မိုးငွေ့