Saturday, 14 May 2022

ပိတောက်ပန်း.....

 



ဆရာဇော်ဂျီရဲ့ ပိတောက်ပန်းကိုရေးမပြမီ ဒီပိတောက်ပန်းမတိုင်ခင်တုန်းက မြန်မာကဗျာဟာ သဘာဝအကြောင်း ပန်းအကြောင်း ရာသီအကြောင်း နက္ခတ်အကြောင်း တောတောင်ရေမြေအကြောင်းကို ခပ်ရိုးရိုး ခပ်စင်းစင်းဖွဲ့သွားတဲ့ သရုပ်ပြအဖွဲ့လောက်ပဲရှိပါတယ်...။ ဦးကြော့ရဲ့ ပိတောက်ပန်းအဖွဲ့ကိုကြည့်ရင် ဒီအချက်ကို သိနိုင်ပါတယ်...။


ပိတောက်ပန်း 

လတန်းခူးပေမို့
အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ ။

တကယ်တမ်းသာပ
ဘယ်ပန်းသော်စံမတူလို့
နန္ဒမူဖန်ဂူရိပ်မှာ
ပစ္စေကာချွေးတော်သိပ်ရတဲ့
အေးရိပ်ဆာယာ ။

တစ်နှစ်တွင်
သည်တစ်လသာပ
တစ်လတွင် တစ်ရက်တည်း
ခက်ခဲတဲ့ရက်ဗုဒ္ဓါ
ပွင့်ရှာကြစုံမြိုင်တွင်း ။

မြူမင်းလွင်ထန်
ကြူသင်းတာချိန်ယံမတော့
ဂိမ္မာန်လေ  ပြန်နှောက်ခဲ့ရင်
ရွှေဝတ်ဆံ
ငုံတံညှောက်ကယ်က
သိန်သရေ
ထိန်ဝေလို့တောက်တဲ့ပြင်
လမ်းတစ်လျှောက်မှာလ
ဆန်းသလောက်
မလင်းနိုင်ဘု
ပန်းပိတောက်မင်း ။   (ဦးကြော့)


ဒီကဗျာလေးကို ကျမတို့ ငယ်စဉ်က ကျောင်းမှာတောင်သင်ခဲ့ဖူးမလားပဲ မမှတ်မိတော့တာ...အထက်တန်းကျောင်းတော့ မဟုတ်လောက်ဘူး တက္ကသိုလ်တန်းမှာပါတဲ့ ကဗျာဖြစ်ဖို့များတယ်...။ ကဗျာလေးဖတ်ပြီး ကျောင်းတုန်းက မြန်မာစာအချိန်တွေကို ပြန်သတိရစေတယ် ဆရာမတွေကဗျာတစ်ပိုဒ်ရွတ်လိုက် အဓိပ္ပါယ်ရှင်းပြလိုက်နဲ့ ပြီးရင် ကဗျာကို စကားပြေပြန်ရေးရတာတွေပေါ့...။   ဦးကြော့ရဲ့ ပိတောက်ပန်းက သိပ်လှပြီး ပန်းပွင့်ရဲ့ သင်္ခါရ၊ လောကရဲ့သင်္ခါရသဘောကို ဖော်ပြတဲ့ သရုပ်ပြကဗျာကလေးတစ်ပုဒ်ပါပဲ....။

ဇော်ဂျီရဲ့ (ဆရာကြီးကို ကလောင်နာမည်ပဲပွင့်ပွင့်လင်းလင်းခေါ်ပါရစေ) ပိတောက်ပန်းကတော့ ရသသဘောတင်မကတော့ဘူး ဒဿနပါ ပါလာတယ်...။ ကျမ ကဗျာရော စကားပြေပါ ရေးပြမယ်....။


ပိတောက်ပန်း
 
မခူးချင်စမ်းနဲ့
နှစ်ဆန်းခါတော်မီလို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပ
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို
လင့်ကုန်ကြတော့လို့
ခေါင်းကြွက ဆာဝေဝေနဲ့
သူလည်းလေ
လောကီသားလိုပေါ့
ကြွားချင်လှပေလိမ့်မယ်..။


တစ်ပိုဒ်ချင်းဆီကို  ပြောစရာတွေရှိတယ်...။ ဒီပထမဆုံးအပိုဒ်မှာ ဇော်ဂျီရဲ့ စိတ်ရင်း စိတ်ဓါတ်ကိုမြင်လိုက်ရတယ်...။ အဲဒါတွေကတော့ ခွင့်လွှတ်ခြင်းပါပဲ....။ ခွင့်လွှတ်ခြင်းဟာ ဇော်ဂျီ့စိတ်ဓါတ်ဖြစ်တယ်...။ ပိတောက်တွေပွင့်တော့မယ် တလောကလုံး ရွှေရည်တွေဖုံးတော့မယ် ကြည့်လေရာရာမှာ ပိတောက်ငုံ ပိတောက်ဖူးတွေက သူတို့လာတော့မယ် စောင့်ကြ မျှော်ကြလို့ ကြေငြာနေတဲ့ပုံမျိုး ခေါင်းမော့ပြီး ဝေဝေဆာဆာနဲ့ ကြွားနေလေရဲ့...။  ကြွားချင်လဲ ကြွားပါစေ သူလဲလောကီသားမို့ ကြွားချင်ရှာမှာပေါ့လို့ ဇော်ဂျီက နားလည်ခွင့်လွှတ်ထားပါတယ်...။ ဒီတော့ ပိတောက်ပန်းကဗျာရဲ့ ပထမပိုဒ်ဟာ နားလည်ခွင့်လွှတ်ခြင်းကို ပြတဲ့ အပိုဒ်ဖြစ်ပါတယ်...။


တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ
ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာ
လူးလေတော့
သူတို့လို ဘယ်မြူးနိုင်ပါ့
ထူးပါဘိတယ်....။


ကြည့်စမ်းတဲ့...။ ဘယ်လောက်ကျက်သရေရှိသလဲ...။ ပြာရီတိမ်တိုက်တွေကြားထဲ လေပြည်လေး သုတ်လိုက်တဲ့အခါမှာ ပိတောက်ဖူး ပိတောက်ခိုင်တွေဟာ ဟိုဖက်ယိမ်းလိုက် သည်ဖက်ယိမ်းလိုက်နဲ့ ငှက်တွေ လည်ချင်းယှက်နေကြသလိုပဲ မြူးနေလိုက်ကြတာ ဘယ်လောက်မြူးနေ ရွှင်နေ ပျော်နေလိုက်ကြသလဲ သူတို့လို ဘယ်သူမြူးနိုင်သလဲ သူတို့လို ဘယ်သူပျော်နိုင်သလဲ...။ ဇော်ဂျီဟာ မြူးနေတဲ့ ပိတောက်ပန်းကို မြင်တယ်...။ ပျော်နေတဲ့ ပိတောက်ပန်းကိုမြင်တယ်...။ ပိတောက်ပန်းတွေနဲ့အတူ သူ့စိတ်ဟာ မြူးနေတယ်...။ ပိတောက်ပန်းမြူးနေတာကိုကြည့်ပြီး မုဒိတာပွားနေတယ်....။ သူတပါး ပျော်တာ မြူးတာ ချမ်းသာတာကို ကြည့်ပြီး မျှဝေခံစားတာဟာ မုဒိတာဖြစ်ပါတယ်...။ ဒါကြောင့် ပိတောက်ပန်းကဗျာရဲ့ ဒုတိယအပိုဒ်ဟာ ဇော်ဂျီရဲ့ မုဒိတာစိတ်ကို ပြနေပါတယ်...။ မုဒိတာ စိတ်ဟာလည်း ဇော်ဂျီရဲ့ စိတ်ရင်း စိတ်ဓါတ်ပဲ  ဖြစ်ပါတယ်...။

တတိယအပိုဒ်ကတော့ ဇော်ဂျီရဲ့ အကောင်းမြင်ဝါဒကို ဖော်ပြနေတဲ့ အပိုဒ်လို့ ဆိုချင်ပါတယ်...။ ဘယ်လိုများအကောင်းမြင်သလဲ...။


အဝါဝါ ဆင်သင်္ကန်းရယ်နဲ့
ကမ္ဘာမှာ ဘဝင်ချမ်းစေဖို့
သာသနာရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ်
ရည်ရွယ်ရော့သလား...။


ပိတောက်ပန်းတွေ ဒီလောက်ဝါဝင်းထိန်နေတာ ဘာကိုရည်ရွယ်တာလဲ ဘာ့ကြောင့်လဲလို့ ဇော်ဂျီက သူ့ကိုယ်သူ ပြန်မေးပါတယ်...။ ကမ္ဘာကြီးငြိမ်းချမ်းအောင် ဗုဒ္ဓသာသနာ ရွှင်လန်းအောင် ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ စတဲ့ သာသနာသုံးရပ်ကို ကိုးကွယ်ဆည်းကပ်ိနုင်အောင် လူတွေကို သတိပေးလှုပ်ဆော်ချင်တဲ့အတွက် ပိတောက်ပန်းတွေဟာ ဒီလောက် ဝါဝင်းနေကြတာလား ဒီလောက်ထိန်ဝေနေကြသလား လူတွေကို ကပ်သုံးပါးကကျော်လွန်နိုင်အောင် အားထုတ်ကြလို့ သတိပေးတဲ့အနေနဲ့ ဒီလိုရွှေရောင်တောက်တာများဖြစ်နေရော့သလားလို့ ဇော်ဂျီက သူ့ကိုယ်သူ ပြန်မေးပါတယ်...။ ပိတောက်ရဲ့ အဝါရောင်ထဲမှာ သင်္ကန်းကို မြင်လိုက်တဲ့ ဇော်ဂျီရဲ့ အမြင်ဟာ ငြိမ်းချမ်းမှုကို လိုလားတဲ့ ဇော်ဂျီရဲ့အမြင် ဘာသာတရားကို ကိုင်းညွှတ်တဲ့ ဇော်ဂျီရဲ့အမြင် အကောင်းအမွန်ကိုသာ ကြည့်တတ်တဲ့ ဇော်ဂျီရဲ့ အကောင်းမြင်ဝါဒကို ဖော်ပြနေပါတယ်....။


ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွဲ့ချင်တဲ့
နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပ
အရေးအခါသာမှ
ခမျာမှာ
တစ်ဂုဏ်ဆန်းရတယ်
ပိတောက်ပန်းများ....။ (ဇော်ဂျီ)


နောက်ဆုံးပိုဒ်ဟာ ဇော်ဂျီရဲ့ စာနာစိတ် ကရုဏာစိတ် သမ္ပဇဉ်စိတ်တို့ကို ပြလိုက်တဲ့ အပိုဒ်ပါပဲ...။ ရွှေရောင်ခြယ်ထားတဲ့ ပိတောက်ပန်းဟာ နှစ်ဦးမှာပွင့်တဲ့ တခြားပန်းတွေလိုပဲ ပန်းပွဲတော်ကြီးထဲ ပါချင်မှာပေါ့တဲ့...။ သွားပြီးမခူးလိုက်ပါနဲ့ သူခမျာ နှစ်ကုန်ပြီး အတာကူးချိန်မှာ ပျော်ဖို့အတွက် တစ်နှစ်လုံးစောင့်ခဲ့ရတာပါတဲ့..။ ခုလို အခွင့်အရေးကြုံမှ သူ့ဂုဏ်ပုဒ်ကလေးကို သူထုတ်ပြရတာမို့ မြူးခွင့် ဖူးခွင့် ပွင့်ခွင့် ပျော်ခွင့် ဝင်းခွင့် ဝါခွင့် ပေးလိုက်ပါလို့ ဇော်ဂျီက ကရုဏာစိတ် စာနာစိတ် သမ္ပဇဉ်စိတ်နဲ့ ပိတောက်ပန်းဖက်ကနေ ရှေ့နေလိုက်ပေးပါတယ်...။ ဒါဟာ ဇော်ဂျီရဲ့ စိတ်ရင်း စိတ်ဓါတ်ပါပဲ...။

ပိတောက်ပန်းကဗျာဟာ ၁၉၂၈ ခုနှစ်က ရေးခဲ့တဲ့ ကဗျာဖြစ်တဲ့အတွက် ခုဆိုရင် နှစ်ပေါင်း ကိုးဆယ်ကျော်နေပါပြီ...။ အနှစ်ကိုးဆယ်ကျော်ကြာသည့်တိုင် ပိတောက်ပန်းဟာ လန်းဆန်းနေတုန်း မွှေးပျံ့နေတုန်း ရွှေရောင်တောက်နေတုန်းပါပဲ...။ ဒီကဗျာဟာ မြန်မာကဗျာသစ်မှာ ပထမဆုံး ပေါ်ထွက်လာတဲ့ ကဗျာဖြစ်ပါတယ်...။ အတွေးသစ် ကဗျာသစ်ကို‌ဖော်ပြလိုက်တဲ့ ပထမဆုံးသော ခေတ်သစ်ကဗျာဖြစ်ပါတယ်...။ ဒါ့ကြောင့် ခေတ်သစ်မြန်မာကဗျာဟာ ပိတောက်ပန်းက ဆင်းသက်လာတယ်လို့ပြောချင်ပါတယ်...။

အမေရိကန် ကဗျာဆရာ ရောဘတ်ဖရော့စ်က ကဗျာဟာ ပီတိနဲ့စပြီး ပညာနဲ့ဆုံးတယ် ( Poetry begins is delight and ends in wisdom ) လို့ပြောဖူးခဲ့တာကို ဖတ်ဖူးတယ်...။ ကဗျာရေးသူအဖို့ရော ကဗျာဖတ်သူအဖို့ရော ဒီအတိုင်းပါပဲ...။ ကဗျာဆရာဟာ ခံစားချက်တစ်ခုကိုရလို့ ပီတိဖြစ်သွားတယ် ဒီတင် ကဗျာတစ်ပုဒ်ကို ကောက်စပ်လိုက်တယ် စရေးလိုက်တယ် ...။ စရေးတုန်းကတော့ ပီတိဖြစ်လို့ရေးလိုက်တာပဲ ဒါပေမယ့် ကဗျာဆုံးသွားတဲ့အခါမှာ ဉာဏ်အလင်းကို ရလိုက်တယ်...။ သမ္ပဇဉ်တရားကိုရလိုက်တယ်....။ သမ္ပဇဉ်ဆိုတာ အများအပြားကိုသိတဲ့ ပညာလို့ခေါ်တာပါ...။

ဖတ်သူအဖို့လည်း ဒီလိုပါပဲ ကဗျာတစ်ပုဒ်ကို ဖတ်လိုက်တယ် ကြည်နူးသွားတယ် ကျေနပ်သွားတယ် အားရသွားတယ် ဖတ်ရင်းဖတ်ရင်း ဆုံးသွားတဲ့အခါမှာ ဪ ဒီလိုပါလားဆိုတဲ့ အသိတရားကိုရသွားတယ် ...။ ဉာဏ်အလင်းကို ရသွားတယ်...။ ဇော်ဂျီရဲ့ ကဗျာကို ဖတ်လိုက်ရင် ဒီတိုင်းပဲခံစားရပါတယ်...။ ပိတောက်ပန်းကဗျာကို ဖတ်လိုက်ရတာမှာ ပိတောက်ပွင့်တာကိုမြင်ရတော့ ကြည်နူးတယ် ပျော်တယ် ကျေနပ်တယ် ဒါပေမယ့်အဆုံးမှာတော့ ခွင့်လွှတ်တတ်မှု မုဒိတာပွားတတ်မှု အကောင်းမြင်တတ်မှု စာနာမှု စတဲ့အသိတွေကို ရလိုက်တယ် ဒါဟာ ကဗျာကိစ္စပြီးမြောက်တာပါပဲ...။

တကယ်က ကျမဟာ ကဗျာအကြောင်း ကဂနဏသိပ်သိတာမဟုတ်သလို ရေးလဲမရေးတတ်ပါဘူး....။ ဒီလိုပဲ စိတ်ဝင်စားစရာလေးတွေကို ရှာရင်း ဖွေရင်း လေ့လာရင်း ဖတ်ရှုရင်း ကဗျာချစ်စာဖတ်သူတွေကို မျှဝေပေးချင်တဲ့ စိတ်ကြောင့် ရေးသားတင်ပြပေးတာပါ...။ ကဗျာတစ်ပုဒ်ကို အဓိပ္ပါယ်ဖွင့်ရတာနဲ့ ပန်းချီကားတစ်ချပ်ကို အဖြေဖော်ရတာ ခပ်ဆင်ဆင်တူတယ်...။ ကာယကံရှင်တွေရဲ့ဆိုလိုရင်းကို ကဗျာဖတ်သူနဲ့ ပန်းချီရှုသူတွေ နားလည်တာ တစ်ထပ်ထဲကျချင်မှကျမယ် ဒီလို တစ်ဦးတစ်ယောက်ချင်းဆီရဲ့ စိတ်ခံစားမှုကနေ ဆင့်ပွားထွက်ပေါ်လာမယ့် အနက်တွေကိုက အဆုံးစမရှိတဲ့ အနုပညာတစ်ရပ်ပဲလို့ ကျမ ယူဆထားတယ်.....။



ဝန်ခံချက် ။       ။ ဆရာ မြသန်းတင့်ရဲ့ သူ့လက်ရာ သူ့အယူအဆ သူ့စာပေ သူ့အတွေးအမြင် စာအုပ်မှ ကောက်နုတ်ရေးသားပါသည်...။ 




___________________
Revolution will prevail
မိုးငွေ့

No comments: