Showing posts with label စာပေခံစားမှု. Show all posts
Showing posts with label စာပေခံစားမှု. Show all posts

Thursday, 22 January 2026

မမ.....





ဆရာမြသန်းတင့်ရဲ့ "မမ" ဆိုတဲ့ စာအုပ်ကို ကျနော် 2024 နှစ်ထဲမှာ ဖတ်ဖြစ်ခဲ့တာပါ...။ အရင်ချိန်တွေထက်  စာဖတ်အားတွေကျသွားတာသိတယ်...။ 2024 တစ်နှစ်လုံးက ဝေလေလေပဲ ဘာမှမလုပ်ဖြစ် စာအုပ်တွေလည်း ဘာမှသေသေချာချာရေရေရာရာကိုမဖတ်ဖြစ်တာ...။ ခုနှစ်ပိုင်းဆို စာအုပ်လေးတစ်အုပ်တောင် မဝယ်ဖြစ်သေးဘူးလားလို့....။ ဆိုတော့ ဒီစာအုပ်လေးဖတ်လို့ ဖြစ်ပေါ်လာတဲ့ ခံစားမှုတချို့ပဲပြောပြချင်တာပါ...။ ထုံးစံအတိုင်း ကျနော် ဘယ်စာရေးဆရာကြီးတွေရဲ့ စာအုပ်ကိုတော်ရုံတန်ရုံ Review လည်းမရေးပါဘူး...။ ဆရာကြီးတွေရေးခဲ့တဲ့စာတွေကိုဖတ်ပြီး ရလာတဲ့ခံစားမှုရသနဲ့ အတွေးတွေကိုပဲ ရေးဖြစ်တာများပါတယ်...။ 

မမကဘယ်လိုလူမျိုးလည်းဆိုတော့ တည်ငြိမ်တဲ့အသက်အရွယ်ရောက်နေပေမယ့် စိတ်ကိုအလိုလိုက်မိတဲ့ အတွက်ကြောင့် အမှားတစ်ခုကျူးလွန်မိသွားတာ...။ အဲအမှားတစ်ခုကြောင့်လည်း သူ့ဘဝတစ်ခုလုံး ဖြည်ရခက်အောင် ရှုပ်ထွေးသွားခဲ့ရတာ...။ ပြီးတော့ မမအဲလိုဖြစ်သွားရတဲ့အကြောင်းအရင်းက ငယ်ရွယ်တဲ့အချိန်ကို ပြည့်ပြည့်ဝဝ အသုံးမချလိုက်ရဘဲ အသက်တော်တော်ကွာတဲ့ ယောကျာ်းတစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့လို့လည်းပါတယ်...။ အိမ်ထောင်ရေးတစ်ခုမှာ ဘာတွေလိုအပ်တယ် ဘာတွေလစ်ဟာနေလဲ ဘယ်လိုတွေစိတ်ထားပြီး နေထိုင်ကျင့်ကြံရမလဲဆိုတဲ့ ကွက်လပ်တွေကို ထင်သာမြင်သာအောင်ရေးပြသွားတာ...။

အဓိကက လူတစ်ယောက် ကိုယ့်စိတ်ကို control လုပ်နိုင်ဖို့က တော်တော်အရေးကြီးတယ် မဟုတ်ရင် ဘယ်အရွယ်မှာမဆို အဲစိတ်အလိုလိုက်မှုနဲ့ပဲ နွံနစ်သူတွေနစ်ရတယ်... ဘဝတွေ ပျက်စီးဆုံးရှုံးသွားရတဲ့အထိ ဖြစ်ရတယ်လို့  "မမ"ကနေ သင်ခန်းစာရခဲ့တာလေးတွေပါ...။ အရင်ခေတ်က စာရေးဆရာကြီးတွေရဲ့ ဇာတ်အိမ်တည်တာလေးတွေ အရေးအသား စကားလုံးအသုံးအနှုန်းတွေကို ခုခေတ်စာရေးဆရာတွေ ထက်ပိုသဘောကျလို့ သူတို့ရဲ့ အရည်အချင်းနဲ့အရည်အသွေးကို ယုံကြည်လို့ သူတို့စာအုပ်တွေကို ပိုဖတ်ဖြစ်တယ်...။ အဲဖက်ခေတ်က စာရေးဆရာတွေက နိုင်ငံခြား ဝတ္ထုတွေကိုအဖတ်များတော့ သူတို့စာတွေ သူတို့အတွေးတွေက ပိုပြီးခေတ်မှီဆန်းသစ်တယ် အနှစ်သာရလည်းရှိတယ်လို့ ကျနော်မြင်မိတယ်...။




ဒီပို့စ်က မနှစ်ကတည်းက ရေးထားပြီးမတင်ဖြစ်တဲ့ပို့စ် 2024 မှာ စာဖတ်အားနည်းတယ်သာပြောတာ 2025 လည်း ဒီတိုင်းပဲ အခု 2026 နှစ်ဦးပိုင်းရောက်လာတဲ့အထိ ကျနော်ဘာတွေလုပ်နေလည်း? အမှန်ပြောရရင် ကျနော် အိမ်ပြန်ရောက်ရင် ညဖက် tiktok မှာပဲ အချိန်ဖြုန်းဖြစ်နေတယ် အစကတော့ အပျော်သဘောဆော့ပေမယ့် အချိန်ကုန်တာနဲ့တန်အောင် content creator တစ်ယောက်ဖြစ်ဖို့ ကျနော် စဉ်းစားမိတယ် ခုဆို ကျနော့် doodles ပုံလေးတွေဆွဲတာတို့ ဆွဲပြီးတဲ့ပုံလေးတွေကိုပြပြီး စကားပြောတဲ့ပို့စ်တွေ ခပ်စိပ်စိပ်တင်ဖြစ်လာတယ်...။ tiktok ကိုသဘောကျတာက ကိုယ်ပြောချင်ပြချင်တဲ့အကြောင်းအရာတွေကို အချိန် ဆယ့်ငါးစက္ကန့် သို့မဟုတ် သုံးမိနစ်လေးနဲ့ point တွေကိုပြသွားလို့ရတာကိုပဲ...။ ပြီးတော့ vd တွေရိုက်တာများပြီး အရင်ကထက် လူကြောက်တာ ကင်မရာကြောက်တာတွေလျော့လာတယ် စကားပြောစွမ်းရည်ကိုလေ့ကျင့်ပေးပြီးသားလဲဖြစ်သွားတယ်..။  တကယ်တော့ ကျနော်ဟာ ကိုယ့်သက်တမ်းရဲ့ သုံးပုံနှစ်ပုံလောက်ထိ ကျနော်တကယ်မလုပ်ချင်တဲ့အလုပ်ထဲမှာပဲအချိန်ဖြုန်းခဲ့ပြီးပြီ...။ ခုကစပြီး ငါ့ရဲ့ကိုယ်ပိုင်ဖြစ်သင့်ပြီလို့ ကျနော်ဆုံးဖြတ်ပြီး အရာအားလုံးကို neglect လုပ်သင့်တာလုပ်တယ် ပြောဖို့အချိန်တန်လာလို့ထင်တဲ့ စကားတွေကိုသိမ်းမထားဘဲ ပြောလိုက်တယ် စိတ်ထဲလုပ်ချင်လာတဲ့အရာတွေကို လုပ်ပစ်လိုက်တယ်....။ 

အဲဒါအတွက် vd editing တွေနဲ့ ကျနော် ထပ်ပြီးလေ့လာသင်ယူရမယ့် အရာတွေအများကြီးပဲ...။ ကျနော် ဒီလကုန်လောက်ဆို ကျနော့်  tiktok ရဲ့ user name ကို တရားဝင် နာမည်လေးတစ်ခုပေးလိုက်တော့မယ်လို့ရည်ရွယ်ထားတယ် အဲဒါကတော့ Mee's Diary လို့ပေးမယ်...။ အခုက ကျနော် တစ်လတစ်ခါလောက် နာမည်တွေအမျိုးမျိုးပြောင်းတာတို့ အီမိုဂျီတွေထားတာတို့လုပ်နေတာ ...။ ဘာရယ်မဟုတ် ကျနော့် content လေးတွေကို စိတ်ဝင်စားရင် လာ join ပေးပါ လာလေ့လာပါလို့ ဘလော့စာဖတ်သူတွေကို ဖိတ်ခေါ်ချင်ပါတယ်...။ ကျနော့်ကိုယ်ပိုင် hashtag ကတော့ #ဗြာဟ္မဏပြည်ကလာသည် ဖြစ်ပါတယ်ဗျ....။ ဒါမယ့် အဲ #hashtag က ကျနော်တစ်ယောက်ထဲပဲ သုံးသေးတော့ search မှာရှာလို့မရနိုင်သေးဘူးထင်တယ်...။

2026 ကစပြီး ကျနော်တင်မယ့်ပို့စ်တိုင်းရဲ့ အဆုံးသတ်လေးမှာ "မိုးငွေ့" ဆိုတာ ပြန်ထည့်ပြီနော်...:)


မိုးငွေ့
 

Friday, 10 October 2025

လက်ဖက်ရည်ဆိုင်.....

 





မြေနီကုန်းစီးတီးမတ်ထဲရောက်တော့ လျှောက်ကြည့်ရင်း စာအုပ်တန်းမှာ ဆရာမြသန်းတင့်ရဲ့ လက်ဖက်ရည်နဲ့ပတ်သက်တဲ့ စာအုပ်နှစ်အုပ်ရခဲ့တယ်....။ ထုံးစံအတိုင်း ဆရာမြသန်းတင့်ရဲ့ ဘာသာပြန် Lao She ရဲ့ Tea House နဲ့ ဆရာရဲ့ ကိုယ်ပိုင်အရေး "လက်ဖက်ရည်ဆိုင်" ဆိုတဲ့ စာအုပ်တွေ....။  Lao She ရဲ့ Tea House ကတော့ လက်ဖက်ရည်ဆိုင်ကို အကြောင်းပြုပြီး တရုတ်ပြည်ရဲ့ ခေတ်သုံးခေတ်အကြောင်းကို ရေးပြသွားတာ ...။ 

ဆရာမြသန်းတင့်ကိုယ်ပိုင်အရေးဖြစ်တဲ့ "လက်ဖက်ရည်ဆိုင်" ကိုတော့ ဖတ်ပြီးသွားပြီ....။  စာအုပ်လေးက ပါးပါးလေး ဆရာက သူ့အသက် ဆယ့်သုံးနှစ်သားလောက်က လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ အဲဒီဆိုင်ဖွင့်ဖြစ်ရခြင်းရဲ့အကြောင်းကိုပြောပြထားတာတွေ အရှေ့ပိုင်းမှာတော့ သူ့ဇာတိရွာလေးမှာ လက်ဖက်ရည်ဆိုင်ဘယ်နှစ်ဆိုင်ရှိခဲ့တယ် ဘယ်သူတွေက စဖွင့်ခဲ့တာတွေရယ် လက်ဖက်ရည်ဆိုင်လာထိုင်တဲ့သူတွေအကြောင်းကို စုံစုံလင်လင်ရေးပြထားသလို အဲဒီခေတ်က ဖက်ဆစ်ဂျပန်တွေကို ဘယ်လိုတော်လှန်ခဲ့တဲ့ဆိုတဲ့အကြောင်း စာမျက်နှာနည်းနည်းနဲ့ ရသစုံစုံလေးရေးပြသွားခဲ့တာလေးပါ....။ ဆယ့်သုံးနှစ်အရွယ် ဆယ်ကျော်သက်မှာ ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို အသေးစိပ်မှတ်မိရေးပြနိုင်လောက်အောင် ဆရာကိုယ်တိုင်က မှတ်ဉာဏ်ကောင်းသူဖြစ်သလို နေ့စဉ်မှတ်တမ်းပုံမှန်ရေးတဲ့သူတစ်ယောက်လည်း ဖြစ်နိုင်တယ်...။ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်အနေနဲ့ ကျူးကျော်လာတဲ့ ဖက်ဆစ်ဂျပန်တွေကို အမိနိုင်ငံတွက် တော်လှန်ရကောင်းမှန်းသိတဲ့ စိတ်ဓါတ်ကိုလည်း စာဖတ်နေရင်း ချီးကျူးမိတယ်...။ ကျနော်တို့ဒီဖက်ခေတ်ကလေးတွေကျတော့ ဂိမ်းဆော့မယ် ဘားသွားမယ် ကလပ်သွားမယ် အပျော်အပါးလိုက်ကြမယ် ကိုယ်ကျိုးကိုပဲကြည့်ကြတဲ့သူတွေများနေတော့ နောင်လာမယ့် အနာဂတ်နိုင်ငံကတော့ မတွေးဝံ့စရာပါပဲ.....။ လူငယ်တွေကို အဲဒီလိုဖြစ်အောင်လဲ စနစ်တကျ အကွက်ချ စီစဉ်ပြီး လုပ်ထားတဲ့ အလွန်အင်မတန်ကြောက်စရာကောင်းသော နိုင်ငံဖျက်သမားတွေက နှစ်ရှည် စီမံကိန်းဆွဲပြီး အုပ်ချုပ်ခဲ့ကြတာမလား...။

ဒီစာအုပ်ဖတ်ပြီး ကျနော်တို့ရွာမှာ ငယ်ငယ်က သောက်ခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်လေးကို သတိရသွားခဲ့တယ်...။ ကျနော် ခပ်ငယ်ငယ် အမေနဲ့ဈေးရောင်းလိုက်တုန်းက တာလေရွာထဲမှာ လက်ဖက်ရည်ဆိုင်မယ်မယ်ရရမရှိသေးဘူး....။ ရှမ်းပြည်ဆိုတော့ ရှမ်းခေါက်ဆွဲဆိုင်တွေပဲပေါတာမလား တရုတ်ထမင်းဆိုင်တောင်မှ တစ်ဆိုင်ထဲရှိတာ...။ အဲတုန်းက လက်ဖက်ရည်သောက်ချင်ရင် တာလေဈေးထဲက ဦးတင်ဝလက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲရှိတယ် အထပ်တစ်ရာ (ရန်ကုန်အခေါ် သကြားပလာတာ) အီကြာကွေး စမူဆာ အဲဒါတွေရတယ်...။ ကျနော်မှတ်မိသလောက် ဈေးထဲ ပေါက်ဆီလုပ်ရောင်းတဲ့သူတွေမရှိသေးဘူး....။ နောက်ကျတော့ ကျနော်တို့ အိမ်ရှေ့တည့်တည့်မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်လာဖွင့်တယ်....။ အဲဒီအိမ်အောက်ထပ်အခန်းကို လားရှိုးကပြောင်းလာတဲ့ တရုတ်လင်မယားနှစ်ယောက်က လာငှားဖွင့်တာ...။ ဦးသန်းထွန်းတဲ့ အဲဦးလေးနာမည်က သူက ပေါက်ဆီလုပ်တာ သိပ်ကောင်းတယ်...။ အဲအခါကျမှ ကျနော်တို့ပေါက်ဆီစားရတာ မဟုတ်ရင် အမေ တာချီလိတ်/မယ်ဆိုင်ဖက် ဈေးဝယ်ထွက်လို့မှ စားကြရတာ...။ ဦးလေးဦးသန်းထွန်းက ပေါက်ဆီလည်းလုပ်သလို အီကြာကွေးလည်းလုပ်ရောင်းတယ် အီကြာကွေး ပုတိုပိစိလေးတွေ သူစလုပ်ရောင်းတာပေါ့...။ အရင်ဈေးထဲဝယ်စားခဲ့ဖူးတာက အီကြာကွေးအချောင်းရှည်ရှည်တွေ...။

ဈေးထဲကဖွင့်တဲ့ ဦးလေး ဦးတင်ဝလက်ဖက်ရည်ဆိုင်မှာဆို တပ်ထဲကလူတွေလာအထိုင်များတယ် ဈေးကပ်လျက်က အုပ်ကျင်းရွာဆိုတာ တကယ်တော့ တပ်ထွက်ရဲဘော်ဟောင်းမိသားစုတွေနေကြတဲ့ ဗမာအများစုနေကြတဲ့ ဗမာရွာပေါ့... ဈေးကလည်း တပ်ရှေ့တည့်တည့်မှာတည်ထားတာကိုး အဲတုန်းက ကချင်(၅) တပ်ရင်း အခုတော့ ဘာတပ်ခေါ်လည်း ကျနော်သေချာမသိတော့ဘူး....။ အဲတပ်ကထွက်တဲ့ ကချင်တွေတော်တော်များများလည်း ကချင်ပြည်မပြန်ကြတော့ဘဲ တပ်နဲ့ တစ်မိုင်မရှိတရှိအကွာမှာရှိတဲ့ သီရိရွာမှာစုနေကြတယ် အဲရွာကို ကချင်ရွာလို့လည်းခေါ်ကြတယ်...။ ပြောချင်တာက ဦးတင်ဝဆိုင်မှာက တပ်ထဲက ဗမာတွေနဲ့ အုပ်ကျင်းရွာက ဗမာတွေထိုင်ကြတာများတယ်...။ အဲထဲမှာ အုပ်ကျင်းရွာက အဘထီဆိုတဲ့ အဘိုးကြီးက မိုးလင်းတာနဲ့ အဲဆိုင်မှာချည်းပဲ သူမိန်းမရောင်းတဲ့ မုန့်ဟင်းခါးဆိုင်မှာတောင်မထိုင်ဘူး (အရင် မုန့်ဟင်းခါးပို့စ်မှာတုန်းက ကျနော်ပြောဖူးတဲ့ ဒေါ်ပါဆွေဆိုတာ အဘထီအမျိုးသမီးပေါ့) အဘထီမြေး စိုင်းမင်းမင်းဆိုတာကလည်း ကျနော်နဲ့ကျောင်းမှာတစ်တန်းထဲ သူငယ်ချင်းတွေ...။ အဘထီကိုယ်တိုင်က တပ်ထွက်တစ်ယောက် (အရင်က ရဲဘော်ဟောင်းခေါ်ပေမယ့် အခုခေတ်တော့ စစ်မှုထမ်းဟောင်းလို့ခေါ်ကြမယ်ထင်တယ်) အဘထီက ရေဒီယိုနားထောင်တယ် သတင်းစာတွေဖတ်တယ် နိုင်ငံရေးအကြောင်း ဟောင်ဖွာဟောင်ဖွာ ပြောနေပြီဆို အဲဒါသူပဲ စစ်တပ်မုန်းတဲ့သူတွေဆိုရင်တော့ အဲအဖိုးကြီးကို ကြည့်မရကြဘူး...။ အများအားဖြင့်တော့ ရှမ်းတွေကို၌က ဗမာမုန်းတီးရေးဝါဒီရှိနေပြီးသား....။ 

လက်ဖက်ရည်အကြောင်းပြန်လှည့်ရအောင် ဦးလေး ဦးတင်ဝလက်ဖက်ရည်က ဗမာအချိုခြောက်နဲ့ ယိုးဒယားခြောက်ရောနှပ်လို့ မွှေးလည်းမွှေးသလို အရောင်လည်းလှတယ်...။ အရင်ခေတ်က လက်ဖက်ရည်ဖန်ခွက်လေးတွေ မှတ်မိကြတယ်မလား အခုခေတ်တော့ အဖြူရောင်ကြွေခွက်တွေပြောင်းသုံးကုန်ပြီ...။ အဲဖန်ခွက်နဲ့ဆိုတော့ အောက်ဆုံးအလွှာက နို့ဆီနဲ့အပေါ်အလွှာအကျရည်ကို သေချာမြင်ရတယ် ပြီးတော့ သတ္တုလက်ဖက်ရည်ဇွန်းနဲ့မသောက်ခင်မွှေရတာမျိုးလေ....။ ခုခေတ်လို နို့ဆီ နို့စိမ်း အကျရည်တစ်ခါထဲ ရောစပ်ဖျော်ပြီးသားမဟုတ်ဘူး...။ ကျနော်ကတော့ Old School လို့ပဲပြောပြော အဲခေတ်က လက်ဖက်ရည်ဆိုင်ရဲ့ presentation နဲ့ အရသာကိုပဲ သဘောကျနှစ်သက်တယ်...။ အဲတုန်းက နို့စိမ်းနဲ့လက်ဖက်ရည်မဖျော်ကြဘူး...။ နို့ဆီကလည်း ကုလာမခြင်းဆွဲ နို့ဆီဗူး ပျစ်ပျစ်နှစ်နှစ်ကိုပဲသုံးတာ...။ ကျနော် ရန်ကုန်မှာ အဲလိုအရသာမျိုးများရမလားလို့ နို့စိမ်းမထည့်ဘဲ နို့ဆီနဲ့အဖျော်ခိုင်းတာ အရသာက မတူတော့ဘူး အကျရည်ရော နို့ဆီရော အရည်အသွေးတွေက ပြောင်းလဲကုန်ပြီကိုး....။ ကျနော်တို့ငယ်ငယ်က ကုလားမခြင်းဆွဲနို့ဆီဆိုတာ စစ်တပ်က ရိက္ခာပေးလို့ရတာကို လာရောင်းစားကြတာ import ဝင်လာတဲ့ စားသုံးကုန်မဟုတ်သေးဘူး...။ လက်ဖက်ရည်ဆိုင်တွေက နို့ဆီ သကြားကို စစ်တပ်မိသားစုတွေက လာရောင်းတဲ့ ရိက္ခာကိုပဲအားထားပြီးဝယ်ကြရတာ မဟုတ်ရင်တော့ ယိုးဒယားကလာတဲ့ စံပယ်ပန်းတံဆိပ် (mali) နို့ဆီကိုပဲ သုံးရတာ အဲနို့ဆီကျတော့ ကျဲတောက်ကြီး...။ ဒါမှမဟုတ်လည်း နွားနို့ရတဲ့နေ့ဆို နွားနို့နဲ့ဖျော်တဲ့ လက်ဖက်ရည်လည်းသောက်လို့ရတယ်...။ ကျနော်တို့ဖက်က နို့စားနွားမွေးတဲ့လူလည်းရှားတော့ အုပ်ကျင်းမှာ တစ်ကောင်စ နှစ်ကောင်စ မွေးတဲ့အိမ်တွေဆီက နို့ညှစ်ရောင်းမှသာ နွားနို့စစ်စစ်ကို သောက်ရတာပဲ...။ ဖန်ပုလင်းနဲ့တစ်ပုလင်းကိုဘယ်လောက် စသဖြင့်ရောင်းတာပေါ့...။ ဦးလေး ဦးတင်ဝဆိုင်က လက်ဖက်ရည်အပြင် အထပ်တစ်ရာ ပလာတာ စမူဆာကောင်းတယ် သူက အစ္စလာမ်လူမျိုးဆိုတော့ အိန္ဒယမုန့်တွေလုပ်တာနိုင်တယ်...။ ဂျုံဆိုလည်း အရည်အသွေးကောင်းလို့လားမသိဘူး မုန့်တွေက ကြော်ပြီးထွက်လာရင် ဂျုံနံ့ကမွှေးနေရောပဲ အခုခေတ်ကအဲလိုအနံ့အရသာမရတော့ဘူး...။





ကျနော်တို့ အိမ်ရှေ့က ဦးလေး ဦးသန်းထွန်းဆိုင်ကျတော့ အိမ်ဆိုင်ဆိုတော့ တစ်နေကုန်ဖွင့်တာ သူ့ဆိုင်ကျ တောင်ကြီး ကျိုင်းတုံ မိုင်းဖြတ်ကလာတဲ့ ခရီးသည်တင်ကားတွေ ကုန်ကားသမားတွေနဲ့ တာလေကလူတွေ အထိုင်များတယ် လူစုံတယ်ပေါ့....။ ပြီးတော့ သူ့ဆိုင်က ကက်ဆက်နဲ့ ဘောက်စ်တွေနဲ့ သီချင်းလည်းဖွင့်ပေးတယ်...။ နည်းနည်းပိုခေတ်မှီတာပေါ့...။ သူ့ဆိုင်က ပေါက်ဆီ ပဲမုန့် အီကြာကွေးပုစီလေးတွေကောင်းတယ်.. .. လက်ဖက်ရည်လည်းကောင်းပါတယ်...။ သူက လားရှိုးမှာနေစဉ်ကလည်း လက်ဖက်ရည်ဆိုင်အတွေ့အကြုံရှိခဲ့ဖူးသူတစ်ယောက်...။ မှတ်မိသေးတယ် ကျနော် ဆယ်တန်းအောင်လို့ အိမ်ကခဏပြန်လည်တုန်းက သူငယ်ချင်းတွေနဲ့ အဲဆိုင်မှာထိုင်ကြသေးတယ် ငှားလာတဲ့ ကာတွန်းစာအုပ် မဂ္ဂဇင်းစာအုပ်တွေဖတ် စာစောင်တွေဖတ်ရင်း ရေနွေးခရားတစ်အိုးပြီးတစ်အိုးသောက်ပြီး တစ်နေကုန်အာလူးတွေဖုတ်ကြတာ...။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်တော့ ပြောင်းသွားပြီး ဦးသန်းထွန်းတို့ မိသားစုက အကုန် လားရှိုးကိုလား မန္တလေးကိုလားမသိ ပြန်ပြောင်းသွားကြပြီ သူ့ဆိုင်တစ်ခုလုံးကို ငှားပေးတဲ့ အိမ်ပိုင်ရှင်ကပဲ လက်ပြောင်းလက်လွှဲယူပြီး ပြန်ဖွင့်တာ ဟုတ်တယ်...။ သူတို့လည်း မုန့်လုပ်တာ ဘာညာအကုန်ပြန်သင်ထားတော့ ဆိုင်ဆက်ဖွင့်ဖို့ အဆင်ပြေသွားတယ် ဖောက်သည်ကလည်းရှိပြီးသားဆိုတော့ ရောင်းမကောင်းဖို့လည်း သိပ်မစိုးရိမ်ရတော့ဘူး...။ ပြီးတော့ တာလေမှာလည်း လက်ဖက်ရည်ဆိုင်ဆိုလို့ အဲတစ်ဆိုင်ထဲရှိတာလေ..။ 2011 ငလျင်လှုပ်တော့ ဦးသန်းထွန်းလက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့အိမ်က ငလျင်ကြောအောက်မှာပြားပြားဝပ်အကုန်ပြို ငလျင်မလှုပ်ခင်အရှေ့ပိုင်းနှစ်တွေကတည်းကလည်း လက်ဖက်ရည်ဆိုင်မဟုတ်တော့ဘူး ရှမ်းခေါက်ဆွဲဆိုင်ဖြစ်သွားပြီ အဲဆိုင်ရှင်အဒေါ်နဲ့သူ့သားက ငလျင်ထဲပါသွားတာပေါ့...။ ကျနော်လည်း အဖိုးဆုံးပြီး(2014)ကတည်းက မပြန်ဖြစ်တော့တာဆိုတော့ တာလေမှာ လက်ဖက်ရည်ဆိုင် ဘယ်နှစ်ဆိုင်ရှိလည်း ဘယ်သူတွေဆက်ဖွင့်ကြလည်း သေချာမသိတော့ဘူးရယ်....။

ဦးသန်းထွန်းလက်ပြောင်းလက်လွှဲထားခဲ့တုန်းက ကျနော့်အဖွားတာလေမှာနေနေသေးတယ်...။ အိမ်မှာကျနော်တို့အမေ ဈေးရောင်းထွက်ရင် အဖွားကကျန်ခဲ့တယ် ရေနွေးအိုးတည်ပေးမယ့်သူမရှိတော့ အဖွားက သူ့ရေနွေးခွက်ထဲ ဟောလစ်မှုန့်တွေထည့် ဇွန်းတစ်ချောင်းတပ်ပြီး အိမ်ရှေ့အိမ်ကိုလမ်းဖြတ်ကူး လက်ဖက်ရည်ဆိုင်မှာ ရေနွေးသွားတောင်းထည့်ပြီး ကလောင်ကလောင်ဇွန်းနဲ့မွှေရင်း အိမ်ဖက်ပြန်ကူးလာတာ နေ့စဉ်နဲ့အမျှပါပဲ...။ ရွာမှာက မနက်ဆို ကျနော်ငယ်ငယ်က ရေနွေးအိုးတည်ဖို့ ထင်းမီးဖိုဖိုရတယ် နောက်ပိုင်းခေတ်ကျ မီးသွေးမီးဖိုဖိုတယ်...။ မီးခိုးမှိုင်းတွေမဲတူးနေတဲ့ အတွင်းပိုင်းမှာ ထုံးဂျိုးတွေကပ်နေတဲ့ရေနွေးအိုးနဲ့ရေနွေးတည်ရတာပေါ့...။ နောက်ကျတော့ ရန်ကုန်က အဒေါ်တွေက အဖွားအဲလို သူများဆိုင်မှာ ရေနွေးသွားသွားယူတာကိုသိတော့ ရေနွေးတည်ရလွယ်အောင် ဂက်စ်မိုးဖိုဝယ်ပေးတယ် လျှပ်စစ်မီးလား ခုခေတ်ထိကိုမရသေးတာ ခုသုံးနေကြတာက ထိုင်းကမီးလိုင်းဆိုလား လာအိုဖက်ကလိုင်းဆိုလားပဲ...အော်...တကယ်ပါပဲ ပြည်တွင်းမှာရှိတဲ့ဂက်စ်လိုင်းတွေရောင်းစားပြီး ကျနော်တို့ပြည်သူတွေမှာ ဆင်းရဲမွဲတေနေရ ဘာမှမသုံးရမစွဲရဘဝ....။

အဲ ရန်ကုန်ရောက်မှာကျတော့ 1988-1990 ဝန်းကျင် လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုတာ ယောကျာ်းတွေပဲထိုင်ရတာလို့မှတ်ကြတယ်....။ လက်ဖက်ရည်ဆိုင်ရှေ့ဆို ဘယ်မိန်းကလေးမှ ဖြတ်မလျှောက်ရဲကြဘူး မလျှောက်ရဲဆို ဖြတ်သွားတာနဲ့ ဆိုင်မှာလာထိုင်တဲ့ငနဲတွေရဲ့ ကျွတ်ကျမတတ် scan ဖတ်သလို အကြည့်တွေကိုကြောက်ကြလို့ပါပဲ...။ တကယ်လည်းဟုတ်တယ်လေ....။ လက်ကိုင်ဖုန်းမပေါသေးတဲ့ခေတ် အင်တာနက်မရှိတဲ့ခေတ်မှာ အဲဒီယောကျ်ားတွေအတွက်က ရှားရှားပါးပါးနိုင်ငံခြားကလာတဲ့ ပလေးဘွိုင်းစာအုပ်လောက်နဲ့ ကျေနပ်နေရတဲ့ခေတ်ဗျာ အဲ..ဒါပေမယ့် အပေါ်စက်အောက်စက်လိုမျိုးဗီဒီယိုခွေတွေတော့ပေါ်နေပြီထင်တယ် ဆိုတော့ သူတို့အတွက်က မျက်စိအစာကျွေးစရာ လက်ဖက်ရည်ဆိုင်ကဖြတ်လျှောက်လာတဲ့ ကောင်မလေးတွေက သားကောင်ပဲလေ.... (ဆောရီး ကျနော်ပြောတာ ရိုင်းသွားလား မဝါဒီဆန်သွားသလားမသိဘူး)...။ ကျနော် ရန်ကုန် တရုတ်တန်းမှာနေတော့ လက်ဖက်ရည်ဆိုင်စထိုင်ဖူးတာ ရှစ်တန်းကိုးတန်းကတည်းကပဲ သူငယ်ချင်းတွေနဲ့ထိုင်တာ ယောက်ကျားလေးတွေတစ်ယောက်နှစ်ယောက်ပါမှထိုင်ကြတာအဲတုန်းက မိန်းကလေးချည်းထိုင်ရင် မျက်စိစပါးမွှေးစူးသေးတာ ရပ်ကွက်ထဲက...။ ဒါက long long ago ေခတ်က အမြင်ကျဉ်းမြောင်းနေတဲ့ကာလကပေါ့...။ ခုတော့ မိန်းကလေးတွေ လက်ဖက်ရည်ဆိုင်မပြောနဲ့ ဘီယာဆိုင်တောင်ထိုင်နေကြပြီဆိုတော့ ကျနော်တို့နိုင်ငံကလူတွေဟာ အတွေးအခေါ်အယူအဆတွေ အစွန်းရောက်ကြသလိုပဲ ခံစားရတယ် ဗုဒ္ဓဘာသာလို့ခံယူထားကြပြီးတော့လေ...။

ကျနော်တို့ ငယ်ငယ်ကခေတ် လက်ဖက်ရည်ဆိုင် vibe မျိုးလိုချင်ရင်တော့ ဗီယက်နမ်မှာတော်တော်များများ တွေ့နိုင်သေးတယ်...။ အထူးသဖြင့် တောင်ပိုင်းမှာရှိတဲ့ ဆိုင်ဂုံမြို့နဲ့ အဲနားတစ်ဝိုက် နယ်မြို့တွေက ဗီယက်နမ်ကော်ဖီဆိုင်တွေမှာ အဲလိုမျိုးအငွေ့အသက်တွေရသေးတယ်...။ တကယ်တော့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဟာ သူ့ခေတ်သူ့အခါက လူမှုရေး စီးပွားရေး နိုင်ငံရေးအခြေကို မသိမသာပြောပြသွားနိုင်တဲ့ မှတ်စုစာအုပ်ကြီးတစ်အုပ်လိုပါပဲ...။ ဆရာမြသန်းတင့်ရဲ့ လက်ဖက်ရည်ဆိုင် စာအုပ်လေးဖတ်ပြီး ငယ်တုန်းကရွာက လက်ဖက်ရည်ဆိုင်တွေအကြောင်းပြန်ပြောပြမိသွားတယ်...။ ဖတ်ထားတဲ့စာအုပ် reviewed လေးမဟုတ်ပေမယ့် ကျနော့်ပို့စ်လေးကို စိတ်ကျေနပ်အားရမိမယ်လို့ မျှော်လင့်ပါတယ်...။






Friday, 1 March 2024

မျှော်လင့်ခြင်းဖတ်စာ.....(၈)

 



ခံစားမှု ဉပဒေသ(၃)


ငါဘယ်သူလဲဆိုတဲ့ ယုံကြည်ချက်ဟာ အတွေ့အကြုံအသစ်တစ်ခုမကြုံမချင်း ပြောင်းလဲသွားဖို့မဖြစ်နိုင်ဘူး

ဘဝတစ်ခုမှာကြုံရတဲ့ အဖြစ်တွေ တန်ဖိုးထားမှုတွေ ခံယူချက်တွေ အဓိပ္ပါယ်အသစ်တွေကို ကောက်ရင်း ဆယ်ရင်းနဲ့ ကျနော်တို့ရဲ့ "ငါဘယ်သူ"ဆိုတဲ့ ခံယူချက်က ပိုရှုပ်ထွေးလာတယ် ပိုကြီးမားလာတယ် နှင်းတောင်ပေါ်ကနေ လှိမ့်ချလိုက်တဲ့ နှင်းလုံးကြီးတစ်လုံးလိုပါပဲ တလိမ့်တစ်လိမ့်နဲ့ ကြီးသထက် ကြီးလာတော့တာ...။ ခင်ဗျားနဲ့ ခင်ဗျားအမေ အရမ်းချစ်ကြတယ် ဆိုပါစို့...။ ငယ်ငယ်ကတည်းက အမေ့လက်ပေါ်မှာပဲကြီးလာတယ်...။ အမေ့ကိုတွယ်တာမယ်..။ ခင်ဗျားရဲ့ "ငါ" ဆိုတဲ့ ခံယူချက်မှာ ခင်ဗျားအမေက အစိတ်အပိုင်းကြီးတစ်ခုအဖြစ် နေရာယူလာမယ်...။ ပြစ်မျိုးမှဲ့မထင်တဲ့ အမျိုးသမီးတစ်ယောက် ခင်ဗျားပိုင်ဆိုင်သမျှတွေဟာ သူ့ကျေးဇူးကြောင့် ရလာတာ...။ ဒီလိုခံယူထားတယ်ဆိုပါစို့...။ အမေဆိုတဲ့ တန်ဖိုးတစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကာကွယ်တော့မယ်...။ လူတစ်ယောက်က ခင်ဗျားရှေ့ရောက်လာပြီး မင်းအမေ ဘာဖြစ် ညာဖြစ် ဆိုပြီး ပြောလရင် ဘာဖြစ်မလဲ...။ ရရာလက်နက်ဆွဲပြီး ချတော့မှာပေါ့ ဟုတ်တယ်မဟုတ်လား...။

ဟုတ်ပြီ...။ ဒီတော့ တွေ့တဲ့တုတ်နဲ့ ကောက်ပြီး ရိုက်လိုက်မိတဲ့အဖြစ်အပျက်က နောက်ထပ် အတွေ့အကြုံအသစ်တစ်ခု ခံစားချက် အသစ်တစ်ခု ယူလာပေးတယ်...။ ခင်ဗျားကိုယ်ခင်ဗျား ပြန်မေးခွန်းထုတ်မယ်...။ "ငါဟာ အမေနဲ့ ပတ်သက်ရင် လုံးဝ စိတ်မထိန်းနိုင်ပါလား..." ဆိုတဲ့ ယုံကြည်ချက်အသစ်တစ်ခုဝင်လာပြီ....။ ဒီယုံကြည်မှုဟာ ခင်ဗျားရဲ့ "ငါဘယ်သူ" ဆိုတဲ့ ခံယူချက်ထဲကို တိုးဝင်သွားပြီ...။

ဒီလိုနဲ့ တစ်လိမ့်စီလိမ့်ရင်း နှင်းလုံးကြီးက ပိုကြီးလာတော့တာပဲ...။ 

ယုံကြည်မှုတစ်ခု ခံယူချက်တစ်ခုကို ဆုတ်ကိုင်ထားတာ ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကို မြင်တဲ့အမြင် ပတ်ဝန်းကျင်ကို မြင်တဲ့ အမြင်နဲ့ ဒီခံယူချက်တွေ ထပ်တူကျသွားတဲ့အခါ အဲဒီခံယူချက်တွေဟာ နှင်းလုံးကြီးရဲ့ အလယ်ဗဟိုထဲကို ပိုပြီး ရောက်ရောက်သွားတယ်...။ ရင်ထဲကို ပိုနစ်ဝင်သွားတယ်ဆိုပါတော့...။ ဘဏ်တိုးပေရသလိုပဲပေါ့...။ ကြာလေလေ အတိုးတက်လေလေပဲ...။ ငယ်ငယ်တုန်းက ကျောင်းမှာ အနိုင်ကျင့်ခံရတယ်...။ ဒီလို အနိုင်ကျင့်ခံရတဲ့အတွက် ကိုယ့်ကိုယ်ကို နှစ်ပေါင်းများစွာ မုန်းတီးနေတယ်...။ ဒီစိတ်အခံကြောင့် ဆယ်စုနှစ်များစွာ ကြာသည့်တိုင်အောင် ဘယ်သူနဲ့မှ အဆင်ပြေပြေ မပေါင်းတတ်တော့ဘူး...။ ခံယူချက်တွေက တစ်ရစ်ပြီးတစ်ရစ် ကိုယ့်ကိုရစ်ပတ်လာတာပဲ...။

စိတ်ပညာရှင်တွေ အားလုံးလက်ခံထားကြတဲ့ အချက်တစ်ခုရှိတယ်...။ ကလေးဘဝမှာ အဖြစ်ဆိုးတစ်ခုခု ကြုံရပြီဆိုရင် သေရာပါအောင် စွဲသွားတယ်ဆိုတဲ့အချက်...။ ဒါကို Snowball Effect လို့ခေါ်တယ်...။ အခုပြောနေတဲ့ နှင်းလုံးကြီးဆိုတာ ဒါပေါ့...။ ငယ်စဉ်တုန်းက ကြုံရတွေ့ရတာတွေဟာ ကြီးလာတဲ့အခါ ကိုယ့်ကိုယ်ကိုမြင်မယ့် ခံယူချက်တွေရဲ့ မျိုးစေ့တွေပဲလေ...။ ဒီတော့ ကလေးဘဝမှာ သောက်တလွဲတွေ ကြုံရတဲ့အခါ အဓိကခံယူချက်တွေ ပျက်စီးကုန်တာပဲ...။ နှစ်ပေါင်းများစွာမကျက်တော့တဲ့ အနာတစ်ခုကို ဒုက္ခပေးတော့တာပဲ...။ တဆစ်ဆစ်နဲ့ အဆိပ်တက်နေတာ...။ ဒီအဆိပ်ကြောင့် နောင်ကြုံရမယ့်အတွေ့အကြုံတွေလည်း အဆိပ်သင့်ကုန်တယ်...။

"ငါဘယ်သူလဲ" ဆိုတဲ့ ခံယူချက်က ငယ်စဉ်ဘဝမှာ အင်မတန်ကို ထိရှလွယ်နိုင်တယ်...။ အတွေ့အကြုံနည်း နုသေးတာကိုး...။ ကိုယ်ရဲ့အုပ်ထိန်းသူအပေါ်မှာ လုံးဝ မှီခိုခဲ့ရတာမဟုတ်လား...။ အုပ်ထိန်းသူဆိုတာလည်း လူပဲဆိုတော့ အမှားတော့ရှိမှာပြလေ...။ ဂရုမစိုက်ဘဲ ပစ်ထားမိတာ နာကျင်အော် လုပ်မိတာ စတဲ့ လုပ်ရပ်တွေဟာ နုနုယ်သေးတဲ့ ရင်ထဲမှာ ပြန်စေ့လို့မရတော့တဲ့ အက်ကြောင်းတွေ ပွင့်လာစေတယ်...။ အဖေက အမေ့ကို ထားခဲ့ပြီး အိမ်ကနေ ထွက်သွားတယ်...။ ကလေးရဲ့ သုံးနှစ်သားအရွယ် ဦးနှောက်က ဘာစဉ်းစားမလဲ...။ "ငါ့ကိုမချစ်လို့ ထားသွားတာ" လို့ပဲ ထင်မှာပေါ့...။ အမေက နောက်ယောကျ်ားယူသွားတယ်...။ အဲဒီမှာ ချစ်ခြင်းတရား ဆိုတဲ့ အရာကိုပါ မယုံတော့ဘူး...။ ဘယ့်သူကိုမှလည်း မယုံတော့ဘူး...။

ဒီလိုတွေးကြည့်ရင် နယူတန်ဆိုတဲ့ လူတစ်ယောက်တည်းပဲ နေတတ်တော့တာ ဘာထူးဆန်းသလဲ...။

အဆိုးဆုံးတစ်ခုရှိသေးတယ်...။ ဒီဇာတ်လမ်းတွေ ခံယူချက်တွေကို လက်ကိုင်ထားတာ ကြာလာတဲ့အခါ သူတို့ ရှိနေမှန်းတောင် သတိမထားမိတော့ဘူး.....။ စိတ်ကူးတွေရဲ့ နောက်ခံ အသံတွေလိုဖြစ်လာတယ်...။ မသိစိတ်ရဲ့ ကြမ်းခင်းတွေ ဖြစ်လာတယ်...။ ဒီတန်ဖိုးတွေ ခံယူချက်တွေဟာ တကယ်တော့ အပြင်မှာ လက်ဆုပ်လက်ကိုင် ပြလို့ရတာတွေမဟုတ်ဘူး...။ ခံစားတဲ့ ဦးနှောက်ကဖန်တီးထားတဲ့ ယုံကြည်မှုတွေပဲ...။ ဒါပေမယ့် ဒါတွေကို ဘယ်လိုမှလည်း ရှောင်လို့မရဘူး...။

တစ်သက်လုံး စုဆောင်းလာတဲ့ ခံယူချက်တွေက "ငါ"ဆိုတဲ့ အရာပေါ်မှာ ကျောက်တည်ပြီး အနည်ထိုင်နေပြီ...။ ဒီခံယူချက်တွေကို ပြောင်းလဲဖို့ ဆိုရင် ကိုယ့်ခံယူချက်နဲ့ ဆန့်ကျင်တဲ့ အတွေ့အကြုံသစ်တွေလိုအပ်ပါတယ်...။ ဒီလိုဆန့်ကျင့်ဘက် အတွေ့အကြုံတွေနဲ့ စတွေ့တွေ့ချင်းတော့ မသက်မသာဖြစ်မှာပဲ...။ နာရင်လည်း နာမယ်...။ ဒါကြောင့် အနာမခံဘဲ ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူး...။ သက်သောင့်သက်သာ ရင့်ကျက်လာတယ်ဆိုတာ မရှိဘူးရယ်...။ ခံယူချက်အဟောင်းတွေကို နှုတ်မဆက်ဘဲ လူသစ် စိတ်သစ်  ဖြစ်မလာနိုင်ဘူး...။ 

ခံယူချက်တွေကို လက်လွှတ်လိုက်ရတဲ့အခါ ကိုယ်ဖန်တီးထားတဲ့ ပုံပြင်ဇာတ်လမ်းတွေကို ပြည်ဖုံးကားချလိုက်ရတဲ့အခါ ရင်ထဲဆုံးရှုံးမှုကြီး တစ်ခုလို ခံစားရနိုင်တယ်...။ ကိုယ့်ရဲ့ ခန္ဓာအစိတ်အပိုင်းတစ်ခု ပြုတ်ထွက်သွားသလိုပဲ ဒါမထူးဆန်းပါဘူး...။ တကယ်လည်း ကိုယ့်အစိတ်အပိုင်း တစ်ခုကို ချန်ခဲ့ရတာပဲလေ...။ အိမ်တစ်လုံး ဆုံးရှုံးသွားသလို အလုပ်တစ်ခု လက်လွှတ်လိုက်ရသလို ချစ်သူတစ်ယောက်ကို ထားခဲ့ရသလို ယုံကြည်မှုတစ်ခု ပျက်ပြားသွားသလို သူငယ်ချင်းတစ်ယောက်ကို နှုတ်ဆက်ခွဲခွာရသလို... ဖြစ်မှာပဲ...။ သည်းခြေမှာတွယ်နေတဲ့ ခံယူချက်တွေ မရှိတော့တဲ့အခါ သူတို့ ယူဆောင်လာပေးတခဲ့တဲ့ မျှော်လင့်ချက်တွေလည်း ပဲ့ပါသွားမှာပဲ...။ အဲဒီမှာ ဖြစ်တည်မှုပြဿနာဆိုတာကြီးကို ထပ်ပြီး ရင်ဆိုင်ရပြန်ပြီ...။

ဟောင်နွမ်းမှားယွင်းနေတဲ့ ခံယူချက်အဟောင်းတွေကို မှန်ကန်တဲ့ ပိုကောင်းတဲ့ ပိုသန့်စင်တဲ့ ခံယူချက်အသစ်တွေနဲ့ အစားထိုးရမယ်..။ အဲဒီလိုလုပ်တဲ့အခါ အနာသက်သာဖို့ နည်းလမ်းနှစ်ခုရှိတယ်...။ ပထမတစ်နည်းအနေနဲ့ အရင်က ကိုယ်ဖန်တီးခဲ့တဲ့ ဇာတ်လမ်းအဟောင်းတွေကို ဆန်းစစ်ကြည့်ရမယ်...။ အစကနေ ပြန်ရေးသင့်ရင်ရေးရမယ်...။ ငါ့မျက်နှာကို သူဘာလို့ ထိုးတာပါလိမ့်...။ ငါအသုံးမကျတာလား?သူကိုက မကောင်းတာလား...?

ဒီလိုဇာတ်ကြောင်း ပြန်လှန်ခြင်းအားဖြင့် ကျွန်တော်တို့အတွက် ပြန်လည်ပြင်ဆင်ဖို့ အခွင့်အလမ်းတွေပေါ်လာတယ်...။ ဆုံးဖြတ်ချက်အသစ်တွေချဖို့ ဖြင်နိုင်လာတယ်...။ ဪ... ငါဟာ အင်မတန်တော်တဲ လေယာဉ်မှူးကြီး မဟုတ်ပါလား ဆိုပြီး အမှန်ကို မြင်ရင် မြင်နိုင်လာမယ်...။ ဒါဘာမှမဖြစ်ပါဘူး...။ အရင်က အရေးကြီးတယ်လို့ ထင်ခဲ့တဲ့ အရာတွေဟာ အခု ပြန်ကြည့်ရင် ဘာမှ မဟုတ်ပါလား ဆိုတဲ့ ခံစားချက် လူတိုင်းမှာ ရှိဖူးတယ်..။ တစ်ခါတစ်လေကျတော့ ဇာတ်လမ်းတွေကို မလိုအပ်ဘဲ ဆွဲချဲ့မိခဲ့တာတွေလည်း ရှိခဲ့ဖူးနိုင်တယ်...။  ကိုယ်မြင်ချင်တာကို မမြင်ရမချင်း ဇာတ်လမ်းကို ချဲ့ကားခဲ့တာမျိုးတွေ ကိုယ့်ခံယူချက်နဲ့ကိုက်အောင် ဇာတ်ကြောင်းကို အတင်းပြောင်းတာမျိုးတွေ " ဒီမိန်းမ ငါ့ကိုထားသွားတာ မဆန်းပါဘူး သူ့အရင်ကောင်က သူ့ကိုပစ်သွားတာကိုး ဒါကြောင့် ဒီမိန်းမ မချစ်တတ်တော့တာနေမှာ..." စသဖြင့် ဇာတ်လမ်းတွေချဲ့ကားပစ်လိုက်တော့ ရည်းစားပြတ်တဲ့ ဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိသွားတာကိုး...။

ဒုတိယနည်းလမ်း အနေနဲ့ နောင်အနာဂတ်မှာ ငါဟာ ဘယ်လိုလူမျိုးဖြစ်လာမလဲ ဘယ်လို ခံယူချက်အသစ်တွေ ရောက်လာမလဲဆိုပြီး မြင်ယောင်ကြည့်လို့ရတယ်...။ ကိုယ်လိုချင်တဲ့ အနာဂတ်ကို ပုံဖော်ကြည့်တဲ့အခါ ခင်ဗျားရဲ့ခံစားတဲ့ဦးနှောက်က ခံယူချက်အသစ်တွေကို တော်/မတော် အစမ်းဝတ်ကြည့်လို့ရသွားတယ်...။ အပိုင်မဝယ်ခင် သေချာတိုင်းကြည့်တဲ့ သဘောပေါ့...။ ဒီလို မြင်ယောင်ကြည့်ရင်း ကျင့်သားရလာတဲ့အခါ ခံစားတဲ့ ဦးနှောက်နဲ့ ခံယူချက် အသစ်တွေနဲ့ အသားကျသွားလိမ့်မယ်...။

အနာဂတ်ကို မြင်ယောင်ခြင်းဆိုတာကို တလွဲသင်ပေးနေတာတွေလည်း တော်တော်များများရှိတယ်...။ "မျက်စိမှိတ်လိုက် ကားတွေအများကြီးပိုင်နေပြီလို့ မြင်ယောင်ကြည့် ကိုယ်ပိုင်လေယာဉ်ကြီး စီးနေရပြီလို့ ခံစားကြည့်" ဆိုတာတွေကိုတော့ သွားနားမယောင်နဲ့ ပစ္စည်းဉစ္စာပိုင်ဆိုင်ခြင်းဆိုတဲ့ ခံယူချက်ကိုက မကျန်းမာဘူး...။ မကျန်းမာတဲ့ ခံယူချက်တွေကို ကြိုပြီး မြင်ယောင်နေမှတော့ ပိုကောင်ဖို့ ဘယ်ဖြစ်နိုင်မလဲ...။ ကိုယ့်မှာ မရှိတာတွေကို မှန်းပြီး သာယာဖို့မလိုဘူး...။ ကားတွေ လေယာဉ်တွေကို မလိုချင်တော့ရင် ဆိုပြီး စဉ်းစားကြည့်တာကမှ တကယ့်ပြောင်းလဲမှု အစစ်...။

ကျန်းမာတဲ့ မြင်ယောင်ခြင်း မှန်သမျှဟာ သက်သောင့်သက်သာ မရှိရဘူး...။ စိန်ခေါ်မှုရှိရမယ်...။ နာလည်ရခက်ရမယ်...။ မဟုတ်ရင် ပြောင်းလဲမှုဆိုတာ ရောက်လာမှာမဟုတ်ဘူး...။

ခံစားတဲ့ ဦးနှောက်က အတိတ်တွေ ပစ္စုပ္ပန်တွေ အနာဂတ်တွေကို နားမလည်ဘူး...။ ဒါတွေကို နားလည်တာ စဉ်းစားတဲ့ဦးနှောက်...။ တကယ်လို့များဆိုတဲ့ စိတ်ကူးကို သုံးပြီး စဉ်းစားတဲ့ဦးနှောက်က ခံစားတဲ့ဦးနှောက်ကို လမ်းမှန်ဆီ တွန်းပေးလို့ ရတယ်...။ တကယ်လို့များ လူတွေ ငါ့ကို သဘောကျနေအောင် ငါ ဟန်မဆောင်တော့ရင် ဘယ်လိုနေမလဲ...။ တကယ်လို့များ ဒီလူတွေ ငါ့ကို အဖက်မလုပ်ကြတာ သူတို့ အပြစ်မဟုတ်ဘဲ ငါ့အပြစ်ဖြစ်နေရင်ရော....။

တစ်ခါတစ်လေကျရင် ခံစားတဲ့ ဦးနှောက်ကို တကယ်ဟုတ်ချင်မှဟုတ်ပေမယ့် တကယ်လို့ပဲ ခံစားရတဲ့ ဇာတ်လမ်းတွေလည်း ပြောပြလို့ရသေးတယ်...။ အမေရိကန်ရေတပ်သား တစ်ဦးဖြစ်တဲ့ ဂျော့ခ်ကိုဝဲလ်အင့်ခ်က သူရဲ့စည်းကမ်းသည် လွတ်လပ်ခြင်းဖြစ်သည်ဆိုတဲ့ စာအုပ်ထဲမှာ ရေးဖူးတယ်...။ သူဆိုရင် မနက် ၄ နာရီခွဲ အိပ်ရာထတယ်...။ တစ်နေရာရာမှာ ရန်သူတစ်ယောက်ရှိနေတယ်လို့ စိတ်ထဲမှာ မြင်ယောင်ထားတဲ့အတွက် အဲဒီလို အစောကြီးနိုးနေတာတဲ့...။ ရန်သူက ဘယ်နေရာမှာလည်း သူမသိဘူး ရန်သူအိပ်ရာမနိုးခင် သူအရင်ထနိုင်ရင် တစ်ပန်းသာတာပဲလို့ ခံယူထားတယ်...။ အီရတ်စစ်ပွဲမှာ တာဝန်ထမ်းဆောင်နေရင်း ဒီဇာတ်လမ်း သူ့ခေါင်းထဲဝင်လာတာပဲ...။ စစ်ပွဲထဲမှာတော့ သူ့ကို ပစ်သတ်ချင်တဲ့ သူတွေ တကယ်ရှိခဲ့မှာပေါ့...။ ဒါပေမယ့် အရပ်သားဘဝ ပြန်ရောက်သွားတော့လည်း သူ့ခေါင်းထဲက ဒီဇာတ်လမ်းက အဆုံးသတ်မသွားဘူး...။

ယေဘုယျကျကျတွေးကြည့်ရင်တော့ သူ့ခေါင်းထဲက ဇာတ်လမ်းက အဓိပ္ပါယ်မရှိဘူးလေ...။ ဘယ်ရန်သူက မနက် ၅နာရီထိုးကြီးရောက်လာမလဲ...။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ဒီဇာတ်လမ်းက အင်မတန် ခွန်အားပြင်းတယ်...။ သူ့ရဲ့ခံစားတဲ့ဦးနှောက်က ဇာတ်လမ်းကို ယုံတယ်...။ ဒါကြောင့်လည်း ကျွန်တော်တို့ ပါတီတက်ပြီး အိမ်ပြန်မရောက်ခင်မှာ သူက မနက်အပ်ရာနိုးနေပြီ...။ ဒါဟာ မိမိကိုယ်ကို ထိန်းနိုင်ခြင်းဆိုတဲ့ တံလျှပ်ပဲ...။ တကယ်မရှိပေမယ့် ရှိသယောင်ခံစားရတယ်...။

ဒီလိုဇာတ်လမ်းတွေမရှိဘူးဆိုရင် ဒီလိုခံယူချက်တွေမပိုင်ဆိုင်ထားဘူးဆိုရင် ကိုယ်လိုချင်တဲ့ အနာဂတ် ကိုယ်နှစ်သက်တဲ့ ယုံကြည်ချက်တွေ ကိုယ်ခွာချချင်တဲ့ ငါစွဲတွေ ကိုယ်အသစ်မွေးချင်တဲ့ "ငါဘယ်သူ"ဆိုတဲ့ အိပ်မက်တွေ ဒါတွေကို သဲသဲကွဲကွဲ မမြင်ယောင်နိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ အတိတ်ရဲ့ အမှားတွေ ကျရှုံးမှုတွေကြား တဝဲလည်လည် ဖြစ်နေဦးမှာပဲ...။ ကျွန်တော်တို့ရဲ့ အနာဂတ်ပုံပြင်တွေဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေဖြစ်တယ်...။ ဒီပုံပြင်တွေထဲ ဝင်ရောက် အသက်ရှင်နေထိုင်ရင်း ဒီဇာတ်လမ်းတွေကို တကယ်ဖြစ်လာအောင် လုပ်မှသာ ဘဝက အဓိပ္ပါယ်ရှိလာမှာ.....။


မှတ်ချက်။    ။ Markmanson ရဲ့ စာတွေကိုဖတ်တိုင်းဖတ်တိုင်း သူနဲ့ခံစားချက်ခြင်း အလားသဏ္ဌာန်တူတဲ့ သူတွေ ကမ္ဘာမှာ အများကြီးရှိလိမ့်မယ်လို့ယူဆပါတယ်...။ ကျမကိုယ်တိုင် တစ်စုံတစ်ဦးကို မနာလိုရှုစိမ့်ဖြစ်တဲ့ စိတ်မျိုးရှိတော့ရှိခဲ့ဖူးပေမယ့် တခနလေးပဲဖြစ်သွားတဲ့စိတ်လို့ ကျမ တိတိကျကျမှတ်မိတယ် ချက်ချင်းပြုပြင်လိုက်မိတယ်....။ ကိုယ့် Energy ကျမယ့်အလုပ်မျိုး မလုပ်ဖို့ ကျမအမြဲသတိထားတယ်...။ မိန်းမတစ်ယောက်ကို အဲလိုမနာလိုစိတ်မျိုးထားတတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ စိတ်ကတော့ ပိုကြောက်စရာကောင်းသွားပြီ အရမ်းကို အန္တရာယ်ရှိတဲ့ လူတစ်ယောက်ဖြစ်သွားပြီ....။ ပြောချင်တာက ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကို မလောင်ကျွမ်းပါစေနဲ့လို့ ဆိုတာပဲ....။ ကိုယ်လုပ်ခဲ့တဲ့အပြစ်နဲ့ရည်ရွယ်ချက်ကိုဖုံးကွယ်ချင်တာနဲ့ မိန်းကလေးတွေအပေါ် လိင်အမြတ်ထုတ်ချင်တဲ့ အောက်တန်းကျတဲ့စိတ်တစ်ခုထဲနဲ့ တကယ်အပြင်မှာမရှိတဲ့ ဇာတ်လမ်းတွေကို အသရေဖျက်ပြီး ရူးသလိုကြောင်သလို စိတ်ကူးယဉ်ရေးနေတဲ့သူတွေ စဉ်းစာတဲ့ဦးနှောက်သုံးပြီး ဉာဏ်လေးပွင့်စေချင်မိပြီ....။ 



__________________
Revolution will prevail
မိုးငွေ့


Wednesday, 14 February 2024

အချစ်ရဲ့ Cafe.....




ချစ်သူများနေ့နီးလာရင် အင်းဝမှာ အချစ်နဲ့ပတ်သက်တဲ့ ချစ်သူစုံတွဲတွေနဲ့ပတ်သက်တဲ့ ချစ်ခြင်းမေတ္တာတွေကိုဖော်ကျူးတဲ့စာအုပ်တွေ အသည်းကွဲရင်ဖွင့်သံစာအုပ်ပါးလေးတွေ ထွက်နေကျမို့ ဒီနှစ် ဝယ်ဖတ်ဖြစ်တာက နေဗလ်ရဲ့ "အချစ်ရဲ့ Cafe" စာအုပ်လေးပါ....။ စာအုပ်တစ်အုပ်မှာ မျက်နှာဖုံးနဲ့ စာအုပ်ရဲ့ ခေါင်းစည်းလေးက စာဖတ်သူကို ပထမဆုံးဆွဲဆောင်တဲ့အရာမို့ ကျမကိုပိုပြီးဆွဲဆောင်သွားတာက Cafe ဆိုတဲ့စကားလုံးလေး အဲစကားလုံးလေးပါနေလို့ အဲစာအုပ်ကို ကျမ ကောက်ကိုင်ဖတ်ကြည့်မိတာပဲ....။

ဘယ်သူပြောလဲ အချစ်ဆိုတာ ကျမတို့အရွယ်မှာ မဖတ်သင့်တော့တဲ့ စာလို့....။ တကယ်တမ်း "အချစ်"ဆိုတာ ဘဝရဲ့ အစိပ်အပိုင်းသေးသေးလေးဆိုပေမယ့် လူတစ်ဦးတစ်ယောက်အတွက်တော့ စိတ်ခွန်အားတွေကို ဖြည့်တင်းပေးနိုင်တဲ့ နတ်ဆေး အားဆေးတစ်ခွက်ပါပဲ လူတိုင်းအတွက် လိုကိုလိုအပ်တဲ့အရာတစ်ခုဆိုတာ ဘယ်သူမှ မငြင်းသာဘူးထင်ပါတယ်...။ စုံတွဲရှိပြီးသားသူလည်း အချစ်လိုတယ် မရှိသေးတဲ့သူအတွက်လည်း အချစ်ဆိုတာ လိုအပ်တာပဲ...။

ကျမ ဒီစာအုပ်လေးကို စတွေ့တော့ လွန်ခဲ့သောနှစ်များစွာက ကျမ ဖေ့စ်ဘုတ်သုံးစဉ်အခါက ကျမရဲ့ Note မှာ အမြဲတင်ဖြစ်တဲ့ စာစုလေးတွေကို သွားသတိရမိတယ်...။ "ကျမရဲ့ကော်ဖီခွက်လေးများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲတုန်းက နေ့တိုင်း တစ်နေ့တစ်ပုဒ်လောက် တင်ဖြစ်တဲ့အချိန်လေးကို ပြန်လွမ်းမိတယ်...။ ကျမ ဖေ့စ်ဘုတ်ဖျက်လိုက်တော့ အဲစာတွေကို ပြန်မကူးထားဖြစ်ခဲ့ဘူး...။ အားလုံးကျမလက်နဲ့ Delete တဲ့ထဲ အကုန်ပါသွားခဲ့တယ်...။ ဘဝမှာ နောင်တရမိတာက ကိုယ်ရေးခဲ့ပြီးသားစာတွေကို မဆင်မခြင် Delete လုပ်လိုက်ခြင်းပဲ..။ ပြန်တွေးကြည့်တော့ နှမြောလိုက်တာ...။ အဲဒီအချိန် အဲလိုခံစားမှုမျိုး အဲလိုအရေးအသားမျိုးက နောက်တစ်ခါဆိုတာ ဘယ်တော့မှ မရနိုင်တော့ဘူးလေ...။


"လူတစ်ယောက်ကို နားလည်ရတာ လွယ်ပါတယ်
လူတစ်ယောက်ကို နားလည်သည့်တိုင်
သူ့ရဲ့ မကောင်းတဲ့ အချက်
တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ အချက်တွေကို သိသည့်တိုင်
သူနဲ့ အတူတူနေထိုင်ဦးမလားဆိုတာကမှ ခက်တာ...။

လူတစ်ယောက်ကို ချစ်ရတာလည်း လွယ်ပါတယ်...
ဒါပေမယ့် ဘယ်လောက်ထိ သည်းခံပေးပြီး
ဘယ်လောက်အထိ အဲဒီလူနဲ့ ဘဝခရီးသွားချင်လဲ
ဘယ်လောက်အထိများ ချစ်ခြင်းမေတ္တာက အစ
ပကာသနအဆုံး ဖြည့်ဆည်းပေးချင်တဲ့
ချစ်ခြင်းမေတ္တာလဲဆိုတာမျိုးကတော့ ခက်တယ်...။

အချစ်တွေ အများကြီးရှိတယ်...။
တချို့အချစ်တွေကတော့ ဘဝကို မလုံခြုံစေဘူး
တချို့အချစ်တွေကတော့ စိတ်ကို မလုံခြုံစေဘူး....။"

နေဗလ်



"နှုတ်ခမ်းတွေကိုလည်း ရဲနေအောင် မဆိုးနဲ့
တစ်စုံတစ်ယောက်ကိုလည်း ရူးနေအောင် မချစ်နဲ့
ပုံမှန်လေးပဲ နေထိုင်ပြီး ပုံမှန်လေးပဲ ချစ်ပါ
ဒါဆို ဘဝမှာ နေသာမှာပါ.....။"

နေဗလ်


ဒီကဗျာလေး ဖတ်မိတော့ .... အင်း နေဗလ့် စာတွေကို ကဗျာလို့ခေါ်လို့ရမလား? ခေါင်းစဉ်မပါတဲ့ ခံစားမှု စာစုတွေလို့ပြောရမလား? ထားလိုက်ပါ ဒီစာတိုလေး ဖတ်မိတော့ ကျမ နှုတ်ခမ်းနီရဲရဲတွေ မဆိုးဖြစ်တာတော်တော်ကြာနေမှန်း သတိထားမိတယ်...။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျမ အနီရဲရဲ နှုတ်ခမ်းဆိုးဆေးကို အချိန်အတိုင်းတာတစ်ခုအထိ မက်မက်မောမော ဆိုးခဲ့ဖူးတယ်...။  ငယ်စဉ်ကတည်းက ကျမနှစ်သက်ခဲ့ဖူးတဲ့ အရောင်တွေထဲမှာ အနီရောင် လုံးဝမပါခဲ့ဘူး...။ ဒါပေမယ့် အသက်အရွယ်တစ်ခုရောက်တဲ့အခါ ကျမအကြိုက်တွေ အရောင်တွေ ပြောင်းလဲလာတယ်ဆိုတာ သိလာရတယ် လုံးဝမကြိုက်တတ်တဲ့ အရောင်တွေ အရာဝတ္တုတွေ အစားအစာတွေကို ကြိုက်တတ်လာတယ် ...။ နှင်းဆီပွင့်ဖတ်ရောင် နှုတ်ခမ်းနီရဲရဲဟာ လူတွေကို ဆွဲဆောင်တယ် Sexy ဖြစ်တယ်...။ "မင်းနဲ့ နှုတ်ခမ်းဆိုးဆေးအနီရောင်တွေက သိပ်လိုက်ဖက်တာပဲလို့" ဆိုတဲ့ စကားလုံးတွေအပြောတွေကို စွဲလန်းခဲ့ဖူးတယ်...။ ခုတော့လဲ.....အချိန်တွေတိုက်စားလို့ အဲလို ခံစားမှုတွေက မှေးမှိန်ကုန်ပါပြီလေ...။


"ငါတို့ ခန္ဓာကိုယ်ရဲ့ system က ထူးခြားပါတယ်
ငါတို့ရဲ့ ချစ်လှစွာသော Brain က
ငါတို့ မြင်ရ တွေ့ရဖို့ မလိုအပ်ဘူးလို့ ထင်တဲ့ အရာတွေကို
မမြင်ရအောင် Block ချထားတတ်တယ်တဲ့...။

ဒါကြောင့် နာကျင်စရာ ကောင်းတဲ့
တစ်စုံတစ်ခုကို မြင်ခဲ့ရတယ်ဆိုရင်
မမေ့နိုင်သေးဘူးဆိုရင်လည်း
အဲဒီအရာဟာ
ငါတို့ဘဝတွေအတွက် လိုအပ်နေသေးလို့‌ နေမှာပါ...။

နာကျင်ရတဲ့အခါ ငိုပါ
ဝမ်းနည်းတဲ့အခါ ရှိုက်ပါ
အသက်ကို ဝဝရှူပါ
တစ်နှစ်ထက်တစ်နှစ် ကြီးလာတဲ့ အသက်တွေနောက်မှာ
ငယ်စဉ်ကလောက်
ရိုးရှင်းလွန်းစွာ မရှင်သန်နိုင်တော့တဲ့အခါ
ငယ်စဉ်က
တစ်စုံတစ်ယောက်ကို ရူးခါအောင် ချစ်ခဲ့တယ်ဆိုတာဟာလည်း
ငါတို့ဘဝဒိုင်ယာရီရဲ့
သမိုင်းဝင်စာရွက်စာတမ်းတွေ ဖြစ်လာမှာ....။ "

နေဗလ်


အသက်ကို ဝဝရှူပါလို့ ပြောမှ ကျမတို့ဟာ အသက်ရှူဖို့‌မေ့မေ့နေတဲ့ အချိန်တွေများမလာစေဖို့ သတိထားရမယ်...။ (သန့်ရှင်းတဲ့လေကို)အသက်ရှည်ရှည် ဝဝရှူခြင်းဟာ ရောဂါကင်းဝေးစေတဲ့ နည်းလမ်းကောင်းတစ်ခုဆိုတာကို အယုံအကြည်ရှိရှိနဲ့မမေ့ကြစေဖို့ပဲ.....။ ကျမကို အသက်ရှူပါ အသက်ရှူပါလို့ အသိတစ်ခုထည့်ပေးသွားတဲ့ လူတစ်ယောက်ကို ကျမ အသက်ရှူတိုင်း သတိရကျေးဇူးတင်နေမိတယ်ဆိုတာ သိပါစေ....။


"လွင့်မျောမယ်ဆိုလည်း အဆုံးအစမရှိပေါ့
တိမ်တွေကို ချစ်တယ်ပြောရင်း
မိုးရွာတဲ့နေ့ တိမ်ကင်းတဲ့ နေ့တွေမှာလည်း
ကောင်းကင်ဟာ ချစ်စရာပါပဲ

တချို့မေ့းခွန်းတွေရဲ့ အဖြေကို
နှလုံးသားက သိတယ်
အချိန်က အဆုံးအဖြတ်ပေးတယ်....။ "

နေဗလ်


ကောင်းကင်နဲ့ တိမ်တွေကိုမော့မကြည့်ဖြစ်တာကြာခဲ့ပေါ့....။ ကျမ သဘာဝနဲ့ တော်တော် ကင်းဝေးနေပြီလား ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်ကြည့်မိတယ်....။ ဟုတ်တယ်... ကျမ မြက်ခင်းတွေ မြေကြီးတွေ မနင်းရတာကြာပြီ ပန်းပွင့်လေးတွေနဲ့လည်း ဝေးနေခဲ့တာကြာပြီ.... ကောင်းကင်မိုးသားတိမ်တိုက်တွေနဲ့လည်း ဝေးခဲ့တာကြာပြီ....။ ယုဇနပန်းလေးတွေ ခူးလာပေးမယ့်သူနဲ့လည်း ဝေးခဲ့တာကြာပြီ....။


အချစ်ရဲ့ နွေဦး

ဝေးသွားတယ်ဆိုတဲ့ ခံစားချက်က
တုနှိုင်းပြစရာ မရှိပါဘူး...။

တစ်နေတာဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေကို
သူ့ကိုပြောပြခွင့်မရှိတော့ဘူး..။

လမ်းမှာတွေ့တဲ့ ကော်ဖီဆိုင်လှလှလေးတွေ
စားသောက်ဆိုင်ကောင်းကောင်းလေးတွေ မြင်ရင်
အတူတူသွားစားကြမယ်ဆိုပြီး မှတ်ထားပြီး
ပြန်ပြောပြရမယ်လို့ တွေးတိုင်း
ရုတ်ခြည်းဝေးသွားတော့လည်း
ဪ...ဝေးသွားပါပြီ ဆိုတဲ့အတွေးက
ပြိုကျလာတဲ့ အချစ်စိတ်ကူး အိပ်မက်တွေကို
ရှေ့ကနေ ကန်ချလိုက်သလို အချစ်မိုးတွေ
ရပ်တန့်သွားရတာပဲ....။

လက်ဆောင်တွေ ဝယ်ပေးခွင့်မရှိတော့ဘူး
သူကြိုက်တဲ့ အင်္ကျီတွေ သူဆွတ်နေကျ ရေမွှေးရနံ့တွေ
သူကြိုက်တဲ့ အစားအစာတွေ
သူသုံးနေကျအသုံးအဆောင်ပစ္စည်းတွေကို တွေ့တဲ့အခါ
ဝယ်ပေးချင်တဲ့အခါမှာတောင်
သူနဲ့ငါက ဝေးသွားပြီပဲဆိုတဲ့
အသိက ဖြေဆည်စရာမရှိဘူး....။

အောင်မြင်မှုတွေရလည်း
အချစ်ရေလို့ ဝမ်းပန်းတသာပြေးပြီး
ပထမဆုံးပြောပြချင်တဲ့သူက မရှိတော့ဘူး
ဝမ်းနည်းစရာတွေ ကြုံရင်တော့
ပြောမပြတတ်လောက်အောင် သတိရတာပဲ...
အစကတည်းက တစ်ယောက်တည်းရှိတဲ့ ဘဝတွေ ဖြစ်ပြီး
ငါ့မှာလည်း အဲဒီတစ်ယောက်တည်းကိုပဲ
ဘဝနဲ့ချီပြီး ဆုံးရှုံးလိုက်ရပြန်တယ်.....။ 

နေဗလ်


ကဗျာလေးဖတ်ပြီး နွေဦးရဲ့အစမှာ အဆုံးသတ်လိုက်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အမှတ်ရမိသွားခဲ့တယ်...။ ခုဆို နှစ်ပတ်လည်တောင်ရောက်တော့မှာပဲ...။ အဖြူရောင် ကော်ဖီဆိုင်လှလှလေးမှာ အတူထိုင်ခဲ့ကြတဲ့ ညနေခင်းတွေ .... နေဝင်ဆည်းဆာကို အတူထိုင်ကြည့်ဖူးခဲ့တာတွေ .... လရောင်ဆမ်းတဲ့ညမှာ အတူရှိခွင့်ရခဲ့တာတွေ ရှေးဟောင်းမြို့ငယ်တစ်ခုမှာ အတူလက်တွဲလျှောက်ခဲ့ရတဲ့ လမ်းတွေ.... ဒါတွေဟာ ခုတော့ နွေဦးပုံပြင်တစ်ပုဒ်ဖြစ်သွားခဲ့ပြီတဲ့.....။


"ဆုံးရှုံးသွားတဲ့ အရာတွေကြောင့် မပင်ပန်းဘူးလားတဲ့
တချို့လူတွေက ပြောတယ်
ကျနော်ဟာ
အတိတ်တွေကို ပြန်လိုချင်တပ်မက်မှုမျိုးနဲ့
ဆုံးရှုံးခြင်းတွေကို ပြန်တီးခေါက်နေခဲ့တာ မဟုတ်ရပါဘူး...။

ကွဲကြေသွားတဲ့ အတိတ်တွေကြား
ကျပျောက်သွားတဲ့ ကိုယ့်ကိုယ်ကိုပြန်တွေ့လိုတွေ့ငြား
အများတွေကြား သင်ခန်းစာဒဏ်ရာတွေ
ရေရေရာရာ အမှားတွေများ တွေ့ခဲ့ရင်
ပစ္စုပ္ပန်မှာ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာချင်ရုံပါ....။ "

နေဗလ်



"တစ်ခဏပဲဖြစ်ဖြစ် 
တစ်ဘဝပဲဖြစ်ဖြစ်
ချစ်ခဲ့တယ်ဆိုတာ
သေချာရင် ရပါပြီ"

နေဗလ်


ကျမဘဝမှာ ဘယ်သောအခါမှ မေ့ပျောက်ပစ်လို့မရနိုင်တဲ့ အချစ်ဆုံးသူ တစ်ယောက်ထဲပဲရှိတာ ခံစားတဲ့ဦးနှောက်ကရော စဉ်းစားတတ်တဲ့ဦးနှောက်ကပါ ကျမသိတယ်...။ ဒါပေမယ့် ကျမ အချစ်ကိုမရွေးချယ်ခဲ့တာ  ကျမကိုကျမပဲ ရွေးချယ်ခဲ့လိုက်တာဟာလည်း စဉ်းစားတဲ့ဦးနှောက်နဲ့ ဆုံးဖြတ်ခဲ့တာပါ....။ ဟုတ်တယ် ကျမ ဦးနှောက်ရှိလို့ကို အချစ်ကိုမရွေးခဲ့တာပါ...။ လူချင်းတွေ့ရင် ချစ်တယ်လို့ သေချာမပြောဖူးခဲ့ပေမယ့် သေသည်အထိ မေ့မရနိုင်တဲ့ ခံစားမှုမျိုးနဲ့ ကျမ နင့်နင့်နဲနဲချစ်တယ်ဆိုတာဝန်ခံပါတယ်...။ သူအမြဲပြောဖူးခဲ့သလိုပဲ ရင်ထဲမှာပဲ ချစ်နေပါ သတိရနေပါ ဆိုတာမျိုးပေါ့...။ ကျမ သူမှာခဲ့တဲ့ စကားတွေကို တိတိကျကျ လိုက်နာနေပါတယ်....။ ကိုယ့်အချိန်တွေကို သူများမပေးဖို့ ရေသောက်တာတို့ အသက်ရှူတာတို့ Air Plane Mote ဖွင့်ပြီးမှ အိပ်ရာဝင်ဖို့တို့ စတာတွေပေါ့...။



"တိုက်ဆိုင်တဲ့ သီချင်းလေးရရင် သတိရဖူးလား
ဒါမှမဟုတ် သူသုံးနေကျ ရေမွှေးနံ့လေးရတဲ့အခါ
သတိရတတ်လားတဲ့....။ "  

နေဗလ်


"ဝေးသွားတာ
တစ်ရက် တစ်ရက် ကုန်သွားသရွေ့တော့
သူလည်း အမှန်ကို သိလာမှာဖြစ်သလို
ကိုယ်လည်း အမှန်ကို သေချာမြင်လာခဲ့တာပဲ...။

ငါတို့ ဖြစ်ခဲ့တဲ့ အချေအတင်တွေဟာ
အခုငါတို့တစ်ယောက်နဲ့တစ်ယောက်
မခေါ်မပြောဖြစ်ကြတော့တဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရင်
အချစ်ရဲ့ ကျီစယ်မှုလေးသာ ဖြစ်ကြောင်း...။

အခုလို တစ်ယောက်က အဆင်မပြေရင်
တစ်ယောက်က ပြောလာခွင့်မရှိတော့တဲ့ ဘဝတွေရောက်မှ
အရင်တစ်ချိန်က ရန်ဖြစ်ပြီး
အခေါ်မပြောခဲ့တဲ့ သုံး လေး ရက်က
ဘယ်လောက် ခံသာစရာ ကောင်းလဲဆိုတဲ့အကြောင်း....။

မင်းနဲ့ မခေါ်မပြောဘဲ 
ဆယ်ရက်တောင် မနေနိုင်ခဲ့တဲ့ကိုယ်က
ကိုယ့်ကို ဘယ်တုန်းကမှ ပစ်မထားနိုင်ခဲ့တဲ့ မင်းက
ဘာလို့
ငါတို့ ဒီလောက် ဝေးသွားကြရတာလဲဆိုတဲ့ အတွေးကို
အိပ်မရတဲ့ ညဉ့်နက်တိုင်း ကိုယ်ပြန်တွေးလို့ မရပါဘူး...။

နှလုံးသားက
ပြင်လွယ် ဖျက်လွယ် လုပ်လို့ရတဲ့ အရာမဟုတ်ဘူး..
ဝေးသွားကြတဲ့ တစ်နေ့
တစ်ယောက်တန်ဖိုး တစ်ယောက်ပိုသိလာမယ်
ငါတို့ တစ်ယောက်ကို တစ်ယောက်
ဘယ်လောက်ချစ်ကြကြောင်း ငါတို့ ပိုသိလာမယ်...။

အဲဒီတစ်နေ့ ငါတို့ အချင်းချင်း
မျက်နှာချင်းတောင် ဆိုင်ခွင့်ရှိချင်မှလည်း ရှိမယ်
ဒါမှမဟုတ် မဆိုင်ရက်တော့တာလည်း ဖြစ်နိုင်တယ်....။ "

နေဗလ်


"ဗလာတွေ
တွေးစရာ အတွေးမရှိဘဲ အေးသွားတဲ့ ကော်ဖီတွေ
နက်လာတဲ့ ညတွေမှာ
လန့်နိုးလာတဲ့အခါ
မက်ခဲ့တဲ့ အိပ်မက်ကို မမှတ်မိခြင်းပေါ့...။

လူဆိုတာ ခံစားချက်နဲ့ အသက်ရှင်ကြတယ်
ဘဝမှာ ဘယ်လိုလူမျိုးက
သနားစရာ ကောင်းသလဲဆိုရင်
ချစ်ခြင်း မုန်းခြင်း မျှော်လင့်ခြင်းတွေ မရှိတော့တဲ့သူတွေပဲ...။

ဘဝပင်လယ်ထဲ ရွက်လွှင့်ရင်း
မုန်းတိုင်းတွေ လာရင်တောင်
ထိုင်ကြည့်နေချင်တဲ့ စိတ်အနေအထားတွေ....။"

နေဗလ်








"ငါတို့ တွေ့ဆုံခဲ့ရတဲ့အတွက်
ငါ့မှာ နောင်တရတာ မရှိပါဘူး
မင်းကြောင့် ငါ့ဘဝမှာ ဝမ်းနည်းမှုတွေ ရှိလာတယ်ဆိုရင်
မင်းကြောင့်ပဲ ငါ့ဘဝကို ပိုပြီး
အဓိပ္ပါယ်ရှိရှိ ရှင်သန်တတ်လာတာ နေမှာပါ...။ "

နေဗလ်


"အချစ်ရဲ့ဆောင်း
ကော်ဖီချိုချိုလေးတစ်ခွက်ဖျော်မယ်
စာအုပ်တစ်အုပ်ဆွဲယူပြီး
လတွေနဲ့ကြယ်တွေကို ကောင်းကောင်းငေးလို့ရမယ့်
ပြတင်းပေါက်တစ်ခုကနေ နေရာယူရင်း
ချမ်းချမ်းအေးအေး ရာသီဉတုတွေကြား
အချစ်ကိုပွေ့ဖက်ရင်း
အအေးဒဏ်ကို အန်တုမယ်
တကယ်ပြောတာ အချစ်သာရှိရင်
ဆောင်းဒဏ်မပြောနဲ့
လောကဓံလည်း ငါမကြောက်ဘူး....။ "

နေဗလ်


အချစ်ကထွေးပွေ့ထားရင်း အအေးဒဏ်ကို အန်တုလို့... အေးတဲ့ဆောင်းမှာ နွေးထွေးခဲ့ဖူးတဲ့ အမှတ်တရနေ့လေးတွေအကြောင်း....ဒီလိုဆိုတော့ အတူရှိခဲ့ဖူးတဲ့ ဆောင်းရာသီတစ်ခုကို သတိရမိတယ်....။ 


"ဆောင်းတစ်ဖန် နွေတစ်လှည့် ရာသီစက်ဝန်းတွေထဲ
ချစ်ခြင်းဟာ တစ်ခေါက်တော့
ကိုယ့်ကမ္ဘာဆီ ပြန်လှည့်လာဦးမှာပါပဲ
ငါလည်းပဲ တစ်စုံတစ်ယောက်ကို ထပ်ချစ်နိုင်ပါစေ
ငါ့ကိုလည်း အဲဒီတစ်စုံတစ်ယောက်က ချစ်ပါစေ....။ "

နေဗလ်




"ချစ်သူများနေ့"မှာ အနားမှာ ချစ်သူရှိနေဖို့မလိုပါဘူး အဲဒီချစ်သူကို တစ်သက်လုံး ချစ်နေဖို့ပဲလိုပါတယ်...


........... Happy Valentine ............ 




__________________
Revolution will prevail
မိုးငွေ့ 

Tuesday, 21 November 2023

မျှော်လင့်ခြင်းဖတ်စာ.....(၇)

 



ခံစားမှု ဉပဒေသ(၂)


ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ပမာဏဟာ ဘဝတစ်လျှောက်တွေ့ကြုံခဲ့တဲ့ ခံစားချက်တွေရဲ့ ပေါင်းလဒ်နဲ့ ညီမျှတယ်...။

ကျနော် ခင်ဗျားမျက်နှာကို  လက်သီးနဲ့ထိုးတဲ့ ဇာတ်လမ်းကနေပဲ ပြန်စရအောင်...။ ဒီတစ်ခါတော့ ခင်ဗျား ကျနော့်ကို ပြန်ထိုးလို့မရတော့ဘူး..။ ပြန်အော်လို့လည်း မရဘူး...။ ဘာမှကိုလုပ်လို့ မရဘူး...။ ကျနော်က စူပါဗီလိန်ကြီးဆိုပါတော့...။ ဖြစ်လာမယ့် အကျိုးဆက်တွေအားလုံးကနေ ကျနော့်ကို ကာကွယ်ပေးမယ့် မမြင်ရတဲ့ ဖန်ပေါင်းချောင်ကြီးရှိနေတယ် ဆိုပါစို့..။ အထိုးခံရတဲ့ အကြောင်းကို ခင်ဗျား တခြားသူတွေကို ပြန်ပြောလို့တောင်မရဘူး...။ ပြောလည်း ဘာမှမထူးဘူး...။

ဉပဒေသ(၁)က ဆိုထားတယ်မဟုတ်လား...။ တစ်ယောက်ယောက် တစ်စုံတစ်ရာက ခင်ဗျားကို နာကျင်အောင်လုပ်လာတဲ့အခါ ခံယူချက်တန်ဖိုး ကွာဟမှုတွေဖြစ်လာတယ်...။ အမှန်/အမှားကို မျှတအောင် လုပ်ချင်လာတယ်...။ ခံစားတဲ့ဦးနှောက်က တရားမျှတမှုကို တောင့်တတယ် ...။ ချိန်ခွင်ညှိချင်တယ်...။

ဒါပေမယ့် ဘယ်တော့မှ ပြန်ညှိလို့မရတော့ရင် ဘယ်လိုလုပ်မလဲ...။ တစ်ယောက်ယောက် တစ်စုံတစ်ခုက ခင်ဗျားကို နာကျင်မှုတွေ ပုံပေးသွားတယ်...။ ခင်ဗျား ဘာမှပြန်လုပ်လို့မရဘူး ဆိုရင်ရော.... ဖြစ်သင့်တဲ့အတိုင်း ပြန်ဖြစ်မလာတော့ရင် ဘာဆက်လုပ်ကြမလဲ...။

ဒီလို ပြန်ညှိလို့ မရတာတွေ အချိန်ကြာလာတဲ့အခါ အဲဒီကွာဟမှုတွေဟာ အသားသေလာတယ်...။ ကျနော်တို့ရဲ့ တန်ဖိုးအနိမ့်/အမြင့်အစဉ်ထဲကိုပါ အဲဒီကွာဟမှုက တိုးဝင်လာတယ်...။ တစ်ယောက်ယောက်က ကိုယ့်ကို နာကျင်အောင် လုပ်သွားတယ်..။ သူ့ကို တစ်ခုခုပြန်မလုပ်လိုက်ရတဲ့အခါ...။ တရားမျှတမှုကို ဘယ်တော့မှ ပြန်မရတော့တဲ့အခါ ကျနော်တို့ရဲ့ ခံစားတဲ့ ဉီးနှောက်က အင်မတန် အံ့ဩဖို့ကောင်းတဲ့ အဖြေတစ်ခုကို ထုတ်ပေးလိုက်တယ်...။

"ခံသင့်တာ ခံရတာ" ဆိုတဲ့ အဖြေ...။

နာသင့်လို့နာရတာ ခံသင့်လို့ ခံရတာ ဘယ်တော့မှ တရားမျှတအောင်လုပ်လို့မရတော့ဘူးဆိုရင် ကိုယ်ကိုယ်တိုင်ကိုက အရမ်းညံ့ဖျင်းနေလို့ ဝဋ်ပါလာလို့...။ ဒါမှမဟုတ်ဘူးဆိုရင် ကိုယ့်ကို နာအောင် လုပ်သွားတဲ့သူကို ကိုယ်ထက် အဆပေါင်းများစွာ လိုက်မမီအောင် သာနေလို့ ဆိုပြီး ခံစားတဲ့ ဦးနှောက်က ဆုံးဖြတ်လိုက်တော့တာပဲ...။

ဒါကလည်း မျှော်လင့်ချက်ကြောင့် ဖြစ်လာတဲ့ တုံ့ပြန်မှုပဲ..။ ညီတူအောင်ပြန်ညှိလို့ မရေတော့ဘူးဆိုရင် အရှုံးပေးလိုက်တော့ ဆိုပြီး ခံစားတဲ့ ဦးနှောက်က အတင်းတိုက်တွန်းတယ်...။ အညံ့ခံလိုက်တော့ ကိုယ် "အ"လို့ကိုယ်ညံ့လို့ ခံရတာပဲ လို့သတ်မှတ်လိုက်တော့...။ တစ်ယောက်ယောက်က ကိုယ့်ကို နာကျင်အောင် လုပ်တဲ့အခါ ပထမဆုံးတုံ့ပြန်ချက်က "ဒီကောင်မှားတယ် ငါမှန်တယ်.."...။ ဒါပေမယ် သူမှားတယ်  ကိုယ်မှန်တယ်ဆိုတာကို သက်သေမပြနိုင်ရင် တရားမျှတအောင် ပြန်မလုပ်နိုင်တော့ရင် နောက်ထပ်အဖြေပဲရှိတော့တာမဟုတ်လား...။

ကွာဟမှုတွေ အသားသေလာရင် အရှုံးပေးလိုက်ခြင်းဟာ ခံစားတဲ့ ဦးနှောက်ရဲ့ အကျင့်ပဲ...။ ဒါဟာ ခံစားမှုဉပဒေသ အမှတ်(၂)ပဲ...။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု အတိုင်းအတာဟာ ခံစားခဲ့ရသမျှတွေကို ပေါင်းလိုက်ရင် ရလာတဲ့ ရလာဒ်ပဲ...။

ကိုယ်ဟာ သူများလောက် သူများလောက်မကောင်းဘူးဆိုပြီး အရှုံးပေးလက်ခံတာကို မိမိကိုယ်ကို တန်ဖိုးချခြင်း လို့ခေါ်ကြတယ်...။ သိက္ခာပျောက်ဆုံးခြင်းလို့လည်း ခေါ်လို့ရသေးတယ်...။ နာမည်တပ်တာကတော့ တပ်ချင်သလိုတပ်လို့ရပါတယ်...။ ရလာဒ်ကတူတူပဲ...။ ဘဝမှာ အဆိုးတွေ နည်းနည်းပါးပါး ကြုံရတယ် ဘာမှပြန်လုပ်လို့မရဘူး အဲဒီမှာ ခံစားတဲ့ ဦးနှောက်က "ငါနဲ့ထုက်လို့ဖြစ်ရတာ"ဆိုပြီး ဆုံးဖြတ်တယ်...။ ဒါပါပဲ..။

အဆိုးတက်မကပါဘူး အကောင်းဘက်က ကွာဟမှုလည်း အတူတူပဲ...။ ကြာလာရင် အသားသေသွားတာပဲ...။ ကိုယ်က ဘာမှ မည်မည်ရရ မလုပ်လိုက်ရဘဲ ကောင်းတာတွေချည်း ဖြစ်လာတဲ့အခါ (နှစ်သိမ့်ဆုတွေ အများကြီး ရထားတာ အမှတ်ပေးစနစ်ပြောင်းသွားလို့မကြိုးစာရဘဲစာမေးပွဲအမှတ်တွေ ကောင်းလာတာ နံပါတ်ကိုးနေရာက ပန်းဝင်တာကို မေမေက ရွှေတံဆိပ်ကြီး သက်သက်ဆုချတာ စသဖြင့်..) ငါသည် ပုံမှန်ထက် ပိုတော်ပိုကောင်းသော သူဖြစ်သည်ဆိုပြီး မြင်လာတယ်..။ တစ်နည်းပြောရရင် ချေးထုပ်ကြီးတွေ ဖြစ်လာကြတယ်ဆိုပါတော့...။

ခံယူချက် တန်ဖိုးဆိုတဲ့ အရာတွေဟာ အခြေအနေ အတွေးအခေါ် ဒါတွေနဲ့ အများကြီးသက်ဆိုင်တယ်...။ ခင်ဗျားဟာ ငယ်ငယ်က အနိုင်ကျင့်ခံရတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုပါစို့ ဒါဆိုရင် ခင်ဗျားရဲ့ ခံစားတဲ့ ဦးနောက်က "ငါဟာ လူတောမတိုးတဲ့သူပါလား" ဆိုပြီး ဆုံးဖြတ်ပစ်လိုက်နိုင်တယ်...။ ခင်ဗျားဘာသာ ခင်ဗျား အသက်ကြီးလာမှ ရုပ်တွေ အရမ်းချော လူကြားသူကြားထင်ပေါ်လာရင်လည်း အဲဒီစိတ်အခံက ပျောက်ဖို့မလွယ်ဘူး ဒီလိုပဲ တင်းကျပ်တဲ့ မိဘတွေရဲ့လက်အောက်မှာ ကြီးလာကြတဲ့ သားသမီးတွေဆိုရင်လည်း လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် သူတို့ရဲ့ ခံစားတဲ့ ဦးနှောက်က ဒီကိစ္စတွေဟာ မကောင်းဘူး မလုပ်အပ်ဘူးလို့ပဲ သတ်မှတ်ကြမှာပဲ စဉ်းစားနဲ့ ဦးနှောက်က ဘာပဲပြောနေနေ နားမဝင်ဘူး...။

မိမိကိုယ်ကို တန်ဖိုးထားမှု နိမ့်ခြင်း/မြင့်ခြင်းဆိုတာ ဒင်္ဂါးပြားတစ်ဖက်စီမှာ ရှိနေတဲ့ မျက်နှာပြင်နှစ်ခုပဲ...။ ရုတ်တရက် ကြည့်လိုက်ရင် မတူဘူးလို့ ထင်ရပေမယ့် အတွင်းစိတ်က ခပ်ဆင်ဆင်ရယ်...။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားစိတ်ထဲမှာ ငါဟာ တခြားသူတွေထက် ပိုဆိုးတယ်...။ ပိုကောင်းတယ်လို့ တွေးနေကတည်းကိုက ခင်ဗျားကိုယ်ခင်ဗျား သူမတူတဲ့သူ သူများထက်ထူးတဲ့သူလို့ ခံယူထားလို့ပဲ မဟုတ်လား...။

ငါအရမ်းတော်လို့ ငါ့ကို ပိုပြီးဂရုစိုက်ဆက်ဆံပေးကြပါလို့ အောင်နေတဲ့ သူတွေနဲ့ ငါအရမ်းညံ့လို့ ငါ့ကို ပိုပြီး ဂရုစိုက်ဆက်ဆံပေးကြပါလို့ အော်နေတဲ့သူ တကယ်တမ်းက သိပ်မကွာဘူး...။ နှစ်ယောက်စလုံး ငါစွဲများနေတယ်...။ သူများထက်ထူးတယ်ဆိုတဲ့ ခံယူချက်ချင်းလည်း တူညီနေတယ်...။ လောကကြီးက ငါတို့အလိုကိုဖြည့်ပေးသင့်တယ်...။ သူများ ခံစားချက်တွေထက် ငါ့ခံစားချက်တွေက ပိုအရေးကြီးတယ်လို့ ထင်နေကြတာ..

ကိုယ့်ရဲ့ အရည်အချင်းတွေ ရည်ရွယ်ချက်တွေဟာ သူများထက် သာတယ်လို့ ထင်တတ်တာလဲ လူ့သဘာဝပဲ..။ လူတော်တော်များများက သူတို့ကိုယ်သူတို့ သာမန်ထက်ပိုပြီး ဉာဏ်ကောင်းတယ် ပိုတော်တယ်လို့ ထင်တတ်ကြတယ်...။ ဉာဏ်နည်းတဲ့သူ ဘာမှမတတ်တဲ့သူတွေဆိုရင် ပိုပြီးတော့တောင် မာန်တက်ဦးမယ်...။ ကိုယ့်ကိုယ်ကို တကယ့်လက်ရှိထက်ပိုပြီး ရိုးသားတယ်လို့လည်း ထင်တတ်ကြတယ်...။ ပိုပြီး ကျင့်ဝတ်ကောင်းတဲ့အရာမှန်သမျှဟာ သူများအတွက်လည်း ကောင်းမှာပဲလို့ ယုံမိကြတယ်...။ ကိုယ်က အမှားလုပ်မိပြီဆိုရင် ဪ ဒါကတော့ မတော်တဆပါလို့ ဖြေသိမ့်ချင်ကြတယ်...။ သူတစ်ပါး အမှားလုပ်ရင်တော့ ချက်ချင်း ခုံရုံးတင် စီရင်ချက်ချဖို့ စိုင်းပြင်းနေကြတယ်...။

ဒါဟာ ကျနော်တို့ ကြုံတွေ့နေရတဲ့ လူမှုရေး နိုင်ငံရေ ပြဿနာအများစုရဲ့ ဇာစ်မြစ်ဖြစ်နေတယ်...။ လက်ဝဲ/လက်ယာ ပြဿနာလည်း မဟုတ်ဘူး ...။ လူကြီး/လူငယ် ပြဿနာလည်း မဟုတ်ဘူး...။ လူဖြစ်ရခြင်းရဲ့ ပြဿနာသာဖြစ်တယ်...။ လူ့ဖွဲ့အစည်းမှန်သမျှဟာ အချိန်တန်ရင် ခြစားပြိုလဲသွားမှာပဲ...။ လူတစ်ယောက်ကို အာဏာတွေ ပုံပေးလိုက်ရင် လုပ်ချင်သလို လုပ်ခွင့်ပေးလိုက်ရင် သူ့သဘောကျဖြစ်အောင် လောကကြီးကို ပြောင်းပစ်မှာပဲ...။ ကိုယ့်အပြစ်တွေကို ကျောခိုင်း သူတစ်ပါးအပြစ်ကို မှန်ဘီလူးနဲ့လိုက်ရှာတဲ့အကျင့်ဟာ ကျနော်တို့ သွေးထဲမှာ ပါလာတာ...။

ဒီကမ္ဘာမှာ နေသရွေ့တော့ ဒါကိုရှောင်မရဘူး...။  ကျနော်တို့ဦးနှောက်ဟာ မရှိတာကို အရှိလုပ်တဲ့နေရာမှ သိပ်တော်တယ်...။ တကယ့်အမှန်တရားကို ပုံပြောင်းပစ်ပြီး ငါဟာ သူမတူတဲ့ လူသားဖြစ်တယ်..။ ငါ့ပြဿနာတွေ နာကျင့်မှုတွေဟာလည်း ငါ့တစ်ယောက်တည်းကိုပဲ ရွေးပြီးဖြစ်နေတယ်လို့ ယုံကြည်လာစေတယ်...။ မှားပါတယ်ဆိုတဲ့ သက်သေတွေ ဘယ်လောက်ရှိပါစေ ဂရုမစိုက်ဘူး...။ ကိုယ့်ကိုယ်ကို ချစ်ခင်သာယာခြင်းဆိုတာ ကျနော်တို့အတွက် အနည်းငယ်တော့ လိုအပ်နေသေးတဲ့ ပဋိဇီဝတစ်ခု...။ ဒါမှ မရှိရင် ဖြစ်တည်ခြင်းပြဿနာ (လူဖြစ်ရခြင်ရဲ့ အဓိပ္ပါယ်မဲ့သောဒုက္ခ)ကို ကျနော်တို့ ဘယ်လို ရင်ဆိုင်ကြမလဲ...။ အမှန်အတိုင်းပြောရရင် လူဖြစ်ရတာ အင်မတန်ပင်ပန်းတယ်...။ ဘဝဆိုတာ အခက်အခဲတွေပြည့်နေတဲ့ ခန့်မှန်းမရတဲ့ လမ်းကြမ်းကြီး...။ အားလုံး ဒီလိုပဲ ရမ်းသန်း လျှောက်လှမ်းနေရတာပဲ...။ လုံးဝ လမ်းပျောက်နေတဲ့ သူတွေလည်း တစ်ပုံကြီး...။ ဒီတော့ ဒီလမ်းကို လျှောက်တဲ့အခါ ကိုယ့်ကိုယ်ကို သာယာချစ်ခင်တဲ့ စိတ်ကလေး အနည်းငယ်တော့ လိုတယ်...။ သူများထက် ပိုကောင်းတယ်/ပိုဆိုးတယ် ဆိုတဲ့ အခွင့်ထူးခံစိတ် တစ်ပိုင်းတစ်စတော့ လိုအပ်နေသေးတယ်...။ မဟုတ်ရင် အနီးဆုံး တံတားပေါ်တက်ပြီး ခုန်ချလိုက်ဖို့ပဲ ရှိတော့တယ်....။ ငါဟာ သူများထက် နည်းနည်းတော့ ထူးခြားတယ်ဆိုတဲ့ ခံယူချက်တံလျှပ်တွေ မရှိတော့ရင် မျှော်လင့်ချက်ဆိုတာကိုလည်း လက်လွှတ်လိုက်ရတော့မယ်...။

ဒါပေမယ့် ဒီခံယူချက်နဲ့ နောက်မှာ ပြန်ပေးရမယ့် ဆုံးရှုံးမှုတွေ တွဲပါလာတယ်...။ ငါဟာ သူများနဲ့ မတူတဲ့သူ...။ ငါဟာ လောကမှာ အကောင်းဆုံး လူသား/ အဆိုးဆုံးလူသား လို့ ယုံကြည်လာတာနဲ့ ခင်ဗျားနဲ့ လောကကြီး အဆက်ပြတ်သွားပြီ...။ ဒီလို အဆက်ပြတ်သွားတော့ နောက်ဆုံးမှာ မလိုအပ်တဲ့ သောကတွေ ထပ်ရောက်လာတော့တာပဲ....။


__________________

Revolution will prevail
မိုးငွေ့


Monday, 6 November 2023

မျှော်လင့်ခြင်းဖတ်စာ.....(၆)

 




ခံစားမှုဉပဒေသ(၁)


လုပ်ဆောင်မှုတိုင်းမှာ တူညီစွာ တန်ပြန်တုံ့ပြန်တဲ့ ခံစားချက်ရှိတယ်....။

ခင်ဗျားမျက်နှာကို ကျနော် လက်သီးနဲ့ ထိုးလိုက်တယ် ဆိုပါစို့...။ ဘာအကြောင်းပြချက်မှမရှိဘူးနော်...။ ထိုးချင်လို့ထိုးတာ...။

ခင်ဗျား မသိစိတ်က ဘယ်လိုတုံ့ပြန်မလဲ တစ်ခုခု ပြန်လုပ်ဖို့ ကြိုးစားမှာပေါ့...။ ကိုယ်ထိလက်ရောက် ပြန်ထိုးမလား နှုတ်နဲ့ပဲ ပက်ပက်စက်စက် ဆဲမလား ဒါမှမဟုတ် ရဲတိုင်မလား...။

ဘယ်လိုတုံ့ပြန်သည်ဖြစ်စေ ခင်ဗျားစိတ်ထဲမှာ ကျနော်နဲ့ပတ်သက်ပြီး မကောင်းတဲ့ ခံစားမှုတွေ စုံပြုံလျှံကျလာမှာ သေချာတယ်...။ ဘာမှမလုပ်ဘဲ ဘလိုင်းကြီး အထိုးခံရတာကိုး...။ အကျိုးအကြောင်း မရှိဘဲ ခင်ဗျားနဲ့မထိုက်တန်ဘဲ အလကားသက်သက် နာကျင်အောင် အလုပ်ခံလိုက်ရတဲ့အတွက် ခင်ဗျားနဲ့ ကျနော့်ကြားမှာ မတရားမှုဆိုတဲ့ ခံစားချက်ပေါက်ဖွားလာတယ်...။ တစ်နည်းအားဖြင့် ပြောရင် ခင်ဗျားနဲ့ ကျနော့်ကြားမှာ အမှန်/အမှားကွာဟမှုဆိုတဲ့ အရာတစ်ခုဝင်လာတယ်...။ တစ်ယောက်ကတော့ မှန်တဲ့သူ ကိုယ်ကျင့်တရားကောင်းတဲ့သူ နောက်တစ်ယောက်ကတော့ အကျင့်မကောင်းတဲ့ လူယုတ်မာ...။ ဘယ်သူက ကောင်းတဲ့သူလဲ ဘယ်သူက မကောင်းတဲ့သူလဲ ဆိုတဲ့ ခံယူချက်တွေ ကွာဟသွားတာ...။

နာကျင်မှုကြောင့် ဒီလိုကွာဟမှုတွေ ဖြစ်လာတယ်...။ လူတွေကြားမှာပဲ ဖြစ်တတ်တာမဟုတ်ဘူးနော်...။ ခွေးကိုက်ခံရရင်လည်း ခင်ဗျားစိတ်ထဲမှာ အဲဒီခွေးကို အပြစ်ပေးချင်လာတာပဲ...။ စားပွဲခုံ ခြေထောက်ကို ခြေမနဲ့ဝင်တိုက်မိရင်ရော ဘာလုပ်သလဲ...။ စားပွဲကို ပိတ်ကန်ရင်ကန် မကန်ရင် ပိတ်အော်ပစ်တာပေါ့...။ ရေကြီးလို့ ခင်ဗျားအိမ်တစ်ခုလုံး မြှုပ်သွားရင်ရော စိတ်ဓါတ်တွေကျပြီး ဘုရားသခင်ကို အပြစ်တင်မယ်...။ ဘုရားသခင်တင်မကဘူး စင်္ကြာဝဠာတစ်ခုလုံးကိုရော လူ့ဘဝ ဆိုတာကြီးကိုပါ အကုန်ဆွဲထည့်ပစ်ပြီး ဒေါသတွေ ထွက်တော့တာ...။

ဒါတွေအားလုံးဟာ အမှန်/အမှား ကွာဟမှုတွေချည်းပဲ.....။ ကိုယ်ကြုံတွေ့လိုက်ရတာတွေက မဖြစ်သင့်ဘူး..။ ငါနဲ့မထိုက်ဘူး...။ ဒါကြောင့် အကောင်းအတိုင်းပြန်ဖြစ်သင့်တယ် ဆိုတဲ့ ခံယူချက်ပေါ့...။ နာကျင်စရာ တစ်ခုခုကြုံရတဲ့အခါ နာကျင်မှုနဲ့အတူ ဘယ်သူက မှားတယ် မှန်တယ် ပိုကောင်းတယ် ပိုဆိုးတယ်ဆိုတဲ့ ခံယူချက်တွေပါ အလိုလိုဝင်လာတယ်...။ ဒီလို ကွာဟမှုတွေ ကြုံတဲ့အခါ အရင်လို ပြန်ဖြစ်ဖို့ ချိန်ခွင်ကို ပြန်ညှိဖို့ ဆန္ဒတွေ ကျနော်တို့ စိတ်ကို ဖုံးလွှမ်းသွားတယ်...။ ထိုက်တန်သလား မထိုက်တန်ဘူးလားဆိုတဲ့ မေးခွန်းနဲ့ချိန်ခွင်ကို ပြန်ညှိချင်တယ်...။ ခင်ဗျားရဲ့ မျက်နှာကို ကျနော် လက်သီးနဲ့ ထိုးလိုက်တဲ့အတွက် ကျနော့်ကို အပြစ်ပေးသင့်တယ်လို့ ခင်ဗျားစိတ်ထဲမှာ ခံစားရတယ်...။ ဒီခံစားမှုကြောင့် ခင်ဗျားစိတ်ထဲမှာ စိတ်တစ်ခုခု ဉပမာ ဒေါသစိတ်ဝင်လာမယ်...။ငါလာမှမလုပ်ဘဲ ဘာဖြစ်လို့ အထိုးခံရတာလဲ ငါ့ကို လူတွေက ဘာဖြစ်လို့ ကောင်းကောင်းမဆက်ဆံကြတာလဲ စတဲ့ခံစားချက်တွေလည်း ဝင်လာနိုင်တယ်...။ အဲဒီခံစားချက်တွေကနေ ဝမ်းနည်းစိတ် နားမလည်စိတ် ကိုယ့်ကိုယ်ကို သနားစိတ်တွေအဖြစ် အသွင်ပြောင်းသွားနိုင်တယ်...။

အမှန်အမှား ကွာဟမှု‌တွေ ကြုံရတဲ့အခါ ထိုက်တန်မှုဆိုတဲ့ မေးခွန်းကို မေးကြတယ်...။ ဖြစ်သွားတဲ့ အဖြစ်မပျက် ဖြစ်လာမယ့် အဖြစ်အပျက်ဟာ ငါနဲ့ သူနဲ့ထိုက်တန်တယ် မထိုက်တန်ဘူးဆိုပြီး ဆုံးဖြတ်ချက် တွေအလိုလိုချလိုက်မိတယ်...။ ဒီလူကတော့ ဟိုလူထက် ပိုမှန်တယ်/ ပိုမှားတယ်...။ ဒီအဖြစ်အပျက်က ဟိုအဖြစ်အပျက်ထက် ပိုကောင်းတယ်/ပိုဆိုးတယ် စသဖြင့် ဆုံးဖြတ်လာမယ်...။ ကျနော်တို့ရဲ့ တန်ဖိုးထားတဲ့ အရာမှန်သမျှ ခံယူချက်မှန်သမျှ ဒီကွာဟမှုတွေကြောင့် မွေးဖွားလာတာဖြစ်တယ်...။

အိုကေ...။ ခင်ဗျားကို ကျနော် လက်သီးနဲ့ထိုးမိတဲ့ အတွက် ပြန်ပြီး တောင်းပန်တယ်လို့ စဉ်းစားကြည့်ပါဦး ...။ ကျနော်က ပြောမယ်..." ဟာ...ဆောရီးဗျာ ကျနော် စိတ်မထိန်းနိုင်လို့ လုပ်လိုက်မိတာ...။ နောက်မလုပ်တော့ပါဘူး...။ တကယ် စိတ်မကောင်းပါဘူးဗျာ...။နောင်တရတယ် နောင်တရလို့ ခင်ဗျားအတွက် ကိတ်မုန့်ဖုတ်လာပေးတယ်...။ ရော့... ကိတ်မုန့်လေး စားကြည့်လိုက်...။ ဪ... ပြီးတော့ ဒီမှာ ဒေါ်လာတစ်ရာ...။ သက်သက်ထပ်ပေးတာ...။ ဒီလိုတောင်းပန်လိုက်တော့ ခင်ဗျား ကျေနပ်သွားတယ် ဆိုပါစို့....။ ကျနော်ပေးတဲ့ ဒေါ်လာတစ်ရာနဲ့ ကိတ်မုန့်တစ်လုံးကို ခင်ဗျား လက်ခံလိုက်တယ်...။ စိတ်ထဲမှာလည်း ကျေနပ်သွားတယ်...။ ဒါဆိုရင် ကျနော်နဲ့ ခင်ဗျားရဲ့ ကြားက ကွာဟမှုဟာ ပြန်စေ့သွားပြီ...။ ချိန်ခွင်ညီသွားပြီ...။ ကျေသွားပြီ ဆိုပါတော့...။

ဒီလို ချိန်ခွင်ညှိလိုက်တာ မျှော်လင့်ချက်ကို အသက်ပြန်သွင်းပေးတာပဲ...။ ခင်ဗျားအပြစ်လည်း မဟုတ်ဘူး...။ ကမ္ဘာကြီးရဲ့ အပြစ်လည်းမဟုတ်ဘူး...ဆိုတာကို လက်ခံနိုင်သွားတယ်...။ ကိုယ့်ကိုယ်ကို ပြန်ထိန်းနိုင်ပြီလို့လည်း ခံယူလို့ရသွားတယ်...။ လုပ်စရာရှိတာ ဆက်လုပ်လို့ရတယ်...။ ပြီးတော့ ဒေါ်လာတစ်ရာနဲ့ ကိတ်မုန့်တစ်လုံးလည်း ရသွားသေးတယ်...။ နောက်တစ်မျိုး ထပ်ပြောင်းပြီး စဉ်းစားကြည့်ရအောင်...။ ဒီတစ်ခါကျတော့ ခင်ဗျားကို ကျနော်က လက်သီးနဲ့ မထိုးဘူး...။ အိမ်အသစ်ကျပ်ချွတ်ကြီး တစ်လုံးဝယ်ပေးလိုက်တယ်...။ ဒါဆိုရင်လည်း ခင်ဗျားနဲ့ ကျနော့်ကြားမှာ ခံယူချက် ကွာဟမှုက ဖြစ်လာပြန်ပြီ...။ ဒါပေမယ့် စောစောကလို နာကျင်မှုချင်း ချိန်ခွင်ညှိတာမျိုးမဟုတ်တော့ဘူး...။ ဒီတစ်ခါကျတော့ ကျနော်ပေးလိုက်တဲ့ ပျော်ရွှင်မှုကို ခင်ဗျားဘက်ကလည်း ပြန်ပေးချင်လာတယ်...။  ကျနော့်ကိုဖက်ပြီး ကျေးဇူးတင်လိုက်တာဗျာ/ရှင်  ဆိုပြီး အခါတစ်ရာလောက် ပြောရင်ပြောမယ်....။ လက်ဆောင်တစ်ခုခု ပြန်ပေးဖို့ ကြိုးစားမယ်...။ ဒါမှမဟုတ် ကျနော့် ကြောင်ကို တစ်သက်လုံး ထမင်းကျွေးပါရစေဆိုပြီး ခွင့်တောင်းမယ်...။ 

ဒါမှမဟုတ် ခင်ဗျား ကိုယ်စိတ်ကိုယ် အင်မတန်ထိန်းနိုင်တဲ့ သူဆိုရင် ကျနော်ပေးတဲ့ အိမ်ကို မယူဘူးလို့ငြင်းမယ်...။ ဒီအိမ်ကို ယူလိုက်ရင် ဖြစ်လာမယ့် ကွာဟချက်ကို ဘယ်တော့မှ ပြန်ညှိဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သိလို့ ငြင်းလိုက်တာ...။ " ဟာ... မလုပ်ပါနဲ့ ဒါတော့ လက်မခံပါရစေနဲ့ ဘယ်လိုမှ မယူရက်လို့ပါ ပြန်ပေးနိုင်မှာလည်း မဟုတ်ဘူး" ဆိုပြီး ခေါင်းခါရင် ခါမယ်...။ မကောင်းတဲ့ ကွာဟမှုတွေသာမက ကောင်းတဲ့ ကွာဟမှုတွေဖြစ်တဲ့ အခါမှာလည်း ခင်ဗျားအနေနဲ့ ကျနော့်အပေါ်မှာ အကြွေးတင်သလို ဖြစ်လာတာပဲ...။ ဒီကွာဟမှုကိုတစ်နည်းနည်းနဲ့ စေ့ပေးဖို့ ကြိုးစားတော့မယ်...။ စိတ်ထဲမှာလည်း အရမ်းကိုကျေးဇူးတင်တဲ့ ခံစားချက်တွေ ဝင်လာမယ်...။ မျက်ရည်တွေဘာတွေတောင် ကျမိဦးမယ်...။

ဒီလိုချိန်ခွင်ညှိချင်တဲ့ စိတ်အခံဟာ ကျနော်တို့တွေရဲ့ အတွင်းစိတ်ထဲမှာ နဂိုကတည်းက ပါလာပြီးသား...။ အဖြစ်အပျက်တွေ အပြုအမူတွေကို တုံ့ပြန်ချင်တဲ့ စိတ်ပေါ့...။ အဆိုးကို အဆိုးနဲ့ အကောင်းကို အကောင်းနဲ့ တုံ့ပြန်ချင်တယ်...။ ဒီလိုချိန်ခွင်ညှိဖို့ တွန်းအားပေးတာ ကျနော်တို့ရဲ့ခံစားချက်တွေပါပဲ...။ ဒါကြောင့် လုပ်ဆောင်မှုတိုင်းမှာ တူညီစွာ တန်ပြန်တုံ့ပြန်တဲ့ ခံစားချက်ရှိတယ်လို့ ပြောချင်တာ...။ ဒါ...ခံစားမှုဉပဒသ အမှတ်(၁)ပဲ...။

ဒီခံစားမှု ဉပဒေသ(၁)ဟာ ကျနော်တို့ ဘဝကို ထိန်းကျောင်းပေးနေတဲ့ အရာတစ်ခုပဲ....။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ ခံစားတဲ့ ဉီးနှောက်က ဒီဉပဒေသအတိုင်း တစ်သေမတိမ်းလိုက်လုပ်နေတယ်...။ ရုပ်ရှင်သွားကြည့်တယ် ကြည့်လိုက်ရတဲ့ ဇာတ်ကားက စုတ်ပြတ်သတ်နေတယ်...။ ဒါဆိုရင် ခင်ဗျားစိတ်ထဲမှ ပျင်းလာမယ်...။ စိတ်ညစ်လာမယ်..။ စိတ်ပါဆိုးရင် ဆိုလာဦးမယ်...။ ပိုက်ဆံတောင် ပြန်တောင်းချင်လာမယ်...။ ဒါတွေအားလုံးက ခံစားတဲ့ ဦးနှောက်က တုံ့ပြန်နေတာတွေပဲ...။ ခင်ဗျား အမေက ခင်ဗျားမွေးနေ့ကို မေ့နေတယ်...။ အမေ့ကို ခြောက်လလောက် စကားမပြောဘဲ စိတ်ကောက်မယ်...။ ခင်ဗျားက အရွယ်ရောက်နေပြီးသားသူ ဖြစ်နေရင်တော့ အမေ့ကို စိတ်ကောက်ဘဲ ခင်ဗျား စိတ်မကောင်းဖြစ်သွားတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ရှင်းပြမယ်...။ ဒါလည်း ချိန်ခွင်ကို ပြန်ညှိနည်း တစ်မျိုးပဲ...။ ခင်ဗျား အရမ်းကြိုက်တဲ့ ဘောလုံးအသင်း ပိုးစိုးပက်စက် ရှုံးသွားတယ် နောက်ကို အဲဒီအသင်းကန်ရင် သွားမကြည့်တော့ဘူး...။ အားမပေးချင်တော့ဘူး ခင်ဗျားကိုယ်ခင်ဗျား ပုံဆွဲအရမ်းတော်မှန်း သတိထားမိသွားတယ် ဆိုပါစို့...။ အဲဒီလို သတိထားမိသွားတဲ့အတွက် ခံစားတဲ့ ကျေနပ်မှု အားရမှုကြောင့် ဒီပညာရပ်ကို ဆက်လေ့လာဖို့ အားစိုက်ချင်လာတယ်...။  ဒါလည်း တုံ့ပြန်မှုတစ်မျိုးပဲ....။ တကယ်လို့ ခင်ဗျား နေနေတဲ့ နိုင်ငံက တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်က မကောင်းဘူးဆိုရင် ဘယ်လိုဖြစ်မလဲ...။ နိုင်ငံနဲ့ခင်ဗျားနဲ့ကြားက  ခံစားချက်ဆက်နွယ်မှုဟာ အားနည်းလာမယ်...။ တခြားပြည်သူတွေနဲ့ပါ ဖက်လဲတကင်း မလုပ်ချင်တော့ဘူး...။ ဒီလိုနိုင်ငံမျိုးမှာ နေရတဲ့အတွက် ခင်ဗျားအနေနဲ့ တစ်ခုခုတောင် ပြန်ရသင့်တယ်ဆိုပြီး ခံစားလာရတယ်...။

ဘယ်အတွေ့အကြုံမှာမဆို ဒီလို ချိန်ခွင်ညှိချင်တဲ့ ခံစားချက်ပါနေတယ်....။ ဝမ်းနည်းတယ်ဆိုတာ ဆုံးရှုံးသွားတဲ့ အရာနဲ့ ထပ်တူကျတဲ့ အရာကို ပြန်မရတော့လို့...။ စိတ်ဆိုးတယ်ဆိုတာ‌ ဒေါသနဲ့ စိတ်လိုက်မာန်ပါချိန်ခွင်ညှိပစ်ချင်တဲ့ စိတ်ပဲ...။  ပျော်ရွှင်ခြင်းဆိုတာ နာကျင်မှုကနေ လွတ်မြောက်သွားလို့ရတဲ့ ခံစားချက်...။ ကိုယ်ခံစားသင့်လျက်သားနဲ့ မခံစားလိုက်ရတဲ့အခါတွေ ကျတော့ရော...ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ မြင်လာတယ်...။ ဒါလည်း ချိန်ခွင်မညီသေးဘူးလို့ထင်တဲ့အမြင်တစ်မျိုးပဲ...။ 

လူ‌တွေ ယုံကြည်ထားတဲ့ တရားမျှတမှုဆိုတာရဲ့ နောက်ကွယ်မှာလည်း ကွာဟချက်တွေကို တန်းညှိချင်တဲ့ ဆန္ဒပါနေတယ်...။ လူ့သမိုင်းအဆက်ဆက် ဉပဒေအမျိုးမျိုးမှာ ဒီလိုခံယူချက်ကို လက်ကိုင်ထားခဲ့ကြတယ်...။ ဟမ်မူရာဘီရဲ့ ကိုဓဉပဒေမှာ ဘယ်လိုပြောထားသလဲ...။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပြန်ပေးရမယ်...။ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပြန်ပေးစေ ဆိုပြီး ရေးထားတယ် မဟုတ်လား...။ "ကိုယ့်ကို မလုပ်စေချင်တဲ့ အရာကို သူများကိုလည်း သွားမလုပ်မိစေနဲ့..."လို့ သမ္မာကျမ်းစာမှာ ရေးထားတယ်...။ ဇီဝဗေဒပညာမှာလည်း အကျိုးတူကူညီခြင်း ဆိုတာရှိတယ်...။ ဆုံးဖြတ်ချက် အကျိုးဆက်တွေကို လေ့လာတဲ့ Game theory မှာကျတော့ သူပြသမျှ ပြန်ပြုစေ ဆိုတဲ့ အယူအဆရှိတယ်...။

ဉပဒေသ(၁)ကြောင့် ကိုယ့်ကျင့်တရား ဆိုတဲ့ အရာကို ကျနော်တို့ စိတ်ထဲမှာ ခံစားမိလာတယ်...။ ဘယ်အရာကတော့ တရားတယ် ဘယ်အရာကတော့ မတရားဘူး ဆိုပြီး မြင်တတ်လာတယ်...။ ဒါဟာ လူ့အသိုင်းအဝိုင်းယဉ်ကျေးမှုတိုင်းရဲ့ အုတ်မြစ်ပဲ...။ ပြီးတော့ ....ဒါဟာ... ခံစားတဲ့ဦးနှောက်ရဲ့ အသက်သွေးကြောလည်း ဖြစ်သေးတယ်...။ စဉ်းစားတဲ့ဦးနှောက်က မြင်တွေ့သမျှအရာတွေကို လေ့လာတယ် အချက်အလက်တွေနဲ့ နှိုင်းယှဉ်တယ်...။ သဘာဝကျမကျ ဆုံးဖြတ်တယ်...။ ပြီးတော့မှ ဗဟုသုတဆိုတဲ့ အရာကို ဖန်တီးပေးတယ်...။ ခံစားတဲ့ဦးနှောက်ကတော့ နာကျင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ခံယူချက်တွေကို ထုဆစ်ပေးတယ်...။ နာကျင်စေတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ဘက်မပါတဲ့ ကွာဟမှုတွေကို မကောင်းဘူး မလိုချင်ဘူး မဖြစ်သင့်ဘူးလို့ တံဆိပ်ကပ်တယ်...။ နာကျင်မှုကို ပြေလျော့စေတဲ့ သာယာမှုကိုပေးတဲ့ အတွေ့အကြုံတွေကိုတော့ အရမ်းသဘောကျတယ်..။ ပိုကောင်းတဲ့ အရာတွေ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတွေလို့ သတ်မှတ်လိုက်တယ်...။

နောက်တစ်မျိုး ပြောင်းတွေးလို့ရသေးတယ်...။ 

စဉ်းစားတဲ့ ဦးနှောက်က (တူညီမှု, ကွာခြားမှု, အကျိုး, အကြောင်း) စတဲ့အရာတွေကို ဘေးတိုက်ယှဉ်ပြီး မြင်တယ်...။ ခံစားတဲ့ဦးနှောက်ကျတော့(ပိုကောင်းတယ်/ပိုဆိုးတယ်၊ လိုချင်တယ်/မလိုချင်ဘူး ၊ ကိုယ်ကျင့်တရားကောင်းတယ်/ မကောင်းဘူး) စတဲ့အရာတွေကို အပေါ်အောက် ဒေါင်လိုက်စီးပြီးမြင်တယ်...။ စဉ်းစားတဲ့ ဦးနှောက်က ဘေးတိုက်ယှဉ်ပြီး ဆက်နွယ်မှုတွေကိုလေ့လာတယ်...။ ခံစားတဲ့ ဦးနှောက်က အားလုံးကို ဒေါင်လိုက်စီပြီး ဘယ်အရာ ပိုကောင်းတယ်ဆိုတာကိုပဲ ဆုံးဖြတ်တယ်...။ စဉ်းစားတဲ့ ဦးနှောက်က ဘာတွေဖြစ်နေသလဲဆိုတာကို ဆုံးဖြတ်ပြီး ခံစားတဲ့ ဦးနှောက်က ဘာဖြစ်သင့်သလဲဆိုတာကို ဆုံးဖြတ်တယ်...။

အတွေ့အကြုံတစ်ခု ကြုံရတိုင်း ခံစားတဲ့ဦးနှောက်က အဲဒီအတွေ့အကြုံကို တန်ဖိုး အနိမ့်/အမြင့် သတ်မှတ်ပေးတယ်..။ စာအုပ်စင်အကြီးကြီးတစ်ခုလိုပဲပေါ့...။ ဘဝရဲ့ အရေးအကြီးဆုံး၊ အကောင်းဆုံးသော အတွေ့အကြုံတွေကို အပေါ်ဆုံးအဆင့်မှာထားတယ်...။ (သူငယ်ချင်း ချစ်သူ မိသားစု အစားအသောက် စတာတွေပေါ့) မလိုချင်ဆုံး အတွေ့အကြုံတွေ (သေခြင်းတရား၊ အခွန်၊ စာမေးပွဲ) စတာတွေကိုတော့ အောက်ဆုံး အကန့်မှာ ချောင်ထိုးပစ်လိုက်တယ်...။ ပြီးတော့ ဘာဆက်လုပ်သလဲ...။ အပေါ်ဆုံး အဆင့်က အရာတွေနောက်ကိုပဲ ဆက်တိုက်လိုက်ဖို့ ကြိုးစားတော့တာပေါ့...။

ဒီတန်ဖိုး အနိမ့် အမြင့်တွေကို ဦးနှောက်နှစ်ခုစလုံးက မြင်ရတယ်...။ သိတယ်...။ ခံစားတဲ့ဦးနှောက်က ဘယ်အရာကို ဘယ်အကန့်မှာ ထားရမလဲဆိုတာ ဆုံးဖြတ်တယ်...။ စဉ်းစားတဲ့ဦးနှောက်ကတော့ စင်တစ်ခုလုံးကို သေချာကြည့်တယ်...။ ဘယ်တန်ဖိုးတွေနဲ့ ဘယ်တန်ဖိုးတွေကိုတော့ အတူတူထားသင့်တယ်...။ ဘာတွေကိုတော့ ခွဲထားသင့်တယ် ဆိုတာကို အကြံပေးတယ်...။ လိုအပ်ရင် အနိမ့် အမြင့် ပြန်စီဖို့ လမ်းပြတယ်...။ ရင့်ကျက်ခြင်းဆိုတာ ဒါပါပဲ...။ တန်ဖိုးတွေကို အကောင်းဆုံးဖြစ်အောင် စီတတ်လာတာပဲ...။

ဉပမာပြောပြမယ်...။ ကျနော့်မှာ သူငယ်ချင်း ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးတယ်...။ တစ်ခါတစ်လေကျရင် အင်မတန် ပွဲကြိုက်တယ်...။ တစ်ညလုံး ပါတီသွားတယ်...။ တစ်ခါတစ်လေကျရင် ပါတီမှာ တစ်ညလုံးနေပြီး မိုးလင်းတာနဲ့ အလုပ်ကိုဆက်သွားတယ်...။ တစ်ရေးမှ မအိပ်ဘူး...။ မနက်စောစောထရတာ သေကြာနေ့ညနေကြီး အပြင်မထွက်ဘဲ အိမ်မှာနေရတာ...ဒါတွေက လူပြိန်းတွေလုပ်တဲ့ အလုပ်တွေဆိုပြီး ယူဆတယ်...။ အဲဒီတော့ သူ့ရဲ့တန်ဖိုး အနိမ့်/အမြင့် စီထားပုံက ဒီလိုဖြစ်နေတယ်...။

၁. ပါတီအမိုက်စားတွေ
၂. မူးယစ်ဆေး
၃. အလုပ်
၄. အိပ်ချိန်

ဒီနံပါတ်‌တွေကို ကြည့်လိုက်တာနဲ့ ဘယ်လိုလူမျိုး ဖြစ်မယ်ဆိုတာ သိသာနေပြီ မဟုတ်လား...။ အိပ်မယ့်အစား အလုပ်ပဲလုပ်မယ်...။ အလုပ်လုပ်မယ့်အစား မူးယစ်ဆေးသုံးမယ် ပါတီသွားမယ် ...။ တီးလုံးသံကြားမှာ နေနေရရင်ပြီးရော ဘာဖြစ်ဖြစ်...။

ဒီလိုနဲ့ တစ်နေ့မှာ အဲဒီကောင်မလေး လူမှုကူညီရေးအဖွဲ့တစ်ခုမှာ အလုပ်ဝင်လုပ်ဖြစ်တယ်...။ ယာယီအလုပ်ပါ...။ ဆင်းရဲတဲ့ နိုင်ငံတွေက ကလေးတွေကို ကူညီပေးတဲ့အသင်း ...။ အဲဒီမှာ ကောင်မလေးရဲ့ ဘဝလုံးဝပြောင်းသွားတော့တာပဲ...။ သူ့ရဲ့အတွေ့အကြုံသစ်က ဘယ်လောက်တောင် ခွန်အားပြင်းသလဲဆိုရင် ကောင်မလေးရဲ့ တန်ဖိုးအနိမ့်/အမြင့်တွေပါ ပြောင်းသွားတယ်..။ သူ့တန်ဖိုးအသစ်တွေက ဒီလိုဖြစ်သွားတယ်..။

၁. ဒုက္ခရောက်နေတဲ့ ကလေးတွေကို ကယ်ဖို့
၂. အလုပ်
၃. အိပ်ချိန်
၄. ပါတီပွဲတွေ

အဲဒီမှာ သူ့ရဲ့ ပါတီပွဲတွေက အရင်လောက် ပျော်ဖို့မကောင်းတော့ဘူး ...။ မျက်လှည့်ပြလိုက်သလို မန်းမှုတ်လိုက်သလို ချက်ချင်း ပြောင်းလဲသွားတယ်...။ ဘာဖြစ်လို့လဲ ...။ ပါတီပွဲတွေက သူ့ရဲ့နံပါတ်(၁)တန်ဖိုးကို ထိခိုက်လာပြီလေ...။ ပါတီတက်ဖို့ထက် အလုပ်လုပ်ဖို့ ပိုအရေးကြီးလာတယ်...။ ညဘက်တွေဆိုရင်လည်း အိမ်မှာ နားချင်လာတယ်...။ အရက်မသောက်ဖြစ်တော့ဘူး...။ မူးယစ်ဆေးအတွက်လည်း အချိန်မပေးနိုင်တော့ဘူး....။ အိပ်ရေးလည်း ဝအောင်အိပ်ဖြစ်လာတယ်...။ အိပ်ရေးဝမှ ကမ္ဘာကို ကယ်တင်လို့ရမယ်မဟုတ်လား...။

သူ့ရဲ့ အရင်တုန်းက သူငယ်ချင်းတွေကတော့ သူ့ကိုကြည့်ပြီး သနားကြတာပေါ့ ...။ အရင်က တန်ဖိုးအဟောင်းတွေနဲ့ပဲ ယှဉ်ပြီး ဆုံးဖြတ်နေကြတာကိုး...။ ကြည့်ပါဦး ပါတီမမကြီး အခုတော့ အစောကြီး အိပ်ရာဝ၍်နေရရှာတယ် မနက်စောစောထပြီး အလုပ်သွားနေရရှာတယ် ပိတ်ရက်တွေမှာတောင် အရက်မသောက်ရရှာဘူး ဘာညာပေါ့...။

ဒါပေမယ့် တကယ်တမ်းကျတော့ တန်ဖိုးအနိမ့်/အမြင့် အဆင့်တွေပြောင်းသွားလို့ ခင်ဗျားမှာ ဘာမှ ဆုံးရှုံးမသွားဘူးရယ်...။ အလုပ်အတွက် ပါတီပွဲတွေကို ကျောခိုင်းလိုက်တာမဟုတ်ဘူး...။ သူ့အတွက် ပါတီသွားရတာဟာ ပျော်ဖို့ကို မကောင်းတော့တာ...။ ပျော်ဖို့ကောင်းတယ်ဆိုတာ ပျော်ရွှင်ခြင်းဆိုတာ ကျနော်တို့ရဲ့ တန်ဖိုးတွေပေါ်မှာ အခြေတည်ပြီး ဖြစ်ပေါ်လာတာ... တစ်စုံတစ်ရာကို တန်ဖိုးမထားတော့ဘူးဆိုတာ အရင်လို ပျော်ရွှင်မှုတွေမရနိုင်တော့လို့...။  ဒီတော့ ဒါကို မလုပ်ရလို့ ဘာမှ ဆုံးရှုံးမသွားဘူး....။ နောက်ပြန်လှည့်ကြည့်မိတဲ့အခါ "ငါအဲဒီတုန်းက ဘာလို့များ ဒါကြီးကို အချိန်ကုန်ခံပြီး လုပ်ခဲ့မိပါလိမ့် ဘာမှမဟုတ်တာတွေအတွက် ဘာလို့ ဒီလောက်အပင်ပန်းခံခဲ့သလဲ စဉ်းစားလို့မရဘူး...။ အရေးပါတာလည်း မဟုတ်ဘူး ဆိုပြီးတောင် ခံစားမိလာတတ်တယ်...။ ဒီလိုပြန်တွေးပြီး နာကျင်ရတာ ရှက်ရတာ နှမြောရတာ အင်မတန်ကောင်းပါတယ်..။ ဒါတွေဟာ ရင့်ကျက်လာခြင်းရဲ့ သက်သေတွေပဲဖြစ်တယ်...။ မျှော်လင့်ချက်တွေပြည့်သွားလို့ရလာတဲ့ ဘေးထွက်ပစ္စည်းတွေပဲ....။


__________________
Revolution will prevail
မိုးငွေ့


Thursday, 12 October 2023

မျှော်လင့်ခြင်းဖတ်စာ.....(၅)


 


ကျမ ဒီအပိုင်းမှာ စာရေးသူ Mark Manson က အိုင်းဇက်နယူတန်ရဲ့ စဉ်းစားတဲ့ဦးနှောက်နဲ့ ခံစားတဲ့ဦးနှောက်တွေအကြောင်း..., နယူတန်ရဲ့ နေပတ်လမ်းကြောင်းလေ့လာချင်စိတ်နဲ့ သူကိုယ်တိုင် နယူတန်(၂)ဆိုပြီး လူတွေရဲ့ နှလုံးသားပတ်လမ်းကြောင်းကို သိချင်စိတ်ဖြစ်ရင်း "နယူတန်ရဲ့ ခံစားမှု ဉပဒေသ ၃ ရပ်" ကိုရေးသားဖြစ်တဲ့အကြောင်းလေး ပြန်ရေးပြပါမယ်...။ 


_____________________


နယူတန်ရဲ့ ခံစားမှုဉပဒေသ


အိုက်ဇက်နယူတန် တစ်ယောက် လယ်ကွင်းထဲမှာ မတ်တပ်ရပ်နေတယ်....။

ရုတ်တရက်... မျက်နှာကို လက်ဝါးနဲ့ ဖြောင်းခနဲ ဖြတ်ရိုက်တာ ခံလိုက်ရတယ်...။ ဘဝမှာ ပထမဆုံး အရိုက်ခံရတာပဲ...။

ဂျုံစိုက်ရင် ဘာဖြစ်လို့ ထောင့်ဖြတ်အတန်းတွေနဲ့ စိုက်ရသလဲဆိုတာကို နယူတန်ရဲ့ ဦးလေးက သူ့ကို အာပေါင်အာရင်းသန်သန်နဲ့ရှင်းပြနေတာ...။ နယူတန်က သူ့ဦးလေးပြောတာကို နားမထောင်အားဘူး...။ နေလုံးကိုငေးကြည့်နေတယ်...။ အလင်းရောင်ဆိုတာ ဘယ်ကလာသလဲ အလင်းထဲမှာ ဘာတွေပါသလဲဆိုတာကို စဉ်းစားနေတယ်...။

အဲတုန်းက နယူတန်ရဲ့ အသက်က ၇ နှစ်....။

သူပြောနေတာကို နားမထောင်ရကောင်းလားဆိုပြီး နယူတန်ရဲ့ ဦးလေးက နယူတန့်မျက်နှာကို အားရပါးရ ပိတ်တီးလိုက်တာ နယူတန်ခင်ဗျာ သူ့ကိုယ်သူ ဘယ်သူလဲဆိုတာတောင် ခဏမေ့သွားပြီး မြေကြီးပေါ် ခေါက်ခနဲ လဲကျသွားတယ်...။ စိတ်ကို ပြန်စုစည်းပြီး တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာတာတောင်မှ အိုက်ဇက်နယူတန်ရဲ့ စိတ်အပိုင်းအစတချို့ဟာ အဲဒီလယ်ကွင်းရဲ့ မြေစာခဲတွေကြားမှာ ကျကျန်ခဲ့ပြီ.... ပြန်မရတော့ဘူး...။

နယူတန်ရဲ့အဖေက နယူတန် မမွေးခင်လေးတင် ဆုံးသွားတယ်...။ သူ့အမေကလည်း သူ့ကိုထားခဲ့ပြီး ဟိုဖက်ရွာက သူဌေးတစ်ယောက်နဲ့ယူသွားတယ်...။ ဒီလိုနဲ့ နယူတန့်ကလေးဘဝတစ်လျှောက်လုံး ဦးလေးတွေ အဒေါ်တွေ အဘိုးအဘွားတွေဆီမှာ တစ်လှည့်ဆီလိုက်နေရတယ်..။ ဘယ်သူမှလည်း သူ့ကို ခေါ်မထားချင်ကြဘူး..။ ဘာလုပ်ပေးရမန်းလည်း မသိကြဘူး..။ အားလုံးအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုလို ဖြစ်နေတာပေါ့....။ အမျိုးထဲမှာ သူ့ကိုချစ်တဲ့သူ မရှိသလောက်ပဲ...။

နယူတန်ရဲ့ ဦးလေးက ပညာမတတ်ဘူး...။ အရက်သမား...။ လယ်စိုက်တာတစ်ခုပဲ ကျွမ်းကျင်တယ်...။ ဒီတော့ တစ်ချိန်လုံးလယ်ကွင်းထဲမှာပဲ ချိန်းကုန်နေတယ်..။ ဦးလေးလယ်ထဲသွားပြီး စိုက်ခင်းလိုင်းတွေကို ရေတွက်နေပြီဆိုရင် နယူတန်လိုက်သွားတယ်...။ အဲဒီတစ်ချိန်ပဲ နယူတန့်ကို သူ့ဦးလေးက အဖက်လုပ်တာလေ...။ ဘယ်သူမှ အရေးစိုက်တာ မခံရတော့ ဦးလေးဂရုစိုက်တဲ့ အချိန်တခဏဟာ နယူတန်အတွက် သဲကန္တာရထဲက ရေတစက်လိုဖြစ်နေတာ...။

နယူတန်က ငယ်ငယ်ကတည်းက အင်မတန်တော်တယ်...။ အသက် ၈ နှစ်သားလောက်မှာ အတွက်အချက်တွေ အရမ်းကျွမ်းကျင်နေပြီ ...။ ဦးလေးမွေးထားတဲ့ နွားတွေ သိုးတွေအတွက် နောက်တစ်နှစ်စာ အစာဘယ်လောက်ဝယ်ရမလဲ ဆိုတာ တွက်တတ်နေပြီ...။ ၉နှစ်သား အရွယ်မှာ လယ်ထဲမှာ ဘာလီခင်း ဂျုံခင်း အာလူးခင်း ဘယ်နှစ်ဧက ရှိသလဲဆိုတာ စိတ်တွက် တွက်တတ်နေပြီ...။

၁၀ နှစ်သားအရွယ်ရောက်တော့ လယ်စိုက်တဲ့ အလုပ်ဟာ နယူတန်အတွက် ပျင်းစရာဖြစ်လာတယ်...။ ကောင်းကနေလုံး ဘယ်အချိန်မှာ ဘယ်နေရာရောက်နေသလဲ ဘယ်ရာသီမှာ ဘယ်လိုရွေ့လျားနေသလဲဆိုတာကို ပိုပြီး စိတ်ဝင်စားလာတယ်...။ သူ့ဦးလေးကတော့ ဒါတွေ ဘယ်စိတ်ဝင်စားပါ့မလဲ ထမင်းစားလို့ရတဲ့ အလုပ်မှ မဟုတ်တာကိုး...။ အဲဒီတော့ လယ်အလုပ်တွေကို စိတ်မဝင်စားဘဲ နေလုံးကို တငေးငေးလုပ်နေတဲ့ နယူတန်ကို နားရင်းအုပ်တော့တာပေါ့...။

နယူတန်က ကျောင်းမှာလည်း သိပ်ပြီးအဆင်မပြေလှဘူး...။ ဖြူဖတ်ဖြူရော် ပိန်ကိုင်းကိုင်းနဲ့ ဘေးပတ်ဝန်းကျင်ပေါ်မှာလည်း အာရုံမရှိဘူးလေ....။ အပေါင်းအသင်းလည်းမရှိ နယူတန်က နေနာရီတွေကို စိတ်ဝင်စားတယ်...။ ကာတီစီရန် မျက်နှာပြင် သီအိုရီတွေကို လေ့လာချင်တယ်...။ လဆိုတာ အလုံးလား အပြားလား အတွေးနယ်ချဲ့ချင်တယ်...။ တခြားကလေးတွေက စိန်ပြေးတမ်းကစားနေတဲ့အချိန်မှာ နယူတန်က ရွာထဲက စမ်းချောင်းတွေကို တစ်ယောက်တည်းလေ့လာနေတယ်...။ စီးနေတဲ့ ရေတွေကို အကြာကြီး ထိုင်ငေးရင်း လူတွေရဲ့ မျက်လုံးဟာ အလင်းရောင်ကို ဘယ်လိုများ မြင်ရသလဲဆိုတာကို စဉ်းစားနေတယ်...။

နယူတန်ရဲ့ ငယ်ဘဝဟာ နားရင်းအုပ်ခံရတဲ့ အချိန်တွေနဲ့ ပြည့်နေတယ်...။ နားရင်းတစ်ချက် အရိုက်ခံရတိုင်း နယူတန်ရဲ့ ခံစားတဲ့ဉီးနှောက်က ငါဘာလို့ လူဖြစ်လာသလဲ တစ်ခုခုတော့ မှားနေပြီ ဆိုပြီးတွေးမိတယ်...။ ဘာဖြစ်လို့ ငါ့မိဘတွေ ငါ့ကို ပြစ်သွားကြသလဲ...။ ဘာဖြစ်လု့ ကျောင်းနေဖက်ကလေးတွေက ငါ့ကို လှောင်ကြသလဲ ဘာဖြစ်လို့ အမြဲတမ်း ငါတစ်ယောက်ထဲ ဖြစ်နေတာလဲ...။ နယူတန်ရဲ့ စဉ်းစားတဲ့ဦးနှောက်က သီအိုရီတွေ လသွားလမ်းကြောင်းတွေ နေပတ်လမ်းကြောင်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ အချိန်မှာ ခံစားတဲ့ဦးနှောက်က ငါ့ဘဝတော့ တစ်ခုခုလွဲနေပြီ ဆိုပြီး ကောက်ချက်ချနေတယ်...။ အတွင်းစိတ်ထဲကို နစ်ဝင်သွားအောင် ဖိထည့်နေတယ်...။

တစ်ရက်ကျတော့ နယူတန်က သူ့ကျောင်းစာအုပ်ထဲမှာ ဒီလိုချရေးတယ်...။

"ငါဟာ ပျော့ညံ့တဲ့ အဖြစ်မရှိတဲ့ လူတစ်ယောက်ပဲ ငါ့အတွက် ဒီကမ္ဘာမှာ နေရာမရှိပါလား... အိမ်မှာလည်း နေရာမရှိဘူး ကျောင်းမှာလည်း နေစရာမရှိဘူး ငရဲမှာတောင် ငါ့အတွက် နေရာရှိမှာ မဟုတ်ဘူး..။ ငါဘာလုပ်ရမလဲ...။ ငါဘာအသုံးကျသလဲ... ငိုနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူး..."

ခင်ဗျားအခု ဖတ်ရသမျှတွေဟာ နယူတန်ရဲ့ တကယ့်ဘဝဇာတ်လမ်းတွေပဲ...။(နည်းနည်းပါးပါးလွဲတာတော့ ရှိရင်ရှိမှာပေါ့လေ...)

ဟုတ်ပြီ... အခု ကျွန်တော်တို့ နေနေတဲ့ စင်္ကြာဝဠာအပြင် နောက်ထပ် စင်္ကြာဝဠာတွေ ရှိနေသေးတယ်လို့ မြင်ယောင်ကြည့်လိုက်...။ အဲဒီ စင်္ကြာဝဠာတွေထဲက တစ်ခုမှာ နောက်ထပ် အိုက်ဇက်နယူတန်တစ်ယောက် ရှိနေတယ်ဆိုပါစို့...။ အဲဒီနယူတန်တန်ကလည်း ကျနော်တို့ စင်္ကြာဝဠာရဲ့ နယူတန်လိုပဲ ငယ်ငယ်ကတည်းက မိသားစုနဲ့ အဆင်မပြေတဲ့သူ အနိုင်ကျင့်ခံခဲ့ရတဲ့သူ အပါင်းအသင်းမရှိတဲ့သူ လောကကြီးကို ဒေါသထွက်နေတဲ့သူ ပြီးတော့ အဲဒီနယူတန်က ကျနော်တို့ နယူတန်လိုပဲ အတွက်အချက် အရမ်းကျွမ်းကျင်တယ် ဉာဏ်ကောင်းတယ် သူ့ကို နယူတန်(၂)လို့နာမည်ပေးလိုက်မယ်...။ 

နယူတန်(၁) နဲ့ နယူတန်(၂) မတူတာတစ်ခုတော့ရှိတယ်...။ နယူတန်(၂)က အပြင်ဖက်လောကကြီးကို မလေ့လာဘူး...။ ကမ္ဘာပတ်လမ်းနေလမ်းကြောင်းတွေကို စိတ်မဝင်စားဘူး...။ သူက လူတွေရဲ့ စိတ်အတွင်းပိုင်းမှာရှိတဲ့ ခံစားချက်တွေ စဉ်းစားမှုတွေကို ပိုစိတ်ဝင်စားတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်...။ အရမ်းကြီး ကြိုးစား စိတ်ကူးယဉ်ကြည့်စရာတောင်မလိုဘူး ငယ်တုန်းက နှိပ်စက်ခံရတဲ့ သူတွေဟာ ကြီးလာတဲ့အခါ ပိုပြီး မြင်တတ် စဉ်းစားတတ်တဲ့သူတွေ ဖြစ်လာတတ်တယ်...။  ကျနော်တို့ ခင်ဗျားတို့ အတွက်တော့ တခြားလူတွေကို လေ့လာရတာ အပျင်းပြေဝါသနာတစ်ခုဖြစ်ရင်ဖြစ်နေမယ်...။ ဒါပေမယ့် အနှိပ်စက်ခံခဲ့ရသူတွေအတွက်တော့ တခြားသူတွေကို လေ့လာစောင့်ကြည့်ခြင်းဟာ သေရေးရှင်ရေးတမျှ အရေးကြီးလာတယ်...။ပတ်ဝန်းကျင်ကလူတွေ ကိုယ့်ကို ဘယ်အချိန် ဒုက္ခပေးမလဲဆိုတာကို အချိန်ပြည့်စောင့်ကြည့်နေရတာကိုး...။ လေသံအနိမ့်အမြင့် မျက်ခုံးအပင့်အချ သက်ပြင်းအသွင်းအထုတ် ဒါတွေကအစ အရေးကြီးတဲ့ သတိပေးသံတွေ ဖြစ်လာနိုင်တယ်လေ...။

နယူတန်(၂)က သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေရဲ့ စိတ်သဏ္ဌာန်ကို စိတ်ဝင်စားတယ်...။ သူ့တို့ကို စောင့်ကြည့်လေ့လာတယ်...။ သူတို့တွေ ဘာတွေ စဉ်းစား ဘာတွေ လုပ်နေကြသလဲဆိုတာကို မှတ်စုစာအုပ် တစ်အုပ်နဲ့ချရေးထားတယ်...။ သူတို့ ကိုယ်တိုင်တောင် သတိမထားမိတဲ့ အရာတွေကို နယူတန်(၂)က စာမျက်နှာ ရာနဲ့ချီပြီး မှတ်သားတယ်..။ အတွက်အချက် ကျွမ်းကျင်ရင် နေနဲ့လရဲ့ လမ်းကြောင်းကိုတောင် တိုင်းလို့ရတာပဲ...။ လူ့အတွင်းစိတ်ကမ္ဘာရဲ့ လည်ပတ်ပုံကိုလည်း တိုင်းလို့ မရစရာမရှိဘူးလို့ သူကတွေးတယ်..။

အဲဒီမှာ ကျနော်တို့ အားလုံးသိပြီးသားဖြစ်တဲ့ သိပေမယ့် ဝန်မခံချင်တဲ့ အချက်တစ်ခုကို နယူတန်(၂)ရှာတွေ့သွားတယ်...။ အဲဒီအချက်က ဘာလဲဆိုရင် ကျနော်တို့အားလုံးဟာ မုသားတွေနဲ့ တည်ဆောက်ထားတဲ့ သူတွေဖြစ်တယ် ဆိုတဲ့အချက်...။ ပုံမှန် လိမ်ညာနေကြရင်း အကျင့်တောင် ဖြစ်နေကြပြီ...။ အရေးကြီးတဲ့ အရာတွေနဲ့ ပတ်သက်ပြီးတော့လည်း လိမ်တယ်...။ အသေးအမွှားကိစ္စလေးတွေမှာလည်း မုသားမကင်းဘူး များသောအားဖြင့် ဒီလိုလိမ်တယ်ဆိုတာ အကျင့်ယုတ်ချင်လို့ မဟုတ်ဘူး...။ ကိုယ့်ကိုယ်ကိုညာနေရင်း သူများကိုပါ လိမ်မိသွားတဲ့သဘော...။

နယူတန်(၂)ရဲ့ အမြင်အရဆိုရင် လူတွေရဲ့ နှလုံးသားကို ဖြတ်သွားတဲ့ အလင်းဟာ ကိုယ့်ကိုယ်တိုင်တောင် သတိမထားမိဘဲ ယိုင်သွားတတ်တယ်...။ မုန်းတဲ့သူ့ကို ချစ်တယ်လို့ ပြောမယ်...။ ဒီတစ်ခုကို ယုံကြည်လို့ ပြောပြီး တခြားတစ်ခုကို လုပ်မယ်...။ မရိုးသားတဲ့ ရက်စက်တဲ့ အပြုအမူတွေ လုပ်နေရင်း ကိုယ့်ကိုယ်ကို ရိုးသားကြင်နာတတ်တဲ့ သူလို့ အထင်မှားနေမယ် စိတ်ထဲမှာတော့ ကိုယ်လုပ်သမျှတွေဟာ အပြောင်းအလဲမရှိဘဲ မှန်ကန်နေတယ်လို့ ထင်ကြမယ်...။ ဘယ်သူ့ကိုမှ မယုံသင့်ဘူးလို့ နယူတန်(၂)ကောက်ချက်ချလိုက်တယ်...။ လူတွေနဲ့ ဝေးလေလေ ဒဏ်ရာနည်းလေလေပဲလို့ ယူဆလိုက်တယ်...။ ဒါကြောင့် ဘယ်သူ့နားမှာမှမနေဖို့ ကြိုးစားတယ်..။ လူ့နှလုံးသားတွေရဲ့ ဆွဲငင်အားပတ်လမ်းကြောင်းထဲ ဝင်မသွားမိအောင် ထိန်းတယ်...။  သူငယ်ချင်းမလိုဘူး လိုလည်း မလိုချင်ဘူး...။ နယူတန်(၂)ရဲ့ မျက်စိထဲမှာ ကမ္ဘာကြီးဟာ အက်ကွဲခြောက်သယောင်းနေတဲ့ ဖုန်းဆိုးမြေ တစ်ခုပဲ...။ ဒီလိုနေရာမျိုးဟာ လူဖြစ်လာမှတော့ ငါ့ဘဝ အဓိပ္ပါယ်ရှိဖို့ နေနည်း တစ်နည်းပဲရှိတော့တယ်...။ ဒီကမ္ဘာကြီးဘယ်လောက် ဆိုးသလဲ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းသလဲ ဆိုတာကို ငါမှတ်တမ်းတင်မယ်လို့ နယူတန်(၂)က ဆုံးဖြတ်လိုက်တယ်...။

သူ့ကိုယ်သူသာ စိတ်ချမ်းသာအောင်မနေတတ်တာ နယူတန်(၂)က ရည်မှန်းချက်တော့ အကြီးသား လူ့နှလုံးသားရဲ့ ပတ်လမ်းကြောင်းကို အဖြေရှာချင်တယ်...။  နာကျင်မှုရဲ့အဟုန်ကို တိုင်းတာချင်တယ်...။ ခံယူချက်တွေ တန်ဖိုးတွေရဲ့ ခွန်အားကို လေ့လာချင်တယ်...။ မျှော်လင့်ချက်တွေရဲ့ သိပ်သည်းဆကို သိချင်တယ်...။ ပြီးတော့ အရေးကြီးဆုံးအနေနဲ့ ဒီအရာတွေ အားလုံးရဲ့ ဆက်နွယ်မှုကို သူသိချင်တယ်...။

အဲဒီမှာ နယူတန်ရဲ့ ခံစားမှု ဉပဒေသ ၃ ရပ် ဆိုတာကို ရေးဖို့ ဆုံးဖြတ်လိုက်တယ်...။



__________________
Revolution will prevail
မိုးငွေ့