Tuesday, 26 January 2021

အဘိဓမ္မာ စိတ်ပိုင်း(၂).....

 နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....



ပိဋိကတ်သုံးပုံ  =  သုတ္တန်, ဝိနည်း, အဘိဓမ္မာ

အဘိဓမ္မာ        = စိတ်, စေတသိတ်, ရုပ်, နိဗ္ဗာန်  

စိတ်  (၈၉)      =  လောကီစိတ် (၈၁) + လောကုတ္တရာစိတ်(၈)


အာရုံကိုသိတဲ့ သဘောကို စိတ်လို့ခေါ်ပါတယ်...။ စိတ်ဆိုတာ အာရုံရှိမှဖြစ်တာ...။ အာရုံမရှိရင် စိတ်မရှိနိုင်ပါဘူး..။ စိတ် ၈၉ ထဲက လောကီစိတ် (၈၁)ပါးကို အသေးစိပ်ထပ်ရေးပြပါမယ်...။


လောကီစိတ် (၈၁)

ကာမဝိစရစိတ် =    ၅၄ ပါး    

ရူပါဝိစရစိတ်    =   ၁၅ ပါး

အရူပါဝိစရစိတ် =   ၁၂  ပါး 

-------------------------

စုစုပေါင်း              ၈၁ ပါး

-------------------------


ကာမဝိစရစိတ် (၅၄)ပါး   

အကုသိုလ်စိတ်        =  ၁၂ ပါး 

အဟိတ်စိတ်           =  ၁၈ ပါး  

ကာမသောမနစိတ်   = ၂၄ ပါး

---------------------------

စုစုပေါင်း                ၅၄ ပါး

---------------------------


စိတ်ပိုင်း(၁) မှာတုန်းက အကုသိုလ်စိတ်(၁၂) အကြောင်းကို ပြောပြပြီးပြီမို့ (၂) မှာ အဟိတ်စိတ်(၁၈)ပါးကို ကျွန်မ ဖတ်မှတ်သလောက်လေး ရေးပြချင်ပါတယ်...။


အဟိတ်စိတ် (၁၈)ပါး

အကုသလဝိပါတ်စိတ်        =      ၇ ပါး

အဟိတ်ကုသလဝိပါတ်စိတ် =      ၈ ပါး

အဟိတ်ကြိယာစိတ်          =       ၃ ပါး

--------------------------------------------

စုစုပေါင်း                               ၁၈ ပါး

--------------------------------------------


အကုသလ ဝိပါတ်စိတ်  (၇)ပါး တနည်းအားဖြင့် အကုသိုလ်ဝိပါတ်စိတ်

ဉပေက္ခာသဟဂတ စက္ခုဝိညာဏစိတ်             (၁၃)  မြင်သိစိတ်

ဉပေက္ခာသဟဂတ သောတဝိညာဏစိတ်         (၁၄)  ကြားသိစိတ်

ဉပေက္ခာသဟဂတ ဃာနဝိညာဏစိတ်            (၁၅)  နံသိစိတ်

ဉပေက္ခာသဟဂတ ဇိဝှါဝိညာဏစိတ်              (၁၆)  စားသိစိတ်

ဒုက္ခသဟဂတ ကာယဝိညာဏစိတ်                (၁၇)  ထိသိစိတ်

ဉပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ်                  (၁၈)  အာရုံလက်ခံစိတ်

ဉပေက္ခာသဟဂတ သန္တီရဏစိတ်                  (၁၉)  အာရုံစူးစမ်းစိတ်


အဟိတ်ကုသလ ဝိပါတ်စိတ် (၈)ပါး  တနည်းအားဖြင့် ကုသိုလ်ဝိပါတ်စိတ်

ဉပေက္ခာသဟဂတ စက္ခုဝိညာဏစိတ်             (၂၀)

ဉပေက္ခာသဟဂတ သောတဝိညာဏစိတ်         (၂၁)

ဉပေက္ခာသဟဂတ ဃာနဝိညာဏစိတ်            (၂၂)

ဉပေက္ခာသဟဂတ ဇိဝှါဝိညာဏစိတ်              (၂၃)

သုခသဟဂတ ကာယဝိညာဏစိတ်                (၂၄)

ဉပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ်                  (၂၅)

သောမနဿသဟဂတ သန္တီရဏစိတ်             (၂၆) 

ဉပေက္ခာသဟဂတ သန္တီရဏစိတ်                  (၂၇)


အဟိတ်ကြိယာစိတ် (၃)ပါး

ဉပေက္ခာသဟဂတ ပဉ္စဒွါရာဝဇ္ဇနစိတ်            (၂၈)

ဉပေက္ခာသဟဂတ မနောဒွါရာဝဇ္ဇနစိတ်        (၂၉)

သောမနဿသဟဂတ ဟသိတုပ္ပါဒစိတ်        (၃၀)


ကျွန်မ အခုရေးပြထားတဲ့ အနောက်က နံပါတ်စဉ်တွေဟာ စိတ် (၈၉)ပါးရဲ့ နံပါတ်စဉ်တွေအတိုင်းရေးပြထားတာပါ....။ စိတ်ပိုင်း(၁) မှာတုန်းက အကုသိုလ်စိတ် (၁၂) ပါးကို ပြောပြခဲ့ပြီးတာမို့ အခု အဟိတ်စိတ် (၁၈)ပါးနဲ့ပေါင်းလိုက်တော့ အပါး(၃၀)ထိရောက်သွားပါပြီ...။


စက္ခုဝိညာဏ          =    မြင်သိ

သောတဝိညာဏ     =     ကြားသိ

ဃာနဝိညာဏ        =     နံသိ

ဇိဝှါဝိညာဏ          =     အရသာသိ

ကာယဝိညာဏ      =     ထိသိ

သမ္ပဋိစ္ဆန             =      လက်ခံ

သန္တီရဏ             =      စုံစမ်း

ပဉ္စဒွါရာဝဇ္ဇန        =      ငါးဒွါရ၌ ဆင်ခြင်

မနောဒွါရာဝဇ္ဇန    =      မနောဒွါရ၌ ဆင်ခြင်

ဟသိတုပ္ပါဒ         =     ရယ်ခြင်းကိုဖြစ်စေတတ်

ဒုက္ခသဟဂတ      =     ဆင်းရဲခြင်းနှင့်တကွဖြစ်

သုခသဟဂတ      =     ချမ်းသာခြင်းနှင့်တကွဖြစ်


မှတ်သားရန် ။          ။    အကုသိုလ်ဝိပါတ် မြင်သိစိတ်နဲ့ ကုသလဝိပါတ် မြင်သိစိတ် နှစ်ခုပေါင်းကို စက္ခုဝိညာဏ်ဒွေ two eye-consciousness elements လို့ခေါ်ပါတယ်....။ သောတ ဃာန ဇိဝှါ ကာယ တို့ကိုလည်း အလားတူဖြစ်တယ်...။ အကုသိုလ်ဝိပါတ်နဲ့ ကုသိုလ်ဝိပါတ် အာရုံလက်ခံစိတ်နှစ်ခုပေါင်းကိုလည်း သမ္ပဋိစာ္ဆိုင်းဒွေ two recipient-consciousness elements လို့ခေါ်ပါတယ်...။ အာရုံဆင်ခြင်စိတ် ပဉ္စဒွါရာဝဇွန်းနဲ့ သမ္ပဋိစ္ဆိုင်းဒွေ နှစ်ခုပေါင်းကို မနောဓါတ် mind elements လို့ခေါ်ပါတယ်...။  ပဉ္စဒွါရာဝဇ္ဇန်း နဲ့ မနောဒွါရာဝဇ္ဇန်း နှစ်ခုပေါင်းကို အာဝဇ္ဇန်းဒွေ two adverting consciousness လို့ခေါ်ပါတယ်...။


အကုသိုလ်ဝိပါတ်မြင်သိစိတ် (၁၃-၁၇) + ကုသိုလ်ဝိပါတ်မြင်သိစိတ် (၂၀-၂၄) = စက္ခုဝိညာဏ်ဒွေ

အကုသိုလ်ဝိပါတ် အာရုံခံစိတ်(၁၈-၁၉) + ကုသိုလ်ဝိပါတ်အာရုံခံစိတ်  =  သမ္ပဋိစ္ဆိုင်းဒွေ

ပဉ္စဒွါရာဝဇွန်း (၂၈)        +         သမ္ပဋိစ္ဆိုင်းဒွေ        (၁၈+၂၅        =မနောဓါတ်


@@@@@@@@@@@@@


"ဟိတ်" ဆိုတာ ဟေတု "Hetu"ဆိုတဲ့ ပါဠိဝေါဟာရက ဆင်းသက်လာတာပါ...။ ဟိတ်ဟန်ကြီးတာ မဟုတ်ဘဲ အကြောင်းတရား ဒါမှမဟုတ် အရင်းအမြစ် Cause (or) Root ကိုဆိုလိုတာပါ...။ "အဟိတ်" ဆိုတာ မထက်မြက် မတင့်တယ်တဲ့ စိတ်ကိုခေါ်တာပါ...။

ဘဝတစ်ခုမှာ အသိဉာဏ်ပါတဲ့ အမောဟဆိုတဲ့ "ပညာ" အလောဘ အဒေါသ ဆိုတဲ့ ဟိတ်သုံးပါးနဲ့ ပဋိသန္ဓေနေသူကို "တိဟိတ်" ပုဂ္ဂိုလ်လို့ခေါ်တယ်...။ အသိဉာဏ်မပါဘဲ အလောဘ အဒေါသဆိုတဲ့ ဟိတ်နှစ်ပါးသာပါတဲ့သူကို "ဒွိဟိတ်" ပုဂ္ဂိုလ်လို့ခေါ်တယ်...။

တိဟိတ် ပုဂိ္ဂုလ်က အသိဉာဏ်ပါလို့ ဒီဘဝမှာ ကျင့်ကြံအားထုတ်ရင် တရားထူးတရားမြတ်ရသွားနိုင်တဲ့ ပုဂ္ဂိုလ်မျိုးပါ...။ ဒွိဟိတ်ကတော့ ကျင့်ကြံအားထုတ်ပေမယ့် တိဟိတ်ပုဂ္ဂိုလ်လောက် စွမ်းရည်မထက်မြတ်ဘူး...။ ဒါပေမယ့် ကြိုးစားမယ်ဆိုရင် ရသင့်ရထိုက်တဲ့ တရားအခြေခံတွေရပြီး နောင်ဘဝမှာ တရားအသိဉာဏ်ပွင့်လင်းသွားမှာပါ...။ ဒွိဟိတ်နဲ့ တိဟိတ် ဆိုတာ ကိုယ်မှ မသိနိုင်တော့ ဘယ်နေရာမှာမှ မလျော့ဘဲ ကြိုးစားရင် ဝီရိယအကျိုးကိုတော့ ထိုက်သင့်သလောက် ခံစားရမှာပါ...။


"အဟိတ်" ဆိုတာ ဟိတ်တစ်ခုမှမပါတဲ့ တိရစာ္ဆန်ဘဝမျိုး ဖြစ်တယ်...။ သူတို့မှာ လူတွေလို ပါရမီဖြည့်ဆည်းဖို့ ကောင်းတဲ့ ဟိတ်တစ်ခုမှမပါလို့ အဟိတ်တိရစာ္ဆန်လို့ခေါ်တာပါ...။


အကုသလဝိပါတ်ဆိုတာ....

ဝိပါတ်ဆိုတာ ကံရဲ့အကျိုးပေးဖြစ်လို့ ဘဝမှာ မကောင်းတဲ့ အနိဌာရုံ Undesirable object တွေ မြင်တွေ့နေရတာဟာ တိုက်ဆိုင်လို့ဖြစ်တယ်လို့ထင်မြင်ကြတယ်...။ ကိုယ်မကြားချင်တဲ့ ဆဲဆိုသံတွေ နားမထောင်ချင်တဲ့အသံတွေကြားရတာ မကြိက်တဲ့ အနံ့တွေရှူနေရတာ မစားချင်တဲ့အစာတွေစားရတာတွေဟာ တကယ်တော့ ရှေ့က ပြုခဲ့တဲ့ အကုသိုလ်ကံရဲ့အကျိုးပေးတွေပါ...။ ဒါကြောင့် အကုသလဝိပါတ်စိတ်ဖြစ်တယ်....။


ကုသလဝိပါတ်ဆိုတာ....

ကောင်းတာတွေမြင်ရတယ်  သာယာတဲ့ သီချင်းသံတွေနဲ့ တရားဓမ္မတွေ ကြားရတယ် သင်းပျံ့တဲ့ရနံ့တွေရတယ် အရသာရှိတဲ့ အစားအစာတွေစားနေရတာကလည်း ရှေးကုသိုလ်ကံ အကျိုးပေးတွေပါပဲ...။ ဒီကုသိုလ် အကုသိုလ်နှစ်ခုကြားမှာ မြင် ကြား ရနံ့နဲ့ အရသာ သိစိတ်ဆိုတဲ့ ဝိပါတ်စိတ်တွေဟာ အလယ်အလတ်   ဉပေက္ခာဝေဒနာတွေနဲ့ပဲ ယှဉ်ပါတယ်...။


ဘာလို့ ဉပေက္ခာနဲ့ယှဉ်တာလဲ....?

ဉပေက္ခာဆိုတာ သောမနဿ ဒေါမနဿတို့လို မထက်ဘဲ နည်းနည်း Dull ဖြစ်တယ်....။ ဒါကလည်း မြင် ကြား ရနံ့ ရသာ သိစိတ်တွေဟာ တစ်ခဏချင်းမှာ လျင်လျင်မြန်မြန်ဖြစ်သွားလို့ ဝမ်းသာဝမ်းနည်း မရှိဘဲ ဉပေက္ခာဝေဒနာနဲ့ပဲယှဉ်လို့ပါ....။

မျက်စိအကြည်ကလည်း အပျော့စားရုပ် ရူပါရုံလည်း အပျော့စားရုပ်ဆိုတော့ သူတို့နှစ်ခုဆုံမိတဲ့အခါ ဂွမ်းလုံးလေးနှစ်ခုတိုက်မိသလို ဒေါင်ခနဲမမြည်ပါဘူး နူးညံ့လွန်းလို့ မသိလိုက်မသိဘဲ ဉပေက္ခာပဲဖြစ်တယ်...။ အလားတူ ကြားစိတ် ရနံ့သိစိတ် ရသာသိစိတ်တွေမှာလည်း အပျော့စားရုပ်နှစ်ခုတိုက်မိလို့ ဉပေက္ခာပဲဖြစ်ပါတယ်...။ 

ဉပါဒါရုပ် Derived Matter  =  ဆင့်ခံရုပ်ဖြစ်တဲ့ အဆင်း အနံ့ အရသာ ရုပ်တွေိကို ဉပါဒါရုပ် ဒါမှမဟုတ် ပျော့စားရုပ်လို့ခေါ်တယ်....။

အမာစားရုပ် The four great material  =  ပထဝီ တေဇော အာပေါ ဝါယော ဆိုတဲ့ မဟာဘုတ်လေးပါးကို အမားစားရုပ်လို့ခေါ်တယ်...။

ပထဝီ တေဇော ဝါယော သုံးခုပေါင်းထားတာကို ဖောဌဗ္ဗလို့ခေါ်တယ်...။ ကာယပသာဒ Sensitive Body က အပျော့စားဆိုပေမယ့် သူနဲ့တိုက်တဲ့ ဖောဌဗ္ဗာရုံ Tangible Object ကထိတွေ့လို့ရတဲ့ အမာရုပ်ဖြစ်နေတော့ ဂွမ်းလုံးလေးကို စားပွဲပေါ်တင်ပြီးတူနဲ့ထုတော့ ဂွမ်းတင်မကဘူး စားပွဲပါထိတော့ ဒိုင်းခနဲမြည်သွားတာမို့ ကာယဝိဉာဏ်စိတ် နာကျင်ခံစားမှုဖြစ်လာတယ်...။ ခေါ်တော့ ဒုက္ခသဟဂုတ်ကာယဝိဉာဏ်စိတ် ...။ ဒုက္ခဆင်းရဲဆိုတဲ့ မကောင်းတဲ့ ခံစားမှု...။

သမီးရည်းစားဘဝမှာ လက်ဖဝါးလေးကိုင်ပြီး လမ်းလျှောက်မယ် ပခုံးလေးမှာ မှီမယ်ဆိုတာ ကုသိုလ်ဝိပါတ်ဖြစ်တဲ့ သုခသဟဂုတ်ကာယဝိဉာဏ်စိတ်ပဲဖြစ်တယ်...။ စိတ်ထဲမှာ ပြောမပြတတ်အောင် သာယာချမ်းမြေ့နေတာဟာ အဲဒီစိတ်ဖြစ်နေတာပဲ....။ တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆဖြစ်လို့ ပစ္စည်းတွေနဲ့ ပစ်ပေါက်တယ်ဆိုတာ နာကျင်ခံစားရတယ်...။ အဲဒါ ဒုက္ခသဟဂုတ်ကာယဝိဉာဏ်စိတ်....။ ကာယဝိဉာဏ်စိတ်မှာ ဒုက္ခနဲ့သုခ ဆိုပြီး နှစ်မျိုးကွဲသွားတာ....။ 

ဉပမာထပ်ပေးကြည့်မယ် မြို့နဲ့အလှမ်းဝေးတော့ အရသာရှိတဲ့ အစားအသောက်တွေနည်းလို့ အကုသလဝိပါတ်ဇိဝှါဝိဉာဏ်စိတ်ဖြစ်တာများတယ်...။ ဒါပေမယ့် အရသာရှိတာတွေစားရတော့လည်း ကုသိုလ်အကျိုးပေးကြောင်းဖြစ်တဲ့ ကုသလဝိပါတ်ဇိဝှါဝိဉာဏ်စိတ်တွေဖြစ်နေပါတယ်...။ ဒီလိုမြင်စိတ်ကနေ ထိသိစိတ်အထိ ကုသိုလ် အကုသိုလ် အကျိုးပေးနစ်ခုရှိလို့ တွဲပြီး စက္ခုဝိညာဏ်ဒွေး, သောတဝိညာဏ်ဒွေး, ဃာနဝိညာဏ်ဒွေး, ဇိဝှါဝိညာဏ်ဒွေး, ကာယဝိညာဏ်ဒွေး လို့ခေါ်တယ်...။ ဒွေးဆိုတာ ဒွိကလာတာ နစ်ခုကိုဆိုလိုတာပါ...။




အဟိတ်စိတ် (၁၈)ပါး မှာ အဟိတ်ကြိယာစိတ်ကို နောက်တစ်ပိုင်းကျမှာထပ်ပြောပါမယ် နည်းနည်းရှည်သွားလို့ ခေါင်းရှုပ်သွားမှာစိုးလို့ပါ...။


မှတ်ချက်။     ။ ခွဲစိတ်ပါမောက္ခ ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်ပါသည်...။ ကျွန်မလေ့လာပြီးသလောက် မှတ်သားထားသည်များကို သဘောပေါက်လွယ်အောင် အပိုင်းခွဲပြီး ဆက်လက်ရေးသားဖော်ပြပေးပါဦးမယ်....။ ဓမ္မလက်ဆောင်ပေးတဲ့ ဉီး------ကိုလည်း ဒီပို့စ်နဲ့ကျေးဇူးတင် ကန်တော့လိုက်ပါတယ်...။


မိုးငွေ့

Friday, 22 January 2021

တစ်သက်စာ.....

 



The Voice Myanmar Season 3 team ကျားပေါက်က Twan Pee ရဲ့ တစ်သက်စာ .... အရမ်းကြိုက်လို့ တင်ပေးလိုက်တယ်...။ နားထောင်ကြည့်ကြည့်....။


မိုးငွေ့

Friday, 15 January 2021

Health and Beauty.....




ခေါင်းစဉ်က Health and Beauty ဆိုပေမယ့် တခြားပြောစရာလေးတွေလဲ ပြောဉီးမယ်နော်.....။ အာလူးမဖုတ်ရတာကြာပြီလေ.....။ ၂၀၂၀ နှစ်ဟောင်းကိုနှုတ်ဆက် ၂၀၂၁ နှစ်သစ်အကူးကို အရင်လို ဟေးလားဝါးလားနဲ့မဖြတ်သန်းဖြစ်တော့.... ဘုရားရှိခိုး ပဌာန်းပူဇော်ပြီး နှစ်ကူးဖြစ်ခဲ့လို့ ကိုယ့်ကိုယ်ကို ကျေနပ်နေမိတယ်....။ နှစ်သစ်မှာ အများဆုံးလုပ်ဖြစ်သွားတာ မထင်မှတ်ဘဲ အွန်းလိုင်းပစ္စည်းတွေဝယ်ဖြစ်တာများသွားတယ်....။ အဲထဲမှာ Collagen တွေအမျိုးစားအများကြီးပဲရောင်းတဲ့ ပေ့ချ်လေးတွေ့လို့ ဝင်စပ်စုရင်းနဲ့ ဝယ်ဖြစ်သွားခဲ့တယ်....။ ဒါမဝယ်ခင်ကလည်း City Care မှာ Vista ကထုတ်တဲ့ ၆လုံးတစ်ကဒ်ပါတဲ့ အရည်လေးဝယ်သောက်ဖြစ်သေးတယ်...။ ခုက ဂျပန်ကလာတာ ပိုကောင်းမလားဆိုပြီး ထပ်ဝယ်ဖြစ်တယ်....။ အထဲမှာ ရက် ၃၀ အတွက် အထုတ် ၃၀ ပါတယ် ....။ မနက်စောကြီး ဘာမှမစားခင် ရေ 180 ml နဲ့ဖျော်ပြီးသောက်  ဒါမှမဟုတ် ညဖက်သောက်မယ်ဆို အစာနဲ့ခပ်ဝေးဝေးအိပ်ခါနီးလေးသောက်ပေး.....။ Jan 12th မနက်စောစော ၅နာရီ နှိုးစက်ပေးပြီး အဲဒါလေးထဖျော်ပြီးသောက်တယ်....။ အဲဒီနေ့က နတ်တော်လကွယ် ဉပုသ်နေ့မို့ မနက် စောစောထပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ယောဂီဝတ်စုံလဲ ဘုရားကျောင်းဆောင်သန့်ရှင်းရေးလုပ် ဘုရားသောက်တော်ရေ ပန်း သစ်သီး ဆီမီးနဲ့ အာရုံဆွမ်း ပေါင်မုန့်နဲ့ ကော်ဖီကပ်ဖြစ်တယ်....။ ၂၀၂၁ မှာ ပထမဆုံး အစောဆုံးထတဲ့နေ့ဆိုပါတော့....။ ဆောင်းမနက်စောစော ရာသီဉတုက မဆိုစလောက်အေးစိမ့်စိမ့် နေလို့ကောင်း ....။ ဘုရားဝေယျာဝိစ္စလုပ်ပြီး ဘုရားရှိခိုးတော့ ချွေးနဲနဲစို့နေပြီ ရန်ကုန်ဆောင်းကတော့ သိတဲ့အတိုင်းပဲ....။ ဘုရားရှိခိုးပြီးတော့ ထမင်းကြော်စားဖြစ်တယ် .... ပြီးတော့ ဒီနှစ်စဝင်လာကတည်းက မွေးနေ့တိုင်းနဲ့ လတစ်လရဲ့ လပြည့်လကွယ်တွေကို သက်သတ်လွတ်စားမယ်လို့ ဆုံးဖြတ်ထားတာမို့ အဲဒီနေ့က သက်သတ်လွတ်စားဖြစ်ခဲ့တယ် ...။ ရနိုင်သမျှ လုပ်နိုင်သမျှလေး ကုသိုလ်ယူချင်တာပါ....။ ခါတိုင်းနေ့တွေက အမေပဲ မနက်မိုးလင်း ဘုရားသောက်တော်ရေကပ်တာ ဆွမ်းကပ်တာလုပ်နေကျ အာဇိန္နကံရပြီးသား.....။ ခုတော့ အဲဒီအလုပ်ကို ကျွန်မဆက်လုပ်မယ်လို့ ပြီးတော့ မနက်အာရုံကို ကော်ဖီ လက်ဖက်ရည် မုန့်တွေကပ်ချင်လို့....။ ဆွမ်းချက်တာကတော့ အမေပဲဆက်လုပ်တယ် ကျွန်မက ထမင်းချက်ညံ့လို့ပါ :)







တကယ်ပြောချက်တာက Collagen အကြောင်းလေးပါ....။ ဒါလေးမဝယ်ခင် ချီချီ(နေခြည်ဉီး)က Vista Collagen အမှုန့် Marine ကနေထုတ်ထားတဲ့ ကုန်ပစ္စည်းအသစ်မိတ်ဆက်လေးကို ဖျော်သောက်ပြတာကြည့်လိုက်ရသေးတယ်....။ သူသောက်ပြတော့ ချိုချိုမွှေးမွှေး ရေခဲတုံးနဲ့ စတော်ဗယ်ရီသီးတွေဘာတွေတောင်ထည့်လိုက်သေးတယ် သာမန် အသီးဖျော်ရည်လေးလိုပဲ သူကအရသာပါတာ နာနတ် စတော်ဗယ်ရီ လိုင်ချီး အဲလိုတွေ...။ အဲဒါ ကိုယ့်ဘာသာကိုလျှာရှည်ပြီး ပေ့ချ်တစ်ခုက ကြော်ငြာတွေ့တာနဲ့ ဂျပန်ကပိုကောင်းမယ်ထင်ပြီး ဝယ်လိုက်တယ်....။ အရည်အသွေးကတော့ ကောင်းမှာပဲ ခုမှစသောက်တာဆိုတော့ စောင့်ကြည့်ရမယ်...။ အဝင်ပဲနဲနဲဆိုးတာ ဆေးနံ့ရတယ်လေ....။ အဲမှာ ကော်လာဂျင်တွေက မျိုးစုံ ဈေးစုံပါပဲ ကိုယ်နဲ့အဆင်ပြေမယ်ထင်တာရွေးလိုက်တာ....။ သူက ဆံပင် အသားအရည် လက်သည်း ဝက်ခြံနဲ့ အမည်းစက်တွေိကို အဓိကပြုပြင်ဖြည့်စွက်ပေးတဲ့ ကော်လာဂျင်....။ ကိုယ်ကလည်း ဆံပင်ကျွတ် မျက်နှာမှာ အမည်းစက်တွေ ဝက်ခြံတွေရှိတော့ အဲဒါကို ရွေးဝယ်လိုက်တာ....။ အသက်ရွယ်ငယ်တုန်းကဆို ဝက်ခြံမထွက်ခဲ့ဘူး ထွက်ခဲတယ်....။ မျက်နှာလဲ ချောမွတ်ပြောင်တင်းပေါ့.... ။ အသက် ၄၄ နောက်ပိုင်းမှာ Menstruation cycle နီးတာနဲ့ ဝက်ခြံတွေစထွက်ပြီ.....။ ပြီးခဲ့တဲ့ ၂၀၂၀ မှာတော့ Night Owl ထပ်ဖြစ်တော့ ပိုဆိုးပေါ့ ညည မအိပ်ဘဲ ဇာတ်လမ်းတွဲတွေကြည့်တာကြည့်တာ အိပ်ရေးပျက်တာနဲ့ပေါင်းပြီး တစ်လလုံးက မျက်နှာမှာ ဝက်ခြံမပျက်တော့....။  ခုတော့ လျှော့နေပါပြီ ညဖက်အိပ်ရာဝင်နောက်ကျတာကို....။ အဲလိုမဖြစ်အောင်ကိုယ့်ကိုယ်ကို မနက်အာရုံဆွမ်းကပ်တဲ့အလုပ်နဲ့ ထိန်းချုပ်လိုက်တယ်....။ မနက်စောစောထရမှာဆိုတော့ ညစောစောအိပ်မှရမယ်လေ....။ လောကမှာ စိတ်ကိုနိုင်အောင်လုပ်တဲ့အလုပ်က အခက်ခဲဆုံး.....။



ခုတော့ကာဖီထဲထည့်သောက်ဖြစ်တယ်



တကယ်တော့ ကော်လာဂျင်ကို ခုခေတ်က အသက်အစိပ်နောက်ပိုင်းဆို သောက်နေကြပြီ...။ ကိုယ်တွေအရွယ်က နောက်တောင်ကျနေပြီ....။ ဘာပဲဖြစ်ဖြစ် မမြဲတဲ့ရုပ်ခန္ဓာကို ပြုပြင်ပေးနေရတာကလည်း ဆင်းရဲဒုက္ခပါပဲ....။ သစ္စာလေးပါးထဲက ဒုက္ခသစ္စာ (၈)ခုထဲမှာပါပြီးသား....။ အဲလိုပြန်တွေးမိတော့ ငါလုပ်နေတာ ဘာမှအဓိပ္ပါယ်မရှိလို့မြင်ပေမယ့် လူဘဝမှာ ကျင်လည်နေတုန်းမို့ တဏှာကို မစွန့်လွှတ်နိုင်သေးတာပါလားလို့ ဆင်ခြင်မိပါရဲ့လေ...။ 


ကိုဗစ်ကြီးက သင်ခန်းစာတွေပေးတာ ယူတတ်တဲ့သူတော့ယူကြတယ် ပြောင်းလဲကြတယ်....။ မယူတတ်တဲ့သူကလည်း သူ့ထိုက်နဲ့သူ့ကံ....။ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာတော့ တော်တော်လေးပြောင်းလဲသွားတယ်လို့ ကိုယ့်ကိုယ်ကို သုံးသပ်မိတယ်....။ မလိုအပ်တာတွေ လေးတယ်ထင်တာတွေအကုန်ပစ်ချနိုင်သမျှပစ်ချနေတယ်....။ တလောကမှ ဦးလေးတစ်ယောက်ဖုန်းဆက်လာတယ် ညဖက်ကြီး အဖေတို့မောင်နှမဆယ်ယောက်ထဲက နံပါတ်ကိုး ဦးလေးပါ....။ ကျောက်ဆည်က ဘကြီးဆုံးသွားလို့ အကြောင်းကြားတာ အဖေဖက်က အမျိုးတွေနဲ့က သာမန်အချိန်ဆို မတွေ့ဖြစ်ကြဘူး သာရေးနာရေးကလွဲလို့....။ ဦးလေးနဲ့စကားပြောရင်းက အဖေတို့မောင်နှမဆယ်ယောက်ထဲမှာ ဒီဦးလေးအပါအဝင် သုံးယောက်အသက်ရှင်သေးတော့ အဖေ့အထက်က ကြီးတော်ရောနေကောင်းလားဆိုတော့ ဆုံးတာကြာပြီလေတဲ့....။ ခုတော့ ဆယ်ယောက်မှာ ဒီဦးလေးတစ်ယောက်ပဲကျန်ရစ်တော့တယ် ဦးလေးအမျိုးသမီးကလဲ ပြီးခဲ့တဲ့ ဆယ်လပိုင်းက ကိုဗစ်နဲ့ဆုံးသွားပြီတဲ့....။ စိတ်မကောင်းလိုက်တာ အဲညက ဘုရားမရှိခိုးခင်လေး ဖုန်းပြောတာ....။ ဘုရားရှိခိုးတော့ ရင်ထဲမကောင်းဘူး....။ အမျှဝေတော့ မျက်ရည်တောင်ကျတယ်....။ အချိန်တန်ရောက်လာရင် သွားကိုသွားရမယ့်လမ်းဆိုတာ လူတိုင်းအမြဲသတိချပ်စေချင်တယ်....။ ကိုယ်တိုင်လည်း အဲအသိတရားလေးကို အမြဲအောက်မေ့တယ်....။ လူတွေက လူဖြစ်လာတဲ့အချိန်ထက် ပြန်သွားရမယ့် သေရမယ့်အချိန်က ပိုအရေးကြီးတယ်.....။ သေတတ်ဖို့ ခုအသက်ရှင်ချိန်မှာ လေ့ကျင့်ထားသင့်တယ်....။ ကိုယ်ပြုထားတဲ့ ကုသိုလ်ကို အောက်မေ့ပြီး အသက်ထွက်တတ်ရမယ်....။ အဲဒါမှ အသက်ထွက်ကောင်းတယ် သေတတ်တယ်လို့ခေါ်တယ်တဲ့....။ ပါမောက္ခဆရာတော်ကြီးမိန့်သလို ရောဂါမရှိလို့လည်း ဝမ်းမသာနဲ့ ရောဂါရှိလည်း ဝမ်းမနည်းနဲ့ ရောဂါမရှိလည်း တစ်နေ့သေရမှာပဲ....။ 

ဒါနဲ့စကားမစပ် ကျွန်မဘလော့ကို ၂၀၂၀ တစ်နှစ်ပတ်လုံး ထိပ်ဆုံးကနေ အများဆုံးလာဖတ်တတ်တဲ့ Mexico နိုင်ငံကသူတွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတာဘာကြောင့်လဲ ....။ ကျွန်မရဲ့ Mexico နိုင်ငံက စာဖတ်သူလေးတွေ နေကောင်းကျန်းမာပါရဲ့လား.....။ ခုတော့ USA က စာဖတ်သူများက ဗိုလ်စွဲနေပါတယ် ....။ ဒုတိယက မြန်မာပြည်က.....။ ဘာပဲဖြစ်ဖြစ် ကမ္ဘာတစ်ဝှမ်းကနေ ကျွန်မကိုချစ်လို့ ကျွန်မရေးတဲ့စာတွေကို  စိတ်ဝင်စားလို့ စာလာလာဖတ်တဲ့ စာဖတ်သူများအားလုံးကို လေးစားကျေးဇူးတင်ရပါတယ်.....။ အားလုံး ကပ်ရောဂါကင်းပြီး အေးအေးချမ်းချမ်း ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်....။



              Bonus :)


မိုးငွေ့

Tuesday, 5 January 2021

ရှမ်းငရုတ်သီးထောင်းများ......

 



ကျွန်မရဲ့ အမွှာအဒေါ်အငယ်က ငရုတ်သီးထောင်းနဲ့ အချဉ်ရည်ဆော့စ်လုပ်တဲ့နေရာမှာ ဆရာမကြီး သူ့ဆီကပဲ တစ်နေ့တစ်နေ့ပညာယူနေရတာ...။ အိမ်မှာ နေ့တိုင်း ငရုတ်သီးထောင်းတစ်မျိုးမဟုတ်တစ်မျိုးရှိတယ် ထမင်းပွဲမှာ...။ စနေနေ့အပတ်တိုင်း ညီမလေးနဲ့သူ့အမျိုးသားက အိမ်မှာလာစားနေကျမို့ စနေနေ့တိုင်းရှမ်းစာတစ်ခုမဟုတ်တစ်ခုလုပ်စားကြတယ်....။ ညီမလေးအမျိုးသားကလည်း ကျွန်မတို့အရှေ့ပိုင်းရှမ်းစာကိုတော်တော်စားတတ်နေပြီ....။ ရှမ်းလူမျိုးတွေထမင်းစားရင်သုံးတဲ့ ကြိမ်ဗန်းကြီးပါ အိမ်မှာရှိနေတော့အဆင်ပြေသွားတယ်...။ အဲဒီနေ့က ကောက်ညှင်းပေါင်းနဲ့ ဝက်ဂုတ်သားကြော်တယ် ဘဲဉစားငံပြုတ်တယ် ငရုတ်သီးထောင်းက နမ့်ဖစ်နွန် နဲ့ နောက်တစ်မျိုးက ဝက်သားကြော်ရှိလို့ ဝက်သားငရုတ်သီးထောင်းပါထပ်လုပ်တယ်...။ နမ့်ဖစ်နွန်ထောင်းနည်းက အရှေ့ပို့စ်မှာရေးပြီးသားမို့ ထပ်မပြောတော့ဘူးနော်....။ 






ဝက်သားငရုတ်သီးထောင်းဖို့ ဝက်သားကြော်ထားတာလေး နဲနဲဖယ်ထားလိုက်တယ်.....။ ကျန်တာက လွယ်တယ် ရှမ်းငရုတ်သီးထောင်းအခြေခံမှာပါတဲ့ ငရုတ်သီး ကြက်သွန်ဖြူကို မီးကင်ပြီးထောင်း ညှက်လာရင် ဝက်သားကြော်ထည့်ထောင်း အရောင်လှအောင်လို့ ငရုတ်သီးအနီတောင့်ကိုသုံးထားပါတယ်....။ ဝက်သားအရသာချိုပြီး ငရုတ်သီးစပ်စပ်နဲ့ သိပ်ကောင်းပဲ....။ ပဲပုပ်ကင်လေးပါ နဲနဲထည့်ထောင်းနော် အပေါ့အငံ လိုသလိုထည့်... ဝက်သားနေရာမှာ ကြက်သားကြော် ငါးငရုတ်သီးထောင်းကျတော့ ငါးခူပြုတ်ပြီးအသားနွင်ထောင်းရတယ် အဲဒါက နောက်တစ်ခါ ငါးခူးငရုတ်သီးထောင်းလုပ်ဖြစ်ရင်ထပ်လာပြမယ်....။ ရှမ်းပြည်မှာ ငါးခူပဲအစားများကြတယ်....။ 


ဝက်သားငရုတ်သီးထောင်းစပ်စပ်လေးကို ကောက်ညှင်းပေါင်းပူပူနဲ့စားကြည့် ဆွေမျိုးသုံးဆက်မေ့သွားမယ်





ဒီတစ်ပတ်စနေကိုတော့ တွေ့တဲ့အတိုင်းပဲ ဗန်းထဲမှာအစုံလင် ဝက်ရိုးကျောက်ဖရုံကိုစပါးလင်နဲ့အရည်လေးနဲ့ချက်တယ် ဝက်သားဖက်ထုပ်ပေါင်း ဟင်းနုနွယ်ကြက်သွန်ဖြူကြော် ပဲပြားကြက်ဉကြော်နဲ့ ဇာတ်လိုက်ကတော့ မကျည်းနှစ်ငရုတ်သီးထောင်းပါ တို့စရာတော့က အသီးအရွက်ပြုတ်တွေနဲ့ ပိုလိုက်ဖက်တယ်....






မကျည်းနှစ်ငရုတ်သီးထောင်းအတွက် မကျည်းသီးခြောက်ကောင်းကောင်းကို သေချာဆေးပြီး ရေနွေးနဲ့စိမ်ထားပြီး အနှစ်ယူထားပါ....။ ငရုတ်သီး ကြက်သွန်ဖြူ ပဲပုပ်မီးကင်ပြီးညှက်အောင်ထောင်း ဆား အချိုမှုန့်ထည့်ပြီးရင် မကျည်းနှစ်ရောထည့်ပြီး သမအောင်မွှေပေး နံနံပင်လေးရိတ်ရိတ်လှီးထည့် ဒါပဲ ချဉ်ချဉ်စပ်အစပ်နဲ့ သူလည်းအသီးရွက်ပြုတ်နဲ့လိုက်တယ်.....။ 





ဒီတစ်ခါ ခရမ်းသီးသုံးမျိုး ငရုတ်သီးထောင်းလေးပြောပြမယ်... ခရမ်းသီး ကိုင်းခရမ်းချဉ်သီး ခရမ်းကဆော့သီး ငရုတ်သီး ကြက်သွန်ဖြူကို ဒယ်နဲ့မွှေးလာအောင်လှော်ပေးပြီး ခရမ်းသီးနဲ့ ခရမ်းချဉ်သီးကလွဲပြီး ကျန်တာအရင်ရောထောင်း ညှက်ရင် ခရမ်းသီးနဲ့ ခရမ်းချဉ်သီးထည့်ထောင်းပေးပါ သူကျတော့ ဝက်ခေါက်ကြော်လေးနဲ့စားရတာ....။



အရွက်တွေက ဂွေးတောက်ရွက်နု ပဲတောင့်ရှည်နဲ့ ဗူးညွှန့်ပြုတ် သခွားသီး



ရှမ်းပြည်မှာ ဘုန်းကြီးကျောင်းအလှူပွဲတွေမှာဆို ဒီလိုငရုတ်သီးထောင်းတွေ
အတို့အမြှုပ်အစုံနဲ့တည်ခင်းတတ်တယ်




ဂွေးသီးငရုတ်သီးထောင်း တကယ်တမ်းရှမ်းပြည်မှာထောင်းစားတဲ့ ဂွေးသီးက ဒီကလို အလုံးသေးသေးမဟုတ်ဘူး လိမ္မော်သီးအရွယ်လောက်ရှိတယ်...။ ဘယ်လိုဂွေးသီးမျိုးဖြစ်ဖြစ် ငရုတ်သမီးထောင်းလုပ်မယ်ဆို ပြုတ်ရပါတယ်....။ ခဏလေးပြုတ်တာနဲ့ နူးလွယ်တယ်....။ ကျန်တာကတော့ ထုံးစံအတိုင်း ငရုတ်သီး ကြက်သွန်ဖြူ ပဲပုပ်မီးကင်ထားတာကို အရင်ထောင်း အရောင်လှအောင် ငရုတ်သီးအနီတောင့်သုံးပါတယ်....။ ငရုတ်သီးထောင်းထာတာညှက်ရင် ဂွေးသီးပြုတ်ထည့်ထောင်း အစေ့ဒီတိုင်းလေးထည့်ထား ဝါးစားလို့ရတယ်....။



ကဆော့သီးပိုနေလို့ ဂွေးသီးငရုတ်သီးထောင်းနဲ့စားဖို့ ဆီအိုးကပ်လေးနဲ့လှော်ထားတယ်


ဒီလောက်ပါပဲ နောက်ထပ် ငရုတ်သီးထောင်းနည်းတွေထပ်သင်ရရင် လာမျှဝေပေးပါဉီးမယ်နော်...။ ကောင်းသောနေ့လေးဖြစ်ပါစေ....။


မိုးငွေ့

Saturday, 2 January 2021

အစိမ်းရောင်စာစု.....

The Voice Myanmar season 3 Grand Final. Twan Pee from Team Kyar Pauk





ကျွန်မက သီချင်းကြိုက်သူဆိုတော့ တီဗီကလာတဲ့ သီချင်းဆိုပြိုင်ပွဲတွေထဲက The Voice ကိုအကြိုက်ဆုံးမို့ အဲစီစဉ်ကို အစအဆုံးနှစ်တိုင်းကြည့်ဖြစ်ခဲ့တာ ခုဆို The Voice Myanmar season 3 ရောက်ခဲ့ပြီ...။ ပြီးခဲ့တဲ့ season တွေက သီချင်းတွေနဲ့ ပြိုင်ပွဲဝင်တွေကိုလည်း အကြိုက်တွေရှိခဲ့ပါတယ်....။ ခုတော့ လောလောလတ်လတ်ပြီးသွားခဲ့တဲ့ season 3 Grand Final မှာယှဉ်ပြိုင်ခဲ့ကြတဲ့ Coaches လေးယောက်ထဲက ဆရာကျား(ကျားပေါက်)ရဲ့ အသင်းက တွမ်ပီးကို သဘောကျတယ် သီချင်းဆိုတဲ့စတိုင်လ်ရော သီချင်းရော အသံရောကြိုက်တယ်....။ အမှန်တိုင်းဝန်ခံရရင် သူဆိုသွားတဲ့ "အစိမ်းရောင်စာစု"ကို ကျားပေါက်သီချင်းပဲထင်ခဲ့တာ You Tube မှာရှာကြည့်တော့ မူရင်းအဆိုရှင်တွေက Modern Rock အဖွဲ့တစ်ခုဖြစ်တဲ့ Drive ဆိုတဲ့အဖွဲ့ကိုသွားတွေ့တော့  Joox မှာ သွားထပ်ရှာတယ်....။ အစိမ်းရောင်စာစု, နွံလမ်းဆုံနဲ့ သိုဝှက်ထားတဲ့ ကမ္ဘာဆိုတဲ့ အယ်လ်ဘမ်တွေထွက်ထားခဲ့တဲ့ ကျွန်မလုံးဝမသိသေးတဲ့ အဖွဲ့တစ်ဖွဲ့ကို ရှာဖွေတွေ့ရှိသွားခဲ့တယ်....။ သူတို့သီချင်းတွေလည်းမိုက်တယ်...။ သူတို့ကို The Voice Myanmar ကြည့်လို့သိခွင့်ရလိုက်တာပါ...။






ဒါနဲ့ Season 3 Winner က ကျွန်မတို့ ဘလော့ရွာမှာ တစ်ချိန်တုန်းက ၂၀၁၁ ကနေ ၂၀၁၄ ထိ စာတွေ ကဗျာတွေရေးဖူးခဲ့တဲ့ ဘလော့ဂါဟောင်းတစ်ယောက်ဖြစ်တဲ့ ပြည်မြို့သား "ကိုနွေဦးလေ"ပဲဖြစ်ပါတယ်....။ သူဆိုတာလည်းကြိုက်တယ် သူ့သီချင်းတွေပါ အောက်မှာတင်ပေးလိုက်မယ်နော်....။ သူ့ဘလော့က ကဗျာလေးတွေ သွားဖတ်ချင်ရင်တော့ nwayoolay.blogspot.com ကိုသွားလည်လို့ရပါတယ်....။ ပြိုင်ပွဲဝင်နာမည်ကတော့ N Oo L ဖြစ်ပါတယ်....။ ဘလော့ဂါတစ်ယောက်ခုလို အဆို Winner ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်....။

















မိုးငွေ့