Saturday, 16 January 2021

Health and Beauty.....




ခေါင်းစဉ်က Health and Beauty ဆိုပေမယ့် တခြားပြောစရာလေးတွေလဲ ပြောဦးမယ်နော်.....။ အာလူးမဖုတ်ရတာကြာပြီလေ.....။ ၂၀၂၀ နှစ်ဟောင်းကိုနှုတ်ဆက် ၂၀၂၁ နှစ်သစ်အကူးကို အရင်လို ဟေးလားဝါးလားနဲ့မဖြတ်သန်းဖြစ်တော့.... ဘုရားရှိခိုး ပဌာန်းပူဇော်ပြီး နှစ်ကူးဖြစ်ခဲ့လို့ ကိုယ့်ကိုယ်ကို ကျေနပ်နေမိတယ်....။ နှစ်သစ်မှာ အများဆုံးလုပ်ဖြစ်သွားတာ မထင်မှတ်ဘဲ အွန်းလိုင်းပစ္စည်းတွေဝယ်ဖြစ်တာများသွားတယ်....။ အဲထဲမှာ Collagen တွေအမျိုးစားအများကြီးပဲရောင်းတဲ့ ပေ့ချ်လေးတွေ့လို့ ဝင်စပ်စုရင်းနဲ့ ဝယ်ဖြစ်သွားခဲ့တယ်....။ ဒါမဝယ်ခင်ကလည်း City Care မှာ Vista ကထုတ်တဲ့ ၆လုံးတစ်ကဒ်ပါတဲ့ အရည်လေးဝယ်သောက်ဖြစ်သေးတယ်...။ ခုက ဂျပန်ကလာတာ ပိုကောင်းမလားဆိုပြီး ထပ်ဝယ်ဖြစ်တယ်....။ အထဲမှာ ရက် ၃၀ အတွက် အထုတ် ၃၀ ပါတယ် ....။ မနက်စောကြီး ဘာမှမစားခင် ရေ 180 ml နဲ့ဖျော်ပြီးသောက်  ဒါမှမဟုတ် ညဖက်သောက်မယ်ဆို အစာနဲ့ခပ်ဝေးဝေးအိပ်ခါနီးလေးသောက်ပေး.....။ Jan 12th မနက်စောစော ၅နာရီ နှိုးစက်ပေးပြီး အဲဒါလေးထဖျော်ပြီးသောက်တယ်....။ အဲဒီနေ့က နတ်တော်လကွယ် ဉပုသ်နေ့မို့ မနက် စောစောထပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ယောဂီဝတ်စုံလဲ ဘုရားကျောင်းဆောင်သန့်ရှင်းရေးလုပ် ဘုရားသောက်တော်ရေ ပန်း သစ်သီး ဆီမီးနဲ့ အာရုံဆွမ်း ပေါင်မုန့်နဲ့ ကော်ဖီကပ်ဖြစ်တယ်....။ ၂၀၂၁ မှာ ပထမဆုံး အစောဆုံးထတဲ့နေ့ဆိုပါတော့....။ ဆောင်းမနက်စောစော ရာသီဉတုက မဆိုစလောက်အေးစိမ့်စိမ့် နေလို့ကောင်း ....။ ဘုရားဝေယျာဝိစ္စလုပ်ပြီး ဘုရားရှိခိုးတော့ ချွေးနဲနဲစို့နေပြီ ရန်ကုန်ဆောင်းကတော့ သိတဲ့အတိုင်းပဲ....။ ဘုရားရှိခိုးပြီးတော့ ထမင်းကြော်စားဖြစ်တယ် .... ပြီးတော့ ဒီနှစ်စဝင်လာကတည်းက မွေးနေ့တိုင်းနဲ့ လတစ်လရဲ့ လပြည့်လကွယ်တွေကို သက်သတ်လွတ်စားမယ်လို့ ဆုံးဖြတ်ထားတာမို့ အဲဒီနေ့က သက်သတ်လွတ်စားဖြစ်ခဲ့တယ် ...။ ရနိုင်သမျှ လုပ်နိုင်သမျှလေး ကုသိုလ်ယူချင်တာပါ....။ ခါတိုင်းနေ့တွေက အမေပဲ မနက်မိုးလင်း ဘုရားသောက်တော်ရေကပ်တာ ဆွမ်းကပ်တာလုပ်နေကျ အာဇိန္နကံရပြီးသား.....။ ခုတော့ အဲဒီအလုပ်ကို ကျွန်မဆက်လုပ်မယ်လို့ ပြီးတော့ မနက်အာရုံကို ကော်ဖီ လက်ဖက်ရည် မုန့်တွေကပ်ချင်လို့....။ ဆွမ်းချက်တာကတော့ အမေပဲဆက်လုပ်တယ် ကျွန်မက ထမင်းချက်ညံ့လို့ပါ :)







တကယ်ပြောချက်တာက Collagen အကြောင်းလေးပါ....။ ဒါလေးမဝယ်ခင် ချီချီ(နေခြည်ဦး)က Vista Collagen အမှုန့် Marine ကနေထုတ်ထားတဲ့ ကုန်ပစ္စည်းအသစ်မိတ်ဆက်လေးကို ဖျော်သောက်ပြတာကြည့်လိုက်ရသေးတယ်....။ သူသောက်ပြတော့ ချိုချိုမွှေးမွှေး ရေခဲတုံးနဲ့ စတော်ဗယ်ရီသီးတွေဘာတွေတောင်ထည့်လိုက်သေးတယ် သာမန် အသီးဖျော်ရည်လေးလိုပဲ သူကအရသာပါတာ နာနတ် စတော်ဗယ်ရီ လိုင်ချီး အဲလိုတွေ...။ အဲဒါ ကိုယ့်ဘာသာကိုလျှာရှည်ပြီး ပေ့ချ်တစ်ခုက ကြော်ငြာတွေ့တာနဲ့ ဂျပန်ကပိုကောင်းမယ်ထင်ပြီး ဝယ်လိုက်တယ်....။ အရည်အသွေးကတော့ ကောင်းမှာပဲ ခုမှစသောက်တာဆိုတော့ စောင့်ကြည့်ရမယ်...။ အဝင်ပဲနဲနဲဆိုးတာ ဆေးနံ့ရတယ်လေ....။ အဲမှာ ကော်လာဂျင်တွေက မျိုးစုံ ဈေးစုံပါပဲ ကိုယ်နဲ့အဆင်ပြေမယ်ထင်တာရွေးလိုက်တာ....။ သူက ဆံပင် အသားအရည် လက်သည်း ဝက်ခြံနဲ့ အမည်းစက်တွေိကို အဓိကပြုပြင်ဖြည့်စွက်ပေးတဲ့ ကော်လာဂျင်....။ ကိုယ်ကလည်း ဆံပင်ကျွတ် မျက်နှာမှာ အမည်းစက်တွေ ဝက်ခြံတွေရှိတော့ အဲဒါကို ရွေးဝယ်လိုက်တာ....။ အသက်ရွယ်ငယ်တုန်းကဆို ဝက်ခြံမထွက်ခဲ့ဘူး ထွက်ခဲတယ်....။ မျက်နှာလဲ ချောမွတ်ပြောင်တင်းပေါ့.... ။ အသက် ၄၄ နောက်ပိုင်းမှာ Menstruation cycle နီးတာနဲ့ ဝက်ခြံတွေစထွက်ပြီ.....။ ပြီးခဲ့တဲ့ ၂၀၂၀ မှာတော့ Night Owl ထပ်ဖြစ်တော့ ပိုဆိုးပေါ့ ညည မအိပ်ဘဲ ဇာတ်လမ်းတွဲတွေကြည့်တာကြည့်တာ အိပ်ရေးပျက်တာနဲ့ပေါင်းပြီး တစ်လလုံးက မျက်နှာမှာ ဝက်ခြံမပျက်တော့....။  ခုတော့ လျှော့နေပါပြီ ညဖက်အိပ်ရာဝင်နောက်ကျတာကို....။ အဲလိုမဖြစ်အောင်ကိုယ့်ကိုယ်ကို မနက်အာရုံဆွမ်းကပ်တဲ့အလုပ်နဲ့ ထိန်းချုပ်လိုက်တယ်....။ မနက်စောစောထရမှာဆိုတော့ ညစောစောအိပ်မှရမယ်လေ....။ လောကမှာ စိတ်ကိုနိုင်အောင်လုပ်တဲ့အလုပ်က အခက်ခဲဆုံး.....။



ခုတော့ကာဖီထဲထည့်သောက်ဖြစ်တယ်



တကယ်တော့ ကော်လာဂျင်ကို ခုခေတ်က အသက်အစိပ်နောက်ပိုင်းဆို သောက်နေကြပြီ...။ ကိုယ်တွေအရွယ်က နောက်တောင်ကျနေပြီ....။ ဘာပဲဖြစ်ဖြစ် မမြဲတဲ့ရုပ်ခန္ဓာကို ပြုပြင်ပေးနေရတာကလည်း ဆင်းရဲဒုက္ခပါပဲ....။ သစ္စာလေးပါးထဲက ဒုက္ခသစ္စာ (၈)ခုထဲမှာပါပြီးသား....။ အဲလိုပြန်တွေးမိတော့ ငါလုပ်နေတာ ဘာမှအဓိပ္ပါယ်မရှိလို့မြင်ပေမယ့် လူဘဝမှာ ကျင်လည်နေရတုန်းမို့ တဏှာကို မစွန့်လွှတ်နိုင်သေးတာပါလားလို့ ဆင်ခြင်မိပါရဲ့လေ...။ 


ကိုဗစ်ကြီးက သင်ခန်းစာတွေပေးတာ ယူတတ်တဲ့သူတော့ယူကြတယ် ပြောင်းလဲကြတယ်....။ မယူတတ်တဲ့သူကလည်း သူ့ထိုက်နဲ့သူ့ကံ....။ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာတော့ တော်တော်လေးပြောင်းလဲသွားတယ်လို့ ကိုယ့်ကိုယ်ကို သုံးသပ်မိတယ်....။ မလိုအပ်တာတွေ လေးတယ်ထင်တာတွေအကုန်ပစ်ချနိုင်သမျှပစ်ချနေတယ်....။ တလောကမှ ဦးလေးတစ်ယောက်ဖုန်းဆက်လာတယ် ညဖက်ကြီး အဖေတို့မောင်နှမဆယ်ယောက်ထဲက နံပါတ်ကိုး ဦးလေးပါ....။ ကျောက်ဆည်က ဘကြီးဆုံးသွားလို့ အကြောင်းကြားတာ အဖေဖက်က အမျိုးတွေနဲ့က သာမန်အချိန်ဆို မတွေ့ဖြစ်ကြဘူး သာရေးနာရေးကလွဲလို့....။ ဦးလေးနဲ့စကားပြောရင်းက အဖေတို့မောင်နှမဆယ်ယောက်ထဲမှာ ဒီဦးလေးအပါအဝင် သုံးယောက်အသက်ရှင်သေးတော့ အဖေ့အထက်က ကြီးတော်ရောနေကောင်းလားဆိုတော့ ဆုံးတာကြာပြီလေတဲ့....။ ခုတော့ ဆယ်ယောက်မှာ ဒီဦးလေးတစ်ယောက်ပဲကျန်ရစ်တော့တယ် ဦးလေးအမျိုးသမီးကလဲ ပြီးခဲ့တဲ့ ဆယ်လပိုင်းက ကိုဗစ်နဲ့ဆုံးသွားပြီတဲ့....။ စိတ်မကောင်းလိုက်တာ အဲညက ဘုရားမရှိခိုးခင်လေး ဖုန်းပြောတာ....။ ဘုရားရှိခိုးတော့ ရင်ထဲမကောင်းဘူး....။ အမျှဝေတော့ မျက်ရည်တောင်ကျတယ်....။ အချိန်တန်လာရင် သွားကိုသွားရမယ့်လမ်းဆိုတာ လူတိုင်းအမြဲသတိချပ်စေချင်တယ်....။ ကိုယ်တိုင်လည်း အဲအသိတရားလေးကို အမြဲအောက်မေ့တယ်....။ လူတွေအတွက် လူဖြစ်လာတဲ့အချိန်ထက် ပြန်သွားရမယ့် သေရမယ့်အချိန်က ပိုအရေးကြီးတယ်.....။ သေတတ်ဖို့ ခုအသက်ရှင်ချိန်မှာ လေ့ကျင့်ထားသင့်တယ်....။ ကိုယ်ပြုထားတဲ့ ကုသိုလ်ကို အောက်မေ့ပြီး အသက်ထွက်တတ်ရမယ်....။ အဲဒါမှ အသက်ထွက်ကောင်းတယ် သေတတ်တယ်လို့ခေါ်တယ်တဲ့....။ ပါမောက္ခဆရာတော်ကြီးမိန့်သလို ရောဂါမရှိလို့လည်း ဝမ်းမသာနဲ့ ရောဂါရှိလည်း ဝမ်းမနည်းနဲ့ ရောဂါမရှိလည်း တစ်နေ့သေရမှာပဲ....။ 

ဒါနဲ့စကားမစပ် ကျွန်မဘလော့ကို ၂၀၂၀ တစ်နှစ်ပတ်လုံး ထိပ်ဆုံးကနေ အများဆုံးလာဖတ်တတ်တဲ့ Mexico နိုင်ငံကသူတွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတာဘာကြောင့်လဲ ....။ ကျွန်မရဲ့ Mexico နိုင်ငံက စာဖတ်သူလေးတွေ နေကောင်းကျန်းမာပါရဲ့လား.....။ ခုတော့ USA က စာဖတ်သူများက ဗိုလ်စွဲနေပါတယ် ....။ ဒုတိယက မြန်မာပြည်က.....။ ဘာပဲဖြစ်ဖြစ် ကမ္ဘာတစ်ဝှမ်းကနေ ကျွန်မကိုချစ်လို့ ကျွန်မရေးတဲ့စာတွေကို  စိတ်ဝင်စားလို့ စာလာလာဖတ်တဲ့ စာဖတ်သူများအားလုံးကို လေးစားကျေးဇူးတင်ရပါတယ်.....။ အားလုံး ကပ်ရောဂါကင်းပြီး အေးအေးချမ်းချမ်း ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်....။



              Bonus :)



မိုးငွေ့

No comments: