Wednesday, 19 December 2018

MeeMeeMeeMee.....



ဒီဓါတ်ပုံလေးက လွန်ခဲ့တဲ့ ငါးနှစ်လောက်က ပဲခူးပန်းပျိုးလက်ဘကကျောင်းမှာ ကလေးတွေကို ထမင်းသွားကျွေးတုန်းက ရိုက်ထားခဲ့တာ..။ အနီရောင်လေးနဲ့ ညီမလေးက ကျွန်မနဲ့နာမည်တူတယ် သူလည်းမီးမီးပဲ...။ ကျွန်မနဲ့ ဆယ်နှစ်တိတိငယ်တယ်...။ ခုတော့ ဒီကလေးမလေးတောင် မင်္ဂလာဆောင်တော့မယ်...။ အေးလေ...သူလည်းအရွယ်မှမငယ်တော့တာပဲ...။ အဲဒီတုန်းက ကျွန်မက အသက် (၃၈) သူကလေးက (၂၈)...။ အဲဒီဓါတ်ပုံလေးမရိုက်ခင်က ကျွန်မတို့နှစ်ယောက်စကား ထိုင်ပြောကြတော့ မီးမီးက ကျွန်မကို မမီးကကြည့်လိုက်ရင် အမြဲနုပျိုနေတာပဲတဲ့ သမီးတို့ အဲဒီအရွယ်ရောက်ရင် အဲလိုအရွယ်တင်ပါ့မလားတဲ့ အဲဒီတုန်းကပြောတဲ့စကားက နောက်ပိုင်း ကျွန်မကိုတွေ့တိုင်း သူထပ်ထပ်ပြောတယ်...။ ကျွန်မလည်း ကိုယ်နဲ့ခင်မင်ရင်းနှင်းခဲ့တဲ့ ကိုယ့်ထက် ဆယ်နှစ်ကျော်အသက်ကြီးတဲ့ တချို့အစ်မတွေကိုတွေ့ရင် အဲလိုစကားပြောဖြစ်တယ်...။ ကိုယ့်မျက်စိထဲတော့ ရုပ်မပြောင်းသွားကြဘူးဆိုပေမယ့် ဇရာကဇရာပါပဲ အသက်အရွယ်ကြီးရင့်ခြင်းဟာ ကိုယ်နေ့စဉ်ကြည့်နေတဲ့ မှန်ထဲကမမြင်နိုင်ပေမယ့် ကင်မရာကိုတော့ ဘယ်လိုမှမလိမ်နိုင်ပါဘူးလို့စ်.....:P

ကျွန်မဘဝမှာ ကျွန်မနဲ့နာမည်တူတဲ့ မီးမီးတွေနဲ့ သုံးလေးယောက်လောက်ခင်မင်ခဲ့ဖူးတယ်...။ တာချီလိတ်က သူငယ်ချင်းမီးမီးကတော့ ကျွန်မနဲ့ သုံးနှစ်လောက်ငယ်တယ်...။ သူနဲ့မဆုံဖြစ်တာကြာပြီ သူကခု တာချီလိတ်မှာ သဌေးမကြီးဖြစ်နေပြီ...။ နောက် မီးမီးနှစ်ယောက် ကျွန်မခုနှစ်တန်း ရှစ်တန်းတုန်းက ခင်ခဲ့ဖူးတဲ့  ကျွန်မထက်ကြီးတဲ့ အိမ်နီးချင်းအစ်မတွေပါ သူတို့လည်းအိမ်ထောင်ကျပြီး တိုက်တိုက်ဆိုင်ဆိုင် အဲဒီအစ်မနှစ်ယောက်လုံးက မန္တလေးမှာအခြေချနေထိုင်ကြတယ်..။ သူတို့နဲ့ဆိုမတွေ့ဖြစ်တာ နှစ်နှစ်ဆယ်လောက်တောင် ရှိရော့မယ်...။ ခုလောက်ဆို သားသမီးတွေကြီးလို့ ချွေးမတွေ သမက်တွေ ရတော့မယ်ထင်တယ်..။ မမီးနောက်တစ်ယောက်ကိုတေ့ာ့ အပြင်မှာမတွေ့ဖူးပေမယ့် ဘလော့လည်ရင်း ချစ်ခင်ရတဲ့ အစ်မတစ်ယောက်ပါ...။ ကျွန်မတို့လိုပဲ ဘလော့ဂါ ကျိုင်းတုံက မမီးမီးငယ်ပါ..:) ။

ဘာရယ်မဟုတ် ကိုယ်ချစ်ခင်ရတဲ့ ညီမလေးတစ်ယောက် အိမ်ထောင်ကျတော့မယ်ဆိုလို့ မီးမီးနဲ့ ဆက်စပ်တာလေး အမှတ်ရလေးရေးဖြစ်သွားတာပါ...။


မိုးငွေ့


Friday, 7 December 2018

My Latte Art.....




လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်က သင်ထားတဲ့ ကော်ဖီဖျော်နည်းတွေက ဖျော်နေကျမဟုတ်ရင် လက်ပြတ်တယ်...။ အထူးသဖြင့် Latte Art လို နို့အမြှုပ်နဲ့ပုံဖော်တာဟာ နေ့စဉ်နဲ့အမျှလုပ်နေတာတောင်မှ လက်မမှန်တတ်ပါဘူး...။ ကျွန်မ သင်တန်းတက်စဉ်ကာလက Rosetta နဲ့ Tulip ပုံတွေကိုပဲ လုပ်နိုင်ခဲ့တာ heart shape ကတော့ ဘယ်ချိန်လောင်းလောင်းမထွက်တာများတယ်...။ ခုတခါ WTC ကို  ...တကယ်တော့ သူငယ်ချင်းတွေကို ကော်ဖီသွားတိုက်တာပါ...။ ဟိုရောက်တော့ ဆရာမနဲ့တန်းတိုးပြီး ကိုယ့်ဘာသာကိုယ်လာဖျော်တဲ့ အဲဒါနဲ့ လက်တုန်တုန်နဲ့ ကိုယ်တိုင်သောက်ဖို့ တစ်ခွက်နဲ့သူငယ်ချင်းအတွက် တစ်ခွက် လုပ်ပေးရတယ် Milk form ကိုတော့ ဆရာမကိုယ်တိုင် ရိုက်ပေးတယ် Latte Art က အီစဖေကိုလောင်းတာ တွေ့လား အသည်းပုံလေးရတယ်... ပျော်စရာကြီး...။ ဆိမ့်သက်နေတဲ့ အကောင်းဆုံးကော်ဖီလေးတစ်ခွက်ကို အမှတ်မထင် ဖျော်ခွင့်ကြုံရပြန်တယ်...း)

















မိုးငွေ့

Thursday, 29 November 2018

သတိရညနခေငျး.....




Joox က နေ့စဉ် notification လေးတွေတက်တက်လာတတ်တယ်...။ ဒီနေ့ဘာသီချင်းလေးတွေနားထောင် ဘယ်သူ့သီချင်းဟာဖြင့် အသစ်ထွက်တာ စသဖြင့် ဖုန်းမှာပေါ်ပေါ်လာတတ်တယ်...။ ပြီးခဲ့တဲ့ သီတင်းကျွတ်ပိတ်ရက်သုံးရက်က ခရီးထွက်တဲ့သူများတာမို့ ခရီးသွားသီချင်းများဆိုပြီး တက်လာတော့ နှိပ်ကြည့်လိုက်တာ ခရီးသွားနေသူတွေ အဝေးရောက်သူတွေအတွက် သီချင်းကောင်းလေးတွေ ဆယ်ပုဒ်လောက် တင်ထားပေးတာတွေ့လို့ Solo ရဲလေး  ကျော်ထွဋ်ဆွေနဲ့ ဇေရဲတို့ Rapping လိုက်ထားတဲ့ ဇေရဲရဲ့ “လေးစားမှု”ဆိုတဲ့ အမ်ဘမ်ထဲက “သတိရညနေခင်း”ဆိုတဲ့ သီချင်းလေးကို ဖွင့်ကြည့်လိုက်တာ နားထောင်ကောင်းလို့ တင်ပေးလိုက်ပါတယ်...။ ဇေရဲဆိုတာလည်း ကျွန်မဖြင့်တခါမှ မသိခဲ့ဖူးတဲ့ အဆိုတော် ခုမှ Joox ကမိတ်ဆက်ပေးလိုက်လို့ သိရတာ...။ ကျွန်မကိုယ်တိုင်လည်း ဘန်ကောက်ကိုခရီးသွားနေတော့ လမ်းမှာ နားထောင်ဖြစ်နေခဲ့တာ..။








လူတိုင်းမှာ အမှတ်ရစရာ သတိရစရာညနေခင်းတွေ အများကြီးမဟုတ်ရင်တောင် ညနေခင်း တစ်ခုတော့ ရှိခဲ့ဖူးကြမှာပါ.... ။



မိုးငွေ့


Friday, 23 November 2018

မီ.....

  ကျွန်တော့်အတွက် မီက ပျော့ခွေကျလာတဲ့တွယ်ရာမဲ့မီ၊ သနားစရာမီ (သော်ဆွေ)
 







အတိုက်ခိုက်အဝေဖန်ခံရတဲ့ “မီ”က တတိယပတ်ရောက်တဲ့အထိ ရုံပြည့်ပါပဲ...။ ကြည့်တဲ့သူအားလုံးက ဇာတ်လမ်းထဲကိုမျောနေကြတယ် တစ်ရုံလုံးတိတ်ဆိတ်နေကြတယ်...။ ကျွန်မဘေးနားက မိန်းမတစ်ယောက်ပဲ သူ့သမီးနှစ်ယောက်နဲ့အတူလာကြည့်တာ အပျိုပေါက်ကလေးနှစ်ယောက်က ရုပ်ရှင်ထဲနှစ်မျောသလောက် မအေလုပ်သူက ဖုန်းဖွင့် ဖဘပွတ်နေတယ်..။ ဖုန်းအလင်းရောင်ကြောင့်ရယ် ရုပ်ရှင်ကို လက်မှတ်ဖိုး အကုန်ခံပြီး ပိတ်ကားကိုမကြည့်တာ စော်ကားခြင်းတစ်မျိုးပဲ..။ ကျွန်မစိတ်နဲ့ဆို အဲဒီမိန်းမကို ရုံထဲက ထွက်သွားခိုင်းမိမယ်...။ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ကို အေးဆေးနဲ့ကောင်းကောင်း ကြည့်ချင်တာတောင်မှ အနှောက်ကဝင်သေးတာအဲလို..။ “မီ” က အစအဆုံး ဆရာမကြီးကြည်အေးရဲ့ စာအုပ်ထဲကအတိုင်း ဒိုင်ယာလော့ကအစ ၉၉%လောက်ကို မပြင်ဆင်ဘဲယူထားတယ်..။ Setting နဲ့ အဝတ်အစားတွေကို သေချာမလစ်ဟင်းအောင်လုပ်ထားတယ်...။ ဇာတ်က အနိမ့်အမြင့်အတက်အကျ မရှိသလောက် ရေစီးချောင်းတစ်ခုလိုပဲတပြေးထဲသွားတယ်...။ ပိုင်ဖြိုးသုက လုံး၀ “မီ”ရဲ့ ကာရိုက်တာကို လိုက်မှီတယ်...။ သရုပ်ဆောင်အားလုံး သူ့နေရာနဲ့သူ ပိုင်ပိုင်နိုင်နိုင်တိတိကျကျ သရုပ်ဆောင်သွားတာ တွေ့ရတယ်..။ ဒါရိုက်တာဏကြီးရဲ့ ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုတယ်..။






“မီ” ကိုရုံမတင်ကတည်းက ကြည့်ဖို့တေးထားပေမယ့် တကယ်တမ်း ရုံမှာလက်မှတ် သွားဝယ်ကြည့်ဖြစ်တာက “ကြတ်ဂူ”....။ ပြီးတော့မှ “မီ”ကို လပြည့်နေ့မှာကြည့်ဖို့ လက်မှတ်ကြိုတင် ဝယ်ထားလိုက်တယ်...။ “မီ”က ရုံတင်ပြီး တစ်ပတ်မပြည့်ခင်မှာပဲ ဝေဖန်တိုက်ခိုက်မှုကိုခံရတယ်...။ ကျွန်မတို့မြန်မာလူမျိုးတွေဟာ အမြင်ကျယ်ရမယ့်နေရမှာမကျယ်ကြဘူး အဲဒါတော်တော်ခက်တယ်...။ ဒီလောက်ခေတ်မှီတိုးတာနေတဲ့အချိန်မှာ တခါတခါကျ ဟိုး ရှေးခေတ်ဆွဲကြီးတွေ အယူသည်းလိုသည်းနဲ့..။ ပြောင်းလဲပြီ ပြောင်းလဲပြီဆိုပြီး ဘောင်ထဲမှာနေနေကြသူတွေက တပုံကြီးရယ်...။ ကိုယ့်တိုင်းပြည်တစ်ခုလုံးကို တိုးတက်ဖို့က အဲဒီလူတစ်ယောက်ချင်းဆီနဲ့လုံးဝကိုသက်ဆိုင်နေပါတယ်..။ လူတစ်ဦးတစ်ယောက်ချင်းတွေရဲ့ စိတ်ဓါတ်က ဒီဘောင်ထဲကနေထွက်မလာသေးသရွေ့တော့ တိုးတက်ဖို့ လမ်းက စမ်းတဝါးဝါးနေမယ်..။ ဒါတွေခနထားပါ...။ “မီ”နေရာမှာ သရုပ်ဆောင်ရတဲ့ ပိုင်ဖြိုးသုက ကျန်းမာရေးသံသမန်မို့လို့ ဇာတ်ကားထဲမှာ ဆေးလိပ်မသောက်ရတော့ဘူးလား...။ ဒီကားထဲမှာကရော စီးကရက်သောက်တာ လူ့ကျန်းမာရေးအတွက်သိပ်ကောင်းပါတယ်ဆိုပြီး စီးကရက်ကို ကြော်ငြာပေးနေလို့လား...။ မီကိုယ်တိုင်တောင် စီးကရက်ကြောင့် အဆုတ်ရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်ပါလို့ မူရင်း ဝတ္ထုရေးတဲ့ ဆရာမကြီးကြည်အေးကိုယ်တိုင် ရေးထားပြီးသားလေ...။ ဒီကားလေးကိုကြည့်ပြီး ဒီလောက်လေးတောင် မစဉ်းစားတတ်ကြတော့လောက်အောင် ဦးနှောက်တွေက ဘာစားပြီးအသက်ရှင်နေကြသလဲ မသိတော့ပါဘူး...။  တိုးတက်ပြောင်းလဲဖို့ကြိုးစားနေတဲ့ Team တစ်ခု လူတစ်ယောက်ကို အောက်ပြုတ်ကျအောင် စိတ်ဓါတ်ပြိုလဲအောင်လုပ်ရတာ ထမင်းစားရေသောက် တစ်ခုလို ဖြစ်နေကြတာကို မြင်နေရတော့ သိပ်စိတ်ပျက်ဖို့ကောင်းတယ်...။






“ကြတ်ဂူ”ရဲ့ ရာဇဝင်တစွန်းတစကို ဟိုးနှစ်တွေကတည်းက ကြားဖူးနေတော့ လွိုင်ကော်ကိုလည်း မရောက်ရောက်အောင်သွားလည်ဖို့စဉ်းစားထားတယ်...။ အဲဒီကတည်းက ကိုလူမင်း ကြတ်ဂူဇာတ်ကား ရိုက်နေတာလည်းကြားတယ်...။ ရုံတင်ရင်သွားကြည့်မယ်လို့တော့ စိတ်မကူးထားပေမယ့် ကြည့်ဖြစ်သွားခဲ့တယ် ...။ ကြည့်ရတာထိုက်တန်ပါတယ်...။ ဇာတ်ကားလေးရဲ့ ဇာတ်လမ်းဇာတ်ကွက် နေရာဒေသ ရိုက်ချက် သရုပ်ဆောင်ပိုင်းနဲ့ မက်ဆေ့ချ်ပေးချင်တာတွေအားလုံးကောင်းတယ်...။ ခုနောက်ပိုင်း ကျွန်မတို့ မြန်မာကားတွေ ပြောရမယ်ဆိုရင် ခီမောင်နှံတို့ရောက်လာကတည်းက တိုးတက်ပြောင်းလဲ လာကြပါတယ်...။ ရန်ဖြစ် ငြင်းခုံ ဆူညံပွတ်လောရိုက်နေတဲ့ ပေါကားတွေလည်း ရှိနေသေးပေမယ့်.. ဒီလိုဇာတ်ကားကောင်းကောင်းလေးတွေကို စီးပွားမဆန်ဘဲ စွန့်စားပြီးရိုက်ပေးနေတဲ့ ဒါရိုက်တာတွေကို တကယ်ကျေးဇူးတင်တယ်..။ ဒီ“ကြတ်ဂူ” ကားလေးက ကြတ်ဂူလို့ နာမည်ပေးထားပေမယ့် တကယ်ပေးချင်တဲ့ မက်ဆေ့ချ်က မကောင်းတာလုပ်ရင် ကိုယ်လုပ်ခဲ့တဲ့အရာကို ပြန်ပေးဆပ်ရတယ် ဆိုတာကိုပဲ...။ ကိုယ့်မကောင်းမှုလုပ်ရပ်ကို ကိုယ်ကိုယ်တိုင်က လွဲလို့ လူစားထိုးပြီးခံခိုင်းလို့ မရဘူး ...။ အဲဒီပြကွက်လေးတွေပီပြင်တယ်...။ အဓိကသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ကိုလူမင်း မခိုင်ကြီး မြင့်မြတ် အူဝဲ အားလုံးသူ့နေရာနဲ့သူ ကောင်းကြတယ်..။ Play Back Music လေးတွေ ထည့်ထားတာလည်း သိပ်ကောင်းတယ်...။ ကျွန်မဆို မခိုင်ကြီးက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကတည်းက ချောက်ထဲပြုတ်ကျပြီး ဆုံးသွားတဲ့ သူ့ယောကျာ်းပြန်အလာကို ကြတ်ဂူထဲက အခေါင်းထဲမှာသွားစောင့်အိပ်တော့ သားဖြစ်သူ မြင့်မြတ်နဲ့ ရွာကလူတွေလိုက်ခေါ်ကြတဲ့အခန်း၊ ကိုလူမင်း ပြိတ္တာဘုံဘဝကနေ ခနပြန်ရောက်လာပြီး သူ့မိသားစုကို လိုက်ကြည့်ပြီး စိတ်မကောင်းတဲ့အခန်းတွေဆို တစ်ရှူးနှစ်ရွက်သုံးရွက်လောက် ကုန်တယ်...။ တစ်ရုံလုံးကျွန်မလို မျက်ရည်ကျမယ့်သူရှိပါ့မလား...။ ကျွန်မကရုပ်ရှင်ကြည့်ရင် စိတ်နှစ်ပြီးကြည့်တတ်လို့ ခံစားလွယ်တယ် မျက်ရည်လွယ်တယ်...။ လာကြည့်ကြတဲ့သူတွေက လူငယ်တွေများတယ်..။ ကြတ်ဂူကို သရဲတစ္ဆေကားနဲ့အမှတ်မှားပြီးလည်း လာကြည့်ကြတာထင်တယ်...။ ရုံပြန်အထွက်မှာ ဟာသကားကြည့်တာမှ ဟုတ်ဦးမယ်လို့ အတွေးတိမ်သူတချို့ရဲ့ တီးတိုးစကားလည်း ကြားရပါရဲ့..။

ကြည့်ခဲ့တဲ့ ကားနှစ်ကားကပုံစံမတူဘူး “မီ”က ကာရိုက်တာကို ဦးစားပေးတဲ့ကား... “ကြတ်ဂူ”ကတော့ သဘာဝတောတောင်ရေမြေအလှနဲ့ ကယားတိုင်းရင်းသားတို့ရဲ့ ရိုးရာကိုဖွဲ့ပြထားတဲ့ ပညာပေးကား...။


မိုးငွေ့

Tuesday, 13 November 2018

Planting Bok-choy....



Last week ago, I went to the plants shop for making in-door plant pot of mother-in-law-tongue for our show flat. So I decided to buy some seeds of tomatoes, bok choy and mint. Thanks to my cousin sister who motivate me for bacony garden at our bacony space as condominium. Bok choy is particularly well suited to container growing because of its compact, shallow root mass.

In the other morning, I scattered the seeds in container at my bacony. I start with the seeds of bok choy. I used organic fertilizer mix from the plant shop where I bought the seeds. The seeds are sprouted on day 3 (see in the photo). Oh!! whats the feeling when I first see my tiny sprout . I so happy, but I told myself not to get too excited.  Actually, I am not-so-capable hands. I take a peek at my bok-choy everyday. 


bok choy sprouted on day 3


I wondering how many days do I wait for harvest those bok-choy?


After a week, they come out like this.........


I think I should buy the extra container for re-pot my bok choy



my ugly jasmine plant


I have not had much luck with jasmine in my bacony garden. Its bloom and then drop off and the leaves are turn to yellow color. I think my plant lacks certain nutrients.



ပြီးခဲ့တဲ့ အပတ်တွေက ကျွန်မတို့ရုံးက Condo အရောင်း Show flat အတွက် ပန်းအိုးသုံးလုံးလုပ်ဖို့ မင်းဓမ္မလမ်းပေါ်က ပန်းဆိုင်တစ်ဆိုင်ကိုရောက်ခဲ့တယ်...။ ပန်းအိုးတွေဝယ်ရင်း မျိုးစေ့လေးတွေပါဝယ်ဖို့ စိတ်ကူးထားပြီးသားမို့ ခရမ်းချဉ်သီးနဲ့ ထိုင်ဝမ်မုန်ညင်းမျိုးစေ့ တစ်ထုပ်ဆီဝယ်ခဲ့တယ်..။ တကယ်တမ်းကျွန်မက အိမ်မှာနေ့တိုင်းစားဖြစ်တဲ့ ပူစီနံပင်စိုက်ချင်တာ မျိုးစေ့ထုပ်တွေကုန်နေလို့တဲ့ ..။ ရုံးအတွက် ပန်းသုံးအိုးက နှစ်အိုးဆင်တူဝယ်ပြီး ကျန်တစ်အိုးကိုတော့ တခြားပန်းလေးဝယ်ဖြစ်တယ်...။ နဂါးစပ်နှစ်အိုးနဲ့ လပ်ကီးဝါးပင်လေးတစ်အိုး ဝယ်ခဲ့တယ်..။ တလက်စတည်း အိမ်အတွက် အမေ့အခန်းထဲထည့်ဖို့ လပ်ကီးဝါးပင်လေး တစ်ပင်ဝယ်ခဲ့လိုက်တယ် အိုးကရှိပြီးသားမို့မဝယ်တော့ဘူး...။

ကျွန်မဝမ်းကွဲညီမလေးတစ်ယောက်က သူ့အိမ်ဝရံတာမှာခရမ်းချဉ်သီးပင်တွေ ရုန်းပဒေပင်တွေ စိုက်တော့ ကျွန်မလည်း အိမ်ကဝရံတာမှာ စားပင်လေးတွေ စိုက်ချင်နေခဲ့မိတယ်..။ ထိုင်ဝမ်မုန်ညင်းပင်လေးတွေက အိမ်တွင်းစားပင်စိုက်ချင်သူတွေအတွက် ရှည်မျောမျောကော်ခွက်လေးနဲ့ စိုက်ရတာ ပိုသင့်လျော် အဆင်ပြေပါတယ်...။

တမနက်မှာတော့ ကျွန်မဝယ်ခဲ့တဲ့ မြေဆွေးအိမ်ထဲက မြေကြီးတွေကို ကော်ခွက်ထဲထည့်ပြီး မုန်ညင်းစေ့လေးတွေကို ကြဲပြီး မြေကြီးပြန်ဖုံး ရေလောင်းထားခဲ့လိုက်တယ်...။ သုံးရက်မြှောက်နေ့မှာတော့ အညှောင့်ပုစိလေးတွေပေါက်လာတာ မြင်ရတာ ကြည်နူးစရာကောင်းလိုက်တာ ဒါပေမယ့် သိပ်တော့မပျော်ရဲဘူး ကျွန်မက အပင်စိုက်တာ လက်သိပ်မဖြစ်ဘူး...။

ကျွန်မ မုန်ညင်းပင်လေးတွေ ဘယ်ဆီနေမှန်းမသိသေးပေမယ့် ဘယ်နေ့အပင်လေးကို ခူးရမလဲဆိုတာကို ကြိုပြီး ရင်ခုန်နေမိတယ်...။ စားပင်တွေကို ခုမှစစိုက်တော့ ကိုယ့်လက်ကိုသေချာမသိသေးဘူး...။ ကျွန်မ ဝရံတာမှာ ပထမဦးဆုံးစိုက်ထားတဲ့ စံပါယ်ပန်းပင်ကတော့ ကျွန်မနဲ့ကီးမကိုက်ဘူးထင်ရဲ့ အပင်တွေက မြေသြဇာပဲမကောင်းလို့လား အရွက်တွေက တပင်လုံးဝါပြီး အပွင့်တော့ ပွင့်ရှာပါတယ် ပြီးတော့ ခဏလေးနဲ့ကြွေရော...။



ရွက်လှပင်ကတော့ သန်နေရောပဲ... အိုးပြောင်းဦးမယ် ဒီအိုးက အဝကျယ်တော့ ပူစီနံလေးစိုက်မလို့



Lucky Bamboo



 Happy Gardening!!!!



Tuesday, 6 November 2018

Grandpa Recipe.....





       Dear Grandpa, I do miss you so much whenever I try your recipe, fried Vietnamese spring rolls. Actually my mom's Dad and Mom are Vietnamese but Myanmar citizen after the second world war. I still memorized , when grandpa came back from Hanoi, his first visit to home town last 20 years ago, I learned from him how to make fried Vietnamese spring rolls in the kitchen. Thank you grandpa for your own recipe.

For my Vietnamese spring rolls I use rice paper from China town not Viet  sheets. Because the Viet rice sheet is more sensitive than Chinese when deep fry in the hot oil.

Ingredients :
500g minced Pork or chicken breast
1 pack(40g) glass noodles
100g bean sprout
50g black mushrooms
3 eggs
1 tbsp corn starch
2 tsp black pepper  and salt
20 or 25 rice paper wrap
sunflower oil for deep fried

Method:
1.Separately soak the glass noodle and black mushrooms in the hot water 5 mins .
2.Seieve the glass noodles. Clean mushrooms  cut into pieces and set aside.
3.Mix  all the ingredient in a large bowl thoroughly and set aside for marinate .
4.Spoon the meat mixer in the rice paper and deep fry in hot oil over medium heat for 2mins per side till golden brown.
5.Serve hot with lettuce, spring onion, water spinach and any kind of you like.

For Dipping Sauce (Its my grandpa recipe too) :
5 garlic, chopped
7 red chili, chopped
2 stocks Coriander leaves, chopped 
slice ginger a little 
2 Tbsp fish sauce
1 lime juice
a pitch sugar
1 Tbsp Cantonese Suki sauce with sesame seeds 

ဒီပို့စ်ကစပြီး နောက်ပိုင်း ဟင်းချက်နည်းလေးတွေကို တတ်နိုင်သလောက် International အားလုံးဖတ်လို့ နားလည်အောင် Recipe တွေကို အင်္ဂလိပ်လိုရော မြန်မာလိုပါ ရေးပေးပါမယ်....။ ကျွန်မ အင်္ဂလိပ်စာကို သိပ်မကျွမ်းပါဘူး အမှားအယွင်းလေးတွေတွေ့ရင် ကော်မန့်မှာပြင်ဆင်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်...။

ကျွန်မ ဗီယက်နမ် ကော်ပြန့်ကြော်နည်းကိုအရင်က တင်ဖူးခဲ့ပါတယ်...။ ခုတခါတော့ Family Recipe ခေါင်းစဉ်အောက်မှာ အဖိုးဆီက အမွေရထားတဲ့ ဟင်းချက်နည်းလေးကို မှတ်မှတ်ရရ ပြန်ထည့်ချင်တာကြောင့်ပါ...။

ကျွန်မ အဖိုးသင်ပေးခဲ့တဲ့နည်းနဲ့ ဗီယက်နမ်ကော်ပြန်ကြော်ရင် ဘယ်တော့မှ ဗီယက်နမ်ကော်ပြန့်ရွက်ကို မသုံးဘူး..။ ဗီယက်နမ်ကော်ပြန့်ရွက်က ကော်ပြန့်စိမ်းလုပ်စားတာလောက်ပဲသင့်လျော်တယ် ကြော်စားရင် သူကပါးပြီးတူးမြန်လို့ တရုတ်တန်းဈေးထဲက ကော်ပြန့်ရွက်ကိုပဲ ကျွန်မသုံးလေ့ရှိတယ်..။ ခုတခါကတော့ ကျွန်မ Market Place က၀ယ်လာတဲ့ စမူစာလုပ်တဲ့ လေးထောင့်အရွက်ကြီးကိုသုံးထားပါတယ်..။

ပါဝင်ပစ္စည်းများ

ဝက်/ကြက် ကြိတ်သား ၅၀၀ဂရမ်
ပဲကြာဇံအထုပ်သေးတစ်ထုပ်
ပဲပင်ပေါက် တစ်ရာကျပ်ဖိုး
ကြက်နားရွက်မှို ၅၀ဂရမ်
ကြက်ဥ ၃ လုံး
ပြောင်းကော်မှုန့် စားပွဲတင်ဇွန်းတစ်ဇွန်း
ဆားနဲ့ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းဆီ
ကော်ပြန့်ရွက် ၂၀/၂၅ ရွက်
ကြော်ဖို့ နေကြာဆီ

ပြုလုပ်နည်း

၁) ကြာဇံနဲ့မှိုကို ရေနွေးနဲ့သပ်သပ်ဆီ ငါးမိနစ်လောက် စိမ်ထားပါ..။
၂) ကြာဇံကို ရေစစ်ထားပြီး မှိုကိုရေဆေးသန့်စင်ပြီး ပါးပါးမျှင်မျှင်လေးတွေလှီးထားပါ..။
၃) ပါဝင်ပစ္စည်းများအားလုံးကို ဇလုံတစ်ခုတွင်ရောသမနယ်ပြီးနှပ်ထားပါ..။
၎) ကြော်ခါနီး ကော်ပြန့်ရွက်ပေါ် အသားနှစ်တစ်ဇွန်းမောက်မောက်ခပ်ထည့်သေသပ်စွာလိတ်ပြီး  ဆီဆူဆူလျှင် မီးလျှော့ပါ ။ မီးအေးအေးနှင့်၂မိနစ်ခန့် သို့မဟုတ် ရွှေ့ရောင်သန်းလာသည်အထိကြော်ပေးပါ..။
၅) ဆလပ်ရွက်၊ ကြက်သွန်မှိတ်၊ သင်ထားပြီးသားကန်ဇွန်းရိုးတို့နဲ့ ပူပူနွေးနွေးသုံးဆောင်ပါ..။

အချဉ်ရည်လုပ်နည်း

ကြက်သွန်ဖြူ ငါးတက် ဓါးပြားရိုက်နုတ်နုတ်စင်း
ငရုတ်သီးအနီတောင့် (ရ)တောင့် ပါးပါးလှီးနုတ်နုတ်စင်း
ပါးပါးနဲ့အချောင်းချောင်းလေးတွေလှီးထားတဲ့ ချင်း
ငါးငံပြာရည် ၂ ဇွန်း
သံပုရာသီးတစ်လုံး
သကြားနဲနဲ
နှမ်းစေ့တွေပါတဲ့ တရုတ်ကန်တုံဆူကီဆော့ တစ်ဇွန်း

တကယ်တမ်း ဗီယက်နမ် ကော်ပြန်အချဉ်ရည်က ကြက်ဖငရုတ်ချိုရည်နဲ့ မြေပဲဆံထောင်းလောက်နြဲ့ပီးတာ အခုစပ်တဲ့အချဉ်ရည်ကတော့ ကျွန်မ အဖိုးရဲ့ ကိုယ်ပိုင် recipe ပါ..။ ကော်ပြန့်ကြော်ကို ကပ်ကြေးနဲ့တစ်လုတ်စာလေးတွေ ဖြတ်ပြီး ဆလပ်ရွက်နဲ့ထုပ် အချဉ်ရည်လေးဆမ်းပြီး ပလုပ်ပလောင်းနဲ့ မြိန်ယှက်စွာ စားသုံးကြည့်ပါ...။ မှိုကြာဇံနဲ့အသား ရောထားတဲ့အစာထဲမှာ ကြက်ဥပါလို့ ၀ါးလိုက်ရင်နူးညံ့ပြီး ငရုတ်ကောင်းနံ့လေးမွှေးနေရော ...။ စမ်းလုပ်ပြီးစားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်ရှင့်...။

တစ်ခုပြောချင်သေးတယ် တချို့တွေကျွန်မတွေ့ဖူးတာ ငရုတ်ကောင်းနဲ့ချင်းမစားကြတဲ့ သူတွေရှိတယ်..။ ဒီလိုလူတွေဆိုရင်တော့ ကျွန်မကြော်တဲ့ ကော်ပြန့်ကြော်ကို စားလို့ရမှာမဟုတ်ဘူး...။ ကြော်ပြန့်ထဲမှာက ငရုတ်ကောင်းမှုန့်ရဲ့ အနံ့နဲ့အရသာကို အဓိကထားပြီး အချဉ်ရည်မှာတော့ ချင်းပါနေလို့ပါ..။ ချင်းမထည့်လည်းရပေမယ့် ဆီကြော်တွေစားတဲ့အခါ အစာမကြေမှုပြဿနာအတွက် လူတိုင်း ချင်းတော့စားပေးသင့်တယ်လို့ အကြံပေးချင်ပါတယ်...။








 
  
Enjoy!!!! 


မိုးငွေ့


Wednesday, 31 October 2018

မိုးရထေဲမှာ.....




Joox app လေးထည့်ထားပြီး မိုးသီချင်းကောင်းလေးတွေ ကျွန်မတို့အသက်အရွယ်နဲ့ ခုခေတ်ပေါ်တဲ့ သီချင်းလေးတွေကို နားမထောင် မသိလိုက်တဲ့ သူတွေအတွက်လည်း ရည်ရွယ်ပြီး တင်ပေးနေတာပါ...။ ခေတ်သီချင်းလေးတွေက လူငယ်တွေပဲနားထောင်ဖြစ်တာများတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး...။ ခုခေတ်မှာ ကားမောင်းအပြင်သွားနေလည်း FM ကနေ သီချင်းအသစ်တွေ ထွက်တိုင်း Update အသံလွှင့်နေတာဆိုတော့ သီချင်းနှစ်သက်တဲ့ ဘယ်အသက်အရွယ်တွေဖြစ်ဖြစ် နားထောင်ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်...။ 

အမှန်တိုင်းဝန်ခံရရင် ကျွန်မ ဆူဇီသီချင်းတွေကို တစ်ပုဒ်စ နှစ်ပုဒ်စလေးပဲနားထောင်ဖူးတာ...။  Joox ကနေ မိုးသီချင်းတွေ ရှာရင်းက သူ့သီချင်းလေးကိုသွားတွေ့မိတာ...။ သီချင်းလေးရော စာသားလေးရော ကောင်းတယ်...။ သူ့ပထမဆုံးအယ်လ်ဘမ်နာမည် ရတုအဆက်ဆက်ဆိုတာတော့ကြားဖူးတယ်...။ အခု “မိုးရေထဲမှာ”ကတော့ သူ့ရဲ့ တတိယရင်ခုန်သံ အယ်လ်ဘမ်ထဲကသီချင်းတစ်ပုဒ်ပါ...။ Snareအဖွဲ့က ကိုနေ၀င်းတို့ ဖြိုးလေးတို့ featuring ဆိုထားတယ်...။ တေးရေးကတော့ ယုန်လေးလား ဘယ်သူလည်းတော့ မသိဘူး...။ ဒါပေမယ့် နားထောင်ကြည့်ကြည့်.....။


မိုးငွေ့

 

Friday, 26 October 2018

မာလာရှမ်းကော.....




မာလာရှမ်းကောဆိုတာ တရုတ်ပြည်က အစားအစာတစ်မျိုးဖြစ်တဲ့ အသီးအရွက်အသားစုံနဲ့ ငရုတ်သီးများများ ဟင်းခတ်အမွှေးအကြိုင်များများနဲ့ ချက်ထားတဲ့ ဟင်းတစ်ပွဲပါပဲ ...။ အဓိက ဟင်းခတ်အမွှေးအကြိုင် စီရွှမ်ငရုတ်ကောင်း၊ ငရုတ်သီးမှုန့်နဲ့ တရုတ်မဆလာလို့ခေါ်တဲ့ ( Chinese Five Spice) တို့ပဲဖြစ်တယ်...။





ဒီမှာ မာလာရှမ်းကောကို Spicy House ဆိုပြီး စဖွင့်တာ ထိုင်စရာနေရာရဖို့ တန်းစီရတယ်...။  အသီးအရွက် မှိုမျိုးစုံ တိုဖူးမျိုးစုံ အသားနဲ့ ပင်လယ်စာတွေကို ဂရမ်အချိန်နဲ့ချိန်ပြီးဝယ်ရတယ်...။ ဘယ်လိုပဲအသားတွေ သိပ်မထည့်ပါဘူးဆိုလည်း အနည်းဆုံးတော့ တစ်ပွဲကို တစ်သောင်းရှစ်ထောင်လောက် ကျတယ်...။ အသားတွေဆို Super Market တွေမှာ နှစ်ထောင်ကျော်လောက်တန်တာကို သူတို့ဆီမှာ ချိန်လိုက်ရင် ခုနှစ်ထောင်ဖိုးပဲ...။ ဘယ်လောက်ပဲ ဈေးကြီးကြီး အစပ်ကြိုက်တဲ့သူ မာလာရှမ်းကောဟင်းနှစ်ကိုလည်းကြိုက်တဲ့သူမို့ တစ်လကို နှစ်ခါလောက်တော့ ၀ယ်စားဖြစ်တယ်...။ နောက်ဆုံး Market Place မှာ မာလာရှမ်းကော အနှစ်ထုပ်ကိုတွေ့တော့ ၀မ်းသာအားရဖြစ်သွားတယ်...။ အဲဒီအနှစ်ကိုဝယ်ပြီး You Tube မှာ ချက်နည်းကြည့်လိုက်တော့ လွယ်လိုက်တာမှ ငှက်ပျောသီးခွံနွှာသလောက်ရယ်...။ အနှစ်ထုပ်မှာ အရည်နဲ့ချက်မယ့်ဟင်းနှစ်နဲ့ အခြောက်ချက်ဟင်းနှစ်နှစ်မျိုးရှိတယ်...။ Spicy House နဲ့ Chili Pot ဆိုင်တွေမှာ စားမယ်ဆိုလည်း  အခြောက်ချက်ပေးရမလား အရည်နဲ့ချက်ပေးရမလားဆိုပြီး.. သူတို့မေးတယ် ။





ချက်နည်းလေးပြောပြမယ်...ဒယ်အိုးခပ်ကြီးကြီးထဲ ဆီနည်းနည်းထည့်ပြီး ကြက်သွန်နီတစ်လုံးနဲ့ ကြက်သွန်ဖြူငါးမွှာလောက် ပါးပါးလှီးထားတာကို ဆီသတ် ကြက်သွန်နွမ်းလာပြီဆို မာလာရှမ်းကော ဟင်းအနှစ်ထုပ်ဖောက်ထည့်ပါ...။ အနှစ်က ပုံမှာပြထားတဲ့အထုပ်ကို ဖောက်လိုက်ရင် အထဲမှာ နှစ်ထုပ်ပါပါတယ်...။ တစ်ခါချက်ရင် တစ်ထုပ်သုံးရင်ရပြီ လူလေးယောက်လောက်စားတဲ့ တစ်အိုးစာရတယ်..။ အနှစ်ထည့်ပြီးတာနဲ့ မကျက်သေးတဲ့ ၀က်သားကြက်သားအဲဒါတွေထည့်ကြော် အသားနူးပြီဆိုမှ အနူးကြာမည့် အသီးအရွက်တွေကိုအရင်ထည့်မွှေ နောက်ဆုံးကျမှ ကိုယ်ကြိုက်နှစ်သက်တဲ့ ပြုတ်ထားတဲ့ခေါက်ဆွဲထည့်ပြီး ငရုပ်သီးခြောက်ကြော်နဲ့ မြေပဲဆံလှော်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ...။ စီရွှမ်ငရုတ်ကောင်းပါတဲ့အတွက် စားလိုက်ရင်လျှာထုံသလိုခံစားရတယ်...။ ရှူးရှူးရှဲရှဲနဲ့ စားရတာမို့ လက်ဖက်စိမ်းလက်ဖက်ရည်နွေးလေးနဲ့လိုက်ဖက်တယ်...။ အဲလိုအပူနဲ့ မသောက်ချင်ရင် ၀မ်းအေးစေမယ့် သံပယိုလက်ဖက်ရည်အေးလေးနဲ့ သောက်လည်းကောင်းတယ်...။ ဆိုင်မှာဆိုရင်တော့ ရယ်ဒီမိတ် green tea ဗူးလေးတွေပါတွဲရောင်းတယ်...။


မိုးငွေ့


Tuesday, 16 October 2018

မီ.....




မကြာသေးခင်ကမှ ဆရာမကြီးကြည်အေးရဲ့ “မီ”ကို ကျွန်မဖတ်ပြီးတော့မှ ဒီဝတ္ထုကို ဒါရိုက်တာဏကြီး ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်နေပြီဆိုတာ သုသုရဲ့ Instagram မှာ ပုံတွေတက်လာတော့မှ သိရတာ...။ You tube မှာ “မီ” နဲ့ပတ်သက်တဲ့ ဇာတ်ကားရိုက်ကူးရေး အင်တာဗျူးတွေကို သွားရှာကြည့်တော့ .....“မီ”ကို စာအုပ်ထဲကအတိုင်း အတတ်နိုင်ဆုံး ဆရာမကြီးရဲ့လက်ရာမပျက်စေဘဲ ရိုက်ကူးပြင်ဆင်ထားကြတာကို တွေ့ရတယ်..။  အဲဒီဖက်ခေတ်ရဲ့အပြင်အဆင် မိတ်ကပ်နဲ့ Custom Designer ဇာတ်ကောင်တွေရဲ့ အပြောအဆို အနေအထိုင်တွေကို အသေးစိပ် လုပ်ထားတာလည်းတွေ့ရတယ်...။ အဓိက သရုပ်ဆောင်ဖြစ်တဲ့ ပိုင်ဖြိုးသုကလည်း အချိန်အကြာကြီးယူပြီး မီနေရာမှာ သရုပ်ဆောင်တာမဟုတ်ဘဲ သူကိုယ်တိုင် “မီ”ဖြစ်သွားအောင် လေ့ကျင့်အသက်သွင်းထားတာ တွေ့ရတော့ အခါတိုင်း ခပ်ပေါ့ပေါ့ ခပ်ပေါပေါ မြန်မာကားတွေထက် အပုံအများကြီးသာမယ့် ကားတစ်ခုဖြစ်မယ်ဆိုတာ “မီ” ဇာတ်ကားဖြစ်မြောက်မယ့် တဖွဲ့သားလုံးရဲ့  ကြိုးစားမှုကိုကြည့်တာနဲ့ သိသာပါတယ်...။  ခံစားနေရတဲ့ အဆုတ်ဝေဒနာကြောင့် လောကကြီးကို အရွဲ့တိုက်ပြီး စီးကရက်တွေသောက် ယောက်ျားတွေ ထည်လဲတွဲပြီး ထင်ရာစိုင်းနေတဲ့ “မီ”ကို ဆရာမကြီးကြည်အေးရဲ့ စာအုပ်ပါးလေးထဲမှာ ကတည်းက ကျွန်မက သဘောကျနေတာ...။ အခုတော့ မီကို ရုပ်လုံးမြင်ရမယ့် အရေးမှာ ရင်ခုန်နေမိပြီ...။ ဒီကားလေးရုံတင်ရင် မပျက်မကွက်သွားကြည့်ဖို့ တို့ထားတယ်...။























မိုးငွေ့

Monday, 8 October 2018

နှုတ်ဆက်ပါတယ်.....


 

ဝိုင်းစုခိုင်သိန်းသီချင်းတွေကို သူထွက်ထားတဲ့ အယ်လ်ဘမ်တွေတိုင်း တစ်ပုဒ်စ နှစ်ပုဒ်စ နားထောင်ဖူးတယ်..။ အဓိကကတော့ FM မှာလွှင့်လို့ နားယဉ်နေတဲ့ သီချင်းတွေပေါ့...။ ဒီသီချင်းကတော့ ထုံးစံအတိုင်း Joox ထဲက ရှာတွေ့လို့ သိတာ...။ ၀ိုင်းစုရဲ့ “မျက်လှည့်” ထဲက သီချင်းတစ်ပုဒ်...။ စာသားအဓိပ္ပါယ်လေးလည်းကောင်းတယ်....။ ၀ိုင်းစုသီချင်းတွေထဲမှာ “လမ်းမကြီးရဲ့ဘေး”လည်း ကြိုက်တယ်....။ အဲသီချင်းလေးတွေကို မိသားစု ကာရာအိုကေတွေ ဘာတွေရောက်ရင် ဆိုလို့ကောင်းတဲ့ ခပ်အးအေးလေးနဲ့ ဆွေးဆွေးလေးမို့ ကြိုက်တယ်...။ ဒီသီချင်းလေးနဲ့ လိုက်ဖက်မယ့် အက်ဆေးလေးတစ်ပုဒ်ရေးပေးချင်ပေမယ့် ဘယ်လိုမှရေးလို့မထွက်တော့ဘူး...။  ပလာနတ္ထိအတွေးနဲ့ ခံစားချက်မဲ့နှလုံးသားကြောင့် ကျွန်မအက်ဆေးတွေပြန်ရေးနိုင်ဖို့ စာဖတ်ရဦးမယ်...။ ဖတ်ဖို့ စာအုပ်အကြွေးတွေက တပုံကြီး စာအုပ်ပေါင်း ၂၀ကျော်လောက်ရှိတယ်ဆိုတာယုံပါ...။ ခုတလော အလုပ်တွေများနေလို့ စာရေးတဲ့ဖက်သိပ်မလှည့်မိ...။ ခရီးတော့ထွက်စရာရှိတယ် ခရီးသွားမှတ်တမ်းလေးတော့ ရေးဖြစ်မှာပါ...။






Chorus:🎵🎵

ငါလွမ်းရုံကျေနပ်တယ်
ဘေးမှာမရှိလဲဘဲ
မင်းနဲ့ငါ့ရဲ့ 

အမှတ်တရများစွာ
ကျန်သေးတယ် 

မင်းအလိုကျတိုင်းကွယ်
အဝေးမှာနေပေးမယ်
နောက်ထပ် ဘယ်တော့မှ မတွေ့တော့ဘူးကွယ်
နှုတ်ဆက်ပါတယ်
🎵🎵



မိုးငွေ့



Friday, 28 September 2018

မလိုတော့ဘူး.....





Idiots အဖွဲ့က ကိုတွတ်ပီ(ရေမွန်)ကိုယ်တိုင်ရေးဆိုတဲ့ သီချင်းတွေကို သူ့ပထမအယ်လ်ဘမ် “လူအဂီတ” ထဲက “ချန်ခဲ့” “မင်းနဲ့နီးဖို့” “နေရစ်ခဲ့တော့” “မင်းအတွက်မင်း” စတဲ့ သီချင်းတွေကို 2011 ကတည်းကနားထောင်ဖူးခဲ့တာ...ခုထိလည်းကြိုက်တယ်...။ သီချင်းအားလုံးလိုလို အအေးတွေများပါတယ် ရေမွန့်သီချင်းတွေကို ကျွန်မက Slow Rock, Soft Rock အမျိုးအစားတွေလောက်ပဲနားထောင်တယ် ကျန်တဲ့ ခပ်ကြမ်းကြမ်းဆူဆူညံညံတွေကိုတော့ မခံစားနိုင်လို့ နားမထောင်ဖြစ်ဘူး....။ 

2016 မှာထပ်ထွက်တဲ့ ဒုတိယအယ်လ်ဘမ်က “ခေတ်သစ်ကျောက်” အဲဒီထဲက ကျွန်မတစ်ပုဒ်ပဲကြိုက်တယ် “မလိုတော့ဘူး”ဆိုတဲ့ သီချင်းလေး...။ ဟိုတလတုန်းက On Air အစီစဉ်မှာ ရေမွန်လာဆို သွားကတည်းက ကြိုက်လို့ Joox ထဲရှာပြီး သိမ်းထားသေးတယ်...။ ကျန်တဲ့ “သူရဲကောင်း”  “ဘာလိုနေသေးလဲ”  “တစ်ခန်းရပ်”  “ယုံကြည်မှု”  “မင်းနဲ့ပတ်သက်ရင်”  စတဲ့ သီချင်းတွေလည်းကောင်းပါတယ်...။ “မလိုတော့ဘူး” ကတော့ High Light ဖြစ်နေတဲ့ Hit အဖြစ်ဆုံးသီချင်းပေါ့...။ စာသားတွေလည်း သိပ်ကောင်းတယ်...။ အဲဒီစာသားထဲမှာမှ ကျွန်မအကြိုက်ဆုံးက “မလိုတော့ဘူး”.....။ ရေမွန်ဆိုလိုတဲ့ မလိုတော့ဘူးနဲ့ ကျွန်မကြိုက်တဲ့ မလိုတော့ဘူး အဓိပ္ပါယ်ချင်းကဆန့်ကျင်ဖက်....။ ရေမွန်က သူ့ချစ်သူသာမရှိရင် အသက်ဆက်ရှင်ဖို့နဲ့ တခြားဘာမှ မလိုတော့ဘူးလို့ရေးထားတာ...။ ကျွန်မကတော့ အသက်ရှင်ရပ်တည်နေဖို့ ကျွန်မ မလိုအပ်တော့မယ့် အရာတစ်ခုအတွက် “မလိုတော့ဘူး” ဆိုတဲ့အဓိပ္ပါယ်သက်ရောက်မှုကိုကြိုက်လို့..။







မလိုတော့ဘူး တို့နှစ်ယောက်အိပ်မက်များ
အရင်လိုမျော်လင့်စရာ
မလိုတော့ဘူးပေါ့ နှလုံးသားကိုငါ
ရင်မခုန်နိုင်ကွဲရှ
မလိုတော့ဘူးနှစ်သိမ့်အချစ်နဲ့
စကားလုံးများ
သတိရလွမ်းဆွတ်ဖို့အကြောင်းတရား
မလိုတော့ဘူး
မလိုတော့ဘူး

မလိုတော့ဘူး မင်းအကြောင်းရေးနေကြ
ငါဆိုမယ့်သီချင်းများ
မလိုတော့ဘူး တီးခတ်ပြနေစရာ
ဂစ်တာအိုလေးအား
မလိုတော့ဘူး နမ်းရှိုက်ယုယပွေ့ဖက်ဖို့
ငါ့လက်များနဲ့နှုတ်ခမ်းအစုံကို
မလိုတော့ဘူး

ကမ္ဘာမြေဟာအရောင်လွင့်ပြယ်
ကန္တာလိုပူပြင်းခဲ့
မင်းမရှိတော့ကျန်နေခဲ့တစ်ယောက်ထဲ
ဘာအတွက်ငါအသက်ရှင်မလဲ
မလိုတော့ဘူူးကွယ်
မလိုပါငါ့အတွက်
အူး....ဟူး......

မလိုတော့ဘူး အမှတ်တရလက်ဆောင်များ
အပြန်အလှန်ပေးစရာ
မလိုတော့ဘူး တို့နှစ်ယောက်ဓာတ်ပုံများ
မှန်ဘောင်ရိုက်သွင်းကာ
မလိုတော့ဘူး မင်းနဲ့ကြည့်ဖို့ရုပ်ရှင်တွေ
အတူလျောက်ခဲ့မိုးသည်းထဲကနေ့
မလိုတော့ဘူး

ကမ္ဘာမြေဟာအရောင်လွင့်ပြယ်
ကန္တာလိုပူပြင်းခဲ့
မင်းမရှိတော့ကျန်နေခဲ့တစ်ယောက်ထဲ
ဘာအတွက်ငါအသက်ရှင်မလဲ
မလိုတော့ဘူူးကွယ်
မလိုပါငါ့အတွက်

ငါကျွမ်းလောင်ဆဲ အပူမီးတောက်တွေနဲ့
အာရုံထဲမင်းအရိပ်တွေပဲ
ငါအဓိပ္ပါယ်မဲ့စွာဖမ်းဆုပ်ကြည့်လဲ
လေထုထဲ လွင့်ပျယ်သွားခဲ့

SOLO

ကမ္ဘာမြေဟာအရောင်လွင့်ပြယ်
ကန္တာလိုပူပြင်းခဲ့
မင်းမရှိတော့ကျန်နေခဲ့တစ်ယောက်ထဲ
ဘာအတွက်ငါအသက်ရှင်မလဲ
မလိုတော့ဘူူးကွယ်
သံစဉ်တွေဖက်မယ်
ဒဏ်ရာကို ငါအစားထိုးလဲ
မင်းမရှိတော့ ဒီသဘာဝအလှတရား
အရာဝတ္ထုများဘာမှ
မလိုတော့ဘူးပဲ.......


 




Bonus : ရေမွန်ကိုယ်တိုင် ခေတ်သစ်ပျိုမေမှာ Solo တီးပြီးဆိုပြသွားတာ





မိုးငွေ့

Friday, 21 September 2018

မိုး.....






YAK အဖွဲ့ကို ကျွန်မသိဘူး တခါမှလည်းမကြားဖူးဘူး...။ ကျွန်မ ဖုန်းထဲကို Joox သီချင်း App လေးထည့်ဖြစ်တော့ မိုးရာသီနဲ့ ပတ်သက်တဲ့ သီချင်းတွေရှာရင်းနဲ့ အကြိုက်ဆုံးသီချင်းများထဲမှာ ဒေါင်းလုတ်ပြီးထည့်ထားဖြစ်တယ်....။ မိုးနဲ့ပတ်သက်တဲ့တခြားသီချင်းတွေနဲ့ ကျွန်မကြိုက်တဲ့သီချင်းတချို့ စုစုပေါင်း 39ပုဒ်ဒေါင်းထားလိုက်တယ်...။ ဒီမှာထဲမှာ YAK အဖွဲ့ရဲ့မိုးကိုကြိုက်လို့ နေ့တိုင်းနားထောင်ဖြစ်နေတယ်...။ “မိန်းမRapရူးတွေ” ဆိုတာ သူတို့ အယ်လ်ဘမ်နာမည်ဖြစ်မယ်...။ ဒီသီချင်းလေးက Melody လည်းနားထောင်ကောင်းသလို Raping လည်းကောင်းတယ်...။ မိုးအေးအေးမှာ ခပ်မိုက်မိုက် မိုးသီချင်းလေးတစ်ပုဒ်ကို နားဆင်ကြည့်ကြရအောင်......


မိုးငွေ့

Saturday, 15 September 2018

Good Smell to you.....





ပြီးခဲ့တဲ့ ဇွန်လ(၄)ရက်နေ့တုန်းက တင်ထားခဲ့ဖူးတဲ့ ပို့စ်လေးကိုမှတ်မိကြဦးမှာပါ...။ အဲတုန်းက ကျွန်မ နှာခေါင်းအနံ့ရတာမကောင်းလို့ အစားစားရတာလည်း အရသာပျက်တဲ့အကြောင်း ရေးထားခဲ့ပါတယ်...။ အနံ့ပြန်ရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ စားသောက်နေထိုင်ရမယ်ဆိုတဲ့ အိမ်တွင်းဆေးနည်းလေးကို အင်တာနက်ကဖတ်ပြီး ရေးခဲ့ပါတယ်...။ အဲဒီနည်းတွေထဲက ကျွန်မ ကရိကထမများတဲ့ ဂျင်းလက်ဖက်ရည်သောက်ပေးတဲ့ နည်းလမ်းလေးကို နှစ်လဆက်တိုက်လုပ်ခဲ့ပါတယ်..။

အဲဒီလိုနဲ့ နှာခေါင်းက အနံ့မရတချက်ရတချက်ဖြစ်တာကို ဝမ်းကွဲမောင်နှမတွေထဲက ဆရာဝန်တချို့ကို ပြောပြတော့ သူတို့က နားနှာခေါင်းလည်ချောင်းဆရာဝန်ကို ပြကြည့်ဖို့ လမ်းညွှန်ကြတယ်...။ ကိုယ်ကလည်း ဆေးရုံဆေးခန်းကြောက်တတ်...အဓိကကတော့ ဆရာဝန်တွေကို စိတ်မချတာလည်းပါတယ်..။ သူတို့က အနည်းဆုံး နှာခေါင်းအတွင်းကို ဓါတ်မှန်ရိုက်ကြည့်ကြမှာပဲလေ လိုအပ်ရင် အသားစပါယူချင်ယူဦးမှာ အမလေး ကြောက်စရာ!!!!...။ ကိုယ့်သားနာမှာကိုလည်း ကြောက်တယ်လေ ဒါကြောင့် ဆေးခန်းပြရမယ့်နည်းလမ်းကို မေ့လိုက်တယ်...။ ဒီလိုနဲ့ ကျွန်မ ဖတ်ထားဖူးတဲ့ အိမ်တွင်းဆေးနည်းလေးနဲ့ ကိုယ့်ဘာသာကိုယ် ကြိတ်ကုနေလိုက်တယ်...။ ဂျင်းလက်ဖက်ရည်သောက်တယ် နှစ်လဆက်တိုက်...။ သိပ်မထူးခြားလာဘူးလို့ ကိုယ့်ကိုယ်ကိုထင်တော့ နေ့တိုင်းမသောက်ဖြစ်တော့ဘဲ သတိရတဲ့အခါသောက်လိုက် မသောက်လိုက်နဲ့နေလိုက်တယ်...။ အနံ့ကောင်းကောင်းရမရ ကျွန်မ မနက်မျက်နှာသစ်ပြီး Toner နဲ့မျက်နှာကို သုတ်တဲ့အခါ သိသာတယ်...။ ကျွန်မက Clinique Toner 3 ပန်းရောင်အရည်သုံးပါတယ်...။ သူ့အနံ့ကနည်းနည်းပြင်းတဲ့...ပုံမှန် နှာခေါင်းကောင်းတဲ့အချိန်ဆို အယ်လ်ကိုဟောပါတဲ့အနံ့လိုမျိုးရတယ်...။ ပုံမှန်မဖြစ်သေးတဲ့အတွက် ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ Boday Loation၊ ရေမွှေး စတဲ့ နေ့စဉ်သုံးနေကျ အလှကုန်တွေအနံ့က တော်တော်ဆိုးဆိုးဝါးဝါးဖြစ်နေတာ...။ ဒါကြောင့် အဲဒါတွေနဲ့ကျွန်မ နေ့စဉ် ကိုယ့်နှာခေါင်းအနံ့ရတာ ကောင်းမကောင်းစမ်းသပ်လေ့ရှိတယ်....။ 


ပြီးခဲ့တဲ့ နှစ်ပတ်လောက်က တိုက်ဆိုင်သွားလို့ထင်ပါတယ်... အိမ်မှာ ကြက်သားဆီပြန်ဟင်းကို အုန်းနို့ထည့်ချက်တာ စားကောင်းကောင်းနဲ့ နေ့လည်ရော ညပါ ထမင်းနဲ့အားရပါးရ နယ်စားလိုက်တာ...။ ညအိပ်ယာမဝင်ခင် တီဗီကြည့်နေတုန်းမှာပဲ လည်ချောင်းတွေနာလာလိုက်တာ ရေသောက်တာတောင် ကောင်းကောင်းမမျိုနိုင်သလောက်ပဲ...။ ချက်ချင်းကြီးလေ...။ ခုတလော အပြင်မှာလည်း ဗိုင်းရပ်စ်တွေက သိပ်ပျံ့တာ တုပ်ကွေးဖျားပြီး ချောင်းဆို နှာစေး လည်ချောင်းနာ အဲလိုတွေကျန်ခဲ့တဲ့သူတွေခပ်များများရယ်..။ ကျွန်မက မဖျားဘဲ ရုတ်တရပ်ကြီး လည်ချောင်းတွေနာလာတော့ နောက်နေ့မနက် ဆားရေခပ်နွေးနွေးတစ်ခွက်နဲ့ ပလုတ်ကျင်းလိုက်တယ်...။ အဲဒီတစ်နေ့လုံးနဲ့ နောက်နေ့အထိ လည်ချောင်းက လုံးဝမနာတော့ဘဲ အိုကေသွားတယ်...။ ကိုယ့်ကိုယ်ကိုတောင်အံ့သြသွားတယ်...။ ဒီတခါ ဆေးမသောက် ငုံဆေးပြားမလိုဘဲ ပျောက်တာမြန်လှချေလားဆိုပြီး... ဒူးရင်းသီးတစ်လုံး ဝယ်စားလိုက်သေးတယ်...။ နောက်နေ့တွေဘာမှမဖြစ်ဘူး...။ သုံးရက်လောက်နေတော့မှ အသံဝင်ပြီး နှာစေး ချောင်းဆိုးဖြစ်ပါလေရော...။ Antibiotic ဆေးတွေ သိပ်မသောက်ချင်တာနဲ့ ဆေးဆိုင်မှာ ဆေးသွားဝယ်တော့ Strepsils ငုံဆေးပြားအပြာရောင်နဲ့ နှာစေးပျောက်ဆေး Cetrizen ရောင်းပေးတယ်..။ ဆေးရောင်းသူကလည်း Antibiotic မလိုဘူး ဒါပဲသောက် ပျောက်တယ်တဲ့...။ ကျွန်မလည်း ဆေးတွေကို အချိန် Alarm ပေးပြီး တိတိကျကျသောက်ရမှာကို စိတ်ညစ်တာနဲ့ မသောက်ရလည်းကောင်းတယ်ဆိုပြီး အဲနှစ်မျိုးကို သုံးရက်သောက်လိုက်တယ်...။ ဗီတာမင်စီရေဆူးဆေးပြားကို တစ်နေ့တစ်ပြား ရေဗူးထဲထည့်သောက်ဖြစ်တယ်...။ မနက်နဲ့ ညဆို ဘယ်ဖက်နှာခေါင်းထဲက ချွဲပစ်ခဲခဲတွေထွက်တယ်...။ ချွဲအဝါရောင်ထဲမှာ အစိမ်းရောင်မျှင်လေးတွေပါပါလာတာတွေ့ရတယ်...။ အဲဒီဘယ်ဖက်နှာခေါင်းကပဲ နေ့ဖက်တစ်ခါ ညအိပ်တဲ့အခါတစ်ခါ သွေးယိုတယ်...။ မနက်ကျ ချွဲထဲမှာ သွေးစတွေတွေ့တယ်...။ ကျွန်မ အင်တာနက်မှာ ထပ်ရှာဖတ်ကြည့်တယ်...။ ဒါဟာ ဘာလက္ခဏာဖြစ်နိုင်မလဲပေါ့...။ ကျွန်မဖြစ်နေတာဟာ နှာခေါင်းကင်ဆာရဲ့ လက္ခဏာထဲမှာ သုံးမျိုးလောက်သွားတိုက်ဆိုင်နေတယ်...။ အနံ့မရတာ၊ ချွဲထဲသွေးစတွေ့တာ၊ လည်ချောင်းနာတာ စတာတွေ့ပေါ့...။ အဲဒါနဲ့ ဆရာဝန်သွားပြရင်ကောင်းမလား မသိဘူးလို့ စဉ်းစားတယ်...။ ဒီထိလည်း ကျွန်မစိတ်က မသွားချင်ဘူးဆိုတဲ့ အဖြေပဲထွက်လာတယ်...။  နောက်နေ့တွေ ချွဲထဲသွေးစပါမပါကို သတိထားကြည့်တော့ မပါလာတော့ဘူး...။ ပထမနေ့က သွေးစတွေ့တယ်ဆိုက နှာခေါင်းသွေးယိုတာလည်းပါတယ်...။ 



 
 Brand ငှက်သိုက်က တခါမှသောက်ဖူးခဲ့တာမဟုတ်ဘူး 
ဒါပထမဆုံးအကြိမ် ခုတော့ လူတိုင်း သောက်သင့်တာမှန်းသိသွားပြီ



ဒါနဲ့ အပူများနေတာများလားဆိုပြီး ငှက်သိုက်သောက်ကြည့်မယ်လို့ တွေးမိတာနဲ့ တလောက လက်ဆောင်ရထားတဲ့ Brand ငှက်သိုက် Sugar Free တစ်ဗူးကိုဖောက်ပြီး စာဖတ်ကြည့်တော့ အသက်ရှူလမ်းကြောင်းအတွက်ကောင်းတယ် အစာအိမ်အစာခြေစနစ်ကောင်းတယ် ချောင်းဆိုးတဲ့သူတွေ အတွက်ကောင်းတယ် စတာစတာတွေရေးထားတာတွေ့တော့... တစ်ဗူးသောက်ကြည့်လိုက်တယ်... အဲဒီညက မအိပ်ခင်ပေါ့...။ ဂျင်းလက်ဖက်ရည်တွေ အသောက်များလို့ပဲ အပူများတာလားဆိုပြီး ငှက်သိုက်က်သောက်ပြီး နောက်တစ်နေ့မှာ Spaဆိုင်မှာ ခြေထောက်ဆားစိမ်လိုက်သေးတယ်...။ ခြေသည်းညှပ်ပေးတဲ့ ညီမကတောင်ပြောသေးတယ် အစ်မအပူသိပ်များနေတာထင်တယ် ဆားစိမ်ပြီး ခြေချောင်းထိပ်လေးတွေ အသားကွာလာတယ်တဲ့...။ တစ်ရက်နှစ်ရက်မှာပဲ ထူးထူးခြားခြား ငှက်သိုက်နဲ့ဆိုင်သလား ဘာလားတော့မသိဘူး ကျွန်မ နှာခေါင်းအနံ့တွေပြန်ရလာတယ်...။ မွှေးတဲ့အနံ့ကို မွှေးတဲ့သူ့အနံ့အတိုင်း နံတဲ့အနံ့လည်းနံတဲ့အတိုင်း ပြန်ရလာတယ်...။ စစချင်း ရေချိုးဆပ်ပြာကနေစသိတာ ပြီးတော့ Toner, Lotion ပြီးတော့ သုံးနေကျ Gucci Envy Me ရေမွှေးနံ့ကိုတော့ အမှန်အတိုင်းမရသေးဘူး...။ အနံ့ကကြားနံ့ဖြစ်နေတယ် ခါတိုင်းနှားခေါင်း မကောင်းတုန်းကရတဲ့ အနံ့ကတစ်ဝက် မွှေးနံ့ကတစ်ဝက် အဲလိုဖြစ်နေတယ်...။ ပြောရမယ်ဆိုရင်တော့ 80%လောက် နှာခေါင်းအနံ့ ပြန်ကောင်းလာတာကို သိလာရတယ်...။ 


ဘာပဲဖြစ်ဖြစ် ကျွန်မနှာခေါင်းအနံ့ပြန်ရလာလို့ ဝမ်းသာရတယ်...။ ပြောပြချင်သေးတယ်...။ နှာစေးရင် နှပ်ညှစ်တဲ့အခါ နှာခေါင်းနှစ်ဖက်စလုံးကို တပြိုင်တည်းမညှစ်ပါနဲ့...။ အဲလိုဆို နှာခေါင်းပိုပိတ်ပါတယ်...။ နှာခေါင်းထဲက သွေးကြောမျှင်တွေ အနံ့ခံတဲ့ Nerve ကြောတွေကို ထိခိုက်စေပါတယ်...။ ဒါကြောင့်  နှာခေါင်းကို တစ်ဖက်ပိတ်ပြီးတစ်ဖက်ကိုညှစ်ထုတ်ပေးမှသာ နည်းလမ်းမှန်ဖြစ်ပါတယ်လို့ ကျွန်မ ကိုယ်တွေ့သိလိုက်ရတာကို ပြန်မျှဝေတာပါ...။ အခုကျွန်မ အနံ့ပျောက်ဆုံးရတာဟာ အဲဒီတုန်းက နှာစေးလို့ နှစ်ဖက်စလုံးကိုပြိုင်တူ ညှစ်လိုက်မိတာလည်းပါတယ်...။ ကျွန်မရဲ့မွေးရာပါ ဘယ်ဖက်အသက်ရှူလမ်းကြောင်း ကျဉ်းတာလည်းပါတယ်...။ ပိတ်ဆို့နေတဲ့ ချွဲခဲတွေထွက်သွားလို့ အနံ့ပြန်ရတာလည်းဖြစ်နိုင်တယ်...။ အကျိုးတရားအကြောင်းတရားအားလုံး တိုက်ဆိုင်သွားတဲ့ အချိန်မို့လည်းဖြစ်နိုင်ပါတယ်...။



   ကျွန်မကို ဆိုင်မှာဆားစိမ်ပေးတုန်းက ဒီလိုဆားတော့မဟုတ်ဘူး 
အပြာရောင်ဆား Cream type ပဲ Menthol ပါတော့ ပူရှိန်းရှိန်းလေးနဲ့



အခု ကျွန်မ Coconut Oil pulling ပြန်လုပ်နေတယ်...။ ခန္ဓာကိုယ်တစ်ခုလုံးကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားအများဆုံးနေရာက ခံတွင်းထဲမှာပဲလို့ကြားဖူးတယ်...။ မနက် အိပ်ယာထတာနဲ့ မိနစ်နှစ်ဆယ် အုန်းဆီနဲ့ ပလုတ်ကျင်းတယ် ပြီးတာနဲ့ ဆားရည်နွေးနွေးနဲ့ ပြန်ပလုတ်ကျင်းတယ်၊  ရေမတ်ခွက်နှစ်ခွက်သောက် မျက်နှာသစ် သွားတိုက်တယ်..။ အဲဒါကို ရက်နှစ်ဆယ်ဆက်တိုက်လုပ်ပြီးရင် တစ်ပတ်ကိုတစ်ကြိမ်လုပ်ပေးတာနဲ့ လုံလောက်ပါပြီ...။ အုန်းဆီအကြောင်း ဒီမှာ ရေးခဲ့ဖူးပါတယ်...။






မိုးငွေ့


Tuesday, 11 September 2018

Fitness.....



ဘယ်ချိန် ပေါင်ချိန်ချိန် 142 ကကိုမကျတာ ကွက်တိဖြစ်အောင် ထိန်းထားနိုင်တာ နဲတဲ့အရည်အချင်းလားလို့



အမှန်တိုင်းပြောရရင် Gym ကို တစ်သက်မှာတခါမှကို မကစားဖူးတာ...။ ဒါတောင် အလကားရလို့...။ တကယ်တော့ ကျွန်မတို့နေတဲ့ ကွန်ဒိုမှာက Gym ရော Swimming pool ရောမပါဘူး..။ ကျွန်မတို့ ကွန်ဒိုက တာဝါနှစ်ခုရှိတယ်...။ ကျွန်မက Tower A မှာ သွားကစားတာ...။ ပိုင်ရှင်နဲ့သိလို့ သူက အဝင်အထွက် Card ပေးထားတာနဲ့ ဟန်ကျသွားတာ...။ ရေကူးကန်ကတော့ သုံးလို့မရသေးလို့ လောလောဆယ် Gym မှာ သွေးပူလေ့ကျင့်ခန်းလေးလုပ် အလေးတုံးလေးမ ပေါင်မာဆယ်အတွက်ကစား လမ်းလေးလျှောက်ပေါ့...။ တကယ်က ရေကူးချင်တာလေ...။ ရေကူးမယ်ဆိုလဲ ကျွန်မက ကြွက်တက်တတ်လို့ မကူးခင် သွေးပူလေ့ကျင့်ခန်းတော့လုပ်ရမှာပဲ...။ ဒီတော့ ရေကူးလို့ရပြီဆိုတာနဲ့ Gym ကစားပြီး အကြောတွေလျှော့ပြီးမှ ကူးရမယ်...။

ကိုယ့်ကိုယ်ကို သနားညှာတာတတ်တာ ကျွန်မအပြင်မရှိဘူး...။ သူများတွေ ပိန်ချင်လို့ ဝိတ်လျှော့ ညစာမစားတာမျိုး ကျွန်မဘယ်တော့မှမလုပ်ဘူး...။ စားစရာရှိတာ အပြည့်အဝစားတယ် (အစားလွန်တာက ခပ်များများပါ)..။ တစ်နေ့မှ ထမင်းနှစ်နှပ်ထဲစားရတာ နေ့လည်စာတစ်ခုတည်းနဲ့ ငါ့ခန္ဓာကိုယ်အတွက် ဘာအဟာရ ဘာဗိုက်တာမင်မှကောင်းကောင်းရမှာမဟုတ်ဘူးဆိုပြီး ညစာလွတ်ဖို့ စဉ်းစားဖူးပေမယ့် ဘယ်တော့မှ မအောင်မြင်ဘူး...။ ညဖက်ကို ငါထမင်းမစားဘူး အသီးအရွက်ပဲစားမယ်ဆိုတာ စိတ်ပဲကူးဖူးတာ...။ ထမင်းစားဖြစ်တဲ့အပြင် တခါတလေ ခေါက်ဆွဲပြုတ်တို့ အချိုကဲတဲ့မုန့်တို့စားသေးတာ.. ကဲ...။ ကျွန်မက လူမျိုးပေါင်းစုံရဲ့ အစားအစာကလဲကြိုက်တတ်သေးတော့လေ...။ အန္ဒိယမုန့်တွေဆို အကုန်ကြိုက် ဂျလေဘီတို့ လဒူတို့ ချပါတီ တိုရှည် ပူရီ အကုန်အကုန်...။ သိပ်မစားနိုင်တာဆိုလို့ အဆီမတက်တဲ့ ဂျပန်စာတို့လိုဆို ဖြူဖတ်ဖြူရော်နဲ့ စားချင်စဖွယ်မရှိဘူးလို့ အကြောင်းပြတတ်သေးတာ...။ ဆူရှီလောက်တော့စားနိုင်ပါသေးတယ်..အဲဒီထဲမှ တန်ပူရာလို ဆီကြော်ကို ပိုကြိုက်မိတာက ခက်တာ..။

နေ့စဉ်စားသောက်ပုံစံကို ပြောင်းမယ်လို့တာစိတ်ကူးတာ တကယ်တမ်းကျတော့ ကိုယ့်လျှာကို ကိုယ်အလိုလိုက်နေမိတုန်း ... ဟူး.....။ နက်ဖန်ကစပြီး ညစာကို Carb ပါတာမစားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ...။ ဆန်၊ ဂျုံ၊ ပြောင်း တွေကို ညဖက် တာ့တာလုပ်ရမယ်...။ သကြားဓါတ်လျှော့စားရမယ်..။ အသီးအရွက်များများစားရမယ်...။ အသီးအရွက်ဆိုလို့ အရွက်အညွှန့်မျိုးစုံနဲ့ ရွှေဖရုံသီး ဂေါ်ရခါးသီးတို့နဲ့ ယာတောဟင်းလေးချက်စား စားမြိန်တယ်လေ....ကျန်းမာရေးနဲ့လည်း ညီညွှတ်တယ်...။ လောလောဆယ် အကျင့်ကောင်းလေးတစ်ခုကို လုပ်နေမိတာက မနက်စောစောအိပ်ယာထတာနဲ့ ရေမတ်ခွက်နဲ့ နှစ်ခွက်သောက်ချပစ်လိုက်တယ်...။ မနက်စာစားတာနဲ့ ရေသောက်တာကို တစ်နာရီ တစ်နာရီခွဲလောက်ခြားလိုက်တယ်...။ နေ့လည်စာနဲ့ ညနေစာမစားခင် ဆယ်မိနစ်ကို ရေမတ်ခွက်တစ်ခွက် ရအောင်သောက်နေတယ်..။ ငယ်တုန်းကတော့ ဝိတ်တက်မှာကြောက်ပြီး အေရိုးပစ်လေးကစား ယိုဂလေးကစားနဲ့ ခုတော့ အမောမခံနိုင် မာဆယ်အနာမခံနိုင်တော့လို့ စိတ်လျှော့သွားတာထင်တယ်... မပိန်ရင်နေပါစေတော့ ကျန်းမာရေးကောင်းဖို့ပဲ ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ် အဲလိုလေး ကိုယ့်ကိုယ်ကိုဖြေသိမ့်နေရပြီ...။



အားကစားလုပ်တော့ ရေဗူးလိုတယ်လေ... ဒီရေပုလင်းလေးက မလေးက သူငယ်ချင်းလက်ဆောင်ယူလာပေးတာ ကျွန်မတို့ အွန်လိုင်းမှာလဲလိုချင်ရင်မှာပေးပါတယ် 
တစ်ခုကို 3500/- ပါရှင့် (ကြော်ငြာဝင်ပါရစေ)


လူတစ်ယောက် အသက်ရှည်အနာမဲ့စွာနေထိုင်ဖို့ဆိုတာ နေထိုင်မှုနဲ့ စားသောက်နည်း စနစ်ကျဖို့လိုတယ်...။ အသက်မရှည်ရင်လည်းနေပါစေ နာကျင်မှုဝေဒနာကိုတော့ ဘယ်သူမှမခံချင်ကြဘူးမဟုတ်လား...။ သက်တောင့်သက်သာနဲ့ အသက်ထွက်နိုင်ဖို့ဆိုတာက ကိုယ်ပြုခဲ့တဲ့ကုသိုလ်နဲ့ လက်ရှိဘဝမှာပြုနေတဲ့ ကုသိုလ်ပေါ်မှာပဲ မူတည်တာလေ..။ သေရမှာက သေရမှာသေချာပေမယ့် အသက်ရှင်နေတုန်းလေးတော့ လူတိုင်း ကျန်းမာရေးကောင်းကောင်းနဲ့ စိတ်ချမ်းသာစွာနေချင်ကြတယ်မဟုတ်လား...။ နေ့စဉ် ရေများများသောက်ပါ၊ ခြေလှမ်း ၈၀၀၀ပြည့်အောင် လမ်းလျှောက်ပါ၊ အသီးအရွက်များများစားပါ ကိုယ်စားမယ့် ထမင်းပန်းကန်ထဲမှာ အသီးရွက်တစ်ဝက်နဲ့ကျန်တစ်ဝက်ကို အသားနဲ့ထမင်းတစ်စိပ်ဆီ ထည့်စားပါ၊ သကြားဓါတ်လျှော့ပါ၊ 6မိနစ်ကနေ 10မိနစ်လောက်ရအောင် တရားထိုင်ပါ...။


မိုးငွေ့

Friday, 7 September 2018

Coffee Menu.....

 
Ristretto



Espresso



Lungo


Espresso မှာ အခြေခံ menu သုံးမျိုးရှိတာကို အရင်ဆုံးပြောပြချင်ပါတယ်...။ Espresso ကော်ဖီကနေ နောက်ထပ် နှစ်မျိုးထပ်ခွဲထွက်လာတာကတော့ Ristretto နဲ့ Lungo တို့ပဲဖြစ်တယ်...။ ဘာတွေကွာသွားသလဲဆိုတော့  ကော်ဖီအစက်ချရတဲ့ စက္ကန့်နဲ့ ထွက်လာတဲ့ အရည်ရဲ့ ပမာဏမှာပဲကွဲပြားသွားကြပါတယ်...။ Ristretto ဆိုရင်ကော်ဖီစက်ချချိန်က 10-15 Sec မှာ ကော်ဖီရည်ပမာဏက 10-20 ml အတွင်းမှာပဲရှိရတယ်...။ ဒီလိုပဲ Espresso ကျတော့ 20-25 Sec မှာ 20-30 ml နဲ့ Lungo ကတော့ 30-35 Sec မှာ 30-40ml ရှိရပါတယ်...။ Lungo ကတော့ ကော်ဖီအရည်ပမာဏအများဆုံးနဲ့ အချိန်အကြာဆုံးအစက်ချရတာမို့ သူကတော့ နည်းနည်းခါးလိမ့်မယ်...။ ဒီ Espresso အခြေခံ ကော်ဖီသုံးမျိုးကိုတော့ တကယ့် ကော်ဖီအရသာစစ်စစ်ကို သောက်သုံးလိုတဲ့သူ ကော်ဖီသရဲတွေပဲ မှာသောက်ကြလေ့ရှိတယ်...။ သူက နို့မပါ သကြားမပါ ကော်ဖီချည်းသက်သက်လေ...။ 



 Espresso Macchiato



 Espresso Con Panna




Afogato

 

Shakerato



Espresso Macchiato, Espresso Con Panna, Afogto Coffee, Shakerato  ဆိုတဲ့ ကော်ဖီတွေကတော့ Espresso ကနေပဲ ပြောင်းလဲ ခွဲထွက်လာတဲ့ ကော်ဖီအမျိုးအစားတွေဖြစ်တယ်...။ Espresso Macchiato ဆိုတာ Espresso 30ml ထည့်ထားတဲ့ခွက်ထဲကို နို့အမြှုပ် နှစ်ဇွန်းလောက်ခပ်ထည့်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်တယ်...။ Con Panna ကျတော့ Espresso single/double ထည့်ထားတဲ့ ခွက်ထဲကို ခရင်မ်ဂန်းနဲ့ ခရင်မ်အမြှုပ်တညစ်စာလေးထည့်ထားတာကိုပြောတာ...။ Afogato ကတော့ ဗင်နီလာရေခဲမုန့်တစ်လုံးပေါ်ကို Espresso 30ml လောင်းထည့်လိုက်ရုံပဲ...။ Shakerato ကျတော့ Espresso 60ml ထဲကို suger 2 pumps ရေခဲ တစ်ခွက်နဲ့ shaker ခွက်ထဲရောထည့်ပြီး  shake လိုက်ရင်ရပြီ...။  ဒီလေးမျိုးကိုတော့ Espresso  Variation Menu 1 လို့ ကျွန်မတို့ သင်တဲ့အထဲမှာ ခေါင်းစဉ်တပ်တယ်...။



Americano



 
 Latte Art



 Latte Layer


Coffee Mocha



Cappuccino

Espresso Variation Menu 2- basic မှာလည်း ကော်ဖီအမျိုးအစားလေးမျိုး ထပ်ခွဲထွက်လာပါတယ်...။ Americano, Latte, Cappuccino နဲ့ Coffee Mocha တို့ပဲဖြစ်တယ်...။ ကော်ဖီဆိုင်ထိုင်တဲ့ လူအတော်များများ မှာသောက်လေ့ရှိတဲ့ လူသိများတဲ့ အမျိုးအစားတွေပဲဖြစ်တယ်...။ Americano ကိုတော့ Espresso ကော်ဖီ 30 ml ထဲကို ရေနွေး 250ml ရောထည့်လိုက်တာပါပဲ...။ အင်မတန်လွယ်ကူရိုးစင်းတဲ့ menu တစ်ခုပါ...။ Latte ကတော့ Espresso 30ml မှာ Foam ရိုက်ထားတဲ့ နို့အပူ 160ml ကို Latte Art ပုံဖော်ပေးရပါတယ်...။ Latte Layer ဆိုတာကတော့ ကော်ဖီနဲ့ နို့ကို တလွှာချင်းဆီလောင်းထည့်ရတာပါ...။ Cappuccino ကျတော့ Ristretto 60ml နဲ့ Foam ရိုက်ထားတဲ့ နို့အပူ 240ml ပါဝင်ပါတယ်...။ နို့အမြှုပ်ပေါ်မှာ သစ်ဂျပိုးမှုန့်နဲနဲဖြူးပြီးအလှဆင်...။ Cafe Mocha မှာတော့ Espresso 30ml နဲ့ Choco 2 pumps Foam ရိုက်ထားတဲ့ နို့အပူ 135ml နဲ့ပါ...။ ပြီးတော့မှ အပေါ်ကနေ Chocolate အမှုန့် သို့မဟုတ် အရည်နဲ့အလှဆင်ပါ...။



 Cafe Mocha (Ice)


 Ice Latte

 
Ice Americano



 Ice Caramel Macchiato


Ice Vanilla Latte


အအေး Menu တွေကိုတော့ အောက်က Recipe မှာ ရေးထားပါတယ်...။

Ice Caramel Macchiato

Espresso Double 60ml
Caramel Syrup  2 pumps
Cold Milk  180ml
Ice 1 cup

Ice Latte

Espresso Double 60ml 
Cold Milk 180ml
Ice Tube 1 cup

Ice Americano

Espresso Double 60ml 
Water 200ml
Ice Tube 1 cup


Ice Mocha

Espresso Double 60ml 
Choco Powder 1 Spoon
Choco Sauce 2 pumps
Cold Milk 135ml
Whipping Cream 60ml (decorate with choco sauce and powder )

Ice Vanilla Latte

Espresso Double 60ml 
Vanilla Syrup 2 pumps
Cold Milk 180ml
Ice 1 cup


အိမ်မှာ အလွယ်တကူ ကိုယ်ကြိုက်မယ့်အရသာလေးတွေ ဖျော်သောက်နိုင်အောင် မျှဝေပေးလိုက်ပါတယ်...။ Espresso စက်မရှိရင်တောင် တခြား အိမ်သုံး ကော်ဖီစက်တွေနဲ့ အဆင်ပြေပြေ ဖျော်သောက်နိုင်ပါတယ်ရှင့်..။ ကော်ဖီမွှေးမြမြတစ်ခွက်နဲ့ ဘ၀အမောတွေပြေနိုင်ပါစေ....။

မိုးငွေ့