ခုနောက်ပိုင်း အုန်းဆီရဲ့အသုံးဝင်ပုံလေးတွေ တော်တော်ကြားသိနေရတယ်..။ ကျွန်မ မလေးမသွားခင် ကတည်းက မလေးမှာနေတဲ့ သူငယ်ချင်းက အုန်းဆီရဲ့ အာနိသင်ကောင်းကြောင်းကို ပို့စ်ခဏခဏရေးတင်တာတွေကို ဖတ်ရတယ်..။ ဟိုသွားတော့ မဝယ်ဖြစ်ဘူး အလေးချိန်မလောက်တာလဲ ပါတယ်..။ ပြန်ရောက်တော့မှ သူ့ကိုလှမ်းမှာလိုက်တာ တစ်လီတာပုလင်းနှစ်လုံးဝယ်လိုက်တယ် သူက အွန်လိုင်းဈေးရောင်းတယ်လေ..။ ဟိုတလောကလည်း ညီမလေး ကန်ဒီက အုန်းဆီနဲ့ပလုတ်ကျင်းတဲ့ (oil pulling)အကြောင်းရေးသေးတယ်...။ ကျွန်မဝယ်ထားတဲ့ အုန်းဆီက Cold Press နည်းနဲ့ထုတ်ထားတာမို့ ဆီမခဲဘူး ..။ ပုံမှန် အုန်သီးခြစ်ကနေ အုန်းနို့ညှစ်ယူ ရေခဲသတ္တောထဲ ခဲခံ အပေါ်ယံ အုန်းနို့ခဲကိုပဲဆယ်ယူပြီး အုန်းဆီချက်ထားတာကျတော့ နဲနဲအေးတာနဲ့ အဖြူခဲတွေဖြစ်သွားရော...။ ငယ်ငယ်ကတည်းက ကျွန်မက အုန်းဆီနဲ့ မစိမ်းခဲ့ပါဘူး...။ အုန်းဆီကပူတော့ ရှမ်းပြည်အအေးပိုင်းမှာမွေးခဲ့တဲ့ကျွန်မကို မွေးကင်းစတုန်းက နှာစေးတာ အအေးမိတာ မဖြစ်အောင်ဆိုပြီး အဖွားက ငယ်ထိပ်ကလေးကို ပွတ်ပွတ်ပေးထားတတ်တယ်တဲ့..။ အဲတုန်းက ဖေဖေက အုန်းဆီလိမ်းရင်နံတယ်ဆိုပြီး ယောက်ခမဖြစ်သူ ကျွန်မအဖွားကိုပေးမလိမ်းပါဘူး..။ အဖွားကတော့ အုန်းဆီကို အိမ်မှာကိုယ်တိုင်ချက် ပုလင်းတွေထဲထည့်ပြီး တစ်ပတ်ကို နှစ်ခါ သုံးခါလောက် အကြွေစေ့နဲ့ ကျောပြင်ကို မက်ကလောင်ခြစ်တတ်တယ်....။ ဆောင်းတွင်းမှာ အုန်းဆီပုလင်းတွေခဲရင် နေပူထုတ်ထုတ်လှမ်းရတာကို မှတ်မိသေးတယ်...။ ကျွန်မတို့ ကလေးဘဝတုန်းက အိုးပုပ်ကစားရင် အဖွားအုန်ဆီခဲတွေကိုယူပြီး ဖယောင်းတိုင်မီးနဲ့ ဟင်းချက်တိုင်းကစားခဲ့ဖူးတယ်...။
အုန်းဆီကို ခဲလို့ဆိုပြီး အစားထိုးဆီကလွဲလို့ Edible အဖြစ်လူတွေ မသုံးခဲ့တာတော်တော်ကြာပါပြီ..။ အုန်းနို့စားရင် အုန်းဆီတွေ အူထဲခဲကုန်မယ်လို့ အကြမ်းတွေးကြတာကိုး..။ ခုတော့ အနောက်နိုင်ငံတွေက အသစ်ရှာဖွေတွေ့ရှိလို့ အုန်းဆီရဲ့ အသုံးဝင်ပုံတွေကို အံ့မခန်းသိကြရပါပြီ..။ အမျိုးပေါင်းလေးဆယ်ကျော်လောက်ကို အကျိုးကျေးဇူးရှိတာတွေ့ရပါတယ်..။ အုန်းဆီကို မနက်မိုးလင်း ဘာမှမစားမသောက်ခင် ထမင်းစားဇွန်းတစ်ဇွန်လောက် ပါးစပ်ထဲထည့်ပြီး မိနစ်နှစ်ဆယ်လောက် ပလုတ်ကျင်းနေပါ..။ ပလုတ်ကျင်းပြီးရင်တော့ ရေပိုက်ပိတ်မှစိုးလို့ လက်ဆေးကန်ထဲကိုထွေးမထုတ်ဘဲ အမှိုက်ပုံးထဲကိုသေချာထွေးထုတ်ပေးပါ ပြီးရင် ရိုးရိုးရေသန့် မဟုတ်ရင် ဆားရေနွေးနွေးလေးနဲ့ ပြန်ပြီး ပလုတ်ကျင်းပစ်ရပါမယ်..။ အကျိုးကတော့ သွားပိုးပေါက်ဖြစ်တာကာကွယ်ပေးတယ်၊ သွားဖြူစေတယ်၊ ခံတွင်းနံ့ကောင်းစေတယ်၊ အာခေါင်နဲ့မေးရိုးတွေကိုခိုင်မာစေတယ်၊ လူရဲ့ Immune စနစ်ကိုမြှင့်တင်ပေးတယ်၊ အဆိပ်အတောက်တွေကိုဖယ်ရှားပေးတယ်၊ ရောင်ရမ်းတာတွေကိုလျော့ကျစေတယ်..။ တခြား အပြင်ပအနေနဲ့ဆို ခေါင်းမလျှော်ခင် ဆံပင်ပေါင်းဆေးလဲလုပ်လိ့ုရတယ်၊ မိတ်ကပ်ဖျက်ဆေးလဲလုပ်လို့ရတယ်၊ အသားအရေအတွက် Lotion၊ နှုတ်ခမ်းခြောက်တာ အက်တာတွေအတွက် နှုတ်ခမ်းအမြဲစိုပြီး ပြည့်တင်းနေဖို့ အုန်းဆီကို ခပ်ပါးပါးလိမ်းပေးလို့ရပါတယ်..။ အသွေးအသားလွတ်စားသူများအတွက် မုန့်လုပ်ရင် ထောပတ်အစားထိုးဆီအဖြစ် အသုံးပြုနိုင်ပါသေးတယ်..။
ကျွန်မကတော့ မနက်တိုင်း oil pulling လုပ်တဲ့အပြင်ကို လက်ဖက်စိမ်းရည်နွေးနွေးထဲ အုန်းဆီတစ်ဇွန်း ထည့်သောက်ပါတယ်...။ အစာခြေစနစ်အတွက်ကောင်းစေတဲ့အပြင် ဝမ်းတွင်း အဆိပ်အတောက်ကင်းစေတယ် အဆီကျစေတယ်တဲ့...။ အုန်းဆီအကြောင်းသိကောင်းစရာတွေကတော့ ဒါအကုန်ပဲ ကျန်တာတွေကို Pinterest မှာ ပုံနဲ့တကွ အသေးစိပ်ရှာဖတ်လို့ရပါတယ်..။
အုန်းဆီအကြောင်းပြီးတော့ နေခြည်ဦးရဲ့ Hope အိမ်ခန်းသုံးရေမွှေးလေး ဝယ်ဖြစ်တဲ့အကြောင်း ပြောပြချင်ပါတယ်..။ Hope ..Mystical Dream by Nay Chi Oo ရဲ့ Limited edition အခန်းသုံးရေမွှေးလေးကို စထွက်ကတည်းက ဝယ်ချင်နေခဲ့တာ ...။ ဖြန့်ထားတဲ့ဆိုင်တွေထဲက ဝယ်ဖို့အဆင်ပြေနိုင်မယ့် Cherish ဆိုတဲ့ အလှကုန်စတိုးဆိုင်ကိုလည်း ရွေးထားပြီးသား ...။ ဒါပေမယ့် လမ်းမကြုံတာနဲ့ မဝယ်မဝယ်ဖြစ်နေခဲ့တာ အဲဒီနေ့က မိုးသဲသဲမဲမဲကြားထဲက လမ်းလည်းကြုံနေလို့ ရအောင် တခါတည်းဝင်ဝယ်မယ်လို့ ဆုံးဖြတ်လိုက်တယ်..။ ကိုယ်တွေပဲမိုးရွာထဲလာဝယ်တယ်မထင်နဲ့ ကျွန်မရှေ့မှာ အမျိုးသမီးတစ်ယောက် ကျွန်မပစ္စည်းရွေးနေတုန်းမှာလည်း ထပ်ရောက်လာသေးတယ်..။ Cherish မှာ တခြား American brand အလှကုန်တွေမျိုးစုံရတယ်..။ Kylie ရဲ့ နောက်ဆုံးထွက်တဲ့ In Love with the Ko Ko ထဲက နှုတ်ခမ်းနီတွေ ရောင်စုံ အကပ်လိုက်ရတယ်..။ Huda beauty ရဲ့ The Nude Edition ထဲက Liquid matte နှုတ်ခမ်းဆိုးဆေး ချောကလက်ရောင်လေးဝယ်ခဲ့တယ်.. လက်သည်းဆိုးဆေး အဝါရောင်လည်းဝယ်ခဲ့တယ်..။ Hope ကို အခန်းသုံးရေမွှေးအပြင် ကားခန်းထဲချိတ်တဲ့ ရေမွှေပုလင်းလေးပါ ဝယ်လာခဲ့တယ်...။ စပါးလင်နဲ့ သစ်မွှေးနံ့နှစ်မျိုးထဲက သစ်မွှေးနံ့လေးဝယ်ခဲ့တာ..။ အိမ်ခန်းသုံးကတော့ ခုထိမသုံးရသေးပါဘူး..။ တစ်ပုလင်းကို တစ်လတိတိခံပါတယ်..။ ထုပ်ပိုးမှုပုံစံလေးလှတယ် ဆွဲဆောင်မှုရှိတယ် နေခြည်ဦးပုံပါတဲ့ ပို့စ်စကဒ်လေးလည်းပါတယ် လက်ဆောင်ပေးလို့ကောင်းတဲ့ ပစ္စည်းလေးလည်းဖြစ်တယ်..။ ကြော်ငြာကောင်းပုံ :)
လှုပ်လေမွှေးလေပဲ Hope က ...:)
ကျွန်မဒီပို့စ်မှာပြောချင်တာလေးရှိတယ် ပို့စ်နဲ့တော့မဆိုင်ပါဘူး..။ ကျွန်မတို့နိုင်ငံမှာ ပညာမတတ်တခေါက်လူတွေ သိပ်များလာတာတွေ့နေရတယ်..။ ပိုဆိုးတာက 88 နောက်ပိုင်းမွေးတဲ့ မျိုးဆက်တွေများနေတယ်..။ နှိမ့်ကျတဲ့ အဆင့်မမှီတဲ့ ပညာရေးစနစ်ကနေဖြတ်သန်းလာရတာမို့ ကလေးတွေ အပြစ်မဟုတ်ပေမယ့် တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ သူတွေဖန်တီးထားတဲ့ ပုံစံခွက်ပညာရေးစနစ်ကိုတော့ ပြစ်တင်ရှုံ့ချချင်တယ်..။ အင်္ဂလိပ်စာကိုအပထား မြန်မာစာကိုတောင်မှ သဒ္ဒါမမှန် စားလုံးပေါင်းသတ်ပုံမမှန်ကြတော့ဘူး..။ တချို့ဆို ဘွဲ့ရနေပြီ စာလုံးပေါင်းမှားနေတုန်း..။ ကျွန်မကိုယ်တိုင်လည်း စာရေးရင် သတ်ပုံမှားတတ်ပါတယ်...။ ဒါပေမယ့် သိပြီးရှမ်းပြီးမှားတာနဲ့ လုံးဝမသိဘဲ အမှန်ထင်ပြီးမှားတာမတူပါဘူး..။ (2011 2012 လောက်တုန်းက ကျွန်မရေးသမျှပို့စ်တွေကို လာလာဖတ်ပြီး သတ်ပုံအမှားတွေကို ပြင်ပေးတတ်တဲ့ ကိုဆူးသစ်ကိုတောင် သတိရသွားတယ်..) ခုခေတ် ပိုဆိုးတာ နည်းနည်းလေးတတ်ပြီး ပညာပြချင်နေတဲ့ သူတွေကများနေတယ်..။ စကားပုံရှိပါတယ် Little Knowledge is dangerous တဲ့...။ အဲလိုလူတွေများနေတော့ အနာဂတ်တိုင်းပြည်အတွက် မတွေးရဲစရာပဲ..။ ပထမ စာတတ်ရမယ် ပြီးရင် ပညာတတ်ရမယ် ပညာတတ်မှ တွေးတောဆင်ခြင်နိုင်စွမ်းရှိမယ်..။ ကျွန်မတို့ဆီမှာရှိတဲ့လူတွေလိုနေတာက အတွေးအခေါ်ပိုင်းပဲ..။ ဘာမှမတွေးမခေါ်ဘဲ ဦးနှောက်သံချေးလိုက်နေတဲ့ လူတွေက တပုံကြီးဖြစ်နေတယ်..။ အဲဒီလိုနဲ့ သေဆုံးသွားကြတဲ့ သူတွေကလည်း တပုံကြီး..။ ဘယ်အရာကိုမဆို လွယ်လွယ်လေးပဲစဉ်းစားမယ် ဖြတ်လမ်းလိုက်မယ်..။ ကိုယ့်ခွန်အားနဲ့ ကိုယ့်ဉာဏ်နဲ့ ကြိုးစားယူရမယ်လို့ မရှိကြဘူး...။ ဥပမာ လမ်းမပေါ်က ကားမောင်းသမားတွေကိုပဲကြည့် တန်းမစီချင်ဘူး သူများစီထားတဲ့နေရာ ခေါင်းထိုးပြီးဖြတ်ဝင်မယ်.. အဲလိုပေါ့..။ ကားမောင်းနေရင်းနဲ့ကို လူတွေရဲ့ စိတ်ဓါတ်အထင်းသားမြင်ရတယ်..။ လောကမှာ ဘယ်အရာမဆို အလွယ်တကူရရင် အလွယ်တကူပဲ ပပျောက်တတ်ပါတယ်...။ ကိုယ်လိုချင်တာကို ဘာမှစိုက်မထုတ်ဘဲ အလကားဆိုတာ ဘာမှမရဘူး...။ ကျွန်မတော်ရုံ နိုင်ငံရေးအကြောင်းသိပ်ပြောလေ့မရှိပါဘူး..။ အခုက ကြည့်မနေနိုင်လို့ နည်းနည်းလေးပြောလိုက်မိတာပါပဲ..။ တကယ်တော့ ကျွန်မတို့ရဲ့ နေ့စဉ်လုပ်ဆောင်မှုတိုင်းက နိုင်ငံကို affect ဖြစ်တယ်ဆိုတာ သတိမထားမိကြတာပါ...။ လူတစ်ဦးတစ်ယောက်ခြင်းရဲ့ လုပ်ဆောင်မှုကောင်းမှ သူ့မိသားစုအတွက်ကောင်းမယ် သူ့ပတ်ဝန်းကျင် သူ့အသိုင်းအဝိုင်းနဲ့ သူ့ရပ်ကွက်အတွက်ကောင်းမယ် သူ့မြို့နယ် အတွက်ကောင်းမယ် ပြီးရင် တစ်တိုင်းပြည်လုံး တစ်နိုင်ငံလုံးအတွက်ထိ ထိရောက်မှုရှိပါတယ်..။ ဒါကြောင့် ကျွန်မတို့ရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေဟာလည်း နိုင်ငံရေးကိုလုပ်နေတာပါပဲ ကျွန်မတော့ အဲလိုမြင်တယ်..။
စကားမစပ် ဒီမနက် ရုံးအလာ ရှမ်ခေါက်ဆွဲဆိုင်မှာ တိုဖူးနွေးဝင်စားတုန်း ဘေးဝိုင်းမှာလာထိုင်စားတဲ့ မေဦးနဲ့တွေ့တယ်...။ အဖော်သူငယ်ချင်းကောင်မလေးတစ်ယောက်ပါသေးတယ်..။ ကျွန်မစားပြီး သူတို့အတွက်ပါရှင်းတော့..“ဘာလို့ ရှင်းတာလည်းအစ်မ”တဲ့... သူက မျက်လုံးဝိုင်းလေးတဲ့ အံ့အားသင့်ပြီး ကျွန်မကိုမော့ကြည့်ပြီးမေးတယ်...။ “အစ်မက မေဦး ပရိတ်သတ်” လို့လည်းဆိုရော... သူက စားလက်စ ရှမ်းခေါက်ဆွဲပန်းကန်ကို ဘေးချ “အစ်မနဲ့ ဓါတ်ပုံတွဲရိုက်မယ်”ဆိုပြီး ရှမ်းခေါက်ဆွဲဆိုင်ရှေ့က ငှက်ပျောသီးဆိုင်ကို နောက်ခံထားပြီး ကျွန်မတို့နှစ်ယောက် Selfie ဆွဲလိုက်ကြတယ်...:) ။ ကျွန်မ ပိုက်ဆံရှင်းတုန်းက ဆိုင်ရှင်ရှမ်းမက ဘယ်သူလဲသူက ရုပ်ရှင်မင်းသမီးလားတဲ့ ကျွန်မကို ရှမ်းလိုမေးတယ် မဟုတ်ဘူး အဆိုတော်လို့ ပြန်ဖြေလိုက်တယ်...။ မေဦးက ကျွန်မကို မသိပေမယ့် ကျွန်မနဲ့ မေဦးက ခုနောက်ပိုင်း တော်တော်ဆုံတတ်သား...။ ဘဏ်သွားလို့တခါဆုံတယ်... ဟိုရက်ပိုင်းကလေးကပဲ နိုင်ငံခြားသားတစ်ယောက်ကို လိုက်ပို့တာထင်တယ် စက်လှေခါးစီးရင်း တခါတွေ့လိုက်သေးတယ်..။ ခုတော့ ကိုယ်မနက်စာစားနေတဲ့ ဆိုင်မှာ တည့်တည့်တိုးတာပဲ..။ မေဦးကို Trio အဖွဲ့မှာ သီချင်းဆို ကတည်းကကြိုက်တာ..။ ကျွန်မ သူ့အသားအရေကို သိပ်ကြိုက်တယ်....။ အသားရေကောင်းပြီး ညိုညက်နေတာပဲ...။ I love your skin... baby.....
ဒီပုံလေးကိုခွင့်မတောင်းထားပေမယ့် ညီမလေးမေဦး ခွင့်ပြုပေးမယ်လို့ ယုံကြည်ပါတယ်
မိုးငွေ့










