Monday, 15 December 2025

My Doodles Art.....(7)




doodles ရေးဖို့ အဓိကလိုအပ်တာက စာရွက်ဖြူနဲ့ မှင်အနက်ရှိရင်ကိုရပြီပဲ....။ ကျနော်ဆွဲဆွဲနေတဲ့ doodles တွေက Zen Doodles လို့လဲ ခေါ်ကြတယ်....။ သူက အာရုံစူးစိုက်မှုနဲ့ စိတ်တည်ငြိမ်မှုအတွက် လုပ်ရတဲ့  activities တစ်ခုပါပဲ....။ ကျနော် ခုတင်တဲ့ပုံတွေက 2024 မှာဆွဲထားတဲ့ တင်ဖို့ကျန်သွားခဲ့တဲ့ပုံတွေပဲဖြစ်ပါတယ်...။ အစီအစဉ်တကျရှိစရာမလို ဘောင်မရှိ လွတ်လပ်မှုလည်းရှိတဲ့ ပုံလေးတွေဆွဲရတာ ကျနော့်အတွက် အက်ဆေးတစ်ပုဒ်ရေးရသလိုပဲ ပျော်စရာကောင်းတယ်...။ နောက်ပိုင်း ကျနော် အရောင်တွေထည့်ဆွဲတဲ့ပုံတွေပါ နည်းနည်းစဆွဲလာပြီ...။ တကယ်တော့ ကျနော် အသက် 60-70 ရောက်လို့ လုပ်စရာမရှိတဲ့အခါ လုပ်ရမယ့် ကျနော် ရှာဖွေတွေ့ရှိထားတဲ့ activities ဆိုပေမယ့် အဲချိန် မျက်စိမှုန်လို့ ဆွဲလို့မရတဲ့အခါ ကျနော် ရေဒီယိုနားထောင်မယ်လို့ အရံစဉ်းစားထားတယ်...။ လုပ်ဖြစ်မလုပ်ဖြစ်နဲ့ အဲအချိန်ထိ အသက်ရှင်မရှင်ဆိုတာ အာမခံချက်မရှိဘူးလေ...။ ငွေကြေးချမ်းသာဖို့ထက် ကျနော်က စိတ်ချမ်းသာမှုကိုပဲ ရှာဖွေနေတဲ့သူတစ်ယောက်မို့ ကျနော့်စိတ်အဆင်ပြေမယ့်အရာတွေကိုပဲ ကျနော် ဦးစားပေးလေ့ရှိတယ်...။

ခုနောက်ပိုင်း tiktok မှာ ကျနော်ဆွဲထားခဲ့တဲ့ doodles စာအုပ် ခြောက်အုပ်အကြောင်း စကားပြောထားတဲ့ပို့စ်တွေတင်တာ 4 ခုလောက်ရှိသွားပြီထင်တယ်...။ ကျနော်က တစ်သက်လုံး ကင်မရာရှေ့စကားပြောရမှာတို့ စင်ပေါ်တက်ပြောရမှာတို့ လူအများကြီးနဲ့စကားပြောဆိုဆက်ဆံရမှာတို့ဆိုတဲ့အလုပ်တွေကို မလုပ်ခဲ့ဖူးပါဘူး ဖေ့ဘုတ်သုံးခဲ့တဲ့အချိန်မှာလည်း live လွှင့်တာတို့ဘာတို့မလုပ်ခဲ့ဖူးဘူး ကျနော်သုံးစဉ်ကာလမှာလည်း ဖေ့စ်ဘုတ် live လွှင့် စကားပြောတဲ့သူလည်း တော်တော်နည်းသေးတယ်...။ ခုတော့ ကျနော့်ပုံလေးတွေအကြောင်းပြောရင်း tiktok မှာ စကားပြောရတာ နဲနဲ သတ္တိရှိလာပြီဆိုပါတော့...။ ကိုယ်တိုင်စကားပြောတဲ့ ဗီဒီယိုနဲ့အသံကိုလည်း ခုမှကြည့်ဖူး ပြန်နားထောင်ဖူးတာ...။ 

ကျနော်ဟာ တကယ် လူကြောက်တတ်တဲ့ ဆိုရှယ်ဖိုးဘီယားတစ်ယောက်ပါပဲ......။















 

































Wednesday, 10 December 2025

ထမင်းတစ်လုတ်ရေတစ်မှုတ်.....

 



"တစ်လုတ်စားဖူး သူ့ကျေးဇူး" ဆိုတဲ့ စကားပုံလေး လူတိုင်းသိကြမှာပါ....။ ကျနော်လေ ညတိုင်း ဘုရားရှိခိုးရင် ငါးပါးသီလခံယူပြီးတာနဲ့ ခင်ပွန်းကြီးဆယ်ပါး ကန်တော့တတ်တဲ့ အလေ့အကျင့်ရတာ လေးငါးနှစ်ခြောက်နှစ်လောက်ပဲရှိဦးမယ်...။ ကျနော့်ကို ဒေါက်တာစိန်လင်းရဲ့ အဘိဓမ္မာစာအုပ်ရယ် ပဠာန်းဒေတနာတော်စာအုပ်ရယ် လက်ဆောင်ပေးသွားခဲ့ဖူးတဲ့ အစ်ကိုကြီးတစ်ယောက်ကြောင့်လည်း ခင်ပွန်းကြီးဆယ်ပါး ကန်တော့ရတာကိုသိခဲ့ရတာ....။ အရင်ပို့စ်အဟောင်းတစ်ခုမှာပြောဖူးသလိုပဲ ကျနော်က ထေရဝါဒဗုဒ္ဓဘာသာကို မိရိုးဖလာကနေ ဆင်းသက်လာတဲ့သူတစ်ယောက်မဟုတ်ဘူး...။ ဒါကြောင့် ကျနော့်ပတ်ဝန်းကျင်မှာရှိတဲ့ မိတ်ဆွေကောင်းတချို့ရဲ့ လမ်းပြညွှန်ကြားမျှဝေမှုကနေ ကျနော် ဗုဒ္ဓရဲ့ တရားတော်တွေကို တဖြေးဖြေးသိလာခဲ့ရတာ ဒီလိုသူတို့ရဲ့ကျေးဇူးတွေကလည်း ခင်ပွန်းကြီးဆယ်ပါးထဲက နံပါတ်ကိုးခုမြှောက်ဖြစ်တဲ့ "အနေကောင်းအသေကောင်းစေရန် တရားဓမ္မတို့ကို ဟောပြောပြသဆုံးမခဲ့သော လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်" ဆိုတဲ့ထဲမှာ ကျနော့်ကို ဓမ္မလက်ဆောင်ပေးခဲ့ဖူးတဲ့ သူတွေ ကျနော့်ကို ဘုရားရှိခိုးသင်ပေးခဲ့ဖူးတဲ့သူတွေ အားလုံးပါပါတယ်....။ ဒီလိုကျေးဇူးကို ကျနော်က ခင်ပွန်းကြီးဆယ်ပါး ကန်တော့တဲ့အခါတိုင်း သူတို့ကိုမြင်ယောင်ပြီး အမြဲအောက်မေ့တတ်တယ်...။ 

နံပါတ်တစ်ဆယ်ဖြစ်တဲ့ "ထမင်းတလုတ်ရေတမှုတ်ကို‌ပေးကမ်းထောက်ပံ့ခဲ့ဖူးသော ကျေးဇူးရှင်" ဆိုတဲ့နေရာမှာ ကျနော်အောက်မေ့သတိရမယ့်သူတွေအများကြီးပဲ တန်းစီပြီးထွက်လာတယ်....။ အဲဒီလူတွေအများစုကလဲ လူ့လောကမှာ အသက်ရှင်လျက်မရှိကြတော့တဲ့သူတွေများတယ်....။ အခုကျနော် မှတ်မိသလောက်ပြောပြမယ်..... ပထမဦးဆုံးကျနော့်ခေါင်းထဲဝင်လာတာက ငယ်ငယ်တုန်းက တာချီလိတ် မယ်ဆိုင်ဖက်ကို အမေဈေးသွားဝယ်လို့ လိုက်သွားရင် သွားတည်းတဲ့အိမ်တစ်အိမ်ရှိတယ် အဲဒီအိမ်က မကာဟိုခမ်းရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ကအိမ်လေး တစ်ထပ်တိုက်ပုအိမ်...။ အိမ်ကအကျယ်ကြီးပဲ ခန့်မှန်း မျက်နှာစာပေ သုံးလေးဆယ်နဲ့အနောက်ကို ပေတစ်ရာလောက်ထိရှိမယ်ထင်တယ်...။ သူတို့အိမ်ကဝင်သွားရင် ဘယ်ဖက်မှာ ဧည့်ခန်း ညာဖက်မှာက ကွတ်ပျစ်အကျယ်ကြီးနဲ့ ဘုရားကျောင်းဆောင်ရှိတယ် အိမ်အနောက်ဖက်သွားရင်လည်း အိပ်ခန်းတွေအများကြီးဖွဲ့ထားတယ် အဓိက သူတို့အိမ်မှာ ဧည့်သည်တွေလာအတည်းများကြတယ် အရင်ခေတ်က ဟိုတယ်တွေ တည်းခိုးခန်းသိပ်တွေမရှိတော့ တောင်ကြီး ကျိုင်းတုံ မိုင်းဖြတ် စတဲ့မြို့ကလာတဲ့ အသိမိတ်ဆွေတော်တော်များများလာတည်းကြတာ အဲဒီဧည့်သည်တွေအများစုက ကုန်သယ်တွေဖြစ်ကြတယ် သူတို့ရောင်းမယ့် ပစ္စည်းတွေကို ထိုင်းဖက်ကမ်း မယ်ဆိုင်မှာလာရောင်း သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ပြန်ဝယ်ပြီးတင်ပို့ကြ အဲလိုတွေပေါ့...။ လာတည်းတဲ့သူတွေကို သူတို့က အခကြေးငွေယူတဲ့သူလည်းရှိသလို တချို့လည်း ပေးစရာမလိုဘူး ကျနော်တို့ဆို အဲဒီအိမ်ရှင်က တည်းခိုခမယူဘူး ဒါ့အပြင် ထမင်းလည်းကျွေးသေးတယ် အိမ်ရှင် အဖွားနဲ့သူ့သမီးက ဟင်းချက်အရမ်းကောင်းကြတာ...။ ကျနော်ဟိုး အရင် "သနပ်ခါး" ဆိုတဲ့ပို့စ်မှာရေးဖူးတဲ့ ကျနော့်ကို သနပ်ခါးသွေးလိမ်းပေးတဲ့ အန်တီမွန်းမွန်းဆိုတာ အဲဒီအိမ်ရှင်ရဲ့သမီးပေါ့....။ ကျနော်တို့ သူတို့အိမ်ကို တာချီလိတ်သွားတိုင်း တည်းဖြစ်တဲ့အကြိမ်အရေအတွက်က ရေလို့တောင်မရပါဘူး ထမင်းစားခဲ့ဖူးတာရောပေါ့....။ နောက်တော့ ကျနော်ရန်ကုန်ရောက်ပြီး နှစ်တော်တော်ကြာမှာ အဲအိမ်က အဖွားလည်းဆုံးသွားခဲ့တယ် အဖိုးကြီးတော့ရှိဦးမယ်ထင်တယ် သူတို့သမီး အန်တီမွန်းမွန်းကတော့ ရန်ကုန်မှာနေတယ် ကျနော်တို့နဲ့တော့ အဆက်အသွယ်သိပ်မရှိဘူး သားသမီးမြေးတွေတောင်ရနေပါပြီခုတော့....။

နောက်ထပ် ကျနော်တို့စားအိမ်နောက်တစ်အိမ်က တာချီလိတ်ကပဲ ဝမ်ကောင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်ကပဲ သူတို့အိမ်က အန်တီဦးဆိုတာ ထမင်းကြော်ဆိုင်ဖွင့်ထားတာ တာချီလိတ်မှာ အန်တီဦးထမင်းကြော်ကအကောင်းဆုံးပဲ အန်တီဦးက အဲဒီအိမ်က အဖွားအွန်ရဲ့ ချွေးမတစ်ယောက် အဲအဖွားနဲ့လည်း ကျနော် ထမင်းတွေစားဖူးခဲ့တယ် ရှမ်းဟင်းချက်တာသိပ်ကောင်းပဲ အဖွားက အိမ်ရှေ့သစ်သားခုံကြီးမှာထိုင် ဒူးနှစ်ချောင်းထောင်ပြီး ဖက်ဆေးလိတ်အကြီးကြီး အမြဲခဲထားတယ်...။ အန်တီဦးဆိုလည်း ကျနော်တို့ ထမင်းမင်းကြော်စားရင် ဘယ်တော့မှ ပိုက်ဆံမယူဘူး  အန်တီဦးထမင်းကြော်က အညိုရောင် ပဲပြုတ်ပဲလုံးအစေ့ကြီးကြီးနဲ့ကြော်တာ ကြက်ဥကြော် ဝက်အူချောင်း ကြက်အူချောင်း ဝက်ကြော် အမဲကြော် ပလချောင်ကြော် ငါးပိကြော် အဲဒါတွေနဲ့တွဲဖက်စားရတာ ရန်ကုန်မှာလို ဟင်းအနှစ်တွေမပါတာတော့မှတ်မိတယ် ခုနောက်ပိုင်းတော့ မီနူးထပ်တိုးလောက်ရောပေါ့...။ တာချီလိတ်မှာတော့ အဲဒီနှစ်အိမ်ကိုသေချာမှတ်မိတယ် တခြားအသိမိတ်ဆွေအိမ်တွေလည်း စားခဲ့ဖူးပါတယ် ဘုရားရှိခိုးတိုင်းအဲနှစ်အိမ်က အဖွားနှစ်ယောက်ကိုတော့ အောက်မေ့မြင်ယောင်မိတယ်..။

နောက်... ကျနော့်ဇာတိဖြစ်တဲ့ တာလေမှာတော့ အိမ်ပေါက်စေ့လောက်ကို ထမင်းစားဖူးတာ....။ ပထမဆုံးက ကျနော်ငယ်ငယ်က အခင်ဆုံးသူငယ်ချင်း နန်းဖေါင်းတို့အမေချက်တဲ့ ထမင်းဟင်းတွေ အများကြီးစားဖူးခဲ့တယ်..။ နန်းဖေါင်းတို့အမေက ရှမ်းဟင်း သက်သတ်လွတ်ဟင်းတွေချက်တာ တကယ်ကျွမ်းတာ သူတို့ကအိမ်က ထမင်းမစားဘူး ထမင်းအစား ကောက်ညှင်းပေါင်းကို မနက်မိုးမလင်းခင်ကတည်းက ဝါးပေါင်းချောင်နဲ့ ပေါင်းပြီး ပိတ်အဝတ်နဲ့အမြဲပူနွေးအောင်အုပ်ထားတာ....။ သူတို့အိမ်ကလည်းကျနော့်စားအိမ်ပဲ...။ နန်းဖေါင်းတို့အဖိုးအဖွားကို ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့တိုင်းထမင်းဟင်းကိုကြိမ်ဗန်းကြီးနဲ့သွားပို့ရတဲ့နေဆို သိပ်ပျော်တာ ကျနော်တို့နှစ်ယောက်က ကြိမ်ဒေါင်းလန်းကြီးမပြီး ဘုန်းကြီးကျောင်းက အဖိုးနဲ့အဖွားကိုကျွေးပြီး ကျန်တဲ့ဟင်းတွေကို အဲမှာတခါထဲစားကြတာနှစ်ယောက်သား....။ နောက်တစ်အိမ်က နန်းဖေါင်းတို့အိမ်နဲ့ကပ်လျက်က စိုင်းတီတို့အိမ် စိုင်းတီကလည်း ကျနော်တို့ငယ်သူငယ်ချင်းပဲ ကျနော်ရေးရေးနေတဲ့ တာလေက သူငယ်ချင်းအကြောင်းတွေထဲမှာ သူ့နာမည် အခုမှကြားဖူးကြမှာထင်တယ်...။ တကယ်က စိုင်းတီနဲ့က ကျနော် ရန်ကုန်မှာ ဆယ်တန်းဖြေပြီးတာလေမှာ ခြောက်လပြန်နေတော့မှ ပိုခင်ပိုပေါင်းဖြစ်သွားတာ...။ ပြောနေကျအတိုင်း ကျနော်က ဗြဟ္မာပြည်ကလူမို့လို့ မာနကြီးတယ် ရန်ကုန်ကျောင်းလာမတက်ခင်ထိ ကျောင်းမှာ ယောကျားလေးသူငယ်ချင်းတစ်ယောက်နဲ့မှမပေါင်းဖြစ်ဘူး ဆယ်တန်းဖြေပြီး တာလေပြန်ရောက်မှသာ ရွာက ယောက်ျားလေးသူငယ်ချင်းတွေကို ရင်းရင်းနှီးနီးပေါင်းဖြစ်သွားတာ...။ အဲတစ်ခေါက်တာလေမှာ ပြန်နေတဲ့အချိန် စိုင်းတီတို့အိမ်ကလည်း စားအိမ်သောက်အိမ်နောက်တစ်အိမ်ပဲ သူတို့အမေနဲ့အစ်မလည်း ဟင်းချက်ကောင်းတယ်...။ ကျနော်တို့အဒေါ်တွေငယ်ငယ်ကတည်းက သူတို့အိမ်မှာဝင်ထွက်စားသောက်ကြတာလို့ ပြောပြဖူးတယ် စိုင်းတီအစ်မအကြီးဆုံးနဲ့ ကျနော့်အဒေါ်တွေက သူငယ်ချင်းတွေ...။ စိုင်းတီတို့အမေက ကျိုင်းတုံဖက်က ဂုန်ရှမ်းလူမျိုး သူတို့က ဆံထုံးထုံးရင် ခပ်မြင့်မြင့်နဲ့တဇောင်းလေးထုံးတတ်တယ် အဲဒါကိုကြည့်ချင်းအားဖြင့် ဂုန်ရှမ်းလူမျိုးလို့ ခွဲခြားသိနိုင်တယ်... အဲဒီအဒေါ်က နေ့လည်ဖက်ဆို အိမ်ရှေ့မှာ  မုန့်လက်ကောက်တဲ့ မုန့်လုံးကြီးကြော်ရောင်းတယ် ပြီးတော့ ကောက်ညှင်းပေါင်းကို အုန်းနို့နဲ့ပေါင်းပြီး ကြက်ဥပူတင်းလေးအပေါ်ကထည့်စားရတာလည်း လုပ်ရောင်းတယ် စိုင်းတီအမေက အစားအသောက်လုပ်တာ အရမ်းသန့်တယ် စေတနာပါတယ် သူတို့အိမ်အနောက်ဖက်မှာ ငါးကန်တစ်ကန်ရှိတယ် တီလားဗီယားငါးတွေမွေးထားတာ အဲမှာလည်း ကျနော်တို့တွေ ကြိုက်သလောက်ငါးမျှားပြီး ကင်စားကြတာ....။ စိုင်းတီအမေသည်လည်း ကျနော် ဘုရားရှိခိုးတိုင်း အောက်မေ့ရတဲ့ ကျေးဇူးရှင်တစ်ယောက်ထဲမှာပါတယ်...။ နောက်တစ်ယောက်က အဖွားလုံပေါ့ အဖွားလုံအကြောင်း ကျနော် အသေးစိပ် ပို့စ်တစ်ခုရေးခဲ့ဖူးပါတယ်...။ အဖွားလုံအိမ်ကတော့ ကျနော်ကလေးပိစိလေးကတည်းက မွှေနှောက်စားသောက်ခဲ့ဖူးတဲ့ အိမ်တစ်အိမ်ပဲ...။

ရန်ကုန်ရောက်တော့ တက္ကသိုလ်တက်တဲ့အချိန်မှာကျမှ ကျ‌နော် သူငယ်ချင်းများများစားစားရှိတာကိုး အဲမတိုင်ခင် အထက်တန်းကျောင်းတက်နေတဲ့အချိန်ကတော့ ကျူရှင်လည်းမတက်ခဲ့ဖူးသလို သူငယ်ချင်းလည်း သိပ်မရှိခဲ့ဘူး.....။ RC 3 မှာ ကျောင်းတက်တော့ ဒုတိယနှစ်လောက်မှာ ကျနော် Crush ခဲ့ဖူးတဲ့ ကောင်လေး အိမ်မှာ ထမင်းသွားသွားစားဖူးတယ် သူတို့က နှစ်ချင်းခရစ်ယာန်ဘာသာကိုးကွယ်တဲ့ မွန်-ကရင်အစပ်တွေ အဲကောင်လေးရဲ့ အမေနာမည်က အန်တီမရီးနာတဲ့ အဲအန်တီက အရမ်းသဘောကောင်းတာ ကျနော်သူတို့အိမ်ရောက်ရင် ထမင်းမစားတဲ့အခေါက်ကိုမရှိဘူး ဘာဟင်းရှိရှိကျွေးတာပဲ ကျနော်သက်သတ်လွတ်စားတဲ့နေ့ဆိုရင်တောင် လက်ဖက်သုပ်တို့ ကန်ဇွန်းရွက်တို့ကို တကူးတကန့်ကြော်ပေးတတ်သေးတာ အဲအန်တီကိုလည်း ဘုရားရှိခိုးတိုင်း အမြဲသတိရတယ် အခုအဆက်အသွယ်မရှိတာ နှစ်နှစ်ဆယ်ကျော်ရောပေါ့ အန်တီနေကောင်းကျန်းမာရှိပါစေလို့....။ နောက်တစ်အိမ်က ကျနော့်သူငယ်ချင်းပဲ သူတို့က စုံတွဲတွေ သူငယ်ချင်းကောင်မလေးနဲ့က အရင်ခင်တာပေါ့နောက်တော့ သူ့ဘဲနဲ့ပါသူငယ်ချင်းဖြစ်သွားတာ သူငယ်ချင်းမလေးက ကိုးမိုင်မှာနေတာ သူ့ဘဲက သူငယ်ချင်းဆီသွားချင်ရင် ကျနော်နဲ့သူငယ်ချင်းနောက်တစ်ယောက်ကိုလာလာခေါ်လေ့ရှိတယ် အဲသူငယ်ချင်းမအိမ်မှာ ကျနော်တို့က ပိတ်ရက်အပတ်တိုင်း ထမင်းစားကြတယ်...။ အဲသူငယ်ချင်းမလေးရဲ့ အမေက ဟင်းချက်ချက်ကျွေးတာ အဲအန်တီရဲ့လက်ရာထဲမှာ ကျနော်တို့အတွက်ထူးထူးဆန်းဆန်း မီနူးတစ်ခုက ငါးဖယ်အုန်းနို့ချက်ပဲဖြစ်တယ်....။ ငါးဖယ်ကို အတုံးလေးတွေအရက်ကြော်ပြီး အုန်းနို့အနှစ်ထဲပြန်ထည့်ချက်တာ အရမ်းစားကောင်းတယ် ပြီးတော့ နောက်တမျိုးက ပုဇွန်ဆိတ်ကလေးတွေကို မွှေးနေအောင်လှော်ပြီး ပဲညွှန့်ဟင်းခါးလေးချက်တာ အရမ်းစားကောင်းသော....။ အဲအန်တီဆုံးတော့ အသုဘတောင်သွားမပို့လိုက်ရဘူး ကျောင်းပြီးတော့ အဆက်သွယ်ပျက်သွားကြတာ....။ သူသည်လည်း ခင်ပွန်းကြီးဆယ်ပါး ကန်တော့တိုင်း အောက်မေ့ရတဲ့ ကျေးဇူးရှင်တစ်ယောက်အဖြစ်ပါဝင်တာပေါ့....။

ကျောင်းပြီးလို့ ကျနော် အလုပ်စလုပ်တော့ ညောင်ပင်လေးဈေးမှာဆိုင်ထိုင်တာ ဘေးနားကပ်လျက်ဆိုင်က အန်တီကိုလည်း သတိရမိတယ် ဒီပို့စ်ရေးရင်း...။ အဲအန်တီက နှလုံးမကောင်းဘူး သူ heart attack နဲ့ဆုံးတော့ သူ့အသုဘကို ကျနော်လိုက်မပို့ဖြစ်ခဲ့ဘူး...။ ကျနော်လူမှုရေးတော်တော်ညံ့ခဲ့မှန်းပြန်တွေးမှသတိထားမိတယ်...။ အဲအန်တီက ငါကြင်းပေါင်းလုပ်လာတဲ့နေ့ဆို ထမင်းစားချိန်ရောက်ရင် ကျနော်ကိုကျွေးနေကျ သူ့ငါးကြင်းပေါင်းက ကျနော်စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ...။ အန်တီ့ကိုလည်း သတိရပါတယ် နောက်ဆုံးအချိန်ကိုလိုက်မပို့လိုက်ရလို့လည်း စိတ်မကောင်းဖြစ်မိတယ်...။ နောက်ပြီး ကျနော်တို့ စမ်းချောင်းမှာနေတုန်းက အစ်မတွေလိုခင်ရတဲ့ အိမ်နီးချင်းတစ်အိမ်မှာလည်း အဲလိုပဲ စားအိမ်သောက်အိမ် သူတို့အိမ်သွားရင် ဘယ်ချိန်သွားသွား ထမင်းစားခန်းထဲ အုပ်ဆောင်းဖွင့်လိုက်တာနဲ့ ဘာရှိရှိကျွေးလိုက်တာပဲ ကျနော်ကလည်း စားတာပဲ အဲအိမ်မက အစ်မတွေရဲ့ အဖေနဲ့အမေလည်း အခုတော့ ဆုံးကုန်ပြီ အဲအန်တီကြီးကိုလည်း သတိရတယ် သူတို့အိမ်ရောက်ရင် သူ့ငယ်ဘဝလေးပြန်ပြန်ပြောပြတာကို အဖန်တစ်ရာ ကျနော်က စိတ်ရှည်လက်ရှည်ထိုင်နားထောင်နေကျ....။ ကျနော်တို့ဆီက အသက်ကြီးပိုင်းတွေ ဦးနှောက်ကျုံ့ရောဂါ အန်ဇိုင်းမားအဖြစ်များကြတယ်ခုနောက်ပိုင်း....။ စိတ်ဖိစီးမှုများတာရယ် အစားအသောက်အနေအထိုင် ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေးဗဟုသုတ အကုန်လိုက်မလုပ်ကြတာလို့ထင်တယ်...။

နောက်ထပ် ကျေးဇူးရှင်တွေကတော့ သူငယ်ချင်းရဲ့ မိသားစုပဲသူတို့အိမ်လည်း အမြဲဝင်ထွက်သွားလာစားသောက်နေတာ ဒီနေ့ထက်ထိပဲ...။ ပြီးတော့ ကျနော်က အသက်နှစ်ဆယ်ကျော် သုံးဆယ်ကျမှ သမ္ဗုဒ္ဓေဂါထာကိုအလွတ်ရတာ ရွတ်ဖူးတာ အဲဒါကတော့ မသော်ဆိုတဲ့ အစ်မတစ်ယောက်ကို ကျေးဇူးတင်ရမယ် အဲအစ်မကြောင့်လည်း ရွှေတိဂုံဘုရားရင်ပြင်မှာ သန့်ရှင်းရေးကို ညအိပ်သွားလုပ်ဖူးတယ် အဲတုန်းက ဘုရားသန့်ရှင်းရေးလုပ်ပြီး ဘုရားရင်ပြင်မှာရှိတဲ့ တန်ခိုးကြီးဘုရားတွေ တခါမှမဖူးဘူးသေးတဲ့ ရှေးဟောင်းဘုရားတွေအထူးအဆန်းတွေကို အကုန်ဖူးဘူးတာလည်း အန်တီဘေဘီဆိုတဲ့ အန်တီတစ်ယောက်က ဘုရားတစ်ပတ်ပတ်ပြီး ရှင်းပြလို့ သူတို့လည်း ကျနော့်ရဲ့ နံပါတ်တစ်ဆယ်ကျေးဇူးရှင်တွေပဲ....။ ဆိုတော့ ကျနော်ဘုရားရှိခိုးတိုင်း ခင်ပွန်းကြီးဆယ်ပါး ကန်တော့တိုင်း သတိရနိုင်သမျှ ကျေးဇူးရှိတယ်ထင်တဲ့သူအားလုံးကို မြင်ယောင်ပြီး ကန်တော့ဖြစ်တယ်.....။ ဒီပို့စ်က နံပါတ်တစ်ဆယ်ဖြစ်တဲ့ ထမင်းတစ်လုတ်ရေတစ်မှုတ် ဆိုတဲ့ ကျေးဇူးရှင်တွေကို အဓိကအောက်မေ့ပြီး ပြောပြတာပါ ကျန်တဲ့ ကျေးဇူးရှိခဲ့ဖူးသူ တစ်ဦးတစ်ယောက်ဆီတိုင်းကိုလည်း ဦးချကန်တော့လျက်ပါ....။ ခုနောက်ပိုင်းဆို သူများကျွေးတာစားရင် ကျွေးတဲ့သူကျန်းမာပါစေ ချမ်းသာပါစေ ရောဂါဘယကင်းပါစေ စသဖြင့် စားနေရင်းနဲ့ဆုတောင်းပေးတတ်နေပြီ...:)


Monday, 8 December 2025

တဖြေးဖြေးဝေး.....



 



ခုတလော ကျနော် Doodles ဆွဲရင်း နားထောင်ဖြစ်နေတဲ့ အားတီရဲ့ သီချင်းကောင်းတစ်ပုဒ်...။ သူ Single တစ်ပုဒ်ထွက်ထားတဲ့ "တစ်ခဏလေးဖြစ်ဖြစ်" ဆိုတဲ့ သီချင်းလေးလည်းကောင်းတယ်  ဗိုက်တာမင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့တွဲဆိုထားတဲ့ပုဒ်ကို အောက်မှာ Bonus တင်ပေးလိုက်ပါတယ်...။






 

🎵🎵

ဘယ်လိုပြီးဆုံးမလဲ

ကြိုတင်ပြီးမသိနိုင်ခဲ့

ဒီအိပ်မက်များနောက်ကွယ်

ငါဖွေရှာရင်းမောတယ်

ဟူး..... အရှုံးပေးဖို့ ခက်နေ ဟူး........

ရှေးဆက်ဖို့လည်းမလွယ်ဘူး... ဟူး...

ဆုံဆည်းခွင့်မရှိတော့.... ဟူး....

🎵တဖြေးဖြေး တို့နှစ်ယောက်ဟာ မိုင်ထောင်ချီဝေး

တဖြေးဖြေး တို့နှစ်ယောက်ဟာ စည်းများခြားနေ

တဖြေးဖြေး တို့နှစ်ယောက်အနာဂတ်တွေ

တဖြေးဖြေး.....တဖြေးဖြေး....🎵

🎵တဖြေးဖြေး တို့နှစ်ယောက်ဟာ မိုင်ထောင်ချီဝေး

တဖြေးဖြေး တို့နှစ်ယောက်ဟာ စည်းများခြားနေ

တဖြေးဖြေး တို့နှစ်ယောက်အနာဂတ်တွေ

တဖြေးဖြေးဝေး ချစ်လျက်နဲ့ဝေး....🎵


မရယ်နိုင်သောနေ့ရက်

နာကျင်သောအပြုံးနဲ့....

ချည်နှောင်ခြင်းပျက်ပြယ်

ကံကြမ္မာရဲ့လှည့်ကွက်ထဲ

ဟူး..... အရှုံးပေးဖို့ ခက်နေ ဟူး........

ရှေးဆက်ဖို့လည်းမလွယ်ဘူး... ဟူး...

ဆုံဆည်းခွင့်မရှိတော့ဘူး... ဟူး....

🎵တဖြေးဖြေး တို့နှစ်ယောက်ဟာ မိုင်ထောင်ချီဝေး

တဖြေးဖြေး တို့နှစ်ယောက်ဟာ စည်းများခြားနေ

တဖြေးဖြေး တို့နှစ်ယောက်အနာဂတ်တွေ

တဖြေးဖြေး.....တဖြေးဖြေး....🎵

🎵တဖြေးဖြေး တို့နှစ်ယောက်ဟာ မိုင်ထောင်ချီဝေး

တဖြေးဖြေး တို့နှစ်ယောက်ဟာ စည်းများခြားနေ

တဖြေးဖြေး တို့နှစ်ယောက်အနာဂတ်တွေ

တဖြေးဖြေးဝေး ချစ်လျက်နဲ့ဝေး....🎵


တစ်သက်လုံးပိုင်ဆိုင်ခွင့်မရပေမယ့်

တစ်ဘဝလုံးအတွက် မေ့မရနိုင်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဒါမျိုးလား

ငါတို့ ဆုံဆည်းဖို့မရှိတော့ဘူး...... ချစ်လျက်နဲ့ဝေး.......





Friday, 5 December 2025

#ဗြဟ္မာဏပြည်မှလာသည်.....(၂)

 

#ဗြဟ္မာဏပြည်မှလာသည်


ဘာရယ် မဟုတ်ပါဘူး ဟိုတစ်နေ့က ရုပ်ရှင်ဇာတ်ကားတစ်ခုထဲမှာ မင်းသားက မင်းသမီးကို ဆိုင်ကယ်တင်တဲ့အခန်းလေးကြည့်မိလို့ ဒီပို့စ်လေးကိုရေးချင်လာခဲ့တာပါ....။ ဒီလိုဗျ ကျနော်က ရှမ်းပြည်မှာမွေးခဲ့ ဆယ်ကျော်သက်ထိ ကြီးပြင်းခဲ့တယ်ဆိုပေမယ့် အဲဘက်ဒေသတွေမှာ ကလေးလူကြီး လူတိုင်းနီးပါးဆိုင်ကယ်စီးတတ်ကြပေမယ့် ကျနော်ခုချိန်ထိမစီးတတ်သေးဘူး စီးတတ်ဖို့လည်း ကျနော် မလေ့လာမသင်ယူချင်ခဲ့ဘူး....။ ကျနော် စက်ဘီးကိုတော့ ကျွမ်းကျွမ်းကျင်ကျင် ခေါင်ထောင်ဖင်ထောင် ကလေးတုန်းကအမျိုးစုံစီးခဲ့ဖူးတယ် ...ဒါပေမယ့် ဆိုင်ကယ်ကိုကျတော့လုံးဝ ဓါတ်မကျခဲ့ဘူး စက်ဘီးစီးတတ်တဲ့အတွက် ကျနော် ဆိုင်ကယ်စီးမယ်ဆိုလည်း ဟန်ချက်ညီအောင်ထိန်းဖို့က လွယ်နေပြီးသားလေ...။ ပုဂံမှာ တစ်ခါတော့ ဘက်ထရီဆိုင်ကယ်လေးစီးဖူးပါတယ် ကျနော် လက်နဲ့ထိန်းတဲ့ လီဗာကိုလုံးဝ အတိုးအလျှော့မလုပ်တတ်တာ ကျနော့်မှတ်ဉာဏ်ကပဲ အဲဖက်မှာသုံးမရတာလား....။ ကားကျတော့ ခြေထောက်နဲ့ထိန်းတာမလား ကျနော် သတ္တိနဲလှ ကြောက်တတ်လှချေရဲ့လို့  ကိုယ့်ကိုယ်ကို တစ်သက်လုံးစာရင်းသွင်းထားခဲ့တာ မော်တော်ကားကျတော့ ရှောရှောရှူရှူမောင်းတတ်သွားတယ်.....။

ကျနော်ပြောပြမယ် ဆိုင်ကယ်ကို ငယ်ငယ်ကတည်းက စီးရမှာဘယ်လောက်ကြောက်ခဲ့လည်းဆိုတာ...။ အသက် 18နှစ်ပြည့် မှတ်ပုံတင်ပြန်လဲရမယ်ဆိုတော့ ကျနော်တို့ တာလေမှာရှိတဲ့ 18ရှစ် ကလေးတွေအကုန်စုပြီး တာချီလိတ် လူဝန်မှုကြီးကြပ်ရေးရုံးကိုသွားကြရတယ်...။ အဲတုန်းက တာလေကနေ တာချီလိတ်သွားရင် ခုခေတ်လို ကားတွေဘာတွေမပေါသေးဘူး လိုင်းကားရယ်လို့ သပ်သပ်မှတ်မှတ်မရှိသေးဘူး ဆိုင်ကယ်ကိုပဲ အဓိက အားကိုးကြတာ...အဲမှာ စတွေ့တာပဲ ကျနော်က ကျနော့်သူငယ်ချင်း စိုင်းမင်းမင်းဆိုတဲ့ ကောင်လေးနဲ့ ဆိုင်ကယ်စီးရတယ်...။ အမေတို့ အဖွားတို့ကလည်း စိတ်ဓါတ်ပဲနော် ကိုယ့်သမီးကို လူကြီးမပါဘဲ လွတ်တာပဲ သူစိမ်းတွေနဲ့ စိတ်ချလက်ချကို...။ ကျနော်ကတော့ ပြန်တွေးကြည့်မိတိုင်း သူတို့ကိုစိတ်တိုတာပဲ ကိုယ့်ကိုယ်ကို အားကိုးစိတ်ရှိတောင် သင်ပေးလိုက်တာကတော့ ကျေးဇူးတကယ်တင်ပါတယ် ဒါပေမယ့် လူကြီးတစ်ယောက်လောက်တော့ထည့်ပေးသင့်တယ်မဟုတ်လား...။ အဲတုန်းက ကျနော့်အဒေါ်အငယ်ဆုံးက တာချီလိတ်မှာနေတာ ဆိုတော့ အဒေါ်လာခေါ်ပေးတယ်ထင်တယ် အဲဒါမမှတ်မိတော့ဘူး...။ ဆိုင်ကယ်စီးရတာ ပြောဦးမယ် အဲမှာ စိုင်းမင်းမင်းက သူ့အဖေ DT ယောကျာ်းစီးဆိုင်ကယ်နဲ့ ကျနော်က သူ့နောက်ကခွစီးလိုက်ရတာ...။ ဆိုင်ကယ်စီးရင် အရှေ့က မောင်းတဲ့သူ ခါးကိုဖက်ရင်ဖက် မဟုတ်ရင် ပခုံးကိုင်ထားတာတို့ဘာတို့ တစ်ခုခုတော့သူတို့အသားကိုထိရတယ်ကွာ... အဲမှာကျနော်က သူ့ခါးလဲမထိချင် ပခုံးလဲမကိုင်ချင်လို့ အနောက်ကကယ်ရီယာကို လက်နှစ်ဖက်နောက်ပြန်ကျစ်ကျစ်ကိုင်ပြီးလိုက်သွားတာ(အဲဒါတကယ်တော့ အန္တရယ်သိပ်များတာ ဟန်ချက်မညီတာနဲ့ ပြုတ်ကျပီပဲ) အဲခေတ်က လမ်းပန်းဆက်သွယ်ရေးကသိပ်မကောင်းသေးတော့ တာလေ-တာချီလိတ်ကို လေးငါးနာရီလောက်မောင်းရတာ ညလည်းကျတော့ လက်မောင်းရင်းတွေညောင်းကိုက်လိုက်တာဆို အဲဒါ ခုထိမှတ်မိနေသေးတာ...။ ကျနော်က ဆိုင်ကယ်စီးရင် အိမ်က ဦးလေးအရင်းကလွဲပြီး ဘယ်သူစိမ်းရဲ့ ခါးကိုမှမဖက် မတို့ မထိဘူး....စီးလည်းစီးခဲတယ်...။ ကျနော်တို့နေတဲ့တိုက်မှာလည်း တခါတလေ ဓါတ်လှေခါးစီးရင် အထဲမှာ ခေါင်းမလျှော်ထားတဲ့အနံ့တွေ ကိုယ်နံ့တွေကျန်နေခဲ့ရင် ကျနော်တအားစိတ်ညစ်တာ စက္ကန့်ပိုင်းလေးစီးရတာလေးကို ကျနော်က နှာခေါင်းပိတ်တာ အသက်အောင့်ထားရတာမျိုးလုပ်သေးတာ ကြီးကျယ်တာတော့မဟုတ်ဘူး ကျနော်လူစော်နံတာမကြိုက်တာ အထူးသဖြင့်ယောကျာ်းစော်နံတာကိုမကြိုက်တာ(အမျိုးသားစာဖတ်ပရိတ်သတ်များကိုတော့ အားနာပါတယ်) ဒါက ကျနော်တကယ်ဖြစ်ပျက်ကြုံတွေ့နေရတဲ့ စိတ်ခံစားမှုကို ရိုးသားစွာဝန်ခံတာပါ...။ လူပိန်းတွေကတော့ ဇီဇာကြောင်တာလို့ အလွယ်ပြောကြတာပဲ...။ အဲဒါ တကယ်  ဟုတ်တယ်  ကျနော်ဟာ ဗြဟ္မာဏပြည်ကလာခဲ့တာပဲ သေချာတယ်..။

အဲဒါနဲ့ ဆိုင်ကယ်တွေမရှိတဲ့ ရန်ကုန်မှာ နှစ်ပေါင်းများစွာနေလာခဲ့တာ ဆိုင်ကယ်ထပ်စီးရတာနောက်တစ်ခါရှိတယ် ပုလဲမြို့သစ်ဖက်က သီလရှင်ကျောင်းကို ရုံးကနေသွားလှူကြတော့ လမ်းမထိပ်မှာပဲ ငှားသွားတဲ့ကားက ချပေးခဲ့တာ အဲဒီသီလရှင်ကျောင်းရောက်ဖို့က ခြေကျင်လျှောက်ရင်အရမ်းဝေးတယ်ဆိုပြီး ဆိုင်ကယ် ကယ်ရီငှားစီးရတယ် အဲမှာထပ်တွေ့တာပဲ...။ ဒီတစ်ခါတော့ ကျနော်က ဘေးတစ်စောင်းထိုင်လိုက်တာ ဆိုင်ကယ်မောင်းသမားကို လုံးဝမထိဘဲ ခုံကိုပဲကိုင်ပြီးလိုက်တာပဲ တကယ်စိတ်မောရတယ် ဆိုင်ကယ်စီးရတာ ကျနော့်အတွက် သက်တောင့်သက်သာ လုံးဝမရှိဘူး....။ ပြီးတော့ ချင်းတောင်ဖက် ခရီးသွားတုန်းကလဲ တောင်မကြီးပေါ်ကျနော် အောက်စီဂျင်ကျလို့ လမ်းလျှောက်မဆင်းတော့ဘဲ ချင်းအဘိုးကြီးမောင်းတဲ့ဆိုင်ကယ်နောက် ထပ်လိုက်စီးရပြန်ရော အဲမှာ ကျနော်က အမေကိုအလယ်မှာထိုင်ခိုင်းပြီး ကျနော်ကျတော့ အနောက်ဆုံးမှာထိုင်လိုက်တယ် မောင်းသူအပါ သုံးယောက်စီးရတာပေါ့ အဲတုန်းက တောင်အောက်ရောက်ချင်ဇောနဲ့ စီးလိုက်ရတာ တကယ်က အောက်ကိုမရောက်ခင် အချိန်ပိုင်းလေးက ကျနော့်အတွက် ဘယ်လိုမှနေလို့မကောင်းဘူး ကမ္ဘာပျက်နေတာ အဲဦးလေးကိုလည်း ဖြေးဖြေးမောင်းနော်လို့ ပြောရသေးတယ် တောင်ပေါ်ကနေသူမောင်းချလာတာ လမ်းကလည်းကြမ်း မြန်ကလည်းမြန်သေးတယ်...။

ဆိုတော့ ကျနော် စိတ်ထဲ ကြည်ကြည်ဖြူဖြူနဲ့လက်ခံပြီး ဆိုင်ကယ်လိုက်စီးဖူးတဲ့ အမောင်းသမားဆိုတာ တကယ့်ကံအကောင်းဆုံးလူသားလို့တောင် သတ်မှတ်လို့ရသေးတာပဲ....:)

ဟုတ်ကဲ့.... ကျနော်ဟာ ဗြဟ္မာဏပြည်ကလာတဲ့ ဗြဟ္မာလူသားတစ်ယောက်ပါ........ လို့ ပြောချင်ပါတယ်

 

##     စကားမစပ် တစ်ခုပြောချင်လို့ ဒီကြားထဲ ကျနော် ဘလော့ခေတ်တုန်းက ခင်ခဲ့ဖူးတဲ့ ဘလော့ဂါအဟောင်းတွေ အွန်လိုင်းမှာ ပြန်ဆုံဖြစ်တာ နှစ်ယောက်ရှိတယ် အဲနှစ်ယောက်လုံးကဘာထူးဆန်းလည်းဆို ကျနော့်ကို "အစ်မ ကျန်းမာရေးဂရုစိုက် အရင်လိုပဲ ချောလှနေပါနော် ပြန်လာရင်တွေ့ချင်သေးတယ်"တို့ဘာတို့အဲလိုအဓိပ္ပါယ်မျိုးပေါက်တာနှစ်ယောက်စလုံး ပြောကြတယ်...။ အွန်လိုင်းမှာတွေ့တိုင်း ကျနော့်ကို သူတို့က နေကောင်းကျန်းမာအောင်နေဖို့ပဲ လာလာမှာတတ်ကြတယ်... အေးလေ အသက်အရွယ်အရ အဲလိုပြောဖို့ အချိန်ရောက်လာခဲ့ပြီကိုး....။ ကိုယ့်အစ်မတစ်ယောက်လို စိတ်ပူပေး ဂရုစိုက်ပေးကြလို့ ကျေးဇူးတကယ်တင်ပါတယ်....။ ကျနော့်ကို သူတို့က ကျနော်အမြဲနုပျိုလန်းဆန်းနေရအောင် နှစ်တစ်ထောင်မြေခွေးလူသားမျိုးနွယ်လို့ထင်နေသလား ကျနော်လဲ အချိန်နဲ့အမျှအိုရဦးမယ်လေ အရွယ်ကျရဦးမယ်လေ .... နော်....။ ဒါပေမယ့် မပူကြနဲ့ ငါက မသေမချင်း လန်းနေ ဂေါ်နေဦးမှာလို့ပြန်ပြောခဲ့တယ်...။ သူတို့ကကျတော့ ကလေးအဖေတွေ အဖိုအိုပေါက်စနတွေ ဖြစ်ကုန်ကြပြီမပြောဘဲနဲ့...။


Wednesday, 29 October 2025

အသည်းနှလုံးပြန်တမ်း.....


 

တကယ်က ကျနော်ကားမောင်းရင်း FM ကလွှင့်တဲ့ စိုင်းစိုင်းသီချင်းတစ်ပုဒ်ကို ကြိုက်လို့ You Tube မှာသွားရှာရင်း ဒီသီချင်းလေးကိုတွေ့ခဲ့တာပါ...။ ကျနော်ရှာနေတဲ့သီချင်းက စိုင်းစိုင်းရဲ့ ပိတောက်ကတဲ့ဂီတ ထဲက "ယုံပါ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်မှန်း အဲကျမှလည်းသိတာ...။ "အသည်းနှလုံးပြန်တမ်း"က အဲလက်စ်  featuring သီဆိုပေးထားတာ...။ 

ဒီသီချင်းက သေဆုံးသွားပြီဖြစ်တဲ့ ကျနော့်နှလုံးသားအတွက် ပြန်တမ်းစာတစ်ပုဒ်လို့လည်းပြောလို့ရသလို ကျနော့်ကို အမြဲသတိရနေတဲ့ ကျနော့်ကို ဘယ်တော့မှမေ့မရတော့တဲ့သူတစ်ယောက်အတွက်လည်း ဖြစ်ပါတယ်...။




Friday, 24 October 2025

#ဗြဟ္မာဏပြည်မှလာသည်.....(၁)

 

#ဗြဟ္မာဏပြည်မှလာသည်


ဒီနေ့ နေ့လည်အိမ်ပြန်ထမင်းစားနေတုန်း အမေက တီဗီကလာတဲ့ ဇာတ်ကားထဲက သူ့အမေပေါင်ပေါ်ထိုင်ပြီး ခေါင်းငုံ့ရှက်နေတဲ့ သုံးနှစ်အရွယ်ကလေးမလေးကိုကြည့်ပြီး အမေက သမီးငယ်ငယ်ကနဲ့တူလိုက်တာလို့ပြောတယ်...။ ကျနော်ငယ်ငယ်က လူကြောက်တတ်တာ သူစိမ်းကြောက်တတ်တာတော့ မှတ်မိတယ်...။ ပြီးတော့ အမေကဆက်ပြောတယ်...။ အဲတုန်းကလေ သမီးအဒေါ်တွေကို လူပျိုလာလည်တဲ့ဗိုလ်ကြီးတွေက သမီးကိုချစ်လို့ဆိုပြီး သူတို့ပေါင်ပေါ်ချီတင်ထားတော့ အဲလိုပဲ ခေါင်းလေးငုံ့နေတာလို့ပြောတော့ ကျနော် စိတ်တိုသွားတာ ကိုယ့်သမီးကို သူစိမ်းယောကျာ်းတစ်ယောက်ကိုပေးချီကောင်းလားဆိုပြီးတော့လေ...။ ကျနော်သာ သမီးလေးတစ်ယောက်မွေးထားခဲ့ရင် သူ့အဖေအရင်းကလွဲပြီး ဘယ်သူစိမ်းယောက်ျားကိုမှပေးပွေ့ချီမှာမဟုတ်ဘူး တဏှာကောင်(တချို့)တွေက ကလေးဆိုပေမယ့် ကြီးကြီးငယ်ငယ် အလွတ်ပေးမှာမဟုတ်ဘူး...။ အဲလိုတွေးမိရင်း အော် ငါ အိမ်ထောင်မကျတာလည်းမဆန်းဘူးလို့ ကျနော် အားလုံးကိုချစ်ပါတယ် ဒါပေမယ့် အားလုံးကို ကျနော် နဲနဲကလေးမှ အယုံအကြည်မရှိတာကိုတော့ ခွင့်လွတ်ကြပါလို့... ပုရိသယောက်ျားများကိုပြောပါတယ်....။ ကမ္ဘာကြီး တဖြေးဖြေးလူဦးရေလျော့ကျ မျိုးသုဉ်းတော့မှာလို့ ခန့်မှန်းကြတာ ဟုတ်မှာပါ.....။ ဗြဟ္မာဏပြည်ကလာတဲ့သူတွေက မာနကြီးတယ်တဲ့ သူတို့ဘုန်းကံနဲ့မယှဉ်နိုင်သမျှ ဘယ်သူမှ အနားမှာနေလို့မရဆိုတာ ဟုတ်မယ်.....:)

ကျနော် ခုနှစ်တန်း ဆယ့်သုံးနှစ်သမီးအရွယ် ရန်ကုန်ကိုလေယဉ်စီးလာတုန်းကလည်းအဲလိုပဲ လူကြုံကို ယောက်ျားလူကြုံနဲ့ထည့်ပေးလိုက်ကြတာ အမေတို့အဖွားတို့က တကယ်ပဲ သူတို့ခေတ် Generation တွေကို မတွေးတတ်မခေါ်တတ် တုံးအ စာမတတ်ပေမတတ်ဖြစ်အောင် လုပ်ထားကြတာလေ အေဘီစီ အင်္ဂလိပ်စာတောင် ငါးတန်းမှစသင်ရတာ အဲလို...။ အဲဒါ ဒုတိယကမ္ဘာစစ်နောက်ပိုင်း နှစ်တွေမှာမွေးကြတဲ့သူတွေအားလုံးပဲ...။ ကျနော်တို့  Gen Y တွေကျမှ ကိုယ်ခံရသမျှ ကိုယ့်သားသမီးမခံရအောင်လို့ သင်ခန်းစာတွေတသီကြီးယူထားပြီး ကိုယ့်ထက်သာအောင် သားသမီးတွေကို ရသလောက် ကြိုးစားအားထုတ်ပံ့ပိုးကြတာ အကျယ်ချဲ့ပြီးမပြောတော့ဘူး ကျနော်တို့ပတ်ဝန်းကျင်မှာ မြင်နေရတာမလား...။ ကိုယ်တိုင် ပိတ်လှောင်ခံရ မလွတ်မြှောက်ခဲ့သမျှ ကိုယ့်ရဲ့မျိုးဆက်တွေမခံရအောင်လုပ်ပေးကြတာ မြင်ရတာ အားရစရာပါပဲ...။ မလုပ်တဲ့လူလည်းမလုပ်ကြပါဘူး....။ အဲဒါကတော့ ကြောက်စိတ်တွေ ကြီးစိုးခဲ့တဲ့ မိဘဘိုးဘေးတွေရဲ့ လက်ကျန်မှိုင်းမိနေတုန်းသူတွေဆိုပါတော့...။

ဟုတ်ကဲ့.... ကျနော်ဟာ ဗြဟ္မာဏပြည်ကလာတဲ့ ဗြဟ္မာလူသားတစ်ယောက်ပါ........ လို့ ပြောချင်ပါတယ်


Wednesday, 22 October 2025

ဘားမှမဟုတ်.....








အွန်လိုင်းမှာ ကလေးတွေ ခေတ်စားနေကြတာ အရုပ်ကလေးတွေ blind box ဖောက်တယ်ခေါ်ကြတာလား ကိုယ်ဝယ်လာတဲ့ ဗူးထဲက ဘာအရုပ်ဖြစ်မလဲ ဘာအရောင်ကျမလဲဆိုတာ ဖောက်ကြည့်ရတာ ဈေးကလည်း အသေကြီးတာရော အဲအရုပ်တွေက သူတို့ကလေးတွေ ဂိမ်းဆော့တဲ့ထဲက ဇာတ်ကောင်လေးတွေဖြစ်မယ်ထင်တယ် ဒီအရုပ်လေးက ကျနော် ပစ္စည်းတစ်ခုဝယ်လို့ လက်ဆောင်ထည့်ပေးလို့ရတဲ့အရုပ် သော့ချိတ်ကလေး တကယ်က ကျနော်အဝါရောင်မကြိုက်ဘူး ဒါမယ့်အရုပ်လေးရဲ့မျက်လုံးလေးကလှလိုက်တာလို့ သနားကမားရုပ်ကလေး ငိုနေတာထင်တယ် မျက်ရည်လုံးကလေးပါတာ...။ ခုနောက်ဆုံးထွက်တာက skull panda series ထဲက You found me series အရုပ်လေးတွေအကုန်လှတယ် အဲထဲက မျက်နှာမဲမဲနဲ့ အဖြူရောင်လေးကိုကြိုက်လို့ မှာထားသေးတယ် ...။ ကျနော်က blind box မဖောက်ချင်လို့ အရောင်ရွေးယူလို့ 210000/- ကျပါတယ်...။ ပုံမှာ အရုပ်မရွေး ကျတာယူဆို တစ်ရုပ်ကို 190000/- ကျတယ်...။ အမလေး အခုသာ ကျနော် ကလေးဘဝပြန်ရောက်ရင် ကုန်လိုက်မယ့် ပိုက်ဆံတွေ....။ သဌေးအိမ်မှာလူသွားဖြစ်မှ တော်ခါကျတော့မယ်....။ ကျနော်အခုဝယ်တဲ့ စီးရီးထဲမှာ အရုပ်ဆယ်ရုပ်ပါတယ် တကယ်တမ်းမကြိုက်တဲ့အရုပ်က မြေပဲမတစ်ရုပ်ပဲရှိတာ... မှာထားတာရမှာ ပြန်လာပြမယ် အဲခါကျမှ ဆယ်ရုပ်စလုံးရဲ့ပုံနဲ့ နာမည်လေးတွေပါတင်ပေးမယ်...။ 





ကျနော်တို့ ရန်ကင်းမှာ ကော်ဖီဆိုင်ကောင်းကောင်းတွေ အတော်များတာကိုး....။ ဒီဆိုင်လေးက ချောင်ထဲမှာ အတွင်းဒီဇိုင်က အဟောင်းပုံလေးလုပ်ထားတယ် ကော်ဖီစေ့ကောင်းတယ် မုန့်လည်းမဆိုးဘူး ထိုင်လို့ကောင်းတယ် ချောင်းကလေးဘေးနားမှာ  Golden City ရှေ့က တံတားဘေးကနေဝင်သွားရတာ Hidden gem လေးတစ်နေရာပေါ့....။


What's Up Cafe ဆိုင်လေးရဲ့ မျက်နှာကျက်ဒီဇိုင်း တံပြက်စည်းကြမ်း မီးအုပ်ဆောင်းတွေ....



ဒါက အိမ်မှာလုပ်ရောင်းတဲ့ မီနီဘာဂါ အော်ဒါလေးတစ်ခု အရမ်းစားကောင်းသောလေး



မီနီဘာဂါနဲ့ အုန်းသီးကိတ်လေး  set menu လေးလုပ်ရောင်းတဲ့နေ့က



Kudos မုန့်ဆိုင်က လာတေးအပူလေးတစ်ခွက်လောက်သောက်မယ်



အွန်လိုင်းမှာ trend ဖြစ်နေတဲ့ ဆိုင်လေး "ကာကာဆိုင်" တဲ့ old school ပုံလေးပေါ့ 1980 ဝန်းကျင်က လက်ဖက်ရည်ဆိုင် vibe မျိုးလေး ဖန်တီးထားတာ ဒီနေရာက ပုလဲကွန်ဒိုဆိုင် 
နောက်တစ်ဆိုင်က ပြည်လမ်းပေါ်မှာရှိတယ် လှည်းတန်းစင်တာနားက



လက်ဖက်ရည်ခွက်လေးက သေးတော့ သောက်မဝဘူး အရသာကတော့ သိပ်မထူးခြား 
အပြင်အဆင်အသုံးအဆောင်သူများနဲ့မတူတာပဲရှိတာပါ



ထမင်းဖြူတတ်နိုင်သလောက်ရှောင် ဆန်လုံးညိုချက်စားဖြစ်နေတယ် စေးစေးလေးနဲ့ ပြောင်းဖူးစေ့နဲ့တူတယ်
ပုံမှာက လက်ပံပြားကြက်ကြော်နဲ့ ရှမ်းငရုတ်သီးထောင်း



ကျနော့်ရဲ့ တစ်မနက်သော မနက်စာ ကောက်ညှင်ပေါင်းငချိပ်ပဲပေါင်းကို အုန်းဆီချက်နဲ့နယ်ထားပြီး 
စားတော်ပဲပြုတ်လေးဖြူး ကာဖီတစ်ခွက်နဲ့


စကော့ဈေးခုံးတံတားအောက်က အကျိကြာဇံကြော် ခေါက်ဆွဲကြော် ဝက်သားတုတ်ထိုးဆိုင်လေး 
အဲဈေးသွားတိုင်း မရိုးအောင်စားဖြစ်သော


6မိုင်ခွဲ Market Place က The District Cafe က Macha latte 
ဒါနဲ့ အခု သွင်းကုန်တွေအကုန်ပိတ်ခံထိတော့ အဲဒီ green tea macha အမှုန့်လေးတောင်မရတော့ဘူး



အဲမှာ အမေဇုံကော်ဖီဆိုင်မှာသောက်လိုက်ရသေ junction city ဆိုင်က



အိမ်မှာ မုန့်ဟင်းခါးချက်စားတဲ့နေ့က အဒေါ်အငယ်လုပ်ကျွေးသော ရွှေဖရုံသီးနဲ့ထန်းလျက်အချိုပွဲ



စားကြပါဦး ငါးခူမရလို့ ငါးကြင်းနဲ့ပဲချက်စားဖြစ်တဲ့ အိမ်လုပ် မုန့်ဟင်းခါးလေးပါ







အပျိုကြီးပဲတဲ့ ရန်ကုန်အခေါ် အညာမှာတော့ ပဲကျားဆိုလား ပဲစေ့လေးက အစင်းကျားလေးပါတာဗျာ 
အဲဒါ နှစ်ရေလောက်နူးအောင်ပြုတ်ပြီး ကြက်သွန်ဖြူ ဂျင်းဆီသတ် 
ဆား နနွင်းလေး ဘာလေးထည့်နှပ်ပြီး စားရတာ ထမင်းကိုမြိန်ရောပဲ



မနက်ခင်း မုန့်ဟင်းခါးချက်ရင်း ဗိုက်ဆာလာလို့ ငပိရည်လေးနဲ့ ငရုတ်သီးမှုန့်နဲ့နယ်ဖတ်စားတာ 
အမလေးကောင်းချက် ဘာဟင်းမှမလို


အုန်းပင်လေးတွေနဲ့ ကောင်းကင်အရာင်လှလို့ ကန်သာယာမှာ







 

Wednesday, 15 October 2025

ရင်ခွင်သစ်.....

 

ကိုမျိုးကျော့ပြန်ဆိုတဲ့ "ရင်ခွင်သစ်"


ဒီသီချင်းကို ကျတော်တို့ ငယ်ငယ် ချာတိတ်ကတည်းက နားထောင်ခဲ့ဖူးတဲ့ တာရာရဲ့  "ပုလဲသီတစ်ကွဲစီ"အခွေထဲကလို့မှတ်မိတယ်....။ ပြောမယ်ဆို ကျနော်တကယ့်ကလေးဘဝထဲက ဂီတကိုနှစ်သက်မြတ်နိုးခဲ့ဖူးတာပဲ..ခုအချိန်ခုအရွယ်အထိ ကျနော် သီချင်းတွေကို ခေတ်နဲ့အညီ လိုက်နိုင်သလောက်နားထောင်ဖြစ်နေတယ် ကျနော်မသိ နားမထောင်ဖူးတဲ့ အသစ်တွေလည်း အများကြီးရှိမှာပါ....။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကိုယ့်ခေတ် ကိုယ့်အခါက သီချင်းကိုတော့ ဒီနေ့ထိမေ့မရ နားထောင်နေတာ စွဲလန်းနေတာကလည်း သီချင်းတွေကို ရူးသွပ်လွန်းလို့လည်းပါတယ်...။ တစ်ခါက ကျနော့် မိတ်ဆွေတစ်ယောက် ကျနော့်ကို " သီချင်းရယ် ကော်ဖီရယ် ဖုန်းရယ် အဲသုံးမျိုးထဲကဆို ခင်ဗျားဘာရွေးမလဲ"လို့ မေးဖူးတယ်လေ...။ အဲတုန်းက ကျနော်က သီချင်းကိုရွေးလိုက်တော့ သူအံ့အားသင့်သွားတယ်....။ 

သူက " အင်း ကောင်းသားပဲ ကော်ဖီမသောက်ရလဲ နွားနို့သောက်လို့ရတာပဲ သီချင်းနားမထောင်ဘဲဘာမှလုပ်လို့မရဘူး ခင်ဗျားရွေးတာမိုက်သားပဲ"တဲ့ ...."ဖုန်းကိုမရွေးတာတော့ လေးစားစရာပဲ"လို့ ကျနော့်ကိုမှတ်ချက်ချဖူးတယ်...။  ပြီးတော့ပြောသေးတယ် "ခင်ဗျားက နှစ်ဆယ်ရာစုကို ပိုစွဲလန်းတယ်လို့ ပြောလို့ရလား? "တဲ့....။ တကယ်တော့ ဖုန်းတို့ အင်တာနက်တို့မရှိတဲ့ခေတ်ကလည်း သူ့ဘာသာသူ ကောင်းကျိုးဆိုးကျိုးရှိသလို အခု ခေတ်နည်းပညာထွန်းကားလာတော့လည်း ဆိုးကျိုးကောင်းကျိုးရှိတာခြင်းတူတူပါပဲ...။

တာရာရဲ့ ပုလဲသီတစ်ကွဲဆီ သီချင်းနားထောင်ဖူးတုန်းက ကျနော်ကဆယ်တန်းအောင်ခါစ မြီးကောင်ပေါက်အရွယ်ပဲရှိသေး....စွဲစွဲလန်းလန်းကိုနားထောင်ခဲ့ဖူးတာပေါ့...။ ဒီသီချင်းက "R ဇာနည်"ကို အဆိုရှင်တစ်ယောက်အဖြစ် ပရိတ်သတ်တွေ မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့ သီချင်းလည်းဟုတ်တယ်....။ အခုက ကျနော် ကိုမျိုးကျော့ပြန်ဆိုတာလေး သဘောကျလို့ လာတင်ထားတာ.... မူရင်းသီချင်းရဲ့ music instrument အတီးနဲ့ ဒီဖက်ခေတ် music arrangement ကဘာမှမဆိုင်တော့ဘူးလေ...။ အဲတော့ အရသာခြင်းတော့ နားထောင်ရတာကွာတယ်....။ တခြား တာရာဆိုထားတဲ့ "တမ်းတခွင့်ပြုပါ(ပုလဲသီတစ်ကွဲစီ)" "အသည်းကွဲညနေခင်းများ" "အစဉ်အမြဲ" "ဂန္ဓဝင်ဆည်းဆာ" သူတို့ခေတ်တုန်းက တာရာနဲ့ ကိုငှက်ကြီးတို့က အသံ color တော်တော်ဆင်တူကြတယ်...။ ဒါပေမယ့် စတိုင်လ်တော့ကွာပါတယ်...။


တေးရေး ကလိုမှုးရေးထားပြီး တာရာဆိုထားတဲ့ ရင်ခွင်သစ်



Friday, 10 October 2025

လက်ဖက်ရည်ဆိုင်.....

 





မြေနီကုန်းစီးတီးမတ်ထဲရောက်တော့ လျှောက်ကြည့်ရင်း စာအုပ်တန်းမှာ ဆရာမြသန်းတင့်ရဲ့ လက်ဖက်ရည်နဲ့ပတ်သက်တဲ့ စာအုပ်နှစ်အုပ်ရခဲ့တယ်....။ ထုံးစံအတိုင်း ဆရာမြသန်းတင့်ရဲ့ ဘာသာပြန် Lao She ရဲ့ Tea House နဲ့ ဆရာရဲ့ ကိုယ်ပိုင်အရေး "လက်ဖက်ရည်ဆိုင်" ဆိုတဲ့ စာအုပ်တွေ....။  Lao She ရဲ့ Tea House ကတော့ လက်ဖက်ရည်ဆိုင်ကို အကြောင်းပြုပြီး တရုတ်ပြည်ရဲ့ ခေတ်သုံးခေတ်အကြောင်းကို ရေးပြသွားတာ ...။ 

ဆရာမြသန်းတင့်ကိုယ်ပိုင်အရေးဖြစ်တဲ့ "လက်ဖက်ရည်ဆိုင်" ကိုတော့ ဖတ်ပြီးသွားပြီ....။  စာအုပ်လေးက ပါးပါးလေး ဆရာက သူ့အသက် ဆယ့်သုံးနှစ်သားလောက်က လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ အဲဒီဆိုင်ဖွင့်ဖြစ်ရခြင်းရဲ့အကြောင်းကိုပြောပြထားတာတွေ အရှေ့ပိုင်းမှာတော့ သူ့ဇာတိရွာလေးမှာ လက်ဖက်ရည်ဆိုင်ဘယ်နှစ်ဆိုင်ရှိခဲ့တယ် ဘယ်သူတွေက စဖွင့်ခဲ့တာတွေရယ် လက်ဖက်ရည်ဆိုင်လာထိုင်တဲ့သူတွေအကြောင်းကို စုံစုံလင်လင်ရေးပြထားသလို အဲဒီခေတ်က ဖက်ဆစ်ဂျပန်တွေကို ဘယ်လိုတော်လှန်ခဲ့တဲ့ဆိုတဲ့အကြောင်း စာမျက်နှာနည်းနည်းနဲ့ ရသစုံစုံလေးရေးပြသွားခဲ့တာလေးပါ....။ ဆယ့်သုံးနှစ်အရွယ် ဆယ်ကျော်သက်မှာ ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို အသေးစိပ်မှတ်မိရေးပြနိုင်လောက်အောင် ဆရာကိုယ်တိုင်က မှတ်ဉာဏ်ကောင်းသူဖြစ်သလို နေ့စဉ်မှတ်တမ်းပုံမှန်ရေးတဲ့သူတစ်ယောက်လည်း ဖြစ်နိုင်တယ်...။ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်အနေနဲ့ ကျူးကျော်လာတဲ့ ဖက်ဆစ်ဂျပန်တွေကို အမိနိုင်ငံတွက် တော်လှန်ရကောင်းမှန်းသိတဲ့ စိတ်ဓါတ်ကိုလည်း စာဖတ်နေရင်း ချီးကျူးမိတယ်...။ ကျနော်တို့ဒီဖက်ခေတ်ကလေးတွေကျတော့ ဂိမ်းဆော့မယ် ဘားသွားမယ် ကလပ်သွားမယ် အပျော်အပါးလိုက်ကြမယ် ကိုယ်ကျိုးကိုပဲကြည့်ကြတဲ့သူတွေများနေတော့ နောင်လာမယ့် အနာဂတ်နိုင်ငံကတော့ မတွေးဝံ့စရာပါပဲ.....။ လူငယ်တွေကို အဲဒီလိုဖြစ်အောင်လဲ စနစ်တကျ အကွက်ချ စီစဉ်ပြီး လုပ်ထားတဲ့ အလွန်အင်မတန်ကြောက်စရာကောင်းသော နိုင်ငံဖျက်သမားတွေက နှစ်ရှည် စီမံကိန်းဆွဲပြီး အုပ်ချုပ်ခဲ့ကြတာမလား...။

ဒီစာအုပ်ဖတ်ပြီး ကျနော်တို့ရွာမှာ ငယ်ငယ်က သောက်ခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်လေးကို သတိရသွားခဲ့တယ်...။ ကျနော် ခပ်ငယ်ငယ် အမေနဲ့ဈေးရောင်းလိုက်တုန်းက တာလေရွာထဲမှာ လက်ဖက်ရည်ဆိုင်မယ်မယ်ရရမရှိသေးဘူး....။ ရှမ်းပြည်ဆိုတော့ ရှမ်းခေါက်ဆွဲဆိုင်တွေပဲပေါတာမလား တရုတ်ထမင်းဆိုင်တောင်မှ တစ်ဆိုင်ထဲရှိတာ...။ အဲတုန်းက လက်ဖက်ရည်သောက်ချင်ရင် တာလေဈေးထဲက ဦးတင်ဝလက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲရှိတယ် အထပ်တစ်ရာ (ရန်ကုန်အခေါ် သကြားပလာတာ) အီကြာကွေး စမူဆာ အဲဒါတွေရတယ်...။ ကျနော်မှတ်မိသလောက် ဈေးထဲ ပေါက်ဆီလုပ်ရောင်းတဲ့သူတွေမရှိသေးဘူး....။ နောက်ကျတော့ ကျနော်တို့ အိမ်ရှေ့တည့်တည့်မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်လာဖွင့်တယ်....။ အဲဒီအိမ်အောက်ထပ်အခန်းကို လားရှိုးကပြောင်းလာတဲ့ တရုတ်လင်မယားနှစ်ယောက်က လာငှားဖွင့်တာ...။ ဦးသန်းထွန်းတဲ့ အဲဦးလေးနာမည်က သူက ပေါက်ဆီလုပ်တာ သိပ်ကောင်းတယ်...။ အဲအခါကျမှ ကျနော်တို့ပေါက်ဆီစားရတာ မဟုတ်ရင် အမေ တာချီလိတ်/မယ်ဆိုင်ဖက် ဈေးဝယ်ထွက်လို့မှ စားကြရတာ...။ ဦးလေးဦးသန်းထွန်းက ပေါက်ဆီလည်းလုပ်သလို အီကြာကွေးလည်းလုပ်ရောင်းတယ် အီကြာကွေး ပုတိုပိစိလေးတွေ သူစလုပ်ရောင်းတာပေါ့...။ အရင်ဈေးထဲဝယ်စားခဲ့ဖူးတာက အီကြာကွေးအချောင်းရှည်ရှည်တွေ...။

ဈေးထဲကဖွင့်တဲ့ ဦးလေး ဦးတင်ဝလက်ဖက်ရည်ဆိုင်မှာဆို တပ်ထဲကလူတွေလာအထိုင်များတယ် ဈေးကပ်လျက်က အုပ်ကျင်းရွာဆိုတာ တကယ်တော့ တပ်ထွက်ရဲဘော်ဟောင်းမိသားစုတွေနေကြတဲ့ ဗမာအများစုနေကြတဲ့ ဗမာရွာပေါ့... ဈေးကလည်း တပ်ရှေ့တည့်တည့်မှာတည်ထားတာကိုး အဲတုန်းက ကချင်(၅) တပ်ရင်း အခုတော့ ဘာတပ်ခေါ်လည်း ကျနော်သေချာမသိတော့ဘူး....။ အဲတပ်ကထွက်တဲ့ ကချင်တွေတော်တော်များများလည်း ကချင်ပြည်မပြန်ကြတော့ဘဲ တပ်နဲ့ တစ်မိုင်မရှိတရှိအကွာမှာရှိတဲ့ သီရိရွာမှာစုနေကြတယ် အဲရွာကို ကချင်ရွာလို့လည်းခေါ်ကြတယ်...။ ပြောချင်တာက ဦးတင်ဝဆိုင်မှာက တပ်ထဲက ဗမာတွေနဲ့ အုပ်ကျင်းရွာက ဗမာတွေထိုင်ကြတာများတယ်...။ အဲထဲမှာ အုပ်ကျင်းရွာက အဘထီဆိုတဲ့ အဘိုးကြီးက မိုးလင်းတာနဲ့ အဲဆိုင်မှာချည်းပဲ သူမိန်းမရောင်းတဲ့ မုန့်ဟင်းခါးဆိုင်မှာတောင်မထိုင်ဘူး (အရင် မုန့်ဟင်းခါးပို့စ်မှာတုန်းက ကျနော်ပြောဖူးတဲ့ ဒေါ်ပါဆွေဆိုတာ အဘထီအမျိုးသမီးပေါ့) အဘထီမြေး စိုင်းမင်းမင်းဆိုတာကလည်း ကျနော်နဲ့ကျောင်းမှာတစ်တန်းထဲ သူငယ်ချင်းတွေ...။ အဘထီကိုယ်တိုင်က တပ်ထွက်တစ်ယောက် (အရင်က ရဲဘော်ဟောင်းခေါ်ပေမယ့် အခုခေတ်တော့ စစ်မှုထမ်းဟောင်းလို့ခေါ်ကြမယ်ထင်တယ်) အဘထီက ရေဒီယိုနားထောင်တယ် သတင်းစာတွေဖတ်တယ် နိုင်ငံရေးအကြောင်း ဟောင်ဖွာဟောင်ဖွာ ပြောနေပြီဆို အဲဒါသူပဲ စစ်တပ်မုန်းတဲ့သူတွေဆိုရင်တော့ အဲအဖိုးကြီးကို ကြည့်မရကြဘူး...။ အများအားဖြင့်တော့ ရှမ်းတွေကို၌က ဗမာမုန်းတီးရေးဝါဒီရှိနေပြီးသား....။ 

လက်ဖက်ရည်အကြောင်းပြန်လှည့်ရအောင် ဦးလေး ဦးတင်ဝလက်ဖက်ရည်က ဗမာအချိုခြောက်နဲ့ ယိုးဒယားခြောက်ရောနှပ်လို့ မွှေးလည်းမွှေးသလို အရောင်လည်းလှတယ်...။ အရင်ခေတ်က လက်ဖက်ရည်ဖန်ခွက်လေးတွေ မှတ်မိကြတယ်မလား အခုခေတ်တော့ အဖြူရောင်ကြွေခွက်တွေပြောင်းသုံးကုန်ပြီ...။ အဲဖန်ခွက်နဲ့ဆိုတော့ အောက်ဆုံးအလွှာက နို့ဆီနဲ့အပေါ်အလွှာအကျရည်ကို သေချာမြင်ရတယ် ပြီးတော့ သတ္တုလက်ဖက်ရည်ဇွန်းနဲ့မသောက်ခင်မွှေရတာမျိုးလေ....။ ခုခေတ်လို နို့ဆီ နို့စိမ်း အကျရည်တစ်ခါထဲ ရောစပ်ဖျော်ပြီးသားမဟုတ်ဘူး...။ ကျနော်ကတော့ Old School လို့ပဲပြောပြော အဲခေတ်က လက်ဖက်ရည်ဆိုင်ရဲ့ presentation နဲ့ အရသာကိုပဲ သဘောကျနှစ်သက်တယ်...။ အဲတုန်းက နို့စိမ်းနဲ့လက်ဖက်ရည်မဖျော်ကြဘူး...။ နို့ဆီကလည်း ကုလာမခြင်းဆွဲ နို့ဆီဗူး ပျစ်ပျစ်နှစ်နှစ်ကိုပဲသုံးတာ...။ ကျနော် ရန်ကုန်မှာ အဲလိုအရသာမျိုးများရမလားလို့ နို့စိမ်းမထည့်ဘဲ နို့ဆီနဲ့အဖျော်ခိုင်းတာ အရသာက မတူတော့ဘူး အကျရည်ရော နို့ဆီရော အရည်အသွေးတွေက ပြောင်းလဲကုန်ပြီကိုး....။ ကျနော်တို့ငယ်ငယ်က ကုလားမခြင်းဆွဲနို့ဆီဆိုတာ စစ်တပ်က ရိက္ခာပေးလို့ရတာကို လာရောင်းစားကြတာ import ဝင်လာတဲ့ စားသုံးကုန်မဟုတ်သေးဘူး...။ လက်ဖက်ရည်ဆိုင်တွေက နို့ဆီ သကြားကို စစ်တပ်မိသားစုတွေက လာရောင်းတဲ့ ရိက္ခာကိုပဲအားထားပြီးဝယ်ကြရတာ မဟုတ်ရင်တော့ ယိုးဒယားကလာတဲ့ စံပယ်ပန်းတံဆိပ် (mali) နို့ဆီကိုပဲ သုံးရတာ အဲနို့ဆီကျတော့ ကျဲတောက်ကြီး...။ ဒါမှမဟုတ်လည်း နွားနို့ရတဲ့နေ့ဆို နွားနို့နဲ့ဖျော်တဲ့ လက်ဖက်ရည်လည်းသောက်လို့ရတယ်...။ ကျနော်တို့ဖက်က နို့စားနွားမွေးတဲ့လူလည်းရှားတော့ အုပ်ကျင်းမှာ တစ်ကောင်စ နှစ်ကောင်စ မွေးတဲ့အိမ်တွေဆီက နို့ညှစ်ရောင်းမှသာ နွားနို့စစ်စစ်ကို သောက်ရတာပဲ...။ ဖန်ပုလင်းနဲ့တစ်ပုလင်းကိုဘယ်လောက် စသဖြင့်ရောင်းတာပေါ့...။ ဦးလေး ဦးတင်ဝဆိုင်က လက်ဖက်ရည်အပြင် အထပ်တစ်ရာ ပလာတာ စမူဆာကောင်းတယ် သူက အစ္စလာမ်လူမျိုးဆိုတော့ အိန္ဒယမုန့်တွေလုပ်တာနိုင်တယ်...။ ဂျုံဆိုလည်း အရည်အသွေးကောင်းလို့လားမသိဘူး မုန့်တွေက ကြော်ပြီးထွက်လာရင် ဂျုံနံ့ကမွှေးနေရောပဲ အခုခေတ်ကအဲလိုအနံ့အရသာမရတော့ဘူး...။





ကျနော်တို့ အိမ်ရှေ့က ဦးလေး ဦးသန်းထွန်းဆိုင်ကျတော့ အိမ်ဆိုင်ဆိုတော့ တစ်နေကုန်ဖွင့်တာ သူ့ဆိုင်ကျ တောင်ကြီး ကျိုင်းတုံ မိုင်းဖြတ်ကလာတဲ့ ခရီးသည်တင်ကားတွေ ကုန်ကားသမားတွေနဲ့ တာလေကလူတွေ အထိုင်များတယ် လူစုံတယ်ပေါ့....။ ပြီးတော့ သူ့ဆိုင်က ကက်ဆက်နဲ့ ဘောက်စ်တွေနဲ့ သီချင်းလည်းဖွင့်ပေးတယ်...။ နည်းနည်းပိုခေတ်မှီတာပေါ့...။ သူ့ဆိုင်က ပေါက်ဆီ ပဲမုန့် အီကြာကွေးပုစီလေးတွေကောင်းတယ်.. .. လက်ဖက်ရည်လည်းကောင်းပါတယ်...။ သူက လားရှိုးမှာနေစဉ်ကလည်း လက်ဖက်ရည်ဆိုင်အတွေ့အကြုံရှိခဲ့ဖူးသူတစ်ယောက်...။ မှတ်မိသေးတယ် ကျနော် ဆယ်တန်းအောင်လို့ အိမ်ကခဏပြန်လည်တုန်းက သူငယ်ချင်းတွေနဲ့ အဲဆိုင်မှာထိုင်ကြသေးတယ် ငှားလာတဲ့ ကာတွန်းစာအုပ် မဂ္ဂဇင်းစာအုပ်တွေဖတ် စာစောင်တွေဖတ်ရင်း ရေနွေးခရားတစ်အိုးပြီးတစ်အိုးသောက်ပြီး တစ်နေကုန်အာလူးတွေဖုတ်ကြတာ...။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်တော့ ပြောင်းသွားပြီး ဦးသန်းထွန်းတို့ မိသားစုက အကုန် လားရှိုးကိုလား မန္တလေးကိုလားမသိ ပြန်ပြောင်းသွားကြပြီ သူ့ဆိုင်တစ်ခုလုံးကို ငှားပေးတဲ့ အိမ်ပိုင်ရှင်ကပဲ လက်ပြောင်းလက်လွှဲယူပြီး ပြန်ဖွင့်တာ ဟုတ်တယ်...။ သူတို့လည်း မုန့်လုပ်တာ ဘာညာအကုန်ပြန်သင်ထားတော့ ဆိုင်ဆက်ဖွင့်ဖို့ အဆင်ပြေသွားတယ် ဖောက်သည်ကလည်းရှိပြီးသားဆိုတော့ ရောင်းမကောင်းဖို့လည်း သိပ်မစိုးရိမ်ရတော့ဘူး...။ ပြီးတော့ တာလေမှာလည်း လက်ဖက်ရည်ဆိုင်ဆိုလို့ အဲတစ်ဆိုင်ထဲရှိတာလေ..။ 2011 ငလျင်လှုပ်တော့ ဦးသန်းထွန်းလက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့အိမ်က ငလျင်ကြောအောက်မှာပြားပြားဝပ်အကုန်ပြို ငလျင်မလှုပ်ခင်အရှေ့ပိုင်းနှစ်တွေကတည်းကလည်း လက်ဖက်ရည်ဆိုင်မဟုတ်တော့ဘူး ရှမ်းခေါက်ဆွဲဆိုင်ဖြစ်သွားပြီ အဲဆိုင်ရှင်အဒေါ်နဲ့သူ့သားက ငလျင်ထဲပါသွားတာပေါ့...။ ကျနော်လည်း အဖိုးဆုံးပြီး(2014)ကတည်းက မပြန်ဖြစ်တော့တာဆိုတော့ တာလေမှာ လက်ဖက်ရည်ဆိုင် ဘယ်နှစ်ဆိုင်ရှိလည်း ဘယ်သူတွေဆက်ဖွင့်ကြလည်း သေချာမသိတော့ဘူးရယ်....။

ဦးသန်းထွန်းလက်ပြောင်းလက်လွှဲထားခဲ့တုန်းက ကျနော့်အဖွားတာလေမှာနေနေသေးတယ်...။ အိမ်မှာကျနော်တို့အမေ ဈေးရောင်းထွက်ရင် အဖွားကကျန်ခဲ့တယ် ရေနွေးအိုးတည်ပေးမယ့်သူမရှိတော့ အဖွားက သူ့ရေနွေးခွက်ထဲ ဟောလစ်မှုန့်တွေထည့် ဇွန်းတစ်ချောင်းတပ်ပြီး အိမ်ရှေ့အိမ်ကိုလမ်းဖြတ်ကူး လက်ဖက်ရည်ဆိုင်မှာ ရေနွေးသွားတောင်းထည့်ပြီး ကလောင်ကလောင်ဇွန်းနဲ့မွှေရင်း အိမ်ဖက်ပြန်ကူးလာတာ နေ့စဉ်နဲ့အမျှပါပဲ...။ ရွာမှာက မနက်ဆို ကျနော်ငယ်ငယ်က ရေနွေးအိုးတည်ဖို့ ထင်းမီးဖိုဖိုရတယ် နောက်ပိုင်းခေတ်ကျ မီးသွေးမီးဖိုဖိုတယ်...။ မီးခိုးမှိုင်းတွေမဲတူးနေတဲ့ အတွင်းပိုင်းမှာ ထုံးဂျိုးတွေကပ်နေတဲ့ရေနွေးအိုးနဲ့ရေနွေးတည်ရတာပေါ့...။ နောက်ကျတော့ ရန်ကုန်က အဒေါ်တွေက အဖွားအဲလို သူများဆိုင်မှာ ရေနွေးသွားသွားယူတာကိုသိတော့ ရေနွေးတည်ရလွယ်အောင် ဂက်စ်မိုးဖိုဝယ်ပေးတယ် လျှပ်စစ်မီးလား ခုခေတ်ထိကိုမရသေးတာ ခုသုံးနေကြတာက ထိုင်းကမီးလိုင်းဆိုလား လာအိုဖက်ကလိုင်းဆိုလားပဲ...အော်...တကယ်ပါပဲ ပြည်တွင်းမှာရှိတဲ့ဂက်စ်လိုင်းတွေရောင်းစားပြီး ကျနော်တို့ပြည်သူတွေမှာ ဆင်းရဲမွဲတေနေရ ဘာမှမသုံးရမစွဲရဘဝ....။

အဲ ရန်ကုန်ရောက်မှာကျတော့ 1988-1990 ဝန်းကျင် လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုတာ ယောကျာ်းတွေပဲထိုင်ရတာလို့မှတ်ကြတယ်....။ လက်ဖက်ရည်ဆိုင်ရှေ့ဆို ဘယ်မိန်းကလေးမှ ဖြတ်မလျှောက်ရဲကြဘူး မလျှောက်ရဲဆို ဖြတ်သွားတာနဲ့ ဆိုင်မှာလာထိုင်တဲ့ငနဲတွေရဲ့ ကျွတ်ကျမတတ် scan ဖတ်သလို အကြည့်တွေကိုကြောက်ကြလို့ပါပဲ...။ တကယ်လည်းဟုတ်တယ်လေ....။ လက်ကိုင်ဖုန်းမပေါသေးတဲ့ခေတ် အင်တာနက်မရှိတဲ့ခေတ်မှာ အဲဒီယောကျ်ားတွေအတွက်က ရှားရှားပါးပါးနိုင်ငံခြားကလာတဲ့ ပလေးဘွိုင်းစာအုပ်လောက်နဲ့ ကျေနပ်နေရတဲ့ခေတ်ဗျာ အဲ..ဒါပေမယ့် အပေါ်စက်အောက်စက်လိုမျိုးဗီဒီယိုခွေတွေတော့ပေါ်နေပြီထင်တယ် ဆိုတော့ သူတို့အတွက်က မျက်စိအစာကျွေးစရာ လက်ဖက်ရည်ဆိုင်ကဖြတ်လျှောက်လာတဲ့ ကောင်မလေးတွေက သားကောင်ပဲလေ.... (ဆောရီး ကျနော်ပြောတာ ရိုင်းသွားလား မဝါဒီဆန်သွားသလားမသိဘူး)...။ ကျနော် ရန်ကုန် တရုတ်တန်းမှာနေတော့ လက်ဖက်ရည်ဆိုင်စထိုင်ဖူးတာ ရှစ်တန်းကိုးတန်းကတည်းကပဲ သူငယ်ချင်းတွေနဲ့ထိုင်တာ ယောက်ကျားလေးတွေတစ်ယောက်နှစ်ယောက်ပါမှထိုင်ကြတာအဲတုန်းက မိန်းကလေးချည်းထိုင်ရင် မျက်စိစပါးမွှေးစူးသေးတာ ရပ်ကွက်ထဲက...။ ဒါက long long ago ေခတ်က အမြင်ကျဉ်းမြောင်းနေတဲ့ကာလကပေါ့...။ ခုတော့ မိန်းကလေးတွေ လက်ဖက်ရည်ဆိုင်မပြောနဲ့ ဘီယာဆိုင်တောင်ထိုင်နေကြပြီဆိုတော့ ကျနော်တို့နိုင်ငံကလူတွေဟာ အတွေးအခေါ်အယူအဆတွေ အစွန်းရောက်ကြသလိုပဲ ခံစားရတယ် ဗုဒ္ဓဘာသာလို့ခံယူထားကြပြီးတော့လေ...။

ကျနော်တို့ ငယ်ငယ်ကခေတ် လက်ဖက်ရည်ဆိုင် vibe မျိုးလိုချင်ရင်တော့ ဗီယက်နမ်မှာတော်တော်များများ တွေ့နိုင်သေးတယ်...။ အထူးသဖြင့် တောင်ပိုင်းမှာရှိတဲ့ ဆိုင်ဂုံမြို့နဲ့ အဲနားတစ်ဝိုက် နယ်မြို့တွေက ဗီယက်နမ်ကော်ဖီဆိုင်တွေမှာ အဲလိုမျိုးအငွေ့အသက်တွေရသေးတယ်...။ တကယ်တော့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဟာ သူ့ခေတ်သူ့အခါက လူမှုရေး စီးပွားရေး နိုင်ငံရေးအခြေကို မသိမသာပြောပြသွားနိုင်တဲ့ မှတ်စုစာအုပ်ကြီးတစ်အုပ်လိုပါပဲ...။ ဆရာမြသန်းတင့်ရဲ့ လက်ဖက်ရည်ဆိုင် စာအုပ်လေးဖတ်ပြီး ငယ်တုန်းကရွာက လက်ဖက်ရည်ဆိုင်တွေအကြောင်းပြန်ပြောပြမိသွားတယ်...။ ဖတ်ထားတဲ့စာအုပ် reviewed လေးမဟုတ်ပေမယ့် ကျနော့်ပို့စ်လေးကို စိတ်ကျေနပ်အားရမိမယ်လို့ မျှော်လင့်ပါတယ်...။






Wednesday, 8 October 2025

Hello .....




မာယာများတဲ့ လိပ်ပြာတစ်ကောင်

ညသန်းခေါင်ယံမှာ ငါဆီရောက်လာတယ်

ဟိုအရင်ချိန်တွေတုန်းကတော့

ငါလက်ဖဝါးပေါ် လာနားခဲ့ဖူးတဲ့

ငါ့ဆီကနေ ဘယ်ကိုမှမပျံသန်းချင်ခဲ့တဲ့

အဝါရောင်လိပ်ပြာတစ်ကောင်ပေါ့

တကယ်တော့ .....

သားကောင်ကိုစောင့်ဖမ်းတဲ့မုဆိုး

ခုတော့.....

မာယာများတဲ့ လိပ်ပြာတစ်ကောင်ဆီက

Hello ဆိုတဲ့အသံကိုတောင်

ငါမမှတ်မိချင်တော့ဘူး.....။       ။



Monday, 6 October 2025

သီတင်းကျွတ်လက်ဆောင်.....

 




꧁ ༺  မိမိ၌ လက်တလော/အမြဲတစေ ဖြစ်ပေါ်နေသော ဘဝအဆင်မပြေမှု ဒုက္ခတို့အပေါ် အခြေပြု၍  မေတ္တာပို့သနည်း    ༻ ꧂


ဘဝ၌ ကြုံတွေ့ရသော အခက်အခဲများကို အခြေခံ၍ မိမိကိုယ်တိုင်မှ စတင်ကာ သတ္တဝါအနန္တအား မေတ္တာပို့သနိုင်ရန် ရည်ရွယ်၍ ဤမေတ္တာပို့သနည်းများကို စီစဉ်ရေးသားထားပါသည်။


「 ✦ မိမိ အလုပ်အကိုင်အခက်အခဲ ကြုံတွေ့နေရတဲ့အခါ ✦ 」


☺️ ငါသည် ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်ချင်ပါတယ်။

☺️ ငါသည် ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ပါစေ။

☺️ ငါ၏ သူဌေး ___ (နာမည်)  သည်လည်း ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ပါစေ။

☺️ ငါ၏ လုပ်ဖော်ကိုင်ဖက်များအားလုံးလည်း ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ပါစေ။

☺️ ငါ့အလုပ်က  လူအားလုံးလည်း  ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ကြပါစေ။

☺️ ငါ့အလုပ်နဲ့ ဆက်စပ်သမျှလူအားလုံးလည်း  ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ကြပါစေ။

☺️ ဒီတစ်မြိုလုံးက   လူအားလုံးလည်း  ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ကြပါစေ။

☺️ ဒီတစ်နိုင်လုံးက  လူအားလုံးလည်း  ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ကြပါစေ။

☺️ ဒီကမ္ဘာကြီးတစ်ခုလုံးက   လူအားလုံးလည်း  ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ကြပါစေ။

☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံးလည်း  ဒီတစ်နေ့တာ ကာလပတ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့  အလုပ် လုပ်ကိုင်နိုင်ကြပါစေ။


「 ✦ မိမိ ငွေရေးကြေးရေး အခက်အခဲ ကြုံတွေ့နေရတဲ့အခါ ✦ 」


☺️ ငါသည် ဒီငွေရေးကြေးရေးအခက်အခဲမှ  အမြန်ဆုံး  ပြေလည်ချင်ပါတယ်။

☺️ ငါသည် ဒီငွေရေးကြေးရေးအခက်အခဲမှ  အမြန်ဆုံး  ပြေလည်နိုင်ပါစေ။

☺️  ငါသည် အမြန်ဆုံး  ပြေလည်နိုင်သလို ငါလိုပဲ  ငွေရေးကြေးရေးအခက်အခဲ ကြုံတွေ့နေရတဲ့ လူအားလုံးလည်း  ငွေရေးကြေးရေးအခက်အခဲများမှ  အမြန်ဆုံး  ပြေလည်နိုင်ကြပါစေ။

☺️ ဒီတစ်မြိုလုံးက   လူအားလုံးလည်း  ငွေရေးကြေးရေးအခက်အခဲများမှ  အမြန်ဆုံး  ပြေလည်နိုင်ကြပါစေ။

☺️ ဒီတစ်နိုင်လုံးက  လူအားလုံးလည်း  ငွေရေးကြေးရေးအခက်အခဲများမှ  အမြန်ဆုံး  ပြေလည်နိုင်ကြပါစေ။

☺️ ဒီကမ္ဘာကြီးတစ်ခုလုံးက   လူအားလုံးလည်း  ငွေရေးကြေးရေးအခက်အခဲများမှ  အမြန်ဆုံး  ပြေလည်နိုင်ကြပါစေ။

☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံးလည်း  ငွေရေးကြေးရေးအခက်အခဲများမှ  အမြန်ဆုံး  ပြေလည်နိုင်ကြပါစေ။


「 ✦  မိသားစု ပြဿနာ အခက်အခဲ ကြုံတွေ့နေရတဲ့အခါ ✦ 」


☺️ ငါရဲ့ မိသားစု ပြဿနာအခက်အခဲတွေ  အမြန်ဆုံး  ပြေလည်ချင်ပါတယ်။

☺️ ငါရဲ့ မိသားစု ပြဿနာအခက်အခဲတွေ  အမြန်ဆုံး  ပြေလည်နိုင်ပါစေ။

☺️  ငါရဲ့ မိသားစု ပြဿနာအခက်အခဲတွေ  အမြန်ဆုံး  ပြေလည်နိုင်သလို ငါရဲ့အိမ်နီးနားချင်းတွေအားလုံးလည်း မိသားစုပြဿနာအခက်အခဲအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့  နေထိုင်နိုင်ကြပါစေ။

☺️ ဒီတစ်မြိုလုံးက  လူအားလုံးလည်း မိသားစု ပြဿနာအခက်အခဲအပေါင်းမှ  ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့  နေထိုင်နိုင်ကြပါစေ။

☺️ ဒီတစ်နိုင်လုံးက  လူအားလုံးလည်း  မိသားစု ပြဿနာအခက်အခဲအပေါင်းမှ  ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်ကြပါစေ။

☺️ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ရှိတဲ့ လူအားလုံးလည်း  မိသားစု ပြဿနာအခက်အခဲအပေါင်းမှ  ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်ကြပါစေ။

☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံးလည်း  မိသားစု ပြဿနာအခက်အခဲအပေါင်းမှ  ကင်းဝေးပြီး စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်ကြပါစေ။


「 ✦  မိမိ ခန္ဓာကိုယ် ရောဂါဝေဒနာ တစ်မျိုးမျိုး နှိပ်စက်ခံရတဲ့အခါ ✦ 」


☺️ ငါသည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ အမြန်ဆုံး    ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့  နေထိုင်ချင်ပါတယ်။

☺️  ငါသည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ  အမြန်ဆုံး   ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့  နေထိုင်နိုင်ပါစေ။

☺️ ငါသည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ  အမြန်ဆုံး ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ  နေထိုင်ခွင့်ရသကဲ့သို့ ငါ့လိုပဲ  ရောဂါဝေဒနာ ခံစားနေရတဲ့ လူအားလုံးလည်း  ရောဂါဝေဒနာတွေရဲ့ နှိပ်စက်မှုမှ  အမြန်ဆုံး    ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့  နေထိုင်နိုင်ကြပါစေ။

☺️ ငါ့ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ပြုစုစောင့်ရှောက်နေတဲ့ ဆရာဝန််၊ သူနာပြုဆရာမအားလုံးလည်း  စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ  နေထိုင်နိုင်ကြပါစေ။

☺️ ဒီတစ်မြိုလုံးက  လူအားလုံး ၊ သတ္တဝါအားလုံးလည်း    ရောဂါဘယအပေါင်းမှ  ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ  နေထိုင်နိုင်ကြပါစေ။

☺️ ဒီတစ်နိုင်လုံးက  လူအားလုံး၊ သတ္တဝါအားလုံးလည်း  ရောဂါဘယအပေါင်းမှ  ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ  နေထိုင်နိုင်ကြပါစေ။

☺️  ဒီကမ္ဘာကြီးတစ်ခုလုံးက  လူအားလုံး၊ သတ္တဝါအားလုံးလည်း  ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ  နေထိုင်နိုင်ကြပါစေ။

☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံး၊ သတ္တဝါအားလုံးလည်း  ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ  နေထိုင်နိုင်ကြပါစေ။


「 ✦ မိမိ မိသားစုဝင်တစ်ဦးဦး ရောဂါဝေဒနာ တစ်မျိုးမျိုး နှိပ်စက်ခံရတဲ့အခါ ✦ 」


☺️  ငါရဲ့ မိသားစုဝင်သည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အမြန်ဆုံး  နေထိုင်နိုင်ပါစေ။

☺️   ငါရဲ့ မိသားစုဝင်သည် ဒီရောဂါဝေဒနာရဲ့ နှိပ်စက်မှုမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ အမြန်ဆုံး  နေထိုင်ခွင့်ရသကဲ့သို့၊

ငါရဲ့ မိသားစုဝင်ကဲ့သို့ ရောဂါဝေဒနာ ခံစားနေရတဲ့ လူအားလုံးလည်း  ရောဂါဝေဒနာတွေရဲ့ နှိပ်စက်မှုမှ  ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အမြန်ဆုံး   နေထိုင်နိုင်ကြပါစေ။

☺️   ငါရဲ့ မိသားစုဝင်အား ပြုစုစောင့်ရှောက်နေတဲ့ ဆရာဝန်၊ သူနာပြုဆရာမအားလုံးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။

☺️  ဒီတစ်မြိုလုံးက  လူအားလုံး၊ သတ္တဝါအားလုံးလည်း  ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။

☺️  ဒီတစ်နိုင်လုံးက  လူအားလုံး၊ သတ္တဝါအားလုံးလည်း  ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။

☺️ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ ရှိတဲ့ လူအားလုံး၊ သတ္တဝါအားလုံးလည်း  ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။


☺️ စကြဝဠာအနန္တမှာ ရှိတဲ့ လူအားလုံး၊ သတ္တဝါအားလုံးလည်း  ရောဂါဘယအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။‎


-----------‎


#ဝိမုတ္တိယုဂခေတ်‎

၂၀၂၅-၁၀-၀၆

Tuesday, 30 September 2025

အတောင်ပံတွေ.....

 





ကိုမျိုးကျော့ရဲ့ သီချင်းကောင်းတွေထဲမှာ ဒီတစ်ပုဒ်ကိုလည်း မေ့ထားလို့မရဘူး....။ ကျနော်အရမ်းကြိုက်ခဲ့ feel ခဲ့ဖူးတဲ့ သီချင်းထဲမှာပါတဲ့ "အတောင်ပံတွေ"....။

ရှေ့ကပြောဖူးခဲ့သလိုပဲ ကိုမျိုးကျော့ ဖန်တီးထားတဲ့ သီချင်းတွေအပုဒ်တိုင်းလိုလိုက ပုံပြင်တစ်ပုဒ်လို ဒဏ္ဍာရီဆန်တယ် ....။ စကားလုံး music နဲ့  arrangement အပိုင်းဘာမှပြောစရာမလိုဘူး....။ ကျနော်တို့လို မြူးဇစ်ကိုချစ်ပြီး အနုပညာကိုရူးသွပ်တဲ့သူတွေအတွက်တော့ ချီးကျူးထောပနာပြုဖို့ စကားလုံးရှာမရတော့ပြီပေါ့...။ ဒါကျနော့်အကြိုက်ကိုပြောပြတာနော် လူတိုင်းဒီလို ခံစားမိချင်မှ ခံစားမယ်....။

နေ့စဉ် ထမင်းစားရဖို့အလုပ်လုပ်ပြီးရင် music တွေနဲ့ Art တွေကြား နေနေရတဲ့ အချိန်အတိုင်းအတာတစ်ခုက ကျနော့်ရဲ့တစ်နေ့တာအတွက် အမောပြေဆုံး အပျော်ရွှင်ရဆုံး စိတ်ချမ်းသာရဆုံးအချိန်တွေပဲ....။ 




Wednesday, 24 September 2025

My Health Check-up.....







နှစ်စဉ်ဆေးစစ်နေကျ အချိန်ရောက်လာလို့တော့မဟုတ်ဘူး....။ မနှစ်ကတုန်းက ဇူလိုင်လလောက်မှာဆေးစစ်ခဲ့ဖူးတယ် အဲတုန်းကလည်း ညာလက်မောင်းရင်းကိုက်လို့ သွေးစစ်ကြည့်တာ သွေးတွင်းအဆီတက်တယ်...။ အမှန်တော့ ကျန်းမာရေးစစ်ဆေးမှုက နှစ်စဉ်ပုံမှန်လုပ်သင့်တဲ့အရာတစ်ခုပါ ကျနော်တို့လို အသက်အရွယ်မျိုးရောက်ခဲ့ရင်...။ ဒီနှစ်က ညာဖက်လက်ညှိုးနဲ့လက်မနားက လက်ဖမိုးကျင်လို့ စစ်ဆေးကြည့်ချင်တာ ပြီးတော့ သွေးဆုံးချိန်နီးလို့ သားအိမ်ပါ Ultra Sound ရိုက်လိုက်တယ်...။ မနှစ်ကတည်းက ညာလက်အဲလိုဖြစ်လို့ သွေအဆီကျဆေးဘာညာသောက်လိုက်ရသေးတယ် အဲတုန်းက ပြနေကျ GPဆရာကလည်း ကျီးပေါင်းလို့ပြောလိုက်သေးပေမယ့် အဲဒါနဲ့ပတ်သက်ပြီး ကျနော့်ကိုအဓိကဆေးမပေးဘဲ အသည်းအဆီကျဆေးတွေ သွေးအဆီကျဆေးတွေ အသည်းအားဆေးတွေလျှောက်ပေးတာ သူက ဆေးကုမ္ပဏီကလာစပ်တဲ့ဆေးတွေကို အဓိကရောင်းတဲ့ဆရာဝန်ဖြစ်နေတာ ဆေးကုတာလည်း တော်ပါတယ်...။ အဲဒါခုဒီနှစ်လည်း သူပဲဆေးထပ်စစ်ခိုင်းတာ သူ့ဆီကျနော်ပြန်မပြတော့ဘူး ဆေးတစ်ခါတစ်ခါဝယ်ရတာ လေးငါးသိန်းဖိုး အဲလောက်ကျတော့လည်း လွန်လွန်အားကြီးသွားပြီ....။

ဒီတစ်ခေါက် ပြင်ဦးလွင်သွားပြီး အဒေါ်ရဲ့ယောက်ျားကလည်း ခွဲစိပ်အထူးကုပါမောက္ခဆရာဝန်ဆိုတော့ သူကိုပဲ ဆေးစာရေးပေးပြီး စစ်လိုက်တယ်...။ သူက လက်ကျင်တာဆိုတော့ ဆီးချိုရှိမရှိကိုအဓိကစစ်ခိုင်းပါတယ်...။ ကျနော်က ဆီးချိုမျိုးရိုးအဖေ့ဖက်ကရှိထားတော့ သတိထားရတယ်...။ တလောက ထမင်းစားပြီး ဆီချိုစစ်လိုက်တာ 145 ရလို့  ငါတော့ဆီးချိုအစပျိုးပြီလို့ မှတ်လိုက်တာပဲ...။ အခု HbA1c, စစ်ချက်ထွက်လာတော့ Non Diabetic လို့ထွက်တယ်... သူက လွန်ခဲ့တဲ့သုံးလအတွင်း ဆီးချိုရှိမရှိကို အမှန်ဆုံးစစ်ပေးနိုင်တာလို့ပြောတယ်..။ နောက် HDL LDL ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့အဆီစစ်တော့ မကောင်းတဲ့အဆီ cholesterol များနေတယ် 70-100 ကြားမှာပဲရှိရမယ်ဟာ ကျနော်က 158 ဖြစ်နေတယ် ...။ တစ်သက်လုံး ဆီကြော်စာတွေစားထားတာ အဲလောက်တက်တာပဲကျေးဇူးတင်ရမလို...။ ထမင်းလျှော့စားဆိုလို့ အခု ဆန်လုံးညိုစားနေတယ် အချိုတွေ အဆီအဆိမ့်တွေလျှော့နေပါတယ် ဟုတ်....။








လက်ကျင်တဲ့ကိစ္စကိုကျတော့ ကျနော့်သူငယ်ချင်းရဲ့ အဒေါ် family ဆရာဝန်ဖြစ်တဲ့ ကန်သာယာက နှလုံးခွဲစိပ်အထူးကုဆရာနဲ့ အတိုင်ပင်ခံယူလိုက်တယ် လက်ကျင်တာ ဇက်ကျီးပေါင်းအကြောညှပ်တာဖြစ်နိုင်ချေများလို့ ဇက်ကို ဓါတ်မှန်ရိုက်ခိုင်းပါတယ်...။ တဆက်ထဲ ဆေးစစ်ထားတာပါပြလိုက်တော့ အဆီကျဆေး သုံးလစာသောက်ဖို့ ညွှန်ကြားပါတယ်....။ အဲတော့ နောက်ဆုံး ကျနော့်အဖြေက လက်ကျင်ရခြင်းရဲ့အကြောင်းအရင်းက ဇက်ကျီးပေါင်းအကြောညှပ်တာ လေ့ကျင့်ခန်းလုပ်ရမယ် အဲဒါ ဆရာဝန်နောက်တစ်ယောက်နဲ့ လေ့ကျင့်ခန်းလုပ်ဖို့ booking ထပ်ယူထားပါတယ်...။

အော် ပြောဖို့မေ့ Ultra sound ရိုက်တာ အသဲ ပန်ခရိယ သရက်ရွက် ကျောက်ကပ်အကုန်ကောင်းတယ် သည်းခြေမှာ ကျောက်သေးသေးလေးတွေ့တယ် သားအိမ်မှာ အသားလုံးတစ်ခုတွေ့တယ်...။ ဆရာဝန်က အဓိက သားအိမ်ကိုအသားပေးရိုက်ခိုင်းတာ အဲဆရာမက အစုံကြည့်ပေးလိုက်တယ် စေတနာကောင်းပါတယ်  အသားလုံးက သွေးဆုံးခါနီးဖြစ်တတ်တဲ့အလုံး အချိန်တန်ရင်ကျုံ့သွားလိမ့်မယ်တဲ့...။ ကျနော်ထပ်ပြီး OG တော့မပြတော့ဘူး ရှည်ကုန်လိမ့်မယ်...။







 
ဆိုတော့ နောက်ဆုံး ရှာတွေ့သွားတဲ့အကြောင်းအရင်းက အကြောညှပ်နေလို့ လက်ကျင်တာ...။ ကျန်တာ သွေးအဆီများလို့ ဆေးသောက်ပြီးချရမယ် နောက်သုံးလ ထပ်ချိန်းတယ် ....။ လက်ကျင်တဲ့ကိစ္စကို ကျီးပေါင်းဆရာဝန်ဆီ လွှဲစာရေးပေးလို့ ရက်ချိန်းယူပြီးထပ်သွားရတယ် ဆရာဝန်က သူမေးရမယ့်အချက်အလက်တွေအကုန်မေးတယ် ဘယ်ချိန်က စဖြစ်သလဲ ဘယ်လိုခံစားရလဲစသဖြင့်ပေါ့...။ ပြီးတော့လေ့ကျင့်ခန်းလုပ်နည်းတွေပြပေးတယ် ဆေးကတော့ နာရင်သောက်ဖို့ အကိုက်အခဲဆေးငါးရက်စာပဲပေးပြီး နောက်တစ်လထပ်ချိန်းတယ် အခြေအနေအခုထက်ပိုဆိုးတယ်လို့ ယူဆရင် MRI ရိုက်ကြည့်ဖို့ အကြံပေးပါတယ် လက်ကျင်ရတဲ့အကြောင်းအရင်းနောက်တစ်ခု ဓါတ်မှန်နဲ့မမြင်ရတဲ့ ခန္ဓာကိုယ်ထဲက အလုံးအကျိတ်ရှိရင်လည်း ဖြစ်တတ်တယ်လို့ပြောတယ်...။ အဲအကြောင်းအရာတွေအားလုံးက ကျနော် စာလျှောက်ဖတ်ထားလို့ကြိုသိထားပြီးသား အဲဆရာဝန်က လူနာကို တမန်ကာရှန်ကာမကုဘဲ စေ့စပ်သေချာတဲ့ဆရာတစ်ယောက်လို့မြင်တယ်...။ ကျနော့်ဆေးမှတ်တမ်းမှာ ဘာတွေမှန်းမသိ နှစ်မျက်နှာလောက် အင်္ဂလိပ်လိုရေးပြီး သူတို့ဆေးရုံမှာပဲသိမ်းတာ ကျနော့်ကိုပေးလိုက်တာက လေ့ကျင့်ခန်းလုပ်ရမယ့်အမျိုးအစားနဲ့ သောက်ဆေးလေးပဲ...။ တကယ်က သူပြောတဲ့ ဆေးသောက်စရာမလိုသေးဘူး ကျနော်က တခါတလေ လက်ပျဉ်နာပြီး လက်မောင်းအောင့်တယ် ကိုက်တယ်ပြောလို့ ပေးလိုက်တာဖြစ်မယ်...။ အော်ပြီးတော့ လည်စွပ်ဝယ်စွပ်ရမှာ...။ သဘောကျတာတစ်ခုက အဲဆေးရုံက အင်တာနေရှင်နယ်ဆိုပေမယ့် ဆေးခန်းပြခအရမ်းသက်သာတယ် ဝန်ဆောင်မှုအရမ်းကောင်းတယ်...။ ဆေးလည်းလိုသလောက်ပဲပေးတယ် ဆေးကအပြင်ကနဲ့ဈေးတူတူပဲ မကွာဘူး....။ သူဆီကရတဲ့ ဝန်ဆောင်မှုနဲ့ ကိုယ်ပြန်ပေးရတာ ထိုက်တန်တယ်...။ တချို့ ပုဂ္ဂလိကဆေးရုံတွေက ပိုက်ဆံသာယူတာ အပေါက်ဆိုးတွေချည်းပဲ ဝန်ထမ်းကအစ ဆရာဝန်အဆုံး....။ ကန်သာယာကဆရာဝန်တွေကတော့ စကားပြောတာနဲ့တင် ရောဂါတစ်ဝက်သက်သာ.....။ စစ်ဆေးကျောင်းဆင်းတွေနော် ဘပုသားလေးတွေ...။

ဒါပါပဲ လောလောဆယ်ကျနော့်ရဲ့ ကျန်းမာရေး update ကတော့....။ နောက်ထပ်ပြခဲ့ရင် ထူးခြားမှုလာပြောပေးမယ်...။ ဘာရောဂါပဲဖြစ်ဖြစ် အကျိုးကိုပဲမကုဘဲ အကြောင်းကိုအရင်ရှာကုတာ ပိုထိရောက်ပါတယ်...ဒါက တရားသဘောနဲ့ယှဉ်ယှဉ်ပြီး အကျိုးနဲ့အကြောင်း ပြောပြတတ်တဲ့ ဆရာမကြီးဒေါက်တာခင်နွယ်ဝင်း စကားကို နားထောင်လို့...။