Showing posts with label ရုပ်ရှင်ခံစားမှု. Show all posts
Showing posts with label ရုပ်ရှင်ခံစားမှု. Show all posts

Wednesday, 2 July 2025

9 YEARS OF YOU.....




2025 မှာ ကျနော် ကြည့်သမျှ ထိုင်းစီးရီးတွဲထဲက အကြိုက်ဆုံးဖြစ်တဲ့ 9 years of you အကြောင်းလေးနည်းနည်းလာပြောချင်တာပါ....။ တစ်ပတ်ကို ညစဉ် တနင်္လာ အင်္ဂါ နှစ်ရက်ကို One 31, One D ကနေ 9 June လမှာ စလွှင့်ပြီး ep 9 ခုပါဝင်ပါတယ်....။ သတိထားမိသလောက် ဒီကားလေးက ကိုးဂဏန်းတွေချည်းရွေးထားတာတွေ့ရတယ်...။ ဇာတ်လမ်းနာမည်လေးကလည်း 9 years of you စလွှင့်တာလည်း ကိုးရက်နေ့ အပိုင်းကလည်း ကိုးပိုင်းပါတယ်....။ ဇာတ်အိမ်ကျစ်ကျစ်လစ်လစ်လေးနဲ့ ချစ်စရာကောင်းတဲ့ Romance Drama အမျိုးအစားလေးဖြစ်ပြီး ကျနော့်လို မျက်ရည်မခိုင်တဲ့သူများကတော့ တစ်ရှူးစက္ကူလေးစောင်ပြီးမှကြည့်ပါလို့...။  ဒီစီးရီးထဲက မင်းသမီးလေးက Cherprang Areekul ဖြစ်ပြီး Thai Idol girl group ဖြစ်တဲ့ AKB48 ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်...။ မင်းသားက Aimm  Sanpetch Kunakorn ဖြစ်ပြီး သူ့အတွက် ဒီဇာတ်လမ်းလေးက သူအမေရိကားကနေ ကျောင်းပြီးလို့ပြန်လာလာခြင်း သူ့ရဲ့ အနုပညာပထမခြေလှမ်းဖြစ်ပါတယ်....။  သူ့ရဲ့ဖခင်ကလည်း သရုပ်ဆောင်ဟောင်းတစ်ယောက်ဖြစ်ဖူးခဲ့သလို တကယ့် main career က ထိုင်းရုပ်သံလောက နာမည်ရပြီးသား top ten စာရင်းဝင် interviewee တစ်ယောက်လည်း ဖြစ်ပါတယ်...။




 

စီးရီးတွဲတွေကို ခုနောက်ပိုင်း ထိုင်းဇာတ်လမ်းတွေပဲအကြည့်များတယ်...။ အဓိကက သူတို့စကားနားလည်တာရယ် အဖက်ဖက်က ပံ့ပိုးမှုအားကောင်းတဲ့ သရုပ်ဆောင်တွေရဲ့ ကြိုးသားအားထုတ်မှု နဲ့ ဖန်တီးမှုကောင်းတဲ့ ဒါရိုက်တာနဲ့ စိတ်ကူးကောင်းတဲ့ ဇာတ်ညွှန်းရေးသူတွေကြောင့်လည်းပါပါတယ်...။ ကျနော်ငယ်ငယ်က ကြည့်ခဲ့ဖူးတာထက် ခုနောက်ပိုင်း ထိုင်းရဲ့ ဂီတရော ရုပ်ရှင်အနုပညာလက်ရာတွေက အာရှနိုင်ငံတော်တော်များများ နဲ့ အနောက်နိုင်ငံတချို့ထိကို ပြန်နှံ့ ပေါက်ရောက်နေပါပြီ...။ နိုင်ငံအတော်များများမှာလည်း Fan Group တွေက အင်းအားတွေနည်းတာမဟုတ်ဘူး....။

9 years of you ဆိုတာ သူတို့နှစ်ယောက် ငယ်ငယ်ကတည်းကနေ လက်ရှိအချိန်ထိ သူငယ်ချင်းဘဝနဲ့ ကိုးနှစ်တာ အကြာ အခက်အခဲ အလွဲအချော်မျိုးစုံနဲ့ ကြုံတွေ့ပြီး ချစ်သူဖြစ်သွားကြတဲ့အကြောင်းလေးကို လှလှပပလေး ကြည့်တဲ့ ပရိတ်သတ်ကို ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်...။ ဒါရိုက်တာကလည်း သူတို့နိုင်ငံရဲ့ နာမည်ကြီးဇာတ်တော်တော်များများကို ရိုက်ကူးခဲ့ဖူးတဲ့  Boy Takonkiet Viravan  ပဲဖြစ်ပါတယ်...။

ကျနော်က ရုပ်ရှင်ပဲကြည့်ကြည့် စာအုပ်ပဲဖတ်ဖတ် စိတ်နစ်ပြီး ဇာတ်လမ်းထဲက ကိုယ်တိုင်ဝင်ခံစားရသလိုမျိုးကြည့်တတ်တဲ့သူမို့ ငိုရမယ့်နေရာဆို မျက်ရည်ကကျပြီးသား....။ သူ့ရဲ့ ost သီချင်းလေးကလည်း ကောင်းလိုက်တာ...။ "9 years of you" OST ကို Fellow Fellow ဆိုတဲ့ music artist တွေက ဆိုပေးထားတာဖြစ်ပါတယ်...။ ဒီကားမှာပါတဲ့ မင်းသမီးလေးကလည်း သီချင်းလေးကို သူတို့ AKB48 အဖွဲ့လေးယောက်နဲ့လည်း မိန်းကလေး ဗားရှင်းနဲ့ပြန်ဆိုထားပါသေးတယ်...။ သီချင်းက ဗားရှင်း နှစ်ခုလုံးကောင်းတယ်...။ လောလောဆယ် ကျနော့်ရဲ့ music playlist ထဲထည့်ပြီး နေ့တိုင်းနားထောင်ဖြစ်နေတဲ့ သီချင်းလေးပေါ့...။ ဇာတ်ကြောင်းလေးကိုတော့ spoil မလုပ်တော့ဘူး ကြိုက်ရင် သွားကြည့်ကြည့်နော် you tube မှာကြည့်လို့ရပါတယ်....။






Monday, 28 August 2023

Catch me if you can.....




ကျမတို့ လီယိုနာဒိုကိုသိတာ တိုင်းတာနစ် အဲကားက ၁၉၉၇ကရိုက်ခဲ့တဲ့ကား...။ အခု Catch Me If You Can က ၂၀၀၂ ကဇာတ်ကားလေး...အောက်က ရေးထားတာ သဘောကျလို့ ကျမရဲ့စာဖတ်သူတွေကိုလည်း  အနှစ်နှစ်ဆယ်နီးကျော်သွားပြီဖြစ်တဲ့ ဒီကားလေးပြန်ကြည့်စေချင်လို့ တင်လိုက်တာပါပဲ....။


-----------------


Second chance ကို အမိအရ ယူစေချင်ပါတယ်....။ အဲ့ရုပ်ရှင်ကို ပြန်ပြန်ကြည့်ဖြစ်တယ်၊ အဖေလုပ်သူက လူလည်ကျနည်း၊ လိမ်နည်း သင်ပေးခဲ့တာ၊ ဗီဇလည်းပါ၊ အသင်ပြလည်ခံရ၊ တဲလန့်လဲရှိ၊ အခြေနေတွေကလည်း တွန်းပို့သည်ကိုး... ဒါတောင် သူ့ကိုယ်သူ ပြန်ပြုပြင်သွားတာ ဂုဏ်ယူစရာ...။ 

Catch Me If You Can ဆိုတဲ့ဖြစ်ရပ်မှန်အခြေခံရုပ်ရှင်တကားရှိတယ်...။ လီယိုနာဒို(တိုက်တန်းနစ်မင်းသား) နဲ့ Tom Hanks တို့သရုပ်ဆောင်တယ်...။ လီယိုနာဒို ကသူ့အဖေနဲ့အမေအိမ်ထောင်ကွဲတာကစပြီး အိမ်ပြေးလိုမျိုးဖြစ်သွားတာ....။

သူ့ရဲ့ထူးခြားအရည်အချင်းက အယောင်ဆောင်၊ လိမ်လည်ကျွမ်းတာပဲ...။ လေယဉ်ပိုင်းလော့အယောင်ဆောင်တယ်..။ နေဖို့ဟိုတယ်၊ စားဖို့ပိုက်ဆံရလို့..။ ရှေ့နေအယောင်ဆောင်တယ်...။ ဆရာဝန်တောင်အယောင်ဆောင်လိုက်သေး။ နောက်ဆုံးသူ့ကိုဖမ်းမိသွားတယ်...။ 

FBI ကလိမ်လည်မှုနဲ့ ပတ်သက်ပြီးဖမ်းမမိနိုင်တဲ့ အမှုတွေရှိတော့ လိမ်လည်မှုကျွမ်းကျင်တဲ့မင်းသားနဲ့ အပေးအယူလုပ်ပြီး (သူ့ကိုထောင်ချမဲ့နှစ်တွေလျှော့ပေးပါ့မယ်ဆိုပြီး)၊ သူ့အကူအညီနဲ့ တရားခံတွေဖမ်းရတယ်...။ လီယိုနာဒို သရုပ်ဆောင်ခဲ့တဲ့ နေရာက ပြင်ပက တကယ့်လူ Frank William Abagnale Jr. ဆိုတဲ့သူက Google ရုံးချုပ်မှာလာဟောပြောတာတခုရှိတယ်...။ 

အဲဒီမှာသူပြောတာတခုရှိတယ်။ 

သူ့ကိုအမေရိကန်အစိုးရက second chance ပေးခဲ့တာမှာ သူ့ဘဝကိုလူကောင်းဖြစ်အောင်ကြိုးစားခဲ့ကြောင်း...။ ဒီအထိပြောလာခဲ့တာအဲဒီ second chance ကိုပြောချင်လို့ပဲ...။ ဒီ second   chance ဆိုတဲ့စကားလုံးကို အနောက်တိုင်းရုပ်ရှင်တွေမှာတွေ့ရလေ့ရှိတယ်...။ 

အပေါ်ကဇာတ်လမ်းမှာပြောခဲ့တဲ့ လူကြီး ( အခုဆိုရင် အသက်၇၅) ဟာတကယ့်အယောင်ဆောင်ကျွမ်းတဲ့လူလိမ်....။ ဒါပေမဲ့ second chance ကိုရပြီး ဘဝကိုအကောင်းဖက်ကိုပြောင်းလဲနိုင်ခဲ့တယ်...။

ဒီအဖိုးကြီးပြောတာနားထောင်ပြီးတော့ ကိုယ့်နိုင်ငံကဆိုးတဲ့သူတွေကို လေ့လာကြည့်မိတယ်...။ အကောင်းဖက်ကို ပြောင်းနိုင်တဲ့သူဆိုတာ အင်မတန် ရှားတယ်...။ ဆထက်တိုးပြီး မိုက်သွားတာမျိုးတွေ တွေ့ရတယ်...။ တချို့ကလည်း အစကတော့ လူကောင်းပဲ၊ နောက်တော့လူတွေရဲ့ကိုးကွယ်မှု၊ ချီးမြှောက်မှုဒဏ်ကိုမခံနိုင်ပဲယိုယွင်းသွားကြတယ်...။ ( ဥပမာ သီတဂူ ဆရာတော် )

အဲဒီလိုလူတွေ တချိန်မှာ လမ်းမှန်ပေါ်ပြန်တက်လာနိုင်လားလို့ကြည့်တော့၊ အခုအချိန်ထိတော့အဲသလိုလူ ကျမ မတွေ့ဖူးသေးပါ...။ 

အဖတ်မဆယ်နိုင်တော့တာသည် ......

ပင်ကိုယ်ကြောင့်လား? 

ပညာရေးကြောင့်လား?

ပတ်ဝန်းကျင်ကြောင့်လား...?

အဲလိုလူတွေတွေ့တိုင်း  Frank William Abagnale Jr. မျက်နှာပဲပြေးပြေးမြင်မိတယ်...။


# Credit to  Original Uploader



__________________
Revolution will prevail
မိုးငွေ့


Wednesday, 15 March 2023

The Glory.....

 



The Glory မှာ Song Hye Kyo ကိုဘာလို့ချီးမွမ်းကြတာလဲ? Spoiler ပါနိုင်တာမို့ မကြည့်ရသေးရင် မဖတ်ပါနဲ့နော်)

The Glory ပထမပိုင်းပြကတည်းက Song Hye Kyo တော်လိုက်တာလို့ အရမ်းချီးကျူးခံရတယ်. ကိုရီးယားမှာက တနိုင်ငံလုံး အရမ်းအား​ပေးကြတာမို့ သူတို့ချီးကျူးတာက ထားပါတော့... တကမ္ဘာလုံးအတိုင်းအတာမှာ USA ကအနုပညာဝေဖန်ရေးသမားတွေကပါ အရမ်းချီးကျူးကြတာပါ... အခု twitter naver weibo instagram အစရှိတဲ့ social media တွေမှာ trending ဆက်တိုက်ဖြစ်နေတာ စပြတဲ့ညကတည်းကပါပဲ... "Song Hye Kyo's acting" ဆိုပြီးပါ trending ဖြစ်ခဲ့တာပါ... ဒါတင်မကဘူး ရုပ်ရှင်ဝေဖန်ရေး page တွေကပါ rating အမြင့်ကြီးပေးကြတယ်... The Glory cast ကိုအရမ်းချီးကျူးကြတယ်... Song Hye Kyo ကို "MOTHER" "GOAT" စသဖြင့်ခေါ်ပြီး ချီးမွမ်းကြတယ်... ဘာလို့လဲ? 

မြန်မာနိုင်ငံကလူတချို့ကတော့ မြန်မာကြိုက်ရုပ်ရှင်ကားစတိုင် ကြည့်ချင်တာလို့ထင်တာပဲ... မဲ့ရွဲ့ပြီးပြူးပြဲသရုပ်ဆောင်ပြမယ်... မျက်ရည်လည်ရွှဲငိုမယ်... ဇာတ်နာကြီးတွေကို အမူအရာအပြင်းစားတွေနဲ့မှတော်တယ်လို့ ထင်ကြတယ်... ဒါကလည်း 1% လောက်ကိုတွေ့မိတာပါ. လူအများစုကတော့ ဇာတ်လမ်းကိုကြည့်တယ်... ဇာတ်လမ်းနဲ့ကိုက်ညီ ဇာတ်ကောင်နဲ့ကွက်တိကျတဲ့ သရုပ်ဆောင်မှုမျိုးမို့ အရမ်းကြိုက်ကြတယ်....။

မွန်ဒုံအွန်းကဘယ်လိုဇာတ်ကောင်လဲ? ရည်မှန်းချက်အရမ်းကြီးတယ်, တော်တယ်, နောက်ခံအင်အားမရှိသူမို့ အရမ်းကြိုးစားတဲ့သူပါ, အုပ်စုဖွဲ့အနိုင်ကျင့်ခံရပြီးနောက် ထက်မြက်သူမို့ ရဲတိုင်တယ်... သူပြန်တိုက်ဖို့ကြိုးစားခဲ့ပါတယ်... ဒါပေမယ့် မိခင်အရင်းကအစ ငွေအတွက်သားသမီးကို ထိုးကျွေးခဲ့တာမို့ အားမသန်မာန်လျော့ခဲ့ရသူပါ... သူအသက်ရှင်ပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ်ဆိုတာ အခြားအကြောင်းတွေပါရှိ (အစအဆုံးကြည့်ပြီးသူများသိပါတယ်) တာမို့ဒီလိုတောင့်ခံနိုင်တာမျိုးပါ.....။

နာကျင်အောင်နှိပ်စက်ခံရလို့ ကြောက်စိတ်များသွားတယ်. အရယ်အပြုံးမရှိဘူး... အရမ်းအေးစက်တည်ငြိမ်သွားတယ်... ဒီတော့ ဒီဇာတ်ကောင်ကို သရုပ်ဆောင်ရာမှာ Kyo ကမျက်နှာအမူအရာမသုံးရဘူး... သူအဓိကသုံးသွားတာက မျက်လုံးအကြည့်နဲ့ အသံနေအသံထားကိုသုံးပြီးပုံဖော်သွားတာ ကြောက်စိတ်ရှိတယ်, နာကျင်မှုရှိတယ်, ဝမ်းနည်းပူဆွေးတယ်, အားငယ်စိတ်ရှိတယ်, ဒါပေမယ့် စိတ်ကိုတင်းထားပြီးဆက်လက်ရှင်သန်တယ်, ပင်ပန်းနွမ်းလျနေတယ်, ခေါင်းမာတယ်, ရည်ရွယ်ချက်ပျောက်မှာစိုးလို့ ပျော်စရာတွေရှောင်တယ် မရယ်ဘူး, အမြဲတမ်းတွေးခေါ် အကွက်ချနေတယ်, သူက tension အရမ်းများတဲ့သူပါ.....။

Trauma ရဖူးသူတို့ရဲ့ထုံးစံအတိုင်း ထိတ်လန့်စိုးရွံ့မှုလည်းရှိတယ်... ဒီတော့ သူမက ဖြူလျပိန်သွယ်တယ်. အားနည်းတဲ့ပုံပေါက်တယ်... ဒါပေမယ့် စိတ်မာတယ် ခက်ထန်မှုလည်းရှိတယ်... ကျိုးကြေလွယ်မယောင်အားနည်းသလို သံမဏိလိုစိတ်ဓါတ်မာတယ်. (ဒီအချက်ကြောင့် Kyo ကိုရွေးတာလို့ စာရေးဆရာမကင်မ်နဲ့ ဒါရိုက်တာကြီးတာပြောထားတာ.) ဒီလိုများပြားလှတဲ့ စိတ်ခံစားချက်ကို Kyo ကပုံဖော်ရာမှာ အေးစက်တဲ့အသံရယ် မျက်လုံးအကြည့်တွေရယ် ပိန်လွန်းတဲ့ခန္ဓာကိုယ်အမူအရာနဲ့ ပုံဖော်သွားတယ်... ဒါကြောင့် အရမ်းတော်တယ်လို့ ချီးကျုးခံရတာပါ...။

The Glory ထဲကမင်းသမီးနှစ်လက်ဖြစ်တဲ့ Kyo နဲ့ Lim Ji Yeon ကိုယှဉ်ပြီးရေးထားတာတွေ့ဖူးတယ်. ယွန်ဂျင်းက မျက်နှာကြွက်သားတွေအများကြီးအသုံးပြုပြီး သရုပ်ဆောင်သွားတယ်... မဲ့တယ် ခနဲ့တယ် လှောင်တယ် စသဖြင့်ပေါ့... Kyo ကတော့ မျက်နှာအတည်ထားပြီး အသံနေအသံထား မျက်လုံးအကြည့်တွေနဲ့ သရုပ်ဆောင်သွားတယ်လို့ နှစ်ယောက်လုံးကို ချီးကျူးထားကြတယ်. မတူညီတဲ့သရုပ်ဆောင်ပုံစံပေါ့.....။

ဒါကအပိုင်း 1 တုန်းက review ပါ. မျက်နှာအမူအရာအရမ်းမသုံးပဲ သရုပ်ဆောင်ပီပြင်လွန်းလို့ အရမ်းချီးကျူးခံရတာပါ... အခုအပိုင်း 2 ရောက်တော့ မွန်ဒုံအွန်းပေါက်ကွဲတဲ့ဇာတ်ဝင်ခန်းတွေပါတယ်. ခံစားမှုပြင်းထန်လွန်းလို့ ပေါက်ကွဲတဲ့ပုံစံ သူအားရကျေနပ်လို့ ခနဲ့ပြီးဆိုက်ကိုဆန်ဆန်ရယ်တယ်... ဒါမျိုးတွေပါလာတယ်... အဓိကပေါက်ကွဲစေတာက သူ့အမေပါ... မင်မင်ဆို တီဗီထဲလက်လျှိုပြီး ဒီမိန်းမကြီးကို ဆံပင်ဆွဲစောင့်ပစ်ချင်တာ လက်ယားနေတာပဲ....။

မွန်ဒုံအွန်းဘာလို့ အေးစက်ကြီးကနေ ငိုယိုပေါက်ကွဲတာလဲ? အရမ်းရင်နာလို့ပေါ့... သူမဘဝရဲ့ပထမဆုံး အကြမ်းဖက်အနိုင်ကျင့်ခဲ့သူလေ... အမေမို့လွှတ်ထားပေမယ့် သူမလူဆိုးတွေကိုတိုက်နေချိန်မှာ ထပ်ပြီးအနိုင်ကျင့်လို့ နာလွန်းလို့သူပေါက်ကွဲသွားတာ... ဒီလိုထပ်လုပ်လို့ သူမလုပ်မယ့်အကြံအစည် (အမေကို ကလဲ့စားချေမယ့် အကြံအစည်) ကိုရဲရဲကြီးလုပ်နိုင်သွားတာ... ဝမ်းနည်ဝမ်းသာသရုပ်ဆောင်သွားတာ ရင်ထဲကိုဆို့နင့်သွားမိတယ်... သူ့အမေနဲ့ဆုံပြီး ငိုနေတာက ကူရာမဲ့နေတဲ့ ကလေးလေးလိုပဲ... အရမ်းသနားဖို့ကောင်းတယ်....။

နောက်ပိုင်းမှာ မွန်ဒုံအွန်း ရယ်ပြုံးလာတယ်... The Glory Part-1 မှာအေးစက်မာကျောတယ်... Skinship အသားကိုအထိမခံနိုင်ဘူး... ခြောက်သွေ့တဲ့ စပျစ်ပင်လိုဖြစ်နေတဲ့ ရယ်ရမှာတောင်ကြောက်တဲ့ မွန်ဒုံအွန်းတစ်ယောက် Part-2 မှာ glow နေတယ်လို့ထင်ရတယ်... ဒါပေါ့ အချစ်နဲ့တွေ့သွားတာလေ.... ပထမကတောင့်တောင့်ကြီးပေမယ့် နောက်ပိုင်းသူနေတတ်လာတယ်.... ချစ်တတ်လာတယ်... ဘယ်လောက်ပဲအတိတ်ဆိုးနဲ့ကြုံသူဖြစ်ပါစေ ပျော်ရွှင်မှု စစ်မှန်နဲ့အချစ်နဲ့ ထိုက်တန်တယ်ဆိုတာကို ပုံဖော်ပေးတဲ့ ဆရာမကင်မ်ကို အရမ်းလေးစားပါတယ်....။

5% လောက်ပါတဲ့ ဆရာဝန်လေး Yeo Jeong နဲ့ Dong Eun ရဲ့အချစ်ရေးက ဇာတ်လမ်းလှည့်ကွက်တွေကြည့်ရင်း အမောပြေဆေးပေးထားတာပဲလို့ခံစားရတယ်. မွန်ဒုံအွန်းအတွက်ကလည်း အနားယူကွန်းခိုရာပဲလေ... အရင်က အသက် 13 နှစ်ကွာတဲ့မင်းသားနဲ့ တွဲရိုက်မယ်ဆိုတော့ အတော်စိတ်လေသွားတယ်... ဘာလို့မင်းသားအငယ်တွေနဲ့ပဲ တွဲပေးနေတာလဲပေါ့... ဒါပေမယ့် အပိုင်း 2 ကသူတို့ရဲ့အချစ်ဇာတ်ဝင်ခန်းတွေ ကြည့်ရင်း Song Hye Kyo Lee Do Hyun ဆိုတာကိုလုံးဝမေ့သွားတယ်... အသက်ကွာတာလည်း မေ့သွားတယ်... Romance scene မပါပါစေနဲ့လို့ ဆုတောင်းခဲ့ဖူးတာမေ့သွားတယ်....။

The Glory ဇာတ်သိမ်းက healing (စိတ်ဒါဏ်ရာတွေ ပျောက်ကင်းစေတယ်) ဆိုတဲ့ခံစားချက်ပေးတယ်. ကျေနပ်အားရတယ်... ဘဝမှာ အဆိုးတွေကြုံရပေမယ့် လူသားတစ်ယောက်နေနဲ့ စစ်မှန်တဲ့အချစ်ခံစားနိုင်တယ်... ဆိုးရွားတဲ့အတိတ်ဆိုတာ အချိန်ကကုစားရင်း ကျော်ဖြတ်နိုင်သွားတယ်... အဲ့လိုခံစားချက်တွေပေးတယ်... အနိုင်ကျင့်သူတွေကလည်း အဆုံးထိမိုက်သွားကြသလို အဆုံးသတ်လည်း အရမ်းဆိုးကြတယ်... တချိန်လုံးဇာတ်နာပြီး ဇာတ်သိမ်းမှလူဆိုးတွေခံရတာမျိုးမဟုတ်ဘဲ အစပိုင်းကတည်း လူဆိုးတွေ တုန်လှုပ်သွေးပျက် ကလဲ့စားချေခံရတာကိုပြသွားတာက The Glory ကိုထူးခြားစေတာပါပဲ...။

ကလဲ့စားချေဇာတ်လမ်းမှာ အချစ်အကြောင်းမထည့်သင့်ဘူးဆိုတာ အရမ်းဇာတ်အိမ်ခိုင်တဲ့ဇာတ်လမ်းအတွက် မရည်ညွှန်းဘူးဆိုတာကိုလည်း ရိုက်ပြသွားတဲ့ The Glory ပါ. ဇာတ်လမ်းမှာပါတဲ့ သရုပ်ဆောင်တိုင်းက အရမ်းပီပြင်ပြီးတော်ကြတယ်... အထူးခြားဆုံးကတော့ Kyo, Lim Ji Yeon နဲ့ Lee Do Hyun တို့ပဲလို့ပြောချင်တယ်... အဒေါ်ကြီး Hyenam ကလည်း အရမ်းသရုပ်ဆောင်ကောင်းတယ်... ဆရာမကင်မ်က အဖေအတွက် ကလဲ့စားချေပွဲနွှဲမယ့် ဆရာဝန်လေး Yeo Jeong, မွန်ဒုံအွန်း နဲ့ အဒေါ်ကြီး Hyenam (သူ့ကို မွန်ဒုံအွန်းက စာပို့ပြီးခေါ်ထားတယ်) တို့ရဲ့ mission အသစ်နဲ့အဆုံးသတ်ထားတယ်... တိမ်တွေဖုံးသွားတဲ့ပုံစံကလည်း အခက်အခဲကြားက သွေးမစွန်းမယ့် ကလဲ့စားချေပွဲဆိုတာကို ပြတာမို့ Part-3 လေးများ ရေးမလားလို့ မျှော်နေမိပါတယ်. ...။


မတ်လ 14 ရက်နေ့မှာလည်း The Glory က Global chart မှာ Top 1 🎉🎉 ပါပဲ. ပိုမိုအားကောင်းလာပါတယ်...။


☘️ Top 1 in Netflix Global chart (daily)

- Top 1 in 42 countries

- Top 10 in 89 countries

☘️ Top 1 in Non-English chart (weekly)

☘️ Top 1 in Korean OTT (movies & dramas) 

☘️ Top trending on various social media platforms (since the release date) 

☘️ Top TV show on Rotten Tomatoes with 100% reviews

☘️ Recommended by many people worldwide


Netflix weekly update မှာ The Glory က non english ရော english category  မှာပါ Number 1 ဖြစ်ခဲ့ပါတယ်. ဒီအပတ်အတွက် Netflix weekly update မှာ The Glory ပြသချိန် 3 ရက်သာပါပြီး စုစုပေါင်းနာရီ 124 millions ရှိခဲ့ပါတယ် 🤩

The Glory   124,460,000 million (10/03 မှာစပြ)

You             75,810,000 million (9/03 မှာစပြ)

Part 1 has 189,560,000 million viewing hrs

Part 2 has 124,460,000 million hours နဲ့ စုစုပေါင်းနာရီ 314,020,000 million viewing hours 🔥ရှိလာပါ​ပြီ 🎉🎉🎉 ဂုဏ်ယူလိုက်တာ Kyo နဲ့ The Glory team 🎉🎉  

The Glory ကနိုင်ငံတကာရုပ်ရှင်ကြည့်သူတွေ ပါးစပ်ဖျား အတော်ရေပန်းစားနေတာပါ. Korea drama တွေရဲ့အဆင့် တဆင့်ထပ်မြင့်သွားပြီ. ဇာတ်လမ်းက ဟာကွက်မရှိပြည့်စုံလွန်းတယ်. သရုပ်ဆောင်တွေအကုန် ကလေးနဲ့ခွေးပါမကျန် တော်လွန်းလို့ Emmy Ensemble Awards ရသင့်တယ်လို့ပြောနေကြတယ်. Review ကောင်းတာရယ် တယောက်စကား တယောက်နား သတင်းပျံ့နှံံ့မှုတွေက The Glory ကိုကြည့်နှုန်းမြင့်စေပါတယ်. ဆရာမ Kim Eun Sook ကပြောဖူးတယ်. Squid Game လိုကမ္ဘာကျော်တဲ့ဇာတ်မျိုး ဖန်တီးထားတယ်တဲ့. Squid Game က Global Phenomenal ဆိုရင် The Glory သည် Global Smash Hit လောက်ဖြစ်လာပါပြီ....။

ဒါနဲ့ Song Hye Kyo ဒီဇာတ်လမ်းလက်ခံတုန်းက မနာလိုသူတသိုက်ရဲ့စကားတွေ မှတ်မိသေးတယ်. Lee Do Hyun တော့ဘဝပျက်ပါပြီ. ဇာတ်လမ်းစုတ်ပြတ်တာဆိုတော့ ကံဆိုးပြီးနာမည်ပျက်မယ်. အခု Do Hyun ကအညွန့်တလူလူဘဝကနေ ဟုန်းဟုန်းတောက်သွားတာလေ 🥰 LDH အစားခံရတော့မယ်ဆိုတာကပါသေးတယ်. Kyo ကတော့မစားဘူး. တကမ္ဘာလုံးကအမျိုးသမီးတွေကတော့ ဆရာဝန်လေး ချစ်တတ်လိုက်တာဆိုပြီး စားရင်စားမှာ 😂😂

Kyo တယောက် သရုပ်ဆောင်ညံ့လို့ ကမ္ဘာမှာအရှက်ရမယ် ဘာညာပေါ့. အသက်ကြီးပြီ. သူတို့ stan တဲ့သူကိုမှီပါဘူး. ဘာညာနဲ့လေ. အခု Kyo က "MOTHER" "GOAT" တို့အခေါ်ခံနေရတာ 😍 အဲ့ဒီလိုပြောခဲ့သူတွေ ကိုယ့်တံတွေးကိုယ်မျိုချနေရောပေါ့. အပေါက်ပိတ်နေရောပေါ့ ရင်ခံရောပေါ့နော်🙄😂😂 သူတို့ပြောခဲ့တာနဲ့ ပြောင်းပြန် The Glory တဖွဲ့လုံး အရမ်းချီးကျူးခံရတာလေ....။


#SongHyeKyo #NetflixKr

#netflixoriginal #TheGlory

#WeLoveSongHyeKyo

#songhyekyoMMfans #Admin_A

#creditastagged

#CreditToOriginalUploader

SongHyeKyo Fan Pages မှကူးယူတင်ပြပါသည်..။


______________________


ဒီလိုအနိုင်ကျင့်ခံရတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပြန်ကြည့်တာမှာ ကျနော့်ရဲ့ ငယ်ဘဝစိတ်ဒဏ်ရာကို ပြန်တူးဖော်ပေးနေတာနဲ့အတူတူပါဘဲ...။ အိမ်ထောင်ကျိုးမိသားစုတစ်ခုကနေ ဆင်းသက်လာခဲ့တဲ့ ကျနော့်အဖို့  ငယ်စဉ်က အဖေက အမေ့ကို ဘယ်လိုရိုက်နှက်နှိပ်စက်ခဲ့တယ်ဆိုတဲ့ အိမ်တွင်းအကြမ်းဖက်မှုပုံရိပ်တချို့ကို ခုချိန်ထိပြန်မြင်နေသေးတယ်...။  မူးလို့လုပ်မိတာလို့ လွယ်လွယ်နဲ့ဆင်ခြေပေးကြတယ်... စိတ်ရင်းမှန်ကမပါရင် ဘယ်အရာကမှအကောင်ထည်ပေါ်မလာပါဘူး...။   အဲတုန်းက ကလေးမို့လို့ အဖေနဲ့အမေပြဿနာကို သေချာနားမလည်သေးပေမယ့် မိန်းမတစ်ယောက်ကို အင်အားသုံးပြီး အကြမ်းဖက်နည်းနဲ့မတုန့်ပြန်သင့်ဘူးလို့ ကျနော်သုံးသပ်မိတယ်..။   ဒီဇာတ်ကားလေးထဲက မွန်ဒုန်အွန်း ဇာတ်ကောင်နေရာကို ကျနော်အရမ်းသဘောကျတယ် အားလည်းကျတယ် နောက်ခံကူညီပေးနိုင်မယ့် လူအင်အားနည်းပေမယ့် သူက အချိန်နဲ့ဉာဏ်ကိုရင်းပြီး လက်သွေးမစွန်းတဲ့ ကလဲ့စားမျိုးကို ရအောင်ပြန်ချေနိုင်ခဲ့တာမျိုး အရမ်းသဘောကျမိတယ်...။ ကျနော့်အမေလည်း အဖေ့ကို သိပ်အားမထုတ်ခဲ့ရပေမယ့် အဖေပြန်ပေးဆပ်လိုက်ရတာကိုက လှလှပပ ကလဲ့စားတစ်ခုလို့ ကျနော်မြင်တယ်...။ ဒီအတွက် အဖေသေဆုံးချိန်မှာ မျက်ရည်တစ်စက်မကျခဲ့တဲ့ အလောင်းကိုတောင် သွားမကြည့်ခဲ့ အသုဘမပို့ခဲ့တဲ့အတွက် ကျနော် တစ်သက်လုံး နောင်တမရခဲ့ဖူးဘူး...။ အချိန်တစ်ခုနဲ့ပဲ သူ့အပြစ်သူပေးဆပ်သွားခဲ့ရတဲ့ အဖေ့လုပ်ရပ်တွေဟာ အမေ့အတွက်ဂုဏ်ယူဝမ်းမြောက်စရာလို့ပဲမြင်တယ်...။ ဒီလိုပြောလို့ ကျနော့်ကို သမီးမိုက်လို့ သတ်မှတ်ချင်လည်း သတ်မှတ်နိုင်ပါတယ်...။ ဒီနေရာမှာ ဘယ်ဘာသာရေး အယူအဆ ဘာငရဲ, နိဗ္ဗာန်မှမပါတဲ့ ကျနော့်ရင်တွင်းခံစားချက်ရဲ့ စစ်မှန်တဲ့ တုန့်ပြန်မှုပါပဲ..။ ဒီလောက်ပါပဲ...။


_________________
Revolution will prevail
မိုးငွေ့

Monday, 2 May 2022

ဆာရီဝင်္ကပါချစ်သူ OST.....



 

ဒီထိုင်းဇာတ်လမ်းတွဲလေးက One 31 တီဗီလိုင်းကနေ ဖေဖော်ဝါရီလကတည်းက လွှင့်နေခဲ့တာပါ...။ ကျမကို ဒီကားလေးကောင်းတယ် ကြည့်သင့်တယ် ဘာညာနဲ့ လင့်ခ်တွေပို့ပေးပေမယ့် ကျမက လူတွေ သည်းသည်းလှုပ်တဲ့ ဘယ်အရာကိုမဆို စိတ်မဝင်စားတတ်တဲ့ထုံးစံအတိုင်း ပေပြီးလုံးဝအဲဒီကားကိုမကြည့်ခဲ့ဘူး....။ အဲတုန်းက ဒီဆာရီချစ်သူထဲက ခေါင်းဆောင်မင်းသမီး Baifern က သူ့ဇာတ်လမ်းတွဲချည်းနှစ်ကားပြိုင်တူလွှင့်တာ နှစ်ကားလုံးရဲ့လင့်ခ် တယ်လီဂရမ်မှာ ရှိနေပေမယ့် သွားကိုမကြည့်ဖြစ်ဘူး....။ 

တစ်နေ့မှာ One 31 ကလုပ်တဲ့ အစီစဉ်တစ်ခုကိုရုတ်တရက်ကြည့်မိရင်း ဒီကားလေးရဲ့ OST သီချင်းကိုဆိုပေးခဲ့တဲ့ သူတို့ဆီက နာမည်ကြီး Klear အဖွဲ့ သီချင်းလာဆိုတာကို နားထောင်မိရင်း ဆာရီဝင်္ကဘာချစ်သူကို ကြည့်မိသွားတယ်...။ ဇာတ်လမ်းကောင်းတယ်....အိန္ဒယအနောက်မြောက်ပိုင်းမှာရှိတဲ့ မန္တရာပူရတိုင်းအကြောင်းနဲ့ပတ်သက်ပြီး သေသေချာချာလေး ဇာတ်ကိုတည်ထားတယ်...။ Klear ရဲ့ ဒီဇာတ်ကားလေးအတွက် သီချင်းစပ်ဆိုရတဲ့ နောက်ခံအကြောင်းကိုပြန်ပြောထားတာကြောင့်လည်း ကြည့်ဖြစ်သွားခဲ့တာပါတယ်...။

OST သီချင်း MV ကိုရှာကြည့်မိရင်း Klear ရဲ့ ညာဖက်လက်မောင်းရှေ့က တက်တူးလေးကို သဘောကျမိ....။



__________________
Revolution will prevail
မိုးငွေ့


Monday, 4 April 2022

Time…..





လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက You Tube မှာတင်ထားခဲ့တဲ့ ထိုင်းအဆိုတော် Pop Pong Kool ရဲ့ True Love Knows No Time ကို အသက်ပြန်သွင်းထားတဲ့ ထိုင်းဇာတ်လမ်းတွဲလေးတစ်ခု အခုကြည့်ဖြစ်နေတယ်...။ One31 TV မှာ အပတ်စဉ် ဗုဒ္ဓဟူး နဲ့ ကြာသပတေးလွှင့်နေတာပါ....။ အပိုင်း ၄ အထိကြည့်ပြီးသွားပြီး Drama Romance အမျိုးအစား....။ ဇာတ်ညွှန်း ဇာတ်အိမ်ကောင်းတယ်....။ မြန်မာစာတန်းထိုးကို Telegram မှာသွားကြည့်လို့ရပါတယ်....။ Thai Series Fan 2 ထဲဝင်ပြီး "အချိန်စက်ဝန်းပေါ်ကအချစ်" ဆိုတဲ့ ကားလေးတွေကိုရှာကြည့်လို့ရပါတယ်...။ ထိုင်းလို "Rak Yoo Neah Kan Wailar"  နဲ့ "The Love Proposal" လို့လဲ Google မှာရိုက်ထည့်ပြီး ရှာလို့ရပါတယ်....။ ၂၀၂၂ မှာ တကယ် Feel လို့ကောင်းတဲ့ ဇာတ်လမ်းတွဲအသစ်လေးတစ်ခုပါပဲလို့ ညွှန်းပါရစေ....။

တလောက One 31 က အစီစဉ်တစ်ခုမှာ မင်းသားငါးယောက်ကို အင်တာဗျူးတာကြည့်ရင်း ဒီကားလေးကိုသိလိုက်ရတာပါ...။








_________________________
Revolution will prevail
မိုးငွေ့

Saturday, 20 November 2021

My Name…..




မင်းသမီးလေးက ရုတ်တရက်ကြည့်ရင် အွန်စောနဲ့ခပ်ဆင်ဆင်



Park Hee Soon ဆိုတာ ဒီဘဲကြီး
 


"My Name"(2021)  K Series တွဲလေးကို ဖေ့ဘုတ်မှာတွေ့လို့ သူပေးထားတဲ့ လင့်နဲ့လိုက်သွားလိုက်တာ တယ်လီဂရမ်ကနေ ကြည့်လို့ရတာနဲ့ ကြည့်ဖြစ်သွားခဲ့တယ်....။ Netflix ရှိသူများတော့ ကြည့်ပြီးသားဖြစ်လိမ့်မယ်....။  Drama, Action, Thriller ကားလေးပါ....။ မူးယစ်ဆေးဂိုဏ်းနဲ့ ရဲတပ်ဖွဲ့ ဇာတ်လမ်းပါပဲ....။ ထုံးစံအတိုင်း ကျွန်မက မင်းသားချောချောလေးတစ်ယောက်ပါပေမယ့် တကယ်သဘောကျမိတာက Park Hee Soon သူက လူဆိုးဂိုဏ်းခေါင်းဆောင် သရုပ်ဆောင်အမူအရာ ဘာမှအပိုအလိုမရှိ သဘာဝကျ စမတ်ကျကျ သရုပ်ဆောင်သွားတာ သိပ်ကြိုက်တယ်....။ အထူးသဖြင့် ဆေးပြင်းလိတ်ကြီးခဲပြီး ဒေါသထွက်နေတဲ့အခန်းဆို အမိုက်ဆုံးပဲ....။ ဒီလောက်ပဲပြောတော့မယ် စိတ်ဝင်စားရင်ကြည့်လို့ရအောင် လာပြောပြတာ...။ Squid Games ကြည့်ပြီးကတည်းက ကျွန်မလဲ Thriller ကားတွေ ကြည့်ရဲလာပြီပဲ.......။ ဒီတစ်ခါတော့ ကျွန်မက(My Name) ဒီကားလေးကောင်းတယ် ကြည့်ကြည့်ဆိုပြီး     ဟိုကလေးလေးကို ပြန်ညွှန်းတဲ့အလှည့်ပေါ့....။





My Name OST  ဇာတ်နဲ့လိုက်ဖက်အောင် Hip Hop တို့ Soul တို့လို
Music အမျိုးစားတွေထည့်ထားတယ်




___________________
Revolution will prevail
မိုးငွေ့

Saturday, 8 May 2021

စိတ်ခွန်အား.....


အခြေနေက လူတွေကိုယ့်ပိုက်ဆံနဲ့ကိုယ်အရူးမီးဝိုင်းနေကြပြီ....။ ကိုယ်ယုံကြည်စွာအပ်နှံထားတဲ့ ငွေတွေကို ပြန်ထုတ်မရ....။ ဇွဲရှိရှိနဲ့ထုတ်ရထားတဲ့သူတွေကျတော့ ပစ္စည်းတွေကောက်ဝယ် အဲလိုအသည်းသန်ဝယ်တော့ ဈေးတွေတက် ကမောက်ကမက်တွေဖြစ် ဗြောင်းကိုဆန်နေတာပဲ....။ ဒီလိုအခြေနေမျိုးဖြစ်အောင်လုပ်တဲ့သူတွေကို ကောင်းလှချည်ရဲ့လို့ မျက်စိစုံလုံးကန်း နားကန်းပြီး ယုံကြည်ကိုးကွယ်နေကြဆဲသူတွေကိုလဲ အံ့အားသင့်မိပါတယ်...။

ဆိုတော့ တိုက်ခန်းတွေ ကွန်ဒိုတွေ မြေကွက်တွေလိုက်ဝယ်ကြတယ်....။ ကျွန်မတို့အလုပ်ပြန်ဖွင့်ရတယ်...။ ဒီရက်ပိုင်း အခန်းလာဝယ်သူ လာကြည့်သူအများသားကိုး....။ မနေ့က အလုပ်ကပြန်တော့ အိမ်အောက်မှာ အလုပ်က ဂျူနီယာတစ်ယောက်နဲ့ဆုံတယ်....။ သူကအလုပ်ဝင်တာ နှစ်နှစ်လောက်ပဲရှိဉီးမယ်....။ အလုပ်လုပ်တာတော်ပါတယ် ဒါပေမယ့် လောဘဇောတစ်ခုကြောင့် အလုပ်မှာအလွဲသုံးစားပြဿနာဖြစ်သွားခဲ့တယ် အဲအဖုအထစ်တစ်ခုကြောင့် သူဌေးရဲ့ အယုံအကြည်ကိုမရတော့လို့ ရာထူးချခံရတယ်....။ ခုမှ အသက်သုံးဆယ်ကျော်စွန်းစွန်း ကျွန်မနဲ့အမျိုးတော်ပါတယ် အဲကောင်လေးက...။ အဲဒါကျွန်မလဲတွေ့ရော ကျွန်မကိုတင်းတင်းကျပ်ကျပ်လာဖက်ထားတယ် ....။ ကျွန်မသူ့ကျောပြင်ကိုပွတ်သပ်ပြီး အားပေးလိုက်ပါတယ်...။ သူ့စိတ်ထဲဘယ်သူမှဖွင့်ပြောမရတဲ့ အစိုင်အခဲတွေကို အရည်ဖျော်ချတဲ့နည်းတစ်ခု သို့မဟုတ် အားငယ်နေချိန်မှာ ခွန်အားတစ်ခုကို‌ ပွေ့ဖက်ခြင်းကတစ်ဆင့် ကျွန်မပေးနိုင်တာလေးတစ်ခုပါ....။ 

ခုချိန်မှာ စီးပွားရေး လူမှုရေး ကျန်းမာရေး ဘာတစ်ခုမှအဆင်မပြေနေတဲ့အချိန်.....။ လူတွေ အသက်အရွယ်မရွေး စိတ်ကျဝေဒနာကို အလွတ်တကူရနေတဲ့အချိန်....။ ကိုယ့်စိတ်ကိုယ်ကို Healing မလုပ်နိုင်ရင် အဲဒီစိတ်က ကိုယ့်ကို အနိုင်ယူသွားတာပဲ....။ ကျွန်မ ကိုးဗစ်-19 ဒုတိယလှိုင်းကတည်းက ထိုင်းစီးရီးတွေတော်တော်များများကြည့်ဖြစ်ခဲ့တယ်...။ ခုထိလဲ ကောင်းတဲ့ဇာတ်လမ်းလေးတွေ ကိုယ်ကြိုက်နှစ်သက်တာတွေကို ကြည့်နေဆဲပဲ.....။ Netflix ကိုဆက်မဝယ်ဖြစ်တော့ကတည်းက ဆိုပါတော့....။ You Tube နဲ့ 3Plus မှာကြည့်ဖြစ်တယ်...။ 



Thai Actor Got Jirayu Tantrakul


ကျွန်မက မင်းသားဆို အပြစ်အနာစာကင်း အရမ်းကို Gentle Man ဆန် ချောမောနေတဲ့သူတွေထက် ခပ်ရွတ်ရွတ် လူဆိုးပုံပေါက်တဲ့ မင်းသားတွေကိုပိုသဘောကျတယ်..(ဉပမာ ကိုရီးယားမင်းသားတွေ အချောအမောတွေတပုံကြီးထဲမှာ ကျွန်မက ရုပ်ဆိုးပြီးဆွဲဆောင်မှုရှိတဲ့ Hollywood တန်းဝင် မင်းသား လီဗြောင်ဟွန်းကိုမှကြိုက်)..။ Got Jirayu က တကယ်တော့ ခေါင်းဆောင်မင်းသား Main Role မဟုတ်ဘူး သူက ဇာတ်ရံမင်းသား ဒုတိယမင်းသားပေါ့....။ သူ့နေထိုင်မှုပုံစံက တခြားမင်းသားတွေနဲ့ကွဲထွက်တယ်....။ စာအုပ်စာပေမြတ်နိုးတယ် ကျန်းမာရေးလိုက်စားတယ် တရားထိုင်တယ် ပြောရမယ်ဆိုရင် သာမန်ထဲကမဟုတ်တဲ့ အတွေးအခေါ်အယူအဆကအစ သူများနဲ့မတူတဲ့သူတစ်ယောက်ဖြစ်လို့လဲ သူ့ကိုပိုသဘောကျမိသွားခဲ့တယ်...။ ဒါကြောင့် သူ့အကြောင်းတွေ သူ့အင်တာဗျူးတွေတော်တော်များများကို You Tube ကနေအကုန်သွားကြည့်တယ် Instagram မှာ follow လုပ်တယ်...။ ကျွန်မထိုင်းကားတွေကြည့်ခဲ့တဲ့ တောက်လျှောက်မှာ တခါမှသူ့ကားမကြည့်ဖူးခဲ့ဘူး ခုမှ One31 channel မှာ Wed+Thus တစ်ပတ်နှစ်ရက်လွှင့်နေတဲ့ Krachao Seeda ဆိုတဲ့ဇာတ်လမ်းတွဲကို စကြည့်မှသိတာ....။ သူက သရုပ်ဆောင်ရာမှာ ဇာတ်ကောင်ဝင်စားမှုတော်တော်လေးကောင်းတဲ့သူလို့ဆိုရမယ်....။ ဇာတ်ညွှန်း ကျေညက်အောင်ဖတ်တယ် တစ်ရက်စာရိုက်ရမယ့် Scene တွေ ရိုက်ကွင်းမရောက်ခင်မှာ သေချာအိမ်စာလုပ်ခဲ့တယ်....။ Acting Coach နဲ့လည်း ဇာတ်ညွန်းမှာပါတဲ့ Dialogue တွေကို ဇာတ်လမ်းထဲက ဇာတ်ကောင်ဟာ ဒီစကားကို ဘယ်လိုခံစားမှုမျိုးနဲ့ပြောတာလဲဆိုတာကအစ အသေးစိပ် လေ့ကျင့်ပြီးမှ သရုပ်ဆောင်တတ်တဲ့သူ....။ အသက်ငယ်ပေမယ့် လောလောဆယ်ကြည့်ဖြစ်နေတဲ့ ထိုင်းမင်းသားတွေထဲမှာ လေးစားရတဲ့ယောကျာ်းတစ်ယောက်....ပြီးတော့ သူ့အကြောင်းသွားလေ့လာလေလေ သူ့ကိုပိုစိတ်ဝင်စားလေလေပဲ....။ သူ့ရဲ့ နေ့စဉ်နေထိုင်ပြုမူတာတွေကို စိတ်ဝင်စားတဲ့သူတွေတချို့တော့ သူနဲ့ အားကစားလုပ်တာ တရားထိုင်တာ သူဘာစာအုပ်တွေဖတ်တာတွေလုပ်ကြတယ်....။ အသက်သုံးဆယ်နှစ်နှစ်အရွယ် Got Jirayu မှာ ဒီနေ့ထိရေးထားခဲ့တဲ့ ဒိုင်ယာရီစာအုပ် (၂၅)အုပ်ရှိတယ်...။ သူ့အင်တာဗျူးတစ်ချို့မှာ သူငယ်စဉ်ကရေးခဲ့တဲ့ နေ့စဉ်မှတ်တမ်းတွေတချို့ကို ပရိတ်သတ်ကိုဖတ်ပြတတ်တယ်...။ ယနေ့ထိ စာအုပ်ပေါင်း ရာထောင်ဂဏန်းထိဖတ်ခဲ့ပြီးတဲ့သူတဲ့ လေးစားဖွယ်ရာပါပဲ....။ သူစာအုပ်ဖတ်နည်းက တော်တော်လေး အတုယူစရာပါ...။ သူလည်းစာအုပ်ဖတ်နှေးတဲ့ထဲပါတယ် တစ်အုပ်ကို တစ်ပတ်လောက်ကြာတတ်တယ်....။ စာအုပ်တစ်အုပ်ဖတ်ရင် သီးသန့်မှတ်ဖို့ notes စာအုပ်တစ်အုပ်ထားထားတယ်...။ ဆိုတော့ သူစာအုပ်ဆယ်အုပ်ဖတ်ပြီးရင် သူလိုချင်တဲ့ စာအုပ်တစ်အုပ်ချင်းဆီရဲ့ မှတ်ချက်လေးတွေကိုထုတ်နုတ်ထားတဲ့ စာအုပ်ဆယ်အုပ်ထပ်ထွက်လာတယ်...။ သူစာအုပ် အုပ်ငါးရာပိုင်ရင် စုစုပေါင်း notes မှတ်တဲ့စာအုပ်နဲ့ဆို တစ်ထောင်ရှိတယ်...အဲလို....။ သူလည်းပဲ e-book ဖတ်ရတာမကြိုက်တဲ့သူထဲပါတယ်....။ စာအုပ်ကို စာအုပ်အတိုင်း စာရွက်တွေကိုလက်နဲ့ကိုင်ဖတ်ရတာ နှစ်သက်တဲ့သူ Social Media ကိုလုံးဝစိတ်မဝင်စားလို့ သရုပ်ဆောင်လိုင်းစဝင်တုန်းက လူသိနည်းခဲ့တာကို သူဝင်ခံထားတာတွေ့တယ်....။ ခုမှသာ Instagram မှာ ပရိတ်သတ်နဲ့ live မှာထိတွေ့ရတာ ပုံတွေတင်ရတာတွေကို နည်းနည်းလုပ်လာလို့ ပရိတ်သတ်များလာခဲ့ရတာတဲ့....။ သူကပြီးခဲ့တဲ့ နှစ်နှစ်က Gold ဆိုတဲ့ ဟောလီဝုဒ်ရုပ်ရှင်ဇာတ်ကားမှာ casting ခေါ်လို့ သရုပ်ဆောင်ခဲ့ရသေးတယ် ၁၇မိနစ်စာ....။

စိတ်ခွန်အားလို့ ခေါင်းစဉ်တပ်ပြီး Kort Jirayu အကြောင်းတွေကိုပဲရေးတယ်မပြောနဲ့နော်...။ သူ့အကြောင်းလေးသေချာလေ့လာရင် စိတ်ခွန်အားတွေတကယ်ရတာ ကိုယ့်ကိုယ်ကို ဘယ်လို healing လုပ်ရမယ်ဆိုတာပါသိသွားရတာမို့ပါ....။



Krachao Seeda


ဒီ video clip လေးက Got Jirayu ရဲ့ ဘဝနေထိုင်မှုအကြောင်းပါ ထိုင်းလိုနားလည်ရင် ဝင်ကြည့်လို့ရတယ်


Announce  📣📣📣 ပြီးခဲ့တဲ့ Feb 1 နေ့ကတင်ထားတဲ့ စာဖတ်သူတွေကို giveaway ပေးရမယ့်သူလေးယောက်ကော်မန့်မှာတွေ့ပါတယ် ...။ နှစ်ယောက်ကတော့ ကျွန်မအီးမေးလ်ကို လိပ်စာတွေပို့ပေးထားခဲ့ပါတယ်...။ ကျန်တဲ့နှစ်ယောက် ( ညီမ San San Nwe နဲ့ San Htar Khine) ကျေးဇူးပြုပြီး ကျွန်မဆီကို (coralnyo@gmail.com) လိပ်စာအပြည့်အစုံနဲ့ဖုန်းနံပါတ်လေးပို့ပေးပါနော် ...။ ဒီရက်ပိုင်း ကျွန်မ စာအုပ်တွေကိုသွားဝယ်ပြီး ပို့ပေးမလို့ပါ ....။ ကျွန်မဘလော့ကို အမြဲလာဖတ်ပြီး အားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ထပ်ပြောပါရစေ....💖💖💖


မိုးငွေ့


Friday, 18 September 2020

My Ambulance.....

 

 


ဒီထိုင်းဇာတ်လမ်းတွဲလေး ကြည့်ဖူးကြပြီးပြီထင်ပါတယ်....။ မြန်မာပြည်မှာတော့ တီဗီ channel တစ်ခုကလွှင့်ပြီးသွားပြီ...။ ကျွန်မက tube ကနေပြန်ကြည့်တာ အားလုံး (၁၆)ပိုင်းရှိတယ် ညလုံးပေါက်ကို (၁၅)ပိုင်းမှာကြည့်ရင်း တိုက်ပွဲကျသွားတယ် မိုးလင်းခါနီးနေပြီ....။ နောက်တစ်ရက်မှပဲ ဇာတ်သိမ်းပိုင်းကြည့်လိုက်တော့တယ်...။ တစ်ညလုံး လက်ကိုင်ပဝါတစ်ထည်နဲ့ ကြည့်လိုက် ငိုလိုက်လုပ် ရေသောက်လိုက် ရှူးထပေါက်လိုက်လုပ်တာ မနက်လင်းတော့ မျက်ခွံတွေရောင်နေရော..။ အဲဒါနဲ့ရုံးသွားတော့ eye liner ထူထူလေးဆိုးသွားလိုက်တယ် ဟန်ကိုကျနေရော....။ Covid စဖြစ်ကတည်းက အလှမပြင်တာကြာပေါ့ ဒီနေ့တော့ မျက်လုံးကို ခပ်မိုက်မိုက်လေး လိုင်နာထူထူဆိုးပစ်လိုက်တယ်...။

ဒီဇာတ်လမ်းထဲက မင်းသမီးက Pe mak သရဲကားကတည်းက နာမည်ကြီး သူ့ကားတွေတော်တော်များများကြည့်ဖူးတယ်...။ ပြီးတော့ Brand ငှက်သိုက်ကို မြန်မာစကားပြောပြီးကြော်ငြာသေးတယ်လေ....။ မင်းသားကတော့ "I am fine thank you, love you" "Happy Old Year" " Heart Attack" နဲ့ "Brother of the year" ဆိုတဲ့ကားတွေမှာ နာမည်ရခဲ့တာ..။ နှစ်ယောက်လုံးသရုပ်ဆောင်ကောင်းတယ်...။ ဇာတ်သိမ်းမှာ (၁၅)နှစ်လောက်ချစ်ခဲ့ချစ်သူနဲ့မဆုံလို့ ဇာတ်သိမ်းကို သိပ်မကြိုက်ဘူး....။ ရေရှည်လက်တွဲလာခဲ့တဲ့ သူနဲ့ပဲဆုံစေချင်တယ်....။ နှစ်ရှည်လများ သံယောဇဉ်တွေက နောက်ဆုံးကျတော့ဘာမှမဟုတ်သလို မဖြစ်စေချင်ဘူး...။ 

မကြည့်ရသေးရင်ကြည့်ကြည့်ပါ ကောင်းတယ်....။ ကျွန်မက you tube မှာ တရုတ်စာတန်းထိုးပဲတွေ့လို့ ထိုင်းစကားနားလည်လို့ အဲဒါပဲကြည့်လိုက်တာ...။ English စာတန်းထိုးနဲ့လဲရှိမှာပါ ရှာကြည့်ကြနော်....။ သာမန်ကြည့်နေကျမဟုတ်တဲ့ Romance အချစ်ဇာတ်လမ်းလေးတစ်ပုဒ်....။ 

My Ambulance is a 2019 Thai drama series starring Davika Hoorne, Sunny Suwanmethanont, and Wongravee Nateetorn. It is aired on One31 from September 6 to October 26, 2019 and has 16 episodes. The series is produced by Nadao Bangkok and directed by Naruebet Kuno.




မိုးငွေ့

Thursday, 26 December 2019

Last Christmas.......




ဒီနှစ်ထဲမှာရုံမှာ သွားကြည့်ဖြစ်ခဲ့တဲ့ရုပ်ရှင်တွေထဲ ကျွန်မအကြိုက်ဆုံးကားထဲက သုံးကားမြှောက်ဇာတ်ကားလေး Last Christmas .  2019 ခုနှစ် ရုံမှာသွားကြည့်တဲ့ကားထဲမှာ Joker နဲ့ Now and Ever ပြီးရင် ဒီကားကိုအကြိုက်ဆုံးပဲ George Michael ရဲ့ Last Christmas သီချင်းကိုပြန်နားထောင်ရတာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကိုရောက်သွားသလိုပဲ....။ အဲတုန်းက Last Christmas သီချင်းကို version အသစ်နဲ့စနားထောင်ရတာ ပြီးတော့ Rap နဲ့ Hip Hop ဂီတအမျိုးစား စခေတ်စားတဲ့အချိန်ပေါ့...။  George Michael ရဲ့ Last Christmas သီချင်းကို Rap နဲ့ Mixing လုပ်ထားတဲ့ အဲဒီ ဗားရှင်းကို တော်တော်လေးစွဲပြီး နားထောင်ခဲ့ဖူးတာ....။  အင်္ဂလိပ်သီချင်းတွေကို မြန်မာပြည်မှာ CD အချပ်ကြီးတွေနဲ့ သီချင်းပြန်နားထောင်ရတဲ့ ခေတ်လည်းဟုတ်တယ်...။ ခုခေတ်လို mp3  mp4 တွေ ပေါပေါလောလော မရှိသေးတဲ့ ခေတ်...။ ကိုယ်တွေ တက္ကသိုလ်ဒုတိယနှစ်လောက်ပဲရှိဦးမယ်....။






ဒီကားလေးကို trailer ကြည့်တုန်းက Romance အချစ်ကားလေး George Michael ရဲ့  Christmas သီချင်းတွေအများကြီးပါတဲ့ ချစ်စရာ ခရစ္စမတ်ဇာတ်ကားလေး ပျော်စရာတွေပဲ ငိုစရာမပါတဲ့ကားလို့ထင်ထားမိတာ သူများတွေအတွက်တော့မသိဘူး ကျွန်မအတွက်တော့ ငိုစရာအခန်းလေးတစ်ခန်းပါတယ်...။ မင်းသမီးလေးက နှလုံးအစားထိုးရလို့ သူများအသက်နဲ့ ရှင်သန်နေရတာဆိုပြီး သူ့ကိုယ်သူ စိတ္တဇဖြစ်နေတာကို မင်းသားရဲ့ အခန်းလေးထဲမှာ သူ့ခံစားချက်ကို ရင်ဖွင့်တဲ့ အခန်း ကျွန်မ မျက်ရည်ဘယ်လိုမှထိန်းမရဘူး ဝမ်းနည်းစရာအခန်းမပါဘူးထင်လို့ မျက်ရည်သုတ်စရာ လက်ကိုင်ပုဝါ တစ်ရှူးတစ်စတောင်မဆောင်ထားမိတာလေ...။ အိုး... ဘာပြောကောင်းမလဲ မျက်ရည်တွေ တောက်တောက်ကျတာဆိုတာ အင်္ကျီရင်ဘတ်တောင်စိုကုန်တယ်...။ ခံစားတာ ခံစားတာ အဲလိုတွေ....။ ဇာတ်လမ်းလေးက သိပ်ချစ်စရာကောင်းတာပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ George Michael ရဲ့ Last Christmas သီချင်း အဓိပ္ပါယ်လေးကို ဇာတ်လမ်းပြန်ဖွဲ့ထားတာ...။ ကျစ်လစ်ပေါ့ပါးပြီး ချစ်စရာ ရယ်မောပျော်ရွှင်စရာ လွမ်းမောစရာ လူသားအချင်းချင်းကူညီရိုင်းပင်း စာနာထောက်ထားမှုတွေကိုပါ ပီပီပြင်ပြင်လေးရိုက်ပြထားနိုင်တဲ့ ရာစုနှစ်တစ်ခုအတွက် မှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့ ခရစ္စမတ်ဇာတ်ကားလေးတစ်ခုပါပဲ...။






ဒီကားထဲက မင်းသမီး Emilia Clarke ကို  Me Before You ကတည်းက ကြိုက်တာ မင်းသား Henry Golding ဆိုတာလည်း Asian Rich မှာ ကြည့်ဖူးထားတော့ ကြိုက်တယ်လေ....။ ဝါရင့်နဲ့ ဆုတွေအများကြီးရထားဖူးတဲ့ မင်းသမီးကြီး Emma Thompson ကလည်း ဇာတ်လမ်းနဲ့ထုတ်လုပ်သူ ပြီးတော့ မင်းသမီးရဲ့ အမေနေရာမှာ ပါဝင်သရုပ်ဆောင်ထားတာ...။ ဘွားတော်က ခရိုအေးရှားအသံဝဲဝဲနဲ့ သရုပ်ဆောင်တာ ပီပြင်ချက်...။  ရုပ်ရှင်ရုံနောက်ဆုံးတင်တဲ့ရက်မှာ Last Christmas ကားလေးကို ကျွန်မနဲ့ soulmate တို့ရဲ့ နှစ်ဆယ်နှစ်မြှောက်ပြည့်ပြီး နှစ်ရက်, Christmas နေ့မှာ မှတ်မှတ်ရရ သွားကြည့်ခဲ့တာ မကြည့်ရသေးသူများ သွားကြည့်ချင်အောင် လာပြောပြတာပါ...:)


များပြားလှစွာသော ကာဗာသီချင်းတွေထဲက 
ခုနောက်ပိုင်းတေလာဆွိဖ်ဆိုတာလေးတော့ ကြိုက်ပါတယ်.....


........Merry Christmas & Happy New Year ........


မိုးငွေ့

Monday, 4 November 2019

Now & Ever.....






ဘာမှမပြောခင် ဒီရုပ်ရှင်အရမ်းကောင်းတယ် လူတိုင်းကြည့်သင့်တယ်လို့ ပြောပါရစေ..... :)

သတိထားမိသလောက် Movie Review ရေးတဲ့သူတိုင်း ဇာတ်လမ်းကို spoil မလုပ်ဘဲ ဘယ်လိုကောင်းကြောင်းနဲ့ ကိုယ်တိုင်သွားကြည့်ဖို့တိုက်တွန်းသူတွေချည်းပဲတွေ့ရတာ ထူးခြားချက်တစ်ခုလိုဖြစ်နေတယ်ဆိုတာက ကျွန်မတို့ မြန်မာဇာတ်ကားကို ဒီလို အရည်အသွေးမျိုး ဒီလိုရိုက်ချက်မျိုး ဒီလိုဇာတ်ညွှန်းမျိုးနဲ့ အဖက်ဖက်က ပြည့်စုံတဲ့ စေတနာပါတဲ့ ဇာတ်ကားမျိုး ငတ်မွတ်နေခဲ့တာ ကြာခဲ့ပြီဆိုတာပဲ....၊

ဘဘဦးသုခတို့ ဦးသာဓုတို့ ဦးဝင်းဦးတို့ ခေတ်ကလို အရည်အသွေးပြည့်ဝတဲ့ ဇာတ်ကားကောင်းတစ်ခု ဆယ်စုနှစ်များစွာ ကျော်လွန်မှ တဖန်ပြန်ကြည့်ရတာမျိုးကိုး....။ သိပ်ကောင်းတယ် အရင်ဦးဆုံး ဒါရိုက်တာခရစ်တီးနားခီကို တကယ်ချီးကျူး ဂုဏ်ယူမိပါတယ်...။ ပြီးတော့ ဇဏ်ခီ ဇာတ်ညွှန်းပိုင်းနဲ့ တေးဂီတပိုင်း သိပ်ပိုင်တယ်...။ ဒီကားလေးမှာ သီချင်းကအသက်ဆိုလည်း ဟုတ်တယ်....။ ဇာတ်ကားရဲ့ OST စီဒီတွေပါ ရောင်းနေပြီလို့သိရတယ်...။ ဝယ်သိမ်းပြီး နားထောင်ရမယ်လေ...။

ဇာတ်ကားလေးက ရသပေါင်းစုံပေးစွမ်းတယ်...ပေးတဲ့ရသတိုင်းကလည်း အနှစ်တွေချည်းပဲ...ရုံထဲမှာ ကြည့်နေတဲ့သူတွေအားလုံး ကားပြီးတဲ့အထိ ဆိတ်ငြိမ်နေကြတာ ခါတိုင်းကားတွေလို နေကြာစေ့ကိုက်သံ အာလူးကြော်ဝါးသံတွေတောင် မကြားရဘဲ အားလုံးက ဇာတ်ကားထဲစိတ်နှစ်နေကြတာ...။ ရုပ်ရှင်လဲပြီး​ေရာ အကုန်လုံးနီးပါး မျက်လုံးတွေမို့အစ် နီရဲ ငိုထားကြတာ....တကယ်ပြောတာ တစ်ရှူးနှစ်ရွက်နဲ့မလောက်ဘူး...။ ကျွန်မဆိုပိုဆိုးသေးတယ် ငယ်တုန်းကတည်းက အိမ်မှာဗီဒီယိုရုံရှေ့ဆုံးကလေးတန်းမှာ ဝမ်းနည်းရမယ့်ခန်းဆို ရုပ်ရှင်ထဲကမျက်ရည်မကျသေးဘူး ကိုယ်ကအရင်ငိုနေနှင့်ပြီ....။ ဆိုတော့ ဒီကားမှာလည်း ကျွန်မ တစ်ရှူးမလောက်ခဲ့ဘူးဆိုပါတော့....။

မင်းသားနဲ့မင်းသမီး သရုပ်ဆောင်တာ သိပ်သဘာဝကျတယ်...။ သရုပ်ဆောင်နေတာနဲ့မတူဘဲ တကယ်ဖြစ်နေတာမျိုး လုပ်ပြနိုင်ကြတာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို မျက်ဝါးထင်ထင်ပြလိုက်တာပါပဲ...။ နောက်ထပ်အခေါက်ခေါက်အခါခါ ကြည့်ဖို့တောင် မရိုးအီနိုင်မယ့်ဇာတ်ကားမျိုးပါပဲ....။

Good job!!!! NOW & EVER TEAM... I am very proud of you all....

နှစ်ပတ်လည် ပို့စ်တွေကို နှစ်လဆက်တိုက်တင်မယ်လုပ်နေတဲ့ကြားထဲက ဒီပို့စ်လေးကို မနေနိုင်မထိုင်နိုင်ကြားဖြတ်တင်ပါရစေ...:)


မိုးငွေ့

Friday, 12 July 2019

Plead.....(Bangkok Love Stories)





ကျွန်မဖုန်းထဲကို Netflix App ထည့်ပြီး ရုပ်ရှင်တွေကို ဝယ်ကြည့်နေတာ သုံးလလောက်ရှိပြီ...။ သူက တစ်ကားပြီးထက် Series တွဲတွေပဲတင်ပေးတာများတယ်...။ ကျွန်မ ကိုးရီးယားကား နဲ့ အနောက်တိုင်းကားတွေထက် ထိုင်းစီးရီးတွဲတွေပိုကြည့်များတယ်..။ သူတို့စကားလည်း နားလည်တော့ ပိုကြည့်ဖြစ်သွားတာလဲ ပါပါတယ်...။ စကြည့်ကတည်းက ကောင်းတဲ့ကားလေးတွေ Recommend ပေးချင်တဲ့ ကားလေးတွေရှိတယ် ...။ ခုဒီကားလေးကတော့ လောလောလတ်လတ် ကြည့်ထားတဲ့ ကားပါ 13ပိုင်းပဲပါပါတယ်...။ You Tube ကနေကြည့်လည်းရမယ်ထင်တယ် အင်္ဂလိပ်စာတန်းထိုးတော့ ကြည့်ရတာ လူတိုင်းအတွက် အဆင်ပြေပါတယ်...။

ထိုင်းဇာတ်လမ်းတွဲတွေ တော်တော်များများကြည့်ဖူးခဲ့ပါတယ်...။ ဘန်ကောက်မြို့ရဲ့ တရုတ်တန်းမှာ နေထိုင်ကြတဲ့ ဗေဒင်ဟောခန်းဖွင့်ထားတဲ့ မိသားစုလေးတစ်ခုရဲ့ အကြောင်းအရာလေးကို အခြေခံပြီး ရိုက်ပြထားတဲ့ အချစ်ဇတ်လမ်းလေးတစ်ခုပါ..။ ဒီဇာတ်လမ်းတွဲမှာပါတဲ့ မင်းသားနဲ့မင်းသမီးက အသစ်ကလေးတွေ သူတို့ကို ခုမှတွေ့ဖူးတာ...။ အသစ်တွေဆိုပေမယ့် သူတို့ရဲ့ သရုပ်ဆောင်က သိပ်ကောင်းတာပဲ...။ မင်းသားဆို ဒီဇာတ်မှာ မျက်မမြင်အဖြစ်သရုပ်ဆောင်ရတာ အသစ်ဆိုပေမယ့် သူက တကယ့်မျက်မမြင်တစ်ယောက်အတိုင်း သရုပ်ဆောင်နိုင်တယ် သူ့မျက်လုံးတစ်စုံက ကြည့်လိုက်ရင် ဘာမှမမြင်နိုင်တဲ့ အကန်းတစ်ယောက်လိုပဲ... သိပ်တော်တယ်...။ ခုနောက်ပိုင်း ကျွန်မတို့ဆီမှာလည်း Channel 4 တို့ Channel 7 တို့မှာ Forever Group ကမွေးထုတ်လိုက်တဲ့ သရုပ်ဆောင်သစ်လေးတွေ ဆိုလည်း သိပ်တော်ကြတယ် အသစ်တွေဆိုပေမယ့် အနုပညာမှာ Talent ရှိတဲ့သူတွေချည်းပဲ... တကယ်အားရဖို့ ကောင်းပါတယ်...။

ဒီဇာတ်လမ်းတွဲလေးမှာ မင်းသမီးက မင်းသားအတွက် ရေမွှေးလုပ်ပေးတဲ့ Love Scene ကို အကြိုက်ဆုံး...။ မိုးတွေသည်းတဲ့ညတစ်ညမှာ မျက်စိမမြင်တဲ့ မင်းသားကို စကားဖြူပန်းနဲ့  ပူစီနာရွက်တွေကို နှာခေါင်းမှာတေ့ပေးပြီး ဘာအနံ့လဲလို့မေးတဲ့အခန်းလေး....။ သိပ်ကို Romance ဖြစ်တာပဲ ကိုယ်ကလည်း ရိုမန့်ဇာတ်လေးကို ကြိုက်သူမို့ ကီးကိုက်သွားတယ်...။ Netflix ရှိတဲ့သူတွေကို ဒီကားလေးကြည့်ဖို့ ညွှန်းချင်ပါတယ် ...။ ပြီးတော့ ဝမ်းနည်းတတ်ရင် လက်ကိုင်ပုဝါလေး ဆောင်ထားပြီးမှ ကြည့်နော်...။ ကျွန်မကတော့ ညလုံးပေါက်ကြည့်ပြီး မျက်ခွံတွေကိုရောင်လို့ ငိုရတာ...။ ဇာတ်သိမ်းကိုပြောပြချင်ပေမယ့် ကြိုသိရင် ဇာတ်ပေါ့သွားမှာစိုးလို့ ကိုယ်တိုင်ပဲ အစအဆုံး ကြည့်ကြည့်ပါလို့...။ ကျွန်မက အကျင့်တစ်ခုမကောင်းတာ ဇာတ်လမ်းတွဲဆို တထိုင်ထဲ ညလုံးပေါက်ကြည့်တတ်သူမို့ အိပ်ရေးပျက်တယ်...။ အိပ်ရေးပျက်ရင် မိုးလင်းတာနဲ့ မျက်နှာမှာ အဖုတစ်ခုကထွက်လာရော ...။  ဒါကြောင့် Netflix ကို စယူကတည်းက ဒီနေ့ထိ မကြည့်ဖြစ်တာ တစ်လနီးပါးလောက်ရှိပြီးမှ ဒီကားလေးကိုအသစ်တင်ထားတာတွေ့လို့ ဝင်ကြည့်လိုက်တာ..။ အဲဒါ တစ်ညတည်း 11ပိုင်းထိကြည့်ဖြစ်ပြီး ကျန်နှစ်ပိုင်းကို နောက်ညမှ အပြီးသတ်လိုက်ရတာ...။






အရင်ကြည့်ဖူးထားတဲ့ ကျွန်မကြိုက်တဲ့ BKK Stories တခုရှိသေးတယ် အဲဒါလေးကို နောက်တစ်ပို့စ်မှာ တင်ပေးမယ်နော် ခုတော့ ဒီကားလေးကို အရင်ကြည့်စေချင်လို့...:)

ဒီပိတ်ရက်မှာခရီးထွက်မယ် ဒီညနေပဲ Elite VIP နဲ့ မန္တလေးသွားမယ်...။ အင်း၀ စစ်ကိုင်း မုံရွာဖက်ရောက်မယ် ခရီးသွားပို့စ်လေးမျှော်နေနော်....။


BTW.... TGIF!!!!!


မိုးငွေ့

Friday, 23 November 2018

မီ.....

  ကျွန်တော့်အတွက် မီက ပျော့ခွေကျလာတဲ့တွယ်ရာမဲ့မီ၊ သနားစရာမီ (သော်ဆွေ)
 







အတိုက်ခိုက်အဝေဖန်ခံရတဲ့ “မီ”က တတိယပတ်ရောက်တဲ့အထိ ရုံပြည့်ပါပဲ...။ ကြည့်တဲ့သူအားလုံးက ဇာတ်လမ်းထဲကိုမျောနေကြတယ် တစ်ရုံလုံးတိတ်ဆိတ်နေကြတယ်...။ ကျွန်မဘေးနားက မိန်းမတစ်ယောက်ပဲ သူ့သမီးနှစ်ယောက်နဲ့အတူလာကြည့်တာ အပျိုပေါက်ကလေးနှစ်ယောက်က ရုပ်ရှင်ထဲနှစ်မျောသလောက် မအေလုပ်သူက ဖုန်းဖွင့် ဖဘပွတ်နေတယ်..။ ဖုန်းအလင်းရောင်ကြောင့်ရယ် ရုပ်ရှင်ကို လက်မှတ်ဖိုး အကုန်ခံပြီး ပိတ်ကားကိုမကြည့်တာ စော်ကားခြင်းတစ်မျိုးပဲ..။ ကျွန်မစိတ်နဲ့ဆို အဲဒီမိန်းမကို ရုံထဲက ထွက်သွားခိုင်းမိမယ်...။ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ကို အေးဆေးနဲ့ကောင်းကောင်း ကြည့်ချင်တာတောင်မှ အနှောက်ကဝင်သေးတာအဲလို..။ “မီ” က အစအဆုံး ဆရာမကြီးကြည်အေးရဲ့ စာအုပ်ထဲကအတိုင်း ဒိုင်ယာလော့ကအစ ၉၉%လောက်ကို မပြင်ဆင်ဘဲယူထားတယ်..။ Setting နဲ့ အဝတ်အစားတွေကို သေချာမလစ်ဟင်းအောင်လုပ်ထားတယ်...။ ဇာတ်က အနိမ့်အမြင့်အတက်အကျ မရှိသလောက် ရေစီးချောင်းတစ်ခုလိုပဲတပြေးထဲသွားတယ်...။ ပိုင်ဖြိုးသုက လုံး၀ “မီ”ရဲ့ ကာရိုက်တာကို လိုက်မှီတယ်...။ သရုပ်ဆောင်အားလုံး သူ့နေရာနဲ့သူ ပိုင်ပိုင်နိုင်နိုင်တိတိကျကျ သရုပ်ဆောင်သွားတာ တွေ့ရတယ်..။ ဒါရိုက်တာဏကြီးရဲ့ ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုတယ်..။






“မီ” ကိုရုံမတင်ကတည်းက ကြည့်ဖို့တေးထားပေမယ့် တကယ်တမ်း ရုံမှာလက်မှတ် သွားဝယ်ကြည့်ဖြစ်တာက “ကြတ်ဂူ”....။ ပြီးတော့မှ “မီ”ကို လပြည့်နေ့မှာကြည့်ဖို့ လက်မှတ်ကြိုတင် ဝယ်ထားလိုက်တယ်...။ “မီ”က ရုံတင်ပြီး တစ်ပတ်မပြည့်ခင်မှာပဲ ဝေဖန်တိုက်ခိုက်မှုကိုခံရတယ်...။ ကျွန်မတို့မြန်မာလူမျိုးတွေဟာ အမြင်ကျယ်ရမယ့်နေရမှာမကျယ်ကြဘူး အဲဒါတော်တော်ခက်တယ်...။ ဒီလောက်ခေတ်မှီတိုးတာနေတဲ့အချိန်မှာ တခါတခါကျ ဟိုး ရှေးခေတ်ဆွဲကြီးတွေ အယူသည်းလိုသည်းနဲ့..။ ပြောင်းလဲပြီ ပြောင်းလဲပြီဆိုပြီး ဘောင်ထဲမှာနေနေကြသူတွေက တပုံကြီးရယ်...။ ကိုယ့်တိုင်းပြည်တစ်ခုလုံးကို တိုးတက်ဖို့က အဲဒီလူတစ်ယောက်ချင်းဆီနဲ့လုံးဝကိုသက်ဆိုင်နေပါတယ်..။ လူတစ်ဦးတစ်ယောက်ချင်းတွေရဲ့ စိတ်ဓါတ်က ဒီဘောင်ထဲကနေထွက်မလာသေးသရွေ့တော့ တိုးတက်ဖို့ လမ်းက စမ်းတဝါးဝါးနေမယ်..။ ဒါတွေခနထားပါ...။ “မီ”နေရာမှာ သရုပ်ဆောင်ရတဲ့ ပိုင်ဖြိုးသုက ကျန်းမာရေးသံသမန်မို့လို့ ဇာတ်ကားထဲမှာ ဆေးလိပ်မသောက်ရတော့ဘူးလား...။ ဒီကားထဲမှာကရော စီးကရက်သောက်တာ လူ့ကျန်းမာရေးအတွက်သိပ်ကောင်းပါတယ်ဆိုပြီး စီးကရက်ကို ကြော်ငြာပေးနေလို့လား...။ မီကိုယ်တိုင်တောင် စီးကရက်ကြောင့် အဆုတ်ရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်ပါလို့ မူရင်း ဝတ္ထုရေးတဲ့ ဆရာမကြီးကြည်အေးကိုယ်တိုင် ရေးထားပြီးသားလေ...။ ဒီကားလေးကိုကြည့်ပြီး ဒီလောက်လေးတောင် မစဉ်းစားတတ်ကြတော့လောက်အောင် ဦးနှောက်တွေက ဘာစားပြီးအသက်ရှင်နေကြသလဲ မသိတော့ပါဘူး...။  တိုးတက်ပြောင်းလဲဖို့ကြိုးစားနေတဲ့ Team တစ်ခု လူတစ်ယောက်ကို အောက်ပြုတ်ကျအောင် စိတ်ဓါတ်ပြိုလဲအောင်လုပ်ရတာ ထမင်းစားရေသောက် တစ်ခုလို ဖြစ်နေကြတာကို မြင်နေရတော့ သိပ်စိတ်ပျက်ဖို့ကောင်းတယ်...။






“ကြတ်ဂူ”ရဲ့ ရာဇဝင်တစွန်းတစကို ဟိုးနှစ်တွေကတည်းက ကြားဖူးနေတော့ လွိုင်ကော်ကိုလည်း မရောက်ရောက်အောင်သွားလည်ဖို့စဉ်းစားထားတယ်...။ အဲဒီကတည်းက ကိုလူမင်း ကြတ်ဂူဇာတ်ကား ရိုက်နေတာလည်းကြားတယ်...။ ရုံတင်ရင်သွားကြည့်မယ်လို့တော့ စိတ်မကူးထားပေမယ့် ကြည့်ဖြစ်သွားခဲ့တယ် ...။ ကြည့်ရတာထိုက်တန်ပါတယ်...။ ဇာတ်ကားလေးရဲ့ ဇာတ်လမ်းဇာတ်ကွက် နေရာဒေသ ရိုက်ချက် သရုပ်ဆောင်ပိုင်းနဲ့ မက်ဆေ့ချ်ပေးချင်တာတွေအားလုံးကောင်းတယ်...။ ခုနောက်ပိုင်း ကျွန်မတို့ မြန်မာကားတွေ ပြောရမယ်ဆိုရင် ခီမောင်နှံတို့ရောက်လာကတည်းက တိုးတက်ပြောင်းလဲ လာကြပါတယ်...။ ရန်ဖြစ် ငြင်းခုံ ဆူညံပွတ်လောရိုက်နေတဲ့ ပေါကားတွေလည်း ရှိနေသေးပေမယ့်.. ဒီလိုဇာတ်ကားကောင်းကောင်းလေးတွေကို စီးပွားမဆန်ဘဲ စွန့်စားပြီးရိုက်ပေးနေတဲ့ ဒါရိုက်တာတွေကို တကယ်ကျေးဇူးတင်တယ်..။ ဒီ“ကြတ်ဂူ” ကားလေးက ကြတ်ဂူလို့ နာမည်ပေးထားပေမယ့် တကယ်ပေးချင်တဲ့ မက်ဆေ့ချ်က မကောင်းတာလုပ်ရင် ကိုယ်လုပ်ခဲ့တဲ့အရာကို ပြန်ပေးဆပ်ရတယ် ဆိုတာကိုပဲ...။ ကိုယ့်မကောင်းမှုလုပ်ရပ်ကို ကိုယ်ကိုယ်တိုင်က လွဲလို့ လူစားထိုးပြီးခံခိုင်းလို့ မရဘူး ...။ အဲဒီပြကွက်လေးတွေပီပြင်တယ်...။ အဓိကသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ကိုလူမင်း မခိုင်ကြီး မြင့်မြတ် အူဝဲ အားလုံးသူ့နေရာနဲ့သူ ကောင်းကြတယ်..။ Play Back Music လေးတွေ ထည့်ထားတာလည်း သိပ်ကောင်းတယ်...။ ကျွန်မဆို မခိုင်ကြီးက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကတည်းက ချောက်ထဲပြုတ်ကျပြီး ဆုံးသွားတဲ့ သူ့ယောကျာ်းပြန်အလာကို ကြတ်ဂူထဲက အခေါင်းထဲမှာသွားစောင့်အိပ်တော့ သားဖြစ်သူ မြင့်မြတ်နဲ့ ရွာကလူတွေလိုက်ခေါ်ကြတဲ့အခန်း၊ ကိုလူမင်း ပြိတ္တာဘုံဘဝကနေ ခနပြန်ရောက်လာပြီး သူ့မိသားစုကို လိုက်ကြည့်ပြီး စိတ်မကောင်းတဲ့အခန်းတွေဆို တစ်ရှူးနှစ်ရွက်သုံးရွက်လောက် ကုန်တယ်...။ တစ်ရုံလုံးကျွန်မလို မျက်ရည်ကျမယ့်သူရှိပါ့မလား...။ ကျွန်မကရုပ်ရှင်ကြည့်ရင် စိတ်နှစ်ပြီးကြည့်တတ်လို့ ခံစားလွယ်တယ် မျက်ရည်လွယ်တယ်...။ လာကြည့်ကြတဲ့သူတွေက လူငယ်တွေများတယ်..။ ကြတ်ဂူကို သရဲတစ္ဆေကားနဲ့အမှတ်မှားပြီးလည်း လာကြည့်ကြတာထင်တယ်...။ ရုံပြန်အထွက်မှာ ဟာသကားကြည့်တာမှ ဟုတ်ဦးမယ်လို့ အတွေးတိမ်သူတချို့ရဲ့ တီးတိုးစကားလည်း ကြားရပါရဲ့..။

ကြည့်ခဲ့တဲ့ ကားနှစ်ကားကပုံစံမတူဘူး “မီ”က ကာရိုက်တာကို ဦးစားပေးတဲ့ကား... “ကြတ်ဂူ”ကတော့ သဘာဝတောတောင်ရေမြေအလှနဲ့ ကယားတိုင်းရင်းသားတို့ရဲ့ ရိုးရာကိုဖွဲ့ပြထားတဲ့ ပညာပေးကား...။


မိုးငွေ့

Tuesday, 16 October 2018

မီ.....




မကြာသေးခင်ကမှ ဆရာမကြီးကြည်အေးရဲ့ “မီ”ကို ကျွန်မဖတ်ပြီးတော့မှ ဒီဝတ္ထုကို ဒါရိုက်တာဏကြီး ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်နေပြီဆိုတာ သုသုရဲ့ Instagram မှာ ပုံတွေတက်လာတော့မှ သိရတာ...။ You tube မှာ “မီ” နဲ့ပတ်သက်တဲ့ ဇာတ်ကားရိုက်ကူးရေး အင်တာဗျူးတွေကို သွားရှာကြည့်တော့ .....“မီ”ကို စာအုပ်ထဲကအတိုင်း အတတ်နိုင်ဆုံး ဆရာမကြီးရဲ့လက်ရာမပျက်စေဘဲ ရိုက်ကူးပြင်ဆင်ထားကြတာကို တွေ့ရတယ်..။  အဲဒီဖက်ခေတ်ရဲ့အပြင်အဆင် မိတ်ကပ်နဲ့ Custom Designer ဇာတ်ကောင်တွေရဲ့ အပြောအဆို အနေအထိုင်တွေကို အသေးစိပ် လုပ်ထားတာလည်းတွေ့ရတယ်...။ အဓိက သရုပ်ဆောင်ဖြစ်တဲ့ ပိုင်ဖြိုးသုကလည်း အချိန်အကြာကြီးယူပြီး မီနေရာမှာ သရုပ်ဆောင်တာမဟုတ်ဘဲ သူကိုယ်တိုင် “မီ”ဖြစ်သွားအောင် လေ့ကျင့်အသက်သွင်းထားတာ တွေ့ရတော့ အခါတိုင်း ခပ်ပေါ့ပေါ့ ခပ်ပေါပေါ မြန်မာကားတွေထက် အပုံအများကြီးသာမယ့် ကားတစ်ခုဖြစ်မယ်ဆိုတာ “မီ” ဇာတ်ကားဖြစ်မြောက်မယ့် တဖွဲ့သားလုံးရဲ့  ကြိုးစားမှုကိုကြည့်တာနဲ့ သိသာပါတယ်...။  ခံစားနေရတဲ့ အဆုတ်ဝေဒနာကြောင့် လောကကြီးကို အရွဲ့တိုက်ပြီး စီးကရက်တွေသောက် ယောက်ျားတွေ ထည်လဲတွဲပြီး ထင်ရာစိုင်းနေတဲ့ “မီ”ကို ဆရာမကြီးကြည်အေးရဲ့ စာအုပ်ပါးလေးထဲမှာ ကတည်းက ကျွန်မက သဘောကျနေတာ...။ အခုတော့ မီကို ရုပ်လုံးမြင်ရမယ့် အရေးမှာ ရင်ခုန်နေမိပြီ...။ ဒီကားလေးရုံတင်ရင် မပျက်မကွက်သွားကြည့်ဖို့ တို့ထားတယ်...။























မိုးငွေ့

Saturday, 22 October 2016

Doctors.....





ကိုရီးယားမင်းသမီး Park Shin Hye  နဲ့ မင်းသား Kim Rae Won တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ခုတလော hit ဖြစ်နေတဲ့ ဇာတ်လမ်းတွဲ Doctors ကို မအားတဲ့ကြားက ကိုယ့်ကိုယ်ကို entertain လုပ်တဲ့အနေနဲ့ ကြည့်ဖြစ်နေတယ်...။ ညဖက် အိပ်ခါနီးကို အနည်းဆုံးနှစ်ပိုင်းကြည့်ဖြစ်တယ်..။ တကယ်ဆို အစအဆုံး တထိုင်ထည်းကြည့်လိုက်ချင်တာ... အိပ်ရေးပျက်မှာစိုးလို့..။ weekend မှာလည်း သင်တန်းနဲ့ သင်တန်းပြီးတော့ ဟိုသွားချင်ဒီသွားချင် စာအုပ်ဆိုင်ဝင်ချင် ရုပ်ရှင်ကြည့်ချင် shopping သွားချင်နဲ့မို့ ကြည့်မယ့်အချိန်လုရသေးတယ်...။ မင်းသား Kim စီးရီးတွဲကိုတော့ “တခါတုန်းကတက္ကသိုလ်မှာ” နဲ့ Shin Hye ကို ကော်ဖီချစ်သူ မှာကြည့်ဖူးခဲ့တယ်..။ ဒီ ဆရာဝန် ဇာတ်လမ်းတွဲလေး တော်တော်ကောင်းပါတယ် ကျွန်မတော့ Descendant Of The Sun ကားထက် ဒီဇာတ်အိမ်လေးကို ပိုကြိုက်တယ်...။ DOTS က မင်းသားမင်းသမီးချောချောလေးတွေပြစားတာပဲ ဇာတ်အိမ်ကဘာမှသိပ်မရှိ...။ 

ကျွန်မက တော်ရုံ ကိုးရီးယားကားတွေကြည့်ခဲတယ်...။ ကိုယ်သိပ်ကြိုက်တဲ့ မင်းသားမင်းသမီးပါပြီး ဇာတ်အိမ်ဇာတ်လမ်းကောင်းမှ ကြည့်တာ..။ ဒီ Doctors ကိုတော့ အရမ်းကြိုက်တယ်...။ ဒီဇာတ်လမ်းမှာ မင်းသမီးက အမေမရှိဘူး ဘဝကြမ်းတယ် အဖေကိုယ်တိုင်ကနောက်အိမ်ထောင်ပြုပြီး တာဝန်မယူချင်တော့ သူ့အမေ (အဖွား)ဆီမှာ သမီးကိုပစ်ထားခဲ့တယ်...။ အဖွားနေတဲ့နယ်မြို့ကလေးမှာ ကျောင်းတက်ရင်း မင်းသားနဲ့တွေ့တာ မင်းသားက အတန်းပိုင်ဆရာ...။ ဆရာဝန်ဘွဲ့ရပြီးသား လူနာကေ့စ်တစ်ခုပြဿနာတက်ပြီး ဆရာဝန်မလုပ်ဘဲ နယ်ကျောင်းလေးမှာ ကျောင်းဆရာဝင်လုပ်နေတာ..။ ကျောင်းမှာ မင်းသမီးက သူငယ်ချင်းတစ်ယောက်ရတယ်...။ တစ်ရက်တော့ ကျောင်းသွားဖို့ ကားစောင့်ရင်း ကိုယ်ဝန်သည်တစ်ယောက် အသက်ရှုကျပ်နေတာကို ကျောင်းဆရာကိုယ်တိုင် အသက်ကယ်ပေးတာကို ကူညီလုပ်ပေးရင်း လူတစ်ယောက်အသက်ကို ကူညီပေးခဲ့ဖူးတဲ့ပီတိလေးကို ခံစားလိုက်ရလို့ ကျောင်းသူလေးဟာ သူ့ဘဝကို ပြောင်းလဲချင်လာခဲ့တယ်..။ ဒီလိုနဲ့ ပညာကိုကြိုးစားသင်ယူမယ်လို့ စိတ်ဆုံးဖြတ်ပြီး သူငယ်ချင်းမလေးအကူအညီနဲ့ အတန်းထဲက စာအတော်ဆုံး စောဦးဆိုတဲ့ ကောင်မလေးဆီမှာ စာကူလုပ်ပေးဖို့ အကူညီတောင်းခံတယ် စောဦးနဲ့စာလုပ်ရင်း လပတ်စာမေးပွဲမှာ သူသချာၤအမှတ် 100ရခဲ့တယ်..။ အဖွားလုပ်သူလည်း မြေးမလေးဟာ ဆိုးသွမ်းလူငယ်မဖြစ်တော့ဘဲ စာကြိုးစား သင်ယူနေပြီဆိုတာ သိလိုက်ရလို့ ဝမ်းသာမဆုံးဘူးပေါ့..။ အတန်းပိုင်ဆရာဆီက သချာၤ အမှတ်100ရတဲ့ အနေနဲ့ ကျောင်းသူလေးက ဆရာဖတ်နေတဲ့ ဆေးစာအုပ်ထဲက တစ်အုပ်ကို ဆုချဖို့တောင်းပါတယ်..။ စာအုပ်မှာလည်း ဆရာ့ကိုသူက လက်မှတ်ထိုးခိုင်းလိုက်ပါတယ်...။ အဲဒီလိုနဲ့အကြောင်းကြောင်းကြောင့် ဆရာကျောင်းကနေထွက်စာတင်လိုက်လို့ကျောင်းသူလေးနဲ့ ကွဲသွားလိုက်တာ... ဆရာဝန်ပြန်ဖြစ်လို့ ဆေးရုံတစ်ရုံမှာ မထင်မှတ်ဘဲ ပြန်ဆုံကြတယ်.. ...။ ပြောပြရင်းနဲ့ ဇာတ်လမ်းအကုန် သိသွားရင် ဘယ်ကြည့်ကောင်းတော့မလဲ ...။


 Theme song (It's Love by Jung Yup)


 

သြော်တစ်ခုပြန်ပြောဦးမယ် ကျောင်းဆရာနဲ့ကျောင်းသူလေးပြန်ဆုံတဲ့အခန်းမှာ ပြောတဲ့
စကားလေးသဘောကျလို့...။  ဆရာကမေးတယ် ကျောင်းသူလေးကို ..

“အိမ်ထောင်ကျပြီလား”
“ဟင့်အင်း”
“ရည်းစားရှိလား”
“ဟင့်အင်း”
“ဒါဆိုရပြီ”တဲ့



ကိုးရီးယားကားတွေက များသောအားဖြင့် အိမ်ထောင်ရေးဖောက်ပြန် ဇာတ်လမ်းက သပွတ်အူလည်ပြီး မရှည်ရှည်အောင်ဆွဲဆန့်တာချည်းပဲမဟုတ်လား..။ ဒီဇာတ်လမ်းတွဲလေးကတော့ သိပ်ကိုချစ်စရာကောင်းတဲ့ love story လေးတစ်ပုဒ်ပါပဲ အပိုင်းလည်းသိပ်မရှည်ဘူး...။ ဒါကြောင့်ကျွန်မ ဒီဇာတ်လမ်းတွဲလေးကို ညွှန်းပါတယ် အချိန်အားရင် ကြည့်ကြပါလို့......။



မိုးငွေ့

Monday, 22 February 2010

Avatar Making

လူနဲ့အရင်ရိုက်ကူးပြီး ညာဘက်ပုံမှာတော့ ကွန်ပျူတာမိတ်ကင်လုပ်ပြီးပုံ
Na'vi မျိုးနွယ်စု အကြီးအကဲ သမီး Neytiri အဖြစ် လူမည်းမင်းသမီး Zoe Sadana သရုပ်ဆောင်စဉ်
Zoe ဟာ ကမ္ဘာကျော်ရှပ်ရှင်ကားတွေနဲ့ စိမ်းသူတော့မဟုတ်ပါဘူး ..။ သူမဟာ Pirate of The Caribbean နဲ့ Star Trek တို့မှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူပါ..။
Avatar ကတော့ သူမရဲ့ အရည်အသွေးကို ဦးစွာပထမ ဖော်ထုတ်ပေးနိုင်တဲ့ ဇာတ်ကားပါပဲ..
Zoe အားရပါးရ ဈာန်ဝင် သရုပ်ဆောင်နေပုံ
Jake Sully အဖြစ်သရုပ်ဆောင်တဲ့ Sam
သြစတေးလျ မင်းသား Sam Worthington သရုပ်ဆောင်နေပုံ
ဧရာမငှက်ကြီးစီးတဲ့အခန်းကို စတူဒီယိုထဲမှာပဲ ခုလိုရိုက်ကူးခဲ့ပါတယ်
သရုပ်မဆောင်ခင် မျက်နှာမှာ စိမ်းပြာရောင်အစက်ကလေးတွေကို မိတ်ကပ်ဆရာက ချယ်ပေးရပါတယ်
ခုလို အဆင့်မြင့်တဲ့နည်းပညာနဲ့ ပြန်လည်ဖန်တီးပါတယ်...
ခုလိုဝမ်းနည်းတဲ့ခန်းကို ပီပြင်စွာ သရုပ်ဆောင်နေပုံ

ခရမ်းပြာရောင်လွှမ်းမယ့် အော်စကာည.....



၂၀၀၉ ဒီဇင်ဘာကတည်းက ရုံတင်ခဲ့တဲ့ ဒီ Avatar ဇာတ်ကားကို ရုံတင်တင်ခြင်း တချို့တွေပြောတာကြားလိုက်ရတယ် ..။ အဲဒီကား သွားမကြည့်နဲ့ ရုပ်တွေက တိရိစ္ဆာန်လိုလို လူလိုလို ဂြိုလ်သားတွေတဲ့ ဗိုက်ကြီးသည် သွားကြည့်ရင်တောင် မွေးလာတဲ့ကလေးရုပ် အဲလိုပေါက်သွားနိုင်တယ်တဲ့...။ ဒါကျမတို့နိုင်ငံရဲ့ ရုပ်ရှင်ခံစားမှုအပေါ်ရှိတဲ့ အတွေးအခေါ် အတိမ်အနက်ကို ထင်းခနဲဖော်ပြလိုက်တာပါပဲ...။ ကျမက ရုပ်ရှင်ကြိုက်တယ်ဆိုပေမယ့် အကြောင်းကြောင်းကြောင့် အဲဒီကားကိုသွားမကြည့်ဖြစ်ခဲ့ဘူး...။ ခွေအကြည်ထွက်ရင် ဝယ်ကြည့်မယ် စိတ်ကူးထားပေမယ့်လည်း ခွေဆိုင်ကိုမရောက်ဖြစ်သေးဘူး...။ ဒါနဲ့ ထုံးစံအတိုင်း ဘလော့ဂ်ဂါတွေဆီ အိမ်လည်ထွက်ရင်း ပန်ဒိုရာဘလော့ဂ်ကိုရောက်သွားခဲ့တယ်...။ ကျမကို ဒီဇာတ်ကားအပေါ် စိတ်ဝင်စားမှုပိုလာစေခဲ့တာလဲ မပန်ရဲ့ “Avatar (သို့) ခရမ်းပြာရောင်တောအုပ်က သဘာဝနဲ့ရစ်ပတ်နွယ်ငင်” ဆိုတဲ့ပို့စ်လေးကြောင့်ပါပဲ..။

ဒီဇာတ်ကားရဲ့နောက်ခံအကြောင်းနဲ့ Avatar အဓိပ္ပါယ်ဖွင့်ဆိုချက်ကို တောကျောင်းဆရာက ဒီလိုရေးခဲ့ပြီးပါပြီ...။ ကိုညီၤလင်းဆက်ကလဲ ဇာတ်လမ်း အကြောင်းအရာလေးနဲ့ သူရုံမှာ သွားကြည့်ဖြစ်တဲ့ အတွေ့အကြုံလေးကိုလဲ ဒီလိုလေး ရေးခဲ့ပြီးပြီမို့ James Cameron ရဲ့ Avatar ကို ကျမသိပ်ရေးပြစရာ မလိုတော့လောက်အောင် ပြည့်စုံနေခဲ့ပြီးပါပြီ...။ နည်းပညာပိုင်းဆိုင်ရာရော ရုပ်ရှင်ပိုင်းဆိုင်ရာရော ရှေ့မှာ အစ်ကိုတွေက သေချာရှင်းပြထားပြီးသားပါ...။ မပန်ကတော့ ဒီကားထဲက ဒိုင်ယာလော့လေးတွေကို ဟိုင်းလိုက်လေးအဖြစ် တွေးစရာလေးတွေကို ရေးသားသွားတာကိုတွေ့ရပါတယ်...။

မပန်ပြောခဲ့သလိုပါပဲ ဒီလိုကားမျိုးဟာ နှစ်ခါပြန်ကြည့်မှကောင်းတယ်လေ...။ ပထမက နည်းပညာနဲ့ ရိုက်ချက်တွေကိုကြည့်တာ.....ဒုတိယတစ်ခေါက်ကတော့ ဇာတ်အိမ်ဖွဲ့စည်းမှုနဲ့ ခံစားမှုပိုင်းလေးကိုကြည့်တာပေါ့။ ကျမကတော့ ပထမဆုံးအကြိမ်ကတည်းက နည်းပညာ၊ ရိုက်ချက်နဲ့ ခံစားမှုကိုပါပေါင်းကြည့်လိုက်တယ်...။ ပန်ဒိုရာလပေါ်မှာ Na'vi တွေ သူတို့ဘာသာ အေးအေးချမ်းချမ်း သူတို့ယုံကြည်ရာကိုးကွယ်ပြီး နေထိုင်နေချိန်မှာ ကျမတို့ ကမ္ဘာမြေက လောဘသားကောင်တွေ သွားရောက်ကျူးကျော် တိုက်ခိုက်ခံရလို့ Na'vi မျိုးနွယ်စုတွေ အတုံးအရုန်းသေကြတဲ့ အခန်းဆိုရင် ကြည့်ရင်းနဲ့ ရင်ဘတ်တွေနာကျင်လာလွန်းလို့ မျက်ရည်တောင်ကျမိပါရဲ့...။ ကျမကအဲလိုပဲ ငယ်ငယ်ကတည်းက ရုပ်ရှင်ကြည့်ရင် ဇာတ်ကောင်ကငိုဖို့အားယူနေဆဲ ကျမက အရင်ငိုနေပြီ...။ ဒါကြောင့် ကျမ ဒရမ်မာတွေထက် ဇာတ်မြူးကားတွေကို ပိုကြည့်ဖြစ်တယ်..။ ဒါပေမယ့်လည်း ဒရမ်မာကားကောင်းတွေကိုလဲ ကြည့်သင့်ပါတယ်..။ လူတွေကို အသိပညာ တွေးတောစရာတွေပေးမယ့် ဇာတ်မျိုးလေးတွေပေါ့..။

ကျမဟာ ရုပ်ရှင်ကြိုက်သူလို့ဆိုခဲ့ပေမယ့် ရုပ်ရှင်နဲ့ပတ်သက်တဲ့ ပို့စ်ကိုခုမှသာ ပထမဦးဆုံးရေးဖြစ်ခြင်းပါ။ လိုအပ်တာလေးရှိရင်လည်း ဝေဖန်ပေးကြပါလို့...။ ဒီပို့စ်လေး ရေးတဲ့ ရည်ရွယ်ချက်ကလဲ Avatar ကို remind ပြန်လုပ်ခြင်းသက်သက်ပါ..။ ပြီးခဲ့ ဇန်နဝါရီလ (၁၇)ရက်နေ့ မိုးရေကြားထဲ LAမှာ ကျင်းပသွားတဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ Avatar က အကောင်းဆုံးရုပ်ရှင်ဆုနဲ့ ဒါရိုက်တာဆုနှစ်ဆုရထားခဲ့ပါတယ်....။ ခုလာမယ့် မတ်လ (၈၂)ကြိမ်မြောက်အော်စကာဆုပေးပွဲ ဇကာတင်ဆယ်ကားမှာ ဒီကားက ထိပ်ဆုံးကဝင်နေတာ တွေ့ရတယ်...။ အော်စကာဆု အများဆုံးချိတ်မယ့် ကားလို့ ထင်ကြေးပေးစရာတောင် မလိုလောက်အောင်ပါပဲ..။ ဒါရိုက်တာ James Cameron လဲ အနှစ်နှစ်အလလက ကျိုးစားအားထုတ်ခဲ့ရတာ ပင်ပန်းထားရကျိုးနပ်တော့မှာပါ...။ ပြီးတော့ ဒီကားဟာ ဝင်ငွေလဲ သန်းတစ်ထောင်ကျော်သွားပြီလေ...။ ဒါပေမယ့် “Gone With The Wind” ကိုတော့ မကျော်နိုင်သေးပါဘူးတဲ့ ။

အလင်းတန်းဂျာနယ်မှာ ဦးသုမောင်ရေးတဲ့ အကယ်ဒမီအော်စကာ ဆိုတဲ့ ဆောင်းပါးမှာ နိဒါန်းပျိုးထား တာလေးကို နည်းနည်းပြောပြချင်ပါတယ်..။ “OSCAR” ဆိုတဲ့ နာမည်ကလေးရလာပုံကတော့ ပုံပြင်ဆန်ဆန်တွေ အများကြီးရှိပါတယ်..။ အဲဒီတွေထဲက ချစ်စရာကောင်းတဲ့ ပုံပြင်ကလေးကတော့ (၁၉၃၁)ရုပ်ရှင်ချစ်တဲ့ ဝါသနာရှင်ကောင်မလေးတစ်ယောက်က အကယ်ဒမီရုပ်တုကလေး ကိုလည်းမြင်ရော.. “ဟယ်...သမီးဦးလေး OSCAR နဲ့တူလိုက်တာ ချွတ်စွပ်ပဲ”လို့ အာမေဍိတ်ပြုရာကနေ လူတွေက အကယ်ဒမီရုပ်တုကို “OSCAR” လို့ ချစ်စနိုးခေါ်ဆိုကြပါသတဲ့...။

ဒီပို့စ်လေးရေးဖြစ်သွားအောင် တိုက်တွန်းပေးလိုက်သလိုဖြစ်သွားတဲ့ မပန်ဒိုရာကို ကျေးဇူးတင်ပါတယ် ..။


.....I see you......



 မိုးငွေ့