အဲညက ပုဂံမှာသာတဲ့လဟာ တခြားမြင်နေကျ လထက် ပိုကြီးတယ်လို့ထင်ရတယ်..။ ကျမတို့တည်းတဲ့ ဟိုတယ်ဝင်းထဲက မြက်ခင်းပြင်ပေါ်က သစ်သားခုံတန်းမှာ ကျမတို့အတူထိုင်ကြတယ်...။ ခုံတန်းအနောက်ဖက်မှာ သစ်ပင်တစ်ပင်ရှိတယ် စကားပန်းပန်းလား တမာပင်လား မမှတ်မိတော့ဘူး...။ ကောင်းကင်ကိုမော့ကြည့်တော့ လပြည့်ဝန်းကြီးကို သစ်ရွက်သစ်ခက်တွေကြားကနေမြင်နေရတယ်...။ သူက ဓါတ်ပုံရိုက်ချင်လားလို့မေးတော့ ကျမ ဖုန်းကင်မရာနဲ့ လပြည့်လကို ရိုက်ထားလိုက်တယ်...။ လပြည့်ညကလည်း ကျမတို့နှစ်ယောက်ဆုံတွေ့တဲ့ ဇာတ်လမ်းထဲ ဇာတ်ကွက်အတော်များများမှာ ပါဝင်လာခဲ့တယ်...။
ရီတော့ ရီရတယ်.... သူက သူ့အကြောင်း ကျမစာရေးတာကို ကြိုက်သလို တခါတခါ သူ့ကို ကုန်ကြမ်းလုပ်မှာကိုလည်း မကြိုက်ပြန်ဘူး...။ သူဘေးနားမှာ ရှိနေလျက်နဲ့ သူ့အကြောင်းစာလုပ်ရေးတာကို မကြိုက်ဘူး....။ သူအဝေးတစ်နေရာရောက်သွားတဲ့အချိန်ကျမှ စိတ်ကြိုက်ရေးတဲ့.....။ ခုတော့ သူ့ဆန္ဒအတိုင်း ကျမ သူ့ကို သတိရလွမ်းဆွတ်တိုင်း တိုက်ဆိုင်မှုတွေရှိတိုင်း စာရေးဖြစ်နေခဲ့တာပါ....။ စာရေးဆရာ ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ သူကလည်း "မင်းအနားမှာရှိရင် ကိုယ်စာမရေးနိုင်ဘူး" လို့ ကျမကို အနားနားက တွန်းထုတ်တတ်တဲ့ စကားတွေပြောတတ်လေ့ရှိတယ်...။ ကျမတို့တွေ စာရေးဖို့ အပြန်အလှန် ကုန်ကြမ်းတွေဖြစ်နေတာတော့မဟုတ်ပါဘူးနော်...။
ဘီယာတစ်ခွက်ကို မော့သောက်ရင်း ပုဂံမှာသာတဲ့ လက တခြားမြို့တွေမှာ မြင်ဖူးနေကျ လထက် ပိုကြီး ပိုလှတယ်လို့ သူက မှတ်ချက်ချတယ်...။ ကျမက အမြည်းတွေကိုထိုင်စားရင် ခပ်ထွေထွေဖြစ်နေတဲ့သူ့ ရင်ဖွင့်စကားတွေကို တညလုံးနားထောင်ခဲ့တယ်...။ ဒါကျမတို့နှစ်ယောက်ရဲ့ ပုဂံမှာသာတဲ့လပြည့်ညတစ်ညပဲ....။
ကျမတို့ သုံးကြိမ်မြှောက် unplugged ပါတဲ့ စားသောက်ဆိုင်တစ်ခုမှာဒိတ်ခဲ့ဖူးတဲ့ ညတစ်ညကို အမှတ်ရမိတယ် ...။ ကျမတို့ တိုက်ရှေ့မှာသူလာခေါ်တော့ ကျမက အောက်ခံအနက်မှာ အညိုဖျော့ရောင် spotted လုံးလေးတွေပါတဲ့ ဂါဝန်လေးဝတ်ထားတယ်...။ သူက "မင်း ဒီညအရမ်းလှတာပဲ အရုပ်ကလေးနဲ့တူတယ်" တဲ့...။ အဲဒီညတုန်းကလည်း ကြည်စင်တဲ့ကောင်းကင်မှာ လသာခဲ့ဖူးတယ်....။
မြို့ပြရဲ့ ညတစ်ခုမှာသူ့ရင်ခွင်ထဲမှီရင်း လပြည့်လကို အတူကြည့်ဖူးတယ်....
ရွှေရောင်ညတွေမှာ ဘုရားရင်ပြင်ကနေလည်း လပြည့်လကို အတူကြည့်ဖူးတယ်....
ကန်ရေပြင်နဘေး အတူထိုင်ငေးရင်းလည်း လပြည်လကို ကြည့်ဖူးကြတယ်....
လမ်းဘေး ပလက်ဖောင်းမှာ လက်တွဲလမ်းလျှောက်ရင်းလည်း လပြည်လကို အတူကြည်ဖူးတယ်....
အဲတုန်းက သူနဲ့ကျမ လပြည့်ညပေါင်းများစွာကို အတူဖြတ်သန်းခဲ့ဖူးတယ်ပေါ့
အခုတော့ ဟိုး....အတိတ်မှာ ခပ်ဝေးဝေးတစ်နေရာမှာ ကျန်ခဲ့ပါပြီ......။
မိုးငွေ့

No comments:
Post a Comment