လွန်ခဲ့တဲ့ ၅လလောက်ကမှ Online ပေါ်ရောက်လာတဲ့ blogger တွေထဲမှာ အသက်အငယ်ဆုံး လို့ခေါ်လို့ရတဲ့ မိုးငွေ့ ဆိုတဲ့ ကျမကို စီနီယာ အစ်ကိုအစ်မများနဲ့ မောင်ငယ်ညီမငယ်လေးများအားလုံး ကျမရဲ့ဘလောက်ကို အလည်လာကြပါဦးလို့ ဖိတ်ခေါ်ပါတယ်..။ ကျမရဲ့ခံစားချက်ကို ဖွင့်အံရေးချထားမယ့် ဒီဘလောက်ရဲ့ အခင်းအကျင်းလေးကအစ ဝေဖန်အကြံပြုစေလိုပါတယ်ရှင်…။
တကယ်ပြောတာပါ….။ ကျမ Online သုံးတတ်တာ ခုမှ 5လပဲရှိပါသေးတယ်…။ ဝမ်းကွဲညီမ တစ်ယောက်က April မှာ Gmail စပြီးဖွင့်ပေးထားတာ…။ July မှကျမစသုံးဖြစ်တာပါ..။ ဒါတောင် Gtalk ဆိုတာကြားဖူးနား၀ ရှိနေပေမယ့် မသုံးတတ်သေးဘူး…။ ဒီလိုနဲ့ သူငယ်ချင်းတွေဆီစာရေးလိုက် သူတို့ forward လာတဲ့မေးလ်တွေကိုဖွင့်ဖတ်လိုက်နဲ့ပေါ့..။
တကယ်တမ်း ကျမကို gtalk နဲ့ ပထမဦးဆုံး မိတ်ဆက်ပြီးဝင်လာတဲ့ သူကတော့ အခုကျမဘလောက်ကို ဖန်တီးပေးတဲ့ ကျမဘလောက်ရဲ့ ဖန်ဆင်းရှင်ပါပဲ…။ ကျမရဲ့ Online သူငယ်ချင်းလေးတစ်ယောက်ဆိုပါတော့…။ ကံကြမ္မာကဖန်လာတဲ့ အဲဒီသူငယ်ချင်းလေးကို မှတ်မှတ်ရရ အိုလံပစ် game ဖွင့်ပွဲမတိုင်ခင် နှစ်ရက်အလိုကပါ…။ မိုးငွေ့တွေ လွှမ်းခြုံရစ်သိုင်းထားတဲ့ ရာသီလေးမှာ စပြီးသူငယ်ချင်းတွေ ဖြစ်ကြရတဲ့ အထိမ်းအမှတ် အနေနဲ့ ကျမရဲ့ နစ်မှာ မိုးငွေ့ဆိုပြီးသုံးဖြစ်သွားတာပါ..။ သူက ကျမကို Friendster နဲ့ရော တစ်ကမ္ဘာလုံးက တေးသံသာတွေကို နားထောင်လို့ရတဲ့ Imeem နဲ့ပါ မိတ်ဆက်ပေးခဲ့ပါတယ်…။ ကျမမှာ စာရေး ချင်တဲ့ပိုးရှိမှန်း Imeem ဘလောက်ထဲကို သူဝင်လည်ရင်း သိသွားတာပါပဲ…။ အဲဒါနဲ့ ကျမကိုသူက လောက်တစ်ခုလုပ်ပေးမယ် ကျမက ကျမ ရေးချင်တာကိုပို့ပေး သူတင်ပေးမယ်ပေါ့..။ OK! ပေါ့ ကျမဘယ်လောက်ဝမ်းသာသွားသလဲ…။ ကိုယ့်စာကို တိုက်တွေမှာပို့ပြီး ဘယ်တော့ပါလာမလဲလို့ လည်တဆန့်ဆန့်နဲ့ မျှော်နေစရာမလိုတော့ဘူးပေါ့...။ ဘယ်လောက် အဆင်ပြေလိုက်သလဲ ကိုယ့်ခံစားမှုကို ခုချက်ချင်းရေး ခုချက်ချင်းတင် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ကျမတို့ မြန်မာသူငယ်ချင်းတွေ ဘယ်သူမဆို ဖွင့်ဖတ်ကြည့်လို့ရတယ်...။ ကမ္ဘာကြီးဟာ ရွာတစ်ရွာ ဖြစ်နေပြီဆိုတာ သိပ်မှန်တာပဲ...။ ခုဆို ကျမရေးချင်တာတွေကို Online ပေါ်ရောက်လာဖို့ ကျမကိုကူညီဖြည့်ဆည်း ဖန်တီးပေးတဲ့ ကျမရဲ့ ဖန်ဆင်းရှင်ကတော့ ကျမနဲ့ ဟိုး....အဝေးကြီး တကယ့် အဝေးကြီးကနေပြီး လုပ်ပေးရတာ...။
ခေတ်မီတဲ့ ဒီကမ္ဘာကြီးမှာ အဝေးကြီးကလဲ နီးနီးလေးပါပဲ မျက်နှာချင်းဆိုင် ထိုင်ပြော နေရသလိုပါပဲ..ဖြစ်နေပြီလေ...။ သူနေတဲ့ နေရာက ကျမတို့နဲ့ 2နာရီ ခွဲနောက်ကျတယ်...။ အစစအရာရာ သူ့ရဲ့ လက်တွဲခေါ်မှုကြောင့် ကျမ Online ကို တော်တော်သုံးတတ်လာနေပါပြီ...။ ကျမဒီဘလောက် မဖြစ်ခင်အထိ အရင်ဦးဆုံး ကျမ ဝမ်းကွဲ ညီမလေးရဲ့ ဘလောက်ကိုစပြီးအလည်သွားဖူးခဲ့တယ်...။ ပြီးတော့ညီမလေး ပန်းခင်းလေး အဲဒီကတဆင့် ကိုဝင်းမင်းဆန်းရဲ့ ဥယျာဉ်မှူးတို့ ခေါင်ခေါင်၊ ဝေလေး၊ သက်တန့်၊ ကိုတောင်ပေါ်သား၊ ကိုအန်ဒီ၊ ကိုမိုးပြေး ၊ Dream စတဲ့ ဘလောက်တွေဆီ ကအတုယူစရာရအောင်ဝင်ဝင်ဖတ်ကြည့်ဖြစ်ပါတယ်...။ ကျမရဲ့ဖြစ်တည်မှုအစကို ဆွဲထုတ်မိတာ နဲနဲရှည်သွားလို့ ခွင့်လွှတ်ကြပါရှင်...။ ခုလို စိတ်ဝင်တစားနဲ့ သီးခံပြီး ဖတ်ပေးကြတဲ့အတွက် သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်...။ မိုးငွေ့ရဲ့ အိမ်အသစ်ကလေးကိုအလည်လာပါလို့ ဖိတ်ခေါ်ပါတယ်...။
ဒါကြောင့် "မိုးငွေ့" ဆိုတဲ့ ကျမရဲ့ ဘလောက်လေးထဲကို လာလည်သွားတဲ့သူတိုင်းကို သုတ၊ရသ၊ဓမ္မ ခံစားမှုပေါင်းစုံကို တပြိုင်တည်းရစေချင်ပါတယ်...။ သူငယ်ချင်းတို့ စိတ်ဝင်စားမယ့် အကြောင်းအရာစုံစုံလင်လင် ကိုခင်းကျင်းပြသပေးပါမယ်...။ ကဗျာကတော့ ကျမ မရေးတတ်တာမို့ ကဗျာရေး အလွန်ကောင်းတဲ့ တောင်ကြီးက သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာတွေကို တင်ပေးပါမယ်... ဖတ်ရှုအားပေးကြပါဦးနော်...။ ကဲ..ဒီတစ်ခါတော့ တကယ် နိဂုံးချုပ်ပါပြီ....Thank You Everybody....
မိုးငွေ့ ..........
