Friday, 5 December 2008
လျှို့ဝှက်စွာ ရွာမယ့်မိုး.....
သူငယ်ချင်း.....
အဲဒီညနေက မိုးသည်းတွေ စီးမလာပေမယ့်
ညစ်ညမ်းလေပြေတွေတိုက်လို့
မင်းဆံနွယ် တွေဖေးမ မိုးစက်တွေအောက်
စိုစွတ်စွာ လမ်းလျှောက်ခဲ့
မင်းက တစ်စုံတစ်ယောက်ရဲ့ ရနံ့ကို
အလွမ်းငွေ့ငွေ့နဲ့ရှုသွင်းလို့ လွင့်ပါးနေလေရဲ့..။
သူငယ်ချင်း......
အဲဒီညနေက
မင်းပါးပြင်ထက်တွဲခိုနေတဲ့ မျက်ရည်စက်ကို
သတ္တလောက မရိပ်မိအောင် ၀မ်းနည်းစွာ ခံယူခဲ့လို့
သနားမှုမြစ်ရိုင်းတွေ ငါ့ရင်ခွင်ထဲ ပြေးဆင်းကြသတဲ့...။
သူငယ်ချင်း...
မိုးစက်ခင်းတဲ့ ညနေက ဂရုဏာကိုပျိုး
အချစ်ကိုပန်းအဖြစ်ပွင့်စေသလို
တို့နှစ်ယောက်ကြားက စည်းဘောင်တွေကို
တိုးတိတ်ဆိတ်စွာရိုက်ချိုး ၀မ်းထဲမှာမျိုထားမိ..။
သူငယ်ချင်း....
မိုးစက်တို့ အိပ်စက်ကုန်ပြီကွယ်
မင်းမက်ချင်တဲ့ အိပ်မက်မှာ "လ" မသာခဲ့လည်း
မင်းရဲ့ညတွေ အတွက် အလင်းရွာချပေးဖို့
"လ" တစ်စင်း ငါ့ရင်ခွင်ဒိုင်ယာရီမှာ
လျှို့ဝှက်စွာ တောက်ပနေတာ
ငါလို့ မင်းလက်ခံ တောင့်တတဲ့တစ်နေ့
ဒီကမ္ဘာကို ဖက်ရှုံ့နမ်းမယ့်သူဟာ
ဘယ်နေရာ ဘယ်ဒေသကလည်းလို့
လိုက်မေးနေစရာ မလိုတော့ပါဘူး.......။ ။ ( အငွေ့ )
Subscribe to:
Post Comments (Atom)
2 comments:
နောက်ဆုံး အပိုဒ်လေးလှတယ်...
အင်းးးး
လျှို့ဝှက်စွာ ရွာမယ့်မိုးး....
လျှို့ဝှက်စွာ ရွာမယ့်မိုးး...:)
Post a Comment