Showing posts with label simply coral's kitchen (Vegan). Show all posts
Showing posts with label simply coral's kitchen (Vegan). Show all posts

Friday, 17 September 2021

ခရမ်းသီးမီးဖုတ်ကြက်ဥကြော်.....



ပါဝင်ပစ္စည်းများ

ခရမ်းသီး 🍆  ၇ လုံး

ကြက်ဥ 🥚 ၃လုံး

ကြက်သွန်ဖြူ 🧄 ၄ မွှာ

ဆား 🧂 လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သက်သတ်လွှတ်မှိုဟင်းခတ်မှုန့် လဖရဇွန်း ၁ဇွန်း

နေကြာဆီ 🌻 ထမင်းစားဇွန်း ၃ဇွန်း


အရင်ဆုံး ခရမ်းသီးတွေကို ရေစင်အောင် ဆေးပြီးမီးဖုတ်ပါ အဆင်ပြေသလို ကြိုက်ရာမီးဖိုသုံးပါ ....။ ကျွန်မက Oven ထဲထည့်မဖုတ်ဖြစ်တာက အချိန်ကြာလို့ Gas မီးဖိုနဲ့ပဲသုံးပါတယ်  ...။ ခရမ်းသီးတွေကျက်ရင်အအေးခံပြီး အခွံခွာ အစေ့ထုတ် နုတ်နုတ်စင်းထားပါ...။ ဇလုံတစ်ခုထဲထည့် ကြက်ဥတွေဖေါက်ထည့် ဆား ဟင်းခတ်မှုန့်ထည့် အမွှေးကြိုင်ရွက်တွေကြိုက်ရင်လဲထည့်လို့ရတယ်နော် နံနံပင်တို့ ပင်စိမ်းရွက်တို့ ရှမ်းနံနံတို့ ကြိုက်ရာထည့် သုံးမျိုးလုံးလဲထည့်လို့ရတယ်....။ ခရင်းနဲ့သေချာလေးမွှေပြီး ခလောက်ပေး....။ မကြော်ခင် ၁၅မိနစ်လောက်နှပ်ထားပေး...။ ဒယ်အိုးပူလာရင် ဆီထည့် ကြက်သွန်ဖြူအပြားရိုက်နုတ်နုတ်စင်းထားတာထည့်ကြော် မွှေးလာရင် ခရမ်းသီးနဲ့ကြက်ဉခေါက်ထားတာထည့်ကြော်မယ် ....။ ခရမ်းသီးထဲက ရေတွေထွက်လာလိမ့်မယ် ရေတွေခမ်းသွားတဲ့ထိ မီးကို Medium မှာပဲထားပြီးကြော်ပေးပါ....။ ရေခြောက်သွားရင်တော့ ကိုယ်နှစ်သက်သလို အပျော့ကြိုက်ရင် သိပ်ခြောက်အောင်မကြော်ပါနဲ့ နဲနဲ ရွှေအိုရောင်သန်းတာလေးစားချင်ရင်တော့ နဲနဲဆက်ကြော်ပေးပါနော် ရပြီဆို ထမင်းပူပူလေးနဲ့စား...။  ကြက်ဉမွှေကြော်အနံ့မွှေးမွှေးလေးနဲ့ ခရမ်းသီးရဲ့အချိုဓါတ်နဲ့ သိပ်စားကောင်းပါတယ်လို့ ညွှန်းပါရစေ...။







 

အစေ့တွေမယူနဲ့နော်ထုတ်ပစ်ပါ အသားကိုပဲယူပြီး တောက်တောက်စင်းထား  
အစေ့တွေအတောင့်လိုက်တွေ့တော့ အသဲတွေယားတာ







________________________
Revolution will prevail
မိုးငွေ့


Sunday, 11 April 2021

ရှမ်းသခွားသီးသုပ်.....






ရှမ်းနဲ့မြန်မာ သခွားသီးသုပ်တာ ဘာကွာလဲဆိုတော့ ဆီချက်နဲ့ငံပြာရည်ထည့်မထည့်ပဲကွာမှာပါ.....။ ရှမ်းသုပ်ကရိုးရှင်းတယ်  ခုလိုရာသီဥတုပူတဲ့အချိန်နဲ့ အကြောင်းကြောင်းကြောင့် ထမင်းစားမကောင်းတဲ့သူများအတွက် ခံတွင်းမိန်စေမယ့် သတ်သတ်လွတ်လည်းဖြစ်တဲ့ အရံဟင်းလေးတစ်ခွက်ပါပဲ...။ သခွားသီးသုပ်ကို စားခါနီးမှ သုပ်တာအကောင်းဆုံးပါ မဟုတ်ရင်   အရည်တွေထွက်လာလိမ့်မယ်...။ နွေရာသီမှာ ဝမ်းအေးစားမြိန်စေမယ့် ရှမ်းသခွားသီးသုပ်ကို ဘယ်လိုပြင်ဆင်ရမလဲ ကြည့်ရအောင်...။


ပါဝင်ပစ္စည်းများ

သခွားသီးအနေတော် ၃လုံး
ကြက်သွန်ဖြူ ၄မွှာ
မြေပဲဆံလှော်ထောင်း ထမင်းစားဇွန်းတစ်ဇွန်း
ငရုတ်သီးစိမ်း မိမိကြိုက်သလောက်
သံပရာသီး တစ်စိပ် (ရှမ်းရှာလကာရည်တစ်ဇွန်း)
ဆား အချိုမှုန့် (လိုသလို)


သခွားသီးကိုရေစင်စင်ဆေးပြီး အခွံခွာပါ အမျှင်လိုက်ခြစ်ထားပါ မဟုတ်ရင်လဲ ပါးပါးရှည်ရှည်လေးတွေလှီးထားပါ အလည်အူတိုင်နုရင် မပစ်ပါနဲ့ ပါးပါးလှီးယူထားပါ...။ ကြက်သွန်ဖြူဓါးပြားရိုက်ထည့်ပါ ကျန်ပါဝင်ပစ္စည်းများထည့်နယ်ပြီးရင် နံနံပင်ကြိုက်ရင် နဲနဲထည့်ပါ...။ မြေပဲဆံထောင်းရဲ့ဆိမ့်တဲအရသာနဲ့ အရည်ရွှန်းတဲ့သခွားသီးချဉ်ချဉ်လေး ရပါပြီ....။







Wednesday, 20 August 2014

မုန်လာဥဖြူ ပန်ကိတ်ကြော်.....



ကြာသပတေးဆွမ်းဟင်းချက်တဲ့မနက်က အသားနဲ့ဟင်းရည်နှစ်မျိုးပဲဖြစ်နေလို့ အသီးအရွက် တစ်ခုခုကြော်ရအောင် ရေခဲသေတ္တာထဲမွှေလိုက်တော့ မုန်လာဥဖြူ နှစ်လုံးတွေ့တာနဲ့ white radish pan cake လေးကြော်ဖို့စိတ်ကူးရသွားခဲ့တယ်...။ ကြော်နည်းလေးပြောပြမယ်နော်...။












မုန်လာဥဖြူ   ၂လုံး
ကြက်ဥ ၁ လုံး
ကြက်သွန်ပင်တစ်ပင်
ဂျုံမှုန့် ၄ ဇွန်း
ပြောင်းကော်မှုန့် ၁ ဇွန်း
ဆား လက်ဖက်ရည် ၁ဇွန်းတစ်ဝက်
ငရုတ်ကောင်းစေ့ ၅စေ့
သံလွင်ဆီ

မုန်လာဥကို ဂျစ်နဲ့ အမျှင်လေးခြစ် ဇလုံတစ်ခုထဲထည့်ပြီး ပါဝင်ပစ္စည်းအားလုံးထည့် ငရုတ်ကောင်းက ကြိတ်စက်လေးရှိရင် လတ်လတ်ဆတ်ဆတ် တစ်ခါထည့်လှည့်ပြီးထည့်..မရှိရင် လှော်ပြီး ထောင်းထည့်..။
နယ်ထားတဲ့ မုန်လာဥမုန့်နှစ်ကို သုံးပုံပုံပြီး ပန်ကိတ်သုံးချပ်ရအောင်ကြော်မယ်...။ ဒယ်ပြားကိုအပူပေးပြီး သံလွင်ဆီလေးနည်းနည်းထည့် မုန့်နှစ်လေးကို ဖွဖွခပ်ထည့်ပြီး ဘေးဖက်ကို အ၀ိုင်းလေးဖြစ်အောင် ယောက်မနဲ့တဖြေးဖြေးချဲပေးပါ...။ တစ်ဖက်လှန်ပြီးရင် ယောက်မနဲ့ ဖိပြီးကြော်ပေးပါ...။ ငရုတ်ကောင်းနံ့လေးမွှေးပြီးစားကောင်းလှတဲ့ မုန်လာဥပန်ကိတ်ကို ထမင်းနဲ့ပဲစားစား သရေစာအဖြစ် ဆော့နဲ့တို့စားစား အရမ်းကောင်းပါတယ်...။


မိုးငွေ့

Friday, 15 August 2014

သက်သတ်လွတ်ပဲပုပ်ထမင်းသုပ်နဲ့ အာလူးပန်ကိတ်.....


ပြီးခဲ့တဲ့ July တစ်လလုံးအပြင် ဒီဖက်လဆန်းထိပါ အိန်ဂျယ်ရဲ့ မိုးရာသီအလွမ်းနဲ့ ဆက်တိုက်လိုက်ပြီး လွမ်းလာကြတာ အားနာလှပြီ။ ခုတလှည့် မုန့်တွေလုပ်ကျွေးမယ် ဟင်းတွေပြန်ချက်ကျွေးမယ် သူငယ်ချင်း စာဖတ်သူအားလုံးကို.......း)) 

I love you all !!!! 
OK! check it out..........



ဝါတွင်းသုံးလ သက်သတ်လွတ်စားသူများ ညနေပိုင်းဟင်းချက်ရပျင်းရင် ဒီလိုလေးလုပ်စားလို့ရပါတယ်...။ အိမ်မှာ အမေက သက်သတ်လွတ်စားရင် အဆင်သင့်ဖြစ်အောင်ဆိုပြီး ပဲပုပ်ချပ်လေးတွေကို ဆီကြော်ပြီး အမှုန့်ထောင်းပုလင်းလေးနဲ့ထည့်ထား ကြက်သွန်ဖြူဆီချက်လေးချက်ပေးထားတယ်...။ ၀ါမ၀င်ခင် ကတည်းက ကိုးန၀င်းပုတီးစိပ်ဖြစ်နေတော့ သက်သတ်လွတ်တစ်ရက်စားရတယ်...။ အဲဒါကြောင့် ထမင်းသုပ်လေးလုပ်စားဖြစ်တာလေးကို လာပြန်မျှဝေတာပါ...။ အာလူးပန်ကိတ်လေးက အီတာလျှံ အာလူးဟင်းချက်နည်းစာအုပ် (mini cook book) ထဲကနည်းလေးနဲ့ လုပ်ထားတာပါ...။ 

ထမင်းသုပ်နည်းကတော့ရိုးရှင်းပါတယ် ထမင်းတစ်ပန်ကန်လုံးစာကို ဇလုံထဲထည့် ပဲပုပ်မှုန့်တစ်ဇွန်း ကြက်သွန်ဖြူဆီချက်တစ်ဇွန်းခွဲ ငရုတ်သီးကြော်နဲနဲ ဆားထည့်ပြီး အချဉ်ကြိုက်ရင် သံပုရာသီးလေးတစ်စိပ်ညစ်ထည့်ပြီး နံ့စပ်အောင်နယ်လိုက်ပါ...။ အရသာပေါ့ငံမြည်းပြီးရင် စားမယ့် ပန်းကန်ပြားထဲ ပုံစံခွက်လေးနဲ့မှောက်ထည့် ကျန်တို့စရာ တွဲဖက်စားမယ့်အသီးအရွက်များ ကြိုက်နှစ်သက်ရာနဲ့တွဲစားနိုင်ပါတယ်...။ ထမင်းသုပ်လေးပူစပ်စပ်ကို မန်းလေးရင်ကွဲချိုချိုလေးနဲ့ အစပ်ဖြေလိုက်ပါလေ...။

အာလူးပန်ကိတ်လုပ်နည်းလေးက အာလူးကသလိတ်လုပ်တာနဲ့ ခပ်ဆင်ဆင်လေးပါ...။ အာလူးငါးလုံးကိုရေစင်စင်ဆေးပြီး ရေပွက်ပွက်ဆူအိုးထဲကို ငါးမိနစ်ထည့်ပြုတ်ပါ...။ အာလူးက မနူးပဲမာဆတ်ဆတ်ဖြစ်နေရပါမယ်...။ အာလူးအခွံခွာပြီးရေခဲသေတ္တာ အခဲခန်းထဲကို တစ်ညသိပ် ထည့်ထားပါ...။ မနက်ကျ အဲအာလူးကို ဂျစ်နဲ့အမျှင်လေးတွေခြစ်ပြီး ဆားငရုတ်ကောင်းထည့်နယ် ဒယ်ပြားမှာ ဆီနဲနဲနဲ့ အပြားလိုက်ဖိဖိပြီးကြော်ပေး...။ ဟိုဖက်ဒီဖက် ရွှေညိုရောင်သန်းလာပြီဆို ပူပူနွေးနွေးတစ်ခါတည်း သုံးဆောင်ပါ...။

မိုးငွေ့

Friday, 6 June 2014

သက်သတ်လွတ်မုန့်ဟင်းခါး.....




ကြာခဲ့ပြီ တပေါင်းလပြည့်နေ့တုန်းက သက်သတ်လွတ်စားတော့ ပဲမုန့်ဟင်းခါး ချက်စားဖြစ်တာလေးပါ...။ အကြော်ကိုလည်း ကိုယ်တိုင်ကြော်ပါတယ်...။ မုန့်လုပ်နည်းလေးရော အကြော်မုန့်စပ်နည်းလေးပါ မျှဝေပါ့မယ်...။ ကိုယ်က ပဲကြိုက်တဲ့သူမို့ ပဲနဲ့ ဘာပဲလုပ်လုပ်ကြိုက်ပြီးသား..။ ခုမုန့်ဟင်းခါးက ကုလားပဲနဲ့လုပ်ပါတယ်...။ လူလေးယောက်စာအတွက် recipe လေးကိုရေးပေးပါမယ်..။
  1. ကုလားပဲတစ်ခွက်(ဆန်ချိန်ခွက်)
  2. ငှက်ပျောအူ
  3. ဆန်လှော်မှုန့် ထမင်းစားဇွန်း 3 ဇွန်း
  4. ကြက်သွန်နီဆယ်လုံး (အနှစ်လုပ်ရန်3လုံး မုန့်ဟင်းထဲထည့်ရန်7လုံး)
  5. ကြက်သွန်ဖြူ 5တက်
  6. ဂျင်း လက်တဆစ်
  7. စပါးလင် တစ်ပင်
  8. ငရုတ်သီးမှုန့်
  9. နနွင်းနဲနဲ
  10. ဆား

အဲနေ့က ငှက်ပျောအူမရလို့ မထည့်ဖြစ်ဘူး...။ ငှက်ပျောအူရမယ်ဆိုရင် အရင့်တွေခွာပစ်ပြီး အတွင်းကအသားနုလေးတွေကို နနွင်းနဲနဲထည့်ပြီး ရေစိမ်ထားပါ...။ ညကတည်းက စိမ်ထားတဲ့ ကုလားပဲကို ပြုတ်ထားပါ...။ အနှစ်အတွက် ကြက်သွန်ဖြူ နီဂျင်းထောင်းထားပါ...။ ပဲနူးရင် ဆုံထဲထည့်ထောင်းထားပါ...။ အနှစ်များကိုမွှေးအောင်ဆီသတ်ပါ ပြီးရင် ထောင်းထားတဲ့ပဲထည့်လှိမ့်ပါ..။
ရေနှစ်လီတာထည့်ပြီး ဆူထားတဲ့ အိုးထဲကို ဆီသတ်ထားတဲ့ ပဲနှစ်များလောင်းထည့်ပါ စပါးလင်ကို ထုပြီးချည်ထည့်ပါ...။ ငှက်ပျောအူပါထည့်ပြုတ်ပြီး ရေဖျော်ထားတဲ့ ဆန်လှော်မှုန့်လေး ခတ်ပြီး မွှေပေးနေပါ... အပေါ့အငံမြည်း ကြက်သွန်ဥလေးထည့်ပြီး မီးမြေ့မြေ့နဲ့ဆက်တည်ထားပြီး မကြာခနမွှေပေးပါ ပဲနှစ်တွေအိုးကပ်သွားမှာ စိုးလို့..။ ကြက်သွန်ဥလေးတွေကျက်ရင် ပဲနဲ့စပါးလင်နံ့လေးသင်းမွှေးနေတဲ့ သက်သတ်လွတ် မုန့်ရည်လေး ရပါပြီ...။ နှစ်သက်ရာ ပဲသီးစိမ်း နံနံပင် ငရုတ်သီးလှော်မှုန့်များထည့်ပြီး သုံးဆောင်ပါ...။

အကြော်မုန့်နှစ်ကို ခါတိုင်းမြန်မာမုန့်နှစ်တွေလို ပဲမှုန့် ဆန်မှုန့်နဲ့မဟုတ်ဘဲ... အီတလီစာတွေမှာ တန်ပူရာကြော်တဲ့ batter နှစ်အတိုင်းဖျော်ပြီး ကြော်ထားပါတယ်...။ ဂျုံမှုန့်နဲ့ ပြောင်းမှုန့် 4:1နဲ့ ဆားနဲနဲ ဆီစာပွဲဇွန်းတစ်ဇွန်း ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဝက် ရေတစ်ခွက်(မုန့်ချိန်ခွက်) နဲ့ မပျစ်မကျဲလေးဖျော်ပြီး စားချင်တဲ့အသီးများကို ကြိုက်သလိုအရွယ်တော်လေးပိုင်းဖြတ်ပြီး ဆီများများမှာကြော်ပါတယ်...။ ရွှေရောင် သန်းလာရင် paper tower မှာဆီစစ်ပြီး ထားပါ...။ မုန့်နှစ်လေးဟာ မာဆတ်မနေဘဲ ကြွပ်ရွရွလေးဖြစ်နေလို့ အတော်စားကောင်းပါတယ်...။ ဆန်ကြမ်းမှုန့်နဲ့ မဟုတ်လို့ မြန်မာအကြော်တွေ လိုတော့  ကြာကြာအကြွပ်မခံပါဘူး...။ ပူပူလောလောမှာ ချဉ်ရည်လေးနဲ့ တခါတည်းစားတာ ပိုအရသာ ရှိပါတယ်...။ မကျည်းချဉ်ရည်ကတော့ ထုံးစံအတိုင်းပါပဲ ကြက်သွန်ဖြူ ဂျင်း ငရုတ်သီးစိမ်း ငရုတ်သီးမှုန့်တို့နဲ့ဖျော်ပါတယ်...။ ပုံမှာတော့ မျက်နှာပန်းသိပ်လှပြီး အရသာရှိလှတဲ့ ကြက်သွန်ကြော်နဲ့ ဗူးသီးကြော်တွေပဲဖြစ်ပါတယ်..။ ချစ်သောစာဖတ်သူများ ပိတ်ရက်လေးမှာ အစမ်းလုပ်စားကြည့်ရအောင် တင်ပေးလိုက်ပါတယ်...း)

Have a nice weekends......



မိုးငွေ့

Monday, 23 September 2013

ပဲငပိကြော်+ပိန်းဥမုန့်နှစ်ကြော်


 ပဲငပိကြော်စပ်စပ်လေး


 



ပဲငပိကြော်အတွက်လိုအပ်တာတွေက နှစ်ရာတန်ပဲငပိတစ်ဗူး ငရုတ်ပွနှစ်တောင့် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်နီတစ်ဥ ကြက်သွန်ဖြူသုံးမွှာနဲ့ ငရုတ်သီးစိမ်းဆယ်တောင့်တို့ပဲဖြစ်တယ်...။ ဆီထမင်းစားဇွန်းသုံးဇွန်းထည့်ပြီး ပူလာရင် ကြက်သွန်အရင်ဆီသတ် နီရောင်သန်းလာရင် ခရမ်းချဉ်သီးထည့် ခရမ်းချဉ်သီးနွမ်းရင် ငရုတ်ပွထည့် ပဲငပိထည့် ဟင်းခတ်မှုန့်နဲ့ ဆားနဲနဲလေးပဲထည့် နဲနဲခြောက်လာအောင်ကြော်ပြီး အိုးချခါနီးငရုတ်သီးစိမ်းလေးထည့်မွှေလိုက်ပါ...။ ထမင်းပူပူလေးနဲ့ နယ်စားရင် အားကြီးကောင်းပါတယ်...။



 
ပိန်းဥ+မုန်လာဥဖြူ ဂျုံနှစ်ကြော် (ကြသပတေးဆွမ်းဟင်းအတွက်)



မုန်လာဥဖြူတစ်လုံးနဲ့ ပိန်းဥလေးပုံတစ်ပုံကို ခြစ်နဲ့ခြစ်ထားမယ် ဂျုံမှုန့် တစ်ခွက်ခွဲ(ဆန်ချိန်ခွက်) ကြက်ဥတစ်လုံး ကြက်သွန်ပင်နှစ်ပင်...။ ဆားနဲနဲ ဟင်းခတ်မှုန့်နဲနဲ နဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဝက်...။


 အားလုံးကိုရောနယ်လိုက်ရင် ဒီလိုအနှစ်မျိုးရတယ်




မကပ်တဲ့အိုးမှာ ဆီလေးဆွတ်ရုံထည့်ပြီး အ၀ိုင်းပြာလေးအတွက်ဆို ထမင်းစားဇွန်းတစ်ဇွန်းခန့်ခပ်ထည့်ပြီး မုန့်နှစ်တွေ သူ့အလိုလိုအိကျပြီး အပြားချပ်လေးဖြစ်သွားလိမ့်မယ်...။ မီးမြေ့မြေ့လေးနဲ့ပဲကြော်မယ်..။ အဲဒါလေးကို ငရုတ်ဆီလေးနဲ့တို့စား တရုတ်တန်းက အော်ကေ့ကျီလိုအရသာမျိုးနဲ့ ခပ်ဆင်ဆင်ရှိတယ်..။ ဟင်းလိုမျိုးထမင်းနဲ့ပဲစားစား ဒီတိုင်းပဲစားစား သိပ်ကောင်းပဲ။


 အသေးဝိုင်းလေးမကြော်ချင်ရင်လည်း ခုလို ဒယ်အိုးအပြည့် အပြားချပ်ကြီးကြော်ပြီးမှ ကပ်ကြေးလေးနဲ့ ညှပ်စားလည်းဖြစ်ပါတယ်...


ဂျုံလိတ်(အူမကြီး)ကို ပဲပင်ပေါက် ငရုတ်သီးစိမ်းနဲ့ ပဲငပိနဲ့နှပ်ထားတယ်... ကြာသပတေးဆွမ်းဟင်းအတွက်ချက်ထားတာ


မိုးငွေ့

Thursday, 12 September 2013

ဂျုံလိတ် တာရီရာကီဆော့.....




ဂျုံလိတ်လို့ပဲခေါ်ပါရစေ...။ တကယ်တော့ တရုတ်သက်သတ်လွတ်ဆိုင်တွေမှာတော့ အူချိုလား အူသိမ်လားအဲလိုခေါ်တယ်ထင်တယ်...။ ကိုယ်ကတော့ သက်သတ်လွတ်စားပြီး လသာလမ်းသက်သတ်လွတ်ဆိုင်ကဟင်းပွဲတွေလို ငါးချိုချဉ်တို့ ၀က်အူမကြီးတို့ ဘဲကင်တို့ အဲလိုဂျုံနဲ့ ပုံတူသက်သတ်လွတ်လုပ်ထားတဲ့ဟင်းမျိုးကို နာမည်ကြီးတပ်ပြီးစားရမှာစိတ်မသန့်ပါဘူး...။  သက်သတ်လွတ်စားလည်း စိတ်သန့်သန့်နဲ့ပဲစားချင်တယ်... စိတ်မသန့်ရင်တစ်ခါတည်း သက်သတ်လွတ်စားတာကိုဖြတ်လိုက်တယ် ဒါပဲ..။

ဒီဟင်းပွဲလေးက သက်သတ်လွတ်စားနေတာကို အပြောင်းလဲလေးဖြစ်အောင်လို့ သံဈေးရောက်တုန်းဝယ်လာခဲ့တဲ့ ဂျုံနဲ့လုပ်ထားတဲ့ အလိတ်ကလေးပါ တစ်ထုပ်ကို 800ကျပ်ပေးရတယ် ဈေးမသေးဘူးသူလဲ...။ အဲဒီအလိတ်ကလေးကို ဆီပူမှာ ကြက်သွန်ဖြူအပြားရိုက် ဆီသတ်ပြီး ပဲငံပြာရည်အကြည် ငရုတ်ကောင်းနဲနဲနဲ့ မီးပြင်းပြင်းမှာကြော်ပီး တာရီရာကီဆော့ဆမ်း ရေနွေးလေးခွက်တစ်ဝက်လောက်ထည့် မီးလျှော့ပြီး ခဏနှပ် ရေခမ်းရင် အိုးချပြီး ကြက်သွန်ပင်လေးလှီးထားတာကို ဖြူးစားရင်ရပြီ...။ 






စီးတီးမတ်က ၀ယ်လာခဲ့တဲ့ တာရီယာကီဆော့ အငံပါလို့ ဟင်းထဲမယ် ဆားထည့်မသုံးတော့ဘူး..။ Pantai တံဆိပ်နဲ့တခြားဆော့တွေ ငံပြာရည်တွေလည်း သုံးလို့ကောင်းတယ်..။ တကယ်တော့ တာရီရာကီဆိုတာ ပဲငံပြာရည်အနှောက် ပဲငါးပိ ဆား သကြား ငရုတ်ကောင်း ကော်မှုန့်တို့ကို ရောပြီး ဆော့လုပ်ထားတာပါပဲ။


မိုးငွေ့

Saturday, 10 August 2013

ကြက်ဟင်းခါးသီးကြော်.....

ကြက်ဟင်းခါးသီးကို ကြော်နေက ပုစွန်ခြောက်နဲ့မဟုတ်ဘဲ သက်သတ်လွတ်စားဖြစ်နေတော့ ပုစွန်ခြောက်မပါဘဲ ပျင်းတော်သိမ်ရွက်လေးနဲ့ကြော်ထားပါတယ်...



 



ကြက်ဟင်းခါးသီးအကြီးနှစ်လုံးကိုထက်ပိုင်းပိုင်း အစေ့ထုတ်ပြီး ခပ်ထူထူလေးတုံးပေးပါ...။ ဆားရေကိုဆယ်မိနစ်လောက်စိမ်ပြီး ရေထပ်ဆေးပြီးစစ်ထားပါ...။ လိုအပ်တဲ့ ဟင်းခတ်တွေက ကြက်သွန်နီအကြီးတစ်လုံးပါးပါးလှီးရယ် ကြက်သွန်ဖြူသုံးမွှာနုတ်နုတ်စင်း ပျင်းတော်သိမ်ရွက်ငါးရွက်နဲ့ ငရုတ်နီသုံးတောင့်ပါ..။





ဆီဟင်းခတ်ဇွန်းနှစ်ဇွန်းပူလာရင် ကြက်သွန်ဖြူနီကိုနွမ်းအောင်ကြော်ပေးပါ... နနွင်းလက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး နဲနဲမွှေပေးပါ..။ ပြီးတာနဲ့ ကြက်ဟင်းခါးသီးထည့်ကြော်ပါ..။ ဆား ဟင်းခတ်မှုန့်(ကျမက သက်သတ်လွတ်မှိုဟင်းခတ်မှုန့်သုံးပါတယ်) ထည့်ပြီး ရေနွေးနဲ့ဆယ်မိနစ်လောက်နှပ်ထားပေးပါ...။ ဆီပြန်လာရင် ပျင်းတော်သိမ်ရွက်နဲ့ ငရုတ်နီခတ်လိုက်ပြီးရင် အိုးချလို့ရပြီ...။ ကြက်ဟင်းခါးသီးက ယိုးဒယားသီးမို့ အခါးသိပ်မပြင်းပါဘူး...။ ထမင်းပူပူနဲ့နယ်စားရတာသိပ်ကောင်းပဲ...။






happy weekend ~~~~~~~


မိုးငွေ့


Wednesday, 31 July 2013

သက်သတ်လွတ်ပဲဟင်းရည်နဲ့ ကြက်ဥမုန်ညင်းအောမလက်




ဝါတွင်းမှာ မွေးနေ့နဲ့ဥပုသ်နေ့ကိုသတ်သတ်လွတ်စားဖြစ်တယ်...။ တစ်ပတ်ကို ငါးရက်တော့ ရအောင်စားမယ်လို့ဆုံးဖြတ်ထားတယ်...။ ကျွန်မက သက်သတ်လွတ်ကို ကြက်ဥစားပါတယ်..။ အခုချက်စာဖြစ်တဲ့ သက်သတ်လွတ်ဟင်းလေးတွေကိုပြောပြချင်ပါတယ်..။ ၀ါတွင်းမှာ ကျွန်မလိုပဲ သက်သတ်လွတ်စားသူတွေ ဘာဟင်းချက်စားရရင်ကောင်းမလဲလို့ စဉ်းစားရခက်သူတွေအတွက် မျှဝေလိုက်ပါတယ်...။







ကြက်ဥအောမလက်လို့ခေါ်တဲ့ ကြက်ဥမွှေကြော်ကို ခါတိုင်းနည်းဟောင်းလို ကြက်သွန်တွေ ခရမ်းချဉ်သီးတွေနဲ့မကြော်ဘဲ...အနောက်တိုင်းလေးနှောထားပါတယ်...။ ကြက်ဥနှစ်လုံးကို ဆားနဲနဲ နဲ့ အချိုမှုန့်မသုံးတာကြောင် သက်သတ်လွတ် မှိုခနောမှုန့်ထည့်ပြီး နာနာခလောက်ထားပါ...။ မုန်ညှင်းဖူးကို ခပ်ကြီးကြီးသင်ပြီး ရေဆေး ရေနွေးဆူဆူမှာ နှစ်မိနစ်လောက်ဖျောပြီး တစ်လက်မလောက်လေးတွေပိုင်းပြီး ခလောက်ထားတဲ့ကြက်ဥထဲရောမွှေထည့်လိုက်ပါ...။ အပေါ်ကဖြူးဖို့ Mozzarella cheese ကို လက်ဖက်ရည်တစ်ပန်ကန်စာခြစ်ထားပါ...။






မကပ်တဲ့အိုးမှာ (ကျွန်မက အချပ်လေးလည်းလှအောင်လို့ ကြက်ဥဟိုက်ဖရိုက်ကြော်တဲ့ ဒယ်လေးနဲ့ကြော်ပါတယ်) ဆီထမင်းစာဇွန်းနှစ်ဇွန်းထည့်ပြီး ဆီပူလာရင် ကြက်ဥနဲ့မုန်ညင်းအရောကိုထည့် ချီစ်အမျှင်လေးတွေအပေါ်ကဖြူးပြီး မီးဖြေးဖြေးနဲ့စိတ်ရှည်ရှည်ကြော်ပေးပါ...။ ကြက်ဥကိုခရင်းလေးနဲ့ အသာလှန်ပြီး အောက်ခြေက ၀ါရောင်သန်းပြီဆို အချပ်လေးမပျက်အောင် ပန်းကန်ပြားလေးနဲ့ တစ်ဖက်လှန်ပေးပါ...။



ကြက်ဥနှစ်လုံးကို ဒီလို အ၀ိုင်းလေးနဲ့ နှစ်ချပ်ရပါတယ်...
ကြက်ဥနံ့မွှေးပြီး ချီစ်အရသာငံဆိမ့်ဆိမ့်လေးနဲ့ ထမင်းဆီဆမ်းနဲ့လိုက်ဖက်ပါတယ်...









အရည်သောက်ကို ပဲဟင်းရည်လေးချက်ပါတယ်...။ တစ်ယောက်စာအတွက် ပဲနီလေးထမင်းစားဇွန်းနှစ်ဇွန်းကို ရေဆေးထားပါ...။ ကြက်သွန်နီအသေးတစ်လုံးပါးပါးလှီးထား.. ပျင်းတော်သိမ်ရွက်သုံးရွက်လောက်ရေဆေးထားပါ..။ အိုးတစ်လုံးမှာ ဆန်ချိန်ခွက်နဲ့ ရေသုံးခွက်ထည့်ပြီး တည်ထားပါ..။ ရေဆူလာရင် ပဲထည့်ပြုတ်မယ်..။ ပဲနူးလာမှ ဆားခပ်ပြီး သောက်ခါနီးကျ ကြက်သွန်နီနဲ့ပျဉ်းတော်သိမ်ရွက်ဆီသတ်ပြီး အုပ်လိုက်ပါ...။ ပျဉ်းတော်သိမ်ရွက်နံ့လေးမွှေးတဲ့ ပဲဟင်းချိုချိုတစ်ခွက်ရပါပြီ...။










ကြာသပတေးဆွမ်းပတ်တုန်းက ချက်ဖြစ်တဲ့ သက်သတ်လွတ်အာလူးဝါဟင်း....။ ကြက်သွန်ဖြူနီ ဆီသတ်ပြီး ဆနွင်းထည့် တုံးထားတဲ့အာလူးထည့် ဆားနဲ့ရေထည့်ပြီး အာလူးနူးလာရင် ပျဉ်းတော်သိမ်ရွက်နဲ့ ငရုတ်သီးခတ်လိုက်ပါ..။
 

ဝါတွင်းသက်သတ်လွတ်စားဖြစ်တဲ့ ကျွန်မအတွက် တာချီလိတ်က အဒေါ်က ခနောကြက်သားအရသာမှုန့်အစား မှိုအရသာမှုန့်ထုတ်လေးတွေ တစ်ဒါဇင်ပို့ပေးထားပါတယ်...


မိုးငွေ့


Monday, 29 July 2013

သက်သတ်လွတ်ပဲပြားပေါင်းတန်ပူရာကြော်






ဝါဆိုလပြည်နေ့ကစားဖြစ်တဲ့ သက်သတ်လွတ် ဆူကာညွန့်ဟင်းရည် ကိုက်လန်ကြော် နဲ့ ပဲပြားပေါင်းနဲ့ဆူကာရွက် တန်ပူရာကြော်ပါ...။ ပဲပြားပေါင်းကြော်က ချိုဝတ်ရည်ဆီက နည်းလေးသွားယူထားတာ...။ သူ့ recipe ထဲမှာတော့ ပုစွန်ပါတယ်...။





 ပဲပြားနှစ်တုံးကိုခြေပြီး ကြက်ဥနှစ်လုံး ပြောင်းမှုန့်နှစ်ဇွန်း ငရုတ်ကောင်းမှုန့်လက်ဖက်ရည်တစ်ဇွန်း ဆားလက်ဖက်ရည်တစ်ဇွန်း ဥနီအသေးတစ်လုံး ကြက်သွန်ီတစ်ဥ အဖြူသုံးမွှာနုတ်နုတ်စင်းထားတာနဲ့ ကြက်သွန်မြိတ် တစ်စည်းသေးသေးလှီးထား တာကို အားလုံးမွှေလိုက်ပါတယ်...။






ပန်းကန်ပြားထဲလေးတောင့်ပုံအတုံးလေးလုပ်ပြီး ရေနွေးဆူဆူအိုးမှာ မိနစ်နှစ်ဆယ်ပေါင်းပေးပါတယ်...။ ပဲပြားပေါင်းရပြီဆို ခဏအအေးခံပြီး လိုချင်သလို အတုံးလေးတွေတုံးပြီး ကော်မှုန့်ကပ် ဆီဆူဆူမှာကြော် ရွှေဝါရောင်သန်းလာတဲ့အထိကြော် ပဲငံပြာရည်အကြည်နဲ့ ငရုတ်သီးကြက်သွန်ချဉ်နဲ့တို့စားစား ငရုတ်သီးဆော့နဲ့ပဲစားစား လွှတ်ကောင်းပါတယ်...။ ဟင်းရည်ထဲထည့် မပြုတ်တော့တဲ့ ဆူကာရွက်အရင့်တွေကိုလည်း မုန့်နှစ်ရည်လေးနဲ့ တန်ပူုရာကြွပ်ကြွပ်လေးကြော်စားတာ ကောင်းမှကောင်းပဲ...။ အခုဟင်းတွေကတော့ အဆီအနှစ်မပါ တရုတ်ဟင်းတွေပေါ့...။
 

မိုးငွေ့


Saturday, 25 May 2013

ကဆုန်လပြည့်နေ့မှာ သက်သတ်လွတ်စားဖြစ်တယ်.....



ကဆုန်လပြည့် ညောင်ရေသွန်းပွဲမှာ ညောင်ရေသွားမသွန်းဖြစ်ပေမယ့် အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုတော်တွေကို ရေသပ္ပါယ် ရောင်တော်ပွင့် လုပ်ဖြစ်ခဲ့တယ်... ကိုယ်မိန်းမမဆန်ဘူးဆိုတာ တွေ့ပြီလား ဘုရားပန်းအိုးကိုလှအောင်လုံးဝမထိုးတတ်ဘူး။ အိမ်မှာကိုးကွယ်တဲ့ ဘုရားဆင်းတုတော်က အိမ်ပြောင်းကတည်းက ဦးလေးကပေးလို့ ပင့်ပြီးပူဇော်ထားခဲ့တာ..။ သစ်မွှေးနဲု့ထုလုပ်ထားတဲ့ ဆင်းတုတော်လေးပါ....။ အခုရေသပ္ပါယ်တော့မှတွေ့တယ် ညာဖက်အောက်ခြေလေးက သစ်သားလေးနဲနဲအက်နေတယ်...။ အိမ်မှာ ကိုးကွယ်တဲ့ ဘုရားဆင်းတုတော်တွေ အဲလိုအက်ရင် မထားကောင်းဘူး အိမ်ခိုက်တယ်လို့ပြောတာကြားဖူးတယ် ဟုတ်လားတော့မသိဘူး ကိုယ်ကတော့ အယူမသီးတတ်ပါဘူး...။


 သတ်သတ်လွတ်မို့ မနက်စာကို အိမ်မှာ ကိုယ်တိုင်လုပ် အာလူးဟင်းနဲ့ချပါတီရယ် နွားနို့(သကြားမပါ)ပူပူလေးတစ်ခွက်ရယ်





ချပါတီလုပ်ရတာ ဒီလောက်လွယ်ကူမှန်းမသိဘူး.. လုပ်နည်းလေးကို viedojug.com က ဗီဒီယိုကလစ်လေးမှာ သွားကြည့်ထားတာ...။ ချပါတီ ဂျုံလုံး လေးယောက်စာအတွက် ဂျုံနှစ်ခွက် ရေတစ်ခွက် 3/4 ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် ဆီလက်ဖက်ရည်သုံးဇွန်းပဲလိုပါတယ်...။ ပထမဆုံး ဇလုံသန့်သန့်တစ်ခုထဲကို ဇကာစစ်ထားတဲ့ ဂျုံနှစ်ခွက်ထည့် ဆားထည့်ပြီး လက်နဲ့နဲနဲမွှေလိုက်တယ် ပြီးရင် ဆီကိုဂျုံပတ်ပတ်လည်ဝိုင်းထည့်ပြီး လက်နဲ့ ဖျစ်ပြီးနယ်မယ် ရေကိုတဖြေးဖြေးချင်း ထည့်ရင်းနဲ့နယ်သွားမယ်..။


 

ဂျုံသားတွေလုံးဝ နူးညံသွားသည်အထိ လက်ဖနောင့်နဲ့နာနာနယ်ပေးပြီး မိနစ်နှစ်ဆယ်လောက် အဖုံးအုပ်ထားပါတယ်...။ ဂျုံမုန့်သားနှပ်ထားချိန်မှာ အာလူဟင်းချက်ဖို့ပြင်ပါမယ်..။


 နှပ်ထားတဲ့ဂျုံလုံးကို ခပ်ရှည်ရှည်လေးလှိမ့်ပြီး အလုံးလေးတွေလေးလုံးအညီအမျှ ခွဲပြီး ဂျုံမှုန့်နဲ့လူး သစ်သားဒလှိမ့်နဲ့ ၀ိုင်းနေအောင်အပြားလေးလှိမ့်ပေးပါတယ်...။




ဒယ်ပြားပူပူမှာ ဂျုံပြာဝိုင်းကိုထည့်ကြော်မယ် အိုးမကပ်တဲ့ယောင်းမပြားနဲ့ မုန့်လေးကိုတဖက်ဖိလိုက်ရင် တစ်ဖက်က အပူကြောင့်ဖေါင်းတက်လာလိမ့်မယ် တစ်ဖက်ဆီဖိပြီးရင် နောက်တစ်ဖက်လှန်ပြီး ဆီနဲနဲသုတ်ပေး မုန့်ကျက်တဲ့အထိတဖက်တချက်လှန်ပြီး ဖိကြော်ပေးရပါမယ်...။



ရလာတဲ့မုန့်တွေကို တနေကုန်စားမယ်ဆိုရင် များများကြော်ပြီး အိုးထဲ ဆီစုတ်စက္ကူခံပြီး အဖုံးအုပ်သိမ်းထားလို့ ရပါတယ်...။





အာလူးဟင်းအတွက် အာလုံးအကြီးနှစ်လုံးကိုသေးသေးစိပ်ထားတာရယ် အနှစ်အတွက် ကြက်သွန်နီအကြီးတစ်ဥနဲ့ အဖြူလေးမွှာကိုထောင်းထားတာရယ် အမွှေးအကြိုင်များဖြစ်ကြတဲ့ ကရဝေးရွက် လေးညှင်း ဖာလာ နံနံစေ့ နနွင်း မဆလာတို့လိုအပ်ပါတယ်..။ ဆီဟင်းခတ်ဇွန်ကြီးတစ်ဝက်ထည့်ပြီး ပူလာရင် မဆလာနဲ့နနွင်းကလွဲလို့ ဟင်းခတ်အမွှေအကြိုင်တွေကို အရင်ထည့်ကြော်ပါတယ် မွှေးလာရင် ကြက်သွန်နှစ်ထည့်ကြော်  ကြက်သွန်ဝါရောင်သန်းလာတော့မှာ နနွင်းနဲ့ အရောင်လိုချင်ရင် အရောင်မှုန့်နဲနဲခတ်ထည့်ပါ...။  အနှစ်မွှေးလာပြီဆို အာလူးထည့်မွှေပြီး ရေကိုလိုသလောက်ထည့်ပြီးနှပ်ထားပါမယ်...နှပ်ထားချိန်မှာ ဆား အချိုမှုန့်ထည့်မယ်..။ အာလူးနှူးပြီး အိုးချခါနီး (ချပါတီနဲ့စားမှာဆိုတော့ ရေလေးချန်ထားတယ်) မဆလာအုပ်လိုက်တယ်...။

 မဆလာနံ့မွှေးနေတဲ့သက်သတ်လွတ်အာလူးဟင်း


ကဆုန်ညောင်ရေသွန်းပွဲပိတ်ရက်လေးမှာ အားလုံး ကုသိုလ်ယူ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...။ ပို့စ်လေးက မနေ့ကတည်းကတင်နေတာ လိုင်းမကောင်းလို့ ဒီနေ့မှတက်သွားတယ်...။

မိုးငွေ့