ကဆုန်လပြည့် ညောင်ရေသွန်းပွဲမှာ ညောင်ရေသွားမသွန်းဖြစ်ပေမယ့် အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုတော်တွေကို ရေသပ္ပါယ် ရောင်တော်ပွင့် လုပ်ဖြစ်ခဲ့တယ်... ကိုယ်မိန်းမမဆန်ဘူးဆိုတာ တွေ့ပြီလား ဘုရားပန်းအိုးကိုလှအောင်လုံးဝမထိုးတတ်ဘူး။ အိမ်မှာကိုးကွယ်တဲ့ ဘုရားဆင်းတုတော်က အိမ်ပြောင်းကတည်းက ဦးလေးကပေးလို့ ပင့်ပြီးပူဇော်ထားခဲ့တာ..။ သစ်မွှေးနဲု့ထုလုပ်ထားတဲ့ ဆင်းတုတော်လေးပါ....။ အခုရေသပ္ပါယ်တော့မှတွေ့တယ် ညာဖက်အောက်ခြေလေးက သစ်သားလေးနဲနဲအက်နေတယ်...။ အိမ်မှာ ကိုးကွယ်တဲ့ ဘုရားဆင်းတုတော်တွေ အဲလိုအက်ရင် မထားကောင်းဘူး အိမ်ခိုက်တယ်လို့ပြောတာကြားဖူးတယ် ဟုတ်လားတော့မသိဘူး ကိုယ်ကတော့ အယူမသီးတတ်ပါဘူး...။
သတ်သတ်လွတ်မို့ မနက်စာကို အိမ်မှာ ကိုယ်တိုင်လုပ် အာလူးဟင်းနဲ့ချပါတီရယ် နွားနို့(သကြားမပါ)ပူပူလေးတစ်ခွက်ရယ်
ချပါတီလုပ်ရတာ ဒီလောက်လွယ်ကူမှန်းမသိဘူး.. လုပ်နည်းလေးကို viedojug.com က ဗီဒီယိုကလစ်လေးမှာ သွားကြည့်ထားတာ...။ ချပါတီ ဂျုံလုံး လေးယောက်စာအတွက် ဂျုံနှစ်ခွက် ရေတစ်ခွက် 3/4 ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် ဆီလက်ဖက်ရည်သုံးဇွန်းပဲလိုပါတယ်...။ ပထမဆုံး ဇလုံသန့်သန့်တစ်ခုထဲကို ဇကာစစ်ထားတဲ့ ဂျုံနှစ်ခွက်ထည့် ဆားထည့်ပြီး လက်နဲ့နဲနဲမွှေလိုက်တယ် ပြီးရင် ဆီကိုဂျုံပတ်ပတ်လည်ဝိုင်းထည့်ပြီး လက်နဲ့ ဖျစ်ပြီးနယ်မယ် ရေကိုတဖြေးဖြေးချင်း ထည့်ရင်းနဲ့နယ်သွားမယ်..။
ဂျုံသားတွေလုံးဝ နူးညံသွားသည်အထိ လက်ဖနောင့်နဲ့နာနာနယ်ပေးပြီး မိနစ်နှစ်ဆယ်လောက် အဖုံးအုပ်ထားပါတယ်...။ ဂျုံမုန့်သားနှပ်ထားချိန်မှာ အာလူဟင်းချက်ဖို့ပြင်ပါမယ်..။
နှပ်ထားတဲ့ဂျုံလုံးကို ခပ်ရှည်ရှည်လေးလှိမ့်ပြီး အလုံးလေးတွေလေးလုံးအညီအမျှ ခွဲပြီး ဂျုံမှုန့်နဲ့လူး သစ်သားဒလှိမ့်နဲ့ ၀ိုင်းနေအောင်အပြားလေးလှိမ့်ပေးပါတယ်...။
ဒယ်ပြားပူပူမှာ ဂျုံပြာဝိုင်းကိုထည့်ကြော်မယ် အိုးမကပ်တဲ့ယောင်းမပြားနဲ့ မုန့်လေးကိုတဖက်ဖိလိုက်ရင် တစ်ဖက်က အပူကြောင့်ဖေါင်းတက်လာလိမ့်မယ် တစ်ဖက်ဆီဖိပြီးရင် နောက်တစ်ဖက်လှန်ပြီး ဆီနဲနဲသုတ်ပေး မုန့်ကျက်တဲ့အထိတဖက်တချက်လှန်ပြီး ဖိကြော်ပေးရပါမယ်...။
ရလာတဲ့မုန့်တွေကို တနေကုန်စားမယ်ဆိုရင် များများကြော်ပြီး အိုးထဲ ဆီစုတ်စက္ကူခံပြီး အဖုံးအုပ်သိမ်းထားလို့ ရပါတယ်...။
အာလူးဟင်းအတွက် အာလုံးအကြီးနှစ်လုံးကိုသေးသေးစိပ်ထားတာရယ် အနှစ်အတွက် ကြက်သွန်နီအကြီးတစ်ဥနဲ့ အဖြူလေးမွှာကိုထောင်းထားတာရယ် အမွှေးအကြိုင်များဖြစ်ကြတဲ့ ကရဝေးရွက် လေးညှင်း ဖာလာ နံနံစေ့ နနွင်း မဆလာတို့လိုအပ်ပါတယ်..။ ဆီဟင်းခတ်ဇွန်ကြီးတစ်ဝက်ထည့်ပြီး ပူလာရင် မဆလာနဲ့နနွင်းကလွဲလို့ ဟင်းခတ်အမွှေအကြိုင်တွေကို အရင်ထည့်ကြော်ပါတယ် မွှေးလာရင် ကြက်သွန်နှစ်ထည့်ကြော် ကြက်သွန်ဝါရောင်သန်းလာတော့မှာ နနွင်းနဲ့ အရောင်လိုချင်ရင် အရောင်မှုန့်နဲနဲခတ်ထည့်ပါ...။ အနှစ်မွှေးလာပြီဆို အာလူးထည့်မွှေပြီး ရေကိုလိုသလောက်ထည့်ပြီးနှပ်ထားပါမယ်...နှပ်ထားချိန်မှာ ဆား အချိုမှုန့်ထည့်မယ်..။ အာလူးနှူးပြီး အိုးချခါနီး (ချပါတီနဲ့စားမှာဆိုတော့ ရေလေးချန်ထားတယ်) မဆလာအုပ်လိုက်တယ်...။
မဆလာနံ့မွှေးနေတဲ့သက်သတ်လွတ်အာလူးဟင်း
ကဆုန်ညောင်ရေသွန်းပွဲပိတ်ရက်လေးမှာ အားလုံး ကုသိုလ်ယူ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...။ ပို့စ်လေးက မနေ့ကတည်းကတင်နေတာ လိုင်းမကောင်းလို့ ဒီနေ့မှတက်သွားတယ်...။
မိုးငွေ့
2 comments:
Sardu Sardu Sardu ..
ကုသိုလ်ရလိုက်တာ မ ရယ်...
အရမ်းကောင်းတာပဲနော်....:)
အာလူးဟင်းနဲ့ ချပါတီ...ပြီးတော့
နွားနို့ အားလုံးဟာ မိုးနတ်အကြိုက်တွေချည်းပဲ :P
Post a Comment