Wednesday, 15 May 2013

ဘေဘီအီကြာကွေး.....

 
 
အီကြာကွေးပူပူလေးကို ကော်ဖီပူပူလေးနဲ့သုံးဆောင်ပါ


အီကြာကွေးကို ကိုယ့်ဘာသာကြော်စားကြည့်ချင်နေတာကြာပြီ...။ မုန့်နယ်တဲ့ အချိုးအစားမသိတာနဲ့လေ..။ အီကြာကွေးများ ဆိုင်မှာကြော်ပြီးသား ၀ယ်စားလိုက်ပြီးတာပဲလို့ ပြောလို့ရပေမယ့် ဆိုင်မှာက ဒီဆီဒီဆီကိုပဲ အထပ်ထပ်အခါခါကြော်လွန်းလို့ ဆီတွေက တူးပြီး မဲနေပြီ...။ ဆီအတူးတွေနဲ့ကြော်ထားတဲ့အစားစာတွေ ကျန်းမာရေးထိခိုက်တယ်...။ ကိုယ်တို့အိမ်နားမှာ ကော်ပြန့်လိတ် ငါးဖယ် တိုဖူး ကြက်အူ အဲဒါမျိုးလေးတွေ ဒုတ်ထိုးပြီး ကြော်ရောင်းတဲ့အသည်ရှိတယ်..။ သူသုံးတဲ့ဆီက တခါမှအသစ်မလည်လို့ အဲဒီအကြော်ဆိုင်ကို ဆီမဲလို့နာမည်ပေးကြတယ်...။

ဒီအီကြာကွေးကြော်နည်းလေးကို ညီမ၀တ်ရည် Wutyee Food House ရဲ့ နည်းလေးနဲ့ကြော်ကြည့်ထားတာ။ APRIL လထုတ် Food Magazine မှာ ပါပါတယ်...။ ၀တ်ရည်ရဲ့ recipe ကို ဒီမှာ အသေးစိပ်ကြည့်လို့ရပါတယ်..။


အမြှုပ်ထလာတဲ့အထိ ငါးမိနစ်လောက်ထားရတဲ့ ရေ+သကြား+ဆား+baking soda+yeast


 အီကြာကွေးဒိုးနှပ်ပြီးရင်တော့ လက်သီးထိုးတာ တော်တော်ကျွမ်းသွားပြီ



 အခန်းအပူချိန်မှာ Film Wrap နဲ့အုပ်ပြီး 4နာရီထားရမယ်...

ဒီနေရာမှာ ပြောစရာလေးနည်းနည်းရှိတယ်... ကိုယ်ကြုံရတဲ့အတွေ့အကြုံလေးပေါ့...။ တကယ်သူ့ recipe က လေးနာရီပဲထားခိုင်းတာ...။ ကိုယ်က မနက်စာအတွက် စောစောမထချင်တာနဲ့ ည အိပ်ခါနီး ဆယ့်တစ်နာရီမှာ မုန့်နှပ်ထားလိုက်တယ်...။ တကယ်ဆို အ၀တ်စိုနဲ့အုပ်မှပိုအဆင်ပြေမယ့်ဟာ (မုန့်ကထပ်ပွလာမှာလေ) ကိုယ်က Film Wrap နဲ့ပတ်ထားလိုက်တော့ မိုးလည်းလင်းရော Film Wrap တွေအပြင်ကို မုန့်တွေက ပေါက်ပြဲထွက်ကျနေတာ..။ ပြီးတော့ နှပ်တဲ့အချိန်ကလည်း ကြာသွားတယ်။ မုန့်က နဲနဲ ချဉ်နံ့ပေါက်နေတယ်...။ အဲလိုပေါ့...။ တကယ်သူ့ အချိန်အတိုင်းတိတိကျကျလုပ်တာ ပိုကောင်းတယ်...။ မုန့်ပျက်မယ့်ဘေးက ကင်းတာပေါ့နော့..။


တော်ပါသေးတယ် မုန့်တော့ပျက်မသွားပါဘူး...။ ရလာတဲ့ ဂျုံဒိုးကိုလေးပိုင်းခွဲပြီး ဂျုံမှုန့်ဖြူးထားတဲ့ သစ်သားပေါ်မှာ ဒလှိမ့်နဲ့ တစ်စင်တီမီတာအထူလှိမ့်ပြီး cutter မရှိရင် ဓါးနဲ့ အပိုင်းကလေးတွေဖြတ် တစ်ဝက်ပိုင်းပြီး နှစ်ခုထပ် တူလေးနဲ့ရာပေး ဆွဲဆန့်ပြီး ဆီပူပူမှာ ကြော်လို့ရပြီ...။ မုန့်တစ်ခုနဲ့တစ်ခုထပ်ရာမှာ ကြော်ရင်မကွာသွားအောင် ရေလေးနဲနဲတို့ပေးရင်ပိုကောင်းပါတယ်...။ ကိုယ်ပထမဦးဆုံးကြော်တဲ့ အီကြာကွေးမှာ မုန့်ဖုတ်ဆိုဒါ အချိုးမပြည့်လို့လား ရေများ သွားလို့လားတော့မသိဘူး မုန့်က နဲနဲပျော့ပြီးစေးနေတယ် ..။ အီကြာကွေးဆိုတာ မွမွရွရွလေးမှ စားကောင်းတာမဟုတ်လား...။


ဒီလိုနဲ့ အရသာကောင်းမွန်သော... သန့်ရှင်းလတ်ဆတ် ကျန်းမာရေးနှင့်ညီညွှတ်သော  နေကြာဆီနဲ့ကြော်ထားသော ဘေဘီအီကြာကွေးလေးတွေ ရပြီပေါ့ကွယ်။ နေကြာဆီက သွေးတိုးဆီးချိုသမားများအတွက် သင့်လျော်ပါတယ်...။


မိုးငွေ့

4 comments:

မောင်သီဟ said...

ကော်ဖီခါးခါးလေးနဲ့ဆို လိုက်မလားသိဖူး
ကော်ဖီနဲ့ တွဲမစားဖူးလို့လေး)
အီကြာကွေးကို နို့ဆီနဲ့တို့စားရတာကိုတော့အတော်ကြို့က်တား()

Yoemyaykya said...

မရောက်ဖြစ်တာ တော်တော်ကြာနေပြီ မမ။ မရောက်ဆို ကွန်နက်ရှင်လဲ မကောင်းလို့လေ။ အီကြာကွေးပုပုလေးတွေ စားချင်စိတ်တောင်ပေါက်လာပီ။ ဘယ်လိုလဲ မမရော ဆိုင်ဖွင့်ဖို့ အကောင်အထည်ဖော်တော့လေ။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဘလော့တွေဖက် မလှည့်ဖြစ်တာ သိပ်ကြာသွားလို့ ဒီနေ့တော့ သတိတရနဲ့ အားလုံးဆီ လိုက်လည်ဖြစ်ပါတယ်။

ဘေဘီအီကြာကွေးလေးကို ကြည့်ပြီး မိုးအေးအေးလေးမှာ အီကြာကွေးလေးရယ် လက်ဖက်ရည်ကျဆိမ့်ပူပူလေးရယ် သောက်ရရင် သိပ်ကိုကောင်းမှာပဲလို့ တွေးနေမိတယ်။

ခင်တဲ့
မြတ်

အမ်တီအန် said...

ကိုယ်တိုင်လုပ်စားတာ ကောင်းပါ့ ညီမရယ်...
အီကြာကေါးကိ လက်ဖက်ရည်ချိုချိုလေးနဲ့ သောက်ရတာ သဘောကျတယ်..

(စကားမစပ်.. ဆရာကြီး၁နှစ်ပြည့်ပွဲလုပ်မယ်ကြားတယ်။ တခုခု ထူးရင် ဖုန်းလှမ်းချိတ်လိုက်မယ်နော်)