Monday, 13 May 2013

အဆုံးသတ်.....



ဖုန်းတစ်ခုဝင်လာခဲ့သည်.....။ contact photo က ရုပ်ကလေးကိုမြင်လိုက်သည်နှင့်... သူ့ဖုန်းမှန်း သိလိုက်သည်။ ကိုယ့်ကို သူတွေ့ချင်လို့ လာခဲ့မည်တဲ့...။ တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ ညတော်တော်ပင်မိုးချုပ်နေလေပြီ...။ သို့ပေမယ့်လည်း သူ့ကိုမလာခဲ့နဲ့လို့လည်း မပြောရက်ပြန်....။ ကိုယ့်ကိုဘာအတွက် လာတွေ့ချင်သလဲလို့ ဖုန်းထဲကမေးလိုက်မိသေးသည်...။ တွေ့ချင်ရုံသက်သက်ပါ...။ ပြီးတော့ ကျေးဇူးတင်စကားနည်းနည်းပြောချင်လို့ပါဟု သူပြောတော့ ကိုယ်အနည်းငယ်တွေသွားခဲ့မိသေး..။ ဘာအတွက် သူက ကိုယ့်ကိုကျေးဇူးတင်မလဲ...။ “တွေ့တော့မှပြောပြမယ်”ဟုပြောကာ ဖုန်းချ သွားသည်။

အိမ်နေရင်း အဝတ်ကိုလဲ၍ သူ့အလာကို ဝရံတာမှ ထွက်ကြည့်နေလိုက်သည်...။ သူနေသည့်နေရာနှင့် ကိုယ့်ဆီကို ကားငှားခဲ့လျှင် အသာကလေးမိနစ်နှစ်ဆယ်လောက်နှင့်တော့ရောက်နိုင်သည်။ ဆယ့်ငါးမိနစ်လောက်နေတော့ သူ့ဆီမှ ဖုန်းထပ်ဝင်လာခဲ့သည်...။ မီနီမတ်ကက်ရှေ့ရောက်နေပြီတဲ့...။ ကိုယ်တို့ တိုက်နှင့် တစ်လမ်းကျော်နားက မီနီမတ်ကက်၏ လမ်းဟိုဖက်ခြမ်းမှာ သူရပ်နေတာကိုတွေ့လိုက်သည်...။ ထုံးစံအတိုင်း ရှပ်အကျီၤဖြူဖြူနှင့် ပုဆိုးကိုဝတ်ထား၏...။ လမ်းမီးရောင်ခပ်မှိန်မှိန်ကြောင့် သူ့ပုဆိုးကွက်စိပ်ကို ဘာအရောင်မှန်းကိုယ်သေချာမခွဲခြားတတ်ခဲ့လိုက်...။ သူ့မျက်နှာမှာ ကိုယ်မြင်နေကျ ကိုယ့်စိတ်ကူးထဲကလို ကြည်လင်မနေဘဲ သုန်မှုန်လျက်...။ နှှုတ်ခမ်းထူထူနှင့် မေးစေ့တဝိုက်တို့မှာလည်း နှုတ်ခမ်းမွှေးကြမ်းတချို့ ကျိုးတို့ကျဲတဲပေါက်နေကြသည်။

သူ့ကိုတွေ့တော့ စကားထိုင်ပြောဖို့ အနီးနားက လက်ဖက်ရည်ဆိုင်ကိုလှမ်းကြည့်တော့ တချို့ဆိုင်တွေ ပိတ်နေကြပြီ...။ လမ်းထိပ်ဖက်မှ ဆိုင်တွင်မတော့ ပိတ်သေးမည်မဟုတ်ဟု သူနှင့်လမ်းထိပ်ဖက်သို့ လျှောက်ခဲ့လိုက်သည်...။ ကိုယ့်နဘေးမှ လျှောက်နေသောသူက ကိုယ့်လက်ကို အသာယာကလေး ခပ်ဖွဖွလာဆုတ်ကိုင်လိုက်သည်...။ အို.... သူ့လက်တွေအေးစက်နေပါရောလား...။ သူဘာဖြစ်နေသလဲဆိုတာ ကိုယ်သေချာမသိပေမယ့် သူ့ကို အားပေးသည့်သဘောနှင့် သူ့လက်ဖျားတွေကို ခပ်ကျစ်ကျစ်ကလေး ဖျစ်ထားလိုက်မိသည်...။ လမ်းထိပ်ဒေါင့်ချိုးရောက်တော့... လက်ဖက်ရည်ဆိုင်မှာ သုံးလေးဝိုင်းလောက်လူတွေရှိနေသေးသည်...။ သူက အဲဒီမှာမထိုင်ချင်ဘူးဟုဆိုကာ လက်ဖက်ရည်ဆိုင်ရှေ့ကနေ ကိုယ့်လက်ကိုဆွဲခေါ်ပြီး လမ်းကြားကလေးတစ်ခုထိပ်မှာရပ်လိုက်သည်။ လမ်းကြားကလေး၏ ထိပ်တည့်တည့် လမ်းမကြီး၏လမ်းဆုံလမ်းခွမှာ ကိုယ်တို့ရပ်နေကြသည်...။ လမ်းမပေါ်မှာ ကားအသွားအလာ  တစ်စီးစနှစ်စီးစသာရှိ၏...။ မာကျူရီလမ်းမီးတိုင်များမှ အလင်းတန်းများတော့ ကောင်းကင်မှကြယ်မှုန်မွှားများကို လျစ်လျူရှုလျက် ဖြာလင်းနေကြသည်...။

ကောင်းကင်၌ ကြယ်ကလေးများ မည်မျှလင်းလက်တောက်ပနေသည်ကို ကိုယ်မသိ....။ ကိုယ်သိတာက မြေပြင်ပေါ်မှ ကိုယ့်ရှေ့တည့်တည့်တွင် လင်းလက်နေသော ကြယ်ကလေးနှစ်ပွင့်.....။ ပြီးတော့ ခပ်နွမ်းနွမ်းအပြုံးတစ်ခု...။ သူဘာပြောချင်နေသလဲ... ကိုယ်ခုချိန်ထိ မခန့်မှန်းတတ်သေးတာ ကိုယ်ရဲ့ညံ့ဖျင်းမှုဟုဝန်ခံပါသည်...။ “ပြောစရာရှိတာပြောလေ” ဟု ကိုယ်စကားလမ်းကြောင်း စပေးခဲ့ပေမယ့်လည်း သူကဘာမှပြန်မပြောခဲ့...။ ဒီလိုနှင့် ညရောင်မှာ ကိုယ်တို့အတူ လမ်းကြားကလေးအတိုင်းလျှောက်လာဖြစ်ခဲ့ကြသည်...။  ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ကျွန်းရွက်များလေတိုးသံနှင့် ခွေးဟောင်သံမှလွဲ၍ ညသည် တိတ်ဆိတ်နေခဲ့၏...။ အနည်းငယ်အာရုံစိုက် နားထောင်ဖြစ်ခဲ့လျှင် သူ့ရင်ခုန်သံများကိုပင် ကြားရလိမ့်မည်ထင်သည်...။ လမ်းကြားကလေးအဆုံး မူလတန်းကျောင်းရှေ့ရှိ အုတ်ခုံဝိုင်းကလေးပေါ်တွင် ကိုယ်တို့အတူထိုင်လိုက်ကြသည်...။ မျက်စောင်းထိုးတိုက်ခန်း ဝရံတာတစ်ခု၌ လူတစ်ယောက်ထွက်ရပ်ကာ ကိုယ်တို့ကို လှမ်းကြည့်နေသည်..။

ဘာဖြစ်လာခဲ့သလဲ ပြဿနာတစ်ခုခုများဖြစ်ခဲ့သလားဟု မေးသော်လည်း သူက မထုံတက်တေးနှင့်ပင်... အဖြေက ရေရေရာရာထွက်မလာခဲ့....။ ဒီအချိန်ကြီး ကိုယ်တို့စကားအကြာကြီးပြောဖို့ မသင့်လျော်ဘူး ဆိုတာ သူမတွက်ဆမိလေသလား...။ ငယ်ရွယ်သူတို့၏ ဇွတ်တရွတ်နိုင်မှုကို ကိုယ်တဆိတ်တော့ မကြိုက်လှပါ...။ “ဘာလို့ ကျွန်တော့်အပေါ်အရမ်းကောင်းခဲ့တာလဲ မမက” ဟု...သူက စကားအဆက်အစပ်မရှိ မေးခွန်းထုတ်လာခဲ့သည်...။ အဖြေကရှိပြီးသားပဲ...ပြီးတော့ သူသိပြီးသားအဖြေကို ဘာကြောင့် ထပ်ခါသလဲလဲမေးချင်ရသလဲ...။ ဒီမေးခွန်းတစ်ခုအတွက်နှင့်တော့ သူကိုယ့်ဆီရောက်လာခဲ့တာ မဟုတ်မှန်းတော့သိပါသည်...။ “ကျွန်တော်စိတ်အရမ်းညစ်နေတယ် အဲလိုချိန်မျိုးဆို ကျွန်တော် မမနဲ့တွေ့ချင်တယ်” “ကျွန်တော့်အပေါ်အစစအရာရာ ကောင်းခဲ့တဲ့ အတွက်ကိုလည်း ကျေးဇူးတင်ချင်လို့ပါ”တဲ့...။ လူမှုရေး မိသားစုအရေး စသဖြင့် သူ့ကိုစိတ်ဖိစီးမှုတစ်ခု ဝန်တစ်ခုပိချင်ပိနေလိမ့်မည်ဖြစ်ပေမယ့်... ကိုယ်ဘာကြောင့် သူ့ကို စိတ်သက်သာရာ ဖြေသိမ့်နိုင်စရာစကားတစ်ခွန်း မဆိုခဲ့မိသလဲ...။ ထိုအစား... ကိုယ်ပြောမိသွားတာက နောက်တစ်ခါ ကိုယ်နဲ့တွေ့ချင်ရင် ညအချိန်မတော်မလာခဲ့ဖို့နဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်မှုအကြောင်းသာပြောခဲ့မိသွားစေခဲ့တာဟာ... ကိုယ်တို့နှစ်ယောက်အတွက်  အဆုံးသတ်တစ်ခုဖြစ်လာစေခဲ့သော စကားများပင်...။

ကိုယ့်စကားဆုံးတော့ သူဘာမှမပြောတော့ဘဲ ကိုယ့်လက်ကို ဆွဲကာ ကိုယ်တို့တိုက်ရှေ့ထိ လိုက်ပို့ခဲ့သည်..။ ပြီးတော့ အိမ်ကို ကားမစီးဘဲ ခြေလျင်နှင့်ပြန်မည်ဟုပြောကာ “ရောက်ချင်တဲ့အချိန်ရောက်ပစေ...မမနဲ့တွေ့တာ ဒီညနောက်ဆုံးပဲ နောက်ဘယ်တော့မှလည်း လာမတွေ့တော့ဘူး ဘယ်တော့မှလည်း ဖုန်းမဆက်တော့ဘူး”တဲ့...။ တကယ်တော့ အကြောင်းအရာ အဖြစ်အပျက်ကြီးကြီးမားမားမဟုတ်ပါဘဲ...  ကိုယ်ထည့်တွက်လိုက်သော မိန်းမတစ်ယောက်၏ဂုဏ်သိက္ခာ တန်းဖိုးနဲ့ ပတ်ဝန်းကျင်ဂရုပြုမှုဆိုသည့် ခေါင်းစဉ်တွေကပဲ ကိုယ်တို့နှစ်ယောက်ကို အစွန်းနှစ်ဖက်ရောက်အောင် ပိုင်းခြားပစ်လိုက်ပြီ.....။ ထိုညက ကိုယ်သူ့ဆီဖုန်းဆက်ပြီး ဖျောင်းဖျပြောဆိုခဲ့ပေမယ့် သူကတော့ပေါက်ကွဲ၍သာနေတော့သည်...။ “မမက ကိုယ့်ကိုယ်ကိုပဲချစ်တာပါ...မမသာ ကျွန်တော့်ကို တကယ်ဂရုစိုက်တယ်ဆိုရင်... ဘယ်လိုအချိန်ခါမျိုးမှာ မဆို ကျွန်တော်ဘာဖြစ်နေသလဲဆိုတာကို ဦးစားပေးမှာပဲ ခုတော့...ဗျာ....တော်ပြီ... ဖုန်းပိတ်လိုက်တော့မယ် ထပ်မဆက်လာနဲ့တော့...”

တကယ်ဆို... နောက်နေ့တွေမှာ သူစိတ်ပြေသွားမည့်အချိန်ကိုခန့်မှန်း၍ ကိုယ်ဖုန်းမဆက်သင့်ဘူးလား....။
ဒါပေမယ့် ကိုယ်သူ့ဆီကို အဲဒီနောက်ပိုင်း တစ်ကြိမ်ကလေးမျှပင် ဖုန်းမခေါ်ဖြစ်ခဲ့ပါ...။ သူလည်း ကိုယ့်ဆီဖုန်းမခေါ်ခဲ့ပါ....။ ဒီလိုနှင့် တစ်ရက် နှစ်ရက် မှ တစ်ပတ် တစ်လ နှစ်လထိတိုင် ကိုယ်တို့နှစ်ယောက်ကြားမှာ အလွမ်းဖြေစရာ... စကားလုံးများနှင့်သာပြည့်နှက်ခဲ့ကြသည်....။ တစ်ယောက်နှင့် တစ်ယောက်လည်း နောက်ထပ်ဆုံဖို့ခြေလှမ်းတိုးမလာခဲ့ကြပါ....။ သူနောက်ဆုံး တစ်ကြိမ်ဆက်လာခဲ့သော ဖုန်းကိုတော့  ဝမ်းသာကြည်နူးစွာ.. အံ့အားသင့်စွာ ကိုယ်စိုက်ငေးကြည့်နေခဲ့မိသည်။ သူကိုယ့်ဆီဖုန်းဆက်ရခြင်း၏ ရည်ရွယ်ချက်ကို အမှန်တကယ်မသိပေမယ့်လည်း... သူ့အသံကလေးကို ကြားလိုက်ရသည်ကပင် ကိုယ့်အတွက် စိတ်ခွန်းအားကိုတဒင်္ဂပြည့်စေခဲ့သည်ဆိုတာ သူသိချင်မှသိမှာပါ...။

မည်သို့ပင်ဖြစ်စေ... ကိုယ်တို့တကယ်ပဲ ဝေးသွားခဲ့ကြပြီလား  ကောင်လေးရယ်....။ ဘာမှန်းမသိသည့် မမြင်နိုင်သော စည်းတစ်ခုသည် ကိုယ်တို့နှစ်ယောက်၏ ဆုံတွေ့မှုကို အဆုံးသတ်လိုက်ပြီဖြစ်သည်...။


မိုးငွေ့

4 comments:

အမ်တီအန် said...

စာလုံးလေးတွေက ပန်းနုရောင်လေးဆိုတော့ ဖတ်ရတာ အတော်အားစိုက်ရတယ် ညီမလေးရယ်..

မောင်သီဟ said...

ဟာဗျာာာ
စိတ်ထဲမကောင်းဖူးး

နွေတေးရှင် (မင်းဧရာ) said...

်မရောတာကြာလို့ မွှေနှောက်သွားတယ်ဗျာ.....

ဟိုး အပေါ်က ကဗျာရယ်
ဒီအက်ဆေးရယ် ဖတ်တယ်
ရင်တွင်းက သောက အချိန်တွေက ကုစားသွားပါလိမ့်မယ်။

နွေတေးရှင် (မင်းဧရာ) said...

်မရောတာကြာလို့ မွှေနှောက်သွားတယ်ဗျာ.....

ဟိုး အပေါ်က ကဗျာရယ်
ဒီအက်ဆေးရယ် ဖတ်တယ်
ရင်တွင်းက သောက အချိန်တွေက ကုစားသွားပါလိမ့်မယ်။