Monday, 27 May 2013

မိုးစက်အောက်ကပန်းကလေး.....





မိုးတွေရောက်လာခဲ့ပြန်ပြီအိန်ဂျယ်……..ဒါပေမယ့် အေးမြမှုတွေက ပျောက်ဆုံးနေကြတယ်….။ 

မိုးတွေရောက်လာချိန်မှာ မင်းဘာလုပ်နေခဲ့သလဲ….။ မင်းရုံးခန်းအပြင်ဖက်က ကွင်းပြင်ကိုပြေးပြီး ကြိုဆိုလိုက်သလား… ဒါမှမဟုတ် အိမ်မှာရှိနေလို့ ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့ ဘောလုံးဆင်းကန်နေခဲ့သလား….။ အိမ်ရှေ့ထွက်ပြီး မိုးစက်တွေကို ခပ်ငိုင်ငိုင်ကလေး ငေးမိနေခဲ့သလား…။

ကိုယ်ကတော့ မိုးကိုသံစဉ်တစ်ခုလိုနားထောင်ရင်း စကားလုံးတွေသီနေခဲ့တယ်…….။ ညနေ ထီးကလေးစောင်းပြီး မိုးရေထဲကနေ အိမ်ပြန်ခဲ့ရတာကို ပျော်နေခဲ့တယ်… မင်းကိုလည်း သတိရင်းနဲ့လေ…။

သနပ်ခါးရေကျဲခပ်ပါးပါးလေးလိမ်းနေရင်းနဲ့ “မမ သနပ်ခါးလိမ်းတာ ကျွန်တော်တစ်ခါမှ မမြင်ဖူးသေးဘူး”လို့ ပြောခဲ့တဲ့ မင်းကို သတိရသွားတယ်…။ ခုချိန်မှာ သနပ်ခါးပါးကွက်လေးနဲ့ ကိုယ့်ကိုမြင်တွေ့ခွင့်ရရင်… “မမပါးပြင်က သနပ်ခါးလေးနမ်းမွှေးကြည့်စမ်းချင်ရဲ့”လို့ မင်းပြောလေမလား အိန်ဂျယ်… ဟင်…။ 

ပခုံးကျော်နေပြီဖြစ်တဲ့ ဆံနွယ်တွေကို ဖီးရင်းလည်း မင်းကို သတိရတယ်….။ ကိုယ်ဆံပင်ညှပ်လိုက်တုန်းက “ဘာပုံကြီးမှန်းလည်းမသိဘူး”လို့ မျက်မှောင်လေးကျုံ့ပြီး အလိုမကျဖြစ်နေတဲ့ မင်းကို မြင်ယောင်မိသွားခဲ့တယ်…။ ဘာကြောင့် မင်းတို့ယောကျာ်းလေးတွေက မိန်းကလေးတစ်ယောက်ကို ဆံပင်ရှည်မှ ကြိုက်ကြတာလဲ….။ ဆံပင်ရှည်လေးနဲ့ဆို ယဉ်တယ် မိန်းမဆန်တယ်လို့မြင်ကြ လို့မဟုတ်လား….။ ကိုယ်ကတော့ မိန်းမမဆန်တဲ့ မိန်းမတစ်ယောက်ပါ….။

နေ့လည်တုန်းက ဓါတ်ပုံအဟောင်းတွေပြန်ကြည့်ရင်းနဲ့ ကျောလည်ကျော်ကျော်အထိနွယ်ခွေကျနေတဲ့ ကိုယ့်ဆံပင်တွေကိုမြင်ရတော့ ညှပ်ပစ်ခဲ့မိတာကို နောင်တရမိသလိုလိုခံစားမိသွားသေးခဲ့တယ်….။ 

မိုးဦးရဲ့ မိုးစက်ပေါက်အေးတွေအောက်မှာ… ယိမ်းနွဲ့နေတဲ့ ပန်းကလေးတွေ မင်းဆီကို ရနံ့တချို့ သယ်ဆောင်လာလိမ့်မယ်…. မိုးကိုမြင်လို့ မင်းသာ ကိုယ့်ကို သတိရလွမ်းဆွတ်ခဲ့ရင်ပေါ့..အိန်ဂျယ် …..။


မိုးငွေ့

1 comment:

မိုးနတ်ကြယ်စင် said...

အိုးးးးးးးးးးး အိန်ဂျယ်စာစုလေးတွေ
ပြန်ဖတ်ရပြီ...၀မ်းသာထှာ...:)
မဖတ်ရတာ ကြာပြီမဟုတ်လားးးးးးးးးးးး