Friday, 31 May 2013

အိမ်လုပ်ရေခဲချောင်း+အုန်းသီးထန်းသီးကျောက်ကျော


စီးတီးမတ်မှာ ရေခဲချောင်းလုပ်တာလေးတွေ့လို့ ၀ယ်ခဲ့တယ်...။ အိမ်မှာရှိတဲ့ ဖျော်ရည်တွေ ကော်ဖီတွေနဲ့အရင်စမ်းလုပ်ကြည့်တာလေးကို လာကြွားတာပါ..။ လီမွန်ဖျော်ရည် ရယ်ဒီမိတ်ထုတ်လေးက ၁၈၀၀/- တန်ဆိုင်က၀ယ်ခဲ့တာ အထဲမှာ တခါသုံးအထုပ်လေးတွေ သုံးထုပ်တွဲ ငါးတွဲပါတယ်...။

ကော်ဖီ+လီမွန် ရေခဲချောင်း

အုန်းစိမ်းကျောက်ကျော


အုန်းစိမ်းဂျယ်လီလေးကို April လထုတ် Food Magazine ဖတ်ပြီးကတည်းက လုပ်စားချင်နေတာ အုန်းသီးနုနု ဇွန်းခြစ်က ဒီမှာရှားတယ်... အုန်းစိမ်းလှည်းတွေလာရောင်းရင်လည်း နုတယ်ဆိုတာ အသားကတော်တော်မာနေတယ်...။ ခုလည်း ရုံးက ညီမလေးတွေကို အုန်းစိမ်းရရင် ၀ယ်ပေးထားပါ ကျောက်ကျောလုပ်ကျွေးမယ်ပြောလို့ တစ်ရက်မှာ လမ်းထိပ်က တစ်ထောင်ဖိုးသုံးလုံး အုန်းစိမ်းကိုဝယ်ချလာလိုက်တာ ဇွန်းခြစ်မဟုတ်ဘဲ အသားတွေကမာနေပြီ...။ ဒါနဲ့မထူးဘူး ၀ယ်လာလက်စနဲ့တော့လုပ်လိုက်ပါ့မယ်လို့ အုန်သီးသုံးလုံးကရတဲ့ အရည်နဲ့ အဖတ်ကို ခွဲပြီးယူသွားလိုက်တယ်..။ အိမ်ရောက်တော့ ထုံးစံအတိုင်းပေါ့ကိုယ်က ၀ါသနာပါတော့ အမောဖြေဖို့ဘာဖို့ကို သိပ်သတိမရတော့ဘူး အိတ်ချပြီးတာနဲ့ မီးဖိုထဲတန်းဝင်လိုက်တာ...။ အုန်းရည်သုံးလုံးက ကျောက်ကျောလုပ်ဖို့ ခွက်နဲ့ချိန်လိုက်တော့ တစ်လီတာထက်နဲနဲပဲပိုတယ်...။ သကြားကို recipe ထဲကထက် ငါးဇွန်းလျှော့ထည့်ထားတယ် ..။ အုန်းရည်ကလည်းချိုပြီးသားလေ...။ အုန်းရည်ထဲကို သကြားဆယ်ဇွန်း ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် ကျောက်ကျောအမျှင် 350 g ပါတာ တစ်ဝက်တိတိကို ကျောက်ကျောရော သကြားပါပျော်တဲ့အထိဆယ်မိနစ်လောက်ကျိုပေးရပါတယ်...။ အဆက်မပြတ်မွှေပြီးရလာတဲ့ ကျောက်ကျောရည်ကို..  အုန်းသီးဖတ်တွေဖြန့်ခင်းထားတဲ့ကိုယ်ထည့်မယ့် ခွက်(သို့)ဗန်းထဲကို လောင်းထည့် အအေးခံပြီး ရေခဲသေတ္တာထဲ မိနစ်နှစ်ဆယ် နာရီဝက်ထားပြီး စားလို့ရပါပြီ...။


အုန်းရည်နံ့လေးမွှေးတဲ့ အုန်းသီးကျောက်ကျောလေး

ထန်းသီးကျောက်ကျော

 ဖန်သားရောင်စုံပန်းကန်လေးတွေမလှဘူးလား.. Ruby Mart က၀ယ်ထားတာ

 ကျောက်ကျောရည်မလောင်းခင် ထန်းသီးနုနုလေးတွေကို 
စိတ်လက်ရှည်စွာအခွံခွာပြီးပါးပါးလှီး ဗန်းထဲဖြန့်ခင်းထားတာ

အုန်းသီးစိမ်းနုနုလေးတွေမရလို့ ထန်းသီးလေးတွေ့တုန်း လုပ်ကြည့်မယ်ဆိုပြီး တစ်ထောင်ဖိုးဝယ်ခဲ့တာ တစ်ဗန်းစာ ကွက်တိရတယ်...။ ထန်းသီးဖတ်လေးတွေ သေးသေးစိပ်ထားတာကို ဗန်းထဲဖြန့်ခင်းထားတယ်...။ ရေတစ်လီတာ+တယ်လီဖုန်းကျောက်ကျောအထုပ်တစ်ဝက်+သကြား ဆယ်ဇွန်း ။ အချိုပေါ့လုပ်ထားတာပါ...။

 ကျောက်ကျောလုပ်နည်းလေးတွေအတွက် အိမ်ရှင်မ ညီမနှစ်ယောက်ကိုကျေးဇူးတင်ပါတယ်
 Credit to sis Evy (Evy's Food lover) and Wut Yee Food House..

မိုးငွေ့

9 comments:

မိုးနတ်ကြယ်စင် said...

စားလို့ ရမ်းကောင်းတာပဲ အမ
ကျေးဇူးပဲ :PPPPPPPPPP

မီးမီးငယ် said...

မိုးငွေ့ ဦးသွားပြီ...
ဒီတပတ်ကျောက်ကျောစားချင်လို့ ဝယ်လာတယ်။
ကျောက်ကျောတထုပ်ရေဘယ်လောက်ထဲ့ရမှန်းမသိလို့ ။
အချက်တွေသွားရှာအုံးမယ်။
ကျေးကျေး...မိုးငွေ့ ဟာစားကောင်းမဲ့ပုံလေး...

လင်းခေတ် said...

်သွားပြီး သွားပြီး . . ထန်းသီးတွေရော . . အုန်းသီးတွေရော . . အုန်းရည်တွေရော . . . အင်းးး

စားပြီးလို့ကတော့ ခေါင်းကြော ထိုးတက်လိုက်မယ်ဖြစ်ခြင်း . . အိပ်တောင်ငိုက်လာပြီးကွယ် . . .း))))))

ခင်မင်စွာဖြင့်
ဗညားရှိန်

Anonymous said...

စားချင်စရာလေးနော် အမမိုးငွေ့ .. :)

Thu said...

စားချင်တာ....:D
Areal Thu

rose of sharon said...

ခလေးတွေကြိုက်မှာတော့... ဆော့ရင်းနဲ့လုပ်စားလို့ရတာလေးတွေ...

လရိပ်အိမ် said...

အုန်းစိမ်းကျောက်ကျောစားချင်တယ်။ မွှေးနေတာဘဲဆိုတော့ သရေကျတယ်။
ထန်းသီးလဲ အရမ်းကြိုက်တယ်။ ဒီမှာရှိဘူး။

Aunty Tint said...

အဲ... မိုးငွေ့က ဒါတွေလဲလုပ်တတ်တာပါလား မထင်ရဘူး မထင်ရဘူး ကျော့ကျော့လေးပဲ မြင်နေကျဆိုတော့ အံ့ရော... ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းထောင်လို့ရပြီ :)
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Han Kyi said...

ဆင့်ပါးစပ်နှမ်းပက်ကွယ်...တို့များက အလှမစားတတ်ဘဲ ကရင်တွေလို အ၀ပဲ နှိပ်တတ်တော့ ခက်သကိုး...စားတော့ စားချင်စရာလေးတွေချည်းပဲကလား ...