Wednesday, 30 July 2014
မိုးရာသီအလွမ်း(၁၀).....
Monday, 28 July 2014
မိုးရာသီအလွမ်း(၉)…..
Thursday, 24 July 2014
မိုးရာသီအလွမ်းများ(၈)…..
Monday, 21 July 2014
မိုးရာသီအလွမ်းများ(၇)….
Thursday, 17 July 2014
မိုးရာသီအလွမ်းများ(၆)…..
မိုးငွေ့
Monday, 14 July 2014
မိုးရာသီအလွမ်းများ(၅)…..
အဲဒီမိုးရွာတဲ့နေ့တုန်းက မိုးထဲရပ်နေတဲ့ ကိုယ့်အနားကို မင်းရောက်လာပြီး တိုးဖွဖွ နှုတ်ခမ်းလှုပ်ရုံကလေး စကားတစ်ခွန်းပြောလိုက်တယ်…။ အေးစက်နေတဲ့ ကိုယ့်နှုတ်ခမ်းပေါ် အိထွေးပူနွေးတဲ့ အတွေ့တစ်ခု ရလိုက်ပြီး … မင်းက ကိုယ့်လက်ကိုဆွဲပြီး ကွင်းပြင်အစပ်နားက စိမ်းညို့နေတဲ့ တောအုပ်ထဲကို ခေါ် သွားခဲ့တယ်…။ မိုးကြောင့် တုန်ခိုက်နေတဲ့ ကိုယ့်ကို ကော်ဖီပူပူတစ်ခွက်တိုက်မယ်လို့လည်း မင်းပြောသေးတယ်….။ တောအုပ်ထဲမှာ မင်းကိုယ့်ကို ထားခဲ့မယ်မှန်းသိရင် ကိုယ်မလိုက်ပါဘူး….။ မိုးစိုခံပြီးပဲ မင်းနဲ့အတူ ကွင်းပြင်မှာပဲ ရပ်နေမှာပေါ့…။
တောအုပ်ထဲလဲရောက်ရော ချက်ချင်းအမှောင်တွေပိန်းပိတ်သွားခဲ့တယ်…။ ကိုယ့်နားမှာ မင်းလည်းမရှိတော့ဘူး ဘာမှလဲမမြင်ရတော့ဘူး…။ မင်းကို ဘယ်လိုမှလဲ အော်ခေါ်လို့မရတော့ဘူး…။ အိပ်မက်က လန့်နိုးလာတော့ ကိုယ့်ပါးပြင်မှာ မိုးရေတွေစိုလို့ပေါ့….။ ဟင့်အင်း မိုးရေ မဟုတ်ပါဘူး… မျက်ရည်တွေပါ..။
အပြင်မှာ မိုးတွေသည်းသည်းထန်ထန်ရွာနေတယ်… မိုးမလင်းသေးဘူး မနက် နှစ်နာရီခွဲပဲရှိသေးတယ်…။ ကိုယ်ဆက်ပြီး အိပ်မပျော်မယ့်အတူတော့… မိုးရာသီအလွမ်းတွေကို စိတ်ကူးနဲ့ အိပ်ယာထဲမှာပဲ ရေးနေမိတယ်..။
မင်းရော ခုချိန်ဆို မိုးအေးအေးနဲ့ မိုးရာသီအိပ်မက်မက်နေမလား….။ မင်းအိပ်မက်ထဲမှာ ကိုယ်ရောမပါဘူးလား…။ မင်းအိပ်မက်ထဲကို ကိုယ်တခါလေးမှ ရောက်ခွင့်မရှိဘူးလား အိန်ဂျယ်… ။
မိုးငွေ့
Wednesday, 9 July 2014
မိုးရာသီအလွမ်းများ(၄)…..
မိုးသက်လေတွေ တိုက်ခတ်လို့ သစ်ပင်သစ်ကိုင်းတွေလှုပ်ခတ်သွားတိုင်း သစ်ရွက်ကလေးတွေ မိုးထဲ ယိမ်းနွဲ့သွားတိုင်း မင်းကို လွမ်းတယ်….။ ကဲ… ကိုယ့်အလွမ်းတွေကို တရားလွန်အလွမ်းလို့ မင်းစွပ်စွဲချင်လဲ ရတယ်..။
မိုးစိုထဲ ကိုယ်ရပ်နေတုန်းက ထီးတစ်ချောင်းနဲ့မင်းရောက်လာခဲ့တယ်…။ ကိုယ့်ဆံနွယ်တွေမှာ ခိုတွဲနေတဲ့ မိုးစက်တွေတောင် ရှက်လို့ ပုန်းနေကြရတယ် မိုးကြောင့်အေးစက်ပြာနှမ်းသွားတဲ့ ကိုယ့်နှုတ်ခမ်းတွေကို မင်းအနွေးဓါတ်ပေးခဲ့တုန်းကပေါ့…။ ဒါဟာ မိုးရာသီအိပ်မက်တစ်ခုလို့ မင်းမပြောပါနဲ့…။ ကိုယ့်အတွက် မင်းဟာ အိပ်မက်လည်းတကယ် ... တကယ်အဖြစ်ဟာလည်း အိပ်မက်ပါပဲ…။
မိုးသံစဉ်လှလှလေးတွေငြိမ့်ငြိမ့်ညောင်းညောင်းလေးလွှင့်နေတဲ့ song box ချိပ်စွဲထားရာနံရံအောက်မှာ ဒူးတုတ်ထိုင်ရင်း မိုးငွေ့တွေကို ရှူရှိုက်နေခဲ့တဲ့ ညနေခင်းတုန်းက လမ်းမပေါ်မှာ လူတွေယောက်ယက်ခတ်လို့ ကိုယ်ကတော့ မင်းကိုလွမ်းလို့ကောင်းဆဲ…။
အဲဒီညက အပြင်မှာ မိုးမရွာဘူး … ခွေးဟောင်သံတွေ တခါတခါ ဖြတ်သွားတဲ့ကားသံတွေကြားရတယ်…။ ကိုယ်ကတော့ မိုးရာသီအလွမ်းတွေကို တစ်ခုပြီးတစ်ခုထိုင်ရေးရင်း မင်းကိုလွမ်းလို့ ငိုမိသေးတယ်..။
မင်းရဲ့ ခြေလှမ်းတွေ စက်ဝိုင်းပေါ်မှာ လျှောက်လှမ်းဆဲလား မင်းရဲ့ ဦးတည်ချက်ကိုသေချာ မတွက်ဆချင်တော့ပါဘူး…။ မင်း… ကိုယ်နဲ့ နီးချင်နီးလာလိမ့်မယ် ဝေးချင်ဝေးသွားလိမ့်မယ်… ကိုယ်ကတော့ မိုးရာသီတွေ တစ်ခုပြီးတစ်ခုကျော်ဖြတ်ရင်း မင်းကိုစောင့်မယ်…။
မိုးငွေ့
Monday, 7 July 2014
မိုးရာသီအလွမ်းများ(၃)….
ကိုယ့်ဘဝမှာ အဖောသီဆုံးက မင်းကိုချစ်ခြင်းနဲ့လွမ်းခြင်းတွေပဲလို့ ကိုယ်ပြောရင် မင်းယုံလိုက်ပါကွယ်…။
မင်းပါးပြင်မှာ ယှက်တွယ်နေကြတဲ့ ခရမ်းရောင် အစိမ်းရောင် သွေးကြောလေးတွေကို ကိုယ်စိတ်ကူးနဲ့ အကြိမ်ကြိမ်… နမ်းကြည့်ခဲ့ဖူးတယ်…။
အဲဒီချိန်မှာ ကိုယ့်နှုတ်ခမ်းတွေ အေးစက်နေမလား နွေးထွေးနေကြမလား မင်းဘယ်လိုထင်လဲ…။
မင်းမျက်ဝန်းတွေကတော့ ကြည်စင်မြဲပါပဲ…။
မင်းကို ပြန်တွေ့ရတာ ကိုယ်သိပ်ဝမ်းသာတာပဲ အိန်ဂျယ်…။ အပိုဆုအဖြစ် နွေးထွေးတဲ့ အပြုံးတစ်ခုနဲ့အတူ ပြန်တွေ့ရလို့ပေါ့…။
သိပ်လှတဲ့ မိုးညနေခင်းလေးမှာ ကိုယ်တို့ အချမ်းပြေ ကော်ဖီ အတူသောက်ကြတာပေါ့…..။
ပြီးရင်…မင်းပခုံးလေးမှာ မှေးစက်လို့ ကိုယ်တို့အတူ ရုပ်ရှင်ကြည့်ကြရင် မကောင်းဘူးလား… ဟင်..။
ဒီမိုးကုန်လို့ ဆောင်းဦးပေါက်ရင် ကိုယ်တို့ ကမ်းခြေမှာ ပြန်တွေ့ကြရအောင်လေ…။ စကားပန်းပင်အောက်မှာ အုန်းရည်အတူသောက်ကြမယ်…။ အဲခါကျရင် မင်းရှေ့မှာ မင်းကို ကိုယ်တိုင်မပြောပြခဲ့ဖူးတဲ့ မင်းကို ချစ်တဲ့အကြောင်းလေးတွေ ကိုယ်တဝကြီးပြောပြမယ်လေ….။ ကိုယ်အသက်ကြီးလာတဲ့အခါ ကိုယ်သေလွန်ခါနီးတဲ့အခါ ကိုယ့်သေတမ်းစာမှာ ဘာတွေရေးမလဲဆိုတာက အစ မင်းကို ကိုယ်ပြောပြမယ်…။
ဒီမိုးကုန်မှာမဟုတ်လည်း နောက်မိုးရာသီတွေမှာဖြစ်ဖြစ်ပေါ့…။ အလွမ်းတွေချည်းပေးစွမ်းတဲ့ မိုးပေမယ့် ကိုယ်မိုးကို မမုန်းပါဘူး…။ ကိုယ်စောင့်နေပါ့မယ် အိန်ဂျယ်…။
Thursday, 3 July 2014
မိုးရာသီအလွမ်းများ(၂).....
နှုတ်ဆက်ပါတယ်လို့ ကိုယ်ကိုယ်တိုင်ပဲစပြောပြီး အဲဒီညက ကိုယ်ငိုခဲ့တယ်…။
ကိုယ့်အတွက်ဘယ်တော့မှ မီးမလင်းတော့တဲ့ အိမ်ဆီကို ကြယ်စင်အလင်းတွေနဲ့ ရှာဖွေ တံခါးခေါက်ကြည့်ဖို့ ဒီနေ့ထိကိုယ်ကြိုးစားနေမိတုန်းပဲ အိန်ဂျယ်…။
ရူးသွပ်မှုတစ်ခုဆိုရင် အဆုံးသတ်သင့်လောက်ပါပြီ…။
ဒါပေမယ့် သေရာပါ စွဲလန်းမှုတစ်ခုဆိုရင်တော့ အာမခံချက်မရှိဘူးထင်ပါရဲ့…။
မိုးတိမ်တွေပြိုဆင်းလာရင် ကိုယ့်အလွမ်းတွေ ပိုပိုသိပ်တည်းလာတယ်…။ သီချင်းသံစဉ်တွေကလည်း ခပ်တိုးတိုးလွင့်လာလိုက် ဝေးသွားလိုက်နဲ့….။
မိုးရာသီဟာ မင်းအမှတ်တရပေးသွားတာမဟုတ်ပေမယ့် ကိုယ့်အတွက် မင်းရဲ့ အမှတ်တရတွေကို အများကြီးဖန်ဆင်းပေးခဲ့တာပါ…။
လက်ဖက်ရည်ဆိုင်ထဲက မိုးရာသီအလွမ်းသီချင်းတွေဟာ ကိုယ့်ရှေ့က ပေါ့ဆိမ့်တစ်ခွက်ကို အေးစက်စေခဲ့တယ်….။
ဒီမနက် ခပ်ဖွဲဖွဲရွာနေတဲ့မိုးကြောင့် မြက်ခင်းစိမ်းတွေပေါ် မိုးရေစက်တွေခိုသီးနေကြတယ်…။ ကိုယ့်ပါးပြင်ပေါ်မှာလည်း မျက်ရည်စက်တွေ ခိုသီးနေပြီ…။ မိုးတိမ်တွေကတော့ ပင်လယ်ကြီးကိုလွမ်းလို့ငိုတယ်…။ ကိုယ်ကတော့ မင်းကိုလွမ်းလို့ငိုတယ်…။
မီးပူတိုက်ခါစ ရှပ်အကျီၤရနံ့ … ရေချိုးပြီးခါစ ဆပ်ပြာရနံ့တချို့ ကိုယ်ရလိုက်တဲ့အခါ … ကိုယ့်နားကို မင်းရောက်လာသလားလို့ လိုက်ရှာကြည့်နေတတ်တဲ့ ကိုယ့်ကို သူရူးတစ်ယောက်လို့ ထင်လိုက်ပါလေ…။
မီးကျီခဲတွေတောက်လောင်နေတဲ့ ကျင်းတစ်ခုထဲကနေ မင်းကြိုးစားတက်နေတယ်လို့ ကိုယ်အိပ်မက်မက်ခဲ့ဖူးတယ်…။ မင်းသိပ်ပူမှာပဲလို့ တွေးပြီး ကိုယ်ငိုတယ်…။ မင်းသိမှာမဟုတ်ဘဲနဲ့လည်း ကိုယ်က ငိုတာပဲ…။ အင်းလေ… ကိုယ်ခံစားသမျှကို မင်းသိစရာမှ မလိုပဲလေ …။
မင်းနဲ့ကိုယ်ဆိုတာ ဘဝချင်း ဝိညာဉ်ချင်းခြားမနေဘဲလဲ
မင်းကို မြင်ခွင့် ထိတွေ့ခွင့် မရခဲ့ပါဘူး…။
ဘယ်တော့မှလည်း ထိ...တွေ့...ခွင့်... ရ…တော့…မှာ….လည်း…မဟုတ်ဘူး….။
ကိုယ်မင်းကို သိပ်ချစ်တယ် အိန်ဂျယ်…။
မိုးငွေ့










