Wednesday, 30 July 2014

မိုးရာသီအလွမ်း(၁၀).....







ဟိုးးး အဝေးက တိုးဖွဖွအသံတစ်ခုကို မိုးစက်တွေနဲ့ ရောနှောပြီး ကြားလိုက်ရတယ်….။ 
သံစဉ်လေးတစ်ခုပါ…။
ဟုတ်တယ်… မင်းဆိုနေကျ သီချင်းလေ…။
လက်ဖက်ရည်ဆိုင်တစ်ခုက ဖွင့်ထားတဲ့ သီချင်းသံဖြစ်မှာပေါ့…။
ကိုယ်တောင် လက်ဖက်ရည်ပူပူတစ်ခွက်သောက်ချင်စိတ်ပေါက်သွားခဲ့တယ်…။
မိုးချုပ်နေပြီလို့မပြောပါနဲ့…။ စိုစွတ်နေတဲ့ လမ်းမပေါ်မှာ လူသူတွေ သွားလာလှုပ်ရှားတုန်းပါ…။
အဲသီချင်းသံလေးအတိုင်း ကိုယ်လိုက်သွားလိုက်ရမလား…။
ကံကောင်းရင် အဲလက်ဖက်ရည်ဆိုင်မှာ မင်းကိုမတွေ့ရဘူးလို့ ဘယ်သူပြောနိုင်မလဲ….
(မဖြစ်နိုင်တာလေ မင်းက ဒီရပ်ကွက်မှာနေတာမှမဟုတ်ဘဲ..) ။
အဝေးကလွင့်လာတဲ့ သီချင်းသံနောက် ကိုယ်လိုက်သွားခဲ့တယ်…။ မင်းနဲ့အတူလျှောက်ခဲ့ဖူးတဲ့လမ်းကြားကိုဖြတ်ရတော့ ရေမြောင်းထဲက ဖားအော်သံတွေက ညံစီလို့…။ မိုးတိတ်သွားပြီဆိုပေမယ့် လဲရွက်တွေပေါ်မှာ ခိုတွဲနေတဲ့ မိုးရေစက်တွေက တစ်စက်စက်ကျလို့….။ အဲလမ်းလေးကထွက်ပြီး လမ်းမကြီးကိုကူးလိုက်တော့ ဟိုဘက်ရပ်ကွက်က လမ်းသွယ်လေးမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုတွေ့လိုက်တယ်…။
သီချင်းလေးက အဲဒီဆိုင်ကဖွင့်တာပါ…။ လက်ဖက်ရည်ဆိုင်ထဲမှာ လူတွေဝိုင်းတိုင်းမပြည့်တော့ဘူး…။ ကိုယ်ဝင်ထိုင်လိုက်ရုံရှိသေးတယ် သီချင်းလေးက ပြီးသွားတယ်..။
စားပွဲထိုးလေးကို ပေါ့ဆိမ့်တစ်ခွက်မှာပြီး ခုနကပြီးသွားတဲ့သီချင်းကို တကျော့ပြန်ဖွင့်ပေးဖို့ပြောတော့ ကောင်လေးက ကောင်တာမှာရှိတဲ့ ကက်ဆက်ခလုတ်လေးကို သွားနှိပ်လိုက်တာ မင်းဆိုနေကျသီချင်းလေး အစကနေပြန်ကျော့လာတယ်…။
လက်ဖက်ရည်ခွက်လေးကို ဇိမ်ပြေနပြေသောက်ရင်း မင်းဆိုပြနေသယောင် နားထောင်နေလိုက်တယ်…။ 
မိုးရယ်.... မင်းဆိုနေကျသီချင်းရယ်...... ပေါ့ဆိမ့်တစ်ခွက်ရယ်…
ဒီညတော့ ပြည့်စုံပါပြီ အိန်ဂျယ်……။



မိုးငွေ့

Monday, 28 July 2014

မိုးရာသီအလွမ်း(၉)…..







ရေငွေ့တွေပါတဲ့ လေတွေတစ်ချက်တိုက်လိုက်လို့ ကိုယ့်ဆံပင်တွေ ဖွာလန်ကျဲကုန်ကြတယ်…။ ဘယ်သူမှ ရောက်မလာတတ်တဲ့ ဒီလိုရာသီမျိုးမှာ ကိုယ်ကတော့ မင်းခြေရာတွေကို ပြန်ကောက်ဖို့ ရူးမိုက်စွာ ရောက်လာခဲ့သူလေ…။

ဒီသဲသောင်ပြင်မှာ မင်းခြေရာတွေရှိနေခဲ့မှာပဲဆိုပြီး ကိုယ်လာရှာတာပါ အိန်ဂျယ်…..။ ရေလှိုင်းတွေက တဝုန်းဝုန်းနဲ့ ကိုယ်ခြေဖဝါးချထားတဲ့နေရာထိ ပြေးလာလိုက် ထွက်သွားလိုက်နဲ့…။ ဟင့်အင်း  ကိုယ်ပြန်ကောက်မယ့် မင်းခြေရာတွေကို ဒီလှိုင်းတွေက အဝေးကို ယူဆောင်သွားလိမ့်မယ်…။ ကိုယ်ဘယ်လို တားဆီးရပါ့မလဲ…။

ကိုယ်ငိုမချလိုက်ခင်မှာပဲ… တိမ်တွေက ကိုယ့်ကိုကြည့်ပြီးတော့ပဲ သနားသွားလို့လား ကိုယ့်ထက်ဦးအောင်ငိုချကြတယ်…။ ကိုယ့်မြင်ကွင်းထဲမှာ မိုးရေစက်တွေ…မိုးရေစက်တွေချည်းပဲ…။ ကိုယ်လဲ ရွှဲရွှဲကိုစိုလို့….။

တဒင်္ဂလေးမှာ မိုးစက်တွေ ကိုယ့်ကိုယ်ပေါ်ကျမလာတော့လို့ မိုးတိတ်သွားပြီလား ဆိုပြီး ကောင်းကင်ကိုမော့ကြည့်လိုက်တာ…။ မိုးပြာနုရောင်မိုးကောင်းကင်တစ်ခုကို မယုံနိုင်စွာ ကိုယ်တွေ့ လိုက်ရတယ်…။ ကိုယ်နောက်ကိုလှည့်ကြည့်လိုက်တော့ … အဖြူရောင်ဝတ်စုံနဲ့ ကိုယ့်ကို ထီးမိုးပေးနေတဲ့မင်း….။

“အိန်ဂျယ်..” လို့ ကိုယ်အသံထွက် ခေါ်လိုက်ရင်း ဝမ်းသာလွန်းလို့ ပြုံးလိုက်တဲ့အချိန် စက္ကန့်ပိုင်းလေးမှာပဲ မင်းပျောက်ကွယ်သွားခဲ့တယ်….။ ဘုရားရေ… ကိုယ်အစွဲလန်းလွန်သွားခဲ့တာလား…။ မင်းမရှိဘဲ မင်းရောက်လာခဲ့တယ်လို့ ထင်ယောင်ထင်မှားမှုတွေဖြစ်ကုန်တာလား…။

မင်းအနားမှာမရှိတော့ပြန်ဘူးဆိုတဲ့ အသိစိတ်တွေက တကိုယ်လုံးမှာရှိတဲ့ အင်အားတွေကို ဆုတ်ယုတ်ယူငင်လိုက်သလိုပဲ တမဟုန်ခြင်း ပျော့ခွေသွားပြီး သောင်ပြင်ပေါ်  ပက်လက်အနေထားလေး ကျောချလိုက်ရတယ်….။ ကိုယ့်မျက်နှာပေါ်ကို မိုးစက်မိုးပေါက်တွေ အဆက်မပျက် ခုန်ချစီးဆင်းကြတယ်…။ ကိုယ့်မြင်ကွင်းထဲမှာ ခဲသားရောင်တွေအပြည့်…..။ ကိုယ်သိပ်နှစ်သက်လှချေရဲ့ဆိုတဲ့…အရောင်တွေလေ….။

မျက်စိကိုစုံမှိတ်ထားလိုက်တယ်…….။ 
မိုးတွေပိုသည်းလာတယ်… ကိုယ့်ခန္ဓာကိုယ်လဲ သဲထဲကို တဖြေးဖြေးနစ်ဝင်လာပြီ…။ 

အိန်ဂျယ်ရေ….မင်း ဘယ်ဆီမှာလဲ….။ 
မင်းရှိမယ့်နေရာဆီကို ကိုယ်မှန်းဆပြီး လိုက်ခဲ့မယ်….။



မိုးငွေ့

Thursday, 24 July 2014

မိုးရာသီအလွမ်းများ(၈)…..







အဲဒီနေ့ညက မင်းကိုနောက်ဆုံးတွေ့လိုက်ရတဲ့ အချိန်ဟာ ကိုယ့်အတွက် တစ်သက်တာလုံးအတွက် တန်ဖိုးအရှိဆုံးချိန်ပဲ ….။ ကောင်းကင်က ကြယ်တစ်လုံး ဖျတ်ခနဲကြွေဆင်းပျောက်ကွယ်သွားတဲ့ အလင်းတန်းမျိုးကို တွေ့လိုက်ရပြီး… နှမြောတသစွာ ကျွမ်းမြေ့ကျန်ရစ်တဲ့ ခံစားမှုမျိုးကို နင့်နင့်သီးသီး ခံစားလိုက်ရတယ်…..။ အဲဒီနောက် မင်းကိုယ့်ရှေ့ကို ဘယ်တော့မှ ရောက်မလာတော့ဘူးလေ….။

အဲဒီတုန်းက မိုးဘယ်နေရာမှမရွာခဲ့ပါဘူး…ကိုယ့်တစ်နေရာစာလေး… ကိုယ်ရပ်ပြီး ကျန်ရစ်ခဲ့တဲ့ တစ်နေရာစာလေးကိုပဲ ကွက်ပြီး သည်းခဲ့တာပါ…။ ရွှဲနစ်သွားခဲ့တဲ့ မျက်ဝန်းတစ်စုံ… မွှန်းကျပ်သွားခဲ့တဲ့ နှလုံးသားတစ်ခု… တုန်ခိုက်အေးစက်သွားခဲ့တဲ့ နှုတ်ခမ်း….ဒါတွေ ဒါတွေကို မင်း သိလိုက် မြင်လိုက်မှာ မဟုတ်ပါဘူး….။

အိန်ဂျယ်ဆိုတာ လူသားတစ်ယောက်မှမဟုတ်တာလေ….နော်..။ 
ကိုယ့်ဆီကို တခဏ ကိုယ်ယောင်လာပြပြီး ပျောက်ကွယ်သွားရတာပါ …ဟုတ်ပါတယ်…။

နူးညံ့ကြည်စင်လွန်းတဲ့ မင်းမျက်ဝန်းလက်လက်တွေဟာ အခါများစွာ  ကိုယ့်ကို ညွတ်နူးမိန်းမောစေခဲ့တာ ပြန်ပြန်တွေးရင်း မင်းကိုလွမ်းလွန်းလို့ မျက်ရည်တွေ စိုစွတ်တဲ့ အပြုံးတစ်ခုကို ကိုယ်ဖန်တီးမိတယ်...။

တသုန်သုန်တိုက်ခတ်လာတဲ့လေကြောင့် မိုးစက်ပွင့်တွေ စွတ်စိုနေကြတဲ့ Angel’s Trumpet ပန်းပွင့်လေးတွေ လှုပ်ခတ်သွားတာကိုကြည့်ရင်း ကိုယ့်ရင်ခုန်သံတွေ မကြုံစဖူး လန်းဆန်း သစ်လွင်လို့…။ မင်းကိုယ်တိုင် ဖန်ဆင်းလိုက်တဲ့ ပန်းပွင့်လေးတွေလို့ ကိုယ်က အမြဲယုံကြည်ထားတာမို့လေ…။ ပါးပြင်ပေါ်က မျက်ရည်စက်တွေကိုလည်း လွတ်လွတ်လပ်လပ် စီးခွင့်ပြုထားလိုက်တော့တယ်…။



မိုးငွေ့

Monday, 21 July 2014

မိုးရာသီအလွမ်းများ(၇)….





မိုးစက်မိုးပေါက်တွေအောက်မှာ ယိမ်းနွဲ့နေတဲ့ Angel’s Trumpet ပန်းကလေးတွေဟာ ရနံ့တချို့ကို သယ်ဆောင်လာလိမ့်မယ် အိန်ဂျယ်…. မိုးကိုမြင်လို့မင်းသာကိုယ့်ကို သတိတရရှိခဲ့ရင်ပေါ့…။

ကိုယ်နှစ်သက်တဲ့ မီးခိုးရောင်ကောင်းကင်ကြီးကို မော့ကြည့်ရတာ ကိုယ့်ရဲ့စိတ်ဝိညာဉ်တွေကို သိမ်းနှုတ်ယူငင်သွားသလိုပဲခံစားရတတ်တယ်… မင်းမရှိတော့တဲ့ မိုးရာသီမှာလေ…။
နာကျင်ရတယ် အိန်ဂျယ်..။ ဒါပေမယ့် အဲဒီနာကျင်မှုတွေကို ကိုယ်အသားကျနေတတ်ပြီ…။

ခုအပြင်မှာ မိုးတွေသည်းနေပြန်ပြီ အိန်ဂျယ်…..
မိုးသံကြားရင် မင်းကိုလွမ်းတဲ့ ကိုယ့်အလွမ်းတွေက ပိုပိုပြီးသိပ်သည်းလာတတ်တယ်….။







ကော်ဖီတစ်ခွက်ကို အချိန်အကြာကြီးစွဲသောက်ပြီး မင်းကို လွမ်းရတာကိုလဲ ကိုယ်သိပ်မက်မောတာပဲ …။
မင်းဘယ်ချိန် ပြန်ရောက်လာမလဲလို့ ကိုယ်ကြိုတင်မတွက်ဆချင်တော့ပါဘူး….။
မင်းကိုယ့်ဆီကို ပြန်လာချင်လာလိမ့်မယ် မလာချင်လဲ မလာတော့ဘူး မဟုတ်လား…။
ဒါပေမယ့် ကိုယ်ကတော့ မင်းကို စောင့်မယ်…။

မိုးညနေတွေမှာ ကိုယ်အိမ်ပြန်နောက်ကျတဲ့အခါ မင်း ကိုယ့်ကို ညနေစာစားဖို့ စောင့်နေတော့မှာပဲဆိုတဲ့ တွေးပူစိတ်ကလေးတောင် ကိုယ်မရလိုက်ဘူး…။



မိုးငွေ့

Thursday, 17 July 2014

မိုးရာသီအလွမ်းများ(၆)…..







ငါးခုမြောက် မိုးရာသီအလွမ်းကို လက်စသတ်ပြီး ကိုယ်အိပ်ယာဝင်ခဲ့တော့… မင်းကိုလွမ်းတဲ့စိတ်နဲ့ စွဲလန်းစိတ်ကြောင့်ထင်ပါရဲ့ အဲဒီညက..မင်း ကိုယ့်အိပ်မက်ထဲရောက်လာခဲ့တယ်…။

မိုးတွေညိုလို့ ဘယ်လောက်ပဲမှောင်မိုက်နေပါစေ… မင်းရောက်လာခဲ့ရင်တော့ အလင်းရောင်တွေဟာ မျက်စိကျိန်းစပ်လောက်တဲ့အထိ ဖြာကျလာတတ်တယ်…။ မင်းရဲ့အဖြူရောင်အတောင်ပံ စွမ်းအားကြောင့်ပေါ့…။ ကိုယ့်လက်ခုံကို မင်းငုံ့နမ်းလို့ လှုပ်ခတ်သွားခဲ့တဲ့ မင်းအတောင်ပံဖြူဖြူတွေကို ကိုယ်လက်နဲ့အသာအယာ ပွတ်သပ်ကြည့်ချင်မိတယ်…..။ ဒါပေမယ့်ကွယ် ကိုယ့်ကြောင့် မင်းရဲ့ အဖြူရောင်တွေ စွမ်းထင်းပွန်းပဲ့သွားမှာစိုးတယ်….။

သိပ်လှတဲ့ တနင်္ဂနွေမိုးသည်းတစ်ခု ကော်ဖီရနံ့မွှေးမြတဲ့ မိုးသည်းသည်းနေ့တစ်ခု စတဲ့ စတဲ့ မိုးနေ့ရက်တွေကို ကိုယ့်အတွက် မင်းဖန်တီးပေးခဲ့ဖူးတယ်....။

လသာဆောင်ကနေမျှော်ကြည့်တော့… တိမ်ညိုတွေက အုပ်အုပ်မှိုင်းမှိုင်း...။ ကိုယ့်ကိုအမြဲပြုံးပြနေကျ လမင်းကြီးမရှိ… လင်းလက်မှိတ်တုတ်နေတဲ့ ကြယ်ကလေးတွေ မရှိ….။ ငွေကြယ်စင်ကလေးတွေလို မင်းမျက်ဝန်းတစ်စုံမရှိ….။

ခုလို မိုးစက်တွေသွန်းဖွဲ မှုန်မှုန်မှိုင်းမှိုင်းမိုးရက်တွေမှာ မင်းနဲ့အတူ ကော်ဖီအတူသောက်ရရင် သိပ်ကောင်းမှာပဲ အိန်ဂျယ်…။ ကိုယ် အဲသလောက်တော့ စိတ်ကူးယဉ်ခွင့်ရှိသေးတယ်မဟုတ်လား…။



မိုးငွေ့
 

Monday, 14 July 2014

မိုးရာသီအလွမ်းများ(၅)…..


  



အဲဒီမိုးရွာတဲ့နေ့တုန်းက မိုးထဲရပ်နေတဲ့ ကိုယ့်အနားကို မင်းရောက်လာပြီး တိုးဖွဖွ နှုတ်ခမ်းလှုပ်ရုံကလေး စကားတစ်ခွန်းပြောလိုက်တယ်…။ အေးစက်နေတဲ့ ကိုယ့်နှုတ်ခမ်းပေါ် အိထွေးပူနွေးတဲ့ အတွေ့တစ်ခု ရလိုက်ပြီး … မင်းက ကိုယ့်လက်ကိုဆွဲပြီး ကွင်းပြင်အစပ်နားက စိမ်းညို့နေတဲ့ တောအုပ်ထဲကို ခေါ် သွားခဲ့တယ်…။ မိုးကြောင့် တုန်ခိုက်နေတဲ့ ကိုယ့်ကို ကော်ဖီပူပူတစ်ခွက်တိုက်မယ်လို့လည်း မင်းပြောသေးတယ်….။ တောအုပ်ထဲမှာ မင်းကိုယ့်ကို ထားခဲ့မယ်မှန်းသိရင် ကိုယ်မလိုက်ပါဘူး….။ မိုးစိုခံပြီးပဲ မင်းနဲ့အတူ ကွင်းပြင်မှာပဲ ရပ်နေမှာပေါ့…။ 





တောအုပ်ထဲလဲရောက်ရော ချက်ချင်းအမှောင်တွေပိန်းပိတ်သွားခဲ့တယ်…။ ကိုယ့်နားမှာ မင်းလည်းမရှိတော့ဘူး ဘာမှလဲမမြင်ရတော့ဘူး…။ မင်းကို ဘယ်လိုမှလဲ အော်ခေါ်လို့မရတော့ဘူး…။ အိပ်မက်က လန့်နိုးလာတော့ ကိုယ့်ပါးပြင်မှာ မိုးရေတွေစိုလို့ပေါ့….။ ဟင့်အင်း မိုးရေ မဟုတ်ပါဘူး… မျက်ရည်တွေပါ..။ 

အပြင်မှာ မိုးတွေသည်းသည်းထန်ထန်ရွာနေတယ်… မိုးမလင်းသေးဘူး မနက် နှစ်နာရီခွဲပဲရှိသေးတယ်…။ ကိုယ်ဆက်ပြီး အိပ်မပျော်မယ့်အတူတော့… မိုးရာသီအလွမ်းတွေကို စိတ်ကူးနဲ့ အိပ်ယာထဲမှာပဲ ရေးနေမိတယ်..။

မင်းရော ခုချိန်ဆို မိုးအေးအေးနဲ့ မိုးရာသီအိပ်မက်မက်နေမလား….။ မင်းအိပ်မက်ထဲမှာ ကိုယ်ရောမပါဘူးလား…။ မင်းအိပ်မက်ထဲကို ကိုယ်တခါလေးမှ ရောက်ခွင့်မရှိဘူးလား အိန်ဂျယ်… ။


မိုးငွေ့



Wednesday, 9 July 2014

မိုးရာသီအလွမ်းများ(၄)…..






မိုးသက်လေတွေ တိုက်ခတ်လို့ သစ်ပင်သစ်ကိုင်းတွေလှုပ်ခတ်သွားတိုင်း သစ်ရွက်ကလေးတွေ မိုးထဲ ယိမ်းနွဲ့သွားတိုင်း မင်းကို လွမ်းတယ်….။ ကဲ… ကိုယ့်အလွမ်းတွေကို တရားလွန်အလွမ်းလို့ မင်းစွပ်စွဲချင်လဲ ရတယ်..။

မိုးစိုထဲ ကိုယ်ရပ်နေတုန်းက ထီးတစ်ချောင်းနဲ့မင်းရောက်လာခဲ့တယ်…။ ကိုယ့်ဆံနွယ်တွေမှာ ခိုတွဲနေတဲ့ မိုးစက်တွေတောင် ရှက်လို့ ပုန်းနေကြရတယ် မိုးကြောင့်အေးစက်ပြာနှမ်းသွားတဲ့ ကိုယ့်နှုတ်ခမ်းတွေကို မင်းအနွေးဓါတ်ပေးခဲ့တုန်းကပေါ့…။ ဒါဟာ မိုးရာသီအိပ်မက်တစ်ခုလို့ မင်းမပြောပါနဲ့…။ ကိုယ့်အတွက် မင်းဟာ အိပ်မက်လည်းတကယ် ... တကယ်အဖြစ်ဟာလည်း အိပ်မက်ပါပဲ…။ 

မိုးသံစဉ်လှလှလေးတွေငြိမ့်ငြိမ့်ညောင်းညောင်းလေးလွှင့်နေတဲ့ song box ချိပ်စွဲထားရာနံရံအောက်မှာ ဒူးတုတ်ထိုင်ရင်း မိုးငွေ့တွေကို ရှူရှိုက်နေခဲ့တဲ့ ညနေခင်းတုန်းက လမ်းမပေါ်မှာ လူတွေယောက်ယက်ခတ်လို့ ကိုယ်ကတော့ မင်းကိုလွမ်းလို့ကောင်းဆဲ…။ 

အဲဒီညက အပြင်မှာ မိုးမရွာဘူး … ခွေးဟောင်သံတွေ  တခါတခါ ဖြတ်သွားတဲ့ကားသံတွေကြားရတယ်…။ ကိုယ်ကတော့ မိုးရာသီအလွမ်းတွေကို တစ်ခုပြီးတစ်ခုထိုင်ရေးရင်း မင်းကိုလွမ်းလို့ ငိုမိသေးတယ်..။ 

မင်းရဲ့ ခြေလှမ်းတွေ စက်ဝိုင်းပေါ်မှာ လျှောက်လှမ်းဆဲလား မင်းရဲ့ ဦးတည်ချက်ကိုသေချာ မတွက်ဆချင်တော့ပါဘူး…။ မင်း… ကိုယ်နဲ့ နီးချင်နီးလာလိမ့်မယ် ဝေးချင်ဝေးသွားလိမ့်မယ်… ကိုယ်ကတော့ မိုးရာသီတွေ တစ်ခုပြီးတစ်ခုကျော်ဖြတ်ရင်း မင်းကိုစောင့်မယ်…။


မိုးငွေ့

Monday, 7 July 2014

မိုးရာသီအလွမ်းများ(၃)….





ကိုယ့်ဘဝမှာ အဖောသီဆုံးက မင်းကိုချစ်ခြင်းနဲ့လွမ်းခြင်းတွေပဲလို့ ကိုယ်ပြောရင် မင်းယုံလိုက်ပါကွယ်…။ 

မင်းပါးပြင်မှာ ယှက်တွယ်နေကြတဲ့ ခရမ်းရောင် အစိမ်းရောင် သွေးကြောလေးတွေကို ကိုယ်စိတ်ကူးနဲ့ အကြိမ်ကြိမ်… နမ်းကြည့်ခဲ့ဖူးတယ်…။ 

အဲဒီချိန်မှာ ကိုယ့်နှုတ်ခမ်းတွေ အေးစက်နေမလား နွေးထွေးနေကြမလား မင်းဘယ်လိုထင်လဲ…။ 

မင်းမျက်ဝန်းတွေကတော့ ကြည်စင်မြဲပါပဲ…။

မင်းကို ပြန်တွေ့ရတာ ကိုယ်သိပ်ဝမ်းသာတာပဲ အိန်ဂျယ်…။ အပိုဆုအဖြစ် နွေးထွေးတဲ့ အပြုံးတစ်ခုနဲ့အတူ ပြန်တွေ့ရလို့ပေါ့…။ 

သိပ်လှတဲ့ မိုးညနေခင်းလေးမှာ ကိုယ်တို့ အချမ်းပြေ ကော်ဖီ အတူသောက်ကြတာပေါ့…..။

ပြီးရင်…မင်းပခုံးလေးမှာ မှေးစက်လို့ ကိုယ်တို့အတူ ရုပ်ရှင်ကြည့်ကြရင် မကောင်းဘူးလား… ဟင်..။ 

ဒီမိုးကုန်လို့ ဆောင်းဦးပေါက်ရင် ကိုယ်တို့ ကမ်းခြေမှာ ပြန်တွေ့ကြရအောင်လေ…။ စကားပန်းပင်အောက်မှာ အုန်းရည်အတူသောက်ကြမယ်…။ အဲခါကျရင် မင်းရှေ့မှာ မင်းကို ကိုယ်တိုင်မပြောပြခဲ့ဖူးတဲ့ မင်းကို ချစ်တဲ့အကြောင်းလေးတွေ ကိုယ်တဝကြီးပြောပြမယ်လေ….။ ကိုယ်အသက်ကြီးလာတဲ့အခါ ကိုယ်သေလွန်ခါနီးတဲ့အခါ ကိုယ့်သေတမ်းစာမှာ ဘာတွေရေးမလဲဆိုတာက အစ မင်းကို ကိုယ်ပြောပြမယ်…။  

ဒီမိုးကုန်မှာမဟုတ်လည်း နောက်မိုးရာသီတွေမှာဖြစ်ဖြစ်ပေါ့…။ အလွမ်းတွေချည်းပေးစွမ်းတဲ့ မိုးပေမယ့် ကိုယ်မိုးကို မမုန်းပါဘူး…။ ကိုယ်စောင့်နေပါ့မယ် အိန်ဂျယ်…။



မိုးငွေ့

Thursday, 3 July 2014

မိုးရာသီအလွမ်းများ(၂).....






နှုတ်ဆက်ပါတယ်လို့ ကိုယ်ကိုယ်တိုင်ပဲစပြောပြီး အဲဒီညက ကိုယ်ငိုခဲ့တယ်…။ 

ကိုယ့်အတွက်ဘယ်တော့မှ မီးမလင်းတော့တဲ့ အိမ်ဆီကို ကြယ်စင်အလင်းတွေနဲ့ ရှာဖွေ တံခါးခေါက်ကြည့်ဖို့ ဒီနေ့ထိကိုယ်ကြိုးစားနေမိတုန်းပဲ အိန်ဂျယ်…။ 

ရူးသွပ်မှုတစ်ခုဆိုရင် အဆုံးသတ်သင့်လောက်ပါပြီ…။ 

ဒါပေမယ့် သေရာပါ စွဲလန်းမှုတစ်ခုဆိုရင်တော့ အာမခံချက်မရှိဘူးထင်ပါရဲ့…။ 

မိုးတိမ်တွေပြိုဆင်းလာရင် ကိုယ့်အလွမ်းတွေ ပိုပိုသိပ်တည်းလာတယ်…။ သီချင်းသံစဉ်တွေကလည်း ခပ်တိုးတိုးလွင့်လာလိုက် ဝေးသွားလိုက်နဲ့….။ 

မိုးရာသီဟာ မင်းအမှတ်တရပေးသွားတာမဟုတ်ပေမယ့် ကိုယ့်အတွက် မင်းရဲ့ အမှတ်တရတွေကို အများကြီးဖန်ဆင်းပေးခဲ့တာပါ…။ 

လက်ဖက်ရည်ဆိုင်ထဲက မိုးရာသီအလွမ်းသီချင်းတွေဟာ ကိုယ့်ရှေ့က ‌ပေါ့ဆိမ့်တစ်ခွက်ကို အေးစက်စေခဲ့တယ်….။ 

ဒီမနက် ခပ်ဖွဲဖွဲရွာနေတဲ့မိုးကြောင့် မြက်ခင်းစိမ်းတွေပေါ် မိုးရေစက်တွေခိုသီးနေကြတယ်…။ ကိုယ့်ပါးပြင်ပေါ်မှာလည်း မျက်ရည်စက်တွေ ခိုသီးနေပြီ…။ မိုးတိမ်တွေကတော့ ပင်လယ်ကြီးကိုလွမ်းလို့ငိုတယ်…။ ကိုယ်ကတော့ မင်းကိုလွမ်းလို့ငိုတယ်…။ 

မီးပူတိုက်ခါစ ရှပ်အကျီၤရနံ့ … ရေချိုးပြီးခါစ ဆပ်ပြာရနံ့တချို့ ကိုယ်ရလိုက်တဲ့အခါ … ကိုယ့်နားကို မင်းရောက်လာသလားလို့ လိုက်ရှာကြည့်နေတတ်တဲ့ ကိုယ့်ကို သူရူးတစ်ယောက်လို့ ထင်လိုက်ပါလေ…။

မီးကျီခဲတွေတောက်လောင်နေတဲ့ ကျင်းတစ်ခုထဲကနေ မင်းကြိုးစားတက်နေတယ်လို့ ကိုယ်အိပ်မက်မက်ခဲ့ဖူးတယ်…။ မင်းသိပ်ပူမှာပဲလို့ တွေးပြီး ကိုယ်ငိုတယ်…။ မင်းသိမှာမဟုတ်ဘဲနဲ့လည်း ကိုယ်က ငိုတာပဲ…။ အင်းလေ… ကိုယ်ခံစားသမျှကို မင်းသိစရာမှ မလိုပဲလေ …။ 


 



မင်းနဲ့ကိုယ်ဆိုတာ ဘဝချင်း ဝိညာဉ်ချင်းခြားမနေဘဲလဲ

မင်းကို မြင်ခွင့် ထိတွေ့ခွင့် မရခဲ့ပါဘူး…။

ဘယ်တော့မှလည်း ထိ...တွေ့...ခွင့်... ရ…တော့…မှာ….လည်း…မဟုတ်ဘူး….။

ကိုယ်မင်းကို သိပ်ချစ်တယ် အိန်ဂျယ်…။


မိုးငွေ့