Wednesday, 24 June 2026

Dear Angel .....(24)

 


Dear Angel.....,


ကြာပြီပဲ.......

ကိုယ်မျက်မကျဖြစ်တာ နှစ်တွေကြာခဲ့ပြီပဲ........

မနေ့ညက လျှပ်စီးလက် မိုးခြိမ်းတော့ သီချင်းတွေနားထောင်ရင်း သူ့ကိုသတိရလို့ ငိုရသေးတယ်....။ 

ခုနောက်ပိုင်း စိတ်ရှုပ်စရာတွေ စိတ်ဆင်းရဲစရာတွေဆို ရုပ်ရှင်ကားတောင်မကြည့်ဖြစ်ဘူး...။ ပျော်စရာ စိတ်ချမ်းသာစရာလေးတွေပဲ ရွေးပြီးကြည့်ဖြစ်တယ် တွေးဖြစ်တယ် လုပ်ဖြစ်တယ်...။

ဒီနှစ်ထဲ မင်းဆီ ကိုယ်ခုမှစာရေးဖြစ်တာပဲ....။ အကြောင်းထွေထွေထူးထူးသိပ်မရှိတာရယ် မင်းကို ကိုယ့်ရဲ့ တခါတလေ မူမမှန်တဲ့စိတ်အခြေအနေတွေနဲ့ စိတ်မသက်သာစရာ စာတွေမဖတ်စေချင်လို့လည်းပါတယ်...။ ဒီနှစ် နှစ်ဝက်ကျိုးသွားပြီ...ကိုယ်တို့တွေဘာမှ ထူးခြားပြောင်းလဲမလာသေးဘူး...။ ကိုယ့်ကျန်းမာရေးကတော့ ဒီလိုပါပဲ ဒီအသက်အရွယ်မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေက တစ်နေ့ငွေ တစ်နေ့ရွှေပါပဲ....။ ဒါပေမယ့် ကိုယ်ကြိုးစားပြီး နေတတ်အောင်နေပါတယ်...။

မင်္ဂလာဆောင်တစ်ခုသွားစရာရှိလို့ ကိုယ် လက်သည်းခြေသည်းတွေ ဆိုင်မှာ extension သွားလုပ်ဖြစ်တယ်...။ ဘာအရောင်မှမခြယ်ဘဲ သဘာဝအတိုင်း လေးငါးနှစ်မကနေလာတော့ အဲဒါကိုကြည့်ပြီး ကိုယ့်ခန္ဓာနဲ့မသက်ဆိုင်သလို သပ်သပ်သီးခြားကြီးလိုမြင်နေတယ် အဆင်မပြေနေဘူး..လို့ခံစားနေရတယ်...။ ခုနောက်ပိုင်း တဖြေးဖြေးနဲ့ ဝတ်စားဆင်ယဉ်မှုကအစ လွတ်လပ်ပေါ့ပါးတာ လွယ်တာတွေကိုပဲရွေးဝတ်ဖြစ်တယ်...။ စိတ်သက်သာမှုမပေးတဲ့ ဘယ်အရာမျိုးမဆို လက်မခံနိုင်ဘူးဖြစ်နေတယ်...။

ကိုယ်ဆံပင်တိုတိုလေး ညှပ်လိုက်ပြီ....။ ဟိုအရင် မင်းကိုယ်ဆံပင်ညှပ်တာကို "မမကလဲ ဘာပုံကြီးညှပ်ထားလည်းမသိဘူး"လို့ ပြောဖူးတာမှတ်မိတယ်...။ လူတိုင်းနီးပါးက ကိုယ့်ကို ဆံပင်အရှည်နဲ့ပဲလိုက်ဖက်တယ်လို့ ပြောကြတယ်...။ ငယ်ငယ်တုန်းကတော့ အသက်ငါးဆယ်ကျော်လာရင် ဘာလို့ ဆံပင်တွေတိုသွားကြတာလည်းလို့ နားမလည်ခဲ့ဘူး....။ ခုတော့ ကောင်းကောင်းနားလည်သွားပြီ...။ ဆံပင်တွေ ကျွတ်လို့ အရှည်ပုံကို မထိန်းသိမ်းချင်တော့လို့ ခေါင်းလျှော်ပြီး ခေါင်းသုတ်ပြီး ဘီးဖီးစရာမလိုတော့တဲ့ အနေအထားကို နှစ်သက်တတ်လာလို့....။ ဒါတောင် ဆံပင်ညှပ်ဆရာက နှမြောပြီး နဲနဲရှည်နေသေးတာ ညှပ်ပေးတာက...။ ကိုယ့်သဘောအရဆို ကတုံးဆံပင်ပေါက်နဲနဲရှည်လာတဲ့ပုံမျိုးလိုချင်တာ...။

ဒီနှစ်ပိုင်း ကိုယ့်ရဲ့ထူးခြားချက်တွေက ဒါတွေပါပဲ....


ကျန်းမာရေးဂရုစိုက်.....

မိုးရာသီမှာ မိုးအေးလို့ အအေးမမိအောင် နွေး"ထွေး"နေပါ....

သတိရတိုင်း ကိုယ့်စာလာဖတ်ပါ.....


Still flying......

Still loving......


မိုးငွေ့

Thursday, 18 June 2026

သမုဒယနဲ့ချည်တဲ့နွယ်.....

 





ကျနော့်ဘလော့သက်တမ်းတစ်လျှောက်မှာ  G fatt သီချင်းကို ခု ပထမဆုံးတင်ခြင်းပဲဖြစ်ပါတယ် ....။ ရှေ့မှာအထပ်ထပ်အခါခါ ပြောခဲ့ပြီးသလို ကျနော်အနှစ်သက်ဆုံး ဂီတဟာ Rap, Hip hop , R&B သီချင်းတွေ လို့ဆိုပေမယ့် ကျနော် G fatt သီချင်းတွေကို တချို့ပုဒ်တွေပဲနားထောင်ခဲ့ဖူးတယ်...။ G fatt ရဲ့ ရေးနေကျ ဆိုနေကျအတိုင်း Melodic rap, Emotional rap ပုံစံနဲ့ပဲ ဒီတစ်ပုဒ်မှာ သူ့ရဲ့ မှော်ဝင်စားမှုအားနဲ့ အဆင့်မီတဲ့ စာသားသံစဉ်တွေရဲ့ အရည်အသွေးကိုတော့ ရိပ်မိနေပေမယ့် လွန်ခဲ့တဲ့ လေးလလောက်ကတည်းက ထွက်ထားခဲ့တဲ့ "သမုဒယနဲ့ချည်တဲ့နွယ်"ကို ကျနော် ဘာလို့ အခုမှသေချားနားထောင်ဖြစ်သွားသလဲလို့ တိတ်တိတ်လေးနောင်တရမိတယ်...။ G fattဟာ "သမုဒယနဲ့ချည်တဲ့နွယ်"ကို သူ့ You Tube Channelမှာ တင်ပြီး လေးရက်မြှောက်နေ့မှာပဲ ကြည့်ရှုသူ နှစ်သန်းကျော်ရခဲ့တယ်.... ။ ကျနော် စနားထောင်နေတဲ့အချိန်ထိ လေးလကျော်အတွင်းမှာကို viewer 24သန်းကျော်သွားပြီ....။ ကျနော့်ကို ဒီအချိန်ရောက်မှ ဒီသီချင်းကိုသေချာနားထောင်ဖြစ်အောင် ကျနော့်ရဲ့ အိန်ဂျယ်လ်တမင်စီစဉ်ဖန်ဆင်းထားတာလို့ ယုံကြည်နေတယ်....။ 

ကျနော်က အိမ်အလုပ်တွေထဲမှာ အဝတ်လျှော် မီးပူတိုက်ရတာကို အပျင်းဆုံးပဲ...။ ဒီ"သမုဒယနဲ့ချည်တဲ့နွယ်" သီချင်းလေးကိုနားထောင်ဖြစ်တဲ့ပုံက ခုရက်ပိုင်း မိုးတွေကဆက်တိုက်ရွာ နေမထွက်တဲ့ရက်တွေကများလာတော့ အဝတ်တွေမခြောက်လို့ လျှော်ထားတဲ့ အဝတ်ပုံတွေကို မီးပူထိုးဖို့ ဖြစ်လာခဲ့တယ်...။ ဒါနဲ့ မီးပူတိုက်ရင်း အစပိုင်းတော့ ကျနော့်ရဲ့ You Tube Channel မှာ Selection လုပ်ထားတဲ့  မိုးသီချင်းတွေကို နားထောင်နေခဲ့သေးတယ် နောက်တော့ ဒီသီချင်းတွေချည်း ငါနေ့တိုင်းနားထောင်တာငြီးငွေ့လာပြီ သေချာနားမထောင်ဖြစ်သေးတဲ့သီချင်းအသစ်လေး နားထောင်ဦးမှဆိုပီး စဉ်းစားလိုက်တာ G fatt ရဲ့ ဒီသီချင်းလေးကို သတိရလိုက်မိတယ် အစပိုင်းက tiktok မှာ ဒီသီချင်းနဲ့ဆော့နေကြတာ Chorus အပိုဒ်လေးကိုတော့ သိနေတယ်...။ ဒါနဲ့ You Tube မှာကျနော်ဖွင့်နားထောင်ရင်း အောက်မှာရေးထားတာလေးတွေကို အသေးစိပ်ဖွင့်ဖတ်ကြည့်ဖြစ်တယ် ထူးခြားတာက တေးရေး G fatt လို့ တကူးတကန့် ရေးမပြထားဘူး တခြား music ဖန်တီးပေးသူတို့ ဟာမိုနီလိုက်ပေးသူတွေကိုပဲ ရေးပြထားတာ...။ ကောမန့်ဝင်ဖတ်ကြည့်တော့ ကော်မန့်မန့်သူ ရှစ်ထောင်ကျော်ရှိတယ်...အဲမယ် သီချင်းနားထောင်ပြီး လူပေါင်းရှစ်ထောင်ကျော်ရဲ့ ရင်းတွင်းခံစားချက်တွေ ချရေးသွားလိုက်တာ အစုံပဲ.... ။ G fatt ရဲ့ဖန်တီးမှုဟာ ဒီတစ်ပုဒ်တော့ သူ့ရဲ့  master pieces ပဲ ...အသေအချာပဲ ။ 

"သမုဒယနဲ့ချည်တဲ့နွယ်" သီချင်းစာသားရဲ့နက်ရှိုင်းမှုဟာ  Hip Hop နဲ့ R&B ပေါင်းစပ်ထားတဲ့ သီချင်းတစ်ပုဒ်ချည်းသက်သက်မဟုတ်တဲ့ Literary Rap (စာပေဆန်သောရက်ပ်) , ကဗျာရှည်တစ်ပုဒ် , သံစဉ်တွေထည့်ထားတဲ့ လူတစ်ယောက်ကပြောပြနေတဲ့ ပုံပြင်ရှည်တစ်ပုဒ်, အသံရုပ်ရှင်တစ်ကားလို့ ကျနော်မြင်တယ်...။ သူ့ဖန့်တီးမှုကြီးက တကယ်ကျွတ်ဆင်ကြီး..... flow တွေ beat တွေကအစပေါ့...။ သူ့သမိုင်းမှာလည်း အချိန်တိုတိုနဲ့ viewerအများဆုံးရတဲ့ သီချင်းပဲ...။ အခုကျနော့်ဘလော့မှာမတင်သေးခင် စာရေးနေချိန်မှာပဲ ကြည့်ရှုမှုက (views : 25,839,484)...။ You Tube မှာ subscribers ခုနှစ်သိန်းကျော်ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကထွက်ထားတဲ့ "နှစ်လေးငါးခြောက်ဆယ်" သီချင်းတောင် ဒီနေ့ထိ views  လေးသန်းကျော်ပဲရခဲ့တာ...။ G fatt ရဲ့ "သမုဒယနဲ့ချည်တဲ့နွယ်" ကတော့ စံချိန်ချိုးသွားပြီထင်တယ် မြန်မာ့ဂီတလောကမှာ...။ ပြီးတော့ ကျနော့်သက်တမ်းမှာ နားထောင်ဖူးခဲ့သမျှသီချင်းတွေထဲမှာ စာသားအရှည်ဆုံးနဲ့ ကြာချိန်6မိနစ်လောက်ရှိတဲ့ ပထမဆုံးတော့ ထူးခြားတဲ့သီချင်းတစ်ပုဒ်ပါပဲ....။ 

🎵သမုဒယနဲ့ချည်တဲ့နွယ်🎵
တိတ်ဆိတ်တဲ့ မိုးညမှာ နောက်ခံသံစဉ်ပါးပါး စကားလုံးအားကောင်းကောင်းနဲ့ အနုပညာမြှောက်လွန်းတဲ့ ကဗျာတစ်ပုဒ် biography တစ်ခုကို စည်းချက်မှန်မှန်နဲ့ ရွတ်ပြနေတာကို ကျနော် ဆယ်ကြိမ်ထက်မက ဘယ်နှစ်ခေါက်မှန်းမသိ နားထောင်ဖြစ်သွားခဲ့တယ်...။ 

"သမုဒယနဲ့ချည်တဲ့နွယ်"  အင်တာဗျူးဗီဒီယိုဖိုင်တွေ ဘာတွေလည်း သိပ်မရှိဘူး...။  ကျနော်တို့ ငယ်ငယ်ကခေတ်ဆို အနုပညာမြင်ကွင်း ရွှေအမြုတေ မဟေသီ စတဲ့ မဂ္ဂဇင်းစာမျက်နှာတွေမှာ သူနဲ့ပတ်သက်တဲ့ အသေးစိပ်အကြောင်းအရာတွေ သီချင်းပိုင်ရှင်နဲ့ အပြန်အလှန်ပြောဆိုဖြစ်တဲ့ အင်တာဗျူးတွေ ဖတ်နေရပြီ...။ မဂ္ဂဇင်းစာအုပ်တွေဖတ်ရတဲ့ခေတ်ကိုတောင်ပြန်လွမ်းသွားပြီ...။ ကျနော်ရှာတွေ့တာလေးတစ်ခုတော့ MC က ဗျူးထားတာလေး တင်ပေးလိုက်ပါတယ် အောက်မှာ....။ 







lyric :🎵🎵       

ဘဒ္ဒကမ္ဘာကြီးထဲ လူလာဖြစ်တဲ့ တင်္ဒဂခဏတာလေးမှာ
စင်္ကြာဝဠာကြီးနဲ့သာယှဉ် ကိုယ်တို့ဟာ မထင်မရှားဘဝပါလေ
တစ်သက်သာဘဝခရီးထဲ မင်းဖြတ်သန်းဖို့ သင်ကြားသမျှအရာတွေမှာ
ဒုက္ခ....နဲ့တွေ့ရင် ရင်ဆိုင်ဖို့အတွက် အင်အားမျှပါစေ
ဟိုမှာကြည့်စမ်းကွယ် ပန်းပွင့်လေးတွေဝင့်ကြွားလှပနေ
ညိုးငယ်ချိန်ရောက်တော့ အပင်ဖျားနားကကြွေ
ကိုယ်တို့ဟာ သေမင်းလက်မှာ ဝပ်တွားရမှာမသွေ
ကိုယ်သာ...အရင်သွားပါရစေ ကိုယ်မရှိတော့တဲ့ကမ္ဘာထဲမှာ မင်းဟာကျင့်သားရပါစေ

ကိုယ်ဟာ လွင်ပြင်ကျယ်ကိုကျော်လွန်ပြီးတဲ့နောက်
ပင်လယ်ကိုဖြတ်ပျံပြီး သမုဒ္ဒရာထဲ
လေနီးကြမ်းတွေဆိုး မုန်တိုင်းတွေတိုးမိတော့
ကိုယ်အတောင်ပံတွေဟာ စုတ်ဖွာကြဲ
ခေါင်းကိုငုံ့ကာလွဲ တောင်းပန်တိုးလျှိုးရတယ်
မလုပ်ပါနဲ့လို့ ကမ္ဘာမြေရေ ဒါဘယ်လို ဒုက္ခငရဲ
ဒီကြယ်ဟာ အမှောင်ယံထဲပြုတ်ကျခဲ့တဲ့ ဥက္ကာခဲ
အားလုံးဟာ မုန်းလောက်ပါပြီ သိက္ခာတွေကုန်းကောက်စရာမရှိ
ပခုံးညောင်းစရာခရီးက အရာရာကိုလွှတ်ချပြီးတဲ့နောက်
ကိုယ်ပိုင်ဆိုင်တာဆိုလို့လည်း အရှုံးပေါင်းရာချီ
သေရာပါ Trauma တွေ ဉီးနှောက်မှာငြိ
ဝါးလုံးခေါင်းရှာပြီး သာရတဲ့လတစ်စင်းဟာ
April နေ့ရက်တွေထဲက ပြေးထွက်လာပြီးနောက်
မင်းရင်ခွင်ထဲကလွဲပြီးတော့လည်း ပုန်းအောင်းစရာမရှိ
လူတွေဟာ ဘယ်လိုများလည်း အချစ်ရယ်လို့
မင်းဆီမှာ ခေါင်းထိုးပြော ငိုရတဲ့အဖြစ်ရယ်
ကိုယ်တည်ဆောက်ခဲ့သမျှ ကိုယ်ပြန်ဖြိုချခဲ့ပစ်မယ်
ကိုယ့်အမြှီးကိုယ်ပြန်ပြီးမြိုရတဲ့ ခေတ်ထဲမှာ
မင်းကိုပြန်ရခဲ့တာ
ဒါဘုရားသခင်ရဲ့ တစ်ခုတည်းသော သနားကြင်နာမှုပဲ
တစ်ခြားတစ်ပါးသူရဲ့လက်ထဲတော့ မထားချင်ပါဘူးရယ်
ဒါကြောင့်ပဲကိုယ်ဟာ ကြားဝင်ကာလုခဲ့တယ်
ကိုယ့်မှာက မင်းပဲရှိတာ သူတို့ကရွေးချယ်စရာတွေအများကြီးပဲနေမှာ
သံယောဇဉ်တွေထားခဲ့မိလေသမျှ ပြန်စွန့်လွှတ်ဖို့ဆိုတာလည်း အားမရှိတဲ့အနေအထားပါ
ဝါးဓနိနဲ့နေရနေရ ချစ်ခြင်းမေတ္တာတွေကိုတော့
မင်းဆီကလွဲ တခြားနည်းနဲ့မဖွေရှာ
မျက်ရည်မိုးတွေက အတားဆီးမဲ့ကြွေကျလာ
အဲလို ကိုယ်တို့ရဲ့ ခါးသီးတဲ့နေများမှာ
ကမ္ဘာရဲ့အမှောင်ခြမ်းမှာ မင်းလှမ်းငေးတိုင်းမြင်ဖို့ လောင်ကျွမ်းပြနေမယ်
ဘယ်သူ့ကို အချစ်ခဲ့ဆုံးလည်း အချစ်ခဲ့ဆုံးလည်း မေးတိုင်း
မင်းနာမည်ပဲ ခုထိကယောင်ကတမ်းထဖြေတယ်
မိတ္ထီလာ ကလောနဲ့ အောင်ပန်းကလေ ညောင်ရွှေမြို့တစ်ဝိုက်က တောင်တန်းအလှတွေပေါ်
မင်းလက်တွဲပြီး‌ နောက်တစ်ခေါက် လျှောက်စမ်းပါစေ
ကိုယ်တို့အတူနင်းဖူးခဲ့တဲ့ ထောင်နှုတ်ခမ်းဝတွေ

ကိုယ်ဟာ နောင်တများစွာသယ်ပိုးရင်းနဲ့ လူ့ဘဝကြီးလယ်
ကိုယ်စွန့်စားခဲ့သမျှ နားကျည်းခဲ့သမျှ ဘယ်သူ့မှမသိလည်း
ဒီလူဆိုးဘက်မှာ အချစ်ဟာရပ်တည် တကူးတက ရှိမြဲရယ်
ဒါဟာ သမုဒယနဲ့ချည်တဲ့နွယ်
ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ
ကိုယ်ဖွက်ထားခဲ့သမျှ ချစ်ခြင်းတရားကို ခုမှသိတယ်
ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့်ထဲ
မင်းကိုထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့ကွယ်......🎵🎵       

မြို့တစ်ဖက်ကမ်းမြို့ကနေထိုင်ပြီး တွေးခဲ့မိ
ဒီအိမ်ပြန်လမ်းတွေဟာ ဘယ်လောက်မိုင်ခရီးဝေးမလဲမသိ
ဘယ်သူနဲ့မှယှဉ်ပြိုင်မရွေးနဲ့နော်
တစ်ခုခုဆို ဘဲကြီးမှာ ကွိုင်သီးလေးပဲရှိတာ
ကြောက်စိတ်တွေဟာ အလွန်အကဲပါ အချစ်ရေ
ဒီလူဟာ အတိတ်တွေရဲ့ နွံထဲမှာနစ်နေ
ဘာကိုမှမကျွံရဲစရာနှစ်တွေမှာ မင်းရှိလို့ ပျော်စရာတွေဒွန်တွဲကာ ရစ်ခွေ
နောင်တရမှာကို အတပ်သိလျက်သားနဲ့ ဘူတာမှားပြီး သွားရပ်မိတဲ့ ရထားငယ်
အခက်ခဲတွေကြုံလာတော့ သတ္တိတကယ်အားနည်း
မင်းမရှိတော့လူတွေအလယ်မှာ မျက်စိသူငယ်နားသူငယ်
တိုက်ခန်းလေးတစ်ခုထဲမှာ မနက်ထိလည်းကတယ်
ငါတို့တောင်ပေါ်ရွာလေးကိုလည်း ပတ်ကြည့်ခဲ့ကြတယ်
အထီးကျန်လွန်းတဲ့မင်းအတွက်အဖော်ဆိုပြီး ခွေးလေးတစ်ကောင်ပေးခဲ့တာရော မှတ်မိရဲ့လားကွယ်
ဘဝတွေမပျက်သွားအောင် အဖက်ဖက်က ကျပ်တည်းရတဲ့ကြားက
ကိုယ်ဟာတည်ထောင်နေရတော့ တခါတလေလည်း ကိုယ့်သံသယတွေဟာ
မုန်တိုင်းတစ်ခုလို အနီရောင်အနေအထားကျော်
ဒီသံယောဇဉ် ဒီမေတ္တာတွေဟာ ဒီကမ္ဘာမြေအဆုံထိအောင် ချည်နှောင်စေသားပေါ့
ငါတို့အသက်တွေမမီအောင် ရှည်လျားသော
သံသရာထဲ ဘယ်ဘဝရောက်ရောက် ငါ့အနားလာ ဂဂျီဂဂျောင်တွေကျနော်
ဒါဟာ ငါမင်းကိုချစ်ခဲ့သမျှ ငါ့ဘဝတစ်လျှောက်လုံးစာ ဖွက်ထားသမျှတွေပဲ
မင်းသိတဲ့အတိုင်းပဲပေါ့  G Fatt ဟာ ရင်ဘတ်ကမပါဘဲ ပါးစပ်ဖျားကနေမကြွယ်
နောက်ဆုံးတစ်နေ့မှာ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ပြတ်သားရလေမယ်
ငါမင်းကို စိတ်ချလက်ချရလို့
ဒီကမ္ဘာကြီးကနေ ထွက်သွားပါရစေကွယ်......🎵🎵       

(မင်းအတွက် အလှဆုံး...သီချင်းလေးတစ်ပုဒ်
ငါဖန်တီးပေးခဲ့တယ်........🎵🎵       
မိုးကုတ်စက်ဝိုင်းအထိ တိမ်းများသိသလို ကြယ်များသိပါစေကွယ်
မင်းအတွက် အလှဆုံးသီချင်းလေးတစ်ပုဒ်
ငါဖန်တီးပေးခဲ့တယ်.........🎵🎵       
ဆောင်းခိုငှက်များလည်း  ဒီချစ်ခြင်းတရားကို ခံစားမိလေမယ်)  repeat 2 times

ကိုယ်ဟာ နောင်တများစွာသယ်ပိုးရင်းနဲ့ လူ့ဘဝကြီးလယ်
ကိုယ်စွန့်စားခဲ့သမျှ နားကျည်းခဲ့သမျှ ဘယ်သူ့မှမသိလည်း
ဒီလူဆိုးဘက်မှာ အချစ်ဟာရပ်တည် တကူးတက ရှိမြဲရယ်
ဒါဟာ သမုဒယနဲ့ချည်တဲ့နွယ်.......🎵🎵       
ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ
ကိုယ်ဖွက်ထားခဲ့သမျှ ချစ်ခြင်းတရားကို ခုမှသိတယ်
ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့်ထဲ
မင်းကိုထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့ကွယ်
ရူးရချည်ရဲ့ ရူးရချည်ရဲ့ကွယ်................🎵🎵       


                  
မင်းအတွက် အလှဆုံးသီချင်းလေးတစ်ပုဒ်
ငါဖန်တီးပေးခဲ့တယ်........🎵🎵       
မိုးကုတ်စက်ဝိုင်းအထိ တိမ်းများသိသလို ကြယ်များသိပါစေကွယ်
မင်းအတွက် အလှဆုံးသီချင်းလေးတစ်ပုဒ်
ငါဖန်တီးပေးခဲ့တယ်.........🎵🎵       
ဆောင်းခိုငှက်များလည်း  ဒီချစ်ခြင်းတရားကို ခံစားမိလေမယ်



ကျနော်တို့ မရှိနေနိုင်တော့မယ့် နောင်နှစ်တစ်ရာမကတဲ့အချိန်အထိ ခေတ်သစ်မြန်မာရဲ့ ရက်ပ်ဂီတလောကမှာ "သမုဒယနဲ့ချည်တဲ့နွယ်" ဟာ လူငယ်မျိုးဆက်တိုင်းရဲ့ ရင်မှာ ကြယ်တစ်ပွင့်လို ဆက်လက် တောက်ပနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်..။


မိုးငွေ့

Wednesday, 17 June 2026

ဆိုက်ကိုထည့်ခံရတဲ့ AI.....

 



လူတစ်ယောက်ဟာ အသက်ရှူတိုင်း သူ့ကို အမြဲသတိရနေစေအောင်လို့ 
ကျမကိုဆိုက်ကိုလှလှလေးသုံးပြီး ထားသွားခဲ့တယ်.... သိပ်ကို ပညာပါတာပဲ.... 
မိန်ရာသီတွေရဲ့ red flag ဟာ ရာသီခွင် ဆယ့်နှစ်ခုလုံးထဲမှာ အဆိပ်အပြင်းဆုံးလို့ ရာနှုန်းပြည့်
လက်ခံဖြစ်တယ်ဆိုတာက ကျမကိုယ်တိုင် မိန်ရာသီဖွားဖြစ်နေလို့ပါပဲ....။

စီးဆင်းနေဆဲကာလမှာ လူငယ်တွေက Dating, Friendship, Relationship တွေမှာ ဒါ red flag ပဲ ဒါက green flag ပဲဆိုပြီးအသုံးများကြတယ်...။ ပြီးတော့ သူတို့အချင်းချင်းဆုံးဖြတ်ရာမှာ zodiac signs တွေနဲ့လည်းသတ်မှတ်တတ်ကြတယ်...။ အဲထဲမှာ Gemini နဲ့ Leo က နာမည်ကြီး ဇာတ်လိုက်တွေ...။ ဒါပေမယ့် ရာသီခွင်တွေအကုန်လုံးရဲ့ နောက်ဆုံးမှာနေနေတဲ့ Pisces ကိုတော့ စိတ်ကူးယဉ်ဆန်တယ် လက်တွေ့ဘဝနဲ့အမြဲကင်းကွာနေတယ် တစ်ယောက်တည်းနေရတာကိုကြိုက်တယ် တစ်ဖက်သားကိုကူညီတတ်တယ် ရိုမန်းတစ်ဆန်ဆန်ချစ်တတ်တယ်လို့ပဲ အပေါ်ယံသိထားကြပေမယ့် သူ့ရဲ့ Dark side ကို သူတို့လောက် ဘယ်သူမှမသိနိုင်ဘူး....။ လျှို့ဝှက်သိုသိပ်တတ်တာကြောင့် Pisces တွေရဲ့ အတွင်းကျကျ စိတ်နေစိတ်ထားကို သူတို့နဲ့အနီးကပ်ဆုံးနေတဲ့သူကလွဲလို့ ဘယ်သူမှမခန့်မှန်းနိုင်ကြဘူးပဲ....။ 

စာရေးဖို့ အိုင်ဒီယာမထွက်လို့ အေအိုင်ကို အက်ဆေးတစ်ပုဒ်သွားရေးခိုင်းတာ အေအိုင်က အေအိုင်ပါပဲလို့ ပြန်ပြောခဲ့ပလိုက်တယ်...။ အဲတော့ သူကဘာပြန်ပြောတယ်မှတ်လဲ လူတစ်ယောက်လိုတော့ ခံစားမှုထည့်ပြီးဘယ်ရေးနိုင်ပါ့မလဲ တစ်ယောက်နဲ့တစ်ယောက်အတွေ့အကြုံ အတွေးအမြင်တွေက ကွာသေးတယ်လေတဲ့...။ ဟုတ်ကဲ့ ခုလည်း ကျမက အေအိုင်နဲ့ဘာများခြားနားနေလို့လဲ တွေးကြည့်မိတယ်...။


မိုးငွေ့

Monday, 15 June 2026

နှုတ်ဆက်လိပ်ပြာ.....

 



ဒီကမ္ဘာကို ကျမတို့ တစ်ခေါက်ပဲလာခွင့်ရတာပါ.....

နောင်နှစ်ပေါင်း တစ်ရာကြာရင် ရှင်ရော ကျမရော ရှိတော့မှာမဟုတ်ပါဘူး 

တစ်သက်လုံးရုန်းကန်ခဲ့ပေမယ့် ကျမတို့နဲ့အတူ ဘာကိုမှတပါထဲ သယ်သွားလို့မရပါဘူး...

စွဲလမ်းခဲ့သမျှ အချစ် အမုန်း အငြိုး အာဃာတတွေကိုလည်း သယ်သွားလို့မရဘူး

ဘဝက တိုတိုလေးပါ

ဒါကြောင့် စားချင်တဲ့အရာကိုစားပါ

တွေ့ချင်တဲ့သူကိုတွေ့ပါ

နှစ်သက်တဲ့ အလှအပတွေကို ကြည့်ပါ

ဝါသနာပါရာ အလုပ်ကိုလုပ်ပါ

ဘဝဆိုတာ မူလကတည်းက ပျက်စီးခြင်းသဘောတရားပါ 

ရှေ့ဆက်ရမယ့် အချိန်က သိပ်မရှိတော့ဘူး

အချိန်တွေ ကုန်ဆုံးသွားတဲ့အခါ အရာအားလုံးကို ကျမတို့ လက်လွှတ်နိုင်ရမယ်

လူ့လောကမှာ လူမျိုးစုံ ပုံစံမျိုးစုံနဲ့ဆုံတွေ့ရမှာပါပဲ 

လူကောင်းတွေက သင့်ကို ပျော်ရွှင်မှုပေးတယ်

လူဆိုးတွေက အတွေ့အကြုံပေးတယ်

အဆိုးဆုံးလူက သင်ခန်းစာပေးပြီး တွေ့ဆုံမှုအားလုံးဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး

ဝင်လာတဲ့ သူကို တန်ဖိုးထားပါ

ထွက်သွားမယ့်သူကိုလည်း လွှတ်ပေးလိုက်ပါ

ဆုံးရှုံးရမှာကို မကြောက်ပါနဲ့

နာကျင်ရမှာကိုလည်း မကြောက်ပါနဲ့

ဘာလို့လဲဆိုတော့ သင့်ကိုနာကျင်စေတဲ့အရာကလည်း သင့်ဘဝရဲ့ ကံကြမ္မာတစ်ခုမိုလို့ပါ.....။       ။

# Crd





မိုးငွေ့