ရုံးဆင်းတော့ လမ်းထိပ်မှာ သင်တန်းသွားဖို့ကားစောင့်ရင်း ကလေးလေးတစ်ယောက်သုံး ဘီးစက်ဘီးလေးစီးတာကိုကြည့်ပြီး ငယ်ငယ်တုန်းက စီးခဲ့ဖူးတဲ့ စက်ဘီးလေးကို သတိရသွားတယ်...။ မှတ်မိသေးတယ် စက်ဘီးလေးက သံကိုယ်ထည်လေး (စောစောက ကလေးစီးတာက ပလပ်စတစ်တွေချည်းနဲ့လုပ်ထားတာ)... ပလပ်စတစ်ဆိုလို့ အနီရောင်လက်ကိုင်လေးနဲ့ ခြေနင်းလေးပဲရှိတယ်...။ ခါးအမှီ သံလုံးအခုံးလေတစ်ခုပါတယ် အဲဒါလေးပဲ....။ ကျွန်မတို့အိမ်ရှေ့မှာ ကုက္ကိုပင်ကြီးတစ်ပင်ရှိတယ် အဲဒီပင်နားက မြေကြီးကမူလေးက ကုန်းလေးလိုဖြစ်နေတော့ စက်ဘီးစီးရင် အဲဒီကုန်းလေးကနေ လျှောချပြီးစီးရတာကို သိပ်သဘောကျတယ်...။ အဲဒီတုန်းက ကျွန်မအသက် ခုနှစ်နှစ်လောက်ရှိမယ်ထင်တယ်...။ နဲနဲကြီးလာတော့ ဦးလေးဝယ်ထားတဲ့ အနီရောင်ဘီအမ်အိပ်စ်စက်ဘီးလေးကို ခြေမမီ့တမီနဲ့စီးတယ်...။ ထိုင်ခုံလေးက ဆိုင်ကယ်လိုပဲ အရှည်လိုက်လေး နောက်မီးလုံးတွေဘာတွေအပြည့်အစုံနဲ့ လှလည်းလှတယ်...။ အဲဒီတုန်းကတော့ အဲလို စက်ဘီးမျိုးစီးပြီး စက်ဘီးခေါင်းထောင်တာပြိုင်ကြတယ်...။ ပျော်ဖို့ကောင်းတယ်...။
ငယ်တုန်းက ကစားစရာတွေက ခုခေတ်လို တီဗီဂိမ်းတွေဘာတွေမရှိဘူး... တီဗီတောင်မှ အိမ်ပေါက်စေ့မရှိကြတဲ့ခေတ်...။ ဒါပေမယ့် ကျွန်မတို့မှာ ဆော့စရာတွေက များမှများပဲ....။ ကစားနည်းတွေလည်းများတယ်...။ ညနေကျောင်းဝင်းထဲက အတန်းပိုင်ဆရာမဆီမှာ ကျူရှင်မတက်မီ ဆရာမထမင်းစားနေချိန်ဆို... ဆရာမက ဘောလီဘောတစ်လုံးပေးထားတယ် အဲဒါပုတ်ကြတယ်...။ ကျွန်မတို့ဆရာမက တောင်ကြီးမှာ ကျောင်းတက်တုန်းက လက်ရွေးစင်တဲ့... ဒါကြောင့် အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ ခန္ဓာကိုယ်ဖြစ်နေတာ....။ ဘောလီဘောကိုလဲ လက်နာပေမယ့် ပုတ်ကြတာပဲ... ဆားဗစ်ပေးရတာစိတ်ဝင်စားဆုံးပဲ...။ နောက် ကြက်တောင်လဲရိုက်တယ်...။ နယ်ကျောင်းဝင်းဆိုပေမယ့် ဘောလုံးကွင်း ကြက်တောင်ကွင်း ဘောလီဘောကွင်း အစုံရှိတယ်....။ နောက်ကစားနည်း တစ်မျိုးရှိသေးတယ်...။ ဘေ့စ်ဘောနဲ့ခပ်ဆင်ဆင်ပဲ...။ တစ်ဘက်က ပင်ပေါင်ဘောလေးကိုပစ်ပေး တစ်ဘက်က ဘတ်တံနဲ့ရိုက်ရတယ်...။ ကျွန်မတို့ကတော့ ဘတ်တံမရှိရင် ဖိနပ်နဲ့လည်းရိုက်တာပါပဲ... ဘောလုံးလေးအဝေးရောက်တာခြင်းတော့ ကွာတာပေါ့...။ အဲဒီဘောလုံးကိုပစ်ပေးသူပြေးကောက်နေတဲ့ချိန်မှာ ရိုက်တဲ့သူက စည်းပတ်ပြီးပြေးရတယ် ကိုယ်ပြေးနိုင်တဲ့အပေါ်မှာ အမှတ်ရတယ်...။ ဘောလုံးကောက်ပြီး ကိုယ့်ကိုပြန်လာမပစ်ခင် ကိုယ့်နေရာကိုပြန်နေရတယ်....။ အဲလိုကစားနည်းမျိုး...။ ပြီးတော့ အဖွဲ့နှစ်ဖွဲ့ ဗြောင်နောင်နောင်ဗေဗေ့ကျိ လုပ်ပြီး ရှုံးတဲ့ အဖွဲ့က နိုင်တဲ့အဖွဲ့ကို ကုန်းပိုးပြီးစည်းအ၀ိုင်းအတိုင်း ချဲပြီးရပ်ရတယ်...။ ကုန်းပေါ်ကသူတွေက အ၀တ်ထုတ်သို့မဟုတ် ဘောလုံးတခုခုပေါ့ အဲဒါကို တစ်ယောက်ကိုတစ်ယောက် ပစ်ပေးရတယ်...စည်းများများပတ်ပြီးလက်ဆင့်ကမ်းနိုင်ရင် အမှတ်ရတာပေါ့...။ အထုပ်ကလေးပြုတ်ကျသွားရင်တော့ ရှုံးပြီ...။ ကစားနည်းတွေက တော်တော်များတာ...။
ညဘက်ဆို လသာတဲ့ညဆို ကျွန်မတို့ကလေးတွေတစ်သိုက်ပိုပြီးပျော်ကြတယ်...။ စည်းဝိုင်းအကြီးကြီးဆွဲပြီး ခွေးရူးကျတဲ့သူက ၀ိုင်းအပြင်ဖက်မှာနေ ကျန်တဲ့သူတွေက အတွင်းမှာ စုပြီး In လား out လားလို့ ခွေးရူးကိုမေးရတယ်...။ သူက အတွင်းသူတွေကို ကြည့်ပြီး In လို့အော်ရင် သူက စည်းအတွင်းကိုအဲဒီလူတွေလိုက်ဖမ်းတာ အတွင်းကလူတွေက စည်းအပြင်ဖက်ကိုအမြန်ပြေးထွက်ရတယ် မထွက်ခင်မိသွားရင် အဲဒီတစ်ယောက်ခွေးရူးဖြစ်ပြီ...။ Out ဆိုရင်တော့ သူက စည်းအပြင်ဖက်ကနေ အတွင်းကလူတွေကို ပတ်ပြီး ဖမ်းရတယ်... ။ ဂုံညင်းဒိုးပစ်တမ်း... ၀ါးလက်ခုတ်တမ်း အဲလိုတွေ အစုံကစားကြတယ်..။ အိမ်မှာက ဆိုင်ဖွင့်ထားတော့ သရေကွင်းတွေကိုကြိုးသီပြီး ကြိုးခုန်တမ်းကစားတယ်...။ အိုးပုပ်လည်းဆော့တယ်...။ အ၀တ်စတွေနဲ့လုပ်တဲ့အရုပ်နဲ့လည်းကစားတယ်...။ မကျည်းစေ့တွေတောက်တယ်..။ တခါတခါ မကျည်းစေ့ပုလင်းကြီးပိုက်ပြီး မြေကြွင်းတူးပြီး ကစားကြတယ်....။
ငယ်တုန်းက ကစားခဲ့တာတွေကို သတိရသွားတယ်.......။ အဲလို ဖြူစင်တဲ့ ကလေးဘ၀လေးဟာ ဘယ်တော့မှပြန်မရနိုင်တော့ဘူးလေ.......။ လူကြီးဘ၀မှာတော့ အရောင်တွေကစုံလွန်းတယ်... ကလေးတုန်းကလို အဖြူထည်လေးမဟုတ်တော့ဘူး......။ လောကကြီး ပြောင်းလဲသလို အလိုက်သင့်အလျားသင့်နေထိုင်ရင်း အရောင်တွေလည်းစုံခဲ့ပြီပေါ့.......။

မိုးငွေ့
24 comments:
ပြန်မရနိုင်တော့တဲ့ ကလေးဘဝကို ပြန်လိုချင်မိတယ်။ ခုတော့ ရောင်စုံတွေကြားထဲပေါ့။
ချစ်တဲ့
သဒ္ဒါ
ငယ်ငယ်ကတော့..
ဘိန်ခွေလှိမ့်တယ်..ဂေါ်လီရိုက်တယ်
သြဇာသီးတောက်တယ်.အသုပ်ရောင်းတိုင်း၊
စစ်တိုက်တိုင်းဆော့တယ်း)
(သူခိုးဖမ်းတိုင်းတောင်ပါသေးး)
ပြန်မရနိုင်တော့တဲ့..
ငယ်ဘ၀လေးကိုလွမ်းလိုက်တာကွယ်
ခုတော့..အရောင်စုံတွေကြားထဲမှာ
ကိုယ်က..အဖြူထည်လေးပေါ့းP
ပျော်ရွှင်ချမ်းမြေ့ပါစေ
ခင်မင်စွာနဲ့
အပူအပင်ကင်းတဲ့ ကလေးဘ၀ကို
တစ်ခါပြန်ပြီးရချင်သေးတယ်
အပြစ်မရှိ သေးတဲ့ ကလေးဘ၀ကိုတစ်ခါပြန်ပြီး
ရချင်သေးတယ်
(ဦးထီးဆိုင်အသံနဲ့တူတယ်မဟုတ်လားဟင်)
ချစ်တဲ့ jasmine
အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ ကိုတခါပြန်ပြီးရချင်တယ် မနှင်းဆီ
မိုးငွေ့ရေးမှ ငယ်ဘ၀လေး သတိရသွားတယ်.. :D
ငယ်ဘ၀ကစားတဲ့ အထဲမှာ သတိရဆုံးက ဇတ်ပွဲကတာပဲ ဟိဟိ
ကိုထီး၇ဲ့ သီချင်းလေးဆိုသွားတယ်သူငယ်ချင်းေ၇..အပူပင်ကင်းတဲ့ကလေးလေးဘဝကို တခါပြန်ပြီး၇ချင်သေးတယ်..
မမိုးစီးခဲ့တဲ့စက်ဘီးလေးက ဗိုလ်အုန်းသီးဘီးထင်ရဲ့....၊
အင်း..အစ်မရေးမှပဲ..ငယ်ငယ်ကဆော့ကစားခဲ့တာတွေ
ပြန်တွေးမိတယ်...၊ကျွန်တော့်ဗိုလ်အုန်းသီးဘီးကလေးကို
လည်းသတိရမိတယ်...၊အင်း...ကလေးဘဝကဖြူစင်လှပါ
တယ်မနှင်းဆီရယ်......
ငယ်တုန်းကတော့ ဘာဆော့ဆော့ ပျော်နေတာဘဲ
မောရမှန်း ပန်းရမှန်း မသိလောက်အောင်ပါဘဲ
ထမင်းမေ့ဟင်းနေမေ့လို့ ဆိုရမယ်..
အရိုက်ခံရတာလည်း ရှိခဲ့ဖူးပါရဲ့မမိုးရေ
ဘာဘဲဖြစ်ဖြစ် ငယ်တုန်းကဘဲ ပျော်တယ်..
ဟုတ်တယ်အမရေ..
ငယ်ငယ်ကတော့အဆော့သန်သလား
မမေးနဲ့ ထမင်းစားချိန်ဆိုအိမ်က
တုတ်တချောင်းနဲ့လိုက်ခေါ်ရတယ်
အခုတော့လည်းအမရယ်..
အဲဒီအချိန်လေးတွေက လွမ်းစရာလေးတွေ
အဖြစ်နဲ့ကျန်ခဲ့ပြီလေ..အတိတ်ကလည်း
ဘယ်လိုပြန်စဉ်းစားစဉ်းစား
လွမ်းစရာကောင်းနေတာ့တာဘဲနော်..
ဘေ့စ်ဘော လိုကစားတာ၊
ကျမတို့ လည်းကစားကြတယ်။
ငယ်ငယ်တုံးက ကျုရှင်ဆိုတာနဲ့ လုံးပန်းခဲ့ရတဲ့၊
ခုခေတ်ခလေးတွေလိုမဟုတ်တော့၊
ဆော့ကစားချိန်တွေများခဲ့ကြတယ်နော်..။
ခင်မင်တဲ့
မီးမီး
ငယ်ငယ်ကပေတေခဲ့တာတွေအခုတလော ပြန်တွေးစားမြုံပြန်နေမိတယ်
အစ်မမိုးရေ...ငယ်ငယ်က ဆော့ခဲ့ကြတာလေးတွေကို ပြန်သတိရသွားတယ်...ညအခါလသာသာ ဆိုတာ အဲဒီတုန်းက တကယ်ပါပဲ...ခုတော့လွမ်းစရာလေးတွေပေါ့ :)
ခင်တဲ့(ဖိုးကြယ်)
ဟုတ်တယ်ဗျာ၊ တီဗီဂိမ်းတစ်ခုနဲ့ ကုပ်မနေဘဲ ကျန်းမာသန်စွမ်းစွာ ပြေးလွှားခုန်ပေါက်ခဲ့တဲ့ ငယ်ဘဝ တွေကို ပြန်အမှတ်ရမိတယ်၊ ကျနော့်မှာလည်း ဗိုလ်အုန်းသီး တစ်စီး ရှိသလို BMX လည်း ခေါင်းထောင်၊ ဖင်ထောင်ပြီး စီးခဲ့သေးတယ်၊ မမိုးငွေ့ ပြောတဲ့ ကစားနည်းတွေကို လွမ်းသွားပြီ...။
ကလေးဘဝတုန်းက အသေအလဲဆော့ ၊ မောမောနဲ့ထမင်းကလည်း စားလို့ကောင်း ၊ စာကျက်တော့မယ်ဆို မျက်လုံးက စင်းလာပြီး တစ်နေကုန်ဆော့ထားတော့ ပင်ပန်းပြီကိုး...။ ဒီပို့စ်လေးဖတ်ပြီး ကလေးဘဝကို သတိရမိတယ်။
ခင်တဲ့
မေသိမ့်
မဖတ်ရတာတောင်ကြာပီ..
သြော်... BMX ခေါင်းထောင်ပြိုင်ကြတယ်ဆိုပါလား
ခေါင်းထောင်ပြိုင်ကြတာတော့မဖြစ်နိုင်ဘူး..
ခေါင်းအကွဲပြိုင်တာပဲဖြစ်မယ်..
အင်းးး မိုးကြီးလဲ ခေသူတော့မဟုတ်ဘူးပဲ :P
အို.... ဖတ်ပြီးချင်း သူငယ်ပြန်သွားသလိုပဲ..။
ငယ်ငယ်က ခြံထဲ ပေသလူးနေအောင် ဆော့ခဲ့တာတွေ ပြန်သတိရမိတယ်..။ နဖူးကွဲ.. ဒူးပြဲခဲ့ချိန်တွေပေါ့..။ ဒါမျိုး အခု ပြန်မရနိုင်တော့ဘူးရယ်..။ :(
ငယ်ငယ်တုန်းက ကောင်တွေ ခုတော့ တစ်ကောင်မှ မရှိတော့ဘူး။ တွေ့ လည်း ဘယ်သူမှ ဂရုမစိုက်ကြဘူး။ ကိုယ့်အလုပ်နဲ့  ကိုယ်မို့ ပါ။ တစ်ခါတစ်လေတော့လည်း ဖုန်းပြောမိကြတယ်။ ငယ်ဘ၀ ကို ပြန်လိုချင်သေးတယ်လို့ ။
စိုင်းထီးဆိုင်သီချင်းလေးလိုပါပဲမမရေ....အပူပင်ကင်းတဲ့ ကလေးလေးဘဝ တစ်ခါပြန်ပြိး ရချင်မိတယ် လို့လေ...:)
ငယ်ငယ်တုန်းက စက်ဘီးလေးဆိုလို့ အရမ်းတန်ဖိုးထားပြီး တသသထားခဲ့တဲ့ မောင်းတိန်း အစိမ်းပုတ်ရောင်လေးကို လွမ်းသွားတယ်။။။ ထီးကိုင်ပျင်းလို့ မိုးရွာရင် ရေအမြဲချိုးရတာ မှတ်မိနေသေးတယ်..:P:P
သီးရွက်စုံပဲကြာဇံသုပ်နှင့် အကြော်များ.... - ပဲကြာဇံပြုတ်၊ သခွားသီး၊ ဥနီ၊ ခရမ်းချဉ်သီး၊ ငရုတ်နီ၊ ပင်စိမ်းရွက်နဲ့ ဟင်းနုနွယ်ရေနွေးဖျော ငါးသလဲထိုး ကြက်ဥနှစ်ရည်နဲ့ ဂျုံမှုန့် ကန်ဇွန်းဥ၊ အာလူး၊ မုန်လာဥနီ...
အကြော်ကုန်သွားပလား။
((ဟမ်... မမခဥမ အဲဒီပို့စ်က အကြမ်းရှိသေးတာ ဘယ်တုန်းက ဘယ်လိုတက်သွားတာလဲ...
ငယ်ငယ်ကအဖြစ်တွေက သတိရစရာတွေချည်းပါပဲ။ ပြန်မရနိုင်တော့ ပိုလွမ်းမိတတ်ပါတယ်။ ကျွန်တော်တို့လည်း အဲဒီလိုပဲ အမြဲခံစားရပါတယ်။
Post a Comment