Showing posts with label တစ်ခါတုန်းကတို့ရွာမှာ. Show all posts
Showing posts with label တစ်ခါတုန်းကတို့ရွာမှာ. Show all posts

Wednesday, 10 December 2025

ထမင်းတစ်လုတ်ရေတစ်မှုတ်.....

 



"တစ်လုတ်စားဖူး သူ့ကျေးဇူး" ဆိုတဲ့ စကားပုံလေး လူတိုင်းသိကြမှာပါ....။ ကျနော်လေ ညတိုင်း ဘုရားရှိခိုးရင် ငါးပါးသီလခံယူပြီးတာနဲ့ ခင်ပွန်းကြီးဆယ်ပါး ကန်တော့တတ်တဲ့ အလေ့အကျင့်ရတာ လေးငါးနှစ်ခြောက်နှစ်လောက်ပဲရှိဦးမယ်...။ ကျနော့်ကို ဒေါက်တာစိန်လင်းရဲ့ အဘိဓမ္မာစာအုပ်ရယ် ပဠာန်းဒေတနာတော်စာအုပ်ရယ် လက်ဆောင်ပေးသွားခဲ့ဖူးတဲ့ အစ်ကိုကြီးတစ်ယောက်ကြောင့်လည်း ခင်ပွန်းကြီးဆယ်ပါး ကန်တော့ရတာကိုသိခဲ့ရတာ....။ အရင်ပို့စ်အဟောင်းတစ်ခုမှာပြောဖူးသလိုပဲ ကျနော်က ထေရဝါဒဗုဒ္ဓဘာသာကို မိရိုးဖလာကနေ ဆင်းသက်လာတဲ့သူတစ်ယောက်မဟုတ်ဘူး...။ ဒါကြောင့် ကျနော့်ပတ်ဝန်းကျင်မှာရှိတဲ့ မိတ်ဆွေကောင်းတချို့ရဲ့ လမ်းပြညွှန်ကြားမျှဝေမှုကနေ ကျနော် ဗုဒ္ဓရဲ့ တရားတော်တွေကို တဖြေးဖြေးသိလာခဲ့ရတာ ဒီလိုသူတို့ရဲ့ကျေးဇူးတွေကလည်း ခင်ပွန်းကြီးဆယ်ပါးထဲက နံပါတ်ကိုးခုမြှောက်ဖြစ်တဲ့ "အနေကောင်းအသေကောင်းစေရန် တရားဓမ္မတို့ကို ဟောပြောပြသဆုံးမခဲ့သော လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်" ဆိုတဲ့ထဲမှာ ကျနော့်ကို ဓမ္မလက်ဆောင်ပေးခဲ့ဖူးတဲ့ သူတွေ ကျနော့်ကို ဘုရားရှိခိုးသင်ပေးခဲ့ဖူးတဲ့သူတွေ အားလုံးပါပါတယ်....။ ဒီလိုကျေးဇူးကို ကျနော်က ခင်ပွန်းကြီးဆယ်ပါး ကန်တော့တဲ့အခါတိုင်း သူတို့ကိုမြင်ယောင်ပြီး အမြဲအောက်မေ့တတ်တယ်...။ 

နံပါတ်တစ်ဆယ်ဖြစ်တဲ့ "ထမင်းတလုတ်ရေတမှုတ်ကို‌ပေးကမ်းထောက်ပံ့ခဲ့ဖူးသော ကျေးဇူးရှင်" ဆိုတဲ့နေရာမှာ ကျနော်အောက်မေ့သတိရမယ့်သူတွေအများကြီးပဲ တန်းစီပြီးထွက်လာတယ်....။ အဲဒီလူတွေအများစုကလဲ လူ့လောကမှာ အသက်ရှင်လျက်မရှိကြတော့တဲ့သူတွေများတယ်....။ အခုကျနော် မှတ်မိသလောက်ပြောပြမယ်..... ပထမဦးဆုံးကျနော့်ခေါင်းထဲဝင်လာတာက ငယ်ငယ်တုန်းက တာချီလိတ် မယ်ဆိုင်ဖက်ကို အမေဈေးသွားဝယ်လို့ လိုက်သွားရင် သွားတည်းတဲ့အိမ်တစ်အိမ်ရှိတယ် အဲဒီအိမ်က မကာဟိုခမ်းရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ကအိမ်လေး တစ်ထပ်တိုက်ပုအိမ်...။ အိမ်ကအကျယ်ကြီးပဲ ခန့်မှန်း မျက်နှာစာပေ သုံးလေးဆယ်နဲ့အနောက်ကို ပေတစ်ရာလောက်ထိရှိမယ်ထင်တယ်...။ သူတို့အိမ်ကဝင်သွားရင် ဘယ်ဖက်မှာ ဧည့်ခန်း ညာဖက်မှာက ကွတ်ပျစ်အကျယ်ကြီးနဲ့ ဘုရားကျောင်းဆောင်ရှိတယ် အိမ်အနောက်ဖက်သွားရင်လည်း အိပ်ခန်းတွေအများကြီးဖွဲ့ထားတယ် အဓိက သူတို့အိမ်မှာ ဧည့်သည်တွေလာအတည်းများကြတယ် အရင်ခေတ်က ဟိုတယ်တွေ တည်းခိုးခန်းသိပ်တွေမရှိတော့ တောင်ကြီး ကျိုင်းတုံ မိုင်းဖြတ် စတဲ့မြို့ကလာတဲ့ အသိမိတ်ဆွေတော်တော်များများလာတည်းကြတာ အဲဒီဧည့်သည်တွေအများစုက ကုန်သယ်တွေဖြစ်ကြတယ် သူတို့ရောင်းမယ့် ပစ္စည်းတွေကို ထိုင်းဖက်ကမ်း မယ်ဆိုင်မှာလာရောင်း သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ပြန်ဝယ်ပြီးတင်ပို့ကြ အဲလိုတွေပေါ့...။ လာတည်းတဲ့သူတွေကို သူတို့က အခကြေးငွေယူတဲ့သူလည်းရှိသလို တချို့လည်း ပေးစရာမလိုဘူး ကျနော်တို့ဆို အဲဒီအိမ်ရှင်က တည်းခိုခမယူဘူး ဒါ့အပြင် ထမင်းလည်းကျွေးသေးတယ် အိမ်ရှင် အဖွားနဲ့သူ့သမီးက ဟင်းချက်အရမ်းကောင်းကြတာ...။ ကျနော်ဟိုး အရင် "သနပ်ခါး" ဆိုတဲ့ပို့စ်မှာရေးဖူးတဲ့ ကျနော့်ကို သနပ်ခါးသွေးလိမ်းပေးတဲ့ အန်တီမွန်းမွန်းဆိုတာ အဲဒီအိမ်ရှင်ရဲ့သမီးပေါ့....။ ကျနော်တို့ သူတို့အိမ်ကို တာချီလိတ်သွားတိုင်း တည်းဖြစ်တဲ့အကြိမ်အရေအတွက်က ရေလို့တောင်မရပါဘူး ထမင်းစားခဲ့ဖူးတာရောပေါ့....။ နောက်တော့ ကျနော်ရန်ကုန်ရောက်ပြီး နှစ်တော်တော်ကြာမှာ အဲအိမ်က အဖွားလည်းဆုံးသွားခဲ့တယ် အဖိုးကြီးတော့ရှိဦးမယ်ထင်တယ် သူတို့သမီး အန်တီမွန်းမွန်းကတော့ ရန်ကုန်မှာနေတယ် ကျနော်တို့နဲ့တော့ အဆက်အသွယ်သိပ်မရှိဘူး သားသမီးမြေးတွေတောင်ရနေပါပြီခုတော့....။

နောက်ထပ် ကျနော်တို့စားအိမ်နောက်တစ်အိမ်က တာချီလိတ်ကပဲ ဝမ်ကောင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်ကပဲ သူတို့အိမ်က အန်တီဦးဆိုတာ ထမင်းကြော်ဆိုင်ဖွင့်ထားတာ တာချီလိတ်မှာ အန်တီဦးထမင်းကြော်ကအကောင်းဆုံးပဲ အန်တီဦးက အဲဒီအိမ်က အဖွားအွန်ရဲ့ ချွေးမတစ်ယောက် အဲအဖွားနဲ့လည်း ကျနော် ထမင်းတွေစားဖူးခဲ့တယ် ရှမ်းဟင်းချက်တာသိပ်ကောင်းပဲ အဖွားက အိမ်ရှေ့သစ်သားခုံကြီးမှာထိုင် ဒူးနှစ်ချောင်းထောင်ပြီး ဖက်ဆေးလိတ်အကြီးကြီး အမြဲခဲထားတယ်...။ အန်တီဦးဆိုလည်း ကျနော်တို့ ထမင်းမင်းကြော်စားရင် ဘယ်တော့မှ ပိုက်ဆံမယူဘူး  အန်တီဦးထမင်းကြော်က အညိုရောင် ပဲပြုတ်ပဲလုံးအစေ့ကြီးကြီးနဲ့ကြော်တာ ကြက်ဥကြော် ဝက်အူချောင်း ကြက်အူချောင်း ဝက်ကြော် အမဲကြော် ပလချောင်ကြော် ငါးပိကြော် အဲဒါတွေနဲ့တွဲဖက်စားရတာ ရန်ကုန်မှာလို ဟင်းအနှစ်တွေမပါတာတော့မှတ်မိတယ် ခုနောက်ပိုင်းတော့ မီနူးထပ်တိုးလောက်ရောပေါ့...။ တာချီလိတ်မှာတော့ အဲဒီနှစ်အိမ်ကိုသေချာမှတ်မိတယ် တခြားအသိမိတ်ဆွေအိမ်တွေလည်း စားခဲ့ဖူးပါတယ် ဘုရားရှိခိုးတိုင်းအဲနှစ်အိမ်က အဖွားနှစ်ယောက်ကိုတော့ အောက်မေ့မြင်ယောင်မိတယ်..။

နောက်... ကျနော့်ဇာတိဖြစ်တဲ့ တာလေမှာတော့ အိမ်ပေါက်စေ့လောက်ကို ထမင်းစားဖူးတာ....။ ပထမဆုံးက ကျနော်ငယ်ငယ်က အခင်ဆုံးသူငယ်ချင်း နန်းဖေါင်းတို့အမေချက်တဲ့ ထမင်းဟင်းတွေ အများကြီးစားဖူးခဲ့တယ်..။ နန်းဖေါင်းတို့အမေက ရှမ်းဟင်း သက်သတ်လွတ်ဟင်းတွေချက်တာ တကယ်ကျွမ်းတာ သူတို့ကအိမ်က ထမင်းမစားဘူး ထမင်းအစား ကောက်ညှင်းပေါင်းကို မနက်မိုးမလင်းခင်ကတည်းက ဝါးပေါင်းချောင်နဲ့ ပေါင်းပြီး ပိတ်အဝတ်နဲ့အမြဲပူနွေးအောင်အုပ်ထားတာ....။ သူတို့အိမ်ကလည်းကျနော့်စားအိမ်ပဲ...။ နန်းဖေါင်းတို့အဖိုးအဖွားကို ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့တိုင်းထမင်းဟင်းကိုကြိမ်ဗန်းကြီးနဲ့သွားပို့ရတဲ့နေဆို သိပ်ပျော်တာ ကျနော်တို့နှစ်ယောက်က ကြိမ်ဒေါင်းလန်းကြီးမပြီး ဘုန်းကြီးကျောင်းက အဖိုးနဲ့အဖွားကိုကျွေးပြီး ကျန်တဲ့ဟင်းတွေကို အဲမှာတခါထဲစားကြတာနှစ်ယောက်သား....။ နောက်တစ်အိမ်က နန်းဖေါင်းတို့အိမ်နဲ့ကပ်လျက်က စိုင်းတီတို့အိမ် စိုင်းတီကလည်း ကျနော်တို့ငယ်သူငယ်ချင်းပဲ ကျနော်ရေးရေးနေတဲ့ တာလေက သူငယ်ချင်းအကြောင်းတွေထဲမှာ သူ့နာမည် အခုမှကြားဖူးကြမှာထင်တယ်...။ တကယ်က စိုင်းတီနဲ့က ကျနော် ရန်ကုန်မှာ ဆယ်တန်းဖြေပြီးတာလေမှာ ခြောက်လပြန်နေတော့မှ ပိုခင်ပိုပေါင်းဖြစ်သွားတာ...။ ပြောနေကျအတိုင်း ကျနော်က ဗြဟ္မာပြည်ကလူမို့လို့ မာနကြီးတယ် ရန်ကုန်ကျောင်းလာမတက်ခင်ထိ ကျောင်းမှာ ယောကျားလေးသူငယ်ချင်းတစ်ယောက်နဲ့မှမပေါင်းဖြစ်ဘူး ဆယ်တန်းဖြေပြီး တာလေပြန်ရောက်မှသာ ရွာက ယောက်ျားလေးသူငယ်ချင်းတွေကို ရင်းရင်းနှီးနီးပေါင်းဖြစ်သွားတာ...။ အဲတစ်ခေါက်တာလေမှာ ပြန်နေတဲ့အချိန် စိုင်းတီတို့အိမ်ကလည်း စားအိမ်သောက်အိမ်နောက်တစ်အိမ်ပဲ သူတို့အမေနဲ့အစ်မလည်း ဟင်းချက်ကောင်းတယ်...။ ကျနော်တို့အဒေါ်တွေငယ်ငယ်ကတည်းက သူတို့အိမ်မှာဝင်ထွက်စားသောက်ကြတာလို့ ပြောပြဖူးတယ် စိုင်းတီအစ်မအကြီးဆုံးနဲ့ ကျနော့်အဒေါ်တွေက သူငယ်ချင်းတွေ...။ စိုင်းတီတို့အမေက ကျိုင်းတုံဖက်က ဂုန်ရှမ်းလူမျိုး သူတို့က ဆံထုံးထုံးရင် ခပ်မြင့်မြင့်နဲ့တဇောင်းလေးထုံးတတ်တယ် အဲဒါကိုကြည့်ချင်းအားဖြင့် ဂုန်ရှမ်းလူမျိုးလို့ ခွဲခြားသိနိုင်တယ်... အဲဒီအဒေါ်က နေ့လည်ဖက်ဆို အိမ်ရှေ့မှာ  မုန့်လက်ကောက်တဲ့ မုန့်လုံးကြီးကြော်ရောင်းတယ် ပြီးတော့ ကောက်ညှင်းပေါင်းကို အုန်းနို့နဲ့ပေါင်းပြီး ကြက်ဥပူတင်းလေးအပေါ်ကထည့်စားရတာလည်း လုပ်ရောင်းတယ် စိုင်းတီအမေက အစားအသောက်လုပ်တာ အရမ်းသန့်တယ် စေတနာပါတယ် သူတို့အိမ်အနောက်ဖက်မှာ ငါးကန်တစ်ကန်ရှိတယ် တီလားဗီယားငါးတွေမွေးထားတာ အဲမှာလည်း ကျနော်တို့တွေ ကြိုက်သလောက်ငါးမျှားပြီး ကင်စားကြတာ....။ စိုင်းတီအမေသည်လည်း ကျနော် ဘုရားရှိခိုးတိုင်း အောက်မေ့ရတဲ့ ကျေးဇူးရှင်တစ်ယောက်ထဲမှာပါတယ်...။ နောက်တစ်ယောက်က အဖွားလုံပေါ့ အဖွားလုံအကြောင်း ကျနော် အသေးစိပ် ပို့စ်တစ်ခုရေးခဲ့ဖူးပါတယ်...။ အဖွားလုံအိမ်ကတော့ ကျနော်ကလေးပိစိလေးကတည်းက မွှေနှောက်စားသောက်ခဲ့ဖူးတဲ့ အိမ်တစ်အိမ်ပဲ...။

ရန်ကုန်ရောက်တော့ တက္ကသိုလ်တက်တဲ့အချိန်မှာကျမှ ကျ‌နော် သူငယ်ချင်းများများစားစားရှိတာကိုး အဲမတိုင်ခင် အထက်တန်းကျောင်းတက်နေတဲ့အချိန်ကတော့ ကျူရှင်လည်းမတက်ခဲ့ဖူးသလို သူငယ်ချင်းလည်း သိပ်မရှိခဲ့ဘူး.....။ RC 3 မှာ ကျောင်းတက်တော့ ဒုတိယနှစ်လောက်မှာ ကျနော် Crush ခဲ့ဖူးတဲ့ ကောင်လေး အိမ်မှာ ထမင်းသွားသွားစားဖူးတယ် သူတို့က နှစ်ချင်းခရစ်ယာန်ဘာသာကိုးကွယ်တဲ့ မွန်-ကရင်အစပ်တွေ အဲကောင်လေးရဲ့ အမေနာမည်က အန်တီမရီးနာတဲ့ အဲအန်တီက အရမ်းသဘောကောင်းတာ ကျနော်သူတို့အိမ်ရောက်ရင် ထမင်းမစားတဲ့အခေါက်ကိုမရှိဘူး ဘာဟင်းရှိရှိကျွေးတာပဲ ကျနော်သက်သတ်လွတ်စားတဲ့နေ့ဆိုရင်တောင် လက်ဖက်သုပ်တို့ ကန်ဇွန်းရွက်တို့ကို တကူးတကန့်ကြော်ပေးတတ်သေးတာ အဲအန်တီကိုလည်း ဘုရားရှိခိုးတိုင်း အမြဲသတိရတယ် အခုအဆက်အသွယ်မရှိတာ နှစ်နှစ်ဆယ်ကျော်ရောပေါ့ အန်တီနေကောင်းကျန်းမာရှိပါစေလို့....။ နောက်တစ်အိမ်က ကျနော့်သူငယ်ချင်းပဲ သူတို့က စုံတွဲတွေ သူငယ်ချင်းကောင်မလေးနဲ့က အရင်ခင်တာပေါ့နောက်တော့ သူ့ဘဲနဲ့ပါသူငယ်ချင်းဖြစ်သွားတာ သူငယ်ချင်းမလေးက ကိုးမိုင်မှာနေတာ သူ့ဘဲက သူငယ်ချင်းဆီသွားချင်ရင် ကျနော်နဲ့သူငယ်ချင်းနောက်တစ်ယောက်ကိုလာလာခေါ်လေ့ရှိတယ် အဲသူငယ်ချင်းမအိမ်မှာ ကျနော်တို့က ပိတ်ရက်အပတ်တိုင်း ထမင်းစားကြတယ်...။ အဲသူငယ်ချင်းမလေးရဲ့ အမေက ဟင်းချက်ချက်ကျွေးတာ အဲအန်တီရဲ့လက်ရာထဲမှာ ကျနော်တို့အတွက်ထူးထူးဆန်းဆန်း မီနူးတစ်ခုက ငါးဖယ်အုန်းနို့ချက်ပဲဖြစ်တယ်....။ ငါးဖယ်ကို အတုံးလေးတွေအရက်ကြော်ပြီး အုန်းနို့အနှစ်ထဲပြန်ထည့်ချက်တာ အရမ်းစားကောင်းတယ် ပြီးတော့ နောက်တမျိုးက ပုဇွန်ဆိတ်ကလေးတွေကို မွှေးနေအောင်လှော်ပြီး ပဲညွှန့်ဟင်းခါးလေးချက်တာ အရမ်းစားကောင်းသော....။ အဲအန်တီဆုံးတော့ အသုဘတောင်သွားမပို့လိုက်ရဘူး ကျောင်းပြီးတော့ အဆက်သွယ်ပျက်သွားကြတာ....။ သူသည်လည်း ခင်ပွန်းကြီးဆယ်ပါး ကန်တော့တိုင်း အောက်မေ့ရတဲ့ ကျေးဇူးရှင်တစ်ယောက်အဖြစ်ပါဝင်တာပေါ့....။

ကျောင်းပြီးလို့ ကျနော် အလုပ်စလုပ်တော့ ညောင်ပင်လေးဈေးမှာဆိုင်ထိုင်တာ ဘေးနားကပ်လျက်ဆိုင်က အန်တီကိုလည်း သတိရမိတယ် ဒီပို့စ်ရေးရင်း...။ အဲအန်တီက နှလုံးမကောင်းဘူး သူ heart attack နဲ့ဆုံးတော့ သူ့အသုဘကို ကျနော်လိုက်မပို့ဖြစ်ခဲ့ဘူး...။ ကျနော်လူမှုရေးတော်တော်ညံ့ခဲ့မှန်းပြန်တွေးမှသတိထားမိတယ်...။ အဲအန်တီက ငါကြင်းပေါင်းလုပ်လာတဲ့နေ့ဆို ထမင်းစားချိန်ရောက်ရင် ကျနော်ကိုကျွေးနေကျ သူ့ငါးကြင်းပေါင်းက ကျနော်စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ...။ အန်တီ့ကိုလည်း သတိရပါတယ် နောက်ဆုံးအချိန်ကိုလိုက်မပို့လိုက်ရလို့လည်း စိတ်မကောင်းဖြစ်မိတယ်...။ နောက်ပြီး ကျနော်တို့ စမ်းချောင်းမှာနေတုန်းက အစ်မတွေလိုခင်ရတဲ့ အိမ်နီးချင်းတစ်အိမ်မှာလည်း အဲလိုပဲ စားအိမ်သောက်အိမ် သူတို့အိမ်သွားရင် ဘယ်ချိန်သွားသွား ထမင်းစားခန်းထဲ အုပ်ဆောင်းဖွင့်လိုက်တာနဲ့ ဘာရှိရှိကျွေးလိုက်တာပဲ ကျနော်ကလည်း စားတာပဲ အဲအိမ်မက အစ်မတွေရဲ့ အဖေနဲ့အမေလည်း အခုတော့ ဆုံးကုန်ပြီ အဲအန်တီကြီးကိုလည်း သတိရတယ် သူတို့အိမ်ရောက်ရင် သူ့ငယ်ဘဝလေးပြန်ပြန်ပြောပြတာကို အဖန်တစ်ရာ ကျနော်က စိတ်ရှည်လက်ရှည်ထိုင်နားထောင်နေကျ....။ ကျနော်တို့ဆီက အသက်ကြီးပိုင်းတွေ ဦးနှောက်ကျုံ့ရောဂါ အန်ဇိုင်းမားအဖြစ်များကြတယ်ခုနောက်ပိုင်း....။ စိတ်ဖိစီးမှုများတာရယ် အစားအသောက်အနေအထိုင် ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေးဗဟုသုတ အကုန်လိုက်မလုပ်ကြတာလို့ထင်တယ်...။

နောက်ထပ် ကျေးဇူးရှင်တွေကတော့ သူငယ်ချင်းရဲ့ မိသားစုပဲသူတို့အိမ်လည်း အမြဲဝင်ထွက်သွားလာစားသောက်နေတာ ဒီနေ့ထက်ထိပဲ...။ ပြီးတော့ ကျနော်က အသက်နှစ်ဆယ်ကျော် သုံးဆယ်ကျမှ သမ္ဗုဒ္ဓေဂါထာကိုအလွတ်ရတာ ရွတ်ဖူးတာ အဲဒါကတော့ မသော်ဆိုတဲ့ အစ်မတစ်ယောက်ကို ကျေးဇူးတင်ရမယ် အဲအစ်မကြောင့်လည်း ရွှေတိဂုံဘုရားရင်ပြင်မှာ သန့်ရှင်းရေးကို ညအိပ်သွားလုပ်ဖူးတယ် အဲတုန်းက ဘုရားသန့်ရှင်းရေးလုပ်ပြီး ဘုရားရင်ပြင်မှာရှိတဲ့ တန်ခိုးကြီးဘုရားတွေ တခါမှမဖူးဘူးသေးတဲ့ ရှေးဟောင်းဘုရားတွေအထူးအဆန်းတွေကို အကုန်ဖူးဘူးတာလည်း အန်တီဘေဘီဆိုတဲ့ အန်တီတစ်ယောက်က ဘုရားတစ်ပတ်ပတ်ပြီး ရှင်းပြလို့ သူတို့လည်း ကျနော့်ရဲ့ နံပါတ်တစ်ဆယ်ကျေးဇူးရှင်တွေပဲ....။ ဆိုတော့ ကျနော်ဘုရားရှိခိုးတိုင်း ခင်ပွန်းကြီးဆယ်ပါး ကန်တော့တိုင်း သတိရနိုင်သမျှ ကျေးဇူးရှိတယ်ထင်တဲ့သူအားလုံးကို မြင်ယောင်ပြီး ကန်တော့ဖြစ်တယ်.....။ ဒီပို့စ်က နံပါတ်တစ်ဆယ်ဖြစ်တဲ့ ထမင်းတစ်လုတ်ရေတစ်မှုတ် ဆိုတဲ့ ကျေးဇူးရှင်တွေကို အဓိကအောက်မေ့ပြီး ပြောပြတာပါ ကျန်တဲ့ ကျေးဇူးရှိခဲ့ဖူးသူ တစ်ဦးတစ်ယောက်ဆီတိုင်းကိုလည်း ဦးချကန်တော့လျက်ပါ....။ ခုနောက်ပိုင်းဆို သူများကျွေးတာစားရင် ကျွေးတဲ့သူကျန်းမာပါစေ ချမ်းသာပါစေ ရောဂါဘယကင်းပါစေ စသဖြင့် စားနေရင်းနဲ့ဆုတောင်းပေးတတ်နေပြီ...:)


Friday, 10 October 2025

လက်ဖက်ရည်ဆိုင်.....

 





မြေနီကုန်းစီးတီးမတ်ထဲရောက်တော့ လျှောက်ကြည့်ရင်း စာအုပ်တန်းမှာ ဆရာမြသန်းတင့်ရဲ့ လက်ဖက်ရည်နဲ့ပတ်သက်တဲ့ စာအုပ်နှစ်အုပ်ရခဲ့တယ်....။ ထုံးစံအတိုင်း ဆရာမြသန်းတင့်ရဲ့ ဘာသာပြန် Lao She ရဲ့ Tea House နဲ့ ဆရာရဲ့ ကိုယ်ပိုင်အရေး "လက်ဖက်ရည်ဆိုင်" ဆိုတဲ့ စာအုပ်တွေ....။  Lao She ရဲ့ Tea House ကတော့ လက်ဖက်ရည်ဆိုင်ကို အကြောင်းပြုပြီး တရုတ်ပြည်ရဲ့ ခေတ်သုံးခေတ်အကြောင်းကို ရေးပြသွားတာ ...။ 

ဆရာမြသန်းတင့်ကိုယ်ပိုင်အရေးဖြစ်တဲ့ "လက်ဖက်ရည်ဆိုင်" ကိုတော့ ဖတ်ပြီးသွားပြီ....။  စာအုပ်လေးက ပါးပါးလေး ဆရာက သူ့အသက် ဆယ့်သုံးနှစ်သားလောက်က လက်ဖက်ရည်ဆိုင်ဖွင့်ခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ အဲဒီဆိုင်ဖွင့်ဖြစ်ရခြင်းရဲ့အကြောင်းကိုပြောပြထားတာတွေ အရှေ့ပိုင်းမှာတော့ သူ့ဇာတိရွာလေးမှာ လက်ဖက်ရည်ဆိုင်ဘယ်နှစ်ဆိုင်ရှိခဲ့တယ် ဘယ်သူတွေက စဖွင့်ခဲ့တာတွေရယ် လက်ဖက်ရည်ဆိုင်လာထိုင်တဲ့သူတွေအကြောင်းကို စုံစုံလင်လင်ရေးပြထားသလို အဲဒီခေတ်က ဖက်ဆစ်ဂျပန်တွေကို ဘယ်လိုတော်လှန်ခဲ့တဲ့ဆိုတဲ့အကြောင်း စာမျက်နှာနည်းနည်းနဲ့ ရသစုံစုံလေးရေးပြသွားခဲ့တာလေးပါ....။ ဆယ့်သုံးနှစ်အရွယ် ဆယ်ကျော်သက်မှာ ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို အသေးစိပ်မှတ်မိရေးပြနိုင်လောက်အောင် ဆရာကိုယ်တိုင်က မှတ်ဉာဏ်ကောင်းသူဖြစ်သလို နေ့စဉ်မှတ်တမ်းပုံမှန်ရေးတဲ့သူတစ်ယောက်လည်း ဖြစ်နိုင်တယ်...။ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်အနေနဲ့ ကျူးကျော်လာတဲ့ ဖက်ဆစ်ဂျပန်တွေကို အမိနိုင်ငံတွက် တော်လှန်ရကောင်းမှန်းသိတဲ့ စိတ်ဓါတ်ကိုလည်း စာဖတ်နေရင်း ချီးကျူးမိတယ်...။ ကျနော်တို့ဒီဖက်ခေတ်ကလေးတွေကျတော့ ဂိမ်းဆော့မယ် ဘားသွားမယ် ကလပ်သွားမယ် အပျော်အပါးလိုက်ကြမယ် ကိုယ်ကျိုးကိုပဲကြည့်ကြတဲ့သူတွေများနေတော့ နောင်လာမယ့် အနာဂတ်နိုင်ငံကတော့ မတွေးဝံ့စရာပါပဲ.....။ လူငယ်တွေကို အဲဒီလိုဖြစ်အောင်လဲ စနစ်တကျ အကွက်ချ စီစဉ်ပြီး လုပ်ထားတဲ့ အလွန်အင်မတန်ကြောက်စရာကောင်းသော နိုင်ငံဖျက်သမားတွေက နှစ်ရှည် စီမံကိန်းဆွဲပြီး အုပ်ချုပ်ခဲ့ကြတာမလား...။

ဒီစာအုပ်ဖတ်ပြီး ကျနော်တို့ရွာမှာ ငယ်ငယ်က သောက်ခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်လေးကို သတိရသွားခဲ့တယ်...။ ကျနော် ခပ်ငယ်ငယ် အမေနဲ့ဈေးရောင်းလိုက်တုန်းက တာလေရွာထဲမှာ လက်ဖက်ရည်ဆိုင်မယ်မယ်ရရမရှိသေးဘူး....။ ရှမ်းပြည်ဆိုတော့ ရှမ်းခေါက်ဆွဲဆိုင်တွေပဲပေါတာမလား တရုတ်ထမင်းဆိုင်တောင်မှ တစ်ဆိုင်ထဲရှိတာ...။ အဲတုန်းက လက်ဖက်ရည်သောက်ချင်ရင် တာလေဈေးထဲက ဦးတင်ဝလက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲရှိတယ် အထပ်တစ်ရာ (ရန်ကုန်အခေါ် သကြားပလာတာ) အီကြာကွေး စမူဆာ အဲဒါတွေရတယ်...။ ကျနော်မှတ်မိသလောက် ဈေးထဲ ပေါက်ဆီလုပ်ရောင်းတဲ့သူတွေမရှိသေးဘူး....။ နောက်ကျတော့ ကျနော်တို့ အိမ်ရှေ့တည့်တည့်မှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်လာဖွင့်တယ်....။ အဲဒီအိမ်အောက်ထပ်အခန်းကို လားရှိုးကပြောင်းလာတဲ့ တရုတ်လင်မယားနှစ်ယောက်က လာငှားဖွင့်တာ...။ ဦးသန်းထွန်းတဲ့ အဲဦးလေးနာမည်က သူက ပေါက်ဆီလုပ်တာ သိပ်ကောင်းတယ်...။ အဲအခါကျမှ ကျနော်တို့ပေါက်ဆီစားရတာ မဟုတ်ရင် အမေ တာချီလိတ်/မယ်ဆိုင်ဖက် ဈေးဝယ်ထွက်လို့မှ စားကြရတာ...။ ဦးလေးဦးသန်းထွန်းက ပေါက်ဆီလည်းလုပ်သလို အီကြာကွေးလည်းလုပ်ရောင်းတယ် အီကြာကွေး ပုတိုပိစိလေးတွေ သူစလုပ်ရောင်းတာပေါ့...။ အရင်ဈေးထဲဝယ်စားခဲ့ဖူးတာက အီကြာကွေးအချောင်းရှည်ရှည်တွေ...။

ဈေးထဲကဖွင့်တဲ့ ဦးလေး ဦးတင်ဝလက်ဖက်ရည်ဆိုင်မှာဆို တပ်ထဲကလူတွေလာအထိုင်များတယ် ဈေးကပ်လျက်က အုပ်ကျင်းရွာဆိုတာ တကယ်တော့ တပ်ထွက်ရဲဘော်ဟောင်းမိသားစုတွေနေကြတဲ့ ဗမာအများစုနေကြတဲ့ ဗမာရွာပေါ့... ဈေးကလည်း တပ်ရှေ့တည့်တည့်မှာတည်ထားတာကိုး အဲတုန်းက ကချင်(၅) တပ်ရင်း အခုတော့ ဘာတပ်ခေါ်လည်း ကျနော်သေချာမသိတော့ဘူး....။ အဲတပ်ကထွက်တဲ့ ကချင်တွေတော်တော်များများလည်း ကချင်ပြည်မပြန်ကြတော့ဘဲ တပ်နဲ့ တစ်မိုင်မရှိတရှိအကွာမှာရှိတဲ့ သီရိရွာမှာစုနေကြတယ် အဲရွာကို ကချင်ရွာလို့လည်းခေါ်ကြတယ်...။ ပြောချင်တာက ဦးတင်ဝဆိုင်မှာက တပ်ထဲက ဗမာတွေနဲ့ အုပ်ကျင်းရွာက ဗမာတွေထိုင်ကြတာများတယ်...။ အဲထဲမှာ အုပ်ကျင်းရွာက အဘထီဆိုတဲ့ အဘိုးကြီးက မိုးလင်းတာနဲ့ အဲဆိုင်မှာချည်းပဲ သူမိန်းမရောင်းတဲ့ မုန့်ဟင်းခါးဆိုင်မှာတောင်မထိုင်ဘူး (အရင် မုန့်ဟင်းခါးပို့စ်မှာတုန်းက ကျနော်ပြောဖူးတဲ့ ဒေါ်ပါဆွေဆိုတာ အဘထီအမျိုးသမီးပေါ့) အဘထီမြေး စိုင်းမင်းမင်းဆိုတာကလည်း ကျနော်နဲ့ကျောင်းမှာတစ်တန်းထဲ သူငယ်ချင်းတွေ...။ အဘထီကိုယ်တိုင်က တပ်ထွက်တစ်ယောက် (အရင်က ရဲဘော်ဟောင်းခေါ်ပေမယ့် အခုခေတ်တော့ စစ်မှုထမ်းဟောင်းလို့ခေါ်ကြမယ်ထင်တယ်) အဘထီက ရေဒီယိုနားထောင်တယ် သတင်းစာတွေဖတ်တယ် နိုင်ငံရေးအကြောင်း ဟောင်ဖွာဟောင်ဖွာ ပြောနေပြီဆို အဲဒါသူပဲ စစ်တပ်မုန်းတဲ့သူတွေဆိုရင်တော့ အဲအဖိုးကြီးကို ကြည့်မရကြဘူး...။ အများအားဖြင့်တော့ ရှမ်းတွေကို၌က ဗမာမုန်းတီးရေးဝါဒီရှိနေပြီးသား....။ 

လက်ဖက်ရည်အကြောင်းပြန်လှည့်ရအောင် ဦးလေး ဦးတင်ဝလက်ဖက်ရည်က ဗမာအချိုခြောက်နဲ့ ယိုးဒယားခြောက်ရောနှပ်လို့ မွှေးလည်းမွှေးသလို အရောင်လည်းလှတယ်...။ အရင်ခေတ်က လက်ဖက်ရည်ဖန်ခွက်လေးတွေ မှတ်မိကြတယ်မလား အခုခေတ်တော့ အဖြူရောင်ကြွေခွက်တွေပြောင်းသုံးကုန်ပြီ...။ အဲဖန်ခွက်နဲ့ဆိုတော့ အောက်ဆုံးအလွှာက နို့ဆီနဲ့အပေါ်အလွှာအကျရည်ကို သေချာမြင်ရတယ် ပြီးတော့ သတ္တုလက်ဖက်ရည်ဇွန်းနဲ့မသောက်ခင်မွှေရတာမျိုးလေ....။ ခုခေတ်လို နို့ဆီ နို့စိမ်း အကျရည်တစ်ခါထဲ ရောစပ်ဖျော်ပြီးသားမဟုတ်ဘူး...။ ကျနော်ကတော့ Old School လို့ပဲပြောပြော အဲခေတ်က လက်ဖက်ရည်ဆိုင်ရဲ့ presentation နဲ့ အရသာကိုပဲ သဘောကျနှစ်သက်တယ်...။ အဲတုန်းက နို့စိမ်းနဲ့လက်ဖက်ရည်မဖျော်ကြဘူး...။ နို့ဆီကလည်း ကုလာမခြင်းဆွဲ နို့ဆီဗူး ပျစ်ပျစ်နှစ်နှစ်ကိုပဲသုံးတာ...။ ကျနော် ရန်ကုန်မှာ အဲလိုအရသာမျိုးများရမလားလို့ နို့စိမ်းမထည့်ဘဲ နို့ဆီနဲ့အဖျော်ခိုင်းတာ အရသာက မတူတော့ဘူး အကျရည်ရော နို့ဆီရော အရည်အသွေးတွေက ပြောင်းလဲကုန်ပြီကိုး....။ ကျနော်တို့ငယ်ငယ်က ကုလားမခြင်းဆွဲနို့ဆီဆိုတာ စစ်တပ်က ရိက္ခာပေးလို့ရတာကို လာရောင်းစားကြတာ import ဝင်လာတဲ့ စားသုံးကုန်မဟုတ်သေးဘူး...။ လက်ဖက်ရည်ဆိုင်တွေက နို့ဆီ သကြားကို စစ်တပ်မိသားစုတွေက လာရောင်းတဲ့ ရိက္ခာကိုပဲအားထားပြီးဝယ်ကြရတာ မဟုတ်ရင်တော့ ယိုးဒယားကလာတဲ့ စံပယ်ပန်းတံဆိပ် (mali) နို့ဆီကိုပဲ သုံးရတာ အဲနို့ဆီကျတော့ ကျဲတောက်ကြီး...။ ဒါမှမဟုတ်လည်း နွားနို့ရတဲ့နေ့ဆို နွားနို့နဲ့ဖျော်တဲ့ လက်ဖက်ရည်လည်းသောက်လို့ရတယ်...။ ကျနော်တို့ဖက်က နို့စားနွားမွေးတဲ့လူလည်းရှားတော့ အုပ်ကျင်းမှာ တစ်ကောင်စ နှစ်ကောင်စ မွေးတဲ့အိမ်တွေဆီက နို့ညှစ်ရောင်းမှသာ နွားနို့စစ်စစ်ကို သောက်ရတာပဲ...။ ဖန်ပုလင်းနဲ့တစ်ပုလင်းကိုဘယ်လောက် စသဖြင့်ရောင်းတာပေါ့...။ ဦးလေး ဦးတင်ဝဆိုင်က လက်ဖက်ရည်အပြင် အထပ်တစ်ရာ ပလာတာ စမူဆာကောင်းတယ် သူက အစ္စလာမ်လူမျိုးဆိုတော့ အိန္ဒယမုန့်တွေလုပ်တာနိုင်တယ်...။ ဂျုံဆိုလည်း အရည်အသွေးကောင်းလို့လားမသိဘူး မုန့်တွေက ကြော်ပြီးထွက်လာရင် ဂျုံနံ့ကမွှေးနေရောပဲ အခုခေတ်ကအဲလိုအနံ့အရသာမရတော့ဘူး...။





ကျနော်တို့ အိမ်ရှေ့က ဦးလေး ဦးသန်းထွန်းဆိုင်ကျတော့ အိမ်ဆိုင်ဆိုတော့ တစ်နေကုန်ဖွင့်တာ သူ့ဆိုင်ကျ တောင်ကြီး ကျိုင်းတုံ မိုင်းဖြတ်ကလာတဲ့ ခရီးသည်တင်ကားတွေ ကုန်ကားသမားတွေနဲ့ တာလေကလူတွေ အထိုင်များတယ် လူစုံတယ်ပေါ့....။ ပြီးတော့ သူ့ဆိုင်က ကက်ဆက်နဲ့ ဘောက်စ်တွေနဲ့ သီချင်းလည်းဖွင့်ပေးတယ်...။ နည်းနည်းပိုခေတ်မှီတာပေါ့...။ သူ့ဆိုင်က ပေါက်ဆီ ပဲမုန့် အီကြာကွေးပုစီလေးတွေကောင်းတယ်.. .. လက်ဖက်ရည်လည်းကောင်းပါတယ်...။ သူက လားရှိုးမှာနေစဉ်ကလည်း လက်ဖက်ရည်ဆိုင်အတွေ့အကြုံရှိခဲ့ဖူးသူတစ်ယောက်...။ မှတ်မိသေးတယ် ကျနော် ဆယ်တန်းအောင်လို့ အိမ်ကခဏပြန်လည်တုန်းက သူငယ်ချင်းတွေနဲ့ အဲဆိုင်မှာထိုင်ကြသေးတယ် ငှားလာတဲ့ ကာတွန်းစာအုပ် မဂ္ဂဇင်းစာအုပ်တွေဖတ် စာစောင်တွေဖတ်ရင်း ရေနွေးခရားတစ်အိုးပြီးတစ်အိုးသောက်ပြီး တစ်နေကုန်အာလူးတွေဖုတ်ကြတာ...။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်တော့ ပြောင်းသွားပြီး ဦးသန်းထွန်းတို့ မိသားစုက အကုန် လားရှိုးကိုလား မန္တလေးကိုလားမသိ ပြန်ပြောင်းသွားကြပြီ သူ့ဆိုင်တစ်ခုလုံးကို ငှားပေးတဲ့ အိမ်ပိုင်ရှင်ကပဲ လက်ပြောင်းလက်လွှဲယူပြီး ပြန်ဖွင့်တာ ဟုတ်တယ်...။ သူတို့လည်း မုန့်လုပ်တာ ဘာညာအကုန်ပြန်သင်ထားတော့ ဆိုင်ဆက်ဖွင့်ဖို့ အဆင်ပြေသွားတယ် ဖောက်သည်ကလည်းရှိပြီးသားဆိုတော့ ရောင်းမကောင်းဖို့လည်း သိပ်မစိုးရိမ်ရတော့ဘူး...။ ပြီးတော့ တာလေမှာလည်း လက်ဖက်ရည်ဆိုင်ဆိုလို့ အဲတစ်ဆိုင်ထဲရှိတာလေ..။ 2011 ငလျင်လှုပ်တော့ ဦးသန်းထွန်းလက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့အိမ်က ငလျင်ကြောအောက်မှာပြားပြားဝပ်အကုန်ပြို ငလျင်မလှုပ်ခင်အရှေ့ပိုင်းနှစ်တွေကတည်းကလည်း လက်ဖက်ရည်ဆိုင်မဟုတ်တော့ဘူး ရှမ်းခေါက်ဆွဲဆိုင်ဖြစ်သွားပြီ အဲဆိုင်ရှင်အဒေါ်နဲ့သူ့သားက ငလျင်ထဲပါသွားတာပေါ့...။ ကျနော်လည်း အဖိုးဆုံးပြီး(2014)ကတည်းက မပြန်ဖြစ်တော့တာဆိုတော့ တာလေမှာ လက်ဖက်ရည်ဆိုင် ဘယ်နှစ်ဆိုင်ရှိလည်း ဘယ်သူတွေဆက်ဖွင့်ကြလည်း သေချာမသိတော့ဘူးရယ်....။

ဦးသန်းထွန်းလက်ပြောင်းလက်လွှဲထားခဲ့တုန်းက ကျနော့်အဖွားတာလေမှာနေနေသေးတယ်...။ အိမ်မှာကျနော်တို့အမေ ဈေးရောင်းထွက်ရင် အဖွားကကျန်ခဲ့တယ် ရေနွေးအိုးတည်ပေးမယ့်သူမရှိတော့ အဖွားက သူ့ရေနွေးခွက်ထဲ ဟောလစ်မှုန့်တွေထည့် ဇွန်းတစ်ချောင်းတပ်ပြီး အိမ်ရှေ့အိမ်ကိုလမ်းဖြတ်ကူး လက်ဖက်ရည်ဆိုင်မှာ ရေနွေးသွားတောင်းထည့်ပြီး ကလောင်ကလောင်ဇွန်းနဲ့မွှေရင်း အိမ်ဖက်ပြန်ကူးလာတာ နေ့စဉ်နဲ့အမျှပါပဲ...။ ရွာမှာက မနက်ဆို ကျနော်ငယ်ငယ်က ရေနွေးအိုးတည်ဖို့ ထင်းမီးဖိုဖိုရတယ် နောက်ပိုင်းခေတ်ကျ မီးသွေးမီးဖိုဖိုတယ်...။ မီးခိုးမှိုင်းတွေမဲတူးနေတဲ့ အတွင်းပိုင်းမှာ ထုံးဂျိုးတွေကပ်နေတဲ့ရေနွေးအိုးနဲ့ရေနွေးတည်ရတာပေါ့...။ နောက်ကျတော့ ရန်ကုန်က အဒေါ်တွေက အဖွားအဲလို သူများဆိုင်မှာ ရေနွေးသွားသွားယူတာကိုသိတော့ ရေနွေးတည်ရလွယ်အောင် ဂက်စ်မိုးဖိုဝယ်ပေးတယ် လျှပ်စစ်မီးလား ခုခေတ်ထိကိုမရသေးတာ ခုသုံးနေကြတာက ထိုင်းကမီးလိုင်းဆိုလား လာအိုဖက်ကလိုင်းဆိုလားပဲ...အော်...တကယ်ပါပဲ ပြည်တွင်းမှာရှိတဲ့ဂက်စ်လိုင်းတွေရောင်းစားပြီး ကျနော်တို့ပြည်သူတွေမှာ ဆင်းရဲမွဲတေနေရ ဘာမှမသုံးရမစွဲရဘဝ....။

အဲ ရန်ကုန်ရောက်မှာကျတော့ 1988-1990 ဝန်းကျင် လက်ဖက်ရည်ဆိုင်ထိုင်တယ်ဆိုတာ ယောကျာ်းတွေပဲထိုင်ရတာလို့မှတ်ကြတယ်....။ လက်ဖက်ရည်ဆိုင်ရှေ့ဆို ဘယ်မိန်းကလေးမှ ဖြတ်မလျှောက်ရဲကြဘူး မလျှောက်ရဲဆို ဖြတ်သွားတာနဲ့ ဆိုင်မှာလာထိုင်တဲ့ငနဲတွေရဲ့ ကျွတ်ကျမတတ် scan ဖတ်သလို အကြည့်တွေကိုကြောက်ကြလို့ပါပဲ...။ တကယ်လည်းဟုတ်တယ်လေ....။ လက်ကိုင်ဖုန်းမပေါသေးတဲ့ခေတ် အင်တာနက်မရှိတဲ့ခေတ်မှာ အဲဒီယောကျ်ားတွေအတွက်က ရှားရှားပါးပါးနိုင်ငံခြားကလာတဲ့ ပလေးဘွိုင်းစာအုပ်လောက်နဲ့ ကျေနပ်နေရတဲ့ခေတ်ဗျာ အဲ..ဒါပေမယ့် အပေါ်စက်အောက်စက်လိုမျိုးဗီဒီယိုခွေတွေတော့ပေါ်နေပြီထင်တယ် ဆိုတော့ သူတို့အတွက်က မျက်စိအစာကျွေးစရာ လက်ဖက်ရည်ဆိုင်ကဖြတ်လျှောက်လာတဲ့ ကောင်မလေးတွေက သားကောင်ပဲလေ.... (ဆောရီး ကျနော်ပြောတာ ရိုင်းသွားလား မဝါဒီဆန်သွားသလားမသိဘူး)...။ ကျနော် ရန်ကုန် တရုတ်တန်းမှာနေတော့ လက်ဖက်ရည်ဆိုင်စထိုင်ဖူးတာ ရှစ်တန်းကိုးတန်းကတည်းကပဲ သူငယ်ချင်းတွေနဲ့ထိုင်တာ ယောက်ကျားလေးတွေတစ်ယောက်နှစ်ယောက်ပါမှထိုင်ကြတာအဲတုန်းက မိန်းကလေးချည်းထိုင်ရင် မျက်စိစပါးမွှေးစူးသေးတာ ရပ်ကွက်ထဲက...။ ဒါက long long ago ေခတ်က အမြင်ကျဉ်းမြောင်းနေတဲ့ကာလကပေါ့...။ ခုတော့ မိန်းကလေးတွေ လက်ဖက်ရည်ဆိုင်မပြောနဲ့ ဘီယာဆိုင်တောင်ထိုင်နေကြပြီဆိုတော့ ကျနော်တို့နိုင်ငံကလူတွေဟာ အတွေးအခေါ်အယူအဆတွေ အစွန်းရောက်ကြသလိုပဲ ခံစားရတယ် ဗုဒ္ဓဘာသာလို့ခံယူထားကြပြီးတော့လေ...။

ကျနော်တို့ ငယ်ငယ်ကခေတ် လက်ဖက်ရည်ဆိုင် vibe မျိုးလိုချင်ရင်တော့ ဗီယက်နမ်မှာတော်တော်များများ တွေ့နိုင်သေးတယ်...။ အထူးသဖြင့် တောင်ပိုင်းမှာရှိတဲ့ ဆိုင်ဂုံမြို့နဲ့ အဲနားတစ်ဝိုက် နယ်မြို့တွေက ဗီယက်နမ်ကော်ဖီဆိုင်တွေမှာ အဲလိုမျိုးအငွေ့အသက်တွေရသေးတယ်...။ တကယ်တော့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဟာ သူ့ခေတ်သူ့အခါက လူမှုရေး စီးပွားရေး နိုင်ငံရေးအခြေကို မသိမသာပြောပြသွားနိုင်တဲ့ မှတ်စုစာအုပ်ကြီးတစ်အုပ်လိုပါပဲ...။ ဆရာမြသန်းတင့်ရဲ့ လက်ဖက်ရည်ဆိုင် စာအုပ်လေးဖတ်ပြီး ငယ်တုန်းကရွာက လက်ဖက်ရည်ဆိုင်တွေအကြောင်းပြန်ပြောပြမိသွားတယ်...။ ဖတ်ထားတဲ့စာအုပ် reviewed လေးမဟုတ်ပေမယ့် ကျနော့်ပို့စ်လေးကို စိတ်ကျေနပ်အားရမိမယ်လို့ မျှော်လင့်ပါတယ်...။






Tuesday, 11 June 2024

The Red Shoes.....


 


ကလေးဘဝကစပြီး ပြန်တွေးကြည့်ရင် ကျမနှစ်သက်တဲ့အရောင်တွေထဲမှာ အနီရောင်မပါခဲ့ဘူး....။ အရုပ်ကပ်လေးတွေဆော့တာဖြစ်ဖြစ် ရောင်စုံခြယ်တာဖြစ်ဖြစ် ကျမ အများဆုံးသုံးဖြစ်တဲ့အရောင်က ပန်းရောင်နဲ့ ခရမ်းရောင်ပဲ....။ မှတ်မိသလောက်ပေါ့ အဝတ်အစားအသုံးအဆောင်ကအစ အနီဆိုတာ သိပ်မရှိသလောက်ပဲ..။ ဒီအရောင်လေးကို ကြိုက်လိုက်တာလို့လဲ မရှိခဲ့ဘူး...။ ဒါပေမယ့် ကျမအသက် ဆယ့်နှစ်နှစ်ကျော် ရန်ကုန်ကို ကျောင်းသွားတက်ရတော့မယ်လို့ အဒေါ်ကခေါ်တော့ တာချီလိတ်နယ်စပ် ထိုင်းဖက်ခြမ်းက မယ်ဆိုင်မှာ လိုအပ်တာတွေ အမေနဲ့သွားဝယ်တော့ ကျမစီးဖို့ဆိုပြီး လေဒီရှူးတစ်ရံဝယ်ပေးတယ်...။ အသက်ဆယ့်နှစ်နှစ်ကျော် ဆယ့်သုံးနှစ်ပေမယ့် ကျမက အရပ်တော်တော်ရှည်နေပြီ...။ ငါးပေကျော်နေပြီ...။ အဲတုန်းကတည်းက ကျမစီးတဲ့ ဖိနပ်ဆိုဒ်က အနည်းဆုံး ၃၇ တော့ရှိလောက်တယ်...။ လက်ရှိ ကျမ ဖိနပ်ဆိုဒ်က ၃၉-၄၀ ...။ အခု ကျမနေတဲ့တိုက်ရှေ့တည့်တည့်မှာ ဖိနပ်ဆိုင်သေးသေးလေးတစ်ဆိုင်ရှိတယ် ...။ အဲဖိနပ်ဆိုင်ပိုင်ရှင်က ဆိုဒ်ကြီးဝတ်တတ်တဲ့ အစ်မလို့ မှတ်ထားတယ် ကျမကို...။

အဲတော့ ကျမ ရန်ကုန်ကို ကျောင်းသွားတက်ဖို့ လေယာဉ်စီးတော့ အဲလေဒီရှူးအနီရောင်လေးစီးသွားတယ်...။ တောသူမြို့တက် ဒေါက်ဖိနပ်တဲ့ ကြားဖူးကြတယ်မလား...။ အနီရောင်ကို မကြိုက်ပေမယ့် အဲအနီရောင်ဖိနပ်လေးက အတွင်းပိုင်းမှာ အသားလေးနူးနူးညံ့ညံ့နဲ့ချုပ်ပေးထားတာ စီးရတာ မနာဘဲ နေလို့ကောင်းတယ်...။ အဲဖိနပ်က ကျမပထမဆုံးစီးဖူးတဲ့ လေဒီရှူးပဲ...။ သရေနဲ့ချုပ်ထားတဲ့ အပေါ်မှာ ဖဲပြားလေးပါသေးလားတော့ သေချာမမှတ်မိတော့ဘူး...။ အဲဖိနပ်လေးကို ရန်ကုန်ရောက်တော့ ညီမဝမ်းကွဲရဲ့ အဖေဖက်က အမျိုး အင်းလျားလိတ်မှာ မင်္ဂလာဆောင်တော့ ထပ်စီးဖြစ်သေးတယ်...။ အဲနေ့က ဝတ်စုံလေးကို ကျမကောင်းကောင်မှတ်မိနေသေးတယ်...။ အင်္ကျီက ပုလဲနှစ်ရောင် လက်ဖောင်းလက်စက ခါးပွဘလောက်လေးနဲ့ အညိုနဲ့အနီအဝါစပ်ကြား ဘာဘလီအကွက် ဒူးဖုံးအနောက်ကွဲ မီနီစကပ်အကြပ်လေးကို (မီနီစကပ်ခေါ်သလား တိုက်စကပ်ခေါ်လားမသိ) လေဒီရှူးအနီလေးနဲ့စီးပြီးပွဲတက်ခဲ့တယ်...။ ပထမဆုံးတက်ဖူးတဲ့ ရန်ကုန်က အင်းလျားလိတ်ဟိုတယ်ပွဲပေါ့...။ အဲတုန်းက အသားမဲမဲ ပိန်ရှည်ရှည်လေး ရန်ကုန်မှာနေတော့မှာ အသားအရေလေး လတ်လာတာ...။ ရှမ်းပြည်ပေမယ့် ရွာမှာဆို လေတိုက်လဲမဲ နေပူလဲမဲ ချောင်းထဲရေဆင်းကူးလဲမဲ လေရော ရေရော မကောင်းဘူးလေ...။ ရန်ကုန်ကျ ဂျိုးဖြူရေချိုးရင် အသားဖြူတယ်ဆိုတာ တကယ်ဟုတ်တယ်ဆို...။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျမက နဂိုအသာညိုသူမို့ ခပ်လတ်လတ်အသားအရေတော့ဖြစ်သွားတာပေါ့ ရန်ကုန်မှာနေတော့...။

အနီရောင်နဲ့ ပတ်သက်ပြီး ကျမအက်ဆေးနှစ်ပုဒ်ရေးဖူးခဲ့တယ်ထင်တယ်...။ အခုက ငယ်ငယ်တုန်းက ပထမဆုံးစီးဖူးခဲ့တဲ့ လေဒီရှူးအနီရောင်လေးကို သွားသတိရမိလို့ ပြန်လာပြောပြတာ....။

တောသူမြို့တက် ဒေါက်ဖိနပ်ဆိုလို့ ကျမ ၂၀၀၇ စင်္ကာပူသွားတော့ စန်တိုဆာကျွန်းနဲ့ ငှက်ခြံတွေလျှောက်လည်တော့ အဲနေ့ကစီးထားတာက ဖိနပ်အဖြူရောင်ဒေါက်အချွန်လေးနဲ့ တစ်နေကုန်လမ်းလျှောက်ရတော့ ခြေထောက်တွေနာပြီး ကြက်ပေါင်ဖိနပ် ခြေညှပ်လေးတစ်ရံဝယ်စီးလိုက်ရတယ်...။ တကယ်အဟုတ် တောသူပဲ...။ တောသားမြို့တက် ဂျင်းဝမ်းဆက်တဲ့... တကယ်ကြီး ရိုင်ဒါဂျင်းဘောင်းဘီနဲ့ ဂျင်းဂျာကင်ဝတ်တတ်တဲ့ တောသား ကျမအပြင်မှာ မြင်ဖူးတယ်....:)


__________________
Revolution will prevail
မိုးငွေ့

Monday, 20 March 2023

အုပ်ကျင်းရွာက ချစ်ခင်သူတွေ.....

 



တလောက တီဗီမှာ မခိုင်လး(ခိုင်သင်းကြည်)ကားလာတော့ ကျနော်ငယ်ငယ်က ခင်ခဲ့ဖူးတဲ့အစ်မတစ်ယောက်ကို သတိရသွားမိတယ်...။ အဲအစ်မနာမည်က မညိုတဲ့... ကျနော့်တို့ တာလေမြို့ဈေးနားက အုပ်ကျင်းရွာမှာနေတာ..။  သူ့အမေက ဈေးထဲ ပြည်မကြီးကထွက်တဲ့ ကုန်ခြောက်တွေဖြစ်တဲ့ ငါးပိ ငါးခြောက် ကြက်သွန် အာလူး စတာတွေရောင်းတယ် မနက်စောပိုင်းဆို ပဲပြုတ်လည်းရောင်းတယ်...။ သူ့အမေနောက်အိမ်ထောင်နဲ့ရတဲ့ ကလေးလေးတစ်ယောက်ရှိတယ် အဲကောင်လေးက မျက်လုံးဝိုင်းဝိုင်းပါးဖောင်းဖောင်းနဲ့ လုံးလုံးကစ်ကစ်လေး ချစ်စရာကောင်းတယ် ဆောင်းတွင်းဆို ပါးတွေနီရဲကွဲအက်ပြီး နှပ်ချေးတွဲလောင်းနဲ့ ဈေးထဲမယ် အဲကလေးပဲစကြနောက်ကြတာ...။ မညိုက မခိုင်လေးနဲ့မဆိုစလောက်လေးပဲဆင်တာပါ မျက်နာသွယ်သွယ် နှာတံစင်းစင်း နှုတ်ခမ်းကမထူမပါး မျက်ခုံးနက်နက် မျက်လုံးလေးတွေက မျက်တောင်ရှည်ရှည်ဝန်းရံထား‌တော့ ချောတဲ့လှတဲ့ ကောင်မလေးတစ်ယောက်ပေါ့....။ ဪ အပေါ်နှုတ်ခမ်းဒေါင့်နှစ်ဖက်မှာ နှုတ်ခမ်းမွှေးရေးရေးလေးတောင်ရှိသေး ကျနော်သေချာမှတ်မိနေတယ် အစ်မမျက်နှာကို...။ သူကို အဲခေတ်က ပိုးတဲ့ကြိုက်တဲ့သူတွေ အများကြီးရှိမှာပဲ...။ ကျနော် ဆယ်တန်းအောင်လို့ ပြန်တော့ မညိုက အိမ်ထောင်ကျသွားပြီ တာချီလိတ်က ရဲတစ်ကောင်နဲ့...။ ခုနေတော့ ကလေးဘယ်နှစ်ယောက်အမေတောင်ဖြစ်နေလဲမသိ...။ ကျနော်ရန်ကုန်စရောက်တုန်းက စာအဆက်အသွယ်ရှိသေးတယ်...။ နောက်တော့ အဆက်သွယ်ပြတ်သွားတာခုထိပဲ...။ အဖိုးဆုံးတုန်းကလဲ မတွေ့ဖြစ်လိုက်ဘူး...။ ဒီတစ်ခါပြန်သွားလည်ဖြစ်ရင် တွေ့ချင်တဲ့သူတွေကို List သေချာလုပ်သွားရမယ်...။ ကျနော်ငယ်ငယ်က Crush ခဲ့ဖူးတဲ့ ဟိုအစ်ကိုကြီးနဲ့ရောပဲ(စကားချပ်) ...။ မညိုက စကားပြောလဲကောင်းတယ် အဲတုန်းက ကျနော်က အမေဈေးရောင်းတာလိုက်ရတော့ သူ့အမေဆိုင်နဲ့က ရှေ့နောက်လေးပဲ...။ မညိုက ကျနော်ထက် သုံးလေးနှစ်လောက်ပဲကြီးမယ်ထင်တယ်....။ ကျနော့်ကိုလည်းအရမ်းခင်တယ်...။ ရှမ်းပြည်မှာ ဗမာတွေကလူဦးရေနည်းတော့ အဖေဗမာဖြစ်တဲ့ကျနော်က ဗမာစကားလည်း ရှမ်းမတွေလောက်မဝဲဘဲ သေချာကျကျနနပြောနိုင်တာမို့ ခင်တာလည်းပါမယ်...။ ကျနော့်ကို မီးမီးလေး မီးမီးလေး ဆိုပြီး ချစ်လို့ မုန့်တွေလည်း ဝယ်ကျွေးတတ်တယ် အဲအစ်မက...။ မညိုက မွေးချင်း မောင်တစ်ယောက်နဲ့ မအေတူ ဖအေကွဲမောင်လေးတစ်ယောက်ပဲရှိတာကိုး...။ မညို မောင်အရင်းက မင်းသားစိုးသူနဲ့ခင်ဆင်ဆင်ပဲ ချောတယ်...။ ချစ်စရာကောင်းတဲ့ အစ်မတစ်ယောက်မို့ မညိုနဲ့ ထပ်ဆုံချင်ပါသေးတယ်...။

အုပ်ကျင်းရွာဆိုတာ တကယ်တော့ တပ်ထွက်ရဲဘော်ဟောင်းမိသားစုတွေနဲ့ ဗမာပြည်ကလိုက်လာကြတဲ့ သူတို့ဆွေမျိုးနီးစပ်တွေနေကြတဲ့ရွာ ...။ တစ်ရွာလုံးနီးပါး ဗမာတွေပဲနေတာ....။ အဲအုပ်ကျင်းက ဦးစိုးမြင့်ဆိုတာ တစ်ယောက်ရှိတယ် သူကဈေးကောက်လုပ်တာ...။ ကျနော်တို့နယ်မှာ အဲတုန်းက စည်ပင်လည်းမရှိသေးဘူးထင်တယ်...။ ဦးစိုးမြင့်က မနက်ဆို ဈေးသည်တွေရဲ့ဆိုင်တိုင်းကို တစ်ဆိုင်ဘယ်လောက်ဆိုပြီး လိုက်ကောက်ရတာ သူတို့မှာ ကော်မရှင်တစ်ခုတော့ရှိမယ်ထင်တယ်...။ အဲကငွေတွေနဲ့ ဈေးနဲ့ပတ်သက်တာလိုအပ်တာလုပ်ရတာထင်တယ်...။ ခုခေတ်တော့ ဘယ်လိုပုံ ဘယ်လိုနည်းတွေလုပ်နေကြလည်း ကျနော်မသိတော့ဘူး...။ အဲဦးစိုးမြင့်က ကျနော်တို့ မနက် ဈေးထွက်တော့မယ်ဆို ကျနော်တို့လှည်းကိုလာတွန်းပေးတယ် ...။ သံဖရိန်နဲ့လုပ်ထားတဲ့ လက်ကိုင်ပါတဲ့ သုံးဘီးတွန်းလှည်းထဲ ဈေးခင်းဖို့ပစ္စည်းတွေကို သုံးထပ်သားသေတ္တာထဲထည့်ပြီး သွားရောင်းရတာ...။ ဈေးရောက်ဖို့ တာလေတံတားကိုဖြတ်ရသေးတယ် အဲဒီလှည်းကိုတွန်းဖို့ ယောကျာ်းအားနဲ့မှအဆင်ပြေတာမို့ အမေက ဦးစိုးမြင့်ကို ပိုက်ဆံပေးပြီး နေ့တိုင်းလာတွန်းခိုင်းပါတယ်...။ ဦးစိုးမြင့်မိဘတွေကလည်း တပ်ထွက်တွေဘဲ သူ့အမေလဲ ဈေးထဲ ပဲပြုတ်နဲ့ ပန်းရောင်းတယ်...။ ကျနော်တို့ရှမ်းပြည်မှာ ဗမာစာတွေကို ဗမာတွေပဲလုပ်ရောင်းတာများတယ်...။ ဦးစိုးမြင့်က ကျနော့်အဒေါ်တွေနဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ... စကားပြောကောင်းတယ် ကလေးတွေကို ပုံပြင်ပြောပြတတ်တယ်...။ ကျနော်တို့ ဗီဒီယိုပြရင် မီးစက်လာနှိုးပေးပြီးတာနဲ့ ကျနော်တို့အိမ်ရှေ့မှာ ကလေးတွေတပြုံကြီးဝိုင်းဖွဲ့ပြီး ပုံပြင်ပြောပြတော့တာပဲ...။ ဦးစိုးမြင့်တို့က မောင်နှမများတယ် ရှစ်ယောက် ကိုးယောက်လောက်ရှိမလားဘဲ...အဲထဲ ဦးစိုးမြင့် ညီအငယ်ကောင်တစ်ယောက်ဆို ငယ်ငယ်တုန်းက ကျနော့်ကို သိပ်လိုက်စတာ ကျနော်က သူ့မျက်နှာပိုးကိုလုံးဝမကြိုက်ဘူး မျက်နှာရူးပုံစံမျိုးသိတယ်မလား...။ အဲလိုလူတွေကို ကျနော်လုံးဝသဘောမကျဘူး....။ ကျနော့် အဖိုးအသုဘနဲ့တာလေကိုနောက်ဆုံးရောက်တော့ ဦးစိုးမြင့်နဲ့တွေ့ခဲ့သေးတယ် အသုဘမှာလိုက်ကူပေးတာ ညအိပ်စောင့်ပေးတာလုပ်ပေးသေးတယ်...။ အဲမတိုင်ခင်က သင်္ကြန်မှာအရက်တွေမူးပြီး နမ့်မွေချောင်းထဲစိမ်နေလို့ လေဖျန်းသလိုဖြစ်သွားသေးတယ်... ဆေးတော်တော်ကုလိုက်ရသေးတယ်တဲ့...။ မသေတာပဲကံကောင်း...။

ဒီတစ်ခါ တာလေပြန်ဖြစ်ရင် တွေ့ချင်တဲ့ ချစ်ခင်သူတွေအားလုံး ကျန်းကျန်းမာမာနဲ့ ရှိနေနိုင်ပါစေလို့ ဆုတောင်းပါတယ်...။


__________________
Revolution will prevail
မိုးငွေ့


Sunday, 12 March 2023

အကြော်ပူပူလေးတွေရမယ်......

အကြော်သည် အဒေါ်ကြီးစီးထားတဲ့ ဖိနပ်ကတော့ CW (Commune Wear) ကပါလို့ 
ကြော်ငြာဝင်လိုက်ဦးမယ်


ကျမတို့ ရုံးနားမယ် အိန္ဒိယလူမျိုး အဒေါ်ကြီးတစ်ယောက်ရဲ့ အကြော်တဲလေးတစ်ခုရှိတယ်... ။ တကယ်က သူအကြော်ရောင်းနေတာကြာလှပြီ ကျမက သူ့ဆီကတစ်ခါမှဝယ်မစားဖြစ်ဘူး ...။ နေ့လည်နေ့ခင်းဗိုက်ဆာရင် ဈေးထဲက ရခိုင်မုန့်တီသုပ် နဲ့ မနက်ခင်းကရောင်းမကုန်တဲ့ အကြော်တွေကိုပဲဝယ်စားဖြစ်နေတာ...။ အခုကျ အဲနားလေးက အုန်းစိမ်းရည်နဲ့ ကြံရည်ရောင်းတဲ့ လင်မယားဆီက ကြံရည်လေးသွားဝယ်သောက်ရင်းနဲ့ အဲအဒေါ်ကြီးဆီက အကြော်တွေဝယ်စားဖူးသွားတာ...။ ခုနွေရောက်ပြီဆိုတော့ ရာသီဉတုကပူအိုက်လောင်မြိုက် ထမင်းစားမကောင်း သရေစာတွေပဲစားချင်နေ နေပူပူမှာ ကြံရည်အေးအေးလေးသောက်လိုက်ရတာ အရသာကိုရှိ..။ တကယ်က ကျမ ကြံရည်မသောက်ဖြစ်တာနှစ်ချီနေပြီ... ကြံရည်သောက်ရင် ဘီပိုး စီပိုး ဘာညာကူးတတ်တယ် မသန့်ဘူးဆိုလို့ မသောက်ဖြစ်တာ မနှစ်က သီတင်းကျွတ်တုန်းက ပုဂံသွားတော့မှ ပုဂံဘုရားတစ်ဆူရဲ့ အပြင်ဖက်မှာရောင်းတဲ့ ကြံရည်ဆိုင်မှာပြန်စသောက်တာပဲ..အဲတုန်းက ပူလို့သာသောက်လိုက်တာ ကြံရည်က သိပ်မချိုဘူး...။ အခု ရုံးနားက ဈေးရှေ့က အသည်မှာ ကြံရည်ကချိုအေးမွှေးနေရောပဲ...။ 


အလုပ်မကောင်းတော့ နေ့ခင်းပိုင်းလေး အချိန်ပိုင်းအကြော်သည်လုပ်ပါတယ်


တကယ်ပြောချင်တာက အိန္ဒိယအကြော်သည် အဒေါ်ကြီးဆီက အကြော်တွေက ဈေးလည်းမဆိုးဘူး ခုခေတ် ဆီဈေးကြီးနေချိန် သူများတွေ အကြော်တစ်ခု ၂၅၀/- ၃၀၀/- ရောင်းတာ သူက တစ်ခု ၂၀၀/-  အကြော်တွေက တစ်ခုတစ်ခုလည်း အကြီးကြီးပဲ...။ ငှက်ပျောကြော် ဗူးသီးကြော် ဘရာကြော် မတ်ပဲကြော် ပြောင်းဖူးကြော် ကြက်သွန်ကြော် ခုဆို ငါးကြော်တောင်မှရသေးတယ် ....။ ငါးမြီးတံသွယ် ငါးလေးတွေကို မုန့်နှစ်နဲ့ကြော်တာ....။ သူ့အချဉ်ရည်ကတော့ အရမ်းအကောင်းကြီးထဲကမဟုတ်ဘူး...။ ဂါလံပုံးငရုတ်ဆီချဉ်ကိုမှ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ မချည်းနှစ်နဲ့ ပြန်စပ်ဖျော်ထားတာ...။ သူ့ဆီအကြော်သွားဝယ်တိုင်း သူတစ်ယောက်ထဲ မုန့်နှစ်စပ် အကြော်ကြော် ဝယ်သူလာရင် ထည့်ပေးနဲ့ လက်မလည်ရှာဘူး...။ သူ့သမီးဆိုတာကလည်း အကြော်တဲထဲထိုင် ဖုန်းသုံးနေတာ ဇာတ်ကားပဲကြည့်နေတာဆိုပြီး ညည်းတယ်...။ တစ်ရက်မှာ အကြော်ထပ်သွားဝယ်တော့ သူတစ်ယောက်ထဲကြော်နေတာတွေ့လို့  ကျမကဝင်ကူပေးတာ သူအချဉ်စပ်နေတုန်း အကြော်ဝင်ကြော်ပေးတာ ဝယ်သူတွေကို ထည့်ပေးတာလုပ်ပေးလိုက်တယ် ကိုယ်တိုင်ကလည်း ငယ်ကတည်းက အမေနဲ့ ဈေးရောင်းခဲ့ဖူးတော့ ဒါမျိုးကလည်း ဝါသနာပါနေတော့ ကြော်ချင်တာလေ...။ အဲလိုလုပ်တော့ ကလေးတုန်းက ရွာမှာ မုန့်သွားစားတိုင်း မုန့်လင်မယားဆို ဝင်ကြော်လိုက်တာပဲ ခေါက်ဆွဲဆိုလည်း တစ်ခါတစ်လေဆိုင်ရှင်မအားရင် ကိုယ့်ဘာသာကိုယ်ထည့်လိုက်တာပဲ ပြီးတော့ ကျမတို့ဆီမှာ ရှမ်းမုန့်ဆီကြော်ဆိုတာရှိတယ်...။ ဗမာမုန့်ဆီကြော်လို ဆီများများနဲ့တော့မကြော်ရဘူး ...။ ကောက်ညှင်းဆန်ကြိတ်ထားတဲ့ မုန့်နှစ်နဲ့ ကြံသကာရောထားတဲ့ မုန့်နှစ်ခပ်ပျစ်ပျစ်ကို ဆီနဲနဲထည့်ထားတဲ့ ဒယ်ပူပူထဲ ဟင်းခတ်ဇွန်းကြီးတစ်ဇွန်းခတ်ထည့် နှမ်းနဲနဲဖြူး အုန်းသီးပါးပါးလှီးထားတာလေး သုံးလေးဖတ်ထည့်ပြီး သံယောင်းမနဲ့ ခပ်ပြားပြားအချပ်ဖြစ်အောင်ရိုက်ပေးရတယ် ဟိုဖက်ဒီဖက်လှန်ပေး နီညိုရောင်သန်းလာရင် စားလို့ရပီ... ။ တအားမကျွတ်ဘူး ပါးပါးပျော့ပျော့ ချိုချိုလေးနဲ့ စားကောင်းတယ်...။ အဲလိုမုန့်မျိုး ခုဖက်ခေတ်မှာ လုပ်ရောင်းသေးလားမသိတော့ဘူး....။ အဲဒါမျိုးဆိုလည်း ကျမက ဝင်လုပ်လိုက်တာပဲ တကယ်က ကလေးတုန်းက ဆော့ချင်တာလည်းပါတာပေါ့.... အဲလို...။ ပြောချင်တာကများပြီး တကယ်ပြောပြမှာက ချော်ချော်သွားတယ်...။ အကြော်သည်အဒေါ်ကြီးကိုစပ်စုကြည့်တော့ သူ့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိတယ် လင်ယောကျာ်းကမရှိတော့လို့ ကလေးတွေကို ငယ်ကတည်းက အနီးကပ်သွန်သင်ဆုံးမတာမလုပ်ခဲ့ရဘူး ကလေးကျောင်းစရိတ်ပဲ ငွေရှာနေရလို့တဲ့...။ ကလေးတွေ အလုပ်မလုပ်ချင်တဲ့အကြောင်း အလုပ်လုပ်ဖို့ စိတ်မဝင်စားတဲ့အကြောင်းတွေညည်းပြတာပေါ့...။ 

ဒါနဲ့ ကိုယ့်ကလေးဘဝလေးကို ပြန်တွေးကြည့်မိတယ် ငါကလေးတုန်းက တော်တော်ငယ်ငယ်ကတည်းက ငါ့အမေ ငါ့အဖွားတွေက တော်တော်လေးခိုင်းခဲ့တာပဲလို့...။ ကျမငယ်တုန်းက အလုပ်စလုပ်ရတာ အသက် ၆နှစ် ၇နှစ်အရွယ်ကတည်းက မိုးလင်းလာရင် မောင်လေးရဲ့ နို့ဗူးလေးတွေကို ဆေးကြောပြီး ရေနွေးအိုးနဲ့ပြုတ်ရတယ် ထင်းမီးမွေးရတယ် ရေနွေးအိုးကျိုရတယ် အိမ်မကြီးနဲ့ ပေတစ်ရာကျော်လောက်ဝေးတဲ့ ရေတွင်းကနေ လက်အသားမာတက်တဲ့အထိရေငင်ပြီး အိမ်သာကို ရေပုံးသေးသေးလေးနဲ့ ရေခပ်ဖြည့်ရတယ်...။ တကယ်က ကျမတို့အိမ်မှာ အိမ်အကူ ကလေးထိန်း အဝတ်လျှော်တဲ့သူ အကုန်ရှိတယ်..။ ဒါပေမယ့် လူကြီးတွေက အလုပ်လုပ်တတ်အောင် ကြီးလာရင် အကုန်တတ်အောင်လို့ ထရိန်းပေးလိုက်တာလို့ ကျမမြင်တယ်...။ အဲဒါလေးကို ခုပြန်တွေးတော့ ကျေနပ်မိတယ် တခါတခါကျ ခုခေတ်ကလေးတွေ အပြည့်အစုံနဲ့ သုံးချင်တာသုံး အခွင့်အလန်းတွေအများကြီးရှိကြတာတွေ့တော့ ငါတို့တုန်းကများ ဇိမ်မကျလိုက်တာဆိုပြီး စိတ်ခုမိတယ်...။ ခုခေတ်ကလေးတွေက သူငယ်တန်းကနေ တချို့ဆို တက္ကသိုလ်ရောက်တဲ့အထိ အိမ်က မိဘက လိုက်ပို့နေရတုန်း...။ ကိုယ်တွေတုန်းကများ သူငယ်တန်းတောင် အမေက လိုက်မပို့ပေးဘူး သူများကလေးတွေနဲ့သွားရတာ ကြည့်ဦး ပထမဆုံးကျောင်းတက်ရက်တောင်...။ ဒါပေမယ့် ကိုယ့်အားကို ကိုးတတ်အောင် သင်ပေးလိုက်လို့ လူကြီးတွေကို တကယ်ကျေးဇူးတင်ပါတယ်...။ 

အကြော်သည်သုံးတဲ့ အကြော်ကြော်တဲ့ သံယောင်းမနဲ့ဂေါ်က လက်ကိုင်တိုနေလို့ ဝါးတုတ်တံရှည်ရှည်နဲ့ကြော်သင့်တယ်လို့ အကြံပေးခဲ့လိုက်သေးတယ် နေဦးအိမ်မှာ အဲလိုဝါးတံဝယ်ထားတာရှိရင်လာပေးမယ်လို့ပြောခဲ့သေးတာ .... ကဲ....။


__________________
Revolution will prevail
မိုးငွေ့


Saturday, 8 August 2020

ဖေဖေနဲ့ ဦးကျော်.....



ပြီးခဲ့တဲ့ (၁၃.၇.၂၀၂၀) ကိုသားကြီးကွယ်လွန်ပြီး ၁၃နှစ်ပြည့်တဲ့နေ့မှာပဲ ဦးကျော်(ဦးဇင်းကိတ္ထိသာရ)ဟာ အသက်(၇၃)နှစ် ဝါတော်(၁၂)ဝါမှာ ပျံလွန်တော်မူသွားခဲ့ပါတယ်....။


ဦးဇင်းဦးကိတ္ထိသာရကို ဦးကျော်လို့ပဲ ဒီပို့စ်မှာ ရေးပါရစေ.....။


ဦးကျော်ကို ကျွန်မ ကလေးဘဝ လူမှန်းသိတတ်စကတည်းက ဦးကျော်ကို လူကိုယ်တိုင်မဟုတ်ပေမယ့် နာမည်ကို ရင်းရင်းနှီးနှီးရှိခဲ့ပါတယ်...။ ဘာကြောင့်လဲဆိုတော့ ကျွန်မဖေဖေ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ တာလေရွာ(ခုတော့တာလေမြို့) မှာ အဲတုန်းက ကချင်(၅)စစ်တပ်ကို တပ်ကြပ်ပြီးဘဝနဲ့ ပြောင်းလာကတည်းက အဲချိန် ၁၉၇၃-၇၄ ဝန်းကျင် ဦးကျော်လည်း မင်းသားတစ်ယောက်အဖြစ် နာမည်ရစအချိန် တစ်နိုင်ငံလုံး ပရိတ်သတ်တွေရဲ့ အားပေးမှုကိုရနေတဲ့အချိန်....။ ဖေဖေ ကချင်(၅)တပ်ကိုပြောင်းလာတော့ တာလေရွာထဲကိုအလည်လာတဲ့အခါ တစ်ရွာလုံးက လူတွေက ဖေဖေ့ကို ကျော်ဟိန်းနဲ့တူတယ်ဆိုပြီး ရွာကအပျိုတွေက အသေရှိတ်ကြတာတဲ့...။ ရှိတ်တယ်ဆိုတာ ဟိုတုန်းကစကား ခုခေတ်တော့ ငမ်းတယ်ခေါ်မလား...။ ဖေဖေက ဦးကျော်နဲ့မျက်နှာပေါက်နဲနဲဆင်တယ်....။ ဆံပင်ကောက်ကွေးတာချင်းလည်းတူတယ်...။ အဲခေတ်က ကော်လံကြီးကြီးနဲ့ ကိုယ်ကြပ်ရှပ်အကျီကို bell pants နဲ့ တွဲဝတ်တဲ့ ဖက်ရှင်ခေတ်...။ ဖေဖေရွာထဲလာရင် အဲလိုမျိုးဝတ်ပြီးလာတတ်တယ်...။ ဖေဖေက အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်တာကြိုက်တယ် သန့်သန့်ပြန့်ပြန့်နေတာကြိုက်တယ်...။ ခုခေတ်ဆိုရင်တော့ ဘောဒီတောင့်တောင့်မော်ဒယ်လ်တွေပုံစံမျိုးပေါ့... ။ အရပ်ကလည်း ၆ပေ၂လက်မလောက်ရှိတယ် အသားညိုညို အဲတုန်းက သံချေးရောင်အသားအရေ ပိုင်ရှင်လို့ခေါ်ကြတယ်....။


ဒီလိုနဲ့ တစ်နေ့မှာ တာလေမှာနေတဲ့ ကျွန်မမေမေနဲ့လက်ထပ်ခဲ့ကြတယ်...။ ဖေဖေ့အကြောင်းကို ဒီပို့စ်မှာ ရေးခဲ့ဖူးပါတယ်...။ အဲတုန်းက မေမေဖက်က အဖွားက သဘောမတူဘူး....။ အဖွားက ဗီယက်နမ်ဆိုတော့ စကားဝဲတယ် ဖေဖေ့ကို ကျော်ဟိန်းလို့ တစ်ရွာလုံးကခေါ်တာ အဖွားက ကြူဟိန်းလို့အသံထွက်တယ်...။ မေမေနဲ့ဖေဖေတို့ ရန်ဖြစ်ကြရင် အဖွားကပြောလေ့ရှိတယ် ကြူဟိန်း ကြူဟိန်း ယူချင်လေဦးတဲ့....။ အော်...ပြောရဉီးမယ်.... ကျွန်မဖေဖေအောက်က ညီက မြတ်ကေသီအောင်တို့အဖေ ဦးမောင်လူကလေးပါ...ဦးလေးလဲ ဆီးချိုရောဂါနဲ့ကွယ်လွန်သွားခဲ့တာကြာပြီ....။ အရင် ဦးလေးရှိစဉ်က ဖေဖေ့အကြောင်းပြောပြလေ့ရှိတယ်...။ သူအဲတုန်းက မင်းသားသိပ်ဖြစ်ချင်လို့  ရန်ကုန် ဘောက်ထော်မှတ်တမ်းရုံးမှာ ဖေဖေအလုပ်လုပ်နေတဲ့ဆီကို ဖြူးကညွှတ်ကွင်းကနေတက်လာခဲ့တာ...။ ဦးလေးကပြောသေးတယ် သမီးအဖေကျေးဇူးကြောင့် ဦးဝါသနာပါတဲ့ ရုပ်ရှင်လောကထဲကိုရောက်လာခဲ့ရတာတဲ့.....။ တကယ်ဆို သမီးအဖေက မင်းသားလုပ်ရမှာ သူကမောင်နှမတွေထဲမှာ အရပ်အမောင်းကောင်းပြီး ရုပ်အဖြောင့်ဆုံး အစ်ကိုအစ်မတွေအချစ်ဆုံးတဲ့....။ ဖေဖေတို့က မောင်နှမဆယ်ယောက်ရှိတယ်...။  ဖေဖေကနံပါတ်ခုနှစ် ဦးမောင်လူလေးက နံပါတ်ရှစ်...။ ခုတော့လည်း အသက်ရှင်ကျန်နေတာဆိုလို့ သုံးယောက်ပဲရှိတော့တယ်....။ သရုပ်ဆောင် စူးရှနိုင်@ပက်ထရစ်ရှာကလည်း ဖေဖေ့အစ်မအကြီးဆုံးရဲ့မြေး ကျွန်မရဲ့တူမပေါ့....။ ဒါကတော့ ဦးကျော်နဲ့တူတဲ့ ဆက်စပ်ခဲ့တဲ့ ကျွန်မဖေဖေရဲ့ အဖြစ်ပျက်တစ်ချို့ပါ....။


ငယ်ငယ်တုန်းက တာလေအိမ်မှာ ဗီဒီယိုရုံရှိတော့ ကလေးဘဝပိစိကွေးကတည်းက ရုပ်ရှင်နဲ့လုံးဝရင်းနှီးကျွမ်းဝင်ခဲ့တယ်...။ ဒါပေမယ့် အဲတုန်းက ဦးကျော်အခွေတွေထက် ရဲကိုကိုတို့ ရဲမင်းပိုင်တို့က နယ်ကြိုက်မင်းသားတွေဆိုတော့ သူတို့ကားဆိုပိုပြရတယ်...။ ဦးကျော်ကားဆို မြန်မာ့အသံမှာ စနေ တနင်္ဂနွေမှာလွှင့်တဲ့ အဖြူအမဲကားတွေကိုတော့ အဒေါ်က ရန်ကုန်ကနေအခွေကူးကူးပြီးပို့ပေးတော့ ကြည့်ရတယ်...။ ပြီးတော့ အိမ်မှာ အဒေါ်တွေအပျိုတုန်းက စုထားတဲ့ မင်းသားမင်းသမီး ဓါတ်ပုံအမ်လ်ဘမ်ကိုလည်း ခဏခဏထုတ်ကြည့်ည့်တာ ကြိုက်တယ်...။ အဲခေတ်က မင်းသားမင်းသမီးတွေကို စာတိုက်ကနေစာရေးပြီး ဓါတ်ပုံတောင်းတဲ့ခေတ်ကိုး...။ ဓါတ်ပုံနောက်တွေမှာလည်း လက်မှတ်တွေဘာတွေနဲ့ပေါ့....။ အဲဒီဓါတ်ပုံစာအုပ်ထဲမှာ မင်းသားမင်းသမီးတွေတော်တော်စုံတာ....။ ဦးကျော်တို့ ဦးမြတ်လေး ဦးဝင်းဦး ဦးညွန့်ဝင်း ဆရာ ဦးသုမောင် ဝါဝင်ဝင်းရွှေခင်သန်းနု ခင်သီတာထွန်း စန္ဒာ ဆွေဇင်ထိုက် စသဖြင့် အဖြူအမဲဓါတ်ပုံတွေ အများကြီးပဲ....။ အိမ်မှာ မေမေ့ညီမ အဒေါ်နှစ်ယောက်ကလည်း မဂ္ဂဇင်းမျက်နှာဖုံးမှာပုံပါဖူးတယ်လေ....။ ကြီးကြီးလှလို့ ကျွန်မတို့ခေါ်တဲ့(ခုတော့ဆုံးသွားပါပြီ) ဖေဖေ့အစ်မတစ်ယောက်ဆိုလည်း မဂ္ဂဇင်းမျက်နှာဖုံးပုံရိုက်ထားတာ သိပ်လှတာပဲ...။ သူတို့ခေတ်တုန်းက သူတို့တော့ဟုတ်နေကြတာပဲ...။ ပြောရမယ်ဆို အနုပညာမျိုးရိုးလေး နဲနဲရှိသည်ပေါ့....။ ကိုယ်တွေခေတ်ပွင့်လင်းမြင်သာတာတောင် ကိုယ်တိုင်က သတ္တိအဲလောက်မရှိခဲ့....။ လူရှေ့ထွက်ရမှာထက် နောက်ကွယ်ကနေပဲအလုပ်လုပ်ရတာကြိုက်တယ်...။ 


ဖေဖေဆုံးပြီး ရန်ကုန်မှာကျောင်းလာတက်တော့မှ ဦးကျော်ရဲ့ ဗီဒီယိုခွေတွေ အများကြီးကြည့်ခဲ့ရတယ်...။ အဲတုန်းကဇာတ်ကားတစ်ခုမှာ ကားနာမည်က ကျွန်မစိတ်ထင် "ပထွေး"လားမသိ သိပ်မမှတ်မိတော့....။ မင်းသမီးက ထွန်းအိနြာဗို....။ ဦးကျော်က အဲကားမှာ ရှာမှရှားတဲ့ သဘောကောင်း စိတ်ထားကောင်းတဲ့ ပထွေးဇာတ်ရုပ်နေရာကနေ သရုပ်ဆောင်ထားတာ...။ အဲကားကြည့်ပြီး မေမေ့ကိုတောင် အဲလိုပထွေးမျိုးရမယ်ဆို နောက်အိမ်ထောင်ထပ်ပြုလိုက်လို့တောင်ပြောမိခဲ့တယ်....။ ဦးကျော်ရဲ့ ပီပြင် သဘာဝကျလှတဲ့ သရုပ်ဆောင်မှုအပေါ် အဲလောက်ရူးသွပ်ခဲ့ဖူးတယ်....။


ဗီဒီယိုတွေကအများကြီး အမှတ်မိတော့ပေမယ့် အဖြူအမဲကားတွေမှာဆို "တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ" တို့ "အကာကအချစ်အနှစ်ကမေတ္တာ"တို့ "ကညာပျိုနဲ့ဇရာအို"တို့ "နေကျောက်ခဲ" ပြီးတော့ ဦးကျော် သနပ်ခါးပါးကွက်ကွက်ပြီး နားကွင်းနဲ့လမ်းသရဲလုပ်ပြီး သရုပ်ဆောင်ထားတာရှိသေးတယ် အဲကားကိုနာမည်မသိတော့လို့...။ အဖြူအမဲနောက်ပိုင်း ဆေးရောင်စုံကားကြီးတွေလည်း ဦးကျော်က အကယ်ဒမီတွေအများကြီးထပ်ရသေးတယ်....။ စည်းကမ်းကြီးပြီး လေးစားစရာကောင်းတဲ့ အလုပ်တစ်ခုကို မရရအောင်လုပ်တတ်တဲ့ ဦးကျော်ဟာ အနုပညာသက်တမ်း (၄၁)နှစ်မှာ အကယ်ဒမီဆု ငါးဆုကိုဆွတ်ခူးနိုင်ခဲ့ပြီး အသက်(၆၁) ပြည့်ပြီးတဲ့ ၂၀၀၈ခုနှစ် နိုဝင်ဘာလ(၈)နေ့မှာ လောကီကိုစွန့်ပြီး ရာသက်ပန်ရဟန်းဝတ်ခဲ့ပါတယ်..။ ဝါတော်(၁၂)ဝါ မွေးနေ့မတိုင်ခင်သုံးရက်အလိုမှာ တိုက်တိုက်ဆိုင်ဆိုင် ကိုသားကြီးဆုံးတဲ့နေမှာပဲ ပျံလွန်တော်မူခဲ့ပါတယ်...။


ဦးကျော်ကြောင့် မသိခဲ့ဖူးတဲ့အသိတွေအများကြီးသိခဲ့ရတယ် မတွေးခဲ့ဖူးတဲ့အတွေးအခေါ်တွေ တွေးတတ်ခဲ့တယ်....။ ကြောင်းတရားတွေတိုက်ဆိုင်တိုင်း ဦးကျော်မျှဝေခဲ့တဲ့ အသိတရားတွေကို ပြန်တွေးရင် ကျေးဇူးတင်နေမိတယ်...။ ဦးကျော်ရောဖေဖေရော ကောင်းမွန်ရာဘဝကိုရောက်ရှိပြီး သံသရာအဆက်ဆက်ကအမြန်ဆုံးကင်းလွတ်နိုင်ပါစေလို့ ဒီပို့စ်နဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်....။


ဖေဖေနဲ့မေမေ အဲတုန်းက ဖက်ရှင်အရမ်းလန်းတာနော်...




မိုးငွေ့

Wednesday, 14 December 2016

မိုင်ဖေးဘရိတ် ပဲကပ်ကြော်.....


  
 

ပဲကပ်ကြော်ဆိုတာ ကျွန်မငယ်ငယ်ကတည်းက စားခဲ့တဲ့ ကျွန်မရဲ့ ဖေးဘရိတ် မုန့်တစ်ခု...။ ကောက်ညှင်းဆန်ကို ကြိတ်ပြီး အပြားလေးလုပ် ကုလားပဲစေ့လေးတွေကပ်ပြီး ကြော်ရတဲ့ အကြော်... ရန်ကုန်မှာ ရိုးရိုး မုန့်ဟင်းခါးထဲ ထည့်စားတဲ့ ပဲကြော်ကိုလည်း ပဲကပ်ကြော်လို့တချို့ခေါ်တတ်ကြတယ်..။ တကယ်တော့ ကောက်ညှင်း မုန့်သားပျော့ပျော့လေးမှာ ပဲလေးကပ်ပြီးကြော်ထားတာကမှ ပဲကပ်ကြော်မုန့် စစ်စစ်..။

ကျွန်မငယ်ငယ်တုန်းက မေမေနဲ့ ဈေးလိုက်သွားရင် ပဲကပ်ကြော်နဲ့ ကောက်ညှင်းပေါင်းနဲ့စားရတာကို သိပ်ကြိုုက်တယ်...။ မေမေက ဈေးထဲမှာ ဈေးဆိုင်ခင်းပြီး ဆေးနဲ့ အသုံးအဆောင်ပစ္စည်း အစုံရောင်းတယ်..။ ကျွန်မတို့ရွာမှာ ဈေးဆိုင်ခန်းလို့ဆိုပေမယ့် ပျဉ်ချပ်ကြီးတွေခင်းထားတဲ့ ကွပ်ပျစ်ကြီးပေါ်မှာ တာလပတ်မိုးကာ ခင်းပြီး ဈေးခင်းရောင်းရတာပါ အမိုးကတော့ သွပ်မိုးပေါ့..။ ကျွန်မတို့ ဈေးဆိုင်ရဲ့မျက်စောင်းထိုးလေးမှာ ဈေးဆိုင်တစ်ခုရဲ့နဘေးမှာ တန်းစီပြီး ဝါးတောင်းလေးပေါ် လင်ဗန်းတင်ပြီး မြန်မာမုန့်တွေရောင်းကြတယ်..။ ရှမ်းပြည်ဆိုတော့ မြန်မာမုန့်လုပ်ရောင်းတာက တပ်ထဲက ရဲဘော်မိန်းမတွေ ရဲဘော်ဟောင်းရွာတစ်ရွာဖြစ်တဲ့ အုပ်ကျင်းရွာထဲက အဒေါ်ကြီးတွေလုပ်ရောင်းကြတာ..။ သူတို့လုပ်ရောင်းကြတာက ပဲကပ်ကြော်၊ ဘိန်းမုန့်၊ မုန့်လက်ကောက်၊ မုန့်လုံးကြီး၊ မုန့်ကြိုးလိမ်တို့ဖြစ်တယ်..။ အဲထဲက ပဲကပ်ကြော်ကတော့ မိုင်ဖေးဘရိတ်ပေါ့...။ သူများတွေက ဒီတိုင်းစားတဲ့မုန့်ကို ကျွန်မက ကောက်ညှင်းပေါင်းပူပူလေးနဲ့စားတယ်..။ ကျွန်မတို့ဆိုင်ရှေ့မှာက ကောက်ညှင်းပေါင်း၊ ပဲပေါင်း၊ ငချိပ်ပေါင်း၊ ကောက်ညှင်းငှက်ပျော်ထုပ်၊ အုန်းနို့ရောင်စုံ ကျောက်ကျောမုန့်တွေ ရောင်းတယ်..။ ကျွန်မက အဲဆိုင်ကနေ ကောက်ညှင်းပေါင်းပူပူလေး ဖက်နဲ့ နှစ်ဆယ်ဖိုးဝယ်ပြီး ပဲကြပ်ကြော်နဲ့စားတတ်တယ်..။

ဒီမနက် ပဲကပ်ကြော်နဲ့ လက်ဖက်ရည်ဝယ်သောက်တော့ ငယ်ငယ်တုန်းက ရွာက ဈေးထဲဝယ်စားခဲ့တာလေးကို အမှတ်ရမိပြီး ပဲကပ်ကြော်လေးကို ဓါတ်ပုံရိုက် ဒီပို့စ်လေးကောက်ရေးဖြစ်တော့တာ..။ ရန်ကုန်ကပဲကပ်ကြော်က ကျွန်မငယ်ငယ်တုန်းကစားခဲ့ဖူးတဲ့ ပဲကပ်ကြော်နဲ့မတူဘူး အရသာကအစ ပုံထွက်တာကအစပေါ့...။ ခုခေတ်အကြော်သည်တွေက အကြော်ပေါင်းစုံကို ဒီဆီတစ်အိုးထဲနဲ့ကြော်ကြတော့ တခြားအကြော်အကြေအမွတွေတူးပြီးလာကပ်တာတို့ ဆီကို သုံးလေးငါးခါပြန်သုံးတာတို့ကြောင့် မုန့်က ရုပ်ထွက်မကောင်းတော့ဘဲ မဲညစ်ညစ်ဖြစ်နေတာမျိုးလေ...။ တကယ်ဆို ဝယ်တောင်မစားသင့်တဲ့ ထဲမှာ လမ်းဘေးအကြော်တွေလည်း ထိပ်ဆုံးကပါတာပါပဲ..။ ကိုယ်တွေမြန်မာလူမျိုးကလည်း ကိုယ့်စိတ်ကိုဖြေသိမ့်တတ်တဲ့နေရာမှာ ပထမတန်းစားမဟုတ်လား..။ တခါတလေဝယ်စားတာပဲလေ ဆိုတာမျိုးနဲ့ ဖြေသိမ့်ပြီး စားတတ်ကြတယ်...။ တခါတလေတွေများလာတော့ ဒုက္ခနဲ့လှလှတွေ့တတ်ကြတာမျိုး...။ ကျွန်မငယ်ငယ်ကစားဖူးခဲ့တဲ့ ပဲကပ်ကြော်လေးက ရန်ကုန်မှာကြော်ရောင်းတာလောက် မကြီးဘူး ကော်ဖီမတ်ခွက် အဝလောက်တော့ရှိမယ်...။ ကောက်ညှင်းဆန်ကြိတ်ထားတာကို ဆားနဲ့ဂျင်းရည်လေးညှစ်ထည့်ပြီး နယ်ထားလို့ မုန့်သားလေးက မွှေးပြီးအရသာရှိနေတာ..ဆီကလည်း ဆီသန့်တာမို့ မုန့်က ဘာအမှုန်အမွှားမှ ကပ်မနေပဲ အရောင်လေးလှနေရော...။ အမြင်လည်းလှ အရသာလည်းကောင်း...။ 

ပဲကပ်ကြော်က ဖေးဘရိတ်ဆိုပြီး တခြားမုန့်မစားဘူး မကြိုက်ဘူးလို့မထင်ပါနဲ့ အကုန်စားပါတယ်...။ အဲတုန်းက ဘိန်းမုန့်ဆို ကျွန်မတို့အခုရန်ကုန်မှာရောင်းသလို သေးသေးဝိုင်းဝိုင်းအချပ်လေးတွေ မဟုတ်ဘူးရှင့်...။ ဗန်းလိုက်ဖုတ်ထားတဲ့ ဘိန်းမုန့်ထူထူ ပွပွတွေ သိပ်ကောင်းတာပဲ...။ အဲဒါကို ကပ်ကြေးနဲ့ညှပ်ညှပ်ပြီး အုန်းသီးဆံဖတ်လေးဖြူး စက္ကူအိပ်လေးနဲ့ ထည့်ပေးတာ ..။ ခုလည်းမုန့်တွေကို ပလပ်စတစ်အိပ်အစား ငှက်ပျောဖက်တွေ စက္ကူတွေကို သုံးစေ့ချင်တယ်...။ ပတ်ဝန်းကျင်ညစ်ညမ်းမှုပပျောက်ရေးဆိုတဲ့ စိတ်ဓါတ်ေ်လးရှိကြရင်သိပ်ကောင်းမှာပဲလို့ စိတ်ကူးပဲယဉ်ပါရစေ...။ ဘိန်းမုန့်ပြီးရင် မုန့်လုံးကြီးလည်းသိပ်ကောင်း..။ ဘာမကောင်းတာများ ကျန်သေးလဲလို့မမေးနဲ့...။ မုန့်လုံးကြီးတစ်လုံးက လက်သီးဆုပ်လောက်ကြီးတယ် ကောက်ညှင်းမုန့်သားက တစ်ညသိပ်ပြီး ကြိတ်ထားတဲ့မုန့်သားမို့ ချဉ်တဲ့အရသာလေးပါရပြီးအထဲက အုန်းယိုလေးထည့်ထားတာ ချိုမွှေးလို့...။ ညဖက်ကျွန်မတို့ စစ်တပ်ထဲ ရုပ်ရှင်ပိတ်ကားကြီးပြတဲ့ချိန်ဆို တပ်ထဲက အဒေါ်ကြီးတွေလာရောင်းတဲ့ မုန့်လုံးကြီးကို ရုပ်ရှင်ကြည့်တိုင်း ဝယ်စားတတ်တာလည်း အမှတ်ရမိတယ်....။ (အဖြူအမဲမြန်မာရုပ်ရှင်ကား+မုန့်လုံးကြီးကြော်) အဲလို ကဘေးဘ၀ memory ထဲ အတွဲလိုက်မှတ်ထားမိတယ်။

ငယ်ငယ်တုန်းက ဈေးလိုက်သွားရင် မနက်စာမုန့်ကို တစ်နေ့တစ်မျိုးဝယ်စားတတ်တာ အထပ်တစ်ရာ(ပလာတာ)ကို နို့ဆီဆမ်းပြီး လက်ဖက်ရည်နဲ့သောက်တယ်.. အီကြာကွေးနဲ့ လက်ဖက်ရည်နဲ့သောက်တယ် ။ အဲတုန်းက လက်ဖက်ရည်ဟာ အချိုခြောက်စစ်စစ်မွှေးမြမြကို နို့ဆီနဲ့ပဲဖျော်တာ သိပ်ကောင်းပဲ..။ ခုခေတ်တော့ နို့စိမ်းတွေဘာတွေထည့်တော့ လက်ဖက်ရည် အရသာစစ်စစ်ကို မရတော့ဘူး...။ ကျွန်မဆို ငယ်တုန်းက သောက်ခဲ့တဲ့အရသာမျိုးရချင်လို့ လက်ဖက်ရည်တစ်ခါ မှာသောက်ရင် နို့စိမ်း မထည့်ခိုင်းဘဲ နို့ဆီနဲ့ပဲဖျော်ပေးလို့မှာပေမယ့် အရင်တုန်းက လက်ဖက်ရည်အချိုခြောက်နံ့မွှေးတဲ့ အရသာမျိုးမရတော့ဘူး...။ ခေတ်ရဲ့ ပြုပြင်ပြောင်းလဲမှုကြီးက လူထုတစ်ရပ်လုံးရဲ့ ကျန်းမာရေးကို ထိုးနှက်တိုက်ခိုက်လာတာ တကယ်စိတ်မကောင်းစရာပါပဲ..။ ဒီတော့ ကိုယ့်ကျန်းမာရေးအတွက် အသက်ရှည်ရှည် ကျန်းကျန်းမာမာနေသွားနိုင်ဖို့ အစားအသောက်တွေကို အထူးတလည် ဂရုစိုက်စားသောက် သင့်တယ်လို့ အကြံပေးပါရစေ..။ ဖြစ်နိုင်ရင် အောဂင်းနစ်တွေကိုပဲရွေးစားပါ ဆီကောင်းကောင်းတွေပဲ သုံးကြပါလို့...။ အုန်းဆီဟာလည်း လူ့ခန္ဓာအတွက် အကျိုးရှိကြောင်းဖတ်ထားရလို့ အုန်းဆီအကြောင်း သိကောင်းစရာများကို ရေးပါဦးမယ်...။


မိုးငွေ့


Monday, 7 November 2016

ကလေးဘဝမှတ်ဉာဏ်.....

 

တစ်ခါက ကျွန်မ ငယ်စဉ်ကလေးဘဝအကြောင်းတွေရေးတင်တော့ မိတ်ဆွေတစ်ချို့ကပြောကြတယ်  ကျွန်မက ကလေးဘဝဖြစ်ရပ်တွေကို မှတ်တဲ့ မှတ်ဉာဏ် ကောင်းလိုက်တာတဲ့...။ ယေဘူယျအားဖြင့်တော့ လူတစ်ယောက်ဟာ မိမိရဲ့ အသက်သုံးနှစ်နောက်ပိုင်းက အဖြစ်ပျက်တွေကိုပဲ မှတ်မိတတ်တယ်လို့ ဖတ်ရဖူးတယ်..။ အဲဒါကို Earliest Memory သို့မဟုတ်လည်း Birth of Memory  လို့ခေါ်ကြတယ်...။ တစ်ချို့တွေဆို အသက်ခုနှစ်နှစ်ရှေ့က အကြောင်းအရာတွေကို လုံး၀ မမှတ်မိကြတော့တာလည်း ရှိကြတယ်...။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကလေးဘဝမှတ်ဉာဏ်တွေ တဖြည်းဖြည်း မှေးမှိန်လာတတ်ကြတယ်... ဒါကိုတော့ Childhood Amenia လို့ခေါ်တယ်။ ကျွန်မက ငယ်ဘဝအကြောင်းအရာများကို ရေးသား မှတ်တမ်းတင်နေတတ်လို့ နည်းနည်းပါးပါး အကြမ်းမျဉ်းလေ့လာ ဖတ်ရှုထားတာပါ..။ ဆေးပညာ အသုံးနှုန်းများ အမှားအယွင်းရှိရင် Comment မှာ ပြောသွားနိုင်ပါတယ်..။

ကျွန်မဆို အသက်လေးနှစ်ရှေ့ကအကြောင်းအရာတွေကို သိပ်မသိတော့ဘူး တော်တော်များများ မသိတော့ဘူး...။ တစ်ချက်ချက် ထူးခြားတာလေးတွေပဲမှတ်မိတော့တယ်...။ ကျွန်မအသက် နှစ်နှစ်ကျော်လောက်မှာ ဖေဖေ မော်လမြိုင်တပ်ကိုပြောင်းရတယ်...။ အဲဒီတုန်းက တပ်ထဲက လိုင်းခန်းတွေကို ခပ်ရေးရေးမှတ်မိတယ်...။ ဘေးအိမ်က မိသားစုတွေ သူတို့အိမ်ကမိတဲ့ ပိုးဟတ်တွေကို မီးဖုတ်စားတာမှတ်မိတယ်...ပြီးတော့ ဈေးထဲမှာလား တပ်ထဲက သက်သာချောင်ချိရေးမှာလား ဝယ်သောက်ဖူးခဲ့တဲ့ လက်ဖက်ရည်အိုးအရောင်ကိုမှတ်မိတယ်...။ မာကျူရီပြာရောင် ကြွေရည်သုတ် လက်ဖက်ရည်အိုးလေး..။ အဲတုန်းက လက်ဖက်ရည်ဖျော်ပြီးသားတွေကို အိုးလိုက်ချပေးတာ ထင်တယ်...။  မေမေက လက်ဖက်ရည်ပူနေတာကို အေးအောင်ဆိုပြီး လက်ဖက်ရည်ပန်းကန်အောက်က ပန်းကန်ပြားလေးထဲကို ငှဲ့ထည့်ပြီးတိုက်တယ်..။ နောက်အဒေါ်တွေ စက်ဘီးပေါ်တင်ပြီး လျှောက်လည်တာတွေ အဒေါ်နောက်တစ်ယောက်နဲ့ တာချီလိတ်လိုက်သွားပြီး တည်းတဲ့အိမ်က ထမင်းကျွေးတာကို ဟင်းမကြိုက်လို့(ငယ်ငယ်တုန်းကချေးများတယ်အစားရွေးတယ်) အန်ထုတ်ကုန်တာတွေ အဲဒါက အသက်လေးနှစ်ကျော် ငါးနှစ်လောက်ရှိပြီထင်တယ်..။




ကျွန်မငယ်ငယ်တုန်းက ဒီကလေးမလေးလို ဂါဝန်လှလှကလေးတွေဝတ်ပြီး ရှိုးထုတ်ဖူးခဲ့တယ်

 

ကျွန်မ အသက်လေးနှစ်ကနေ ကိုးနှစ် ဆယ်နှစ်ထိတော့ တော်တော်များများကို မှတ်မိနေပြီ...။ ကျွန်မငယ်ငယ်ကနေခဲ့တဲ့ အဖိုးတို့ အိမ်နောက်မှာ နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးရှိတယ် ..။ အဲဒီအိမ်အပေါ်ထပ်မှာ အဒေါ်တွေကျောင်းတက်တုန်းက ကျောင်းဖတ်စာအုပ်အဟောင်းတွေ ထင်းရှူးသေတ္တာနဲ့ အပြည့်သိမ်းထားကြတယ်...။ ကျွန်မက အဲသေတ္တာထဲက ပထဝီဝင်တို့ မြန်မာဖတ်စာအုပ်တို့ ဘိုင်အိုစာအုပ်တို့လို စာအုပ်မျိုးကိုသိပ်စိတ်ဝင်စားတာ...။ အရုပ်ပုံတွေပါတာကိုကြိုက်တာ...။ တစ်နေ့တစ်နေ့ ကစားစရာမရှိရင် အဲဒီစာအုပ်တွေ လှန်လှောပြီးငြိမ်နေတတ်တယ်...။ အဲကတည်းက စာအုပ်ကြိုက်နေပြီဆိုပါတော့...။ နောက် ဇီးတော်ဖီတွေဝယ်စားရင် ပါလာတတ်တဲ့ ကာတွန်းစာအုပ်သေးသေးလေးတွေကို ဖတ်ရတာလည်း မှတ်မိတယ်...။



 သူ့လိုလည်း လျှောက်ဆော့ကစားခဲ့ဖူးတယ်


ကျွန်မအသက် (၈)နှစ် (၉)နှစ်လောက်မှာတော့ မောင်လေးတွေ ညီမလေးတွေကို အဝတ်နဲ့ ကျောပိုးပြီး စနေ တနင်္ဂနွေနေ့တွေဆို ကျောင်းဝင်းပေါက်ဝက ကုန်စုံဆိုင်မှာ တီဗီ သွားသွား ကြည့်လေ့ရှိတယ်..။ အဲဒီတုန်းက တစ်ရွာလုံးမှာ ၁၄လက်မတီဗီလေးတစ်လုံးရှိတာ...။ ထိုင်းကလွှင့်တဲ့ Channel 7 တို့ Channel 3 တို့ကလာတဲ့ အစီအစဉ်တွေကို အရောင်မပါ အဖြူအမဲနဲ့ အရုပ်မကြည်ဘဲ အစက်ပျောက်တွေနဲ့ ဝါးတားနေတာကိုလည်း ကြည့်ခဲ့ရတာပဲ...။  ပိတ်ရက်တွေမှာဆို မနက် 7:30 ဆိုတာနဲ့ ထိုင်းရာဇဝင်ကားတွေ လာတယ် အဲဒီကုန်စုံဆိုင်က ကွတ်ပျစ်အကျယ်ကြီးမှာ တရွာလုံးနီးပါး ကလေးတွေအပြည့် ထိုင်ကြည့်နေကြတာ..။ ရာဇဝင်ကားပြီးတာနဲ့ ပါဝါရိန်းဂျားဇာတ်လမ်း အပိုင်းလေးတွေလာတယ်...။ ပါဝါရိန်ဂျား အရောင်ငါးရောင်ထဲမှာ မိန်းကလေးနှစ်ယောက်က ပန်းရောင်နဲ့ အဝါလားအပြာလား မသိဘူးပါတယ် အဲဒါ ကလေးတွေစုပြီးဆော့ကြရင် ကျွန်မက ပါဝါရိန်ဂျားပန်းရောင်လေး အမြဲလုပ်တယ်... အဲကတည်းက ပန်းရောင်ခရေဇီ.....:) တလောက တီဗီမှာ နောက်နှစ်(2017) ထွက်မယ့် ကားတွေအကြောင်းပြောကြတော့ လာမယ့် နွေဦးပေါက်ကျရင် ရုံတင်ပြသမယ့် ပါဝါရိန်းဂျားဇာတ်ကားကို ဗားရှင်းအသစ်နဲ့ပြန်ရိုက်နေပြီဆိုတာပါလို့ ငယ်ငယ်တုန်းက သူများအိမ်က တီဗီးသေးသေးမှုန်မှုန်လေးမှာ သွားထိုင်ကြည့်ရတာကို အမှတ်ရသွားခဲ့တယ်..။



 ဒီလို ဖက်ရှင်ကျကျနဲ့လည်း ပဲများခဲ့ဖူးသေးတယ်


လေးငါးတန်းလောက်မှာတုန်းက ကျောင်းပြေးပြီး ငါးသွားဖမ်းတာတို့ လယ်ထဲပုစွန်လုံး သွားနှိုက်တာတို့ သူများခြံထဲ အသီးသွားခူးစားတာတို့ကို ပြန်သတိရရင် ပျော်ရွှင်ကြည်နူးရတယ် ...။ အသီးဆိုလို့ ခု စူပါမာကတ်တွေမှာတောင် ရှာဝယ်မရနိုင်တဲ့ သူတို့အခေါ် Mulberry ပိုးဇာသီး ကျွန်မတို့ရွာမှာ ပိုးဇာသီးပင်က ရွာထိပ်က အဲဒီတစ်ခြံထဲမှာ တစ်ပင်ပဲရှိတာ စားလို့ကောင်းပြီး အရမ်းချိုတယ်..။ ကျောင်းပိတ်ရက်တွေမှာဆို နေ့ခင်းဖက် ထမင်းစားပြီးတာနဲ့ အိမ်မှာ အဖွားက ဆိုင်အတွက် ဆားတို့ အချိုမှုန့်တို့ နနွင်းမှုန့်တို့ကို ပလတ်စတစ်အိတ်လေးတွေနဲ့ အချိန်ချိန်ပြီး ထုပ်ရောင်းတယ်။ အဲဒါထုပ်ပြီး ဖယောင်းတိုင်မီးတို့ပိတ်ရတယ် အဲချိန်ဆိုကစားရမယ့်အချိန် ပါသွားမှာစိုးလို့ ထမင်းမစားဘဲ မနက်ကတည်းက ရွာရိုးကိုးပေါက် အိမ်လည်ထွက်လိုက်တာ ညနေမှပြန်လာတဲ့အခါမျိုးရှိတတ်သေး။ တခါတလေ အဖွားက ကြိမ်လုံးတစ်လုံးနဲ့ လိုက်ရှာခေါ်တတ်တယ်..။ အမေက အဲလောက်မဟုတ်ဘူး အဖွားက ကိုယ်တွေဘယ်နားရောက်နေလဲဆိုတာ စီစီတီဗီများတပ်ထားသလား အောက်မေ့ရတယ် ကျွန်မတို့ ကစားနေတဲ့နေရာကို ချက်ချင်းကိုရောက်လာတတ်တာ...။ ရွာကချောင်းရေခိုးကူးနေတဲ့အခါမျိုး သရက်ပင်ပေါ် တက်ကစားနေတဲ့ အခါမျိုး၊ မိုးရွာရင် အိမ်ခေါင်မိုးက စလက်လောင်းထားတဲ့နေရာမှာ မိုးရေသွားချိုးနေတတ်တဲ့ အခါမျိုးတွေမှာပေါ့..။

ကျွန်မရဲ့လူဖြစ်ခွင့်အတွက်နဲ့ ကျွန်မရဲ့ကလေးဘဝကို သဘာဝတောတောင်ရေမြေတွေနဲ့ ထိတွေ့ကြီးပြင်းခွင့် ရလို့လည်း ဘုရားရှင်ကိုယ်တော်မြတ်နဲ့ အဖိုးအဖွား၊ မိဘနှစ်ပါးကို ကျေးဇူးတင်မိတယ်..။


မိုးငွေ့     


Friday, 14 October 2016

ငယ်ဘဝ.....

  
  
   

 

လူတိုင်းလူတိုင်း ကိုယ့်ငယ်ဘ၀ကို ပြန်တူးဖော်ကြည့်ရတာ ကြည်နူးစရာတစ်ခုလို့ မှတ်ထင်ကြမှာပါ...။ အောက်ကလင့်တွေကတော့ တစ်ခါတုန်းကတို့ရွာမှာ ခေါင်းစဉ်အောက်က မဖတ်ရသေး သူများအတွက် ပြန်ညွှန်းလိုက်ခြင်းဖြစ်ပါတယ်..။

အသစ်မတင်နိုင်သေးခင် အဟောင်းလေးနဲ့ နှစ်သိမ့်ရတာပါလို့...း)


ရိုးရာဓလေ့ပွဲတော်များ
ငယ်စဉ်တောင်ကျေးကလေးဘ၀ကိုလွမ်းတမိသည်(၁)
ငယ်စဉ်တောင်ကျေးကလေးဘ၀ကိုလွမ်းတမိသည်(၂)
ငယ်စဉ်တောင်ကျေးကလေးဘ၀ကိုလွမ်းတမိသည်(၃)
ငယ်စဉ်တောင်ကျေးကလေးဘ၀ကိုလွမ်းတမိသည်(၄)
ရွာကနှင်းကိုအောက်မေ့ခြင်း
ကျွန်မတို့အိမ်
ငယ်တုန်းကဈေးထဲကအစိမ်းရောင်နှင့် ကျွန်မကြိုက်အစားစာများ
အဖွားလုံ
တစ်ခါတုန်းကတို့ရွာမှာ : Origin


ကျေးဇူးတင်စွာဖြင့်
မိုးငွေ့



Friday, 9 May 2014

မှေးရပျမွသေို့ (၂)


 



နောက်နေ့မနက်တော့ အဖိုးအတွက် သက်ပျောက်ဆွမ်းကပ်ဖို့ စားစရာမုန့်တချို့နဲ့ ဟင်းတွေကို ဈေးထဲသွားဝယ်ရတယ်…။ ဒီဈေးဟာ ကျွန်မငယ်ငယ်တုန်းက အမေနဲ့အတူ ဈေးရောင်းထွက်ခဲ့ဖူးတဲ့ ဈေးလေးပေါ့..။ ခုချိန်ထိ ပုံစံသိပ်မပြောင်းသေးဘူး…။ ဆိုင်တွေများလာတာကလွဲရင် တောဈေးလေးပါပဲ…။ ဖက်ကလေးတွေနဲ့ ဟင်းသီးဟင်းရွက်တွေထုပ်ပြီး သဘာဝအတိုင်းလေးရောင်း နေကြတုန်းပဲ..။ ကျွတ်ကျွတ်အိတ်သုံးပေမယ့် ဖက်နဲ့အရင်ထုပ်ပြီးမှထည့်ပေးတယ်…။ အဲဒါလေးကိုတော့ သဘောကျမိတယ်…။ ရန်ကုန်မှာလဲ အဲလိုဖြစ်စေချင်လိုက်တာလို့တွေးမိသွားတယ်…။ အဖိုးသက်ပျောက်ဆွမ်းအတွက် ရှမ်းလိုချက်ထားတဲ့ ကြက်ရေကျဲဟင်း၊ ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ငါးခူငါးအုံး၊ ငါးခူငရုတ်သီးထောင်း အစာသွပ်ကြော်၊ ရှမ်းဝက်သားစင်းကော၊ ကောက်ညှင်းပေါင်း၊ ရှမ်းဝက်သားကင်ပေါင်း နဲ့လက်ဖက်ရည်တစ်ခွက် သစ်သီး စတာတွေပါတဲ့လင်ဗန်းနဲ့ ဟင်းခွက်လေးတွေပြင်ဆင် ရေသန့်တစ်ဗူးထည့် ဖယောင်းတိုင်တစ်စုံထည့်ပြီး အဖိုးအိမ်မျက်စောင်းထိုးက ရှမ်းဖုန်းကြီးကျောင်းကို သက်ပျောက်ဆွမ်းကပ်ဖို့ အကုန်သွားကြရတယ်…။ သက်ပျောက်ဆွမ်းလာကပ်သူ ဆွေမျိုးသားချင်းအကုန်လုံး ဘုန်းကြီးကိုဆွမ်းကပ်ပြီး  ဖယောင်းတိုင် တစ်ယောက်တစ်စုံစီ မီးညှိကိုင်ပြီး လက်အုပ်ချီ ဘုန်းဘုန်းရှမ်းလိုရွတ်ဖတ်တဲ့ တရားကိုနာပြီးတာနဲ့ ရေးစက်ချရတယ်..။ ရှမ်းဘာသာနဲ့ရွတ်ကို နားမလည်ပေမယ့်… ဘ၀တပါးပြောင်းသွားသူအတွက် ကောင်းမွန်ရာဘုံဘ၀ကိုရောက်ဖို့ ဒီနေရာမှာ စွဲကပ်မနေဖို့ အမျှအတန်းပေးဝေတာပါပဲ…။ ဒါပေမယ့် ရှမ်းဘုန်းကြီးတွေက အမျှ အမျှ အမျှလို့တော့ မရွတ်ဘူး… ကိုယ်တွေပဲနားမလည်တာလား…။ နောက်ဆုံး ရေစက်ချပြီးတော့ သာဓုခေါ်တာတော့ပါတယ်…။

ရှမ်းထုံးစံမှာ လူတစ်ယောက်သေဆုံးပြီဆိုတာနဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေအားလုံးကို ဖိတ်စာနဲ့တကွဖိတ်ရပါတယ် သဂြိုလ်မယ့်နေ့မှာ အားလုံးတက်ရောက်ဖို့ အဲဒီနေ့ဟာ စည်စည်ကားကားနဲ့ ထမင်းဟင်း အအေးအစုံကျွေးပါတယ်…။ တကယ့်အလှူကြီးပါပဲ ရွာလုံးကျွတ် ရွာနီးချုပ်စပ်အကုန်လာကြတယ်..။ အဖိုးကိုမြေချဖို့ သားသမီးတွေကိုစောင့်တာနဲ့ ငါးရက်ထားတယ်..။ နောက်ဆုံးမြေချမယ်နေ့ကမှာ လာသမျှဧည့်သည်တွေက ရောက်လာတာနဲ့ အဖိုးအခေါင်းခြေရင်းမှာ အမွှေးတိုင်တစ်တိုင်စိုက်ထွန်းပြီးတာနဲ့ အလှူပုံးထဲကို အလှူငွေထည့်ရတယ်…။ နာရေးအကူငွေပေါ့…။ အဖိုးကိုမြေချတော့ အဖိုးကိုယ်ပိုခြံထဲမှာပဲ သူဆောက်ထားပြီးသား အုတ်ဂူမှာ ခေါင်းသွင်းလိုက်ရုံပဲ…။ ခြံထဲမှာလဲ လိုက်ပို့တဲ့ ဧည့်သည်တွေက ရာချီတယ် အပြည့်ပဲ… အဲမှာ အအေးဗူးတွေ ရေသန့်တွေဝေပေးရတယ်…။ ဂူမသွင်းခင် ဘုန်းကြီးတွေက သရဏဂုံတင် ရွတ်ဖတ်ကြသေးတယ်…။ ပြီးတာနဲ့ အဖိုးအခေါင်းပေါ်ကို သားသမီးတွေအားလုံး လှူဖွယ် သင်္ကန်းငါးစုံနဲ့ မျက်နှာသုတ်ပုဝါတွေကို ကန်တော့ဖို့ တိုင်ပေးတဲ့သူက တစ်ဦးချင်းဆီ နာမည်ခေါ်တာနဲ့ လှူဖွယ်ပစ္စည်းတွေကို သွားတင်ပြီး ကန်တော့ရတယ်…။ သားသမီးတွေပြီးတာနဲ့ ဆွေမျိုးတွေ ရင်းနှီးတဲ့မိတ်ဆွေတွေကို ဆက်ခေါ်ပြီး အဲလိုအလှူပစ္စည်းတွေကို အခေါင်းပေါ်တင်ကြရပြန်တယ်..။ အားလုံးပြီးသွားတော့ အခေါင်းဖွင့် အဖိုးမျက်နှာပေါ်ကို အုန်းသီးခွဲပြီး အုန်ရည်နဲ့လောင်းတယ်…။ အခေါင်းပြန်ပိတ်ပြီးတာနဲ့ ဂူသွင်းလိုက်ပြီ…။ အဲခါမှာ သဂြိုလ်ခြင်းကိစ္စပြီးသွားလို့ လိုက်ပို့ကြတဲ့ ဧည့်သည်တွေလည်း ပြန်သွားကြပြီ…။ ကျန်ဆွေမျိုးသားသမီးများကတော့ ဂူကို အင်္ဂတေနဲ့ပိတ်ဖို့ကိစ္စကို ဆက်လုပ်ရပါတယ်…။ ဒီနေ့တော့အကြမ်းပဲပေါ့…။ နောက်တော့မှ အဖိုးအုတ်ဂူကို အချောသတ် ကျောက်ပြားတွေကပ် ကမ္ဗည်းထိုးတာတွေကိုဆက်လုပ်ကြမှာ…။ အဖိုးကိုမြေချတာက မေ(၁)ရက်နေ့…။ 







 ရှမ်းထုံးစံအရတော့ အားလုံးပြီးသွားပြီဆိုပေမယ့်… ကျွန်မတို့က မြန်မာလို ရက်လည်ဆွမ်းလည်းကျွေးချင်သေးတာမို့ တာလေစစ်တပ်ရှေ့ အုတ်ကျင်းရွာက မြန်မာဘုန်းကြီးကျောင်းကို သွားပြီး ဘုန်းကြီးကိုလျှောက်ကြတယ်…။ ရက်လည်က စနေနေ့ မေ(၃)ရက်နေ့ကျတယ်…။ လူငါးဆယ်စာဆွမ်းဟင်းတွေကို ချက်ပြုတ်တာဝန်ခံတဲ့ အဖွဲ့ကို သေချာမှာခဲ့လိုက်တယ်…။ အဲနေ့တော့ ကျွန်မတို့တွေ အဖိုးအိမ်မှာမအိပ်တော့ဘဲ တာချီလိတ်ကို ဆက်သွားလိုက်တယ်…။ ရက်လည်အတွက်လိုအပ်တဲ့ အလှူပစ္စည်းတွေကို တာချီလိတ်နဲ့ မယ်ဆိုင်ဖက်ကမ်းတွေမှာ သွားဝယ်ကြရတယ်…။ မယ်ဆိုင်မှာပဲလိုတာအကုန်ဝယ်လိုက်ကြတယ်…။ တာချီလိတ်မှာ နှစ်ညအိပ်ပြီး စနေ့မနက်စောစောကျမှ တာလေကိုသွားကြတယ်…။ ဟိုရောက်တော့ ဘုန်းကြီးကျောင်းမှာ ချက်ပြုတ်ပြီးနေကြပြီ…။ မန်းကအဒေါ်က သူပါလာတဲ့ ငါးပိကြော်ဗူးတွေ ထိုးမုန့်တွေ လက်ဖက်တွေနဲ့ အချိုတည်းဖို့ပေးတယ်…။ ဘုန်းကြီးငါးပါးနဲ့ ရွတ်ဖတ် ရေစက်ချအမျှပေးပြီး တရားနာပြီးမှ ဆွမ်းစားဆောင်မှာ ဆွမ်းကပ်တယ်..။ ကျောင်းထိုင်ဘုန်းကြီးက ခင်္ရီးသွားနေလို့ ယာယီကျောင်းထိုင်ကိုယ်တော်ရယ် ငါးပါးပြည့်အောင် တခြားကျောင်းကပင့်ထားတဲ့ ဘုန်းဘုန်းတွေပါတယ်…။ ကိုရင်လေးတွေက ခုနှစ်ပါး…။




ရက်လည်ဆွမ်းကပ်တဲ့နေ့က ဘုန်းကြီးငါးပါးအတွက်လှူဖွယ်ပစ္စည်းတွေ




ဆုတောင်းပြည့်လန့်သောင်းဘုရား



ကျမတို့ငယ်ငယ်က လေးတန်းကနေ ကိုးတန်းအတန်းအထိ အဲအဆောင်မျာစာသင်ခဲ့ရတာ



ရက်လည်ဆွမ်းကပ်ပြီးတော့ တာလေမြို့ထဲကို ခဏသွားလည်ကြပြီး တာလေနဲ့ခုနှစ်မိုင်လောက် ထပ်သွားရတဲ့ တန်ခိုးကြီးဆုတောင်းပြည့် လန့်တောင်းဘုရားကို သွားဖူးကြတယ်….။ ဘုရားကအပြန် တာလေကိုထပ်ဝင် ဓါတ်ပုံတွေရိုက် ကျွန်မတို့နေခဲ့တဲ့ ငလျင်တုန်းကပြိုပြီး အသစ်ဆောက်ထားတဲ့ အိမ်ကိုဓါတ်ပုံရိုက်.. သူငယ်တန်းတုန်းကတည်းက ကျွန်မရဲ့မြန်မာစာဆရာမကို သွားကန်တော့ ကျောင်းဝင်းထဲက ကျွန်မတို့ကျောင်းတက်ခဲ့တဲ့ တစ်ခုတည်းသာ ကျန်တော့တဲ့ ကျောင်းအဆောင်အဟောင်းကို ဓါတ်ပုံရိုက်ပြီး ကျွန်မငါးတန်းတုန်းက အင်္ဂလိပ်စာသင်တဲ့ ဆရာကိုလည်းဝင်ကန်တော့ခဲ့ရတယ်…။ ငယ်တုန်းကဆရာ ဆရာမတွေက ဒီနှစ်ယောက်ပဲ ဒီမှာရှိနေကြတာ ပင်စင်လည်းယူကုန်ကြပြီလေ…။ ကျောင်းဝင်းထဲမယ် အဆောက်အဦအသစ်တွေချည်းပဲ…။ ကျောင်းပြန်လည်ပြုပြင်ထိန်းသိမ်းရေးရံပုံငွေကောက်တဲ့အဖွဲ့က ဦးလေးတစ်ယောက်က ကျွန်မမွေးနေ့တုန်းက လှူခဲ့တဲ့အလှူမှတ်တမ်းလွှာပေးလိုက်သေးတယ်…။ ပြီးတော့ တာချီလိတ်ကိုပြန်လာခဲ့ကြတယ်…။ ကျွန်မ မကာဟိုခမ်းရပ်ကွက်မှာရှိတဲ့ အဒေါ်အိမ်မှာပဲတည်းတယ်…။ မရောက်တာကြာတော့ မစားဖြစ်တာကြာပြီဖြစ်တဲ့ ရှမ်းစာတွေလျှောက်စားတယ် ..။ တာလော့ရပ်ကတော့ အစည်ဆုံးပဲ မယ်ဆိုင်တံတားကူးပြီးတာနဲ့ တာလော့ပဲ…။ အဲမှာ တရုတ်ပစ္စည်းတွေအများဆုံးပဲ…။ ဟိုဖက်ကနေကူးလာတဲ့ထိုင်းတွေက ဒီဖက်မှာ အဲပစ္စည်းတွေကို ၀ယ်ကြတယ်…။ ဘရန်းအတုတွေအစုံ ယောင်္ကျားဝတ်ရှပ် စပို့ရှပ်…။ ခရီးဆောင်အိတ်သေတ္တာနဲ့ ပိုက်ဆံအိတ်တွေကလည်း ပေါခြင်းသောခြင်းပါပဲ…။ ဟိုဖက်ကမ်းက ထိုင်းအ၀တ်အစား အသုံးအဆောင်တွေကတော့ နယ်မြို့မို့ထင်တယ် ရန်ကုန်လောက်တောင်မစုံပါဘူး…။ ဒီဇိုင်းတွေကလည်း တုံးသေးတယ်…။

တာချီလိတ်မှာသုံးညအိပ်ပြီးမှာ ရန်ကုန်ပြန်ခဲ့တာ…။ တနလာင်္နေ့ ချင်းရိုင်းခရိုင်မှာလှုပ်ခတ်သွားတဲ့ ၆အဆင့်ရှိတဲ့ မြေငလျင်လှုပ်တော့ တာချီလိတ်မှာ အဖျားခတ်တာခံရတယ်…။ အဲညနေက ကျွန်မတို့ အပြန်မထွက်ခင် ရေမိုးချိုးပြီး အဒေါ်တို့အိမ်အပေါ်ထပ် အခန်းထဲမှာရှိနေကြတာ…။ တိုက်ကတော်တော် သိသိသာသာကိုလှုပ်ပြီး အသံမြည်နေတာ… ထပြေးဖို့သတိမရသေးဘဲ ကြောင်ပြီးထိုင်နေတုန်း…။ အဒေါ်က အောက်ကိုပြေးဆင်းလို့ လှမ်းအော်တော့မှ သတိဝင်လာပြီး ပြေးဆင်းကြတာ လှေကားနားရောက်တော့ ငလျင်ကရပ်သွားပြီ…။ ၅လောက်ရှိမယ်လို့တော့ ခန့်မှန်းကြတယ်…။ ချင်းရိုင်းမှာတော့ ကတ္တရာလမ်းတွေ အက်ကွဲပြီး  ရှေးဟောင်းဘုရားဆင်းတုတော်တွေ ခေါင်းပြတ်ကျ ဘုန်းကြီးကျောင်းတွေပြိုကျ…။ ကျွန်မတို့ပုဂံလို ရှေးဟောင်းလက်ရာတွေ ပန်းပုတွေနဲ့ထုဆစ်ထားတဲ့ နာမည်ကြီး ဘုရားဖြူကျောင်းလည်း တော်တော်ပျက်စီးသွားတယ်…။ ညဖက် ထိုင်းသတင်းမှာ ချက်ချင်းကြည့်ရတာ…။ အဲညမတိုင်ခင်က မိုးတွေအကြီးကျယ်ရွာပြီး မိုးကြိုးပစ်တာ…။ ရန်ကုန်မှာ နေတာကြာတော့ အဲလိုမိုးကြိုးပစ်သံကို မကြားရတာဘယ်လောက်ကြာပြီလဲ..။ အဲမှာတော့ လျှပ်စီးတစ်ခါလက်တာနဲ့ မိုးချိန်းသံအကျယ်ကြီး လိုက်လာတော့မယ်ဆိုတာကြိုသိတော့ နားပိတ်ထားရတယ်..။ တာလေကလူတွေကတော့ ၂၀၁၁ တုန်းက အကြီးကျယ်လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကိုခံထားခဲ့ရဖူးတော့ အကြီးကျယ်ကိုတုန်လှုပ်နေကြတာပေါ့…။ ငလျင်တခါလှုပ်ပြီးတာနဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ လိုက်လာတတ်တယ်…။ နောက်နေ့မနက်အစောကြီး ကျွန်မတို့အိပ်ယာနိုးတော့ ထိုင်းသတင်းဖွင့်ကြည့်နေတုန်း တခါလှုပ်တယ်… မနက်စာစားနေတုန်း ရှစ်နာရီလောက်မှာ တစ်ခါထပ်လှုပ်ပြန်တယ်…။ သတင်းထဲမှာ ရန်ကုန် နေပြည်တော် မန္တလေးအထိ အဖျားခတ်တယ်ကြားတော့ ရန်ကုန်ကို ဖုန်းဆက်မေးကြည့်တယ်…။ ရုံးဆင်းချိန်လမ်းပေါ်ရောက်နေတော့ တော်တော်များများသိပ်မသိကြပေမယ့် ဆာကူရာဆယ်ထပ်တိုက်ပေါ်က လူတွေအကုန်ပြေးဆင်းကြတယ်လို့ ကြားတယ်…။






ပြန်ခါနီးတစ်ရက်ကို မယ်ဆိုင်ထပ်သွားပြီး ပစ္စည်းတွေဝယ် ရန်ကုန်သယ်မယ့် စားစရာတွေဝယ်နဲ့ တော်တော်မောသွားတယ်…။ ဒီတစ်ခါတော့အလာတုန်းကလို ကျွန်းပတ်မစီးရဲတော့လို့ တိုက်ရိုက်ဖရိုက်ပျံတဲ့ Air KBZ ကိုပဲစီးလိုက်တယ်…။ တာချီလိတ်ကနေ မွန်းလွှဲတစ်နာရီလေယာဉ်စထွက်တယ် ရန်ကုန်ကို နှစ်နာရီလေးဆယ်ငါးမိနစ်ရောက်တယ်…။ ရန်ကုန်ရောက်တော့ လေဆိပ်ကနေ အိမ်ကို ကားပိတ်လို့ လေးနာရီမှရောက်တယ်…။ စာဖတ်သူတွေပျင်းသွားမှာစိုးလို့ ခရီးသွားပို့စ်လေးကို အတိုချုံးပဲရေးလိုက်ပါတယ်..။ အတိုချုံးပေလို့ပဲ တော်တော်ရှည်နေတာ..။ ဒါပေမယ့် မပြီးသေးဘူးနော်… နောက်တပို့စ်မှာ ကျွန်မ စားဖြစ်ခဲ့တဲ့ ရှမ်းစာတွေကို ဓါတ်ပုံလေးတွေနဲ့ တင်ပါဦးမယ်..။

 

မိုးငွေ့


Wednesday, 7 May 2014

မှေးရပျမွသေို့ (၁)

 

 ပြီးခဲ့တဲ့ ဧပြီ (၂၇) ညနေ သုံးနာရီခွဲလောက်မှာ ဖုန်းဝင်လာခဲ့တယ် အဖိုးဆုံးပြီတဲ့….။

ကျွန်မ မတုန်လှုပ်မိခဲ့ဘူး…။ ဘာလို့လဲဆိုတော့ အဖိုးဟာ လေဖြတ်ပြီး အိပ်ယာထဲလဲနေခဲ့တာ ခုနှစ်နှစ်ရှိနေခဲ့ပြီ…။ ပင်ပန်းစွာနဲ(သေမယ့်နေ့ကို စောင့်မျှော်နေရတဲ့ ၀ဋ်ဒုက္ခကနေ ကျွတ်လွတ်သွားတာပဲ..။ လူဆိုတာ သေနေ့နဲ့နီးနီးလာကြသူတွေချည်းပဲမဟုတ်လား…။ သံဝေဂတွေကတော့ နေရာတိုင်းမှာ ရနေတာချည်းပဲ..။ အသက် (၉၂) ဆိုတာ လူ့ဘ၀မှာ အမျိုးစုံဖြတ်သန်းခဲ့ရပြီးပြီ…။ ကျွန်မဆိုရင်တော့ အဲလောက်အသက်မရှည်ချင်ဘူး…။ ပြီးတော့ မွေးရပ်မြေကိုလည်း မပြန်ဖြစ်ခဲ့တာ (၁၅)နှစ်တာရှိခဲ့ပြီ…။ အဖိုးဆီကို အမေနဲ့အဒေါ်တွေ တစ်နှစ်တစ်ခေါက်ရောက်ဖြစ်ခဲ့ပေမယ့်လည်း အဲအထဲ ကျွန်မပါမသွားခဲ့ပါဘူး…။ အချိန်မရတာနဲ့ အလုပ်များတာနဲ့ လေယာဉ်လက်မှတ်ဖိုး ဈေးကြီးတာနဲ့ တကယ်တော့ အဲဒါတွေဟာ အကြောင်းပြချက်သက်သက်တွေပဲ…။ လူ့အသက်ထက် ဘာမှအရေးမကြီးပါဘူး…….။ စိတ်ထဲမှာလည်း ငါ့မွေးရပ်ကို အဖိုးသေမှပဲရောက်တော့မယ် ထင်ပါရဲ့လို့ တွေးခဲ့တာဟာ အကြိုနိမိတ်လို့ ခပ်လွယ်လွယ် ခေါင်းစဉ်မတပ်ဝံ့ပါဘူး..။ ပြီးတော့ခုချိန်မှာ ငယ်တုန်းက အဖိုး ကျွန်မတို့အပေါ် ဘယ်လိုနွေးထွေးခဲ့တယ်ဆိုတာတွေကို လွမ်းတမပြချင်တော့ပါဘူး…။

အဖိုးသတင်းကြားတဲ့ညနေဟာ တနင်္ဂနွေညနေဖြစ်နေခဲ့လို့ နောက်နေ့မနက် လေယာဉ်လက်မှတ်ဝယ်ဖို့က ဘယ်လိုမှမဖြစ်နိုင်တော့တာမို့ အမေနဲ့အဒေါ်တစ်ယောက်ကို (၂၈)မနက်စောစော လေဆိပ်ဆင်းပြီး ဂိုးရှိုးအစီးခိုင်းရတယ်…။ ကျန်တဲ့ အဖိုးရဲ့ သားသမီးများကိုလည်းအကြောင်းကြားရတယ်…။ ကျွန်မနဲ့ အဒေါ်တစ်ယောက်ရယ် ဦးကြီးတစ်ယောက်ရယ်က (၂၉)မနက်လေယာဉ်နဲ့လိုက်သွားရတယ်…။ ဒါကြောင့် အဖိုးကို ငါးရက်ထားပြီးမှပဲ မြေချကြရတယ်…။ ပထမဦးဆုံး လေယာဉ်စီးတဲ့ အတွေ့အကြုံလေး ပြောပြ ချင်သေးတယ်…။ ကျွန်မတို့စီးတဲ့လေယာဉ်က တိုက်ရိုက်တာချီလိတ်ကို သွားတာမဟုတ်ပါဘူး …။ ကျွန်းပတ်လို့ခေါ်တဲ့ ဘတ်စ်ကားစီးသလိုပဲ ဟိုဂိတ်ဆင်း ဒီဂိတ်ဆင်းပေါ့…။ အဲယားရန်ကုန်လေယာဉ်နဲ့ မနက် (၁၁)နာရီတိတိမှာလေယာဉ်တက်ပါတယ်… လေယာဉ်သာပြောတယ် အထဲမှာ လျှောက်လမ်းက လူတစ်ယောက်စာ ကျပ်ကျပ်သပ်သပ်လေးပေါ့…။ အဒေါ်က တပ်ထဲကဆိုတော့ ဗီအိုင်ပီနဲ့အရင်ဦးဆုံး ခရီးသည်တွေမတက်ခင် လေယာဉ်ပေါ်တက်ရတယ်…။ နောက်မှာ ခရီးသည်တွေတဖွဲဖွဲတက်လာကြတာ ကြည့်လိုက်တော့ တရုတ်တွေအများဆုံး ပြီးတော့ မူစလင်ကုလားတွေပါတယ်…။ သူတို့ကိုကြည့်ပြီး ဘုရားတမိသွားတယ်…။ ဘုရား ဘုရား ခုတလော တရုတ်တွေ ကုလားတွေပါတဲ့ လေယာဉ်တွေက ပျက်ကျတတ်တာနဲ့ ငါတော့ ရောရောင်ပါတော့မယ်ပေါ့လေ…။ လေယာဉ်အားလုံးထဲမှာ ဒီလေယာဉ်က သက်တမ်းကြာပြီတဲ့ တခါတလေ မိုးရွာရင်တောင် မိုးယိုတယ်လို့ကြားဖူးထားတော့ ပိုဆိုးတာပေါ့…။ မတတ်နိုင်ဘူး ရွေးစရာမရှိတော့ဘူး ဒီနေ့ရောက်မှဖြစ်မှာမို့ လေယာဉ်ရွေးစီးခွင့်လည်းမရှိတော့ဘူး…။ ကံပါလာရင်တော့ ဘာစီးစီးဖြစ်မှာပါလေလို့ စိတ်လျှော့လိုက်တယ်…။ လေယာဉ်က အတက်ကြမ်းအဆင်းကြမ်း လေယာဉ်မောင်းပဲမညင်သာတာလား စက်ပဲမကောင်းတာလား မပြောတတ်ပါဘူး…။ ဝေဟင်ပေါ်မှာ လေယာဉ်တစ်ခါ လှုပ်ခါတိုင်း ကျွန်မနဲ့ ကျွန်မအဒေါ်ကတော့ မျက်စိစုံမှိတ်ပြီး ဘုရားစာရွတ်တာပဲ…။ လေယာဉ်ပေါ်ကျန်တဲ့သူတွေက တရုတ်တွေကတော့ အသံကျယ်ကျယ်နဲ့စကားများသူများပေါ့…။ လားရှိုးကိုရောက်တော့ ရာသီဥတုက အဆိုးကြီးမဟုတ်ပါဘူး…။ လားရှိုးကနေ မန္တလေးဆက်သွားပြီး ဆင်းတော့မှပဲ မိုးသည်းပြီး လေပြင်းတွေ တိုက်တာများ မြေပြင်ပေါ်ရပ်ထားတဲ့လေယာဉ်ကို လေတိုးတာ ယိမ်းထိုးနေပါရော…။ လေယာဉ် တက်မရတော့ အဲမှာတင် မိုးမတိတ်မချင်းစောင့်ရတာ တစ်နာရီလောက် ကြာသွားတယ်…။ စဉ်းစားသာကြည့် လေယာဉ်ကစက်မနှိုးထားတော့ လေအေးစက်ကမရ လူများတော့ ပိတ်လှောင်ပြီး ကလေးတွေက အသက်ရှုကျပ်လို့ငို… လေယာဉ်မောင်တွေက မိုးထဲလေထဲပြေးလွှားပြီး ကွင်းထဲက အမှိုက်တွေ သစ်ကိုင်းတွေပြေးကောက်ရ…။ 














မိုးတိတ်တော့ မန်းကနေ တာချီလိတ်ကိုအပျံမှာ ကိုယ်တွေကမောသွားပြီ တရေးအိပ်ပြီးလိုက်သွားလိုက်တာ နိုးလဲနိုးရော တာချီလိတ်ကွင်းကိုရောက်ပါပြီတဲ့…။ အဲချိန်မှာ လေးနာရီခွဲရှိနေပြီ တကယ်တမ်း သုံးနာရီခွဲလောက်ဆင်းရမယ့်ဟာ ကြံ့ကြာသွားခဲ့ရတာ မန်းက လေပြင်းမိုးကြောင့်ပေါ့…။ တာချီလိတ်က ဦးလေးအိမ်မှာ ခဏ၀င်နား တနေကုန်ထမင်းမစားထားရတော့ ဗိုက်ကစပယ်ရှယ်ကိုဆာနေပြီ…။ လေယာဉ်ပေါ်မှာ ရန်ကုန်ကစတက်တုန်းက ကော်ဖီနဲ့ မုန့်သုံးမျိုး…ကွင်းတစ်ခုရောက်ပြီး ပြန်တက်တိုင်း အအေးသို့မဟုတ် ကော်ဖီထပ်တိုက်သေးတယ်…။ ထမင်းမဟုတ်တော့ မတင်းတိမ်ဘူးလေ…။ မနက်စာကိုလည်း ကော်ဖီတစ်ခွက်နဲ့ ငှက်ပျောကောက်ညှင်းထုပ်လေးပဲ စားထားတာ.. ကားကပိတ်တော့ ကွင်းဆင်း နောက်ကျမှာစိုးလို့ ကိုးနာရီခွဲကတည်းက တက္ကစီခေါ်ထားခဲ့တာဆိုတော့ နေ့လည်စာဘယ်မှာ သွားစားရတော့မလဲလေ…။




 



သစ်သီးတွေတင်ထားတာတွေ့တယ်…။ အဖိုးကိုအမွှေးတိုင်ထွန်းပေးပြီး ကောင်းမွန်ရာဘုံဘ၀ရောက်ဖို့ ဆုတောင်းပေးတယ်…။ နောက်နေ့ဧည့်သည်တွေကိုကျွေးမွေးဖို့ နောက်ဖေးမှာ အိုးကြီးအိုးငယ်တွေနဲ့ ချက်ပြုတ်နေကြပြီ…။ နယ်မှာ အလှူတွေ နာရေးတွေမှာ ဒီလိုပဲလာကူပြီးချက်ပြုတ်ပေးတဲ့ အဖွဲ့တွေရှိကြတယ်…။ ရှမ်းလိုတော့ မယ်ခိုးလို့ခေါ်တယ်…။ ရှမ်းဝတ်စုံတွေကို ဆင်တူဝတ်ထားကြတယ်…။ ကာလသားတွေကတော့ ဟိုတစုဒီတစု ဖဲဝိုင်းတွေနဲ့ ကစားနေကြပြီ…။ အဖိုးက ဗီယက်နမ်ပေမယ့် ရှမ်းပြည်မှာအနေကြာလာတော့ ရှမ်းထုံးစံကိုပဲယူလိုက်တော့တယ် တကယ်ဆို ဗီယက်နမ်ထုံးစံက တရုတ်နဲ့ခပ်ဆင်ဆင်လို့ဆိုကြတယ်…။ ဒါပေမယ့် တတ်သိနားလည်သူမရှိတော့ ရှမ်းထုံးစံကိုပဲယူလိုက်တယ်.. အုတ်ဂူကတော့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကတည်းက အဖိုးဝယ်ထားတဲ့ တစ်ဧကနီးပါးရှိတဲ့ ခြံမှာပဲ အဖိုးက သူသေရင် ဂူသွင်းဖို့ အဆင်သင့်ဆောက်ထားပြီးသား…။ အုတ်ဂူကတော့ ဗီယက်နမ်ပုံလို့ပြောတယ်…။ ဦးလေးက အဖိုးအခေါင်းမသွင်းခင်က ရိုက်ထားတဲ့ ဓါတ်ပုံလာပြတယ်…။ အဖိုးမှဟုတ်ရဲ့လားလို့တောင် သံသယဖြစ်မိသွားလောက်အောင် အဖိုးရုပ်က လုံးဝအရိုးပေါ်အရေတင် အဖိုးလို့မှတ်မိစေတာ အဖိုးနှာခေါင်းတစ်ခုပဲရှိတယ်….။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က အဖိုး ဗီယက်နမ်သွားလည်တုန်းက ပြည့်ပြည့်ဖြိုးဖြိုး ခုနဲ့ဘာမှမဆိုင်ဘူး….။ ဓါတ်ပုံကြည့်ပြီးမှ တော်တော်စိတ်မကောင်းဖြစ်ပြီး ငိုမိတယ်….။

 

မိုးငွေ့