ကျွန်မက တာချီလိတ်မြို့နားက တာလေဇာတိပါ...။အသက် ၁၂ နှစ်အရွယ်ကတည်းက ရန်ကုန်ကို ရောက်နေခဲ့တာ...။ အနှစ် ၂၀ အတွင်း ကျွန်မ တာလေကို သုံးခေါက်ပဲ ပြန်ရောက်ခဲ့တာပါ..။ နောက်ဆုံး ရောက်ခဲ့တာက ၁၉၉၉ ခုနှစ်တုန်းကပါ ။ ၁၀နှစ်တောင်ရှိသွားပြီ..။ ခုဆိုရင်တော့ ကျွန်မတို့ငယ်ငယ်က နေခဲ့တဲ့ ပုံစံမျိုးတွေ ဘယ်ရှိတော့မလဲ ပြောင်းလဲကုန်ရောပေါ့..။ မပြောင်းလဲသေးတာက ကျွန်မတို့နေခဲ့တဲ့ အိမ်ပဲရှိတော့မှာပါ...။ ကျွန်မ ခုနေပြန်သွားရင်တောင် ငယ်ငယ်က ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေတောင် သိပ်မရှိတော့လောက်ပါဘူး...။ တစ်မြို့တစ်နယ်ကိုပြောင်းသူကပြောင်း... ။ အိမ်ထောင်ကျပြီး နိုင်ငံခြားရောက်သူ ရောက်နေကြမှာပေါ့...။
ငယ်ငယ်က ကျွန်မအချစ်ဆုံး သူငယ်ချင်း နန်းဖေါင်းဆိုတဲ့ အသားဖြူဥပြီး ပန်းသွေးရောင်လေးသန်းနေတဲ့ ရှမ်းမလေးတစ်ယောက်ရှိတယ်..။ သူကိုရှမ်းမလေးလို့ ပြောလို့ ကျွန်မကရော ရှမ်းမဟုတ်ဘူးလား လို့မေးစရာရှိလာမယ်...။ တကယ်တမ်း ကျွန်မက ရှမ်းပြည်ရဲ့မြေမှာနေ ရှမ်းပြည်ကရေသောက်ပြီး ရှမ်းသွေး တစ်စက်ကလေးတောင်မပါတဲ့ ကပြားသွေးပါ..။ ဖေဖေက မြန်မာလူမျိုးစစ်စစ်..... ဖြူးကညွတ်ကွင်းသား.. မေမေက ဗီယက်နမ်လူမျိုးစစ်စစ်...။ အဖိုးနဲ့အဖွားက ဒုတိယ ကမ္ဘာစစ်ကြီးတုန်းက စစ်ပြေးကြရင် တရုတ်နယ်စပ်ကနေ ကျိုင်းတုံကို ရောက်လာကြရင်း...မေမေတို့ကိုမွေးလာခဲ့တာပါ..။ နောက်တော့ တာလေပြောင်းလာနေရင်းက ကချင်(၅) စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဖေဖေနဲ့ ဆုံကြတာလို့ပဲ အတိုချုံးလိုက်တော့မယ်...။
ကျွန်မနဲ့ နန်းဖေါင်းက အရမ်းကိုခင်ကြတာ ကစားလဲအတူတူ...ဘယ်သွားသွားအတူတူပဲ...။ ကျွန်မ ၁၀တန်းအောင်လို့ ပြန်သွားလည်တုန်းက( ၁၉၉၃ ) သူတာလေမှာရှိနေသေးတယ်...။ အဲဒီတုန်းကလည်း ကျွန်မတို့ တပူးတွဲတွဲရှိကြလွန်းလို့ မျက်စိနောက်သူတွေကတောင် ဒီနှစ်ယောက်အမွှာတွေလားလို့ စောင်းပြောကြသေး..။ ခုတော့ သူလဲ ပြီးခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ဘန်ကောက်ကို ထွက်သွားလိုက်တာ... ခုချိန်ထိကျွန်မနဲ့ အဆက်အသွယ် မရှိကြတော့ဘူုးဆိုပါတော့..။
ထားလိုက်ပါတော့... ကျွန်မခုပြောပြချင်တာက ကျွန်မ ၁၀တန်းဖြေပြီး အိမ်ပြန်တဲ့အခေါက်က အဖြစ်ပျက်ုလေးတစ်ခုပါ...။ ကျွန်မတို့ ကချင်(၅)စစ်တပ်ရှေ့ (ခုတော့ တပ်ရင်း နံပါတ်ဘယ်လောက်ဆိုလားမသိ ပြောင်းသွားပြီ ) ပွဲလုပ်တော့ သူငယ်ချင်းတွေ တစ်သိုက်အိမ်မှာ ထမင်းစားသောက် အိမ်အလုပ်လုပ်ပြီးတော့ ည ၈နာရီလောက် ပွဲသွားဖို့ချိန်းထားကြတယ်...။ လမ်းတစ်လျှောက်မှာ လျှပ်စစ်မီးမရှိတော့ သဘာဝ လရောင်က ထိန်ထိန်သာလို့... ။ ကိုယ်စီလည်း ဓါတ်မီးတွေ ယူသွားကြပါရဲ့...။ ပွဲခင်းမှာ ထုံးစံအတိုင်း လောင်းကစားလေးတွေတော့ရှိတာပေါ့...။ လေးကောင်ဂျင် ၀ိုင်း( ဒီမှာတော့ ဂျင်လို့ခေါ်ကြတယ်)၊ သုံးဆယ်ခြောက်ကောင်တို့၊ တခြား ကစားနည်းအစုံစုံအပြင်... မယ်ဆိုင်ဘက်က(ကျွန်မတို့အခေါ် ဟိုဘက်ကမ်း) ထိုင်းတွေကလည်း ရုပ်ရှင်ပိတ်ကားကြီးတွေလာပြတယ်...။ ပြီးတော့ ခြားရဟတ်တွေလည်း သူတို့ဆီကလာဆင်ပြီး လည်ပေးတယ်...။ ကျွန်မတို့သူငယ်ချင်းတွေ ၇)ယောက် ၈)ယောက်လောက်ရှိမယ်..။ ပွဲသွားလည်ပြီးအပြန် တာလေဘက်ကိုအ၀င် တာလေချောင်းတံတားကိုဖြတ်ရတယ်...။ အဲဒီတံတားထိပ်မှာ စစ်သားတွေစောင့်တဲ့ ကင်းတဲလေးရှိတယ်..။ ကျွန်မတို့ထဲက တစ်ယောက်က ဓါတ်မီးနဲ့သွားပြီး ဟိုထိုးဒီထိုးတော့ ကင်းတဲထဲက အော်လိုက်တဲ့အသံကြားရတယ်...။
“ဟေ့ ကောင်တွေ ....ဘယ်သူ လက်ဆော့တာလဲကွ” ..။
စိုင်းမင်းမင်းနဲ့ စိုင်းဆီဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က အဲဒီကင်းစောင့်စစ်သားကိုဆဲရေးပြီး...
“ ပြေးကြဟေ့.......” လို့အော်တော့..။
ဘာပြောကောင်းမလဲနော် နောက်ကျတဲ့ခြေထောက် သစ္စာဖောက်တဲ့..ပြေးလိုက်ကြတာဆို တံတားတစ်လျှောက် ရွာထဲလဲဝင်ရော လမ်းမရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ ကျွန်မတို့ အ.လ.က တာလေကျောင်းဝင်းထိပ်က( ခုတော့ အ.ထ.က ကျောင်းဖြစ်၊ တာလေကလဲ ကျေးရွာကနေ တာလေမြို့ဖြစ်နေပြီလေ ) အနီးဆုံးဖြစ်တဲ့ စိုင်းဆီတို့အိမ်ကို ၀င်ပြေးဖို့ ဆုံးဖြတ်လိုက်ကြတယ်..။ နောက်က အစ်ကိုတော်က စစ်ဖိနပ်ကြီး တစ်ဘုတ်ဘုတ် မြည်နေအောင်ပြေးပြီး လိုက်လာနေပြီလေ....။ တံခါးဖွင့်နေရင်ကြာမှာစိုးလို့ အိမ်ဘေးလမ်းကြားကနေ ပြေးဝင်လိုက်ကြတာ ဗွက်ထဲနစ်ပြီး ဖိနပ်ကျန်ခဲ့သူက ကျန်ပေါ့...။ မောကလဲမော မှောင်မှောင်မဲမဲထဲမှာ နောက်ဖေးပေါက်ကနေ အိမ်ထဲပြေးဝင်ပြီး.... အသက်တောင် မရှုရဲကြတော့ဘူး...။ အားလုံးငြိမ်နေလိုက်ကြတာ...။ ခဏနေတော့ စောစောက အစ်ကိုတော်က ဘေးအိမ်နားက ပက်လက်ကုလားထိုင်မှာ ထိုင်နေတဲ့ ဘကြီးကို လှမ်းမေး လိုက်တဲ့အသံ ကြားလိုက်တယ်..။
“ ဘကြီး ဒီနားမှာ ကလေးတစ်အုပ်ပြေးလာတာ တွေ့လိုက်လား”
ဘကြီးကလဲ ဟော...ဟို ကျောင်းဝင်းဘက် ပြေးဝင်သွားကြတာပဲလို့ ဖြေလိုက်တော့...သူဆက်မလိုက်တော့ဘဲ...။ ပြန်လှည့်ထွက်သွားတာကို ကြားလိုက်ကြတယ်..။ ခုမှပဲ အားလုံးက သက်ပြင်း ချနိုင်ကြတာ..။ မဟုတ်ရင်တော့မလွယ်ဘူး...မိရင်နောက်နေ့ တပ်ထဲမှာ ကျွန်မတို့တတွေ ဒဏ်ပေးမခံရဘူးလို့ မပြောနိုင်ဘူးလေ..။
နောက်နေ့မနက် အားလုံးက ဘာဖြစ်မလဲဆိုပြီး အသံနားထောင်နေကြတာ...။ ဘာမှတော့မဖြစ်ပါဘူး....။ ဒါပေမယ့် ကျွန်မသူငယ်ချင်း စိုင်းမင်းမင်းက ကျောင်းဝင်းထိပ်က သူ့အဒေါ်ရဲ့ ကုန်စုံဆိုင်ကိုသွားတော့...ညက ကျွန်မတို့နောက်လိုက်တဲ့ အစ်ကိုတော်နဲ့ တည့်တည့်တိုး ပါလေရောလား...။ သူ့ကိုတော့ စိုင်းမင်းမင်းက မမှတ်မိပါဘူး...။ စိုင်းမင်းမင်းရဲ့ လက်မမှာပတ်ထားတဲ့ ပတ်တီးစကို သူကမှတ်မိလိုက်တာဗျာ....။ ကဲ...အကျပ်တော့တွေ့ပြီပေါ့...။
သူကမေးတယ်ဗျား....“ ဟေ့ ညီလေး...မင်းမနေ့က ထွက်ပြေးတဲ့ အဖွဲ့ထဲမှာပါတယ်မဟုတ်လား” ...တဲ့..။
တော်ပါသေးရဲ့ ကျွန်မသူငယ်ချင်းက အလျှောက်ကောင်းပေလို့...။
“ ဟာ...အစ်ကိုကလဲ...ပါတာပေါ့...ကျနော်က တစ်နေ့ကိုသုံးခါ ပုံမှန်ပဲ ”
ရူးသလို ပေါသလိုနဲ့ အကြောင်ရိုက်လိုက်တော့ အစ်ကိုတော်က ဆက် မမေးတော့ပဲ လျှော်ပေးလိုက်လို့... ကျွန်မတို့တွေ ခုမှ အပူလုံးကြီးကျသွားတော့တယ်...။ ညဘက် ပြန်ဆုံကြတော့ အဲဒီအကြောင်းတွေ ပြန်ပြောရင်း... ရယ်လိုက်ကြတာဆိုမပြောပါနဲ့တော့...။
ခုတော့ ကျွန်မသူငယ်ချင်း စိုင်းမင်းမင်းကလဲ ကျွန်မလိုပဲ RC 3 ကနေကျောင်းပြီးတယ်...သူက သင်္ချာမေဂျာနဲ့..။ လောလောဆယ် ရန်ကုန်မှာပဲ ဧည့်လမ်းညွန်လုပ်နေတယ်...။ ကျွန်မတို့ အဆက်အသွယ်မရှိကြပါဘူး...။ မတော်တဆ ကျွန်မဘလော့ဂ်ကို သူဖတ်မိရင်တော့ ငယ်ငယ်ကအကြောင်းတွေ ပြန်တွေးမိပြီး...ပြုံးနေမိဦးမှာ သေချာတယ်...။
မိုးငွေ့

No comments:
Post a Comment