Friday, 27 August 2010

Recreation Center......



တစ်ခါတုန်းက တက္ကသိုလ်မှာ... ပထမနှစ်.ကျောင်းသူကျမ မအူမလည်... သူငယ်ချင်းမရှိ အတန်းစတက်တော့ အတန်းထဲမှာ လူကအပြည့်...။ ဘယ်သူ့နားထိုင်ရမှန်းမသိ လွယ်အိတ်ကလေးပိုက်ပြီး မျက်လုံးကလည်ကလည်နဲ့ပေါ့...(မြင်ယောင်မကြည့်ကြပါနဲ့)....။ စတိတ်ကျောင်းတုန်းက မျက်မှန်းတန်းမိမယ့် သူငယ်ချင်းများရှိလေမလား... ဟိုဝေ့ ဒီဝေ့ ကြည့်လိုက်တယ်... တစ်ယောက်မှမတွေ့ဘူး..။ အင်းလေ.... သူများတကာတွေ ဆေးကျောင်းရောက်သူရောက် ဝိုင်အိုင်တီရောက်သူရောက်နေကြမှာပေါ့...။ ကိုယ့်လို ရိုးရိုးမေဂျာနဲ့ပဲလို့ ဘယ်ထင်လို့ဖြစ်ပါ့မလဲ...။ ဒါနဲ့ စာသင်ခန်းအလည်လောက်နားက ခုံအလွတ်မှာ ဝင်ထိုင်လိုက်တယ်....။ အဲနေ့က သူငယ်ချင်း နှစ်ယောက်အသစ်ရတယ်...တစ်ယောက်က မီးမီးတို့ လသာ(၂)ကျောင်းကပဲတဲ့...သူ့ကိုတော့မြင်ဖူးသလိုလိုပါပဲ...တရုတ်မလေး...အရပ်ကခပ်ရှည်ရှည်....။ နောက်တစ်ယောက်က စမ်းချောင်းမြို့နယ်ကပါ... ရခိုင်မ...သူက ကျမထက်သုံးနှစ်လောက်ကြီးတယ်...။ ငယ်ငယ်က အတန်းအောက်ခဲ့လို့ ကျမတို့နဲ့ အတန်းလာတူနေတာဖြစ်မယ်...။ ဒီလိုနဲ့ သုံးယောက်ပေါင်းမိတော့.... သုံးယောက်ပေါင်းမြောင်းကျော်.... အဲလေ..မှားသွားလို့ သုံးယောက်ပေါင်းလောင်းကြော် ဆိုသလိုပဲ....ကျောင်းမှာ..ကဲကြတာ...။ တက္ကသိုလ်မှာ စာအုပ်ထဲမှာဖတ်ဖူးတာတော့ ဆရာမစာသင်ရင် ကျောင်းသားတွေက ကျောင်းသူတွေကို စက္ကူမြှားနဲ့ပစ်ပေါက် စတတ်တယ်လို့လေ...။ တကယ်ပါ... ကျောင်းမှာ အဲလိုပဲ....တစ်ခါတစ်လေ အတန်းမရှိရင် ကျောင်းသားတစ်ချို့ဆို ချောင်တစ်ချောင်မှာ...ဖဲရိုက်လိုရိုက်နဲ့....။ ပထမနှစ်ဆိုတော့ အတန်းလစ်တာတို့ဘာတို့သိပ်မလုပ်ကြသေးဘူး...။ နည်းနည်းဝါရင့်လာတော့မှာ လက်တွေ့ချိန်တွေလောက်ပဲ စာမေးပွဲမှာ အမှတ်ရမယ့်အတန်းလောက်ပဲ လုပ်ကြတာ...။ ကျမတို့ခေတ်က RC 1 , 2, 3 ဆိုပြီးရှိတာ...။ recreation center ဆိုတာ အပန်းဖြေရိပ်သာပေါ့..။ တကယ်အပန်းဖြေပါတယ်.... ကျောင်းတက်ရတာ ပျော်စရာကြီး... လွတ်လွတ်လပ်လပ်ပဲ... စတိတ်ကျောင်းတုန်း ကလို ဆရာစာမေးလို့ မရရင် ခုန်ပေါ်တက် ဒဏ်ပေးစနစ်ကလဲ ကျွတ်ပြီလေ...။ ဒီတော့ အတန်းမရှိရင် သူငယ်ချင်းသုံးယောက်ပေါင်းပြီး ပေါက်ကရတွေလိုက်နောက်တော့တာ...။ ကျမတို့အတန်းထဲ ရုပ်ရှင်မင်းသာဝင်းဦးနဲ့တူတဲ့ ကျောင်းသားတစ်ယောက်ရှိတယ်...တူတယ်ဆိုတာ သူ့အိုက်တင်နဲ့ သူထားတဲ့ နှုတ်ခမ်းမွှေးစစလေးကြောင့်ပါ...။ သူ့နာမည်က သက်ထွန်းဦးတဲ့...။ ကျမတို့အချွန်နဲ့မတာကို ပင်တိုင်ခံရတဲ့သူပေါ့...။ အတန်းပြီးရင် သူကန်တင်းသွားခါနီးဆို သူ့နောက်ကြောကို စာကပ်ပေးလိုက်တယ် “ဝံကြီး” ဆိုပြီး...။ နောက် “ဝံကတော်” ကတော့ ကံဆိုးတဲ့ ကျောင်းသူတစ်ယောက်ယောက် အကပ်ခံရတာပဲ...။ တခါတလေ... စာရွက်စုတ်တွေကို အပိုင်းပိုင်းဆက်ပြီး အမြီးတပ်ပေးလိုက်တာမျိုး...။ သူကတော့မသိရှာဘူး တစ်ကျောင်းလုံးလျှောက်သွားနေတာ...။ ကျမတို့ အတန်းက ကျောင်းအနောက်ဘက်ဆုံးမှာဆိုတော့ အိမ်ပြန်ရင်လဲ သူများမေဂျာက အတန်းတွေအားလုံးရှေ့ကို ဖြတ်လျှောက်ရတယ်...။ အဲဒါမျိုးချိန်ကိုစောင့်ပြီး ကပ်ပေးလိုက်လို့ကတော့ ပြီးရော....။ ကျောင်းကလူတွေကလဲ သစ္စာရှိပါ့... တခွီးခွီးနဲ့သာ ကျိတ်ရယ်ချင်ရယ်နေကြမယ်...လုံးဝသွားမပြောပေးဘူး...။ သက်ထွန်းဦးကလဲ တော်တော် သီးခံရှာပါတယ် ကျမတို့ကို...။ ကျမတို့နောက်တယ်ဆိုတာ သိသွားတာတောင် စိတ်မဆိုးဘူး....။ ဒါကို သူငယ်ချင်းတွေက ဘာပြောတယ်မှတ်လဲ “ဘယ်စိတ်ဆိုးမလဲ နင့်ကြိုက်နေသလားမှမသိတာ”တဲ့...။ စိတ်ကူးမလွဲနဲ့နော် သူက အမတွေပဲရှိတာ တစ်အိမ်လုံးမှာ အငယ်ဆုံးတဲ့လေ....။ အဟီး... မီးမီးကြောက်ကြောက်..။ အဲလိုလေးပေါ့နော် ကျောင်းမှာ ပေါက်ကရစနောက်ကြတာ....။ ပြီးတော့ ကျမတို့နောက်စတဲ့ သူတစ်ယောက်ရှိသေးတယ်...။ လက်တွေ့ခန်းမှာ လူအယောက်နှစ်ဆယ် တစ်ဖွဲ့ဖွဲ့ထားတဲ့အထဲက သူက ကျမတို့ရဲ့ EC ... ဆရာမတွေက ရံပုံငွေကောက်ဖို့ စာအုပ်တွေရောင်းဘာတွေ ရောင်းရင် EC ကပဲ ဦးဆောင်ပြီးရောင်းရတာလေ...။ ကျမတို့ကိုလာရောင်းရင်တော့ “ဦးစိတ်တိုရယ် နင်ပဲ ခဏစိုက်ဝယ်ပေးထားပါဟာ ... ဒီနေ့ငါတို့ပိုက်ဆံနည်းနည်းပဲပါလာလို့ပါ” အဲလိုမလှိမ့်တစ်ပတ်ရိုက်ပြီး ပိုက်ဆံမပေးတော့ဘူး...။ အဲဒါမျိုး သူစိုက်ရပေါင်းမနည်းတော့ဘူး...။ အော်... အဲဒီEC ကို ဦးစိတ်တိုလို့ ခေါ်ရခြင်းအကြောင်းအရင်းကတော့... ကာတွန်းစာအုပ်ထဲက ဦးစိတ်တိုနဲ့ မျောက်ညိုဆိုတာရှိတယ်လေ...။ သူက အဲဒီဦးစိတ်တိုနဲ့တူလို့...။ နောက်မှထပ်ပြောပြဦးမယ်... Zoolကျောင်းသူကျမ နာမည်ပေးလဲတော်တယ်ဆိုတဲ့ အကြောင်းလေး...။ ဦးစိတ်တိုက EC တာဝန်တော့ကျေပါတယ်... သူ့အဖွဲ့ထဲက သူတွေအတွက်ဆို ဒိုင်ခံအနစ်နာခံတာ အဲလိုချစ်စရာကောင်းတာ...။ သူငယ်ချင်းတွေစုပြီး ကျိုက်ထီးရိုးဘုရားတက်တော့လဲ... သူပဲစီစဉ်တယ်...။ အမယ် ဘုရားပေါ်မှာ သူ့ဥပတိရုပ်ကလေးကိုသုံးပြီး ကောင်မလေးတွေကို ဟောက်စားလုပ်လိုက်သေး...။ ဒီလို...ဘုရားရင်ပြင်ပေါ်မှာ စကပ်ဘောင်းဘီမဝတ်ရဘူးလေ...။ အဲဒီတုန်းက ကောင်မလေးတစ်သိုက်ထဲက ဘောင်းဘီဝတ်ထားတဲ့ ကောင်မလေးကို လက်ယက်လှမ်းခေါ်နေတာ ကျမတို့ တအံ့တသြနဲ့ ကြည့်နေကြတာ....။ “ဘုရားရင်ပြင်မှာ ဘောင်းဘီမဝတ်ရဘူးဆိုတာ နားမလည်ဘူးလား” လို့ ခပ်မာမာသူကပြောတော့ စစ်ဂျာကင်ကလဲ ဝတ်ထား ကောင်းမလေးတွေက သူ့ကို စစ်ဗိုလ်အောက်မေ့ပြီး ကြောက်ကြောက်နဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့ ကုတ်ကုတ် ကုတ်ကုတ်နဲ့ထွက်သွားကြတာ....။ ကျမတို့က သူ့ကိုပြန်ခေါ်ပြီးမေးတော့ စောစောက အဝေးက သူ့အမူအရာကိုမြင်ယောင် သူပြန်ပြောပြတာကို နားထောင်ပြီး တဟား ဟားနဲ့ရယ်ကြတာပေါ့ ဘယ်ပြောကောင်းမလဲ...။ ဒုတိယနှစ်ကျောင်းတက်တော့ ရုက္ခဗေဒမေဂျာက စိန်ယာ့ဒ်ဆိုတဲ့ ကျောင်းသားနဲ့ ထပ်ခင်ကြတယ်....။ ကျမတို့တင်မဟုတ်ဘူး...။ သူ့ကိုကျတော့ တစ်ကျောင်းလုံးက ကောင်မလေးတွေအကုန်လုံးလိုလို ခင်ကြတယ်...။ ဘာလို့လဲဆိုတော့ သူက ပုံပြောကောင်းသူကိုး....။ ကျမတို့ အာစီသရီး ကျောင်းက ဝင်ဝင်ချင်း ဆင်ဝင်ကြီးရဲ့ တစ်ဘက်တစ်ချက်မှာ လှေကားထပ်လေးတွေရှိတယ်...။ အဲဒီနေရာကို လင်မျှော်ကုန်းလို့ခေါ်သေးတယ်.....။ အတန်းမတက်သေးခင်မှာ ကျောင်းသူကျောင်းသားတွေ တော်တော်များများထိုင်ကြတယ်....။ စိန်ယာ့ဒ်ကိုရှာမတွေ့လို့ကတော့ အဲမှာသွားကြည့် ကောင်မလေးတွေကြားမှာထိုင်ပြီးပုံပြော နေပြီသာမှတ်တော့...။ သူပြောတဲ့ ရယ်စရာပုံပြင်တစ်ချို့ကို ပြန်မျှဝေပါမယ်....။ “ဆင်ဥ”ဆိုတဲ့ ပုံပြင်ကို ပြောပြမယ် ...သေချာနားထောင်....အဲ...ဖတ်နော်...။ တစ်ခါက...တောရွာတစ်ရွာက လင်မယားနှစ်ယောက်မြို့ကို ပြောင်းလာနေကြတယ်တဲ့...။ အဲဒီလင်မယားနှစ်ယောက်ဟာ သိပ်ကိုရိုးအလွန်းလို့ .. ဒေသန္တရဗဟုသုတလဲ မရှိကြဘူးတဲ့....။ မိန်းမလုပ်သူက တစ်နေ့ဈေးသွားဝယ်တော့ ကြိတ်ကြိတ်တိုးလုဝယ်နေကြတဲ့ ဖရဲသီးသည်ဆီကိုရောက်သွားရော... လူတွေဒီလောက်ဝယ်နေကြတာက ိုကြည့်ပြီး သူလဲဝယ်ချင်လာတယ် ဒါပေမယ့် ဘာအသီးလဲဆိုတာမသိဘူးတဲ့..။ ဒါနဲ့ ဖရဲသီးသည်ကို အဲဒါဘာအသီးလဲ မေးမေးနေတော့ အလုပ်ရှုပ်နေတဲ့ ဖရဲသီးသည်ကလဲ စိတ်မရှည်တော့တာနဲ့ ဆင်ဥဟေ့ ဆင်ဥလို့ဖြေလိုက်သတဲ့...။ မိန်းမကလဲ ဟာ...ဆင်ဥတဲ့ ထူးထူးဆန်းဆန်းဆိုပြီး တစ်လုံးဝယ်ပြီးအိမ်ပြန်ခဲ့တယ်...။ အိမ်ပြန်ရောက်တော့ ယောက်ကျားဖြစ်သူကို ဆင်ဥပြပြီး....ဆင်ပေါက်ကလေးပေါက်လာအောင် ကြက်တွေဘဲတွေလိုပဲ ဝပ်ရမယ်လို့ထင်ပြီး....မိန်းမဖြစ်သူက သူဝပ်မယ်ပေါ့...။ ဒီတော့ ယောကျာၤးက ဆင်ဆိုတာ ရှေးတုန်းက ဘုရင်မင်းမြတ်တွေမှစီးရတာ... ဘုန်းတန်းခိုးနဲ့ ဒီတော့ ဘုန်းရှိတဲ့ ယောက်ကျားပဲ ဝပ်သင့်တယ်ဆိုတာနဲ့ အိပ်ယာထဲ နွေးနွေးထွေးထွေး စောင်ခြုံပြီးဝပ်နေပါသတဲ့....။ တစ်နေ့တော့ မိန်းမရေ...ဆင်လေးပေါက်ပြီလားမသိဘူး လာစမ်းကြည့်ပါဦးဆိုတော့...။ မိန်းမဖြစ်သူက စောင်အောက်ကနေလက်နဲ့လျှိုပြီးစမ်းလိုက်တာ.... ဟောဒီလိုကြီး ဝမ်းသာအားရနဲ့ ထပြောပါရော.....။ “ယောက်ကျားရေ....ဆင်လေးက နှာမောင်းတောင်ထွက်နေပြီတော့”တဲ့..... း)။ နောက်တစ်ပုဒ်က “ဆန်ပြုတ်”ပုံပြင်....။ လင်မယားနှစ်ယောက်မှာ သားလေးတစ်ယောက်ရှိပါသတဲ့..။တစ်နေ့ သားလေးဖျားတော့ အမေလုပ်သူက ဆန်ပြုတ်ပြုတ်တိုက်တာ ဘယ်လိုမှချော့ပြောမရလို့.... အဖေလုပ်သူကိုရော့ရှင်ပဲ ရှင့်သားကိုရအောင်တိုက်တဲ့...။ အဖေကသားလေးကို တစ်ချက်ပဲ ခပ်တိုးတိုးကပ်ပြောပြီးဆန်ပြုတ်တိုက်လိုက်တာ လျှောလျှောရှုရှုပဲတဲ့...။ ဒါနဲ့ အမေက ရှင်ကလေးကိုဘယ်လိုများ ချော့လိုက်လို့ ချက်ချင်းဆန်ပြုတ်သောက်သလဲဆိုတော့....။ အော်ဒါလား....သား ဒီဆန်ပြုတ်လေးသောက်ရင် သားရဲ့ ငယ်ပါလေးကြီးလာမှာလို့ ပြောလိုက်တာလေ...လို့လဲဆိုရော....မိန်းမကလက်ထဲ အသင့်ကိုင်ထားတဲ့ ယောင်းမနဲ့ဒေါက်ခနဲ ခေါက်လိုက်ပါသတဲ့...။ ရှင်ကရော ဘာလို့ ငယ်ငယ်က ဆန်ပြုတ်မသောက်ခဲ့သလဲတဲ့...ဟား ..... ဟားးး... တကယ်ပါ... စိန်ယာ့ဒ်အဲဒီပုံပြင်ပြောနေရင် အနားမှာ သွားမထိုင်ကြနဲ့ အနားမှာရှိတဲ့သူကို အဲအခန်းပြောတဲ့ချိန်ကျရင် ခေါင်းခေါက်တာခံရတယ်.....။ ကျောင်းတုန်းက ပေါက်ကရ ရယ်စရာလေးတွေပါ.... သူငယ်ချင်းအားလုံး ပြုံးရအောင် ဝေမျှပေးလိုက်ပါတယ်....။ ကျောင်းတော်ကိုလဲ အလွမ်းဖြေရင်းပေါ့ဗျာ....။


မိုးငွေ့

Monday, 23 August 2010

ဟန်နီ.....



ဟန်နီ....ရင်ကို သူဖမ်းစားခဲ့တာကြာပြီ ရုန်းထွက်ဖို့ စိတ်ကူးလည်းမရှိ အိုး...နိုး ဟန်နီ...နင်လေ ငါ့အနားရှိတုန်းမှာ မမြင်မိ နင်ထွက်သွားမှ ငါ့စိတ်တွေလေပြီ (အိမ်မက်က နိူးထခဲ့တာ အချိန်တွေနှောင်းသွားပြီလား) (ဟန်နီ....လုံး၀ လုံးဝမမေ့လိုက်နဲ့ အိုး...နောက်ဆုံးချစ်ခွင့် မရှိရင်တောင် ငါ့ကိုတော့ မမုန်းလိုက်နဲ့ဦး ဒီအတိုင်းလေး နေပေးနော်) ဟန်နီ... ရင်မှာ မျှော်လင့်ခဲ့ အချစ်တွေကြာပြီ  သူပေးမယ့် အချစ်အနမ်းလေး တို့စောင့်နေ ဟန်နီ...ချိုမြိန်တဲ့ နေ့သစ်ထဲ ပြန်ဆုံချိန် ဟိုအရင်အတိတ်က အမှားတွေပြင်ပြီး (အိမ်မက်က နိူးထခဲ့တာ အချိန်တွေ နှောင်းသွားပြီလား)  repeat   ဟန်နီ...... ဟူး... ဟူးး...ဟူးးး.... ဟန်နီ.....ဟူးး ဟူးး ဟူးး Fade away .......

ကျမဆီကို အစ်ကိုတစ်ယောက်ပို့ပေးခဲ့တဲ့ သီချင်းလေးပါ...။ လင်းနစ်သီချင်းကို တစ်ပုဒ်စ နှစ်ပုဒ်စ နားထောင်ဖူးပေမယ့်... ဘယ်စီးရီး ဘာသီချင်းခေါင်းစဉ်လဲဆိုတာ တွဲမမှတ်ထားဖူးဘူး...။ ဒီတစ်ပုဒ်ကိုတော့ ခေါင်းစဉ်လေးကိုစတွေ့ကတည်းက ကြိုက်သွားတာ...။ သေချာနားထောင်ကြည့်တော့လည်း ကောင်းတယ်...။ လင်းနစ်ရဲ့ ဆိုသံဆိုပေါက်မပွင့်တစ်ပွင့်ရယ်.... သူ့ချစ်သူကောင်မလေးကို ခပ်ချွဲချွဲလေး တောင်းဆိုပုံလေးတွေက သိပ်ကိုချစ်ဖို့ကောင်းလွန်းလို့ စာလာဖတ်သူတွေကိုဝေမျှချင်သွားတာနဲ့ ဒီပို့စ်လေးရေးဖြစ်သွားတာပါ...။ “ဟန်နီ”ဆိုတဲ့ စကာလုံးလေးနဲ့ သီချင်းလေးမစခင်မှာ.... Lead လေးနဲ့ ခပ်အီအီလေး intro ဝင်ထားတာနဲ့ လင်းနစ်အသံလေးက အတွဲအဖက် သိပ်လှပါတယ်...။ စာသားလေးတွေက ရိုးစင်းသလို သီချင်းလေးကလဲ တစ်ပုဒ်လုံးခပ်အေးအေးပါပဲ....။ သီချင်းလေးကို ခံစားနားဆင်ကြည့်စေချင်ပေမယ့်...upload လုပ်တာ ဘယ်လိုမှ အဆင်မပြေဘူးဖြစ်နေတယ်....။ အားနာပါတယ် သီချင်းလေးကို ဒီပို့စ်လေးနဲ့တွဲပြီး နားထောင်စေချင်တာပါ... တကယ်။ 


မိုးငွေ့

Friday, 20 August 2010

ကြက်သားမုန်ညင်းချဉ်ကြော်နဲ့ ဂျပန်တိုဖူးဟင်းရည်...

ကြက်သားမုန်ညင်းချဉ်ကြော်


ဝယ်လာတဲ့ မုန်ညင်းချဉ်ကို ရေစင်စင်ဆေးပြ်ီး ခပ်သေးသေးလှီးထားပါ...။ ဆီပူပူဒယ်အိုးထဲကို ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူတစ်လုံး၊ ကြက်သွန်ဖြူးဓါးပြားရိုက်၊ ဂျင်းကိုအချောင်းချောင်းလေးတွေလှီးထားတာကို တစ်ခါတည်းထည့်ကြော် မွှေးလာရင် ကြိတ်ထားပြီးသားကြက်သားထည့် ကြက်သား ပဲငံပြာရည်အကြည်ထည့် ကြက်သားရွှေရောင်သန်းလာရင် ခရမ်းချဉ်သီးလှီးထားတာထည့် ငရုတ်သီးစိမ်းထည့် ခရမ်းချဉ်သီးလိတ် လာရင်တာ့ မုန်ညင်းချဉ်ထည့်ပြီး ဆား၊ သကြားလိုသလိုထည့် ...။ အရသာချိုချိုချဉ်ချဉ်နဲ့ ထမင်းစားမှိန်လိုက်မယ့်ဖြစ်ခြင်း....။ (ကြိတ်ထားတဲ့ ကြက်သားထဲ အရသာရှိအောင် ငရုတ်ကောင်း၊ ကြက်သားမှုန့်၊ ပြောင်းမှုန့်နဲ့ ဆီအနည်းငယ်ထည့်ပြီး နယ်ထားပါ)


ဂျပန်တိုဖူးဟင်းရည်

ရေဆူဆူထဲမှာ ကြက်သားမှုန့်အခဲလေးတစ်တုံးထည့် ပြီးတော့ ကြက်သွန်ဖြူသုံးမွှာလောက်အပြားရိုက်ထည့်...။ အတုံးတုံးလေးတွေလှီးထားတဲ့ ခရမ်းချဉ်သီး၊ ခါဂျက်ဥနီ၊ ဂျပန်တိုဖူးပျော့တွေကို တပြိုင်နက်ထဲထည့်လိုက်ပါ...။ ဆယ်မိနစ်လောက်ဆက်တည်ထားပြီး သောက်ခါနီး ငရုတ်ကောင်းမှုန့်ဖြူးလိုက်ရင်... အဟာရဟင်းရည် တစ်ခွက်ရပါပြီ...။ ကြက်ဥကြိုက်ရင်လဲ ဖောက်ထည့်လို့ရပါသေးတယ်...။

မိုးငွေ့

Thursday, 19 August 2010

ကျမဖတ်ဖြစ်ခဲ့သောစာအုပ်များ...




သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ... ။ ခုတလော စာအုပ်တွေနဲ့ပဲ အချိန်ဖြုန်းမိတယ်....။ သိပ်အားတယ်လို့တော့မဟုတ်ဘူးပေါ့..။ ညဘက်...အင်တာနက်နဲ့ နည်းနည်းခပ်ကင်းကင်းနေပြီး... စာအုပ်တွေဖတ်ဖြစ်နေတာပါ..။ ဒီ“နောင်တကင်းရာသို့” ဆိုတဲ့စာအုပ်လေးကပြီးခဲ့တဲ့ ကျမမွေးနေ့တုန်းက ညီမလေးဆုမြတ်မွန်ဆီက လက်ဆောင်ရထားတာ...။ သူပေးတဲ့လက်ဆောင်က ဒီစာအုပ်လေးရယ်.. ပန်းချီဆွဲတဲ့ စာအုပ်တွေ...ရောင်စုံခဲတွေနဲ့ ကိရိယာစုံပါတယ်...။ ဆုမြတ်မွန်က ကျမလက်ရာပန်းချီတွေကို မျှော်လင့်တယ်ထင်ပါ့..။ ကျမမှ ပန်းချီမရေးတတ်တာဘဲ... ဒီတော့ အသုံးဝင်မယ့်ကလေးတွေအတွက် ကျမပြန်လှူလိုက်တယ်...။ ညီမကျေနပ်လိမ့်မယ်ထင်ပါတယ်..။ ကျမတို့ စာအုပ်အကြောင်းလေး စပြောရအောင်...။ ဦးစွာ ဆရာနန္ဒာသိန်းဇံရဲ့ နောင်ကင်းရာဆီသို့ ဆိုတဲ့စာအုပ်ကာဗာပန်းချီကိုပြောချင်ပါတယ်...။ ကိုနေမျိုးဆေးရဲ့ လက်ရာပါ..။ ဆရာ့ဆောင်းပါးတွေက နောင်တအကြောင်းတွေရေးထားတာဆိုတော့.. နောင်တကို ဘယ်လိုပုံဖော်ရင်ကောင်းမလဲလို့ ပထမသူစဉ်းစားမိတယ်...။ နောင်တဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အမှုရဲ့ အကျိုးဆက်ဆိုတော့ မကောင်းတဲ့ အရာပဲဆိုပြီး ညိုမဲမဲ ခပ်ကြမ်းကြမ်းစုတ်ချက်တွေနဲ့ရေးလိုက်ရင်ကောင်းမယ်ဆိုပြီး သူစဉ်းစားမိတယ်တဲ့...။ နောက်ထပ်စဉ်းစားမိတာက နောင်တဆိုတာ ဘာပဲပြောပြောက်ိုယ်အမှားလုပ်ခဲ့မိတာကို ပြန်ပြီးဆင်ခြင် သတိကပ်တာလဲ ဖြစ်နိုင်တယ်ဆိုပြီး... အကောင်းဘက်က မြင်ပြီး အဲဒီစုတ်ချက်မဲမဲတွေပေါ်မှာ အဖြူရောင်ပန်းခက်တွေ ဆွဲမယ်လို့ စိတ်ကူးပြီး နောင်တကို ပုံဖော်လိုက်ပါတယ်တဲ့ဗျာ...။ ဒီစာအုပ်လေးက... အင်တာဗျူးဂျာနယ်၊ phoenix ဂျာနယ်၊ ရုပ်ရှင်မမြုတေမဂ္ဂဇင်း၊ ပိတောက်ပွင့်မဂ္ဂဇင်း၊ ဓမ္မရိပ်မဂ္ဂဇင်း၊ Perfect မဂ္ဂဇင်းတို့မှာ ဆရာရေးသားခဲ့တဲ့ စာစုတွေကို တစ်စုတစ်စည်းထဲဖြစ်အောင် စာအုပ်အဖြစ်ပြန်လည် ထုတ်ဝေထားတာပါ...။ မာတိကာမှာ အကြောင်းအရာအားဖြင့် ၁၆ခုပါပါတယ်...။ အဲဒီခေါင်းစဉ် ဆယ့်ခြောက်ခုမှာ ဆရာရဲ့ အတွေးအမြင်တွေဘယ်လောက် အနှစ်သာရရှိတယ်ဆိုတာကို ကျမဖတ်မှတ်ထားတာလေးတွေကို ပြောပြချင်ပေမယ့်....ပြောပြစရာတွေက သိပ်များနေလို့ နောက်ပို့စ်တွေမှာပဲ ခေါင်းစဉ်တစ်ခုအနေနဲ့...ရေးသားဖော်ပြပေးပါ့မယ်...။ စာအုပ်လေးက အခင်းအကျင်းလဲလှတယ်...။ ခေါင်းစဉ်အခုတိုင်းမှာ ကိုနေမျိုးဆေးရဲ့ မဲနက်တဲ့ စုတ်ချက်ကြမ်းတွေပေါ်မှာ အဖြူရောင်ပန်းပွင့် ပုံစံမျိုးစုံတွေ့ရပါတယ်...။





ဆရာမဂျူးရဲ့ “အမှတ်တရ” ဆိုတဲ့စာအုပ်....။ ပန်းရောင်အဖုံးနဲ့က အဟောင်းတန်းမှာ ဝယ်ထားတဲ့ ကော်ပီ၊ အနီရောင်အဖုံးနဲ့က ခုနောက်ဆုံးပြန်ထုတ်ထားတဲ့ “အမှတ်တရ”... မွေးနေ့တုန်းက မောင်လေးတစ်ယောက် ပေးထားတဲ့ လက်ဆောင်...။ နောက်တစ်အုပ်က ညီမလေးကို ဆရာမလက်မှတ်ထိုုးပေးထားတဲ့ စာအုပ်လေးပါ....။ ကျမဆီမှာ အားလုံးသုံးအုပ်ဖြစ်သွားတယ်...။ ညီမလေးသဲသဲရဲ့ နာမည်ကိုတောင်ဆရာမက သဘောကျလို့ နောက်ထုတ်မယ့်လုံးချင်းတွေမှာ သုံးချင်တယ်လို့ပြောသွားပါသေးတယ်....။ နောက်တာလဲဖြစ်နိုင်ပါတယ်...။ ဆရာမရဲ့ ပထမဦးဆုံးလုံးချင်းတစ်အုပ်ဖြစ်ပြီး ဒီစာအုပ်ကို ကျမခုနှစ်တန်းနှစ်ကတည်းက စဖတ်ဖူးတာပါ...။ ဒါပေမယ့် အဲဒီတုန်းကဖတ်ထားတဲ့ ခံစားနားလည်မှုနဲ့ ခုနဲ့တော့ ကွာခြားသွားပြီပေါ့...။ ဒီစာအုပ်လေး စထွက်တော့ ဝေဖန်ရေးဆရာတွေရဲ့ တိုက်ခိုက်မှုကို အတော်ခံခဲ့ရတယ်လို့ ကြားဖူးခဲ့တယ်...။ အဲဒီခေတ်ကနဲ့မညီတဲ့ အရေးအသားတွေ ဇာတ်အိမ်တွေဖြစ်နေလို့....လို့ပြောကြပါတယ်...။ ကျမကတော့ ဂျူးရေးသမျှစာအုပ်အကုန်ကြိုက်တယ်...တော်တော်များများလဲ ဝယ်စုထားဖြစ်တယ်...။ ဆရာမရေးတဲ့ စာအုပ်တ်ိုင်းက မှတ်သားစရာ ပညာယူစရာတွေအမြဲ စွဲတင်ကျန်ရစ်စေတာချည်းပဲ...။ စာဖတ်ပရိတ်သတ်တွေကို မသိတာလေးတွေ အမြဲပေးတတ်တာမို့... နှစ်သက်မိတယ်...။


ညီလေးသဲသဲကို ဆရာမကိုယ်တိုင်လက်မှတ်ရေးထိုးပြီးပေးထားတဲ့ 
ခုနောက်ဆုံးကြိမ်ပြန်ထုတ်ထားတဲ့ အမှတ်တရပါ....




စာအုပ်အမျိုးအစားထဲမှာဆို ဘိုင်အိုဂရပ်ဖီလိုစာအုပ်မျိုးလည်း ကျမသိပ်ကြိုက်တယ်....။ လူတစ်ယောက်ရဲ့ ရာဇဝင်အကြောင်းကိုဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်ဗျ...။ သူဘာတွေလုပ်ခဲ့လို့ ခုလို ရာဇဝင်မှာ ထင်ကျန်ရစ်သလဲဆိုတာကိုက စိတ်ဝင်စားစရာကောင်းနေတာ...။ ပုဂံရာဇဝင်မှာ ကျန်စစ်မင်းအကြောင်း ရေးတဲ့ စာရေးဆရာတွေ ခပ်များများရယ်...။ ခေါင်စဉ်အမျိုးမျိုးအဖုံဖုံနဲ့ ဆောင်းပါး၊ ဝတ္ထု စသဖြင့်ရေးနေကြတာ...။ အရင်တုန်းက ဆရာချစ်ဦးညိုရေးတဲ့ “မဏိစန္ဒာဥဒါန်း” ဆိုတာဖတ်ဖူးတယ်...။ အဲဒါလေးကတော ဇာတ်လမ်းလေးဆင်ပြီးရေးထားတာ...။ အတ္ထုပ္ပတ္တိပုံစံမျိုးမဟုတ်ဘူး...။ နောက်ပုဂံရာဇဝင်မှ သူရဲကောင်းများဆိုပြီးလဲ ထွက်တာပဲ...။ တော်တော်များပါတယ်...။ ခုကတော့ ဆရာမ ဒေါက်တာမတင်ဝင်းရေးတဲ့ “မင်းကျန်စစ်ကို ချစ်တဲ့ သူများ”ဆိုတဲ့ စာအုပ်ကျတော့.... ဆောင်ပါးမကျ... ဝတ္ထုမကျ ပုံစံလေးနဲ့ပါ...။ ဆရာမက ဝတ္ထုရေးနေကျမဟုတ်လို့... ဝတ္ထုတစ်ပုဒ်အနေနဲ့မရေးဘဲ... ကျန်စစ်သားအကြောင်းကို ပြန်ပြောပြတဲ့ စကားပြေဆန်ဆန်မျိုးလေးရေးထားတာကိုတွေ့ရပါတယ်...။ အဲဒီမှာ ရာဇကုမာရ်နဲ့ သမ္ဘူလတို့သားအမိ စကားအပြန်အလှန်ပြောတဲ့ ဒိုင်ယာလော့လေးတွေကိုလည်း တွေ့ရတယ်...။ မင်းကျန်စစ်ကိုချစ်တဲ့ သူများဖြစ်ကြတဲ့... အနော်ရထာ၊ မဏိစန္ဒာ၊ အပယ်ရတနာ၊ ရာဇကုမာရ်ခေါ် ဇေယျခေတ္တရာ၊ သမ္ဘူလမိဖုရား၊ ခင်တန် စတဲ့သူတွေနဲ့ ခေါင်းစည်းတစ်ခုစီခွဲပြီးရေးထားပါတယ်...။ မဟာမဂ္ဂဇင်းမှာ ဆရာမရေးခဲ့ဖူးတဲ့ ကျန်စစ်မင်းနဲ့ ပတ်သက်ဆက်နွယ်ချစ်ခင်ခဲ့ကြသူတွေရဲ့ တစ်ဦးချင်း အကြောင်းအရာတွေကို စုစည်းထားတာပါ ဒီစာအုပ်လေးမှာ...။


မိုးငွေ့

Tuesday, 10 August 2010

အိန်ဂျယ်နဲ့...တစ်ညနေ




လူမပင်ပန်းဘဲ စိတ်ပင်ပန်းရတာ အမောဆုံးပဲ...။ ကျမအလုပ်စားပွဲပေါ်က စာအုပ်တွေ...ဘောလ်ပင်ခဲတံတွေကို ကြည့်ရတာ တခါတခါ မှောင်မိုက်သွားလိုက်... ပြန်လင်းလာလိုက်နဲ့...ဘယ်လိုဝေဒနာမျိုးလဲကွယ်...။ စူးခနဲ နာကျင်မှုနဲ့အတူ နွမ်းလျနှုံးခွေသွားတယ်...။ ဘေးနားက ကော်ဖီခွက်ကို ကျိုက်ခနဲမော့ချလိုက်တော့... ကော်ဖီတွေက အေးစိမ့်နေပြီ....။ ခုရက်ပိုင်းဘာစားစား ဘာသောက်သောက် အရသာတွေက ပျောက်နေတယ..။ စားချင်စိတ်လဲမရှိ အိပ်လို့ကလဲမပျော်... အဲဒါပိုဆိုးသွားတာ..။ ပြီးခဲ့တဲ့ နှစ်ညဆက်တိုက်အိပ်မရလို့... ဇာတ်လမ်းတွေထိုင်ကြည့်ပစ်တာ..ညနက်သန်းခေါင်ထိ...။ တခါတလေ...တစ်နာရီ နှစ်နာရီတွေဘာတွေ ကျော်သွားတယ်...။ ခွေကြည့်သလို ခံစားနေရတာတွေကို skip လုပ်လို့ရရင်သိပ်ကောင်းမှာပဲလို့ တွေးလိုက်မိသေး...။ စတော်ဗယ်ရီသီးလေးလို ပါးနှစ်ဘက်ဖေါင်းပြီး ပန်းရောင်လေးသန်းနေတဲ့ သားလေးကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတယ်...။ (နှစ်နှစ်ကျော်ကလေးဆိုပြီး သူက အမေကိုသိပ်သိတတ်တယ်... အရွယ်နဲ့မလိုက်အောင်ပဲ..။ တနေ့က ထမင်းစားရင်း မျိုချရတာ လည်ချောင်းမှာ ကြမ်းရှနေတာပဲ..။ ဝမ်းနည်းအားငယ်စိတ်ကလဲ ဘယ်ကနေမှန်းမသိ ဝင်ဝင်လာတတ်တယ်..။ ကျမနားကို ခုံလေးခုပြီး ကျမမျက်ရည်တွေကို လာသုတ်ပေးတော့မှပဲ သတိပြန်ဝင်လာတော့တယ်)အိပ်ပျော်နေတဲ့ သားလေးကို ငုံ့နမ်းရင်း မျက်ရည်စတချို့ သားရဲ့ပါးပြင်ပေါ်လိမ့်ဆင်းသွားတယ်...။...အို...ဘာလို့ မျက်ရည်ကျရတာလဲ...။ ခုချန်မှာ ကျမဒီလောက ကနေပျောက်ဆုံးသွားခဲ့ရင်.... မောင်နဲ့သားလေးကို ကျမစိတ်ချလက်ချ ထားခဲ့နိုင်ပါတယ်..။ အမဒါကသားကို သူ့သားအရင်းလို ထိန်းကျောင်းလာပေးခဲ့တာ...။ ကျမက ဒီကလေးကိုမွေးပဲ မွေးခဲ့ရတာ...။ ကျန်းမာရေးမကောင်းလို့ အမဒါကပဲ... တလျှောက်လုံးကြည့်ရှု စောင့်ရှောကပေးခဲ့တာ... သားလေးအတွက်ဆို သူက ဒုတိယမိခင်လို့တောင်ပြောလို့ရတယ်...။ ဒါဖြင့် ဘာပူစရာ ရှိသေးလဲ...။ ကျမဘာလို့ငိုရမလဲ...။ ခွင့်ယူပြီး အိမ်မှာ တော့ နားနားနေနေ မနေချင်ပါဘူး...။ အဲဒီခါမှ ပိုဆိုးမယ်...လူုကတောင်တွေး မြောက်တွေးနဲ့ အလုပ်တက်တော့ စိတ်ပြေလက်ပျောက်ရှိသေးတယ်..။ ကျမအိပ်မပျော်တဲ့ ညတစ်ညက မောင့်ဆီကဖုန်းဝင်လာခဲ့တယ်...။ ကျမကို အိပ်ယာထဲလှဲနေရတယ် အိပ်မက်လို့ စိတ်ပူပြီး ဖုန်းဆက်လိုက်တာတဲ့...။ “သဲ...တကယ်နေကောင်းပါတယ်နော်... ကိုယ့်ကိုမညာနဲ့ နက်ဖြန်ကျ မဒါဆီဖုန်းဆက်ပြီးမေးလိုက်မယ်” တဲ့...။ မောင်အလုပ်ကို ဖြောင့်ဖြောင့်လုပ်ပါ..။ သားလေးရဲ့ အနာဂတ်က မောင့်လက်ထဲမှာပါ...။ သိပ်နေမကောင်းတဲ့ ချိန်ဆို ကျမ မေမေ့အိပ်ပြန်အိပ်ဖြစ်တာများတယ်..။ သားက မဒါနဲ့ အိပ်နေကျ...ပြီးတော့ မဒါသမီး နိုးနိုးလေးကလဲ သူ့အတွက် အဖော်ရနေတာလေ...။ တော်ကြာ ကျမနေမကောင်းရင် သူတို့ မောင့်ဆီကို ဖုန်းဆက်အကြောင်းကြားလိုက်ခါမှ...မောင်စိတ်ပူပြီး အလုပ်ကိုင်ပျက်တာပဲရှိမှာ...။ ကျမအတွက်နဲ့ ဘယ်သူ့ကိုမှ အပူမပေးချင်ပါဘူး...။ ဘယ်သူမဆို အချိန်တန်ရင် ဒီလမ်းကိုသွားရမှာချည်းပဲ...။ ကျမစိတ်တွေ တည်ငြိမ်အောင် ဘုရားမှာ ညနေတိုင်းတရားသွားထိုင်ဖြစ်တယ်...။ လူခြေတိတ်တဲ့ အဘဘိုးမင်းခေါင် ထွက်ရပေါက်မှာသွားထိုင်တယ်.....။ အဲလို ပုံမှန်လေးထိုင်တော့ စိတ်က တော်တော်ကြည်လင်လာတယ်...။ ကျမသွားထိုင်တိုင်း ကျမဘေးနားကို ကလေးမလေးတစ်ယောက် အမြဲရှိရှိနေတယ်လို့ခံစားမိနေတယ်...။ ဘယ်သူရှိမလဲ ကျမရဲ့ အိန်ဂျယ်လေးပေါ့...။ ဒါပေမယ့် မျက်လုံးဖွင့်ကြည့်ရင် ဘာမှမတွေ့ရဘူး...။ ကျမစိတ်ကယောင်ကတန်း ဖြစ်နေတာ မဟုတ်လောက်ဘူး...။ တကယ်ကြီး အဲလိုတရားသွားထိုင်တိုင်း သိသိနေတာ...။ ကျမရဲ့အသိတရားထဲမှာ အိန်ဂျယ်လေး ရောက်ရောက်နေတတ်တာ...။ အချိန်ကြာလာတော့ ကျမသူနဲ့ နေသားကျလာတယ်...။ ကျမရဲ့ အခြံအရံနတ်သမီးလေးပေါ့...သူက..။ ဒီလိုဆိုဖြင့် အိန်ဂျယ်လေးရယ်... ကျမခံစားနေရတဲ့ ဝေဒနာတွေကို ဟိုးး..အဝေး ယူဆောင်သွားပေးပါတော့....။ ကျမချစ်တဲ့ မိသားစုလေးနဲ့ ကျမတဝကြီးနေချင်ပါသေးတယ်...။ 


မိုးငွေ့

Thursday, 5 August 2010

Game



ကျနော့်ဘ၀မှာ ကံကြမ္မာက.... အမှတ်မထင်... ကစားပွဲတစ်ခုကို ဖန်တီးပေးခဲ့ဖူးတယ်....။ ကစားပွဲ လို့သုံးရခြင်းအကြောင်းအရင်းက .... အဲဒ်ီချာတိတ်မလေး အမြဲသုံးစွဲနေကျ တိတိကျကျပြောရရင် ကျနော့်ကိုသူစွပ်စွဲနေကျ စကားလုံးလေးပါ...။ ကျနော်တကယ်သူ့ကို ကျနော့်ရဲ့စိတ်ဖြေဖျောက်မှုအတွက် အပျင်းပြေအတွက် ကစားခဲ့ဖူးသလားဆိုတာ ခုချိန်ထိ ကိုယ့်ကိုယ်ကို သေချာမသိဘူးလို့ဆိုရင် ခင်ဗျားတို့ ကျနော့်ကို တော်တော် အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်သူလို့ မြင်လိမ့်မှာပါ...။ အိုကေ...ဒါဟာ လူနှစ်ယောက်ကြားမှာ ယေဘူယျအားဖြင့် အချိန်မရွေးဖြစ်ပျက်သွားနိုင်တဲ့ ကိစ္စပါ..။

ဒီလိုပါ... ကျနော်အရင်က အင်တာနက်မသုံးဖူးပါဘူး....။ ကျနော့်မိတ်ဆွေတချို့က ခင်ဗျားဂျီမေးလ်လေး ဖွင့်ထားပါလား ဒါဆို ခင်ဗျားအလုပ်အတွက်လည်းအဆင်ပြေတာပေါ့လို့ အကြံပေးခဲ့ပါတယ်...။ ဒါနဲ့ ကျနော့်ညီတစ်ယောက်က အကောင့်ဖွင့်ပေးပါတယ်...။ ကျနော်တို့ခေတ်နဲ့ ခုခေတ်ကလေးတွေက သိပ်ကိုကွာခြားသွားပြီလေ...။ Generation Gap ဆိုတာကိုမဖြစ်အောင် ကျနော် အမီလိုက်ဖို့လိုမယ်ထင်တယ်...။ လုပ်ငန်းအတွက်လည်းသွင်ကျယ်မယ် နိုင်ငံခြားအဆက်အသွယ် လည်းလွယ်ကူမယ်ပေါ့ဗျာ...။ ကျနော်နေထိုင်တဲ့မြို့နယ်မှာလည်း ရန်ကုန်မှာ အင်တာနက်ဆိုင်အများဆုံးရှိတဲ့နေရာ....။ ဆိုင်သွားလိုက်ရင် ကလေးတွေချည်းသုံးနေကျတာ နောက်မိုက်တွေဘာတွေတပ်ပြီး စကားပြောကြတယ် တချို့က သမီးရည်းစားတိုးတိုး တိုးတိုးနဲ့ပြောနေကြသလို တချို့ကျတော့လဲ တဆိုင်လုံးမကြားချင်အဆုံး အော်ကြီးဟစ်ကျယ်နဲ့ တချို့မိန်းမတွေက နိုင်ငံခြားရောက်နေတဲ့ သူတို့ ခင်ပွန်းသည်တွေဆီကို ငွေလှမ်းတောင်းမရရင် ရန်ဖြစ်တာကလည်းရှိသေး...။ အစပိုင်းတော့ ကျနော့်အတွက် ဆိုင်မှာသုံးရတာ လုံးဝကို အဆင်မပြေဘူးဗျာ...။ ကျနော်က အေးအေးဆိတ်ဆိတ်ငြိမ်ငြိမ်မှကြိုက်တာ... အာရုံနောက်တဲ့ နေရာတွေဆို စုစည်းမှုအားနည်းတယ်...။ ပြီးတော့ ဂျီမေးလ်ဆိုတာတောင် ခုမှစသုံးတာ သူတို့ပြောနေကြတဲ့ ဂျီတော့ဆိုတာလည်း မသုံးတတ်ဘူး...။

နောက်မှ ရုံးက လုပ်ဖော်ကိုင်ဘက်တွေပြောပြတော့မှ ဘယ်လိုသုံးရသလဲဆိုတာ နည်းနည်း သိလာတယ်...။ ကျနော်...ဆိုင်မှာသုံးတဲ့ တစ်ညမှာပဲ... လိပ်စာတစ်ခု ကျနော့်ကို invite လုပ်လာတယ်...။ ဒါသူကိုယ်နဲ့ သူငယ်ချင်းဖြစ်ချင်လို့ပေါ့...ကျနော် မျက်ခုံးပင့်မိသွားတယ် ငါ့ကို မိတ်ဖွဲ့တဲ့သူရှိပါလားပေါ့ သူနဲ့ကိုယ်နဲ့လဲ တစ်ခါမှ မသိမမြင်ဖူးဘဲနဲ့လေ။ ပထမဆုံး ဖိတ်ခေါ်ခံရတော့ နည်းနည်းတော့ ရင်ခုန်သွားတယ်ဗျာ...။ ဆယ်ငါးနှစ်သားတစ်ယောက်လို ကျနော် စိတ်လှုပ်ရှားသွားတာအမှန်ပဲ...။ ဒါတောင် ကိုယ့်ကိုဖိတ်လာတဲ့သူက ယောက်ကျားလား မိန်းမလား မသိသေးဘူး...။ လိပ်စာလေးကိုကြည့်တော့ မြို့နာမည်အတိုကောက်ကလေး ပါလာတယ်...။ ဒါနဲ့ အဲဒီမြို့မှာ ငယ်ငယ်ကနေခဲ့ဖူးတော့... မိတ်ဆွေသူငယ်ချင်းတိုးတာပဲဆိုပြီး... မြို့နာမည်လေးကြောင့်နဲ့ ကျနော်လက်ခံလိုက်ပါတယ်...။ နောက် သူနဲ့ကျနော် စကားစပြောတော့ သူကလဲ သူကိုယ်သူ ကျနော် ကျနော်နဲ့ပြောနေတာဆိုတော့ အော်...ယောကျာင်္းလေးတစ်ယောက်ပဲဆိုပြီး ကျနော်လဲ ဘာပဲဖြစ်ဖြစ် ကိုယ်ထက်တော့ငယ်မှာပဲဆိုပြီး ကိုယ်နဲ့မင်းနဲ့ပဲပြောဆိုနေခဲ့တယ်....။ သူနဲ့ ပြောပြီး သုံးရက်လောက်နေမှ ကျနော်သိလိုက်ရတာ... သူကချာတိတ်မလေးတစ်ယောက်ပါတဲ့...။

ဒီလိုပဲ အစပိုင်းကတော့ သူ့အကြောင်းကိုယ့်အကြောင်း ပြောပြီး သူငယ်ချင်းတွေဖြစ်ကြပေါ့....။ သူ...ကျနော့်ထက် ဆယ်နှစ်ငယ်တယ်..။ ဘာရယ်မဟုတ်ဘူး... သူ ကဗျာတွေရေးတဲ့ အကြောင်း သီချင်းတွေရေးတဲ့အကြောင်းကျနော့်ကိုပြောပြတယ်...။ ဒါမဆန်းပါဘူး... ကိုယ်ဝါသနာပါရာ ကိုယ်လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိကြတာပဲ...။ ပြီးတော့ ခုခေတ်လူငယ်လေးတွေက ကျနော်တို့ခေတ်ကနဲ့ အများကြီးကွာသွားပါပြီ... လုပ်နိုင်တဲ့ အခွင့်အလမ်းက အများကြီးပဲလေ...။ ကျနော့်ကလဲ စာပေ၀ါသနာပါသူမို့ ကောင်မလေးနဲ့ စကားပြောရတာ အဆင်ပြေနေတာပေါ့...။ ပိုပြီးအဆင်ပြေတာက ခုသူတို့တွေသုံးနေကျ မြန်ဂလိခ်ျဆိုလား အဲဒါမျိုး စာနဲ့သူကကျနော်နဲ့မပြောလို့တော်ပါသေးတယ်...။ ကျနော်ကလဲ မြန်မာလိုရိုက်တယ် သူလဲတော်တော်ကျွမ်းကျင်ပါတယ်... အဲဒါနဲ့ ကျနော်တို့နှစ်ယောက်ရဲ့ ကွန်မျူနီကေးရှင်းက အဆင်ပြေချောမွေ့နေတာပေါ့ဗျာ..။

ကျနော် အွန်လိုင်းသုံးတိုင်း ရှားရှားပါးပါး ကျနော့်ရဲ့စကားပြောဖော်က ဒီချာတိတ်မတစ်ယောက်တည်း ရှိတာကိုး...။အချိန်ကြာလာတာနဲ့အမျှမမြင်နိုင်တဲ့သံယောဇဉ်တွေရှိလာပါတယ်...။ ကျနော့်အသက်အရွယ် နဲ့တောင် ဒီလိုခံစားမိရင်ကျနော့်ထက် အသက်ဆယ်နှစ်ငယ်တဲ့ ကောင်မလေးရဲ့ ခံစားမှု ဘယ်လိုရှိမလဲဆိုတာ ခန့်မှန်းမိပါတယ်...။ ဘာကြောင့် တဒင်္ဂသာယာမှုတစ်ခုအတွက်နဲ့ ကျနော် ကျေနပ်နေမိသလဲ..။ တကယ်ဆို ကောင်မလေးက ကျနော့်ရဲ့ ထိန်းချုပ်မှုမဲ့တဲ့စိတ်အတွက် ဓါးစားခံဖြစ်ရရှာတာပါ...။ ကျနော့်ညီမအငယ်ဆုံးထက်တောင် ငယ်တဲ့ ကောင်မလေးကို အိပ်မက်ရှည်တွေပေးသလိုဖြစ်နေပြီ...။ ကျနော်ဒီလို တွေးမိချိန်မှာတော့ သူနဲ့ ကျနော် စကားပြောကြတာ ခြောက်လလောက်ရှိသွားပြီ..။ အဲဒီအတောအတွင်း ကျနော်တို့ အပြင်မှာ သုံးကြိမ်တိတိဆုံဖူးပြီးသွားပြီ...။ ပထမဦးဆုံးကော်ဖီဆိုင်တစ်ခုမှာပါ..။ အွန်လိုင်းမှာ ကျနော့်ကို ကိုကြီး.... ကိုကြီးနဲ့ ရွှန်းရွှန်းဝေနေအောင် စကားပြောတတ်ပေမယ့် တကယ်အပြင်မှာ တွေ့တော့သူစကားသိပ်မပြောဘူး...။ ပထမဆုံးကြိမ်မြင်ဖူးတာဆိုတော့ သူစိမ်းနေတာလဲ ဖြစ်နိုင်ပါတယ်...။ အသားညိုညို ဆံပင်ခွေခွေ ပိန်ပါးပါး ကလေးမလေးမှာ သိပ်လှတဲ့ အညိုရောင်တောက်တောက်မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားတာတော့ သတိထားမိလိုက်တယ်...။ ဒုတိယ ...ကျနော်တို့တွေ့ဖြစ်တာ ပန်းချီပြပွဲတစ်ခုမှာပါ...။ ကျနော့် မိတ်ဆွေ ပန်းချီဆရာရဲ့ ပြပွဲလေးပါ...။ အနုပညာဝါသနာပါတဲ့သူ့ကို စိတ်ဝင်စားမယ်ထင်ပြီး လေ့လာစေချင်တဲ့ စိတ်စေတနာနဲ့ ကျနော်သူ့ကိုခေါ်လိုက်တာ...။ နောက်ဆုံးတစ်ကြိမ်ကတော့ ကျနော့်မွေးနေ့မှာ... စောစောစီစီး ကျနော့်ရုံးရှေ့မှာ လက်ဆောင်လာပေးတုန်းက...။

သူ့လက်ဆောင်က အသိတရားမဲ့နေတဲ့ ကျနော့်ကို အိပ်မက်ကလန့်နိုးစေခဲ့တယ်...။ သူ့ရဲ့ခိုင်မာနေတဲ့ ကြိုးမျှင်တွေကို ထင်းခနဲမြင်စေခဲ့တယ်...။ ကောင်မလေးကို ကျနော်လှည့်စားနေမိသလား...။ ကျနော့်မှာ မေးခွန်းတွေသာ မျိုးစုံထွက်လာပေမယ့် အဖြေကရှိမနေခဲ့ဘူး...။ ကျနော်ဟာ အိမ်ထောင်သည်တစ်ယောက်ပါလို့ ဘာကြောင့် ကျနော်တို့စကားပြောခဲ့တဲ့ ကာလပတ်လုံးမှာ ဆက်စပ်ပြီးတော့မပြောမိခဲ့သလဲ...။ ကျနော့်ကိုယ်ကျနော်... မရိုးသားရာကျသွားပြီလို့သုံးသပ်မိသွားတယ်...။ တစ်စုံတစ်ခုကို ဖေါက်ပြန်မိပြီလို့ ကျနော်ခေါင်းစဉ်မတပ်ချင်ပေမယ့်...အဲဒီလောက်နီးနီး ခံစားမိနေတယ်..။ ကောင်မလေးပေါ် ကျနော် မရိုးသားတဲ့စကားလုံး အမူအရာပြခဲ့ဖူးသလား...။ ဟင့်အင်း....ကျနော်သူ့ကို ညီမလေးတစ်ယောက်ထက် မပိုခဲ့ပါဘူး..။ သေချာပါတယ်...။ ဒီလိုဆို ချက်ချင်းကြီး အစိမ်းလိုက် သူ့ကိုဖြတ်ချပစ်ဖို့ဆိုတာဖြစ်နိုင်ပါ့မလား...။
ကျနော်ဟာ...ဇနီးမယားနဲ့ ကလေးတစ်ယောက်ရဲ့ဖခင်ပါလို့...ခုချိန်မှာ သူ့ကိုပြောလိုက်ရင် အရှေ့ပိုင်းမှာ ကျနော်သူ့ကို တလျှောက်လုံး လိမ်ခဲ့တယ်လို့ သူသည်းသည်းထန်ထန် တော်တော်ကြီးစိတ်နာ ခံစားသွားလိမ့်မယ်..။ ကျနော်မ၀န်ခံခဲ့ရတဲ့ အပြစ်ဟာ သူ့ဘ၀တစ်သက်လုံးအတွက် အဲဒီလှည့်စားမှုကြီးက သူ့ကိုအချိန်တိုင်း ခြောက်လန့်မနေစေချင်ဘူး...။

ဒါကြောင့်ဘာအပြစ်မှမရှိတဲ့ ကောင်မလေးကို ကျနော့်တစ်ယောက်တည်းကြောင့်နဲ့ ဘာအကြောင်းပြချက်မှ မရှိဘဲ..စိမ်းပျပ်စွာ အဆက်သွယ်ဖြတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်...။ သူ့ ဂျီတော့ကို ကျနော်ဘလောက် လုပ်လိုက်တယ် ...။ ကျနော့်ကို မေးလ်ကတဆင့် သူနားမလည်စွာ ဘာကြောင့်ဒီလိုလုပ်သလဲ အခါခါမေးတယ်..။ ကျနော်အကြောင်းမပြန်ဘူး...။ ဖုန်းဆက်လဲ ရှောင်နေလိုက်တယ်...။ စိတ်တော့မကောင်းပါဘူး...။ ဒါဟာ ရေရှည်အတွက် ကောင်မလေးရှေ့လျှောက်ရမယ့်ဘ၀လှဖို့အတွက် အများကြီး အထောက်အကူဖြစ်စေဖို့ပါ..။ သူ့ခံစားချက်ကို ကိုယ်ချင်းမစာလို့မဟုတ်ပါဘူး....။ ကျနော့်ဟာ သူလျှောက်မယ့်လမ်းမှာ ဆူးခလုတ် မဖြစ်သင့်ဘူးလေ...။ ကောင်မလေးရေ... ကိုယ့်ကိုနားလည်ပေးပါလို့ မတောင်းဆိုရက်ပါဘူး...။ ဒီကစားပွဲမှာ မင်းနဲ့ကိုယ်က ပြိုင်ဘက်တွေမှမဟုတ်ကြတာ...။ ပြီးတော့ မင်းဟာ ကိုယ့်အတွက် ကစားစရာ ဖြစ်ခဲ့သလား မဖြစ်ခဲ့ဘူးလားဆိုတာ မင်းရဲ့ ကိုယ့်အပေါ်နာကျည်းမုန်းတီးတဲ့ စိတ်မှာပဲမူတည်ပါတယ်...။ တကယ်တော့ ကိုယ်ဟာ ခွင့်မလွှတ်သင့်တဲ့ အပြစ်ကြီးကြီးနဲ့ လူတစ်ယောက်ပါလေ....။


“ ခင်ဗျားကြီး အသက်မငယ်တော့ဘူး ခင်ဗျားပျင်းတဲ့အချိန်

ခင်ဗျားချစ်သူနဲ့ပဲ ကစားလိုက်ပါ....”
တဲ့


သူဆီက နောက်ဆုံးမေးလ်နဲ့ ရောက်လာခဲ့တဲ့ အနီရောင်စာလုံးကြီးကြီးတွေနဲ့စာကြောင်းပါ....။


ကလေးငယ်လေးတွေပုံက သိပ်ကိုဖြူစင် အပြစ်ကင်းပါတယ်....။ အသက်ကြီးတဲ့ အချိန်မှာ ကစားရင်တော့ ရလာဒ်မကောင်းတတ်ပါဘူး....။ ပုံလေးဟာ ဒီပို့စ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါလိမ့်မယ်........

မိုးငွေ့