မုန့်ဟင်းခါးထဲ ကျနော့်လိုထမင်းထည့်စားတာဘယ်သူကြိုက်ကြလဲ
Silent is The Power
Thursday, 1 October 2026
Foodie.....(2)
မုန့်ဟင်းခါးထဲ ကျနော့်လိုထမင်းထည့်စားတာဘယ်သူကြိုက်ကြလဲ
Tuesday, 29 September 2026
အလွမ်းနယ်မြေ.....
ပိုပိုရဲ့ One Lady Show ကို You Tube မှာ အပိုင်းလေးတွေ တက်လာတော့ ဝင်ကြည့်မိရင်းက နားမထောင်ဖြစ်ခဲ့တဲ့ သူ့သီချင်းအဟောင်းတွေထဲက ဒီ "အလွမ်းနယ်မြေ" သီချင်းလေးကို နားထောင်ကြည့်တော့ကြိုက်ပြီး နေ့တိုင်းနားထောင်နေကျ playlist ထဲထည့်ထားတယ်...။
2013-14 ဝန်းကျင်က ပိုပို့သီချင်းတွေကို စသိခဲ့ပြီး သူ့အလွမ်းသီချင်းတွေကို ကြိုက်ခဲ့ နားထောင်ဖြစ်ခဲ့တာ...။ ခုချိန်ထိလည်း သူ့သီချင်းလေးတွေကို သူ့ပရိသတ်အဟောင်းတွေရော အသစ်လေးတွေရော အားပေးနေကြတုန်း....။
မိုးငွေ့
Friday, 25 September 2026
Butterfly Diary.....( The last day )
ရည်းစားဘဝတုန်းက ကျမတို့နှစ်ယောက်ဟာ မှတ်မှတ်ရရ ခနခနရန်ဖြစ် ခနခနပြတ်လိုက် ပြန်တွဲလိုက်လုပ်တာ အကြိမ်ပေါင်းမနည်းဘူး....။ နောက်တော့ ကျမတို့ကွဲကွာသွားခဲ့ကြတာ ဆယ်နှစ်တိတိမှာပြန်ဆုံဖို့လည်းချိန်းဆိုလိုက်ကြတယ် တကယ်တော့ အဲဒါက သူ Before Sunrise, Before Sunset, Before Midnight ဆိုတဲ့ ရုပ်ရှင် သုံးကားကိုကြည့်ပြီး အစွဲအလန်းနဲ့ သတ်မှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ရှစ်နှစ်ကျော်ပြီးနောက် ပြန်တွေ့တဲ့အခါ သူပြန်ပြောလို့သိခဲ့ရတာဖြစ်တယ်...။ ဒီတစ်ခေါက် ပြန်လည်တွေ့ဆုံမှုဟာလည်း နောက်ဆုံးအကြိမ်နဲ့ နောက်ထပ်ဘယ်တော့မှမတွေ့ဆုံနိုင်တော့တဲ့ အခြေအနေဆိုတာလည်း ကျမတို့နားလည်ထားကြတယ်...။ ဒီကြားထဲ ဟိုအရင်လိုပဲ ရန်ဖြစ်ပြန်ချစ်နဲ့ လပေါင်းများစွာ သံယောဇဉ်လက်ကျန်တွေနဲ့ တွယ်တာနေကြတုန်း တစ်ယောက်ကိုတစ်ယောက်နာကျင်အောင် နာကျည်းအောင်လုပ်နိုင်မှပဲဖြစ်တော့မယ်ဆိုတာလည်း သိနေကြတယ်...။ ကျမဆိုရင် နှုတ်ကနေတောင် ဖွင့်ဟဝန်ခံခဲ့တာပါ သူ့ကိုလေ....။
"နင်ငါ့ကို ပြတ်အောင်လုပ်မှရမှာ ငါသိနေတယ် ငါအဲဒါကို မလုပ်နိုင်ဘူး...." ဆိုပြီးတော့လေ....။
ကျမက သူ့နဲ့ပတ်သက်လာရင် တချို့နေရာတွေမှာ ပြတ်သားမှုမရှိခဲ့ဘူး...။
ကျမတို့ဘာကြောင့် ဝေးခဲ့ရသလဲ ဘာကြောင့်ဝေးဖို့လမ်းကိုရွေးချယ်ကြသလဲဆိုတာ အဲဒီနောက်ဆုံးနေ့မှာကတည်းက သူရော ကျမရော သဘောပေါက်ကြပြီးသားပါ...။
ဒါတောင် နောက်ဆုံးအကြိမ်ဝေးခဲ့ကြပြီး တစ်နှစ်ကျော်လောက်မှာ အဆက်အသွယ်ထပ်လုပ်ကြသေးတယ်...။တကယ်တော့ ကျမ သူ့ဆီက သတိရတယ်ဆိုတဲ့ မက်ဆေ့တွေရောက်လာတိုင်း ဘယ်တော့မှ စာမပြန်ခဲ့ပါဘူး..။ ရှိရှိသမျှ ဖုန်းတွေ အီးမေးလ်တွေ ဗိုင်ဘာတွေ အကုန်ဘလော့လုပ်ထားတယ်...။ တခါတလေ သူ ကျမကို ပက်ပက်စက်စက်ဆဲထားတဲ့ မက်ဆေ့မျိုးလည်းရဖူးတာပဲ...။ အဲဒါလည်း အီးမေးလ်က spam မှာ ကျမသွားသွားချောင်းလို့ သိရတာ...။
တစ်နေ့မှာတော့ ဘယ်လိုကဘယ်လိုမှန်းမသိ ကျမတို့ စာအပြန်အလှန်စကားပြောကြရင် နောက်ဆုံး VC ခေါ်လိုက်ကြသေးတယ်...။ ကျမက အေးဆေးတည်ငြိမ်နေသလောက် (အမှန်တော့ ဟန်ဆောင်ကောင်းသလောက်) သူက ကျမကိုမြင်တာနဲ့ မရှက်နိုင်ဘဲ ငိုလိုက်သေးတယ်လေ... "မငိုနဲ့ နင်ငိုရင် တအားကြီး ရုပ်ဆိုးတယ်"လို့ ကျမ အရွှန်းဖောက်လိုက်တော့ အမှောင်ထဲမှာ သူမျက်ရည်သုတ်ရင်း ပြုံးလိုက်သေးတာ ကျမမှတ်မိတယ်...။ ဒီလိုနဲ့ ကျမတို့ တခနလေးပဲ အဆက်အသွယ်ရပြီး ရှေ့ဆက်မတွယ်အောင်လို့ပဲ ကျမကို သူပြဿနာရှာပြီး အဆက်သွယ်ပြန်ဖြတ်ပစ်ခဲ့လိုက်တာပဲ....။
ဟိုတနေ့က နေ့လည်ခင်းလမ်းလျှောက်နေရင်း
အနက်ရောင်လိပ်ပြာတစ်ကောင် ......
ကျမနားလာဝဲတာတွေ့လိုက်သေးတယ်....
လိပ်ပြာလေးတွေ ကျမအနားရောက်မလာတာ ဘယ်လောက်ကြာခဲ့ပြီလဲ...
လိပ်ပြာလေးတွေကတောင် သတိရခြင်းတွေနဲ့
ကျမနားကို တခဏလေးဖြစ်ဖြစ် အရိပ်ရောင်လာပြတတ်သေးတယ်....
သူကတော့.......
မိုးငွေ့
Wednesday, 23 September 2026
Foodie.....(1)
မိုးငွေ့
Monday, 21 September 2026
Blogger Feed Update ပြဿနာ.....
ဒီတလော ကျနော် ပို့စ်တွေတင်တာကျဲနေတော့ ခုမှသတိထားမိတာ ကျနော့်ဘလော့ရဲ့ side bar မှာ ကျနော်ထည့်ထားတဲ့ blog list တွေက အသစ်ထပ်မတက်လာတာကိုပဲ ကျနော်ကြည့်နေကျ မလေးရှားက ဘလော့ဂါတစ်ယောက်ဆို တခါတလေ တစ်ရက်ကို နှစ်ပို့စ်လောက်တင်တယ် ...။ အဲမှာ သူ့ new feed ကတက်မလာဘဲ 1 week ago တွေပြနေတော့ မသင်္ကာတာနဲ့ သူ့ဘလော့ကိုဝင်ကြည့်တာ သူက နေ့တိုင်းပို့စ်တင်ထားတာဗျ ကျနော့်ဘလော့မှာက update ဖြစ်မနေခဲ့ဘူး...။ ဒါနဲ့ မချစ်တို့ဘလော့ကိုသွားကြည့်တော့ ကျနော့်ပို့စ်လဲ Aug 28 မှာတင်ထားတဲ့ (အဖြူရောင်အင်္ကျီ)ပို့စ်မှာပဲတန့်နေတယ်...။ ကျနော်အခုစာရေးရင်း သဘောပေါက်လိုက်တာက ဒီပြဿနာက စက်တက်ဘာလမှာစဖြစ်တာဖြစ်နိုင်တယ်...။
ဒါနဲ့ကျနော်လည်း chat GPT ကိုသွားမေးလိုက်တယ်...။ သူလည်း အကုန်လုံးပြောပြရှာပါတယ် သူလဲ အစပိုင်းမှာ ဘလော့ရဲ့ setting တစ်ခုခုမှားနေတယ်ထင်လို့ blog list Gadget ကို ဝင်စစ်ကြည့်ခိုင်းပါတယ်...။ မရတော့ နောက်ဆုံး Gadget ကို delete လုပ်ပြီး blog list အသစ်တစ်ခုပြန်လုပ်ကြည့်ခဲ့ပါတယ်...။
ဒါပေမယ့်....
အသစ်ပြန်လုပ်တာတောင် update မဖြစ်ပါဘူး...။
ဒါနဲ့ blog URL တွေကို တစ်ခုချင်းစီ ပြန်ထည့်တာ အပြင် blogger ရဲ့ feed URL ပုံစံနဲ့ပါ ထည့်ကြည့်ခဲ့ပါတယ်..။ ဒါပေမယ့် အခြေအနေက အတူတူပါပဲ...။ ကိုယ်ထည့်ထားတဲ့ blog list ကို ထပ်ခါထပ်ခါ delete လုပ်ပြီး ပြန်ထည့်နေမယ့်အစား ဒီအတိုင်းထားပြီး blogspot ရဲ့ main website ဘက်က ပြဿနာ ပြန်ကောင်းလာမလားစောင့်ကြည့်နေပါတယ်...။
ဒီပို့စ်အသစ်မတက်တဲ့ပြဿနာက ကျနော်တစ်ယောက်ထဲမဟုတ်ဘဲ အခြား ဒီပြဿနာကို ရင်ဆိုင်နေရတဲ့အသုံးပြုသူ blogger တွေလည်း report လုပ်ထားကြတယ်လို့ Chat GPT ကပြောပြပါသေးတယ်...။ ကျနော် လင့်ချိတ်ထားတဲ့ မြန်မာဘလော့ဂါတွေရဲ့ ပို့စ်တွေလည်း အဲလိုပဲ update တက်မလာပါဘူး...။ စာရေးနေကျ USA က စန်းထွန်းတို့လည်း ဒီပြဿနာကို သတိထားမိမယ်ထင်ပါတယ်...။
မိုးငွေ့
Tuesday, 15 September 2026
Butterfly Diary.....(Dreamer)
လိပ်ပြာလေးတွေရဲ့ ဒိုင်ယာရီအကြောင်းကို သူပြောပြပြီးနောက် တစ်ရက်မှာ ကျမ နေ့လည်စာစားနေတဲ့ ကိုးရီးယားစားသောက်ဆိုင်ရဲ့ နံရံမှာ အနက်နဲ့လိမ္မော်ကျား လိပ်ပြာတစ်ကောက်ကို အရင်စတွေ့ခဲ့တယ်....။ လိပ်ပြာတွေဟာ သတိရခြင်းတွေကို တကယ်ယူဆောင်လာပေးတာပါလားလို့ ကျမတိတ်တိတ်ကလေးအံအားသင့်မိသလို ကြက်သီးလည်းထသွားခဲ့တယ်...။ နောက်ပိုင်းမှာ မကြာမကြာ လိပ်ပြာလေးတွေကိုယ့်နားလာဝဲခဲ့တာတွေကြုံရတယ်....။ အဲဒီအခါမှာ သူ့ရဲ့ လိပ်ပြာဒိုင်ယာရီလေးတွေကို ကျမပိုပြီး ယုံကြည်သက်ဝင်လာခဲ့တယ်...။
ခုတော့..... နှစ်နဲ့ချီနေပါပြီ.... လိပ်ပြာလေးတွေ ကျမအနားလာမဝဲကြတော့သလို ဘယ်နားမှာမှမတွေ့ရတော့ဘူး....။ စိမ်းပြတ်မှုဆိုတာ ကိုယ်တိုင်ကပဲ သူများကိုစလုပ်ခဲ့တာ ကိုယ်ကိုယ်တိုင်ခံရတော့မှ ခံစားမှုက ခါးသီးတာလဲမဟုတ် လွမ်းဆွတ်တသလို့မျက်ရည်တွေကျတာမျိုးလည်းမဟုတ်....စကားလုံးအဖြစ်နဲ့တောင်မပြောပြတတ်ဘူး.....။ တခါတခါ နင့်နင့်နဲနဲကြီး သတိရတဲ့အချိန်လေးရှိတာပေါ့...။ ဘယ်လိုပဲ နာစရာတွေနဲ့ဖြေပါစေ ချစ်ခဲ့ဖူးပါတယ်ဆိုတဲ့ "အချစ်"တွေဟာ ပျက်ပြယ်မသွားခဲ့ဘူးပဲ....။
ညက သတိရလွမ်းဆွတ်ရင်း အိပ်ပျော်သွားခဲ့လို့ထင်ပါရဲ့ သူ ကျမအိပ်မက်ထဲကိုရောက်လာတယ်...။ ကျမတို့ဝေးသွားပြီးနောက် အိပ်မက်ထဲသူရောက်လာခဲ့ရင် သူ့မျက်နှာဘယ်တော့မှမကောင်းဘူး...။ ပျော်ရွှင်မှုတွေမတွေ့ရဘူး ပြီးတော့ အပြင်မှာ ကျမကို ပျော်ရွှင်အောင်မထားခဲ့ဖူးလို့ထင်တယ် အိပ်မက်ထဲမှာ သူကျမကို စိတ်တိုင်းကျ အလိုလိုက်ဦးစားပေးလေ့ရှိတယ်...။ ကျမ မျက်နှာတစ်ချက်မညှိုးအောင် သူလုပ်ပေးလေ့ရှိတယ်..။ လက်တွေ့မှာ သူဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေကို ကျမအိပ်မက်ထဲ ပုံလာဖော်သွားတာလို့ကျမယုံကြည်တယ်..။ အိပ်မက်ထဲမှာ အမြဲတမ်း သူနဲ့ပျော်ရွှင်တဲ့အချိန်တွေကိုအတူဖြတ်သန်းရတယ်...။
ပုဂံနဲပတ်သက်ပြီး ဝတ္ထုစာအုပ်တစ်အုပ်ဖတ်နေတယ်... "ပြန်လာခဲ့ပါ ဟိုချီနာ" တဲ့ .....။ ဒီစာအုပ်လေးဖတ်ဖြစ်တော့ ကျမတို့နှစ်ယောက်ပထမဆုံးနဲ့နောက်ဆုံး အတူသွားဖူးခဲ့တဲ့ ပုံဂံခရီးလေးကို အမှတ်ရမိတယ်...။ ဖွားစောရွာက မိဖုရားဖွားစောတည်ခဲ့တဲ့ ဖွားစောအုတ်ကျောင်းဖက်ကို ကျမတို့အတူဆိုင်ကယ်နဲ့ရောက်သွားခဲ့တုန်းက ဓါတ်ပုံအတူရိုက်ခဲ့ကြတဲ့ အုတ်လှေခါးလေးကို မြင်ယောင်မိတယ်....။ အဲတုန်းက ဖွားစောအုတ်ကျောင်းထဲကို ကျမတို့မဝင်ခဲ့ဘူး တံခါးပိတ်ထားလို့မဝင်ခဲ့ကြတာလား မမှတ်မိတော့ဘူး...။ အဲနေ့လည်ခင်းက ဟိုး လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်က အနီရောင်အုတ်လှေကားလေးရယ် အရွက်တွေကြွေနေတဲ့ သစ်ကိုင်းခြောက်တွေနဲ့ ထနောင်းပင်တွေရယ် စကားဖြူပင်တွေရယ် ကြည်ပြာရောင်တောက်နေတဲ့ ကောင်းကင်ရယ် သိပ်ကိုလှပလွန်းခဲ့ပါတယ်...။ ကျမတို့နှစ်ယောက်ကတော့ ဒီလိုအခွင့်အရေးမျိုးနောက်တစ်ခါထပ်မကြုံနိုင်တော့ဘူးဆိုတာရယ် နောက်ဆုံးတွေ့ဆုံမှုဆိုတဲ့ အတွေးကိုယ်ဆီနဲ့ ပျော်ရွှင်မှုမရှိတဲ့ ခရီးလေးကိုအတူသွားခဲ့ဖူးတာပဲ...။ ဒါပေမယ့် ဒါတွေဟာ တစ်ချိန်ချိန်မှာ အမှတ်ရစရာအဖြစ် ပြန်တွေးနိုင်တဲ့ သူနဲ့ပတ်သက်ခဲ့ဖူးတဲ့ အချိန်လေးတွေအဖြစ် ကျမတစ်သက်လုံး သိမ်းဆည်းထားပါတယ်...။
သူ့အကြောင်းစာရေးတိုင်း ကျမအမြဲမှတ်မိနေတာက သူပြောခဲ့တာလေး ဒီလိုလေး...."တကယ်တော့ မင်း..ကိုယ့်အကြောင်းစာတွေရေးရင် သဘောကျတယ် မင်းပြောသလို ကိုယ့်ကိုတစ်ယောက်ယောက်က သတိရနေသေးပါလားဆိုတဲ့အသိကိုလည်းရတာအမှန်ပဲ ဒါပေမဲ့ မင်းက မမေ့သေးပါလားဆိုတဲ့အသိနဲ့ မင်းကိုသတိရတာက ခံစားလို့သိပ်မကောင်းဘူး ..."
ဘာပဲဖြစ်ဖြစ် ကမ္ဘာမြေရဲ့ တစ်နေရာရာမှာ ကျမကို သတိရလွမ်းဆွတ်စွာနဲ့ ရှိနေ(စောင့်ကြည့်နေ)ဦးမယ့် လိပ်ပြာလေးအတွက် စိတ်အေးချမ်းစွာနေထိုင်ပါ ကျန်းမာစွာနေထိုင်ပါ ကိုယ့်ကိုယ်ကိုဂရုစိုက်ပါလို့ မှာချင်ပါတယ်...။
မိုးငွေ့
Friday, 28 August 2026
လိပ်ပြာဒိုင်ယာရီ..... (အဖြူရောင်အင်္ကျီ)
ကျမတို့ဝေးကွာပြီး ရှစ်နှစ်ကြာပြီးနောက် သူနဲ့ ပထမဆုံးပြန်ဆုံတွေ့တဲ့နေ့တုန်းက ဝတ်ခဲ့တဲ့ အဖြူရောင်အင်္ကျီလေးကို ဒီနေ့ ပြန်ဝတ်ဖြစ်လို့ သတိရခြင်းများစွာနဲ့ ဒီစာလေးကို ရေးဖြစ်ခဲ့ပါတယ်....။
တကယ်တော့ ကျမတို့နှစ်ယောက်ရဲ့ ပထမဆုံးပြန်ဆုံတွေ့မှုဟာ တောင်ထိပ်ပန်းလမ်းက အဖြူရောင်ကော်ဖီဆိုင်လေးမှာမဟုတ်ပါဘူး... ကုန်ပဒေသာတိုက်တစ်ခုရဲ့ စားသောက်တန်းတွေရှိတဲ့ တတိယထပ်က ကော်ဖီဆိုင်လေးတစ်ဆိုင်မှာဖြစ်တယ်....။ အဲနေ့တုန်းက ကျမတို့ ကော်ဖီဆိုင်ရှိရာကိုတက်မသွားခင်မှာ အောက်ထပ်မှာ သူ့ကိုရပ်စောင့်နေတုန်း သူဝင်လာတော့ ကျမကို ဘယ်နားမှာစောင့်နေလဲလို့ ဖုန်းအရင်ဆက်ခဲ့တယ်...။ ပြီးတော့.... အလှကုန်ကောင်တာရှေ့မှာစောင့်နေတဲ့ ကျမဆီကို သူတန်းတန်းမတ်မတ်လျှောက်လာခဲ့တယ်...။ ကျမရှေ့တည့်တည့်မှာလာရပ်တဲ့ ချည်သားဘောင်းဘီပွပွ ခပ်နွမ်းနွမ်းဖလန်နယ်အကွက်ရှပ်လက်ရှည်နဲ့ အသားတွေညိုမှောင်သွားပြီး ပိန်ပါးရှည်မျောနေတဲ့သူ့ကို ကျမမော့ကြည့်လိုက်တော့... အရောင်ဖျော့ဖျော့မျက်ဝန်းတစ်စုံက အပြုံးတွေ အရင်လိုမလတ်ဆတ်တော့ပေမယ့်လည်း ကျမကို ပြန်တွေ့လို့ ဝမ်းသာကြည်နူးတဲ့ပုံရိပ်တွေက တောက်ပလို့နေတယ်...။ ကျမက လက်ရှည်အသားပျော့ပျော့ အဖြူရောင်အင်္ကျီနဲ့ အပြာရင့်ဂျင်းဘောင်းဘီဝတ်ထားခဲ့တယ်...။ အဖြူရောင်လို့ အကြမ်းမျဉ်းပြောပေမယ့် ကျမအင်္ကျီက အဖြူဆွတ်ဆွတ်တော့မဟုတ်ဘူး နို့နှစ်ရောင်သန်းတဲ့အဖြူရောင်....။ မျက်နှာချင်းဆိုင်စဆုံဆုံခြင်းမှာ ကျမတို့နှစ်ယောက်ဘာစကားစပြောခဲ့သလဲ ဘယ်လိုနှုတ်ဆက်ကြသလဲဆိုတာ ကျမတကယ်မမှတ်မိတော့ဘူး...။ တစ်ယောက်ကိုတစ်ယောက်ပြုံးပြနေလိမ့်မှာတော့ သေချာပါတယ်...။
ကျမတို့ စက်လှေခါးစီးပြီး တတိယထပ်မှာရှိတဲ့ ကော်ဖီဆိုင်ကိုတက်သွားကြတယ်...။ ကော်ဖီတစ်ယောက်တစ်ခွက်နဲ့ မြေပဲထောပတ်အနှစ်သုတ်ထားတဲ့ပေါင်မုန့်မီးကင်စားကြတယ်...။ စကားနဲနဲပါးပါးပြောပြီး သူက သူ့အိတ်ကပ်ထဲကနေ အသင်းဝင် ကဒ်လေးတစ်ကဒ်ထုတ်ပေးတယ်...။ ကျမကို ဒီအသင်းဝင်ကဒ်လေးသိလားလို့မေးတာမှတ်မိတယ်...။ ဟင့်အင်း ကျမ အဲဒါကိုမသိဘူးလို့ဖြေလိုက်တော့ သူက အသင်းဝင်ကဒ်လေးမသိရကောင်းလားဆိုတဲ့ စိတ်ကလေးနဲ့ မကျေမနပ်လေးတော့ဖြစ်သွားခဲ့မယ်ထင်တယ်...။ တကယ်လဲ ကျမ မသိခဲ့တာပါ...။ နောက်တော့ သူ့ဆီကနေ ကျမနှစ်သက်တဲ့နံပါတ်လေးနဲ့ အသင်းဝင်ကဒ်လေးတစ်ကဒ်ပိုင်ဆိုင်ခဲ့တယ်...။ ကဒ်နံပါတ်ရှစ်လုံးမှာ သူ့မွေးနေ့လဲပါသလို ကျမတို့နှစ်ယောက်စလုံးရဲ့ မွေးဂဏန်းလဲပါတယ်...။ အဲဒီကဒ်လေး ခုထိအသုံးဝင်နေသေးလား ကျမ မသိဘူး...။
အမှန်တကယ် တောင်ထိပ်ပန်းလမ်းက အဖြူရောင်ကော်ဖီဆိုင်လေးမှာဆုံဖို့ Date လိုက်တာက (ပထမတစ်ခေါက်တွေ့ပြီး) ကျမတို့နှစ်ယောက်ရဲ့ မွေးဂဏန်းကျတဲ့ရက်စွဲလေးမှာ နောက်ထပ်ဆုံဖြစ်ကြတဲ့အချိန်ပဲဖြစ်တယ်...။ ဒုတိယအကြိမ်မို့ တစ်ယောက်ကိုတစ်ယောက်သိပ်ပြီး စိမ်းနေ ရှိန်မနေတော့ဘဲ ရင်ထဲတကယ်ဖြစ်ချင်တဲ့ဆန္ဒတွေအပြည့်နဲ့ ကျမတို့ပွေ့ဖက်နှုတ်ဆက်ဖြစ်ခဲ့ပါတယ်...။
ခုတော့......တစ်နေရာဆီဝေးကွာသွားပြီးဖြစ်တဲ့ ကျမတို့နှစ်ယောက်ရဲ့ စိတ်ဝိဉာဉ်တွေကို ပေါင်းကူးဆက်သွယ်ပေးတဲ့ လိပ်ပြာလေးတွေလည်းပျောက်ခြင်းမလှပျောက်လို့ တကယ်ပဲ သတိရခြင်းတွေကို သယ်ဆောင်လာပေးတဲ့ လိပ်ပြာလေးတွေဟာ သေဆုံးသွားကြပြီလားဆိုတာ ကျမ အရင်လို မတုန်လှုပ်မိတော့ပါဘူး....။
မိုးငွေ့





































