လိပ်ပြာလေးတွေရဲ့ ဒိုင်ယာရီအကြောင်းကို သူပြောပြပြီးနောက် တစ်ရက်မှာ ကျမ နေ့လည်စာစားနေတဲ့ ကိုးရီးယားစားသောက်ဆိုင်ရဲ့ နံရံမှာ အနက်နဲ့လိမ္မော်ကျား လိပ်ပြာတစ်ကောက်ကို အရင်စတွေ့ခဲ့တယ်....။ လိပ်ပြာတွေဟာ သတိရခြင်းတွေကို တကယ်ယူဆောင်လာပေးတာပါလားလို့ ကျမတိတ်တိတ်ကလေးအံအားသင့်မိသလို ကြက်သီးလည်းထသွားခဲ့တယ်...။ နောက်ပိုင်းမှာ မကြာမကြာ လိပ်ပြာလေးတွေကိုယ့်နားလာဝဲခဲ့တာတွေကြုံရတယ်....။ အဲဒီအခါမှာ သူ့ရဲ့ လိပ်ပြာဒိုင်ယာရီလေးတွေကို ကျမပိုပြီး ယုံကြည်သက်ဝင်လာခဲ့တယ်...။
ခုတော့..... နှစ်နဲ့ချီနေပါပြီ.... လိပ်ပြာလေးတွေ ကျမအနားလာမဝဲကြတော့သလို ဘယ်နားမှာမှမတွေ့ရတော့ဘူး....။ စိမ်းပြတ်မှုဆိုတာ ကိုယ်တိုင်ကပဲ သူများကိုစလုပ်ခဲ့တာ ကိုယ်ကိုယ်တိုင်ခံရတော့မှ ခံစားမှုက ခါးသီးတာလဲမဟုတ် လွမ်းဆွတ်တသလို့မျက်ရည်တွေကျတာမျိုးလည်းမဟုတ်....စကားလုံးအဖြစ်နဲ့တောင်မပြောပြတတ်ဘူး.....။ တခါတခါ နင့်နင့်နဲနဲကြီး သတိရတဲ့အချိန်လေးရှိတာပေါ့...။ ဘယ်လိုပဲ နာစရာတွေနဲ့ဖြေပါစေ ချစ်ခဲ့ဖူးပါတယ်ဆိုတဲ့ "အချစ်"တွေဟာ ပျက်ပြယ်မသွားခဲ့ဘူးပဲ....။
ညက သတိရလွမ်းဆွတ်ရင်း အိပ်ပျော်သွားခဲ့လို့ထင်ပါရဲ့ သူ ကျမအိပ်မက်ထဲကိုရောက်လာတယ်...။ ကျမတို့ဝေးသွားပြီးနောက် အိပ်မက်ထဲသူရောက်လာခဲ့ရင် သူ့မျက်နှာဘယ်တော့မှမကောင်းဘူး...။ ပျော်ရွှင်မှုတွေမတွေ့ရဘူး ပြီးတော့ အပြင်မှာ ကျမကို ပျော်ရွှင်အောင်မထားခဲ့ဖူးလို့ထင်တယ် အိပ်မက်ထဲမှာ သူကျမကို စိတ်တိုင်းကျ အလိုလိုက်ဦးစားပေးလေ့ရှိတယ်...။ ကျမ မျက်နှာတစ်ချက်မညှိုးအောင် သူလုပ်ပေးလေ့ရှိတယ်..။ လက်တွေ့မှာ သူဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေကို ကျမအိပ်မက်ထဲ ပုံလာဖော်သွားတာလို့ကျမယုံကြည်တယ်..။ အိပ်မက်ထဲမှာ အမြဲတမ်း သူနဲ့ပျော်ရွှင်တဲ့အချိန်တွေကိုအတူဖြတ်သန်းရတယ်...။
ပုဂံနဲပတ်သက်ပြီး ဝတ္ထုစာအုပ်တစ်အုပ်ဖတ်နေတယ်... "ပြန်လာခဲ့ပါ ဟိုချီနာ" တဲ့ .....။ ဒီစာအုပ်လေးဖတ်ဖြစ်တော့ ကျမတို့နှစ်ယောက်ပထမဆုံးနဲ့နောက်ဆုံး အတူသွားဖူးခဲ့တဲ့ ပုံဂံခရီးလေးကို အမှတ်ရမိတယ်...။ ဖွားစောရွာက မိဖုရားဖွားစောတည်ခဲ့တဲ့ ဖွားစောအုတ်ကျောင်းဖက်ကို ကျမတို့အတူဆိုင်ကယ်နဲ့ရောက်သွားခဲ့တုန်းက ဓါတ်ပုံအတူရိုက်ခဲ့ကြတဲ့ အုတ်လှေခါးလေးကို မြင်ယောင်မိတယ်....။ အဲတုန်းက ဖွားစောအုတ်ကျောင်းထဲကို ကျမတို့မဝင်ခဲ့ဘူး တံခါးပိတ်ထားလို့မဝင်ခဲ့ကြတာလား မမှတ်မိတော့ဘူး...။ အဲနေ့လည်ခင်းက ဟိုး လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်က အနီရောင်အုတ်လှေကားလေးရယ် အရွက်တွေကြွေနေတဲ့ သစ်ကိုင်းခြောက်တွေနဲ့ ထနောင်းပင်တွေရယ် စကားဖြူပင်တွေရယ် ကြည်ပြာရောင်တောက်နေတဲ့ ကောင်းကင်ရယ် သိပ်ကိုလှပလွန်းခဲ့ပါတယ်...။ ကျမတို့နှစ်ယောက်ကတော့ ဒီလိုအခွင့်အရေးမျိုးနောက်တစ်ခါထပ်မကြုံနိုင်တော့ဘူးဆိုတာရယ် နောက်ဆုံးတွေ့ဆုံမှုဆိုတဲ့ အတွေးကိုယ်ဆီနဲ့ ပျော်ရွှင်မှုမရှိတဲ့ ခရီးလေးကိုအတူသွားခဲ့ဖူးတာပဲ...။ ဒါပေမယ့် ဒါတွေဟာ တစ်ချိန်ချိန်မှာ အမှတ်ရစရာအဖြစ် ပြန်တွေးနိုင်တဲ့ သူနဲ့ပတ်သက်ခဲ့ဖူးတဲ့ အချိန်လေးတွေအဖြစ် ကျမတစ်သက်လုံး သိမ်းဆည်းထားပါတယ်...။
သူ့အကြောင်းစာရေးတိုင်း ကျမအမြဲမှတ်မိနေတာက သူပြောခဲ့တာလေး ဒီလိုလေး...."တကယ်တော့ မင်း..ကိုယ့်အကြောင်းစာတွေရေးရင် သဘောကျတယ် မင်းပြောသလို ကိုယ့်ကိုတစ်ယောက်ယောက်က သတိရနေသေးပါလားဆိုတဲ့အသိကိုလည်းရတာအမှန်ပဲ ဒါပေမဲ့ မင်းက မမေ့သေးပါလားဆိုတဲ့အသိနဲ့ မင်းကိုသတိရတာက ခံစားလို့သိပ်မကောင်းဘူး ..."
ဘာပဲဖြစ်ဖြစ် ကမ္ဘာမြေရဲ့ တစ်နေရာရာမှာ ကျမကို သတိရလွမ်းဆွတ်စွာနဲ့ ရှိနေ(စောင့်ကြည့်နေ)ဦးမယ့် လိပ်ပြာလေးအတွက် စိတ်အေးချမ်းစွာနေထိုင်ပါ ကျန်းမာစွာနေထိုင်ပါ ကိုယ့်ကိုယ်ကိုဂရုစိုက်ပါလို့ မှာချင်ပါတယ်...။
မိုးငွေ့




.png)
