Saturday, 24 December 2011

ကျမ၏ဒီဇင်ဘာ.....




ဒီဇင်ဘာဆိုတာ နှင်းပွင့်တွေလှိုင်ဝေတဲ့ ဆောင်းလတစ်လတဲ့လား.....။ ငယ်ငယ်တုန်းက နယ်မှာ အတန်းထဲက သူငယ်ချင်းတချို့က တိုင်းရင်းသူ ခေရစ်ယာန်ဘာသာတွေဆိုတော့ ခရစ္စမတ်ဆို သူတို့ရွာမှာ ထမင်းဖိတ်ကျွေးကြတယ်....။ ခေါပုတ်ပူပူနွေးနွေးတွေထောင်းကျွေးကြတယ်...။ ညဘက်ဆို ကိုယ်တို့ရွာဘက် Carol Singing လာဆိုကြတယ်....။ သီချင်းလာဆိုတဲ့သူတွေကို ကော်ဖီ မုန့် သကြားလုံးစတာတွေနဲ့ ဧည့်ခံကြတယ်...။ ပျော်စရာလေးပဲ....။ ခရစ်ယာန်မဟုတ်ပေမယ့် ခရစ္စမတ်နဲ့တော့ ငယ်ကတည်းက သိပ်မစိမ်းခဲ့ဘူး...။ ဒီဇင်ဘာဟာ ပွဲတော်တွေနဲ့ နှင်းပွင့်ဇာပုဝါအောက်မှာ အမြဲလှပနေတတ်တယ်....ဘယ်အချိန်မဆိုဘဲ...။ ပြီးတော့ နောက်တစ်နှစ်ကူးဖို့ နှုတ်ဆက်ပွဲလေးတွေတပျော်တပါး ကျင်းပကြတယ်....။ ချမ်းအေးပြီး လူတိုင်းကို ပျော်ရွှင်ကြည်နူးမှုတွေ သယ်ဆောင်လာပေးတတ်တဲ့ ဒီဇင်ဘာကို မနှစ်မြို့တဲ့သူ မရှိသလောက်ရှားမယ်လို့ ကိုယ်ထင်ပါတယ်...။ အအေးကဲတဲ့ ရှမ်းပြည်မှာနေဖူးသူမို့....တခါတခါဆောင်းကို ကိုယ်ကြောက်မိတယ်...။ သိပ်အေးခဲလာရင် အဆစ်တွေကိုက်တတ်တဲ့အခါ.... မွေးရာပါနှာခေါင်းပေါက်တစ်ဖက်ကျဉ်းတဲ့သူမို့ အဲလို အရိုးထဲထိအေးခိုက်တဲ့ချိန်မှာ ညည နှာခေါင်းပိတ်ပြီး အိပ်မရလို့ ထထထိုင်နေခဲ့ရတဲ့အခါကျရင်ပေါ့...။ ရန်ကုန်ရောက်လာတော့ ဒီဇင်ဘာနဲ့ ကိုယ်နဲနဲစိမ်းသွားတယ်..........တော်တော်ကြာတဲ့ အထိပါပဲ...။ ကိုယ့်ဘဝမှာ မှတ်မှတ်ရရ ဒီဇင်ဘာကတော့ ကိုယ်တက္ကသိုလ်ဒုတိယနှစ်တက်တုန်းကပေါ့...။ မနက်စောစောစီးစီးတက်ကြွစွာ နှင်းအအေးဒဏ်ကို အန်တုလို့ ကိုယ့်မေဂျာကမဟုတ်ဘဲ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ဘောလုံးကွင်းတစ်ခုဆီကို မေဂျာအလိုက်ပြိုင်ပွဲလေးတစ်ခုအတွက် အားပေးဖို့ ရောက်သွားခဲ့ဖူးတယ်...။ ကိုယ်အားပေးချင်တဲ့သူက ကိုယ့်ထက်ဂျူနီယာကျတဲ့ ပထဝီမေဂျာက အသားညိုညိုနဲ့ ကောင်လေးကိုပါ...။ အဲဒီနေ့က ပထဝီနဲ့ ရုက္ခဗေဒ မေဂျာတို့ကန်တဲ့ပွဲ...။ ကိုယ့်နဲ့သိတဲ့ သူငယ်ချင်းတချို့က ကိုယ့်မေဂျာမဟုတ်ဘဲ ဘယ်သူ့ကိုလာအားပေးသလဲဆိုပြီး စပ်စုကြတယ်....။ နောက်တော့ အဲဒီအသားညိုညိုကောင်လေးနဲ့ ကိုယ်တို့အဖွဲ့ သူငယ်ချင်းတွေဖြစ်သွားကြတယ်...။ သူက ခရစ်ယာန်ဆိုတော့ ခရစ္စမတ်ဆို သူ့အိမ်မှာ ဆုတောင်းပွဲလုပ် ထမင်းဖိတ်ကျွေး သူ X'mas Carol သွားဆိုရင်လိုက်ဖူးတယ်...။ အဲဒီကျမှာ ဒီဇင်ဘာနဲ့ ခရစ္စမတ် ကိုယ်နဲ့ ပြန်နီးလာခဲ့တယ်...။ ရန်ကုန်ရဲ့ ဆောင်းက အအေးပေ့ါတတ်လို့ ကိုယ့်အတွက်နေလို့ကောင်းတယ်...။ RC3မှာ ခရစ်ယာန်သူငယ်ချင်းသုံးယောက်ရှိတယ်...။ သူတို့ အားလုံးအဆိုကောင်းကြတယ်....။ တစ်ယောက်ကအဆိုကျွမ်းကျင်တယ် ...တစ်ယောက်က ဂီတာတီးကောင်းတယ် နောက်တစ်ယောက်က ပီယာနိုရတယ်....။ အဲတုန်းကအချိန်ကို ခုပြန်တွေးကြည့်တော့ လွမ်းစရာပါပဲ...။ ကျောင်းပိတ်ရက်ရှည်တွေနဲ့ ကျောင်းပြီးတော့ သူငယ်ချင်းတွေနဲ့ သိပ်အဆက်အသွယ်မရှိတော့ဘူး...။ ခရစ္စမတ်လဲ ကိုယ်နဲ့ ထပ်ဝေးသွားပြန်တယ်....။ ခု ကိုယ်နေတဲ့ ရပ်ကွက်မှာ ကချင်တွေ ချင်းတွေများတယ်...။ ကချင်ဘုရားကျောင်း ချင်းနှစ်ခြင်းဘုရားကျောင်းတွေရှိတော့ ခုလို ဒီဇင်ဘာလမှာ ညည သီချင်းဆိုတဲ့အဖွ့ဲတွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့ပါပဲ...။ သူတို့တွေ “Marry Christmas” လို့အော်သံကြားရင်.... ဟိုးးး လွန်ခဲ့တဲ့ အတိတ်ဆီက ဒီဇင်ဘာကိုရောက်ရောက်သွားသလိုပဲ....။ ကိုယ်တို့အခန်းဘေးက မိသားစုလဲ RC ပဲ ခရစ္စမတ်ဆို ကိုယ်တို့ကို နှစ်တိုင်း ထမင်းဖိတ်ကျွေးလေ့ရှိကြတယ်....။ ကိုယ့်ဘဝမှာ ဒီဇင်ဘာနဲ့ ပတ်သက်တဲ့ အမှတ်တရတွေအများကြီးရှိခဲ့ဖူးပါတယ်...။ ဒီနှစ်တော့ ဒီဇင်ဘာရဲ့ မြူနှင်းငွေ့တွေကြားမှာ “ဧဝ” ကပေးတဲ့ အစိမ်းရောင်ပန်းသီးလေးတစ်လုံး ကိုယ်လက်ဆောင်ရထားတယ်...။ အဲဒီပန်းသီးလေးကို ကိုယ်ကိုက်စားသင့်သလား စဉ်းစားနေတယ်....။ 

ချစ်ခင်စွာတဂ်လာပေးသော ညီမလေးရို့စ်နဲ့ ကန်ဒီတို့ကို အထူးကျေးဇူးတင်ပါတယ်....။ ဒီတဂ်ပို့စ်ကို ဘလော့ဂါအစ်ကိုအစ်မ မောင်ငယ်ညီမငယ်တွေတော်တော်များများရေးပြီးတင်နေကြတာတွေ့ရပါတယ်..။ ခုလို အားလုံးရဲ့ ရင်ထဲက ဒီဇင်ဘာကို လှပစွာ ဖွင့်ဆိုခင်းကျင်းပြသထားတာကိုတွေ့ရလို့လဲ ဒီတဂ်ပို့စ်လေးကို စတင်တဂ်လာတဲ့ညီမရို့စ်ကိုထပ်ပြီးကျေးဇူးတင်မိပါတယ်...။ ရို့စ်ရဲ့မေးခွန်းတွေကို မဖြေဘဲ ကိုယ်သန်ရာအရေးလေးနဲ့ပဲရေးလိုက်တာမို့ ကျေနပ်နှစ်သိပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်...။

စာလာဖတ်သူအားလုံးနဲ့ ဘလော့မောင်နှမအားလုံး Merry Christmas & Happy New Year.....


မိုးငွေ့

15 comments:

သဒ္ဓါလှိုင်း said...

မမိုး
အစိမ်းရောင်ပန်းသီးလေးတလုံးနဲ့အတူ ပျော်ရွှင်စရာနေ့ရက်လေးတွေကို အမြဲပိုင်ဆိုင်ခွင့်ရပါစေမမိုး။
ပျော်ရွှင်ဖွယ်ခရစ်စမတ်လေး ဖြစ်ပါစေ။
ချစ်တဲ့
သဒ္ဓါ

အဖြူရောင်နတ်သမီး said...

ပန်းသီးလက်ဆောင် လာပေးပါတယ် မမိုးရေ...
ပျော်ရွှင်သော Christmasနေ့လေးဖြစ်ပါစေရှင်...

Angelhlaing(May everybody be happy and healthy! said...

Congratulation ပါ မမရေ..ပန်းသီးလက်ဆောင်လေး ရထားတယ်ဆိုလို့လေ... ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း Happy New Year ပါမမရေ...

စံပယ်ချို said...

ပန်းသီးလဲခုလောလောဆယ်တော့မရှိဘူးနော်
အသဲပဲပေးခဲ့မယ်
Merry Christmas & Happy New Year ပါရှင်

ဘိုဖြူ said...

အမမိုးငွေ့ကပန်းသီလက်ဆောင်ရထားတာပေါ့နော်
Merry Christmas & Happy New Yearပါဗျာ

rose said...

"ဒီဇင်ဘာဟာ ပွဲတော်တွေနဲ့ နှင်းပွင့် ဇာပုဝါအောက်မှာ အမြဲ လှပနေတတ်တယ်..." အရေးအသားလေးတွေက ဖတ်လို့ကောင်းလိုက်တာ အစ်မမိုးငွေ့။ တက္ကသိုလ် တက်စဉ်က ဒီဇင်ဘာ အမှတ်တရလေးပါ ထည့်ရေးထားလို့ ပို့စ်လေးက ပိုပြီး ချိုမြိန် နူးညံ့သွားတယ်။ ရို့စ်ကလည်း ခင်မင်စွာ ရေးပေးတဲ့ အစ်မကို ကျေးဇူးတင်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မိုးရေ
ပျော်ရွှင်ဖွယ် ခရစ္စမတ်ဖြစ်ပါစေနော်.
ကိုယ်တွေနဲ့ ခရစ္စမတ်က မသက်ဆိုင်ပေမဲ့ သူများပျော်တာ ကြည့်ပြီး ပျော်ရတာပါဘဲ
ပြီးတော့လည်း မိုးလိုဘဲ ခရစ္စမတ်ကို မစိမ်းဘူးလေ
ကိုယ်တိုင်လည်း ပါဝင်ဆင်နွဲခဲ့ရတာကိုး
ပျော်ရွှင်ပါစေနော်.

SHWE ZIN U said...

ပျော်ရွှင်သော Christmas ပါ

blackroze said...

မကြီးမိုးငွေ့
ပျော်ရွှင်စရာခရစ်စမတ်လေးဖြစ်ပါစေနော်
ပန်းသီးလေးကို ကိုက်စားလိုက်ပါအမ..
အရာရာဟာ..အမရဲ့လက်ထဲမှာဘဲရှိတယ်လို့
တွေးပါအမ..မကြောက်ပါနဲ့နော်..

ချစ်တဲ့ညီမ ပစ်ပစ်

မီးမီးငယျ said...

မီးအတွက်မီးက ခေါပုတ်လေး၊
ပို့ လိုက်တယ်နော်..။
:)))
Merry X'mas and happy holiday..

ညီရဲသစ် said...

ပျော်ရွှင်ဖွယ် ခရစ်စမတ်နေ့ လေး ဖြစ်ပါစေ အစ်မ...

ညိမ်းနိုင် said...

ပန်းသီးလက်ဆောင်ရထားတယ်လား...၊ပန်းသီဖုံးလား၊
ပန်းသီးအိုင်ပက်လား...၊ပန်းသီးpc လား.....:P
အလကားစတာပါဗျာ...၊ဒီဇင်ဘာအခင်းအကျင်းလေးက
မမိုးရဲ့စတိုင်အတိုင်း အေးအေးလေးနဲ့ဖတ်လို့ကောင်း
တယ်....၊ပျော်ရွင်နှစ်လိုဖွယ် ခရစ်စမတ်နှင့်နှစ်ကူးကာလကိုပိုင်ဆိုင်
နိုင်ပါစေဗျားးးးးးးးးးးးး

ချစ်ကြည်အေး said...

Merry X'mas & Happy New Year ပါ ညီမလေး မိုးရေ.....း)

mstint said...

အမြဲတန်း ပျော်ရွှင်ကြည်နူးမှုလေးတွေကို
ပိုင်ဆိုင်ခွင့်ရပါစေ မိုးငွေ့ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဆူးသစ် said...

ဒီဇင်ဘာကိုနီးနေတဲ့ကြား ပြန်လွမ်းသွားစေပါတယ်။ မိုးငွေ့က ဒီဇင်ဘာကိုတပ်မက်သတဲ့လား။ ဆောင်းဆိုတာကတော့ လူတိုင်းခံစားလို့ရမယ့်အရာထင်ပါရဲ့။