Friday, 30 September 2011

ဗာဒံတစ်ရွက် ကော်ဖီတစ်ခွက်နဲ့ အချိန်းချက်ပျက်ခဲ့သောည...




ဗာဒံရွက်တွေခပ်အုပ်အုပ်နဲ့ အဲဒီလက်ဖက်ရည်ဆိုင်ကလေးမှာ တစ်ချိန်က မင်းရဲ့ အပြုံးဖြူဖြူတွေကို ကိုယ်ကော်ဖီတစ်ခွက်နဲ့ မြည်းခဲ့ဖူးတယ်....။

ခု...မင်းက တိုင်ပင်စရာကိစ္စလေးတစ်ခုရှိလို့ တွေ့ချင်တယ်ဆိုလို့ အဲဒီဆိုင်လေးမှာပဲ ကိုယ် ချိန်းလိုက်တယ်...။ အဲဒီတုန်းက ကိုယ်တို့ထိုင်ခဲ့တဲ့စားပွဲလေးမှာပါပဲ....။ အရင်တုန်းကထိုင်ခဲ့သလိုပဲ လမ်းမဘက်ကို ကိုယ်ကကျောပေးထိုင်နေလိုက်တယ်....။ နက်စ်ပလိန်းတစ်ခွက်မှာပြီးစောင့်နေလိုက်တယ်....။ တော်တော်ကြာတဲ့အထိမင်းရောက်မလာတော့ နာရီကြည့်လိုက်တာ ချိန်းထားတဲ့ အချိန်ထက် နာရီဝက်ကျော်နေပြီ....။

ဘာကြောင့်မင်း ရောက်မလာသေးလဲ....။ ကိုယ်အချိန်မှားမှတ်တာတော့မဟုတ်လောက်ပါဘူးနော်....။ လက်ကိုင်ဖုန်းကိုတစ်ချက်ကောက်ကိုင်ပြီးနှိပ်ကြည့်လိုက်တယ်....။ ဘာမစ်ကောမှလည်းမတွေ့ဘူး...။ ဟင့်အင်း... မဟုတ်သေးပါဘူး... ကိုယ့်ဖုန်းကို မင်းမှမသိဘဲ.....(ယုံချင်မှယုံပါ ကိုယ်တို့တစ်ခါမှ ဖုန်းနဲ့စကားမပြောဖူးဘူး ဒါကြောင့် သူ့ဖုန်းနံပါတ်ကိုလည်းကိုယ်မသိသလို ကိုယ့်နံပါတ်ကိုလည်းသူမသိဘူး) မင်းဘာကြောင့်ရောက်မလာသလဲ ကိုယ့်ကိုဘာကြောင့်ပုံပြောသွားတာလဲ.....။

နောက်ဘဝမှ မင်းနဲ့ငါတွေ့မလား လက်ရှိဘဝမင်းငါ့ကိုမေ့ထား မသိစိတ်နဲ့ အိပ်မက်တွေရွေ့လျား ချစ်ခဲ့တာထားလိုက်ပါ ငါ့ရဲ့ အမှားတွေပေါ့

"နင်ကိုယ်တိုင်စချစ်ခဲ့ပြီး နင်ကိုယ်တိုင်စဖြတ်ခဲ့လို့ ရင်တွေကွဲ နင်မကြွေလဲ အထင်တွေလွဲ မှားသွားခဲ့လို့ မုန်းးးး......... ရှုံးးးးး...... အခါခါတွေ့ခွင့်မရှိခဲ့လို့........... ငါဘယ်လိုဆက်ချစ်ရမလဲ"

ဆိုင်ထဲကဖွင့်တဲ့ သီချင်းကလည်း ခပ်တိုးတိုးနဲ့ ကိုယ့်ကိုထိုးနှက်နေသလို.... ။ တစ်ယောက်ထဲ ကော်ဖီတစ်ခွက်နဲ့ ဟိုဒီလျှောက်တွေးပြီး ဝမ်းနည်းလာသလိုလို....။ ဒီလိုနဲ့ ကိုယ်လည်းညစ်ညစ်နဲ့ အိမ်ပြန်ခဲ့လိုက်တယ်....။ အိမ်ရောက်တော့ စိတ်လေလေနဲ့ နက်ဘုတ်လေးဖွင့်လိုက်တယ်....။ မင်းဆီက မက်ဆေ့ချ်ဝင်ထားတာတွေ့လိုက်တယ်....။

“ကျနော် ရောက်လာသေးတယ် ကျနော်တို့ချိန်းထားတဲ့ဝိုင်းမှာ မ'ကိုမတွေ့ဘူး ယောကျာ်းတစ်ယောက်ထိုင်နေတာပဲတွေ့လိုက်တယ် အဲဒါနဲ့ ကျနော်လည်း တစ်ယောက်တည်း အူကြောင်ကြောင်နဲ့ပြန်သွားလိုက်တယ်”

သေလိုက်ပါတော့ကွယ်....။ လက်ဖက်ရည်ဆိုင်ကိုတစ်ယောက်တည်းသွားရင် အမြဲလိုလို ယောကျာ်းလေးစတိုင်လ်နဲ့သွားလေ့ရှိတာ....။ မင်းက ကိုယ့်ကို အဲလိုလေးဝတ်တာမှမမြင်ဖူးပဲကိုး....။ ကိုယ့်ကို မင်းက မိန်းကလေး ပီပီသသ ဂါဝန်လွင့်လွင့်လေးနဲ့ပဲတွေ့ဖူးခဲ့တာကိုး....။ လွဲပြန်ပြီပေါ့ အိန်ဂျယ်.....။ ကိုယ်တို့ရဲ့ ဆုံနိုင်ခွင့်ကို တားမြစ်ပိတ်ပင်ဖို့ သူ့အလိုလိုဖန်တီးဖြစ်မြောက်လာတတ်လိုက်တာနော်....။

ကဲ...ဒါဖြင့်လဲ city of angel ကားလေးဖွင့်ပြီး ခေါက်ဆွဲပြုတ်ပဲစားပစ်လိုက်တယ်.....ကိုယ့်ကိုယ်ကို ဒဏ်ခတ်တဲ့ အနေနဲ့ပေါ့...။


မိုးငွေ့

Tuesday, 27 September 2011

အလင်းမှုန်.....




တိမ်အုပ်တွေပြိုဆင်းလာတော့မလား..... ။ ကိုယ်ယောင်ရမ်းပြီး လက်နဲ့ကာမိတယ်.....။ လေတစ်ချက်ခပ်ပြင်းပြင်ဝှေ့သွားမှ သတိထားမိတယ်......။ ဆံနွယ်တွေ......ကိုယ်ပေါ်က ချည်ထည်စတွေတလွင့်လွင့်ဖြစ်လို့.......။ မျက်နှာကိုလာထိမှန်တဲ့ မိုးစက်ပေါက်တွေက မျှားစင်းတွေအလား ထင်မှတ်မှားမိတယ်....။ အိုကွယ်... ခံစားမှုတွေတိုင်းက နာကျင်မှုတွေချည်းပါလား....။
စောစောက တိမ်ညိုတွေကြောင့် လောကကြီးတစ်ခုလုံး မှောင်မဲသွားတယ်....။ ခုတော့ မျက်စိတွေစူးခနဲ ကျိန်းစပ်လောက်တဲ့ အလင်းမှုန်တစ်ခုကြောင့် ဘာမှမမြင်ရတော့ဘူး.....။ အမှောင်တွေလည်းမရှိတော့ဘူး ...။ လေတွေလဲမတိုက်တော့ဘူး....။ မိုးစက်တွေလဲ ပျောက်သွားပြီ....။ အလင်းတန်းလေးကတော့ ရှိနေဆဲပဲ....။ အေးမြမွှေးပျံ့တဲ့ ရနံ့နဲ့အတူ ကိုယ့်ပါးပြင်ပေါ်ကို နွေးထွေးတဲ့ အတွေ့လေးတစ်ခုကျရောက်လာတယ်......။ လက်တစ်စုံပါရဲ့ နွေးထွေးမှုပါ.......။ အလင်းမှုန်တွေကို အသားကျသွားတော့မှ ကိုယ်မျက်လုံးဖွင့်ကြည့်မိတယ်......။ အဖြူဆွတ်ဆွတ်ဝတ်စုံနဲ့ ဖြန့်ကျက်ထားတဲ့ အတောင်ပံတစ်စုံနဲ့ အိန်ဂျယ်ပါ.......။ ကိုယ့်ရဲ့ အိန်ဂျယ်လေးပါ....။ (နှလုံးသားဆိုတာ အရည်ပျော်လွယ်တဲ့ အမြဲလှုပ်ခတ်နေတတ်တဲ့ အရာတစ်ခုလား......။ မင်းနဲ့တွေ့ဆုံတိုင်း ကိုယ့်ဘယ်ဘက်အိတ်ကပ်လေး ဟာလာဟင်းလင်းကြီးဖြစ်ဖြစ်သွားတယ်လို့ ခံစားရတယ်....)

ကိုယ့်ရဲ့ ပါးပြင်ကိုထိထားတဲ့ လက်ငါးချောင်းက ကိုယ့်လက်အစုံကိုဆုတ်ကိုင်ပြီး နွေးထွေးမှုပေးပြန်တယ်....။ အိန်ဂျယ့်မျက်နှာလေးက အေးချမ်းလိုက်တာ....။ ပြီးတော့ ကိုယ့်ကို အပြုံးဖြူဖြူလေးတွေချွေချပေးတယ်.........။ ကိုယ့်လက်ခုံလေးကို ငုံ့နမ်းလိုက်ချိန်မှာ အတောင်ပံတစ်စုံကလှုပ်ခတ်သွားတယ်.....။ မင်းဘယ်ကိုပြန်သွားဦးမလို့လဲ အိန်ဂျယ်........။ ကိုယ့်ကို ခဏသာ နှစ်သိမ့်မှုပေးပြီး အဝေးကို ပျံသန်းဖို့ ပြင်ဆင်နေပြီလား....။ မင်းဘယ်လောက်ပဲ အလုပ်တွေရှုပ်နေပါစေပေါ့.... ကိုယ့်ဆီကိုတော့ သတိရတိုင်းလာခဲ့ပါ.....။ ကိုယ်မင်းကိုစောင့်နေပါ့မယ် အိန်ဂျယ်.....။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါနော်........။

(အိန်ဂျယ်နဲ့ ဆုံဖြစ်တဲ့ တခဏသာလေးအတွက် အမှတ်တရ)


မိုးငွေ့



Monday, 26 September 2011

“နတ္သမီး”




တိမ်ခိုးတွေ

ကျွန်တော့်အိပ်ယ
ာမှာ
ဝေနေဆဲ .... ။
သူမရဲ့ပါးပြင်မှ

စံပယ်တွေ ဖွေးဖွေးလှုပ်
မွှေးပျံ့နေမလား ..... ။
သူမရဲ့ ခြေဖမိုးဖွေးဖွေ
းက
သွေးကြောစိမ်းစိ
မ်းလေးတွေဟာ
ကျွန်တော်ကူးခတ်
ရမယ့် မြစ်တွေလား .... ။
နေခြည်နုနုကိုဆိ
ုးထားတဲ့
သူမရဲ့ နှုတ်ခမ်းမှာ
ကျွန်တော် ဘယ်တော့များမှ လဲပြိုခွင့်ရမလဲ .... ။
နတ်သမီးဆိုတာ
အိပ်မက်ကို ခြုံပြီး
အမြဲတမ်းလှနေသူ....။ ။

ညီမိုးဆက်

Saturday, 24 September 2011

အိန်ဂျယ်သို့.....




အဝေးတိမ်မှာ......မင်းငိုနေတာ ငါကြားတယ်....။
ဘာကြောင့်လာမချော့တာလဲလို့မေးလာမယ့် မေးခွန်းကို ငါမဖြေပါရစေနဲ့။ 
နန်းတော်ရဲ့ တံခါးဝမှာ ဒဏ်ရာတွေ ဗရပွနဲ့ ငါဝင်မလာရဲဘူးလေ...။ 

မာသာထရီစာလို ခမ်းနားတဲ့မေတ္တာရိပ်အောက်မှာ 
ငါဆိုတာ သေမိန့်ကျနေတဲ့ အကျဉ်းသားပဲ ဖြစ်သင့်ပါတယ်...။ 
မင်းရေးထိုးခဲ့မယ့်ကမ္ဗည်းအတွက် "ငါပေးဆပ်ခဲ့တယ်ဆိုတဲ့ " 
သမိုင်းစာတစ်ကြောင်းမှမရှိလေတော့ 
အရိပ်တွေ မဲ့နေတဲ့ သစ်တစ်ပင်လို ငါ့ကိုယ်ငါ ထုဆစ်မိတယ်...။ 

တိမ်တွေကို ကြည့်ရင်း မွန်းကျပ်လာတယ်...။ 
မကြာခင် ပြိုတော့မယ့် မိုးသားတွေထဲမှာ 
အနာဂတ် တစ်ခုခုများ လွင့်ပါသွားဦးမှာလား ။ 

တစ်ကယ်တော့
ကောင်းကင်ဟာ ကောင်းကင်ပဲဆိုတာ သိတော့သိနေခဲ့ပါတယ်...။
ငှက်တစ်ကောင် စွန်တစ်စွန်ရဲ့ဘ၀ တစ်ခါတစ်လေတော့ ငါရခဲ့ချင်ရဲ့...။

အိုင်စတိုင်းတော့ မဖြစ်နိုင်တော့ဘူး...။ 
ငိုသံတွေ ခေါ်ဆောင်လာမယ့် အိန်ဂျယ်ရဲ့ မျက်ရည်တွေသာ 
ငါနေ့စဉ်ရက်ဆက် မက်နေတဲ့ အိမ်မက်တွေဖြစ်နေတော့တယ်...။

သေချာတယ်လို့ထင်ရတဲ့ အနာဂတ်တွေ အတွက် 
ကန္တာရ နှလုံးသားရဲ့မြတ်နိုးချင်စရာ 
ဆောင်းဥတု သေးသေးလေး အတွက် .. 
ငါ ရူးမိတယ် အိန်ဂျယ်.....ငါရူးမိပါတယ်...။ 

ငါဟာ အမှောင်ထဲမှာ ရှင်သန်ခဲ့သူဖြစ်လို့ 
အလင်းတွေကို မင်းနားလည်ပေးလိုက်ပါ ..။

အိန်ဂျယ်ရေ...... ဒါတွေတစ်ကယ် ပြီးဆုံးခဲ့ပြီလား..။
အခြေအနေအားလုံးအတွက် မျှော်လင့်ခြင်းပန်းတိုင် ၊ ဒါမှမဟုတ် .. 
အလံများစွာကိုင်ဆောင်ထားမယ့် မင်းရဲ့လက်တွေဟာ 
အရမ်းခမ်းနားနေလိမ့်မယ်ဆိုတာ... ချွင်းချက်မရှိပါဘူး..။

မင်းရဲ့လက်တစ်ဘက်မှာ အသွားထက်ထက် ဓါးတစ်လက် ကိုင်စွဲထားပါ...။
ကျန်တဲ့လက်တစ်ဘက်စာ အတွက်တော့ 
ငါပျိုးထောင်ခဲ့တဲ့ဥယျာဉ်ထဲက နှင်းဆီတစ်ပွင့်ပေးလိုက်ပါရစေ...။

အိန်ဂျယ်ရေ......ညများစွာရဲ့ အရှင်သခင်အဖြစ် 
မင်းကို လောကကြီးက ကောင်းချီးပေးကြမှာပါ ။ 
ငါတိတ်တဆိတ် ပြုံးဖြစ်ခဲ့သေးတယ်...

(ကျေနပ်စွာနဲ့ပါ )


ခေါင်ခေါင်

Wednesday, 21 September 2011

Simply Yellow Lentils with Coconut Milk

ဒါက အုန်းနို့များများသိပ်မစားရဲတဲ့သူများအတွက်

ဒီတစ်ခွက်ကတော့ မမသက်ဝေအကြိုက် အုန်းနို့ပစ်ပစ်နှစ်နှစ်လေးနဲ့


ခုတလော... မိုးတွင်းဆိုတော့ ဟိုလူဖျား ဒီလူနေမကောင်းဖြစ်လွန်းလို့ နာလန်ထခါစ ချစ်အစ်မ ချစ်ညီမလေးတွေရဲ့ အာသီသတောင်းဆိုမှုကြောင့် မိုးငွေ့ခင်ဗျာ လက်မလည်ရှာပါဘူး..(အင်းလေ လက်က ဘယ်လိုလည်မလဲ ကျိုးသွားမှာပေါ့လို့)...။ မမသက်ဝေကလည်း လာအော်သွားတယ် ဟင့်...သူများကိုကျတော့ လုပ်မကျွေးဘူးတဲ့....။ ကိုယ့်အစ်မ အုန်းနို့ကြိုက်တတ်မှန်းသိလို့ ဖဘမှာ တိုးတိုးလေးနဲ့ သွားပြောရတယ် အစ်မအတွက် အချိုပွဲလုပ်ပေးမယ်လို့...။ ဒီလိုနဲ့ ရိုးစင်းလွန်းတဲ့ အချိုပွဲတစ်ခွက်ကို ဖန်တီးလိုက်ပါတယ်....။

Simply လို့သုံးရခြင်းအကြောင်းကတော့ ဒီပဲဝါလေးအုန်းနို့ဟာ အလွန်းအမင်းကို ရိုးစင်းတဲ့ အချိုပွဲ တစ်ပွဲဖြစ်နေလို့ပါပဲ....။ လုပ်ရတာလည်းလွယ်ကူတယ် ...။ စားရတာလဲ အင်မတန်မှ ချိုဆိမ့်မွှေးအရသာလေး...။ မမိုးငွေ့ အရမ်းညွှန်းပြီလို့တော့ မပြောပါနဲ့....။ တကယ်ပါ တကယ်ကောင်းတာပါ....။

သန့်ပြီးသား ပဲဝါလေးတစ်ရာဂရမ်တစ်ထုပ်ကို ရေဆေးပြီ စိမ်ထားပါမယ်...။ သကြားညို ခွက်တစ်ဝက်စာကို နည်းနည်းလှော်မယ် အညိုရောင်ရအောင်ပါ....။ မတူးပါစေနဲ့...။ အညိုရောင်ဖြစ်ပြီး မွှေးလာပြီဆို ရေငါးခွက်စာထည့်ပြီး ဆူအောင်တည်ရမယ်...။ ရေဆူလာရင် ပဲထည့်မယ်... ဆားနည်းနည်းခတ်ပါမယ်....။ ပဲကိုနူးအောင်ပြုတ်ပေးရမယ်....။ ခပ်ပျစ်ပျစ်စေးစေးကြိုက်သူများ အတွက် ပဲရပြီဆို ကော်မှုန့်ဖျော်ထားတာလေး ခွက်တစ်ဝက်စာလောက် လောင်းထည့်ပါမယ်...။ ကိုယ်ကတော့ အရည်ကျဲတာကိုကြိုက်လို့ ကော်မထည့်ပါဘူး....။ သောက်ခါနီးမှ ပန်းကန်ထဲခပ်ထည့်ပြီး အုန်းနို့ရည်လေးဆမ်းလိုက်ရင် ရပါပြီ...။ အစကတော့ ရယ်ဒီမိတ် အုန်းနို့ဗူးဝယ်ထည့်မလို့ ပါပဲ... အလွယ်တကူရနိုင်တဲ့ သဘာဝအုန်းသီးကိုပဲ ဆိုင်ကခြစ်ခဲ့ပြီး အိမ်မှာပဲ ကိုယ့်ဘာသာကိုယ် အရေညှစ်လိုက်တယ်... အဲဒါပိုလတ်ဆတ်တယ်လေ...။ အဲလို အုန်းနို့အစိမ်းကို တနေကုန်ခံအောင် လုပ်နည်းကတော့ ခြစ်ပြီးသားအုန်းသီးဖတ်တွေကို ဆယ်မိနစ်လောက်ပေါင်းပြီးမှ အုန်းနို့ရည်ကို ညှစ်ယူရင်ပိုကောင်းပါတယ်...။

ဒီပို့စ်ကိုရေးထားတာကြာပြီ ကိုယ်နေကောင်းနေတုန်းကတည်းကပေါ့.... ခုမှပုံတင်လို့ရလို့....။


မိုးငွေ့

Monday, 19 September 2011

ရောက်ရာပေါက်ရာလေးတွေ

ခုတလော ကျန်းမာရေးကသိပ်မကောင်းတော့ အသစ်လည်းမတင်ဖြစ်သလို သူများတကာတွေဆီကိုလည်း အလည်မသွားနိုင်ဘူး...။ အလည်ရောက်ခဲ့တာတောင်မှာ ကော်မန့်မပေးခဲ့နိုင်ပြန်ဘူး....။ အသစ်တင်ချင်တယ် ကိုယ်က ဒီနေရာလေးနဲ့ အသက်ရှင်နေရတာ....။ draft ထဲမှာတော့ တိုးလို့တန်းလန်းပို့စ်တွေအများကြီး... ဘယ်ဟာမှလက်စမသတ်နိုင်တော့ တင်မရဘူးဖြစ်နေတယ်...။ စာမရေးဘဲ အချောင်ခိုပြီး ပုံချည်းတင်မယ်လုပ်တော့လည်း လိုင်းမကောင်းလို့ ဒေါင်းလုတ်မဆွဲနိုင်ပြန်ဘူးဗျာ...။ တကယ်ပါပဲ....။ လူကလည်း ကယောင်ချောက်ချား.... သူများတွေအိမ်လည်ပြီး နာမည်မှားရေးလိုရေးခဲ့နဲ့....။ တလောကပဲ ကိုရဲစီဘောက်မှာသွားပြီး မောင်ဖြိုးဆိုပြီးရေးခဲ့တယ်...။ အမရေ မောင်ဖြိုးဘလော့က ဒါဒါဒါပါလို့ ကိုရဲကပြန်ရေးရတယ်...။ ဖြိုးမောင်မောင်နဲ့ကိုယ်က ဖဘမှာ ဘော်ဒါတွေ ... ဘလော့မှာသာကိုယ့်ကို သူက ဘယ်သူဘယ်ဝါမှန်းသိပ်မသိလို့ထင်တယ် စီဘောက်မှာသိပ်ပြီး လာမနောက်ဘူး...။ ကိုရဲကျတော့ ဘလော့မှာသိတယ်... ဖဘမှာ မသိဘူး...။ သူတို့ ကြောင်ဂိုဏ်းအဖွ့ဲကို နတ်သမီးဆီမှာ စသိတာ...။ ယောကျာၤးတွေဖြစ်ပြီး ကြောင်ချစ်တတ်တယ်ဆိုလို့ နဲနဲလေးအံ့အားသင့်သွားပါတယ်....။ ကိုယ်ကတော့ မိန်းမဖြစ်ပြီး ဘာအကောင်မှမချစ်တတ်တာလေ...။ ဒါနဲ့ ဖဘမှာ ကြောင်မောင်မျိုးကစပြီး ကိုနိုင် ကိုလတ် မောင်ဖြိုး သူတို့ကိုသိတယ်...။ တကယ်တမ်း သူတို့ ကြောင်အဖွဲ့က ခြောက်ယောက်လား ခုနှစ်ယောက်လား ရှိတယ်ပြောတယ်...။ ကိုနိုင်နဲ့ကြုံတော့ မင်းတို့ ကြောင်အဖွဲ့အကြောင်းပို့စ်လေးရေးစမ်းပါလို့ တောင်းဆိုထားသေးတယ်...။ လောလောဆယ်ထိတော့ ကိုမောင်လေးခေါ်ကိုနိုင်ထွဋ်တစ်ယောက် မျောလွင့်တိမ်နဲ့အတူ ဘယ်ကိုရောက်နေတယ်မသိ....။ တစ်ခုပြောရဦးမယ်.... မိုးငွေ့ဘလော့မှာ ဒီနှစ်ပိုင်းမှသာ မောင်နှမတွေစုံစုံလင်လင်ကို ဘလော့ရိုးလ်မှာ လင့်တွေအကုန်ချိပ်ထားတာ ကိုယ်သိသမျှသူတွေအကုန်နီးပါးပါပဲ....။ ဘလော့ဂါအသစ်တွေကလည်း များလာတယ်သလို နာမည်ဆင်တူတွေကလည်း သိပ်များနေတယ်....။ ကိုညီလင်းသစ် နာမည်နဲ့ခပ်ဆင်ဆင် ညီရဲသစ်တဲ့ အလင်းသစ်၏နေ့စွဲများတဲ့ ဟော....ကိုလတ်ကျပြန်တော့ အမှောင်ထဲကအလင်းစက်များ ကိုရဲဘလော့ကျတော့ အမှတ်တရနေ့စွဲများတဲ့ မဝါကျတော့ အမှတ်တရလေးများတဲ့...။ အဲသလို ဆင်တူလေးတွေဖြစ်နေလို့ သူတို့ဘလော့ဘေးမှာ လင့်ချိပ်ရင် နာမည်လေးတွေကိုပါကောက်ထည့်ရတယ် မဟုတ်ရင် အသစ်တက်လာတာနဲ့ ဒါကဘယ်သူဘယ်ဝါဆိုတာ မနည်းဖမ်းနေရတယ်...။ လူက ခေါင်းသိပ်မကောင်းချင်တော့ဘူး...။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ်နေမကောင်းတုန်းလူနာလာမေးကြသူတွေရော သတိတရရှိနေတဲ့သူတွေရော မရှိတဲ့သူတွေရော အားလုံးကို ကျေးဇူးအများကြီး အများကြီးတင်ပါတယ်လို့..........။ အော်...ပြောဖို့ကျန်သွားတယ်.... နေမကောင်းလို့လားမသိဘူး အိန်ဂျယ့်ကိုပိုလွမ်းနေမိတယ်... သူကတော့ သူ့အလုပ်နဲ့သူအမြဲရှုပ်နေလို့ ကိုယ့်ကိုတောင်သတိရမယ်မထင်ဘူး....။ 

မိုးငွေ့

Wednesday, 14 September 2011

အိမ်ကလေး.....




အိမ်ကလေးဆီကို ကိုယ်မရောက်ဖြစ်တာ တော်တော်ကြာသွားပြီ.....။ နှစ်နဲ့ချီနေပါပြီ....။
ခုတော့ သော့ပိတ်ခံထားတဲ့ အညိုရောင်အိမ်ကလေးက နွမ်းလျလျ.... ကိုယ်ရောက်လာတဲ့ နေဝင်ချိန်လိမ္မော်ရောင်ခပ်မှိန်မှိန်အလင်းတန်းနဲ့ ပိုပြီး ချိနဲ့နဲ့ရှိလှတယ်....။

ဒီအိမ်ကလေးကိုဖွင့်တဲ့ သော့တစ်ချောင်းကိုယ်ဘာကြောင့်ခုချိန်ထိသိမ်းထားမိသလဲ.....။ လက်ပွေ့အိတ်ထဲကထုတ်လိုက်တဲ့ ရွှေအိုရောင်သော့တံကလေး....။
သော့ခလောက်အရောင်ကတော့ မဲညစ်ညစ်ရှိနေပြီး နှစ်ပေါင်းကြာလာသည်နှင့်အမျှ ရာသီဥတုဒဏ်ကြောင့် သော့ခလောက်ပေါက်လေးက သံချေးတွေတက်နေပြီ....။ ဖွင့်ဖို့တောင်လွယ်ပါ့မလား....။ ထင်တဲ့အတိုင်းပဲ သော့ကဘယ်လိုမှ အားစိုက်ပြီးလှည့်ဖွင့်လို့မရ....။ အိမ်နီးနားချင်းဆီက သော့ပွင့်သွားနိုင်မယ့် ကိရိယာတစ်စုံတစ်ရာတော့ ငှားရတော့မယ်....။

နောက်ဆုံးတော့ ဘေးအိမ်က အိမ်ရှင်က ပုဆိန်နဲ့ကလန့်ပြီးဖွင့်လိုက်တယ်....။ တံခါးပတ္တာလေးကိုဖျက်စီးလိုက်ရတာပါ...။ သော့ခလောက်ကတော့ တုတ်တုတ်မျှမလှုပ်...။ တံခါးကိုတွန်းဖွင့်ပြီးခြေလှမ်းလိုက်တော့.... ဖုန်နံ့နဲ့ ပိတ်ထားတာကြာပြီဖြစ်တဲ့ အောက်သိုးသိုးအနံ့က နှာဝကိုအရင်တိုးဝင်လာတော့တယ်...။ ညနေဝင်ချိန်မို့ အလင်းကအားဖျော့ပြီး အခန်းထဲကို သဲသဲကွဲကွဲသိပ်မမြင်ရ ။ ဘာကြောင့်များကိုယ်ဒီအချိန်ကိုလာခဲ့မိပါလိမ့်...။ လာခဲ့ရခြင်းရဲ့ရည်ရွယ်ချက်ကရော...။ နံရံက မီးမိန်းခလုတ်ကိုတင်လိုက်တော့ မီးချောင်းတစ်ချောင်းလင်းလာတယ်....။ နေရာတိုင်းဖုန်တွေအလိမ်းလိမ်းနဲ့ ပင့်ကူမျှင်တွေဟိုဒီယှက်သန်းလို့....။ ကိုယ်ခြေလှမ်းလိုက်မိတာက စာကြည့်စားပွဲတစ်ခုဆီကိုပါ...။ စာအုပ်စင်လေးမှာ စာအုပ်တွေကျိုးတိုးကျဲတဲပဲရှိတော့တယ်...။ ဒါပေမယ့် ဓါတ်ပြားစက်လေးတစ်လုံးကတော့ရှိနေတယ်....။ ကြိုးကခလုတ်မှာတပ်ထားလျက်သား...။ မီးခလုတ်ကို ဖွင့်လိုက်တော့ စက်လည်သံကြားရတယ်...။ အမယ်... သူက......ဒီလောက်နှစ်တွေကြာနေတာတောင် လည်နိုင်စွမ်းသေးသားပဲ...လို့စိတ်ထဲ ကျိတ်ပြီးချီးကျူးလိုက်မိသေး....။ နောက်တော့ သီချင်းသံအေးအေးလေး ထွက်လာတယ်....။ All4One ရဲ့ I can love you like that တဲ့....။ တစ်ချိန်က သူသိပ်နှစ်သက်တဲ့ သီချင်းလေးတစ်ပုဒ်...သူအမြဲနားထောင်ပြီး ကိုယ့်ကိုဆိုပြဖူးခဲ့တဲ့ သီချင်းလေး....။ ကိုယ်ပြန်လာပြီးနားထောင်ဖို့များ ဓါတ်ပြားချပ်ကိုထည့်ထားလေသလား.....။

နောက်တော့....အဖြူရောင်အစနဲ့အုပ်ထားတဲ့ ဆက်တီထိုင်ခုံဆီကိုယ်ရောက်သွားတယ်....။ စားပွဲပေါ်မှာ သောက်လက်စဆေးလိပ်တိုတွေနဲ့ ဆေးလိပ်ပြာခွက်တစ်ခု......။ ဆက်တီပေါ်က အဖြူစလေးကိုဆွဲခွာပစ်လိုက်တော့.... မဟောဂနီရောင် ဂီတာလေးတစ်လက်ကိုတွေ့လိုက်ရတယ်...။ ဒီထိုင်ခုံပေါ်မှာ တစ်ချိန်က သူကိုယ်တိုင် ဂီတာတီးပြီး သီချင်းဆိုပြဖူးတယ်....။ သောက်လက်စ စီးကရက်ကိုနှုတ်ခမ်းမှာတေ့ပြီး သူဂီတာကြိုးညှိနေတဲ့ ဟန်ကို ကိုယ်ဘယ်လိုမှမမေ့နိုင်ပါဘူး....။ လက်ဖက်သုပ်ပန်းကန်လေးကိုင်ပြီး သူ့အနားမှာ တီတီတာတာနဲ့
“ကိုကိုညီမလေးကြိုက်တဲ့ သီချင်းတွေချည်းဆိုပြရမှာနော်”လို့ ခပ်ဆိုးဆိုးခပ်နွဲ့နွဲ့လေး သူ့ကိုချွဲနွ့ဲရတဲ့ အချိန်ကလေးကို ပြေးမြင်မိသွားတယ်.....။ ဂီတာလေးကိုပိုက်ပြီး အဲဒီထိုင်ခုံပေါ်မှာ ကိုယ်တော်တော်ကြာကြာ နှစ်မျောသွားတယ်.....။

ဂီတာလေးကိုစားပွဲပေါ်တင်လိုက်ပြိၤး ပြန်အထမှာပဲ စားပွဲအောက်အံက ကျူးလစ်ပန်းပွင့်ပုံနဲ့ စာအုပ်လေး တစ်အုပ်ကိုတွေ့သွားတယ်...။ စာအုပ်လေးကို ဖုန်တွေဘာတွေခါလိုက်ပြီး ထိုင်ခုံမှာ ပြန်ထိုင်ဖြစ်သွားပြန်တယ်....။ ကိုယ်သိချင်တဲ့ အရာတွေဒီစာအုပ်ထဲမှာ ရှိလိမ့်မယ်လို့စိတ်ကသိနေပြီး ရင်ခုန်နေလို့လား နဖူးမှာ ချွေးတွေစို့လာတယ်.....။ စာအုပ်လေးကိုစလှန်လိုက်တော့ ပထမဆုံးစာမျက်နှာမှာ သူ့လက်ရေးခပ်သော့သော့ကိုတွေ့လိုက်ရတယ်.....။ “နတ်သမီးပုံပြင်”တဲ့.....။ နောက်တစ်ရွက်မှာတော့ သူလက်ရာခဲသားနဲ့ခြစ်ထားတဲ့ ပုံလေး.... ဆံပင်ခွေခွေတွေနဲ့ ကျောပြင်ကမြင်ရတဲ့ ကောင်မလေးတစ်ယောက်ပုံ။ နောက်တစ်ရွက်ကတော့ ဓါတ်ပုံလေးကို နှစ်ပိုင်းပိုင်းပြီးကပ်ထားတာ....။ မျက်နှာပုံလေးမှာမှ မျက်လုံးအပိုင်းကိုတစ်ပိုင်းဖြတ်ပြီး နှုတ်ခမ်းပုံကတစ်ပိုင်း....။ မျက်လုံးပုံအောက်မှာက ဒီလိုလေးရေးထားတယ်....။ “ဒီအကြည့်တွေကို ကိုယ်ဘာကြောင့်ရင်ဆိုင်ဖို့ သတ္တိမရှိခဲ့သလဲ”တဲ့.....။ နှုတ်ခမ်းပုံအောက်မှာတော့ “ကိုယ်ရစ်မူးစွဲလန်းခဲ့ဖူးတဲ့ သန္တာရောင်နှုတ်ခမ်းလေးကို ကိုယ်ဒီတစ်သက် လွမ်းနေရဦးမယ်”တဲ့...။ စာအုပ်တစ်အုပ်လုံး သူ့လက်ရာ ခဲခြစ်ပန်းချီတွေချည်းပဲ....။ နောက်ဆုံးစာမျက်နှာမှာတော့ “မင်းနောက်ဆုံးနှုတ်ဆက်လိုက်ပုံက ကိုယ့်ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်သွားစေခဲ့တယ်... ဘာကြောင့်လဲသိလား... ကိုယ့်ရင်ဘတ်ထဲ မင်းမျက်ရည်တွေ စွန်းထင်းပေကျံ သွားလို့ပဲ.......”

စာအုပ်လေးကိုယူသွားဖို့ ကိုယ်အိတ်ထဲကိုထည့်လိုက်တယ်...။ ကိုယ့်ကို တစ်သက်လုံးဖွင့်မပြောဖြစ်ခဲ့တဲ့ သူ့ရင်ဘတ်ထဲကစကားသံကိုကြားရလိုငှားရောက်လာခဲ့တာ နောက်များကျသွားပြီလား.....။ အိုကွယ်....နောက်ကျခဲ့တာ လွန်ခဲ့တဲ့နှစ်များစွာကတည်းကပါ....။ ခုတော့လည်း သူ့ဘဝထဲမှာကိုယ်ဆိုတာ မြူမှုန်ကလေးတစ်စက်မျှထင်ကျန်ပါဦးမလား.......။ ချစ်စရာကောင်းတဲ့ မိသားစုအသစ်ကလေးနဲ့ သူပျော်မွေ့နေတတ်ရောပေါ့......။

ဟိုအရင်ကတော့ ဒီအိမ်ကလေးဟာ သိပ်ကိုသာယာကြည်နူးစရာကောင်းတဲ့ အိမ်ကလေးတစ်အိမ်ပေါ့.....။ သံစဉ်တွေနဲ့ပြည့်နှက်နေခဲ့ဖူးတယ်....။ ရင်ခုန်သံတွေလည်းဆူညံခဲ့ဖူးတယ်....။ ခြံထဲအတူပန်းဆင်းကောက်ဖူးတယ်....။ နောက်ဖေးက စမ်းချောင်းမှာ ငါးအတူမျှားဖူးတယ်....။ စက္ကူလှေတွေအတူတူခေါက်ပြီးမျောဖူးတယ်.....။ လသာညမှာ သူ့ရင်ခွင်မှာမှေးဆက်လို့ နတ်သမီးပုံပြင်တွေနားထောင်ဖူးတယ်....။ ခုတော့လည်း အဲဒါတွေနဲ့ ဘာမှမဆိုင်သလို အိမ်ကလေးက အထီးကျန်ဆန်လျက်ကျန်ရစ်ခဲ့တယ်....။


Note: မယ်နှိုင်း(အနှိုင်းမဲ့)တင်ထားတဲ့ I can love you like that သီချင်းလေးကိုနားထောင်ပြီး ရေးဖြစ်သွားတဲ့ အက်ဆေးလေးပါ......။

မိုးငွေ့

Friday, 9 September 2011

စားၾကပါဦး.....



အဘိုးကြီးသုပ်
ညဘက် တီဗီကြည့်ရင် စားဖြစ်တာလေးပါ...


အခါးရည်
ဒါက လက်ဖက်နဲ့တွဲသောက်ဖို့


ထောပတ်ကုလားပဲမုန့်
လက်ဖက်စားတော့ ငရုတ်သီးကိုက် စပ်တော့ ဟောဒီ အချိုပွဲလေးစား...
အိမ်မှာ မေမေကိုယ်တိုင်လုပ်တဲ့ မုန့်လေးပါ... ကုလားပဲ ထောပတ်နဲ့ သကြားညိုနဲ့ ထိုးထားတာ...

ဇီးဖြူသီးထောင်း
တစ်ခါမှမထောင်းဖူးဘူး ဇီးဖြူသီးကို ပြုတ်ပြီး အစေ့ထုတ် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ပုဇွန်ခြောက်ကိုလှော်ပြီး ရောထောင်းလိုက်တယ်... ။ အဲဒီနေ့က ရုံးမှာလုစားလိုက်ကြတာ ပြောင်ရော...


လက်ဖက်သုပ်
အဲဒီနေ့က ဖဘမှာ ကန်ဇွန်းဥသာကူ တင်ပြီး နောက်ဖေးမှာ သုပ်နေတဲ့
လက်ဖက်လေးပါတင်ပေးပါဦးမယ်ဆိုတဲ့ လက်ဖက်ပွဲလေး

ကန်ဇွန်းဥသာကူ
ဒီအချိုပွဲလေးက ဖဘမှာ ကြောင်ဂိုဏ်းအဖွဲ့ဝင်တွေလာစားပြီးသား



“ဘလော့ဂါဆိုတာဘာလဲ”






နတ်ဆိုးလေးတဂ်တဲ့ပို့စ်လေးပါ.....။ ကျေးဇူး...နတ်.... ကုန်ကြမ်းပြတ်တုန်းလာတဂ်လို့.....။ အတဂ်ခံရတဲ့ ဘလော့ဂါအတော်များများ ရေးပြီးတင်နေကြပါပြီ....။ ဘလော့ဂါဆိုတာဘာလဲ ဆိုတဲ့ အဓိပ္ပါယ်ကို အကျယ်တဝင့်ဖွင့်မပြတော့ပါဘူးလေ....။ ရှေ့က အတဂ်ခံရတဲ့ ပုဂ္ဂိုလ်များရှင်းလင်းပြီးသားဆိုတော့....။

ကျမရဲ့ ဘလော့ဂါကို ဖွင့်ဆိုပုံတွေက နည်းနည်း စိတ်ကူးယဉ်ဆန်နေမလားလို့.....။ ရေးမယ့်သာရေးရတာ ဒီခေါင်းစဉ်က နည်းနည်းတော့စားတယ်ဗျ....။

ဘလော့ဂါ...ဆိုတာဘာလဲတဲ့...အလွယ်ကလေး လူတစ်ယောက်ပဲပေါ့....။ အဲဒီလူရဲ့ စိတ်ထဲက ခံစားသမျှတွေကို ဖွင့်ချထားရာ....မှတ်တမ်း မှတ်စု.... လူတစ်ယောက်ရဲ့ ဒိုင်ယာရီ... လူတစ်ယောက်ရဲ့ ဘဝတစ်စိတ်တဒေသ တစ်ခါတစ်ခါ လူတစ်ယောက်ရဲ့ ဝိဉာဉ်လည်းဖြစ်ချင်ဖြစ်နေမှာ....။ အဲဒီဘလော့ဂါဆိုတဲ့လူတွေက သူတို့ထက်သန်ရာ အကြောင်းအရာ... သူတို့ဝါသနာတချို့ သူတို့ရင်ဖွင့်စရာ... သူတို့နားခိုရာအဖြစ် ဘလော့ကိုမှီခိုအားထားကြတယ်....။ အဲဒီဘလော့ကိုမှီခိုအားထားပြီး ပြောချင်ရာပြော တင်ချင်ရာတင်တဲ့သူကို ဘလော့ဂါလို့ခေါ်တယ်....။

လူအမျိုးမျိုး စိတ်အဖုံဖုံရှိကြတဲ့အထဲမှာ ဘလော့ဂါတွေရဲ့ ရင်ဖွင့်သံအသီးသီးက ပြခန်းကြီးတစ်ခုထဲက ပန်းချီကားချပ်တွေလိုပါပဲ.....။ တချို့က ပန်းပွင့်ပုံတွေချည်းဆွဲကြတယ်....။ တချို့က ဟင်းသီးဟင်းရွက်ပုံတွေ ဆွဲတယ်...။ တိရစ္ဆာန်ပုံတွေ.... စိတ္တဇဆန်ဆန်ကားတွေ....ဘာသာတရားနဲ့ပတ်သက်တာတွေ ဒဏ္ဍာရီထဲကပုံပြင်တွေ အတောင်ပံနဲ့ နတ်သမီးလေးတွေ....ရာဇဝင်ထဲကပုံရိပ်တွေ မျဉ်းဖြောင့်တွေ မျဉ်းကွေးတွေ စက်ဝိုင်းရောင်စုံတွေ.....တကယ့်ကို ခမ်းခမ်းနားနားတွေ့ရပါလိမ့်မယ်....။ ဒါတွေအားလုံးဟာ ဘလော့ဂါတွေကိုယ်တိုင်ဖန်ဆင်းထားကြတာပါ....။ တနည်းအားဖြင့် အွန်လိုင်း စာပေအဝိုင်းအစုလေးပါပဲ.....။

အွန်လိုင်းက ဘလော့ဂါတွေနဲ့ အပြင်လောက စာရေးသူတွေ ဘာကွာသလဲဆိုတော့ ဘလော့ဂါတွေကတော့ အချင်းချင်းတစ်ယောက်အိမ် တစ်ယောက်အဝင်အထွက် များတော့ ပိုပြီး ချစ်ခင်ကြတယ်...ရင်းနှီးကြတယ် နွေးထွေးကြတယ်.... မောင်နှမအရင်းချာလို ကူညီရိုင်းပင်းကြတယ်....။ ပြောရဦးမယ် ဘလော့ဂါတွေက ဘလော့မှာတင်မဟုတ်ဘူး မျက်နှာစာမျက်နှာမှာတောင် အစုအဖွဲ့နဲ့ ကြီးစိုးနေကြပုံများ....။ ချစ်စရာကောင်းပါတယ်....။ တစ်ယောက်နဲ့တစ်ယောက် မိုင်ရာချီ ထောင်ချီဝေးနေကြပေမယ့် တကယ့်အရင်းအချာလိုချစ်ခင် တွယ်တာတတ်ကြတာ...။ အပြင်မှာတစ်ခါမှမဆုံဖူးကြပေမယ့် တကယ် တွေ့ဆုံဖြစ်ကြတဲ့အခါလည်း ထူးဆန်းစွာ တစ်ယောက်ကိုတစ်ယောက် စိမ်းမနေဘဲ.... ဟိုးးးနှစ်ပရိစ္တေကတည်းက ရင်းနှီးကျွမ်းဝင်လာကြတဲ့ မိတ်တွေသဖွယ်...ရှိကြတာပါပဲ...။ အဲဒါဟာ အွန်လိုင်းက ဘလော့ကရတဲ့ ဘလော့ဂါတွေရဲ့ အဖြူရောင် ကြိုးမျှင်တွေပါပဲ......။

ဤသည်မှာ အကျွန်ုပ်၏ ဘလော့ဂါဖွင့်ဆိုချက်ပြီး၏....။ ((ဟမ်))....ဒါလေးပဲလားလို့ မမေးနဲ့ ဒါလေးပဲ ရေးလို့ထွက်တယ်ကွယ်....။

ကဲ... နတ်ရေ.... တဂ်ပို့စ်လေးအတွက် ကျေနပ်လိမ့်မယ်ထင်ပါတယ်......။ နတ်ကိုယ်တိုင်တဂ်ထားတဲ့ လူတွေလဲစုံနေပြီဆိုတော့ တခြားဘလော့ဂါတွေကို နာမည်တပ်ပြီးဆက်မတဂ်တော့ပေမယ့် မရေးရသေးတဲ့ ဘလော့ဂါတွေနဲ့ အတဂ်မခံရသေးတဲ့ ဘလော့ဂါများလည်း ဝမ်းသာပျော်ရွှင်စွာ ရေးတင်ပေးကြပါလို့ မေတ္တာဖြင့်တောင်းဆိုပါ၏။ ဒီပို့စ်လေးမတင်ခင်မှာ လင်းခေတ်ဒီနိုရဲ့ “ဘလော့ဂါဆိုတာ”ပို့စ်ကို ခပ်မိုက်မိုက်လေး ဒီလိုဖတ်ရလိမ့်မယ်...။



မိုးငွေ့

Friday, 2 September 2011

တနင်္ဂနွေမိုးသည်း.....




🎵 မိုး မိုး မိုး .......တို့နှစ်ယောက်ချစ်တဲ့မိုး..... 🎵

🎵 မိုး မိုး မိုး..... ခုတော့ အချစ်ရယ်...ဘယ်မှာလဲ....🎵

🎵 မိုး မိုး မိုး .... လွမ်းလို့မဆုံးဘူး...မိုး...”🎵


လက်ဖက်ရည်ဆိုင်ထဲက သီချင်းသံက ကိုယ့်ရင်ကိုပိုပြီးစူးနစ်စေသလိုလို.....။ မိုးအေးအေးနဲ့ အိမ်မှာကွေးရတာ ပျင်းလာလို့ အပြင်ပတ်ဝန်းကျင်နည်းနည်းထွက်ပြီးလေ့လာနေတာ....။ မိုးခိုတဲ့သူတွေ ကိုယ့်လိုပဲ ပျင်းပျင်းနဲ့ လက်ဖက်ရည်ထွက်သောက်သူတွေ ဆိုင်တစ်ခုလုံးနီးပါး ပြည့်လို့ရယ်....။ တော်ပါသေးရဲ့ ဒေါင့်ခုံနေရာလေးမှာ လူလွတ်နေလို့...။ ပြီးတော့ နံရံကပ်လေးဆိုတော့မှီလို့ရသေး....။ လက်ဖက်ရည်လေးကျိုက်လိုက်... သီချင်းအေးအေးလေးနားထောင်လိုက် လမ်းပေါ်က မိုးရေတွေကို ငေးမောလိုက်နဲ့တော့ ကိုယ့်ဖီလင်နဲ့ကိုယ် ဟုတ်နေလို့ပဲ...။

ဆိုင်ရှင်က အိုင်ဒီယာမဆိုးဘူး....မိုးရာသီအတွက် သီချင်းတွေကို မိုးနဲ့ပတ်သက်တာချည်းပဲ သီးသန့်လက်ရွေးစင် သွင်းထားတဲ့ ခွေကိုဖွင့်ပေးထားတယ်....။ အပြင်မှာတော့ မိုးကသည်းကြီးမဲကြီးရွာလိုက် ပြန်တိတ်သွားလိုက်နဲ့ အလုပ်ကိုရှုပ်နေရော.....သူ့စိတ်ကြိုက်ရွာချင်သလိုကို ရွာနေတာ ဒါ....ရန်ကုန်မိုး....။ မိုးအေးလို့လား အခါတိုင်းလို စကားပြောသံတွေဆူညံမနေဘဲ... ကိုယ်နောက်မှီထားတဲ့ နံရံ အထက်က ချိပ်ဆွဲထားတဲ့ ဘောက်စ်ကထွက်တဲ့ သီချင်းသံ ငြိမ့်ငြိမ့်လေးနဲ့ မိုးစက်ကျသံတို့က ကာရံစည်းချက်ကိုလိုက်လို့....။

🎵  မိုးစက်မဲ့ ငါ့ညတွေ မိုးစက်မဲ့ မုန်တိုင်းတွေ တိုက်သလို မင်းအတွက် စကားလုံးးတွေငါ့မှာ မရှိသလို အားလုံးပြောင်းလဲသွားမှ အတိတ်က အရင်လိုမဖြစ်သလို ချန်ခဲ့ပြန်တဲ့ မင်းအနမ်းတွေကို လွမ်းသလို ကျန်ရစ်သလို.... 🎵

ခဏနေတော့ ဆိုင်ထဲကို အသားခပ်ဖြူဖြူသန့်သန့်ကောင်လေးနဲ့ အသားညိုညိုကောင်လေး နှစ်ယောက် ဝင်လာပြီး ဟိုနေရာရှာဒီနေရာရှာလုပ်ရင်းက ကိုယ်ထိုင်တဲ့ စားပွဲကိုလက်ညိုး ထိုးပြီး လျှောက်လာနေကြတယ်...။

“အစ်ကို ဒီနေရာမှာလူရှိလား.... ကျနော်တို့ထိုင်လို့ဖြစ်မလားဗျ”...

ဟားးး လုပ်ပြီ.....။ ဂျင်းဘောင်းဘီ တီရှပ်အဖြူနဲ့ မိုးအေးလို့ အပေါ်ဂျင်းဂျာကင် ထပ်ထားပြီး အောက်က အောစတားရှုး ဦးထုပ်ကိုခိုက်ငိုက်ငိုက်စောင်းထားတဲ့ ကိုယ့်ကို သူတို့က ယောက်ကျားတစ်ယောက်ထင်နေတာ...။ ရှိစေတော့ ရှိစေတော့ ကိုယ်ခေါင်းညိမ့်ပြလိုက်တော့ သူတို့နှစ်ယောက် ခုံဆွဲထိုင်လိုက်တယ်...။

“ဟေ့ကောင်... မင်းကောင်မလေးကလာပါ့မလား မိုးဒီလောက်ရွာနေတာ” အသားညိုညိုကောင်လေးက အဖြူကောင်လေးကိုမေးနေတာ...။ ကြည့်ရတာ ရည်းစားနဲ့ ချိန်းထားကြတာဖြစ်မှာပါ....။ သူတို့စကားပြောရခက်မှာစိုးလို့ ပါလာတဲ့ ဆရာနန္ဒာသိန်းဇံရဲ့ “အရိမဒ္ဒနမှတွေးမြင်ရနံ့တို့ ဝေ့ပျံ့နေဆဲ” စာအုပ်ကိုဖတ်နေလိုက်တယ်...။ သူတို့နှစ်ယောက်လက်ဖက်ရည် တစ်ယောက်တစ်ခွက်မှာပြီး....။ အညိုကောင်လေးက ရေနွေးခွက်ကိုဆေးပြီး ရေနွေးငှဲ့ထည့်နေတယ်....။ ပြီးတာ့ ကိုယ့်ရှေ့ကခွက်ကိုပါဆွဲယူပြီး...။

“အစ်ကိုကျနော်ရေနွေးဖြည့်လိုက်မယ်နော်”တဲ့

သူပြောတဲ့အချိန် ကိုယ့်ခွက်ထဲကို သူ ရေနွေးငှဲ့ထည့်နေပြီ...။ ကိုယ်သူ့ကိုမော့ကြည့်ပြီး “ကျေးဇူး”လို့တစ်ခွန်းပြောလိုက်တယ်...။ ဒီတော့မှသူက အံ့အားသင့်သွားတဲ့ အကြည့်နဲ့....။

“ဟာ....ဆော ဆောရီးနော်.... ကျနော်က ယောက်ကျားလေးအောက်မေ့လို့ ဆောရီးအစ်မ”

“ရပါတယ်....” လိုရင်းတိုရှင်းပြန်ပြောပြီး ကိုယ်စာအုပ်ကိုဆက်ဖတ်နေလိုက်တယ်....။

အဖြူကောင်လေးကတော့ လက်ကိုင်ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေလို့ ကိုယ်တို့အဖြစ်ကို မသိလိုက်....။

“ကျွတ်....ဟာကွာ.... ဖုန်းလည်းမကိုင်ဘူး....” အဖြူကောင်လေးဆီက ကျွတ်ခနဲ စုတ်သပ်တဲ့အသံထွက်လာတယ် ။

“ငါထင်တယ် မင်းကို သူပုံပြောသွားပြီ ငါ့ကောင်”

ကိုယ်လက်ဖက်ရည်ခွက်ကိုကောက်ကိုင်ပြီး တစ်ကျိုက်မသောက်ခင် သူတို့ကို တစ်ချက်စပ်စုပြီး ကြည့်လိုက်တယ်....။ အဖြူကောင်လေးက ရှပ်အကျီၤဖြူဆွတ်ဆွတ်နဲ့ ကချင်ပုဆိုးလေးကို သပ်သပ်ရပ်ရပ် ဝတ်ထားတာ....။ ခပ်ကြမ်းကြမ်း ဆံပင်တိုတိုတွေက မိုးရေတွေစိုလို့.....။ မျက်ခုံးခပ်ကောင်းကောင်း....။ နှာတံပေါ်ပေါ် နှုတ်ခမ်းတစ်စုံက ယောက်ကျားလေးတွေဆီမှာ မြင်ဖူးလေ့ရှိတဲ့

နှုတ်ခမ်းထက် နည်းနည်းလေး ပိုထူနေတယ်လို့ ထင်တယ်...။ ဆေးလိပ်မသောက်မှန်းသိသာတယ်....။ အသားအရေတွေက ကြည်လက်နေတယ်...။ သူ့ကိုမြင်တော့ အိန်ဂျယ့်ကို သတိရသွားတယ်.........။ ကိုယ့်ရဲ့ အိန်ဂျယ်လေးရော ဘယ်ဆီရောက်နေသလဲ...။ ခုနေ ဟိုကောင်လေးလိုပဲ ကိုယ်ဖုန်းကောက်ဆက်လိုက်ရင် ဒါမှမဟုတ် မက်ဆေ့ချ်ပို့လိုက်ရင် မင်းရောက်လာမလား.....။ ဟ...ဟ...ဟ ဘယ်တုန်းကများ မင်း..မက်ဆေ့ချ်ပြန်ဖူးလို့လဲ.....။ ကိုယ့်ဘာသာကိုယ်တွေးပြီး ရယ်လိုက်ပေမယ့် နာနာကျင်ကျင်နဲ့ ကိုယ့်ရယ်သံတွေကို ကိုယ်တိုင်ပဲပြန်ကြားရတာပါ....။


🎵 မိုးတွေရွာချိန်တိုင်း ဒီရင်မှာလွမ်း အိမ်ပြန်ချိန်လမ်းလေး ငါလျှောက်ရင်း ခုဆို လူတွေအကုန်လုံး အိပ်ပျော်နေချိန်မို့ နင်ဘယ်မှာရှိမလဲ ငါမသိလို့ ဒီဇူလိုင်မိုးတွေရွာတိုင်းမှာ ဟိုအရင်နေ့လေးတွေ ငါသတိရ ရွာနေတဲ့ မိုးတွေရပ်မသွားပါ စိုစိုကာရွှဲရင်း တစ်ယောက်တည်းငါ မိုးတွေရွာ.... 🎵


ကိုယ်စာအုပ်ဖတ်ပြီး တစ်ဝက်ကျိုးသွားတဲ့ အထိ သူတို့နဲ့ ချိန်းထားတဲ့ ကောင်မလေးအရိပ်အယောင်တောင် မတွေ့ရပါဘူး....။ မိုးအေးအေးမှာ ကောင်လေးကတော့ ရင်ပူနေရှာမှာပေါ့....။ ကိုယ့်မှာ စာအုပ်ဖတ်လိုက် သူတို့ကို မသိမသာစပ်စုလိုက်နဲ့ အလုပ်ကိုဖြစ်လို့...။ နောက်တော့ ရောက်လာတော့မှာမဟုတ်ပါဘူးလေဆိုပြီး စိတ်လျှော့လိုက်ပုံရပါတယ်။ သူတို့ဘာသာသူတို့ ဟိုအကြောင်းဒီအကြောင်းပြောရင်း....အညိုကောင်လေးက ကိုယ့်လက်ထဲက စာအုပ်ကိုလာစပ်စုလိုက်သေး....။

“အစ်မ အဲဒီစာအုပ်လေးဖတ်လို့ကောင်းလား.... ကျနော်က ဆရာနန္ဒာသိန်းဇံရေးတဲ့ ရသစာတွေကို သိပ်ကြိုက်တာ ဒီစာအုပ်က ခုမှထွက်တာထင်တယ်...”

“ဟုတ်တယ် ခုမှအသစ်ပြန်ထုတ်တာ ဆရာ့ရဲ့ဆောင်းပါးစာစုတွေလေ...”

ဒီတော့မှ အဖြူကောင်လေးကပါ လိုက်လာတော့တယ်....။ အစောကတော့ သူ့ကောင်မလေးကို တမျှော်မျှော်နဲ့ကိုး...။

“အစ်မက အင်တာနက်သုံးလား” တဲ့....။

“ဘာဖြစ်လို့လဲ ဒီဘက်ခေတ်မှာ အင်တာနက်လူတိုင်းသုံးတာပဲ” ကိုယ့်ရဲ့လေသံနဲနဲ မာဆတ်ဆတ်ဖြစ် နေလိမ့်မယ်ထင်တယ်....။

“... အစ်မကို အင်တာနက်ဆိုင်မှာ ခဏခဏတွေ့ဖူးနေလို့ပါ...”

“ဟုတ်မှာပါ...” “မင်းကို တစ်ခုတော့မေးချင်တယ် အကျီၤအဖြူရောင်ကို ကြိုက်လို့ဝတ်တာလား” ကိုယ်မေးလိုက်တော့မှ သူ့ကိုယ်သူပြန်ငုံ့ကြည့်ရင်း....

“ဟုတ်.... အဖြူရောင်ကြိုက်ပါတယ်.... များသောအားဖြင့်ဝတ်ဖြစ်ပါတယ်... ဒီနေ့က လူမှုရေးလုပ်အားပေး တစ်ခုက ပြန်လာလို့ ဒီလိုလေးဖြစ်နေတာ...”


အဖြူရောင်လေးက စကားပြောသွက်လက်သားပဲ....။ ခုခေတ်ကောင်လေးတွေ လူမှုဆက်ဆံရေးမညံ့ကြပါဘူး..။ လိုက်လျောညီထွေစွာနေထိုင်ပြောဆိုတတ်တာပဲ....လို့ စိတ်ထဲတွေးမိသွားတယ်...။ ကိုယ်တို့စကားစပြတ် သွားချိန်မှာပဲ....။ ဆံပင်ခါးလည်လောက်ရှည်တဲ့ ချစ်စရာကောင်မလေး တစ်ယောက်ရောက်လာတယ်....။ သူတို့မျှော်နေတဲ့ ကလေးမလေးပါ....။ အဖြူရောင်ကောင်လေးရဲ့ ကောင်မလေးပေါ့...။ ကိုယ်နဲ့စကားပြောရင်း သူတို့ စောင့်ရကျိုးနပ်သွားပါတယ်....။ မိုးလဲ စဲနေပြီ....။

“ကျေးဇူးပဲ အစ်မရေ... ကျတော်တို့ကို စကားပြောပေးတဲ့အတွက်... နောက်မှဆုံမယ် လစ်ပြီ” တဲ့...။

သူတို့လစ်ပြီပြောခါမှပဲ အချိန်ကိုကြည့်မိတယ်....။ လက်ဖက်ရည်တစ်ခွက်နဲ့ ကိုယ်ထိုင်နေတာ နှစ်နာရီနီးပါးရှိနေပြီ...။ ကိုယ်လည်း လစ်ဦးမှပါ....။ ညနေစာချက်စရာလေးပါ ဒီနားကဈေးမှာ ဝင်ဝယ်ဖို့စိတ်ကူးလိုက်မိတယ်....။

ဘာမှတော့မဆိုင်ဘူးပေါ့ အိန်ဂျယ်.......။ မင်းကြိုက်တတ်တယ်ဆိုလို့ အဲဒီလက်ဖက်ရည်ဆိုင်က စမူဆာလေး သုံးခုဝယ်ပြီး အိမ်ကျသုပ်စားမလားလို့... :)


🎵မယုံနိုင်ဘူး မင်းစွန့်ခွာသွားတဲ့ နေ့ကို

မယုံနိုင်ဘူး သံယောဇဉ်ဖြတ်ခဲ့တဲ့ မင်းကို

မယုံနိုင်ဘူး အိပ်မက်တွေဖျက်ခဲ့တဲ့ မင်းကို

မယုံနိုင်ဘူး ဒီအတိုင်းဇာတ်သိမ်းရမယ့်အဖြစ်ကို မယုံနိုင်ဘူး.... 🎵


ပြန်ခါနီးမှ ကိုငဲကလည်း မယုံနိုင်ဘူး ချည်းဇွတ်အော်နေတော့တာပဲ....။ မယုံနိုင်လည်း ယုံရတော့မှာပဲ တကယ်လည်း မင်းစွန့်ခွာသွားခဲ့တာပဲ သံယောဇဉ်ဖြတ်သွားခဲ့တာပဲ အိပ်မက်တွေကို ဖျက်းစီးပစ်ခဲ့တာပဲ ဒီအတိုင်းဇာတ်သိမ်းရမယ့်အဖြစ်ကို မယုံနိုင်လည်း ယုံရပြီ....။

မိုးတွင်းကြီးထဲမှာ ထီးကိုင်ဖို့လည်းပျင်းသေးတဲ့ ကိုယ့်အတွက် မိုးစဲချိန်ကိုပဲ စောင့်ရတာ အကျင့်ရနေပါပြီ....။ အပြင်ဘက်မှာတော့ တိမ်တွေက ခဲသားရင့်ရောင်သန်းနေဆဲ.... မိုးစက်တွေ တစ်ဖျောက်နှစ်ဖျောက်ကျနေဆဲပဲ...။ စာအုပ်လေးကို ရေမစိုအောင် ဂျက်ကက်အတွင်းထဲထည့်ပြီး ကိုယ်ချစ်တဲ့ မိုးအောက်မှာ အရသာရှိရှိ လမ်းလျှောက်ပြန်လာခဲ့တော့တယ်...။


မိုးငွေ့