Friday, 30 September 2011

ဗာဒံတစ်ရွက် ကော်ဖီတစ်ခွက်နဲ့ အချိန်းချက်ပျက်ခဲ့သောည...




ဗာဒံရွက်တွေခပ်အုပ်အုပ်နဲ့ အဲဒီလက်ဖက်ရည်ဆိုင်ကလေးမှာ တစ်ချိန်က မင်းရဲ့ အပြုံးဖြူဖြူတွေကို ကိုယ်ကော်ဖီတစ်ခွက်နဲ့ မြည်းခဲ့ဖူးတယ်....။


ခု...မင်းက တိုင်ပင်စရာကိစ္စလေးတစ်ခုရှိလို့ တွေ့ချင်တယ်ဆိုလို့ အဲဒီဆိုင်လေးမှာပဲ ကိုယ် ချိန်းလိုက်တယ်...။ အဲဒီတုန်းက ကိုယ်တို့ထိုင်ခဲ့တဲ့စားပွဲလေးမှာပါပဲ....။ အရင်တုန်းကထိုင်ခဲ့သလိုပဲ လမ်းမဘက်ကို ကိုယ်ကကျောပေးထိုင်နေလိုက်တယ်....။ နက်စ်ပလိန်းတစ်ခွက်မှာပြီးစောင့်နေလိုက်တယ်....။ တော်တော်ကြာတဲ့အထိမင်းရောက်မလာတော့ နာရီကြည့်လိုက်တာ ချိန်းထားတဲ့ အချိန်ထက် နာရီဝက်ကျော်နေပြီ....။

ဘာကြောင့်မင်း ရောက်မလာသေးလဲ....။ ကိုယ်အချိန်မှားမှတ်တာတော့မဟုတ်လောက်ပါဘူးနော်....။ လက်ကိုင်ဖုန်းကိုတစ်ချက်ကောက်ကိုင်ပြီးနှိပ်ကြည့်လိုက်တယ်....။ ဘာမစ်ကောမှလည်းမတွေ့ဘူး...။ ဟင့်အင်း... မဟုတ်သေးပါဘူး... ကိုယ့်ဖုန်းကို မင်းမှမသိဘဲ.....(ယုံချင်မှယုံပါ ကိုယ်တို့တစ်ခါမှ ဖုန်းနဲ့စကားမပြောဖူးဘူး ဒါကြောင့် သူ့ဖုန်းနံပါတ်ကိုလည်းကိုယ်မသိသလို ကိုယ့်နံပါတ်ကိုလည်းသူမသိဘူး) မင်းဘာကြောင့်ရောက်မလာသလဲ ကိုယ့်ကိုဘာကြောင့်ပုံပြောသွားတာလဲ.....။

နောက်ဘ၀မှ မင်းနဲ့ငါတွေ့မလား လက်ရှိဘ၀မင်းငါ့ကိုမေ့ထား မသိစိတ်နဲ့ အိပ်မက်တွေရွေ့လျား ချစ်ခဲ့တာထားလိုက်ပါ ငါ့ရဲ့ အမှားတွေပေါ့

နင်ကိုယ်တိုင်စချစ်ခဲ့ပြီး နင်ကိုယ်တိုင်စဖြတ်ခဲ့လို့ ရင်တွေကွဲ နင်မကျြွေလဲ အထင်တွေလွဲ မှားသွားခဲ့လို့ မုန်းးးး......... ရှုံးးးးး...... အခါခါတွေ့ခွင့်မရှိခဲ့လို့........... ငါဘယ်လိုဆက်ချစ်ရမလဲ

ဆိုင်ထဲကဖွင့်တဲ့ သီချင်းကလည်း ခပ်တိုးတိုးနဲ့ ကိုယ့်ကိုထိုးနှက်နေသလို.... ။ တစ်ယောက်ထဲ ကော်ဖီတစ်ခွက်နဲ့ ဟိုဒီလျှောက်တွေးပြီး ၀မ်းနည်းလာသလိုလို....။ ဒီလိုနဲ့ ကိုယ်လည်းညစ်ညစ်နဲ့ အိမ်ပြန်ခဲ့လိုက်တယ်....။ အိမ်ရောက်တော့ စိတ်လေလေနဲ့ နက်ဘုတ်လေးဖွင့်လိုက်တယ်....။ မင်းဆီက မက်ဆေ့ခ်ျဝင်ထားတာတွေ့လိုက်တယ်....။

“ကျနော် ရောက်လာသေးတယ် ကျနော်တို့ချိန်းထားတဲ့ဝိုင်းမှာ မ'ကိုမတွေ့ဘူး ယောကျာ်းတစ်ယောက်ထိုင်နေတာပဲတွေ့လိုက်တယ် အဲဒါနဲ့ ကျနော်လည်း တစ်ယောက်တည်း အူကြောင်ကြောင်နဲ့ပြန်သွားလိုက်တယ်”

သေလိုက်ပါတော့ကွယ်....။ လက်ဖက်ရည်ဆိုင်ကိုတစ်ယောက်တည်းသွားရင် အမြဲလိုလို ယောကျာင်္းလေးစတိုင်လ်နဲ့သွားလေ့ရှိတာ....။ မင်းက ကိုယ့်ကို အဲလိုလေးဝတ်တာမှမမြင်ဖူးပဲကိုး....။ ကိုယ့်ကို မင်းက မိန်းကလေး ပီပီသသ ဂါဝန်လွင့်လွင့်လေးနဲ့ပဲတွေ့ဖူးခဲ့တာကိုး....။ လွဲပြန်ပြီပေါ့ အိန်ဂျယ်.....။ ကိုယ်တို့ရဲ့ ဆုံနိုင်ခွင့်ကို တားမြစ်ပိတ်ပင်ဖို့ သူ့အလိုလိုဖန်တီးဖြစ်မြောက်လာတတ်လိုက်တာနော်....။

ကဲ...ဒါဖြင့်လဲ city of angel ကားလေးဖွင့်ပြီး ခေါက်ဆွဲပြုတ်ပဲစားပစ်လိုက်တယ်.....ကိုယ့်ကိုယ်ကို ဒဏ်ခတ်တဲ့ အနေနဲ့ပေါ့...။

မိုးငွေ့

17 comments:

ညီလင်းသစ် said...

သြော်.. လွဲချင်ပြန်တော့လည်း လွဲဖြစ်အောင်ကို လွဲတာပါပဲလား....။း)

ညိမ်းနိုင် said...

ဖြစ်ရမယ်...အိန်ဂျယ်ရယ်....မသကာ မျက်နှာလေးဘာ
လေး သေချာသွားငုံကြည့်ပါတော့တဲ့လား....။

blackroze said...

ခေါက်ဆွဲပြုတ်ဆိုတော့စိတ်ဝင်စားသွားတယ်..
သူများအရမ်းကြိုက်တဲ့အထဲမှာ
ခေါက်ဆွဲပြုတ်လည်းပါတယ်

စံပယ်ချို said...

ဖြစ်ရလေခြင်းကွယ်
သေသေချာချာ ကြည့်လိုက်ပါတော့လား...
ချစ်တဲ့ jasmine

မောင်သီဟ said...

ဘာပြောပြောဗျာ
ခေါက်ဆွဲချည်းလှိမ့်တွယ်မနေနဲ့အုံး
ဆံပင်ဖြူမြန်လိမ့်မယ်း)

မောင်ဘကြိုင်

ညီရဲသစ် said...

ဟိုက်... လွဲချက် အစ်မရေ...

ဆူးသစ် said...

ဖြစ်မှဖြစ်ရလေ......။ အစ်ကို လင့်ချိတ်ထားလိုက်ပြီနော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်တောင်မကောင်းဘူး
နောက်တစ်ကြိမ်မှာတော့ အတိအကျ ဆုံတွေ့ကြပါစေ

မအိမ်သူ said...

လွဲချင်လို့ ကြံဖန်လွဲပေမယ့်လည်း ဆုံချင်ရင် မမျှော်လင့်တဲ့အချိန်မှာ မျက်နှာချင်းဆိုင် တည့်တည့်တိုးတတ်ပါသေးတယ်။း)

Mon Petit Avatar said...

ဖြစ်မှဖြစ်ရလေ လွဲချင်တော့လဲနော်။ စကားမစပ် ခေါက်ဆွဲနဲ့ ရုပ်ရှင်တွဲစားတာကောင်းမယ့်ပုံနော် မိုးငွေ့လေး။

Angelhlaing(May everybody be happy and healthy! said...

ဒဏ်ခတ်နဲ့ အနေနဲ့ အပြစ်ပေးတာလေးက သဘောကျစရာပဲ အိန်ဂျယ်လ် :):)

...အလင်းစက်များ said...

သေဘီဆှာပဲ။ ဟဟ။ ကျနော့သူငယ်ချင်း မိန်းကလေး ၂ ယောက် လက်ဖက်ရည်ဆိုင်မှာ စကားများပြီး ခုံနဲ့  ကောက်ရိုက်ကြလို့  ၀င်ဆွဲခဲ့ရဖူးတယ်။ ကျနော်တို့  သူငယ်ချင်းတွေ အတွက်တော့ လက်ဖက်ရည်ဆိုင်နဲ့  မိန်းကလေး သူငယ်ချင်း မဆန်းလှပါဘူး။ ရီတော့ရီရတယ်။ :D :D :D

မောင်ဘုန်း said...

အင်း ... လွဲဖြစ်အောင်လွဲတယ်နော် .... အစ်မ ရေ ... ကျနော် link ချိတ်မို့ မေ့နေလို့  အခုမှ ရောက်ဖြစ်တယ် ...

Han Kyi said...

အကောင်းဆုံးဒဏ်ခတ်နည်းပါပဲ...ခဏခဏ ဒဏ်ခတ်ပေးရင် ဘော်ဒီဝိတ်တက်လာမယ်ထင်ရဲ့...

mstint said...

ဖြစ်ရလေ မိုးငွေ့ရယ်။ ကိုယ့်ကိုယ်ကို ဒဏ်ခတ်ရတယ်လို့း))မသိယောင်ဆောင်လိုက်ပြီးရေား)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

ဟင့်လွဲချက်ကလဲ သေချာကြည့်ပါတော့လားလို့း(

အမ်တီအန် said...

ဒါမျိုးကြီးလည်း ဖြစ်တတ်ပါသည် မိုးငွေ့ရေ...
နောက်တစ်ကြိမ် သေချာပေါက် ဆုံကြဦးမှာပါ...
အားတင်းထား...။
( အဲ့လို ဒဏ်ခတ်တာမျိုးတော့ သဘောကျစွာ မှတ်ထားလိုက်တယ်။ )