ခရမ်းသီးအသေးလေးပုစွန်ဆိတ်နှပ် ပန်းစိမ်းဥနီကြော် ချဉ်ပေါင်ဟင်းရည်
ချဉ်ပေါင်ဟင်းချက်နည်းကတော့ လူတိုင်းအသိမို့မပြောတော့ဘူးနော်..။ ခါတိုင်းခရမ်းသီးနှပ်သလိုပါပဲ ပုစွန်ခြောက်အစား ပုစွန်ဆိတ်ကလေးတွေကိုထည့်ထားတာပဲကွာပါတယ်...။ ကြက်သွန်ဖြူနီအနှစ်ကို ဆီသတ် ကြက်သွန်နွမ်းရင် နနွင်း ငရုတ်သီးမှုန့်ထည့်မွှေ ငရုတ်သီးစိမ်းနံ့ပျောက်မှာ သန့်ထားပြီးသား ပုစွန်ဆိတ်ကလေးတွေကို ထည့်ကြော် ငံပြာရည်ထည့် နဲနဲမွှေပြီးတာနဲ့ အလုံးမကွဲအောင်လေးစိပ်စိပ်ထားတဲ့ ခရမ်းသီးကလေးတွေကိုထည့် ရေနွေးထည့်နှပ်ပြီး ဆီပြန်လာတာနဲ့ အပေါ့အငံမြည်းပြီးရင် ရပါပြီ။ ပန်းစိမ်ကတော့ ဆားရေနဲ့ဆေး ရေနွေးဆူဆူမှာ ခနဖျောပြီး ကြက်သွန်ဖြူဆီသတ် ခရုဆီ ပဲငံပြာရည်အကြည် နှမ်းဆီမွှေးတို့နဲ့ကြော်ပါတယ်...။
ကော်ရည်ဆမ်းတာကြိုက်ရင်တော့ ပြောင်းမှုန့်လေးရေဖျော်ပြီး ငရုတ်ကောင်းမှုန့်ဖြူးပြီး လောင်းလိုက်ပါ..။

ဘဲဥဆီပြန် ကကူရန်ခြောက်ထောင်းကြော် ပဲနီလေးဟင်းချို
ကကူရန်ငါးခြောက်ထောင်းကြော်...။ အမေက ကြက်သွန်ကိုမလှီးပဲအနှစ်ထောင်း သလိုထောင်းပြီးကြော်ဆိုလို့ ကြက်သွန်ဖြူနီကို ညက်အောင်ထောင်းပါတယ်...။ ငါးခြောက်ကိုတော့ရေနွေးစိမ်ပြီးဆေးပါတယ် အငံကြောက်ရင်တော့ တရေပြုတ်ပစ်တာပိုကောင်းပါတယ်...။ အသားတွေကို မညက်တညက်ထောင်းထားတယ်...။ ထောင်းထားတဲ့ငါးခြောက်တွေကို ဆီများများမှာ ခြောက်နေအောင်ကြော်ပြီး သတ်သတ်ဖယ်ထား...။ ကြက်သွန်နှစ်ကိုမေ့ွှးပြီး ခြောက်နေအောင်ကြော်(မတူးစေနဲ့) ပြီးတာနဲ့ ငရုတ်သီးအကြမ်းမှုန့်ထည့်ကြော် ဆား ငံပြာရည်ထည့်စရာ မလိုတော့ဘူး ငါးခြောက်ကငံပြီးသား...။ ငရုတ်ကြီးမှုန့်ကထည့်ပြီးတာနဲ့ မီးပိတ်လိုက်တော့ မဟုတ်ရင် ငရုတ်သီးပါတူးကုန်မယ်...။ အနှစ်ထဲကို စောစောက ကြော်ထားတဲ့ ငါးခြောက်သားတွေကိုရောထည့်မွှေ... ဒါဆို ကကူရန်ခြောက်ထောင်းကြော် စပ်စပ်မွှေးမွှေးလေးရပြီ...။
ငါးမြင်းဆီပြန် သရက်သီးစိမ်းသုပ် ပန်းစိမ်းပဲသီးကြက်အူချောင်းကြော်
ကိုယ်ကငါးဟင်းမကြိုက်သူမို့ ငါးဟင်းစပယ်ရှယ်လစ်တစ်ယောက်မဟုတ်ပါဘူး...။ သိပ်မချက်တတ်တဲ့ကြားက ကြိုးစားပြီးချက်ထားတဲ့ ငါးမြင်းဟင်းချက်နည်းလေးကို ပြောပြပါမယ်...။ ငါးမြင်းကို ဆား နနွင်းနယ်ထား...။ ကြက်သွန်ဖြူနီအနှစ်ကိုဆီမွှေးသတ် ကြက်သွန်ရရင် ခရမ်းချဉ်သီးပါးပါးနုတ်နုတ်လှီးထားတာကိုထည့်ကြော် ဆား ငံပြာရည်လိုသလိုထည့် ခရမ်းချဉ်သီးခြောက်လာမှ နယ်ထားတဲ့ငါးထည့်ကြော်မယ် ငါးအရည်ခြောက်ရင် ရေနွေးလေးထည့်ပြီး ငါးကျက်တဲ့အထိ မီးမြေ့မြေ့လေးနဲ့တည်ထားပါ...။ ဆီပြန်လာရင် နံနံ ငရုတ်သီးစိမ်းအုပ်လိုက်ရင် ရပါပြီ...။
ကြက်ဥဆီပြန် ပိန်းဥပဲနီဟင်းချို ကင်းမွန်သီးပုစွန်ခြောက်နှပ်

ပိန္နဲသီးဝက်ရိုးပဲပုပ်ဟင်း မျှစ်ဒုက္ခ ငါးကြင်းငှက်ပျောဖက်ပေါင်းထုပ်
ပန္နဲသီးက ဈေးထဲကနေ ခွာပြီးတုံးပြီးသားတစ်ထောင်ဖိုးဝယ်ခဲ့ပါတယ်...။ ဝက်ခါးရိုးချဉ်ဆီပါတာကို တစ်ရေပြုတ်ပြီးသွန်ပစ်ပြီးမှာ ဆားနဲ့ပြန်ပြုတ်ထားပါတယ် ဝက်ရိုးဆူပြီး သိပ်မနူးခင်မှာပဲ ပိန္နဲသီးတုံးတွေကိုထည့်ပြုတ်ပါတယ်...။ အနှစ်ကတော့ ကြက်သွန်ဖြူနီဂျင်းငရုတ်သီးစိမ်းကို ပဲပုပ်နဲ့ထောင်းထားပါတယ် ...။ အနှစ်ထည့်ပြီး ခရမ်းချဉ်သီးကြီးကြီးတစ်လုံးကိုလက်နဲ့ဖဲ့ပြီးထည့် မီးအေးအေးနဲ့ ကြာကြာတည်ပေးပါတယ်...။ ဆူးပုပ်ကိုတော့ အားလုံးနူးအိပြီးမှခတ်ပါတယ်...။ ပဲပုပ်နံ့လေးမွှေးပြီး ချိုဆိမ့်နေတဲ့ ပိန္နဲသီးဟင်းတစ်ခွက်ပေါ့...။ မျှစ်ဒုက္ခကတော့ မျှစ်တစ်ခုကိုနှစ်ပိုင်းပိုင်း အမျှင်လေးတွေခြစ်ပြီး ရှမ်းငရုတ်သီးထောင်းအစာသွပ် ခေါက်ချိုးကြိုးနဲ့ တုတ်ပြီး ပြန်ကြော်ထားတာပါပဲ...။ အထဲကအစာသွပ်ထားတာက ကြက်သွန်ဖြူနီ ငရုတ်သီးစိမ်း မီးကင်ပြီး နံနံပင်နဲ့ပြန်ထောင်းတာပါ...။ ငါးကြင်းငှက်ပျောဖက်ပေါင်းဖို့ ငါးကြင်းချက်တုံးလေးတွေကိုရေစင်အောင်ဆေး ရေစစ်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီ ငရုတ်သီးစိမ်းစပါးလင်တို့နဲ့နယ်ပါတယ် ဆနွင်းနဲနဲ ခရမ်းချဉ်သီး ပင်စိမ်း ရှမ်းနံနံတို့ကို ခပ်ကြမ်းကြမ်းလက်နဲ့ပဲဖဲ့ပြီးထည့်ပါတယ်...။ အားလုံးကိုငါးနဲ့နယ်ပြီး တစ်နာရီလောက်နှပ်ထား... ဖက်နဲ့ထုပ်ပြီး ပေါင်းအိုးထဲ 25မိနစ်လောက်ပေါင်းလိုက်ပါ...။ ပင်စိမ်းနဲ့ရှမ်းနံနံနံ့လေးမွှေးနေသော ငါးကြင်းပေါင်းရပါပြီရှင့်...။ ရှမ်းပြည်မှာတော့ ငါးဥတွေကိုလည်း ခုလိုနည်းအတိုင်းပေါင်းကြပါတယ်။
မိုးငွေ့