Friday, 28 August 2020

အိပ်မက်လေး.....

 




ခုနောက်ပိုင်း Ar-T MV တွေတော်တော်များများလိင်တူချင်းကြိုက်တဲ့ BL ဇာတ်လမ်းတွေချည်းပဲ...။ အဲထဲမယ် "အိပ်မက်လေး" MV ကို သီချင်းရော သရုပ်ဆောင်မော်ဒယ်လ်လေးတွေပါကြိုက်တယ်....။ ကျွန်မက LGBT အားပေးသူတစ်ယောက်မို့ ကျွန်မအတွက် ယောကျာ်းချင်းကြိုက်တာဟာ သိပ်အဆန်းကြီးတော့မဟုတ်....။ ဒီလိုဘဝမျိုးကို သူတို့ကိုယ်တိုင်တမင်ဖန်တီးလုပ်ယူထားတာမှမဟုတ်ဘဲ ဒါဟာ မွေးရာပါ စိတ်တစ်ခု....။ အဲဒီစိတ်တွေဟာ ငယ်စဉ်က နစ်မြှုပ်နေခဲ့ရင် အရွယ်ရောက်တဲ့အခါ တချိန်မဟုတ်တချိန်တော့ပေါ်လာမှာပဲ ဖုံးဖိထားလို့မှမရဘဲလေ....။ ဒါကို ဂျီဘုန်း အခြောက်ဘာညာနဲ့ ချိုးနှိမ်မပြောသင့်ဘူးလို့ထင်ပါတယ်....။ 

ကျွန်မဒီသီချင်းထဲက Jay Baas လေးကို သိပ်ချစ်တာပဲ... သူ့မျက်နှာက sweet ဖြစ်တယ်....။ မျက်နှာမြင်ချစ်ခင်ပါစေဆုနဲ့ပြည့်တယ်....။ သရုပ်ဆောင်လည်း ကောင်းတယ်...။ သူ့ကြည့်ရတာ ပါပါး အားတီရဲ့ ချစ်သားထဲကတစ်ယောက်ဖြစ်ပုံရတယ်...။ မင်းသွေးခန့်လည်း ကောင်းပါတယ် ....။ အဲတလောက Ar-T  ရဲ့ MV တွေ ဆက်တိုက်ကြည့်ပြီး Netflix မှာလဲ ထိုင်း gay စီးရီးတွဲလေးတတွဲတောင်ကြည့်ဖြစ်လိုက်သေးတယ်....။ Ar-T MV လေးတွေက ချစ်စရာကောင်းပြီး Idea ကောင်းတယ်...ရိုတယ်ပေါ့လေ.....။ MV ဒါရိုက်တာက "Two Guys In Town"....


အိပ်မက်လေး MV ကိုမကြည့်ခင် Silent ကိုအရင်ကြည့်နော် 
ဇာတ်လမ်းလေးက to be continued လုပ်ထားတာ မိုက်တယ်





မူရင်း"အိပ်မက်လေး" သီချင်းရဲ့‌တေးရေးဆရာကတော့ ဆောင်းဉီးလှိုင်ဖြစ်ပြီး အဆိုရှင်က မို့မို့ ဖြစ်ပါတယ်....။ မို့မို့ဆိုတဲ့အချိန်တုန်းကတော့ သီချင်းခေါင်းစဉ်က "အိပ်မက်လေးထဲမှာ" ပါ....။ ခေတ်အရပြောင်းလဲ တိုးတက်လာတဲ့ ဂီတရေစီးကြောင်းမှာ မို့မို့ဆိုထားတာထက်  Ar-T ရဲ့ Version နှစ်ခုလုံးကို ပိုကြိုက်မိတယ်....။





2013 မှာ Ar-T က Version အသစ်ကို ကေကေမိုးနဲ့ featuring ဆိုပြီး ဖွေးဖွေးနဲ့ MV ထွက်ခဲ့ပါသေးတယ်...။ အဲတုန်းက MV ဇာတ်လမ်းလေးက Les ပုံစံလေးရိုက်ထားတာ ခုထွက်တဲ့ BL version နဲ့ရော နှစ်ခုလုံးက LGBT တွေချည်းပဲ...။ "အိပ်မက်လေး" MV က အဲတုန်းက Les ပုံစံလေးနဲ့လည်းကောင်းတယ်...။ လွန်ခဲ့တဲ့ခုနှစ်နှစ်က ဆိုပေမယ့် ခုချိန်ထိခေတ်မှီနေသေးတဲ့ Ar-T ရဲ့ ဆန်းသစ်တဲ့ creation idea လေးကို သဘောကျချီးကျူးမိတယ်....။
 

မိုးငွေ့

Saturday, 22 August 2020

ဓမ္မအထွေထွေ မှတ်စုများ(၄)

 

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ



ကျွန်မတို့ ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက်အနေနဲ့ မြတ်စွာဘုရားရှင်ကိုယ်တိုင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်အောင် လွတ်မြောက်လမ်းဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်လိုရှာတွေ့ခဲ့တယ် ဘာတွေကိုရှာတွေ့ခဲ့တယ်ဆိုတာကိုတော့ အရေးကြီးတဲ့ သိထားသင့်တဲ့အချက်ထဲမှာပါတယ်....။  ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့သိတော်မူခဲ့တဲ့ သစ္စာလေးပါးဟာ ဘာတွေလည်းဆိုတာ မှတ်သားထားဖို့ သိထားပြီးရင်လည်း လိုက်နာကျင့်ကြံအားထုတ်ဖို့ ကုသိုလ်ယူ ဆော်ဩလိုက်ပါတယ်...။


        သစ္စာလေးပါး
  1. ဒုက္ခသစ္စာ
  2. သမုဒယသစ္စာ
  3. နိရောဓသစ္စာ
  4. မဂ္ဂသစ္စာ

ဒုက္ခသစ္စာ

ဤတွင် ညွှန်းဆိုသော ဒုက္ခ ဟူသော စကားလုံးသည် လူအများနေ့စဉ်သုံးစွဲနေသည့် အဓိပ္ပါယ်နှင့် မတူပါ။ ဗုဒ္ဓဘာသာ ရဟန်းများ တရားဟောသည့်အခါတွင် 'မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ချစ်ခင်သူနှင့် ကွဲကွာခြင်း၊ မနှစ်သက်သူနှင့် အတူနေရခြင်း တို့သည့် ဒုက္ခဖြစ်သည်'ဟု မကြာခဏဟောကြားလေ့ရှိသည်။ အကျဉ်းအားဖြင့် တဏှာ၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းရာအာရုံဖြစ်ကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခတို့တည်း။ အမှန်တကယ်လည်း အဆိုပါ ဥပမာပေးချက်များသည် ဒုက္ခဖြစ်သော်လည်း ဒုက္ခ၏ သဘောမှာ ၎င်းဥပမာများထက် များစွာနက်နဲသည်။ အဖန်တလဲလဲ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော ရုပ်နာမ်ခန္ဓာ အားလုံးသည် ဒုက္ခ ဖြစ်သည်။ ပုထုဇဉ်တစ်ယောက်အနေဖြင့် မွေးဖွားစဉ်မှ သေဆုံးသည့် ကြားကာလ ဘဝတွင်ကြုံတွေ့ရသမျှ အားလုံးသည် ဒုက္ခဖြစ်သည်။ တစ်နည်းအားဖြင့် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ စသည်တို့သည် ဒုက္ခသစ္စာများ ဖြစ်ကြသည်။ 


ဇာတိ

သတ္တဝါများ ဘဝတစ်ခုမှ တစ်ခုသို့ ပြောင်းလဲနေခြင်း၊ မိခင်၏ ဝမ်းတွင်းဝယ် နေရခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ထင်ရှားစွာ တခုပြီးတစ်ခု ဖြစ်ပေါ်လာခြင်း တို့သည် ဇာတိ ဖြစ်သည်။

ဇရာ

သတ္တဝါများ အသက်အရွယ် အိုမင်းလာခြင်းသည် ဇရာ ဖြစ်သည်။

မရဏ

သတ္တဝါများ သေကြေပျက်စီးခြင်းသည် မရဏ ဖြစ်သည်။

သောက

တစ်စုံတစ်ခုသော ကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ စိုးရိမ်ပူပန်ခြင်းသည် သောက ဖြစ်သည်။

ပရိဒေဝ

တစ်စုံတစ်ခုသော ကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ ငိုကြွေးခြင်းသည် ပရိဒေဝ ဖြစ်သည်။

ဒုက္ခ

သတ္တဝါများသည် ခန္ဓာကိုယ်ကြီးကို အမြဲပြုပြင်နေရသည့် ဆင်းရဲခြင်းသည် ဒုက္ခ ဖြစ်သည်။

ဒေါမနဿ

သတ္တဝါများသည် စိတ်အလိုမကျသောအခါ စိတ်ဆင်းရဲခြင်းသည် ဒေါမနဿ ဖြစ်သည်။

ဥပါယာသ

သတ္တဝါများသည် အမှုကိစ္စများ ဆောင်ရွက်ခြင်းကြောင့် ပင်ပန်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံသောအခါ ပင်ပန်းခြင်း၊ ပြုလုပ်ခဲ့သော ကိစ္စများကို စဉ်းစားကာပင်ပန်းခြင်း၊ သူတစ်ပါးလုပ်ခဲ့သော ကိစ္စများအတွက် ပင်ပန်းရခြင်း စသည်တို့သည် ဥပါယာသ ဖြစ်သည်။
 
သတ္တဝါများသည် အမှုကိစ္စများ ဆောင်ရွက်ခြင်းကြောင့် ပင်ပန်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံသောအခါ ပင်ပန်းခြင်း၊ ပြုလုပ်ခဲ့သော ကိစ္စများကို စဉ်းစားကာပင်ပန်းခြင်း၊ သူတစ်ပါးလုပ်ခဲ့သော ကိစ္စများအတွက် ပင်ပန်းရခြင်း စသည်တို့သည် ဥပါယာသ ဖြစ်သည်။ 


သမုဒယသစ္စာ

ဘဝကို အဖန်တလဲလဲ အသစ်ဖြစ်စေသော စွဲလမ်းခြင်း၊ တွယ်ငြိခြင်း။ (တဏှာ)သည် ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းဖြစ်သည်။ တဏှာ တွင် သုံးမျိုးရှိသည်။ ကာမတဏှာ (ကာမဂုဏ်အာရုံများတွင် တပ်မက်ခြင်း)၊ ဘဝတဏှာ (ဘဝကို တပ်မက်ခြင်း)၊ ဝိဘဝတဏှာ (ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း) 

ကာမတဏှာ

ကာမဂုဏ်အာရုံများတွင် တွယ်ငြိခြင်းသည် ကာမတဏှာဖြစ်သည်။ ကောင်းမွန်သော အရသာ၊ ကောင်းမွန်သော အာရုံများကို ခံစားလိုခြင်း ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်လိုခြင်း၊ လိင်တူ လိင်ကွဲများကို တပ်မက်ခြင်း စသည့် အမျိုးမျိုးသော စွဲလမ်းတွယ်ငြိမှုများသည် ကာမတဏှာ ဖြစ်သည်။ ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းတစ်မျိုးဖြစ်သည်။

ဘဝတဏှာ

ဘဝကို တွယ်ငြိခြင်းသည် ဘဝတဏှာ ဖြစ်သည်။ ရှင်သန်နေထိုင်ရသည့် ဘဝကို လိုလားတောင့်တပြီး ဘဝသည် မပြတ်မဆဲဘဲ အကြိမ်အကြိမ်အဖန်ဖန် ဖြစ်သည်ဟု မှတ်ယူခြင်းဖြစ်သည်။

ဝိဘဝတဏှာ

သေဆုံးလျှင် ဘဝပြီးပြတ်သည်ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိ နှင့်တကွဖြစ်သော တဏှာသည် ဝိဘဝတဏှာဖြစ်သည်။


နိရောဓသစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ - ယော တဿာယေဝ တဏှာယ အသေသဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။ ဒုက္ခမှလွတ်မြောက်ပြီး ငြိမ်းအေးခြင်းဖြစ်သော တရားသည် အမှန်တကယ်ရှိသည်။ ဒုက္ခဖြစ်သည့် ရှင်သန်ခြင်း ဇာတိဘဝကို အဖန်တလဲလဲဖြစ်စေသည့် စွဲလမ်းတပ်မက်မှု ကိလေသာ တဏှာတို့ ချုပ်ငြိမ်းသည့် နိဗ္ဗာန်သည် ငြိမ်းအေးခြင်းအစစ်အမှန်ဖြစ်သည်။

မဂ္ဂသစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ အရိယသစ္စံ - အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ - သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။ ငြိမ်းအေးခြင်းဖြစ်သော နိဗ္ဗာန်သို့သွားရာ ကျင့်စဉ်နည်းလမ်းသည် အမှန်တကယ်ရှိသည်။ ၎င်းတို့မှာ မဂ္ဂင်ရှစ်ပါးဟု ခေါ်သည့် နည်းလမ်း ရှစ်ခုဖြစ်သည်။ 


  • မှန်ကန်သော အမြင်(သမ္မာဒိဋ္ဌိ)
  • မှန်ကန်သော ကြံစည်မှု(သမ္မာသင်္ကပ္ပ)
  • မှန်ကန်သော စကား(သမ္မာဝါစာ)
  • မှန်ကန်သော အလုပ်(သမ္မာကမ္မန္တ)
  • မှန်ကန်သော အသက်မွေးမှု(သမ္မာအာဇီဝ)
  • မှန်ကန်သော အားထုတ်မှု(သမ္မာဝါယာမ)
  • မှန်ကန်သော အောက်မေ့မှု(သမ္မာသတိ)
  • မှန်ကန်သော တည်ကြည်မှု(သမ္မာသမာဓိ) တို့ဖြစ်ကြသည်။


သမ္မာဒိဋ္ဌိ

မှန်ကန်သော အသိအမြင်ကို ခေါ်သည်။

  • ဒုက္ခသစ္စာကို သိမြင်ခြင်း၊ ဒုက္ခသစ္စာဖြစ်ကြောင်း သမုဒယသစ္စာကို သိမြင်ခြင်း၊ ဒုက္ခ ချုပ်ငြိမ်းရာ နိရောဓသစ္စာကို သိမြင်ခြင်း၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို သိမြင်ခြင်း၊

သမ္မာသင်္ကပ္ပ

မှန်ကန်သော အကြံအစည်ကို ခေါ်သည်။

  • ကာမဂုဏ်အစွဲမှ ထွက်မြောက်ရာကို ကြံစည်ခြင်း၊ သူတစ်ပါးတို့အတွက် ကောင်းစားရေး ချမ်းသာရေးကို ကြံစည်ခြင်း၊ သနားရှေးရှု၍ သတ္တဝါတို့၏ ချမ်းသာရေးကို ကြံစည်ခြင်း၊

သမ္မာဝါစာ

အသက်မွေးမှု နှင့် မဆိုင်ပဲ မှန်ကန်သောစကား ပြောဆိုခြင်းကို ခေါ်သည်။

  • မဟုတ်မမှန်ပြောဆိုခြင်း၊ ကုန်းတိုက်စကား ပြောခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောခြင်း၊ အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊

သမ္မာကမ္မန္တ

အသက်မွေးမှု နှင့် မဆိုင်ပဲ မှန်ကန်သောအမှုကို ပြုခြင်းကို ခေါ်သည်။

  • သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ ဝတ္ထုကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊

သမ္မာအာဇီဝ

မှန်ကန်သော အသက်မွေးမှု ပြုခြင်းကို ခေါ်သည်။

  • အသက်မွေးမှုလုပ်ငန်း ပြုလုပ်ဆောင်ရွက်ပါက နှုတ်မှုစရိုက်ဆိုး (၄) ပါး၊ ကိုယ်မှုစရိုက်ဆိုး (၃) ပါးကို ရှောင်ကြဉ်ခြင်း၊

သမ္မာဝါယာမ

မှန်ကန်သော အားထုတ်မှုကို ခေါ်သည်။

  • မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ဆက်လက်မဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ထပ်မံ ပြန့်ပွားစေရန် အားထုတ်ခြင်း၊

သမ္မာသတိ

မှန်ကန်သော အောက်မေ့မှုကို ခေါ်သည်။

  • ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မဟူသော ရုပ်နာမ် သဘာဝတို့၌ အကြိမ်ကြိမ် လေ့လာအောက်မေ့ခြင်း၊

သမ္မာသမာဓိ

မှန်ကန်သော တည်ကြည်မှုကို ခေါ်သည်။

  • ရုပ်နာမ် သဘာဝကို ရှုမြင်ဆင်ခြင်ရာ၌ စိတ်ကို တည်ငြိမ်စွာ ထားရှိခြင်း၊

မဂ္ဂင် (၈) ပါးကို သိက္ခာ (၃) ပါးဖြင့် ပိုင်းခြားပုံ

မဂ္ဂင် (၈) ပါးတွင် သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝ (၃) ပါးသည် သီလတရားစု Virtue or Morality (Sila) ဖြစ်ပါသည်။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ (၃) ပါးသည် သမာဓိတရားစု Concentration or Mental discipline (samadhi) ဖြစ်ပါသည်။ သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ (၂) ပါးသည် ပညာတရားစု Wisdom or Insight (panna) ဖြစ်ပါသည်။

ဤ၌ သီလဟူသည် အာဇီဝဋ္ဌမကသီလာကို ဆိုလိုပါသည်။ ယင်းသည်လည်း လူတို့၏ အာဇီဝဋ္ဌမက၊ ရဟန်းတို့၏ အာဇီဝဋ္ဌမကသီလ ဟူ၍ (၂) မျိုးရှိရာ မိစ္ဆာဇီဝနှင့်တကွ ကာယဒုစရိုက် (၃) ပါး (ပါဏာတိပါတ − အဒိန္နာဒါန−ကာမေသုမိစ္ဆာစာရ) နှင့် ဝစီဒုစရိုက် (၄) ပါး (မုသာဝါဒ − ပိသုဏဝါစာ − ဖရုဿဝါစာ − သမ္ဖပ္ပလာပ္ပ) ဟူသော ဒုစရိုက်တရားများ လုံခြုံလျှင် လူတို့အတွက် အာဇီဝဋ္ဌမကသီလ လုံခြုံသည် မည်ပါသည်။ ရှစ်ပါးသီလ၊ ကိုးပါးသီလနှင့် ဆယ်ပါးသီလများကား ထိုအာဇီဝဋ္ဌမကသီလ၌ အမွှမ်းတင်သီလ (သို့) အရောင်တင်သီလစုများသာ ဖြစ်ပါသည်။ သိက္ခာပုဒ် ပညတ်ချက် (၂၂၇) သွယ်လုံခြုံလျှင် ရဟန်းများအတွက် အာဇီဝဋ္ဌမကသီလ လုံခြုံသည် မည်ပါသည်။ ယင်းဆိုင်ရာသီလများကို လုံခြုံအောင်ထိန်းနေသူများသည် သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝမဂ္ဂင်ဖောင် စီးနေသူများပင် ဖြစ်ပါသည်။

သီလမဂ္ဂင်များပြည့်စုံပြီးနောက် ကာယဂတာသတိ (ထွက်သက်ဝင်သက်) ကို တည်ထောင်ပြီး သမထလမ်းသို့ မလိုက်ဘဲ ဝိပဿနာလမ်း သက်သက်ကို လိုက်၍ အားထုတ်လျှင် သုဒ္ဓဝိပဿနာယာနိကလမ်းကို လိုက်နေသူ ဖြစ်ပါသည်။ ကာယဂတာသတိ တည်ထောင်ပြီး ဈာန် သမာပတ်လမ်းစဉ်ကို လိုက်ပြီးမှ ဝိပဿနာလမ်းသို့ တင်၍ အားထုတ်ပြန်လျှင် သမထ ဝိပဿနာယာနိကလမ်းကို လိုက်သူများဖြစ်ကြသည်။ ယင်းလမ်းကြောင်း နှစ်ကြောင်းလုံးကို လိုက်နေသူသည် သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်ဖောင်ကြီးကို စီးနေသူများပင် ဖြစ်၏။ ယင်း သီလမဂ္ဂင် နှင့် သမာဓိမဂ္ဂင် ပြည့်စုံလျှင် ထိုက်သည့်အားလျော်စွာ ပညာကိစ္စလည်း ပြီးစေနိုင်သောကြောင့် သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ ပညာမဂ္ဂင်ဖောင်ကြီးကိုလည်း စီးနေကြသူများပင် ဖြစ်ပါသည်။ ။ 

 

ပိသုဏဝါစာကံ၏ အင်္ဂါ ၄-ပါး

ချစ်သူနှစ်ဦး ကွဲအောင် ကုန်းတိုက်ပေးမှု အင်္ဂါ လေးပါး။

(၁) ဘိန္ဒိတဗ္ဗ ပုဂ္ဂလ- အခွဲအတိုက် ခံရသူ၊

(၂) တပ္ပုရ ပိယ ကမျတာ- မိမိကို ချစ်စေလို၍ ကွဲပြားမှုကို ရှေးရှုခြင်း အဖြစ်၊

(၃) ဝါယမ- လုံ့လပြုခြင်း၊ ရန်တိုက်ခြင်း၊

(၄) ဇာနန- မိမိရန်တိုက် ပြောဆိုအပ်သူက မိမိစကားကို သိနားလည်ခြင်း။

ပိသုဏဝါစာ ကံ၏ မကောင်းကျိုး (၇)ပါး

ပိဋကတ်တော်တို့မှ ရသလောက် စုပေါင်း၍ ပြလိုက်သည်၊ တကျမ်းတဖွဲ့တည်း၌ စုပုံလျက်မရှိပေ။

(၁) အပါယ်လေးပါးသို့ လားရခြင်း၊

(၂) ချစ်သူတို့နှင့် ကွေကွင်းရခြင်း၊

(၃) မိတ်ဆွေခြွေရံ နည်းပါးခြင်း၊

(၄) သူတော်ကောင်းတရား၌ သဒ္ဓါပျက်တတ်ခြင်း၊

(၅) သူတပါးတို့လုံ့လကြောင့် သေရခြင်း၊

(၆) လူများ၏ အမုန်းကိုခံရခြင်း၊

(၇) စိတ်ညစ်ညူးစိုးရိမ်ရခြင်း။ 


 ကိုးကား ။    ။ ဝီကီပီဒီးယား၊ 

  • Buddhist Teachings:Noble Eightfold Path
  • Blogsome
  • အရှင်ဧသိက (ဘုန်းနွယ်). ထေရဝါဒ ဗုဒ္ဓဘာသာ
  • ဗုဒ္ဓဘာသာကောင်းတစ်ယောက် − သာသနာရေးဝန်ကြီးဌာန

  • မိုးငွေ့

    Friday, 14 August 2020

    Something in the rain......

     



    မိုးတွေသည်းတဲ့ နေ့ခင်းတစ်ခုမှာ ကိုယ့်ဆီကို မက်ဆေ့တစ်ခုရောက်လာခဲ့တယ်....။

    တိုက်ဆိုင်လိုက်တာ ကိုယ်သူ့ကို သတိရလို့ သူနဲ့စတွေ့တုန်းက ဆက်တိုက်နားထောင်ဖြစ်ခဲ့တဲ့ ဟဲလေးသီချင်းတစ်ပုဒ်ကို ခုတလော နေ့စဉ်ပြန်နားထောင်ဖြစ်နေတာ....။ 

    "အစစအရာရာအတွက် တောင်းပန်ပါတယ်နော်"တဲ့... အို...ရပါတယ် ကိုယ်ဘာကိုမှ ဗွေမယူပါဘူး....။ ရက်ပေါင်းကြာရှည်သွားခဲ့တဲ့ မက်ဆေ့တစ်ခုအတွက်ဆိုလိုတာမှန်းကိုယ်သိပါတယ်....။

    ကိုယ်သူ့ကို ရက်တော်တော်ကြာတဲ့အထိ မေ့ထားခဲ့တယ်....။ သူကိုယ့်နားကနေ ကိုယ်ယောင်ဖျောက်သွားကတည်းကပေါ့....။ ခုနောက်ပိုင်း ခံစားမှုတွေနဲ့ပတ်သက်ပြီး ကိုယ်..စိတ်ထားတတ် နေတတ်သွားခဲ့တာ ဘာသာရေးကြောင့်လည်းပါတယ်...။ ဗြဟ္မဝိဟာရတရားလေးပါးထဲက ဉပေက္ခာတရားကို ကိုယ်ကောင်းကောင်းကျင့်သုံးတတ်နေပြီလေ...။ ဆိုတော့ ကိုယ့်နားဘယ်သူရှိရှိ မရှိရှိ ကိုယ်ဘာမှ သိပ်မခံစားတတ်တော့ဘူး...။ 

    ပြီးတော့ စတွေ့ကတည်းက ကိုယ်တို့အွန်လိုင်းမှာစကားပြောကြရင်လည်း သူက အမြဲပျောက်ပျောက်နေကျလေ...။ ကိုယ့်ကို  နှစ်ပတ်နေမှတစ်ခါ တစ်လလုံးနေမှတခါ စကားလာပြောနေကျဆိုတော့ သံယောဇဉ်သေးသေးမျှင်မျှင်တစ်ကြိုးအတွက်နဲ့ ထူးပြီး ခံစားမနေတော့ပါဘူး...။

    ကိုယ့်ကို သတိတရနဲ့ ကိုယ့်ဆီရောက်လာပြီး နှုတ်ဆက်တာ သူ့စိတ်ထဲ ကိုယ်ရှိနေတယ်ဆိုတာကိုပဲ ကျေနပ်ကြည်နူးစရာ မဟုတ်လား....။ ဘာပဲဖြစ်ဖြစ် လူတစ်ဦးတစ်ယောက်အတွက် ကိုယ်ဟာ စိတ်ချမ်းသာစရာ တစ်ခုပေးစွမ်းနိုင်တယ်ဆိုရုံလေးနဲ့ ဘဝဟာ နေပျော်နေပါပြီ....။ ကျန်တာ ကိုယ်ဘာမှ မမက်မောတော့ဘူး...။ ဟိုအရင်ကလို ကိုယ့်ကို သတိရနေရဲ့လားလို့လည်း မသိချင်တော့ဘူး...။ 

    ဒါပေမယ့် အဲဒီနေ့က မိုးရေစက်တွေထဲမှာ လက်ခနဲ ကိုယ်တစ်ခုခုကို တွေ့လိုက်ရတယ်....။ 
    အဲဒါကတော့ မေတ္တာရောင်ပြန်တစ်ခုပဲ.....။

    မိုးစက်တွေ တဖျောက်ဖျောက်နဲ့ ကိုယ်တို့နှစ်ယောက်ကော်ဖီအတူ ထိုင်သောက်ရမယ့်နေ့မျိုး ကြုံဆုံလာဦးမှာပါလို့ ယုံကြည်လျက်.................................



    Something in the rain ကိုရီးယာ စီးရီးတွဲလေး Netflix မှာကြည့်ပြီးသွားပြီ 
    ဒီပို့စ်ခေါင်းစဉ်ကို သူ့ဆီကယူထားတာ သီချင်းလေးလဲ နားထောင်လို့ရအောင်တင်ပေးထားတယ်နော်....
     
    ........... love you all, my readers ...........






    မိုးငွေ့

    Thursday, 13 August 2020

    ဓမ္မအထွေထွေ မှတ်စုများ(၃)

    နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

    နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

    နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ



    ဗုဒ္ဓဘာသာဝင်စစ်မှန်ရင် အခြေခံဘုရားရှိခိုးနည်းပြီရင် ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုလည်း သိထားသင့်ပါတယ်....။ ဂုဏ်တော်ကိုးပါးကို နှုတ်တိုက် အလွတ်ရွတ်ဆို ပုတီးစိပ်လုပ်နေကြပေမယ့် အနက်အဓိပ္ပါယ်ကိုရော သိရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်သင့်ပါတယ်...။ ပုတီးစိပ်လည်း ပုတီးတစ်လုံးတစ်လုံးချတဲ့အခါ ဂုဏ်တော်တစ်ခုခြင်းစီကို စိတ်ကဖြစ်စေ နှုတ်ကဖြစ်စေ ရွတ်ဆိုရင်း အဓိပ္ပါယ်ကိုလည်းတစ်ခါတည်း နှလုံးသွင်းရွတ်ဆိုတာ ပိုပြီး ထိရောက် အကျိုးရှိပါတယ်....။ ခုလို ဝါတွင်းသုံးလမှာ ရက်ကိုးဆယ် သစ်တံခါးဆရာတော်ရဲ့ ဂုဏ်တော်ကိုးပါး အဓိဌာန် ပုတီးစိပ်နည်း တော်တော်များများ စိပ်ကြတယ်....။ ပုတီးစိပ်တဲ့အခါ ဩကာသ ဘုရားရှိခိုး သီလယူ အမျှဝေပြီးတာနဲ့ ကိုယ်စစိပ်မယ့် ဂုဏ်တော်ကိုရွတ် အနက်ဓိပ္ပါယ်ကိုပါတခါတည်းရွတ်ပြီးမှ ပုတီးတစ်လုံးခြင်းဆီစိပ်တာ ကိုယ့်ရဲ့အဓိဌာန် ကိုယ့်ရဲ့ဆုတောင်းကို ပိုပြီးထိရောက်စေပါတယ်...။ ဒါကြောင့်မို့လို့ ဂုဏ်တော်ကိုးပါး အနက်ကို မသိသူတွေ သတိမမူမိသူတွေ အားလုံးသိရအောင်လို့ ဒီပို့စ်လေးနဲ့ ကုသိုလ်ယူမျှဝေပေးလိုက်ပါတယ်နော်....။


    ဘုရား ဂုဏ်တော် ၉ ပါး

    • အရဟံ
    • သမ္မာသမ္ဗုဒ္ဓေါ
    • ဝိဇ္ဇာစရဏ သမ္ပန္နော
    • သုဂတော
    • လောကဝိဒူ
    • အနုတ္တရော ပုရိသဓမ္မသာရထိ
    • သတ္ထာဒေဝ မနုဿာနံ
    • ဗုဒ္ဓေါ
    • ဘဂဝါ

    အရဟံ ဂုဏ်တော်

    ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်                   တော်မူသော မြတ်စွာဘုရား။

    သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်
    တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။
    ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်
    ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး) ၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသော မြတ်စွာဘုရား။
    သုဂတော ဂုဏ်တော်
    အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
    လောကဝိဒူ ဂုဏ်တော်
    သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
    အနုတ္တရော ပုရိသဓမ္မသာရထိ ဂုဏ်တော်
    မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသောမြတ်စွာဘုရား။
    သတ္တာဒေဝ မနုဿာနံ ဂုဏ်တော်
    လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။
    ဗုဒ္ဓေါ ဂုဏ်တော်
    သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီး တစ်ပါးသူ တို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
    ဘဂဝါ ဂုဏ်တော်

    ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။

    ----------------------------------------------------

    ဝိဇ္ဇာဉာဏ်(၃)ပါး (ဂုဏ်တော်ကိုးပါး အမှတ်စဉ်(၃)မှရှင်း)
    ၁. ဗုဗ္ဗေနိဝါသဉာဏ် = ရှေးဘဝမှ နေခဲ့သော ခန္ဓာအစဉ်ကိုအောက်မေ့နိုင်သောဉာဏ်
    ၂. ဒိဗ္ဗစက္ခုဉာဏ်    =  နတ်တို့၏ မျက်စိကဲ့သို့ အပိတ်အပင်အတားအဆီးမရှိြမင်နိုင်သောဉာဏ်
    ၃. အာသဝက္ခယဉာဏ်  = အာသဝေါတရား လေးပါးကို ကုန်စင်အောင်ပြုတတ်သောအရဟတ္တ မဂ်ဉာဏ်
    အာသဝေါတရားဆိုသည်မှာ အထက်ဘဝဂ်မှ အောက်အဝီစိတိုင်အောင် မျောအောင် မြုပ်အောင် ပြုလုပ်တတ်သောတရားဖြစ်သည် ဟု ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဣတိဝုတ်ပါဠိတော်အာသဝက္ခယသုတ်မှာ ဟောကြားတော်မူခဲ့သည်။

    အာသဝေါတရားလေးပါးမှာ -

    1. ကာမာသဝ = ကာမ (၁၁)ဘုံ၌ မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော လောဘတရား။
    2. ဘဝါသဝ = နေဝသညာ နာသညာယတနဘုံ တည်းဟူသော ရူပ (၁၆)ဘုံနှင့် အရူပ (၄)ဘုံပေါင်း ဗြဟ္မာဘုံ (၂၀)၌ မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော လောဘတရား။
    3. ဒိဌာသဝ = အပါယ်လေးပါးသို့ကျအောင် ပြုလုပ်တတ်သော ဒိဌိတရား။
    4. အဝိဇ္ဇာသဝ = (၃၁)ဘုံလုံးကို ခြုံပြီး မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော မောဟတရား။

    ခက်ဆစ် 

    ဘဝဂ်  =  အမြင့်ဆုံးအဆင့် (ရဲရင့်ကြွေးကြော်သံ ဘဝဂ်တိုင်ညံစေ)

    ----------------------------------------------------------

    စရဏအကျင့်(၁၅)ပါး  (ဘုရားဂုဏ်တော်အမှတ်စဉ်(၃)မှရှင်း)

    1. သီလသံဝရ  = ကိုယ်ကျင့်သီလလုံခြုံခြင်း ။
    2. ဣန္ဒြိယသံဝရ  = မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ ဣန္ဒြေခြောက်ပါးကို လုံခြုံအောင် စောင့်ထိန်းခြင်း။
    3. ဘောဇနမတ္တညုတာ = စားသောက်ဖွယ် အာဟာရရေဘောဇဉ်၌ ချင့်ချိန်တိုင်းတာမှုရှိြခင်း။
    4. ဇာဂရိယနုယောဂ = နိုးနိုးကြားကြားရှိြခင်း ။
    5. သဒ္ဓါ = ရတနာမြတ်သုံးပါးနဲ့ ကံတရားကို ယုံကြည်ခြင်း ။
    6. သတိ  =  ကုသိုလ်၊ အကုသိုလ်တရားတို့၌ မမေ့မလျော့ဘဲ အမြဲသတိရနေခြင်း ။
    7. ဗာဟုသစ္စ  = ကုသိုလ်၊ အကုသိုလ် တရားတို့၌ အကြားအမြင်များခြင်း ။
    8. ဝီရိယ  =  ကုသိုလ်အလုပ်များ၌ ကြိုးစားအားထုတ်မှုရှိြခင်း ။
    9. ပညာ = တတ်ကောင်း သိကောင်းတဲ့ ပညာ၊ အသိပညာတို့မှာ ကျွမ်းကျင်လိမ္မာခြင်း ။
    10. ဟိရီ  = မကောင်းသောဒုစရိုက်များကို ကျူးလွန်ရန် ရှက်ခြင်း ။
    11. ဩတ္တပ္ပ  =  မကောင်းသော ဒုစရိုက်များကို ကျူးလွန်ရန် ကြောက်ခြင်း ။
    12. ရူပဝစရ ပထမဈာန်
    13. ရူပဝစရ ဒုတိယဈာန်
    14. ရူပဝစရ တတိယဈာန်
    15. ရူပဝစရ စတုတ္ထဈာန်
    စရဏတရားများက မဟာဂရုဏာတော်ကို ပြည့်စုံအောင် ပံ့ပိုးပေးကြပြီး သတ္တဝါများကို အကျိုးမဲ့မှုမှ ကယ်တင်ကာ အကျိုးရှိရာသို့ ပို့ဆောင်ပေးတော်မူသည်။  ( စရဏအကျင့်(၁၅)ပါးကို အရိပ်စစ်ဘလော့မှ ကူးယူပါသည်)

    ကိုးကား  ။     ။ ဝီကီပီးဒီးယား

    မိုးငွေ့

    Monday, 10 August 2020

    အကြောင်းတရားလေးပါး.....


    ခန္ဓာရှိရင် ဝေဒနာရှိတယ် ဝေဒနာရှိတော့ နာရတယ်....လူသာနာပါစေ စိတ်တော့မနာစေနဲ့တဲ့ ဟိုနေ့က ဝါဆိုသင်္ကန်းကပ်တော့ တိုက်အုပ်ဆရာတော်က မိန့်သွားခဲ့တာ....။ ရောဂါဝေဒနာဖြစ်ရင် လူတွေက အဲရောဂါဆီကိုပဲစိတ်ရောက်ပြီး သောကဖြစ်ကြတယ် စိတ်ဆင်းရဲရတယ်.....။ စိတ်ဆင်းရဲသောကရောက်တယ်ဆိုတာ ဒေါသဖြစ်တာပဲ ဒေါသဆိုတာ အကုသိုလ်စိတ်ပဲလေ...။ အဲဒါ ကျွန်မဖတ်မှတ်လေ့လာနေဆဲ ဒေါက်တာစိန်လင်းရေးသားထားတဲ့ "ရွှေစင်မြင်းမိုရ်အဘိဓမ္မာ" စာအုပ်ရဲ့ စိတ်အပိုင်းမှာပါတယ်....။ အရင်တုန်းက ကျွန်မ လူတစ်ယောက်ကိုမုန်းဖူးတယ် သူသေရင်တောင် အသုဘမပို့ဘူးလို့ ကျိန်းထားခဲ့ဖူးတယ်....။ အခုပြန်စဉ်းစားတော့ ကျွန်မအဲတုန်းက ဒေါသစိတ်တွေနဲ့ အကုသိုလ်တော်တော်ပွားခဲ့တာပဲလို့ နောင်တရမိတယ်...။ အဲဒီလူလည်းခုမသေသေးပါဘူး...။ လောကမှာ ဘယ်သူအရင်သေရမယ်ဆိုတာကို တိတိကျကျမသိဘဲနဲ့ ထင်ရာလျှောက်တွေး လျှောက်ပြောကြတာ သိပ်မှားတယ်....။ တကယ်လို့ သူမသေသေးဘဲလဲ ကိုယ်အရင် အနိစ္စရောက်သွားနိုင်တာပဲ...။ ခုတော့ အားလုံးကို မေတ္တာထား ခွင့်လွတ်တတ်သွားပါပြီ...။ ဘုရားဟောထားတဲ့ ပိဋိကတ်သုံးပုံထဲက အဘိဓမ္မာကိုလေ့လာရတာ အင်မတန်နက်နဲတယ်....။ တော်ရုံဉာဏ်နဲ့ နားမလည်နိုင်ဘူး....။ ပြီးတော့ ကျွန်မက သင်္ချာသိပ်ညံ့ခဲ့တော့ အဘိဓမ္မာမှာ နံပါတ်စဉ်တွေမှတ်ရတာတော်တော်လည်းများတယ်....။ အဲမှာစတွေ့တာပဲ....။ ကျွန်မလည်းဖတ်မှတ်လေ့လာနေရင်းက ဉာဏ်မှီရဲ့လားလို့ ကိုယ့်ကိုယ့်ကို မကြာခဏ သံသယဝင်မိတယ်....။ အဲလိုနဲ့ နားနားပြီး ဖတ်နေတာ နှစ်ပေါက်နေပြီ..... :)


    ခုကျွန်မ မနှစ်ကဒီလို မိုးတွင်း ဝါတွင်းကာလမှာပဲ ဒီလို ဩဂုတ်လမှာပဲ ဖြစ်ခဲ့ဖူးတဲ့ လက်ဖမိုးရောင်တာထပ်ဖြစ်တယ်....။ သတိထားမိတာ နှစ်တိုင်း ဒီလိုအချိန်မှာပဲဖြစ်တတ်တယ်... ။ မနှစ်က ဒီမှာ ရေးခဲ့ဖူးသေးတယ် ...။ ဖြစ်တာကြာတာနဲ့ မကြာတာပဲကွာတာ...။ မနှစ်ကဆိုလချီကြာသွားတယ် ဆေးခန်းလဲစုံ သွေးတွေလဲစစ် နောက်ဆုံး ရေခဲအိတ်ကပ်ပြီး တရားမှတ်တာနဲ့ပြန်ပျောက်သွားတယ်....။ အဲဒါပြောချင်တာ လူဆိုတာ ကံ စိတ် ဥတု အဟာရ ဆိုတဲ့ အကြောင်းတရာလေးပါးနဲ့ မကင်းသရွေ့ကတော့ ရောဂါဝေဒနာတွေကိုခံစားနေရဦးမှာပါပဲ...။ ဆိုတော့ ကျွန်မအခု အရမ်းနေတတ်သွားပြီ အဲဒီလက်ရောင်တဲ့ဆီကို အာရုံသိပ်မစိုက်တောဘဲ လုပ်စရာရှိတာလုပ်တယ် ရေခဲအိတ်ကပ်တာတို့ ဗိုက်တာမင်စီစားတာတို့လုပ်တယ်....။ စိတ်ကိုအေးအေးငြိမ်ငြိမ်ထားတယ် ခုအရောင်ပြန်ကျသွားတယ် နှစ်ရက်ပဲကြာလိုက်တယ်...။ ကျွန်မအထင် ကျွန်မစားလိုက်တဲ့အစာနဲ့ ရာသီဥတုနဲ့တိုက်ဆိုင်လို့ဖြစ်သွားတာပဲ....။ ခုစားနေတဲ့အစာတွေ ဆောင်းရာသီ နွေရာသီတုန်းကလည်းစားတာပဲ ဘာမှမဖြစ်ဘူးလေ....။ အဲဒါကို သဘောပေါက်သွားတော့ အရင်လို ဗျာများပြီး ဟိုဆေးခန်းပြ ဒီဆေးခန်းပြတွေလုပ်မနေတော့ဘူး....။ 





    ဒီလိုဖြစ်ရပ်ဟာ အလာဂျီတစ်မျိုးပါပဲ.... ။ အပူစာတွေစားတာများလို့ ကန်ထွက်တာ....။ ကျွန်မသတိထားမိတာ အဲလိုမဖြစ်ခင် နှစ်ရက်လောက်အလိုမှာ အညောင်းပြေအောင်ဆိုပြီး ကျွန်မ ခြေထောက်ကို ရေနွေးနဲ့ဆားစိမ်တာလုပ်တယ်....။ ပြီးတော့ ကျွန်မသက်တမ်းတစ်လျှောက် အကြွပ်ကြော်အစားများခဲ့တယ်....။ အဲဒါအပူစာတွေလေ....။ ချို ချဉ် ဖန် စပ် ခါး အငံဆိုတဲ့ အရသာခြောက်မျိုးရှိတယ်...။ အဲကမှနေပြီး ကြော်လှော် ဖုတ်ကင် ကြပ်တိုက်တာတို့ တာရှည်ထားခံအောင် အခြောက်ခံတာတို့ဆိုတာ အကုန်အပူစာတွေချည်းပဲ....။ စည်သွပ်ဗူးတို့ အသားပြား အသားလုံးတို့လို ရယ်ဒီမိတ်အစားစာဟာလဲ အပူစာတွေချည်းပဲနော်.....။ အရသာခြောက်မျိုးမှာတောင်မှ ချို ဖန် စပ် အငံကို ရှောင်ပြီး ချဉ် ခါး တွေကို ပိုစားပေးရတယ်....။ ဥပမာ တစ်ပတ်ကို သီးစုံချဉ်ဟင်းလိုမျိုး ချဉ်ပေါင် ကင်မွန်းချဉ်လိုဟင်းချိုမျိုး သုံးခါလောက်စား အခါးကိုလည်းအဲလိုပဲ...။ အအေးစာဖြစ်တဲ့ ဗူးသီး ကျောက်ဖရုံသီး ဖရဲသီးနဲ့ ဖီးကြမ်းငှက်ပျောတို့လိုမျိုးကိုစားပေးပါ...။ အကြော်ကို ကြာကြာနေမှတခါစားပေါ့ နေ့စဉ်ရက်ဆက်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် မကောင်းဘူး....။ ရောဂါဝေဒနာတွေကို ဖိတ်ခေါ်သလိုဖြစ်မယ်...။ အခါးမှာတောင် ပူခါးနဲ့ အေးခါးနှစ်မျိုးရှိတဲ့အထဲ အေးခါးကိုပဲစားပေးပါ...ဥပမာ ဂွေးတောက်ရွက်လိုဟာမျိုး ကြက်ဟင်းခါးသီးတို့ ကြောင်ရှာသီးတို့ဆိုတာက ပူခါးတွေမို့ ခဏခဏမစားရင်ပိုကောင်းတာပေါ့...။ ငရံ့ပလူရွက်တို့ သခွပ်ပွင့်တို့လိုမျိုးတွေ သုပ်စားတာကောင်းတယ်...။ ဝမ်းကျန် ဆီးကျန်တွေမဖြစ်ရအောင်လည်း မကျည်းဖျော်ရည်တို့ ဒိန်ချဉ်တို့လိုဟာကို နေ့စဉ်သောက်ပေးသင့်ပါတယ်...။ ရေမချိုးခင် နာရီဝက်အလိုလောက်ကို ရေနှစ်ခွက်သောက်ပြီး ဆီးသွားပြီးမှချိုးပါ....။ ခေါင်းလျှော်မယ်ဆို ရေအရင်ချိုးပေးပါ ....ခေါင်းလျှော်ပြီးမှရေချိုးရင် အပူကခေါင်းပေါ်တက်စောင့်တော့ မျက်လုံးတိမ်ဖြစ်တာတို့ ဆံပင်ကျွတ်တာတို့ဖြစ်တတ်တယ်...။ ဒါတွေက ပင်လုံစာပေက တိုင်းရင်းဆေးဆရာကြီး ဦးရန်အောင်ရဲ့ ကျေးဇူးကြောင့်သိရတာ....။ 


    တန်ဆေး လွန်ဘေးဆိုတာကိုလည်း အမြဲနှလုံးသွင်းထားရမယ်....။ ဆရာကြီးဦးရန်အောင်ဆီမှာ ဆီးချိုကျအောင်လို့ဆိုပြီး တမာရွက်နေ့စဉ်နဲ့အမျှစားခဲ့လို့ သွေးတိုးရောဂါရကြောင်းမေးထားတာကို နားထောင်ရတယ်...။ ဘုရားဟောထားသလို အရာရာတိုင်းမှာ အလယ်လတ်လမ်းစဉ်ကိုပဲလိုက်တာကောင်းတယ်....။ အရာရာတိုင်းကို ညီညွတ်မျှတအောင် နေထိုင်စားသောက်ဖို့လိုတယ်....။ ခုချိန်မှာ အထူးသဖြင့် ကျွန်မတို့လို အသက်လေးဆယ်ကျော်လာရင် အစားအသောက်အနေအထိုင် ပိုဂရုစိုက်လာရပြီ....။ ငယ်ရွယ်စဉ်ကလို စားချင်တာစားလျှာကို အလိုမလိုက်သင့်တော့ဘူး.....။ သွေးသားပြောင်းလဲချိန်လဲဖြစ်တော့ ပိုသတိထားရတယ်....။ အိုချင်အိုပါစေ မနာချင်ဘူးဆိုသလိုပေါ့...။ ဘယ်သူကမှ ရောဂါဝေဒနာကို မခံစားချင်ကြဘူး...။ ဆိုတော့ ခန္ဓာရှိနေချိန်ကာလပတ်လုံးကတော့ တစ်နေ့မဟုတ် တစ်နေ့ ဝေဒနာကိုရင်ဆိုင်တွေ့ရမှာပဲ အဲလိုဖြစ်တဲ့အခါ သေးတာကိုမကြီးအောင် အနာသက်သာအောင် ဆင်ခြင်မျှတစွာနေထိုင်စားသောက်နိုင်ကြပါစေလို့ ဒီပို့စ်လေးနဲ့သတိပေး မျှဝေလိုက်ပါရစေ....။


    မိုးငွေ့


    Saturday, 8 August 2020

    ဖေဖေနဲ့ ဦးကျော်.....



    ပြီးခဲ့တဲ့ (၁၃.၇.၂၀၂၀) ကိုသားကြီးကွယ်လွန်ပြီး ၁၃နှစ်ပြည့်တဲ့နေ့မှာပဲ ဦးကျော်(ဦးဇင်းကိတ္ထိသာရ)ဟာ အသက်(၇၃)နှစ် ဝါတော်(၁၂)ဝါမှာ ပျံလွန်တော်မူသွားခဲ့ပါတယ်....။


    ဦးဇင်းဦးကိတ္ထိသာရကို ဦးကျော်လို့ပဲ ဒီပို့စ်မှာ ရေးပါရစေ.....။


    ဦးကျော်ကို ကျွန်မ ကလေးဘဝ လူမှန်းသိတတ်စကတည်းက ဦးကျော်ကို လူကိုယ်တိုင်မဟုတ်ပေမယ့် နာမည်ကို ရင်းရင်းနှီးနှီးရှိခဲ့ပါတယ်...။ ဘာကြောင့်လဲဆိုတော့ ကျွန်မဖေဖေ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ တာလေရွာ(ခုတော့တာလေမြို့) မှာ အဲတုန်းက ကချင်(၅)စစ်တပ်ကို တပ်ကြပ်ပြီးဘဝနဲ့ ပြောင်းလာကတည်းက အဲချိန် ၁၉၇၃-၇၄ ဝန်းကျင် ဦးကျော်လည်း မင်းသားတစ်ယောက်အဖြစ် နာမည်ရစအချိန် တစ်နိုင်ငံလုံး ပရိတ်သတ်တွေရဲ့ အားပေးမှုကိုရနေတဲ့အချိန်....။ ဖေဖေ ကချင်(၅)တပ်ကိုပြောင်းလာတော့ တာလေရွာထဲကိုအလည်လာတဲ့အခါ တစ်ရွာလုံးက လူတွေက ဖေဖေ့ကို ကျော်ဟိန်းနဲ့တူတယ်ဆိုပြီး ရွာကအပျိုတွေက အသေရှိတ်ကြတာတဲ့...။ ရှိတ်တယ်ဆိုတာ ဟိုတုန်းကစကား ခုခေတ်တော့ ငမ်းတယ်ခေါ်မလား...။ ဖေဖေက ဦးကျော်နဲ့မျက်နှာပေါက်နဲနဲဆင်တယ်....။ ဆံပင်ကောက်ကွေးတာချင်းလည်းတူတယ်...။ အဲခေတ်က ကော်လံကြီးကြီးနဲ့ ကိုယ်ကြပ်ရှပ်အကျီကို bell pants နဲ့ တွဲဝတ်တဲ့ ဖက်ရှင်ခေတ်...။ ဖေဖေရွာထဲလာရင် အဲလိုမျိုးဝတ်ပြီးလာတတ်တယ်...။ ဖေဖေက အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်တာကြိုက်တယ် သန့်သန့်ပြန့်ပြန့်နေတာကြိုက်တယ်...။ ခုခေတ်ဆိုရင်တော့ ဘောဒီတောင့်တောင့်မော်ဒယ်လ်တွေပုံစံမျိုးပေါ့... ။ အရပ်ကလည်း ၆ပေ၂လက်မလောက်ရှိတယ် အသားညိုညို အဲတုန်းက သံချေးရောင်အသားအရေ ပိုင်ရှင်လို့ခေါ်ကြတယ်....။


    ဒီလိုနဲ့ တစ်နေ့မှာ တာလေမှာနေတဲ့ ကျွန်မမေမေနဲ့လက်ထပ်ခဲ့ကြတယ်...။ ဖေဖေ့အကြောင်းကို ဒီပို့စ်မှာ ရေးခဲ့ဖူးပါတယ်...။ အဲတုန်းက မေမေဖက်က အဖွားက သဘောမတူဘူး....။ အဖွားက ဗီယက်နမ်ဆိုတော့ စကားဝဲတယ် ဖေဖေ့ကို ကျော်ဟိန်းလို့ တစ်ရွာလုံးကခေါ်တာ အဖွားက ကြူဟိန်းလို့အသံထွက်တယ်...။ မေမေနဲ့ဖေဖေတို့ ရန်ဖြစ်ကြရင် အဖွားကပြောလေ့ရှိတယ် ကြူဟိန်း ကြူဟိန်း ယူချင်လေဦးတဲ့....။ အော်...ပြောရဉီးမယ်.... ကျွန်မဖေဖေအောက်က ညီက မြတ်ကေသီအောင်တို့အဖေ ဦးမောင်လူကလေးပါ...ဦးလေးလဲ ဆီးချိုရောဂါနဲ့ကွယ်လွန်သွားခဲ့တာကြာပြီ....။ အရင် ဦးလေးရှိစဉ်က ဖေဖေ့အကြောင်းပြောပြလေ့ရှိတယ်...။ သူအဲတုန်းက မင်းသားသိပ်ဖြစ်ချင်လို့  ရန်ကုန် ဘောက်ထော်မှတ်တမ်းရုံးမှာ ဖေဖေအလုပ်လုပ်နေတဲ့ဆီကို ဖြူးကညွှတ်ကွင်းကနေတက်လာခဲ့တာ...။ ဦးလေးကပြောသေးတယ် သမီးအဖေကျေးဇူးကြောင့် ဦးဝါသနာပါတဲ့ ရုပ်ရှင်လောကထဲကိုရောက်လာခဲ့ရတာတဲ့.....။ တကယ်ဆို သမီးအဖေက မင်းသားလုပ်ရမှာ သူကမောင်နှမတွေထဲမှာ အရပ်အမောင်းကောင်းပြီး ရုပ်အဖြောင့်ဆုံး အစ်ကိုအစ်မတွေအချစ်ဆုံးတဲ့....။ ဖေဖေတို့က မောင်နှမဆယ်ယောက်ရှိတယ်...။  ဖေဖေကနံပါတ်ခုနှစ် ဦးမောင်လူလေးက နံပါတ်ရှစ်...။ ခုတော့လည်း အသက်ရှင်ကျန်နေတာဆိုလို့ သုံးယောက်ပဲရှိတော့တယ်....။ သရုပ်ဆောင် စူးရှနိုင်@ပက်ထရစ်ရှာကလည်း ဖေဖေ့အစ်မအကြီးဆုံးရဲ့မြေး ကျွန်မရဲ့တူမပေါ့....။ ဒါကတော့ ဦးကျော်နဲ့တူတဲ့ ဆက်စပ်ခဲ့တဲ့ ကျွန်မဖေဖေရဲ့ အဖြစ်ပျက်တစ်ချို့ပါ....။


    ငယ်ငယ်တုန်းက တာလေအိမ်မှာ ဗီဒီယိုရုံရှိတော့ ကလေးဘဝပိစိကွေးကတည်းက ရုပ်ရှင်နဲ့လုံးဝရင်းနှီးကျွမ်းဝင်ခဲ့တယ်...။ ဒါပေမယ့် အဲတုန်းက ဦးကျော်အခွေတွေထက် ရဲကိုကိုတို့ ရဲမင်းပိုင်တို့က နယ်ကြိုက်မင်းသားတွေဆိုတော့ သူတို့ကားဆိုပိုပြရတယ်...။ ဦးကျော်ကားဆို မြန်မာ့အသံမှာ စနေ တနင်္ဂနွေမှာလွှင့်တဲ့ အဖြူအမဲကားတွေကိုတော့ အဒေါ်က ရန်ကုန်ကနေအခွေကူးကူးပြီးပို့ပေးတော့ ကြည့်ရတယ်...။ ပြီးတော့ အိမ်မှာ အဒေါ်တွေအပျိုတုန်းက စုထားတဲ့ မင်းသားမင်းသမီး ဓါတ်ပုံအမ်လ်ဘမ်ကိုလည်း ခဏခဏထုတ်ကြည့်ည့်တာ ကြိုက်တယ်...။ အဲခေတ်က မင်းသားမင်းသမီးတွေကို စာတိုက်ကနေစာရေးပြီး ဓါတ်ပုံတောင်းတဲ့ခေတ်ကိုး...။ ဓါတ်ပုံနောက်တွေမှာလည်း လက်မှတ်တွေဘာတွေနဲ့ပေါ့....။ အဲဒီဓါတ်ပုံစာအုပ်ထဲမှာ မင်းသားမင်းသမီးတွေတော်တော်စုံတာ....။ ဦးကျော်တို့ ဦးမြတ်လေး ဦးဝင်းဦး ဦးညွန့်ဝင်း ဆရာ ဦးသုမောင် ဝါဝင်ဝင်းရွှေခင်သန်းနု ခင်သီတာထွန်း စန္ဒာ ဆွေဇင်ထိုက် စသဖြင့် အဖြူအမဲဓါတ်ပုံတွေ အများကြီးပဲ....။ အိမ်မှာ မေမေ့ညီမ အဒေါ်နှစ်ယောက်ကလည်း မဂ္ဂဇင်းမျက်နှာဖုံးမှာပုံပါဖူးတယ်လေ....။ ကြီးကြီးလှလို့ ကျွန်မတို့ခေါ်တဲ့(ခုတော့ဆုံးသွားပါပြီ) ဖေဖေ့အစ်မတစ်ယောက်ဆိုလည်း မဂ္ဂဇင်းမျက်နှာဖုံးပုံရိုက်ထားတာ သိပ်လှတာပဲ...။ သူတို့ခေတ်တုန်းက သူတို့တော့ဟုတ်နေကြတာပဲ...။ ပြောရမယ်ဆို အနုပညာမျိုးရိုးလေး နဲနဲရှိသည်ပေါ့....။ ကိုယ်တွေခေတ်ပွင့်လင်းမြင်သာတာတောင် ကိုယ်တိုင်က သတ္တိအဲလောက်မရှိခဲ့....။ လူရှေ့ထွက်ရမှာထက် နောက်ကွယ်ကနေပဲအလုပ်လုပ်ရတာကြိုက်တယ်...။ 


    ဖေဖေဆုံးပြီး ရန်ကုန်မှာကျောင်းလာတက်တော့မှ ဦးကျော်ရဲ့ ဗီဒီယိုခွေတွေ အများကြီးကြည့်ခဲ့ရတယ်...။ အဲတုန်းကဇာတ်ကားတစ်ခုမှာ ကားနာမည်က ကျွန်မစိတ်ထင် "ပထွေး"လားမသိ သိပ်မမှတ်မိတော့....။ မင်းသမီးက ထွန်းအိနြာဗို....။ ဦးကျော်က အဲကားမှာ ရှာမှရှားတဲ့ သဘောကောင်း စိတ်ထားကောင်းတဲ့ ပထွေးဇာတ်ရုပ်နေရာကနေ သရုပ်ဆောင်ထားတာ...။ အဲကားကြည့်ပြီး မေမေ့ကိုတောင် အဲလိုပထွေးမျိုးရမယ်ဆို နောက်အိမ်ထောင်ထပ်ပြုလိုက်လို့တောင်ပြောမိခဲ့တယ်....။ ဦးကျော်ရဲ့ ပီပြင် သဘာဝကျလှတဲ့ သရုပ်ဆောင်မှုအပေါ် အဲလောက်ရူးသွပ်ခဲ့ဖူးတယ်....။


    ဗီဒီယိုတွေကအများကြီး အမှတ်မိတော့ပေမယ့် အဖြူအမဲကားတွေမှာဆို "တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ" တို့ "အကာကအချစ်အနှစ်ကမေတ္တာ"တို့ "ကညာပျိုနဲ့ဇရာအို"တို့ "နေကျောက်ခဲ" ပြီးတော့ ဦးကျော် သနပ်ခါးပါးကွက်ကွက်ပြီး နားကွင်းနဲ့လမ်းသရဲလုပ်ပြီး သရုပ်ဆောင်ထားတာရှိသေးတယ် အဲကားကိုနာမည်မသိတော့လို့...။ အဖြူအမဲနောက်ပိုင်း ဆေးရောင်စုံကားကြီးတွေလည်း ဦးကျော်က အကယ်ဒမီတွေအများကြီးထပ်ရသေးတယ်....။ စည်းကမ်းကြီးပြီး လေးစားစရာကောင်းတဲ့ အလုပ်တစ်ခုကို မရရအောင်လုပ်တတ်တဲ့ ဦးကျော်ဟာ အနုပညာသက်တမ်း (၄၁)နှစ်မှာ အကယ်ဒမီဆု ငါးဆုကိုဆွတ်ခူးနိုင်ခဲ့ပြီး အသက်(၆၁) ပြည့်ပြီးတဲ့ ၂၀၀၈ခုနှစ် နိုဝင်ဘာလ(၈)နေ့မှာ လောကီကိုစွန့်ပြီး ရာသက်ပန်ရဟန်းဝတ်ခဲ့ပါတယ်..။ ဝါတော်(၁၂)ဝါ မွေးနေ့မတိုင်ခင်သုံးရက်အလိုမှာ တိုက်တိုက်ဆိုင်ဆိုင် ကိုသားကြီးဆုံးတဲ့နေမှာပဲ ပျံလွန်တော်မူခဲ့ပါတယ်...။


    ဦးကျော်ကြောင့် မသိခဲ့ဖူးတဲ့အသိတွေအများကြီးသိခဲ့ရတယ် မတွေးခဲ့ဖူးတဲ့အတွေးအခေါ်တွေ တွေးတတ်ခဲ့တယ်....။ ကြောင်းတရားတွေတိုက်ဆိုင်တိုင်း ဦးကျော်မျှဝေခဲ့တဲ့ အသိတရားတွေကို ပြန်တွေးရင် ကျေးဇူးတင်နေမိတယ်...။ ဦးကျော်ရောဖေဖေရော ကောင်းမွန်ရာဘဝကိုရောက်ရှိပြီး သံသရာအဆက်ဆက်ကအမြန်ဆုံးကင်းလွတ်နိုင်ပါစေလို့ ဒီပို့စ်နဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်....။


    ဖေဖေနဲ့မေမေ အဲတုန်းက ဖက်ရှင်အရမ်းလန်းတာနော်...




    မိုးငွေ့

    Tuesday, 4 August 2020

    ဓမ္မအထွေထွေ မှတ်စုများ(၂)


    နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

    နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

    နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ



    ကျွန်မတို့တွေ နေ့စဉ်ဘုရားရှိခိုးရင် ဩကာသ စရွတ်ကြတဲ့အခါ နောက်ဆုံး ဆုတောင်းပိုင်းကျတော့ ကန်တော့ရသောအကျိုးအားကြောင့် အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါး ဝိပတ္တိတရားလေးပါး ဗျဿနတရားငါးပါးတို့မှ အခါခပ်သိမ်းကင်းလွှတ်ငြိမ်းသည်ဖြစ်၍ လို့ဆိုကြတာမဟုတ်လား အဲဒီဆုတောင်းတဲ့ အပါးတွေရဲ့(ရန်သူမျိုးငါးပါးကလွဲပြီး) အနက်အဓိပ္ပါယ်အကုန်လုံးကို ကျွန်မအပါအဝင် မသိကြတဲ့သူတွေရှိကြပါလိမ့်မယ် ....။ အဲဒါကြောင့်အနက်လေးတွေကို ကျွန်မဆီစာလာဖတ်တဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် ပြန်ရေးပြချင်ပါတယ်....။ ငယ်စဉ်ကတည်းက ဘုရားရှိခိုးခဲ့တာ အလွတ်ကျက်ထားတဲ့အတိုင်း ပါးစပ်က ရွတ်နေတာတွေဟာ ဒီတိုင်းရွတ်နေတာထက်စာရင် အနက်အဓိပ္ပါယ်လေးပါသိပြီး လေးလေးနက်နက်ယုံကြည်ပြီး ရွတ်ဆိုတော့ ပိုထိရောက် ပိုပြီးကုသိုလ်ရပါတယ်...။ စိတ်ကအရမ်းအရေးကြီးတာနော်....ဘာပဲလုပ်လုပ် ဘာပဲပါးစပ်ကရွတ်ရွတ် စိတ်ထဲက လေးလေးနက်နက်မပါဘဲလုပ်ရင် အလကားပဲ.....။ ကုသိုလ်ရဖို့တကယ်ဆို ငွေကုန်ကြေးကျခံမှရတာမဟုတ်ပါဘူး စိတ်လေးထားတတ်ရင်ပဲ ကုသိုလ်ကအလိုလိုရတာပါ...။ မနာလိုဝန်တိုစိတ်ကင်းပြီး မုဒိတာတရားများများပွားနိုင်လေ ကုသိုလ်ကရနေတာ ခုခေတ်လို အရာတိုင်း ရလွတ်တတ်လွယ်နေတဲ့အချိန်မှာ အကုသိုလ်ကို ပိုက်ဆံပေးဝယ်သူတွေပိုများများလာတယ်....။ အဲဒါလေးကို ကိုယ်က သတိလေးထားပြီး ဆင်ခြင်နိုင်ရင် ကုသိုလ်ဖြစ်သွားတာပဲ ကုသိုလ်အကြောင်းတွေကို မနှစ်က ဒီပို့စ်မှာရေးဖူးခဲ့ပါတယ်...။


    အပါယ်(၄)ပါး

    ၁။ ငရဲ

    ၂။ တိရစာ္ဆန်

    ၃။ ပြိတ္တာ

    ၄။ အသူရကာယ်


    ကပ်(၃)ပါး

    (၁) သတ္တန္တရကပ် = လက်နက်ကြောင့် သေကြေပျက်စီးရခြင်း

    (၂) ရောဂန္တရကပ် = အနာရောဂါကြောင့် သေကြေပျက်စီးရခြင်း

    (၃) ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာပြတ်လပ်မှုကြောင့် သေကြေပျက်စီးရခြင်း 



    ရပ်ပြစ်(၈)ပါး

    (၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ စသော အပါယ်အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊

    (၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိဉာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ် ၊

    (၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ်အရပ် ၊

    (၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊

    (၇) ဘုရားပွင့်ဆဲအခါ တရားနားလည်လောက်သော ဉာဏ်မရှိသူ ၊

    (၈) တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊ 


    ရန်သူမျိုး(၅)

    (၁) ရေ

    (၂) မီး

    (၃) မင်း

    (၄) ခိုးသူ

    (၅) မချစ်မနှစ်သက်သောသူ 


    ဝိပတ္တိတရား(၄)ပါး

    ဝိပတ္တိတရားဆိုသည်မှာ ဖောက်ပြန်ချို့ယွင်းခြင်း၊ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရလေ၏။

    (၁) ကာလဝိပတ္တိ = မင်းဆိုး၊ မင်းယုတ်အုပ်စိုးသောအခါ ကာလ

    (၂) ဂတိဝိပတ္တိ = အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍

    (၃) ဥပဓိဝိပတ္တိ = ရူပါအဆင်းအင်္ဂါချို့တဲ့ခြင်း

    (၄) ပယောဂဝိပတ္တိ = အသိအလိမ္မာ ဉာဏ်ပညာ၊ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို ကြံစည်မူ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊ 


    ဗျဿနတရား(၅)ပါး

    (၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်း

    (၂) ဘောဂဗျဿန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း

    (၃) ရောဂဗျဿန = အနာရောဂါဖြစ်ခြင်း

    (၄) ဒိဋ္ဌိဗျဿန = မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း

    (၅) သီလဗျဿန = သီလပျက်ခြင်း စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း 


    ကိုးကား။       ။ ဝီကီးပီးဒီးယား



    မိုးငွေ့

    Saturday, 1 August 2020

    ဓမ္မအထွေထွေ မှတ်စုများ(၁)

    နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

    နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

    နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ



    ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိမိယုံကြည်ကိုးကွယ်တဲ့ ဘာသာရဲ့ နေ့ထူးနေ့မြတ်တွေကို သိထားသင့် မှတ်ထားသင့်တယ်ထင်လို့ တချို့နေ့တွေိကို မသိသေးတဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်...။ ဝါတွင်းသုံးလပတ်လုံးထဲမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုသတ်မှတ်သိထားပေမယ့် ကိုယ်ဟာ ဗုဒ္ဓဘာသာ(၅)မျိုးထဲက ဘယ်လိုလူမျိုးလည်းဆိုတာ စမ်းစစ်လို့ရအောင်လို့ရည်ရွယ်ပြီး မသိသေးသူများအတွက်လည်း ဗဟုသုတဖြစ်အောင် ကျွန်မဖတ်မှတ်လေ့လာ စုစည်းထားသလောက်လေးတွေကို ''ဓမ္မအထွေထွေ မှတ်စုများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပေးသွားပါမယ်....။ ဗုဒ္ဓဘာသာ(၅)မျိုးဆိုတာကိုတော့ မနှစ်က ဒီပို့စ်မှာ တင်ထားခဲ့ဖူးပါတယ်....။ 


    ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်အခါကြီးရက်ကြီးများ

    1. မြန်မာနှစ်ဆန်း ၁ ရက်နေ့          မင်္ဂလာအခါတော်နေ့
    2. ကဆုန်လပြည့်နေ့                      ဗုဒ္ဓအခါတော်နေ့
    3. နယုန်လပြည့်နေ့                        မဟာသမယ အခါတော်နေ့
    4. ဝါဆိုလပြည့်နေ့                         ဓမ္မစကြာအခါတော်နေ့
    5. ဝါဆိုလပြည့်ကျော် ၅ရက်         အနတ္တလက္ခဏာအခါတော်နေ့
    6. ဝါခေါင်လပြည့်နေ့                     မေတ္တာအခါတော်နေ့
    7. တော်သလင်းလပြည့်နေ့            ဂရုဓမ္မအခါတော်နေ့
    8. သီတင်းကျွတ်လပြည့်နေ့           အဘိဓ္ဓမာအခါတော်နေ့
    9. တန်ဆောင်မုန်းလပြည့်နေ့          သာမညဖလအခါတော်နေ့
    10. နတ်တော်လပြည့်နေ့                  ဓမ္မစာဆိုတော်နေ့
    11. ပြာသိုလပြည့်နေ့                       ရှင်တစ်ထောင်အခါတော်နေ့
    12. တပို့တွဲလပြည့်နေ့                     ဩဝါဒပါတိမောက်အခါတော်နေ့
    13. တပေါင်းလပြည့်နေ့                   မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့  

    ကိုးကား။     ။ ဝီကီးပီးဒီးယား


    မိုးငွေ့