Saturday, 22 August 2020

ဓမ္မအထွေထွေ မှတ်စုများ(၄)

 

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ



ကျွန်မတို့ ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက်အနေနဲ့ မြတ်စွာဘုရားရှင်ကိုယ်တိုင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်အောင် လွတ်မြောက်လမ်းဖြစ်တဲ့ နိဗ္ဗာန်ကို ဘယ်လိုရှာတွေ့ခဲ့တယ် ဘာတွေကိုရှာတွေ့ခဲ့တယ်ဆိုတာကိုတော့ အရေးကြီးတဲ့ သိထားသင့်တဲ့အချက်ထဲမှာပါတယ်....။  ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့သိတော်မူခဲ့တဲ့ သစ္စာလေးပါးဟာ ဘာတွေလည်းဆိုတာ မှတ်သားထားဖို့ သိထားပြီးရင်လည်း လိုက်နာကျင့်ကြံအားထုတ်ဖို့ ကုသိုလ်ယူ ဆော်ဩလိုက်ပါတယ်...။


        သစ္စာလေးပါး
  1. ဒုက္ခသစ္စာ
  2. သမုဒယသစ္စာ
  3. နိရောဓသစ္စာ
  4. မဂ္ဂသစ္စာ

ဒုက္ခသစ္စာ

ဤတွင် ညွှန်းဆိုသော ဒုက္ခ ဟူသော စကားလုံးသည် လူအများနေ့စဉ်သုံးစွဲနေသည့် အဓိပ္ပါယ်နှင့် မတူပါ။ ဗုဒ္ဓဘာသာ ရဟန်းများ တရားဟောသည့်အခါတွင် 'မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ချစ်ခင်သူနှင့် ကွဲကွာခြင်း၊ မနှစ်သက်သူနှင့် အတူနေရခြင်း တို့သည့် ဒုက္ခဖြစ်သည်'ဟု မကြာခဏဟောကြားလေ့ရှိသည်။ အကျဉ်းအားဖြင့် တဏှာ၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းရာအာရုံဖြစ်ကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခတို့တည်း။ အမှန်တကယ်လည်း အဆိုပါ ဥပမာပေးချက်များသည် ဒုက္ခဖြစ်သော်လည်း ဒုက္ခ၏ သဘောမှာ ၎င်းဥပမာများထက် များစွာနက်နဲသည်။ အဖန်တလဲလဲ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိသော ရုပ်နာမ်ခန္ဓာ အားလုံးသည် ဒုက္ခ ဖြစ်သည်။ ပုထုဇဉ်တစ်ယောက်အနေဖြင့် မွေးဖွားစဉ်မှ သေဆုံးသည့် ကြားကာလ ဘဝတွင်ကြုံတွေ့ရသမျှ အားလုံးသည် ဒုက္ခဖြစ်သည်။ တစ်နည်းအားဖြင့် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ စသည်တို့သည် ဒုက္ခသစ္စာများ ဖြစ်ကြသည်။ 


ဇာတိ

သတ္တဝါများ ဘဝတစ်ခုမှ တစ်ခုသို့ ပြောင်းလဲနေခြင်း၊ မိခင်၏ ဝမ်းတွင်းဝယ် နေရခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ထင်ရှားစွာ တခုပြီးတစ်ခု ဖြစ်ပေါ်လာခြင်း တို့သည် ဇာတိ ဖြစ်သည်။

ဇရာ

သတ္တဝါများ အသက်အရွယ် အိုမင်းလာခြင်းသည် ဇရာ ဖြစ်သည်။

မရဏ

သတ္တဝါများ သေကြေပျက်စီးခြင်းသည် မရဏ ဖြစ်သည်။

သောက

တစ်စုံတစ်ခုသော ကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ စိုးရိမ်ပူပန်ခြင်းသည် သောက ဖြစ်သည်။

ပရိဒေဝ

တစ်စုံတစ်ခုသော ကိစ္စကြောင့် ဖြစ်စေ၊ မိမိကိစ္စကြောင့် ဖြစ်စေ၊ သူတစ်ပါးကိစ္စကြောင့် ဖြစ်စေ ငိုကြွေးခြင်းသည် ပရိဒေဝ ဖြစ်သည်။

ဒုက္ခ

သတ္တဝါများသည် ခန္ဓာကိုယ်ကြီးကို အမြဲပြုပြင်နေရသည့် ဆင်းရဲခြင်းသည် ဒုက္ခ ဖြစ်သည်။

ဒေါမနဿ

သတ္တဝါများသည် စိတ်အလိုမကျသောအခါ စိတ်ဆင်းရဲခြင်းသည် ဒေါမနဿ ဖြစ်သည်။

ဥပါယာသ

သတ္တဝါများသည် အမှုကိစ္စများ ဆောင်ရွက်ခြင်းကြောင့် ပင်ပန်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံသောအခါ ပင်ပန်းခြင်း၊ ပြုလုပ်ခဲ့သော ကိစ္စများကို စဉ်းစားကာပင်ပန်းခြင်း၊ သူတစ်ပါးလုပ်ခဲ့သော ကိစ္စများအတွက် ပင်ပန်းရခြင်း စသည်တို့သည် ဥပါယာသ ဖြစ်သည်။
 
သတ္တဝါများသည် အမှုကိစ္စများ ဆောင်ရွက်ခြင်းကြောင့် ပင်ပန်းခြင်း၊ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံသောအခါ ပင်ပန်းခြင်း၊ ပြုလုပ်ခဲ့သော ကိစ္စများကို စဉ်းစားကာပင်ပန်းခြင်း၊ သူတစ်ပါးလုပ်ခဲ့သော ကိစ္စများအတွက် ပင်ပန်းရခြင်း စသည်တို့သည် ဥပါယာသ ဖြစ်သည်။ 


သမုဒယသစ္စာ

ဘဝကို အဖန်တလဲလဲ အသစ်ဖြစ်စေသော စွဲလမ်းခြင်း၊ တွယ်ငြိခြင်း။ (တဏှာ)သည် ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းဖြစ်သည်။ တဏှာ တွင် သုံးမျိုးရှိသည်။ ကာမတဏှာ (ကာမဂုဏ်အာရုံများတွင် တပ်မက်ခြင်း)၊ ဘဝတဏှာ (ဘဝကို တပ်မက်ခြင်း)၊ ဝိဘဝတဏှာ (ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း) 

ကာမတဏှာ

ကာမဂုဏ်အာရုံများတွင် တွယ်ငြိခြင်းသည် ကာမတဏှာဖြစ်သည်။ ကောင်းမွန်သော အရသာ၊ ကောင်းမွန်သော အာရုံများကို ခံစားလိုခြင်း ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်လိုခြင်း၊ လိင်တူ လိင်ကွဲများကို တပ်မက်ခြင်း စသည့် အမျိုးမျိုးသော စွဲလမ်းတွယ်ငြိမှုများသည် ကာမတဏှာ ဖြစ်သည်။ ဒုက္ခကို ဖြစ်စေသော အကြောင်းအရင်းတစ်မျိုးဖြစ်သည်။

ဘဝတဏှာ

ဘဝကို တွယ်ငြိခြင်းသည် ဘဝတဏှာ ဖြစ်သည်။ ရှင်သန်နေထိုင်ရသည့် ဘဝကို လိုလားတောင့်တပြီး ဘဝသည် မပြတ်မဆဲဘဲ အကြိမ်အကြိမ်အဖန်ဖန် ဖြစ်သည်ဟု မှတ်ယူခြင်းဖြစ်သည်။

ဝိဘဝတဏှာ

သေဆုံးလျှင် ဘဝပြီးပြတ်သည်ဟု ယူသော ဥစ္ဆေဒဒိဋ္ဌိ နှင့်တကွဖြစ်သော တဏှာသည် ဝိဘဝတဏှာဖြစ်သည်။


နိရောဓသစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ - ယော တဿာယေဝ တဏှာယ အသေသဝိရာဂ နိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။ ဒုက္ခမှလွတ်မြောက်ပြီး ငြိမ်းအေးခြင်းဖြစ်သော တရားသည် အမှန်တကယ်ရှိသည်။ ဒုက္ခဖြစ်သည့် ရှင်သန်ခြင်း ဇာတိဘဝကို အဖန်တလဲလဲဖြစ်စေသည့် စွဲလမ်းတပ်မက်မှု ကိလေသာ တဏှာတို့ ချုပ်ငြိမ်းသည့် နိဗ္ဗာန်သည် ငြိမ်းအေးခြင်းအစစ်အမှန်ဖြစ်သည်။

မဂ္ဂသစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနိ ပဋိပဒါ အရိယသစ္စံ - အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ။ သေယျထိဒံ - သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။ ငြိမ်းအေးခြင်းဖြစ်သော နိဗ္ဗာန်သို့သွားရာ ကျင့်စဉ်နည်းလမ်းသည် အမှန်တကယ်ရှိသည်။ ၎င်းတို့မှာ မဂ္ဂင်ရှစ်ပါးဟု ခေါ်သည့် နည်းလမ်း ရှစ်ခုဖြစ်သည်။ 


  • မှန်ကန်သော အမြင်(သမ္မာဒိဋ္ဌိ)
  • မှန်ကန်သော ကြံစည်မှု(သမ္မာသင်္ကပ္ပ)
  • မှန်ကန်သော စကား(သမ္မာဝါစာ)
  • မှန်ကန်သော အလုပ်(သမ္မာကမ္မန္တ)
  • မှန်ကန်သော အသက်မွေးမှု(သမ္မာအာဇီဝ)
  • မှန်ကန်သော အားထုတ်မှု(သမ္မာဝါယာမ)
  • မှန်ကန်သော အောက်မေ့မှု(သမ္မာသတိ)
  • မှန်ကန်သော တည်ကြည်မှု(သမ္မာသမာဓိ) တို့ဖြစ်ကြသည်။


သမ္မာဒိဋ္ဌိ

မှန်ကန်သော အသိအမြင်ကို ခေါ်သည်။

  • ဒုက္ခသစ္စာကို သိမြင်ခြင်း၊ ဒုက္ခသစ္စာဖြစ်ကြောင်း သမုဒယသစ္စာကို သိမြင်ခြင်း၊ ဒုက္ခ ချုပ်ငြိမ်းရာ နိရောဓသစ္စာကို သိမြင်ခြင်း၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို သိမြင်ခြင်း၊

သမ္မာသင်္ကပ္ပ

မှန်ကန်သော အကြံအစည်ကို ခေါ်သည်။

  • ကာမဂုဏ်အစွဲမှ ထွက်မြောက်ရာကို ကြံစည်ခြင်း၊ သူတစ်ပါးတို့အတွက် ကောင်းစားရေး ချမ်းသာရေးကို ကြံစည်ခြင်း၊ သနားရှေးရှု၍ သတ္တဝါတို့၏ ချမ်းသာရေးကို ကြံစည်ခြင်း၊

သမ္မာဝါစာ

အသက်မွေးမှု နှင့် မဆိုင်ပဲ မှန်ကန်သောစကား ပြောဆိုခြင်းကို ခေါ်သည်။

  • မဟုတ်မမှန်ပြောဆိုခြင်း၊ ကုန်းတိုက်စကား ပြောခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားကို ပြောခြင်း၊ အကျိုးမရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊

သမ္မာကမ္မန္တ

အသက်မွေးမှု နှင့် မဆိုင်ပဲ မှန်ကန်သောအမှုကို ပြုခြင်းကို ခေါ်သည်။

  • သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ ဝတ္ထုကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊

သမ္မာအာဇီဝ

မှန်ကန်သော အသက်မွေးမှု ပြုခြင်းကို ခေါ်သည်။

  • အသက်မွေးမှုလုပ်ငန်း ပြုလုပ်ဆောင်ရွက်ပါက နှုတ်မှုစရိုက်ဆိုး (၄) ပါး၊ ကိုယ်မှုစရိုက်ဆိုး (၃) ပါးကို ရှောင်ကြဉ်ခြင်း၊

သမ္မာဝါယာမ

မှန်ကန်သော အားထုတ်မှုကို ခေါ်သည်။

  • မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ဆက်လက်မဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ထပ်မံ ပြန့်ပွားစေရန် အားထုတ်ခြင်း၊

သမ္မာသတိ

မှန်ကန်သော အောက်မေ့မှုကို ခေါ်သည်။

  • ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မဟူသော ရုပ်နာမ် သဘာဝတို့၌ အကြိမ်ကြိမ် လေ့လာအောက်မေ့ခြင်း၊

သမ္မာသမာဓိ

မှန်ကန်သော တည်ကြည်မှုကို ခေါ်သည်။

  • ရုပ်နာမ် သဘာဝကို ရှုမြင်ဆင်ခြင်ရာ၌ စိတ်ကို တည်ငြိမ်စွာ ထားရှိခြင်း၊

မဂ္ဂင် (၈) ပါးကို သိက္ခာ (၃) ပါးဖြင့် ပိုင်းခြားပုံ

မဂ္ဂင် (၈) ပါးတွင် သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝ (၃) ပါးသည် သီလတရားစု Virtue or Morality (Sila) ဖြစ်ပါသည်။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ (၃) ပါးသည် သမာဓိတရားစု Concentration or Mental discipline (samadhi) ဖြစ်ပါသည်။ သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ (၂) ပါးသည် ပညာတရားစု Wisdom or Insight (panna) ဖြစ်ပါသည်။

ဤ၌ သီလဟူသည် အာဇီဝဋ္ဌမကသီလာကို ဆိုလိုပါသည်။ ယင်းသည်လည်း လူတို့၏ အာဇီဝဋ္ဌမက၊ ရဟန်းတို့၏ အာဇီဝဋ္ဌမကသီလ ဟူ၍ (၂) မျိုးရှိရာ မိစ္ဆာဇီဝနှင့်တကွ ကာယဒုစရိုက် (၃) ပါး (ပါဏာတိပါတ − အဒိန္နာဒါန−ကာမေသုမိစ္ဆာစာရ) နှင့် ဝစီဒုစရိုက် (၄) ပါး (မုသာဝါဒ − ပိသုဏဝါစာ − ဖရုဿဝါစာ − သမ္ဖပ္ပလာပ္ပ) ဟူသော ဒုစရိုက်တရားများ လုံခြုံလျှင် လူတို့အတွက် အာဇီဝဋ္ဌမကသီလ လုံခြုံသည် မည်ပါသည်။ ရှစ်ပါးသီလ၊ ကိုးပါးသီလနှင့် ဆယ်ပါးသီလများကား ထိုအာဇီဝဋ္ဌမကသီလ၌ အမွှမ်းတင်သီလ (သို့) အရောင်တင်သီလစုများသာ ဖြစ်ပါသည်။ သိက္ခာပုဒ် ပညတ်ချက် (၂၂၇) သွယ်လုံခြုံလျှင် ရဟန်းများအတွက် အာဇီဝဋ္ဌမကသီလ လုံခြုံသည် မည်ပါသည်။ ယင်းဆိုင်ရာသီလများကို လုံခြုံအောင်ထိန်းနေသူများသည် သမ္မာဝါစာ၊ သမ္မာကမ္မန္တနှင့် သမ္မာအာဇီဝမဂ္ဂင်ဖောင် စီးနေသူများပင် ဖြစ်ပါသည်။

သီလမဂ္ဂင်များပြည့်စုံပြီးနောက် ကာယဂတာသတိ (ထွက်သက်ဝင်သက်) ကို တည်ထောင်ပြီး သမထလမ်းသို့ မလိုက်ဘဲ ဝိပဿနာလမ်း သက်သက်ကို လိုက်၍ အားထုတ်လျှင် သုဒ္ဓဝိပဿနာယာနိကလမ်းကို လိုက်နေသူ ဖြစ်ပါသည်။ ကာယဂတာသတိ တည်ထောင်ပြီး ဈာန် သမာပတ်လမ်းစဉ်ကို လိုက်ပြီးမှ ဝိပဿနာလမ်းသို့ တင်၍ အားထုတ်ပြန်လျှင် သမထ ဝိပဿနာယာနိကလမ်းကို လိုက်သူများဖြစ်ကြသည်။ ယင်းလမ်းကြောင်း နှစ်ကြောင်းလုံးကို လိုက်နေသူသည် သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်ဖောင်ကြီးကို စီးနေသူများပင် ဖြစ်၏။ ယင်း သီလမဂ္ဂင် နှင့် သမာဓိမဂ္ဂင် ပြည့်စုံလျှင် ထိုက်သည့်အားလျော်စွာ ပညာကိစ္စလည်း ပြီးစေနိုင်သောကြောင့် သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပ ပညာမဂ္ဂင်ဖောင်ကြီးကိုလည်း စီးနေကြသူများပင် ဖြစ်ပါသည်။ ။ 

 

ပိသုဏဝါစာကံ၏ အင်္ဂါ ၄-ပါး

ချစ်သူနှစ်ဦး ကွဲအောင် ကုန်းတိုက်ပေးမှု အင်္ဂါ လေးပါး။

(၁) ဘိန္ဒိတဗ္ဗ ပုဂ္ဂလ- အခွဲအတိုက် ခံရသူ၊

(၂) တပ္ပုရ ပိယ ကမျတာ- မိမိကို ချစ်စေလို၍ ကွဲပြားမှုကို ရှေးရှုခြင်း အဖြစ်၊

(၃) ဝါယမ- လုံ့လပြုခြင်း၊ ရန်တိုက်ခြင်း၊

(၄) ဇာနန- မိမိရန်တိုက် ပြောဆိုအပ်သူက မိမိစကားကို သိနားလည်ခြင်း။

ပိသုဏဝါစာ ကံ၏ မကောင်းကျိုး (၇)ပါး

ပိဋကတ်တော်တို့မှ ရသလောက် စုပေါင်း၍ ပြလိုက်သည်၊ တကျမ်းတဖွဲ့တည်း၌ စုပုံလျက်မရှိပေ။

(၁) အပါယ်လေးပါးသို့ လားရခြင်း၊

(၂) ချစ်သူတို့နှင့် ကွေကွင်းရခြင်း၊

(၃) မိတ်ဆွေခြွေရံ နည်းပါးခြင်း၊

(၄) သူတော်ကောင်းတရား၌ သဒ္ဓါပျက်တတ်ခြင်း၊

(၅) သူတပါးတို့လုံ့လကြောင့် သေရခြင်း၊

(၆) လူများ၏ အမုန်းကိုခံရခြင်း၊

(၇) စိတ်ညစ်ညူးစိုးရိမ်ရခြင်း။ 


 ကိုးကား ။    ။ ဝီကီပီဒီးယား၊ 

  • Buddhist Teachings:Noble Eightfold Path
  • Blogsome
  • အရှင်ဧသိက (ဘုန်းနွယ်). ထေရဝါဒ ဗုဒ္ဓဘာသာ
  • ဗုဒ္ဓဘာသာကောင်းတစ်ယောက် − သာသနာရေးဝန်ကြီးဌာန

  • မိုးငွေ့

    No comments: