Showing posts with label အလှအပနှင့်ကျန်းမာရေး. Show all posts
Showing posts with label အလှအပနှင့်ကျန်းမာရေး. Show all posts

Monday, 25 May 2026

Myself.....

 


ဆယ်နှစ်လောက်ရှိတော့မှာပေါ့ ကျနော် ဒီလို ဆွဲဆောင်မှုရှိပြီး Sexy ကျတဲ့ ရေမွှေးအမျိုးအစားအသစ်ကို မသုံးဖြစ်ခဲ့တာ....။ ကျနော် ဟိုးအရင် 2017 လောက်က Perfume ဆိုတဲ့ ရေမွှေးတဲ့ပတ်သက်တဲ့ အက်ဆေးလေးတစ်ပုဒ်ရေးခဲ့ဖူးတာ ကျနော့်ဘလော့ကို စဉ်ဆက်မပျက်ဖတ်လာတဲ့သူတွေဆိုသိမှာပါ...။ ပြန်ဖတ်ချင်သူတွေအတွက် လင့်ခ်လည်းပြန်ချိတ်ပေးထားပါတယ်...။

ခုနောက်ပိုင်း ရေမွှေးတွေကို 50ml 100ml တွေတောင် ဝယ်မသုံးနိုင်တော့ဘူး ဈေးတွေက မိုးပေါ်ပျံ လက်ဆောင်လည်း ဈေးကြီးတော့ ဘယ်သူမှသိပ်မပေးကြတော့ဘူးလေ...။ ကျနော်လည်း အွန်လိုင်းမှာ ရောင်းတဲ့ Decant ကို 10ml 30ml လေးတွေပဲ ဝယ်သုံးဖြစ်တော့တယ် ပုလင်းကြီးဆို လေးငါးသိန်းအောက်ထစ်ဖြစ်နေပြီ....။ အခု YSL Myself Eau De perfum ကို ဒီလိုပဲ သူတို့ review တွေဖတ်ပြီး အသေးလေးတွေဝယ်ဆွတ်ကြည့်ရင်းက အနံ့လေးကြိုက်လို့ ပြီးခဲ့တဲ့မတ်လ ချင်းမိုင်သွားတုန်းက Central Festival Shopping Mall , YSL ကောင်တာကနေ ဝယ်ခဲ့တာ...။ ဘတ်ငါးထောင်ကျော်ပေးလိုက်ရတယ်...။ အနံ့ကိုအရမ်းကြိုက်တော့ တစ်ခါထဲ ဗူးကြီးဝယ်လိုက်တာ သူ့အနံ့က တော်တော်လေး မွှေးပြီး Sexy ဖြစ်တယ်...Fresh ဖြစ်တယ်...။ အဓိကက မအီတာကိုကြိုက်တာ...။ ကျနော်က သစ်သားနဲ့ သစ်သီးနံ့ပါတာကြိုက်တယ် ပန်းနံ့ကနဲနဲလေးပါရုံပဲကြိုက်တာ အီတဲ့ဗင်နီလာပါတာမကြိုက်ဘူး...။ သစ်သီးမှာတောင် Citric ပါတာကြိုက်တာ..။ ဒီရေမွှေးရဲ့အခြေခံအနံ့က woody floral လိမ္မော်ပန်းနံ့ ကျနော်ပြောခဲ့ဖူးသလိုပဲ ယုဇနပန်းပင်ရဲ့ အရွက်ကိုချေလိုက်ရင်ထွက်လာတဲ့အနံ့လေးလည်းပါတယ်...။ ယုဇနပန်းဆိုတာလည်း လိမ္မော်သီးနဲ့ မျိုးရင်းတူတွေလေ...။ ယုဇနပန်းလေးအကြောင်း 2022 တုန်းကတင်ခဲ့တဲ့ Dear Angel 3 မှာရေးခဲ့ဖူးပါတယ်...။

YSL Myself edp မှာပြောထားတာလည်း This Woody fragrance has a blend of Fresh Accord, Orange Blossom Absolute Heart, Woods Heart အဲလို...။ သူက နွေဦးနဲ့ နွေရာသီ ရနံ့လေးပေါ့ ချွေးထွက်ရင်တောင် မွှေးနေတာ....။ ခုတော့ Myself လည်းကျနော်  ကျနော်လည်း Myself တစ်သားထဲဖြစ်နေပြီ...။ ကျနော်နဲ့တွေ့ဖြစ်ရင် အချင်းချင်းနှုတ်ဆက် hug လုပ်ရင်း "ခုဘာရေမွှေးသုံးဖြစ်နေလည်း"လို့ မေးတတ်တဲ့သူအတွက် ဖြေပေးလိုက်ပါတယ်...။







စာတွေမရေးဖြစ်တာကြာပြီဖြစ်သလို စာလည်းသိပ်မဖတ်ဖြစ်ဘူး....။ ခုတစ်ခါ ကျနော်သုံးဖြစ်နေတဲ့ ရေမွှေးအကြောင်းလေး နည်းနည်းရေးချင်လာမိလို့ ... :)


မိုးငွေ့ 

Wednesday, 22 April 2026

မှင်.....

 



လက်ထပ်ရောင်ပြန်ပြီ..... ကျနော်လည်း နည်းလမ်းပေါင်းစုံခဲ့ပြီ ဘာကြောင့် မှင်ဖြစ်တယ်ဆိုတာကို (ဘယ်လိုလုပ်ရမလဲဆိုတာ) စာမဖတ် မလေ့လာခဲ့မိဘူး...။ ရှေ့ပိုင်းမှာ ကျနော် ရေခဲကပ်တာတို့ဘာတို့ပဲလုပ်တယ် 2019 2020 2021 တောက်လျှောက်တစ်နှစ်ကို တစ်ပို့စ် ကျနော်တင်ခဲ့ဖူးတယ်...။ အခုက 2022မှာတစ်နှစ်လုံးမဖြစ်ဖူးသလောက်ပဲ 2023 2024 ကျနော်မှတ်တမ်းမရေးထားမိဘူး 2025မှာလည်း တစ်ခေါက်တော့ဖြစ်ခဲ့ဖူးမယ်ထင်တယ် ဖြစ်တိုင်းလည်း မိုးရာသီနဲ့ ဆောင်းအကူးတွေမှာပဲဖြစ်တယ် တစ်ခါလက်ရောင်ရင် နှစ်ရက်ကနေ တစ်ပတ်လောက်ထိကြာတတ်တယ်...။ မြန်မာဆေးနည်းအရ သွေးမှင်လေမှင်ဆိုတာရှိတယ် အင်္ဂလိပ်ဆရာဝန်တွေကတော့ သူတို့ဒီရောဂါမရှိဘူး တချို့ဆရာဝန်သွားပြရင် သွေးမှင်လေမှင်ဖြစ်တာလားမေးရင် မကြားချင်ယောင်ဆောင်ကြသေးတယ်...။ ဒီနှစ် မတ်လ လကုန်နောက်ဆုံးပတ်ကျနော် ချင်းမိုင်သွားတဲ့ခရီးစဉ်မှာဖြစ်တယ် ပြန်လာတော့ သက်သာသွားတယ် သင်္ကြန်ပိတ်ရက်မှာဖြစ်တာ ရုံးဖွင့်ရက် အခုစာရေးနေတဲ့အချိန်ထိအရောင်ကမလျော့ဘူး....။ အခုတခါ လက်ဖမိုးတပြင်လုံးဖောင်းကားနေအောင်တော့မရောင်ဘဲ လက်ညှိုးနဲ့လက်မကြားက အသားနေရာက မာပြီးကြပ်ခဲကြီးဖြစ်နေတယ် တင်းနေတော့ နေလို့မကောင်းဘူး...။ နောက်ထပ် ညာဖက်ပေါင်ဆစ်ရိုးက လမ်းများများလျှောက်ရင်နာတယ် အထိုင်အထလုပ်ရင်နာတယ်...။  နှစ်လည်းကြာပြီ ဒီနှစ်ကျမှ ဆက်တိုက်နာနေတော့ ဆေးခန်းပြမှဖြစ်မယ်ဆိုပြီး ကျနော် ဇက်ကျီးပေါင်းတက်တုန်းကပြခဲ့ဖူးတဲ့ အရိုးကြောဆရာဝန်ဆီပြန်ပြတယ် တစ်လက်ဆထဲလက်ရောင်တာပါပြောပြလိုက်တယ်....။

ဆရာဝန်မပြခင် ကျနော့်အခြေအနေကို AIနဲ့မေးကြည့်သေးတယ် သူက ဆရာဝန်နဲ့တွေ့ရင်ဘာမေးရမလဲ ဘာတွေစစ်စရာလိုလဲအကြံပေးတယ်...။ ဆရာကတော့ Hip Joint Pain အတွက် ဓါတ်မှန်ရိုက်ခိုင်းတယ်...။ လက်တွေအကွေးအဆန့် ဘယ်လိုအနေအထားမှာနာမနာ စမ်းတယ် ခြေထောက်ရောပဲ...။ ဓါတ်မှန်အဖြေကတော့ အသက်အရွယ်ကြောင့် ယိုယွင်းလို့ ဖြစ်ရတာတဲ့ အရေးမကြီးဘူး Move Free ဆေးတစ်နေ့နှစ်ကြိမ်သောက်ခိုင်းပါတယ်..။ လောလောဆယ်နာနေရင် လေ့ကျင့်ခန်းမလုပ်ဖို့ပြောထားတယ် အငြိမ်နေပေးရမယ် ရေကူး လမ်းများများလျှောက်မလုပ်ခိုင်းဘူး...။  AI ကတော့ပေါင်ဆစ်ရိုး စတင်ပျက်စီးခြင်းလို့ဘာသာပြန်ပေးတယ်...။ သေချာဂရုမစိုက်ရင်တော့ အဆင့်တွေတက်လာပြီး ခွဲစိပ်ရတဲ့အထိဖြစ်နိုင်တာလို့ပြောတယ် ပြီးတော့ အရိုးပြန်သန်မာဖို့ လေ့ကျင့်ခန်း 4 မျိုးရေးပေးတယ်...။ အိပ်ရာထဲကနေပဲလုပ်ရတဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေပါပဲ...။ ခြေထောက်ချိတ်မထိုင်ရဘူး မာတဲ့သစ်သားခုံတွေမှာမထိုင်ရဘူး ကြမ်းပြင်ပေါ်မထိုင်ရဘူး ဆိုတဲ့ ရှောင်စရာလေးတွေတော့ရှိတယ်...။ ဒီတစ်ခါပြတဲ့ဆရာကတော့ "ဟာ အစ်မ အဲဒါမှင်ဖြစ်တာ"တဲ့ ကျနော်လက်ရောင်တာကိုကြည့်ပြီး ချက်ချင်းမှတ်ချက်ပေးတယ်...။ အဲဒါနဲ့ကျနော် အွန်လိုင်းမှာ မှင်အကြောင်းဖတ်ဖြစ်သွားတယ်...။ ဓါတ်သဘောအရ ဆေးမြီးတိုတွေနဲ့ လိမ်းဆေးလုပ်ရတာ အများကြီးတွေ့ရတယ်...။ အဲထဲက တစ်ခုခုတော့ စမ်းလုပ်ကြည့်ပါဦးမယ်...။ သွေးမှင်လေမှင်ဖြစ်ရင် တစ်သက်လုံးပဲတဲ့ မပျောက်တော့ဘူးတဲ့ ကြားရတာ အားရစရာပဲ...။ အမဲသား ဝက်သား ငှက်ပျော်သီး ငါးပိ ငါးခြောက် အဲဒါတွေရှောင်ရမယ်တဲ့...။ ငှက်ပျော်သီးဆိုတာ ကိုယ်အကြိုက်ဆုံးအသီး....။

အသက်ငါးဆယ်ကျော်နောက်ပိုင်းဟာ လူရောစိတ်ပါ ဒုက္ခတစ်ခုခုပေးဖို့ ခန္ဓာကိုယ်တစ်ခုလုံးပျက်စီးယိုယွင်းမှုတွေ စတင်တော့တာပဲ....။ မသေခင် ငရဲကို စတင်မြည်းစမ်းရတာပဲ....။  ဒီလိုကြားမှာ ပျော်အောင်နေတတ်ဖို့ဆိုတာ မလွယ်ဘူးဘဲ...။


မိုးငွေ့

Friday, 16 January 2026

My Health Update.....




 Hello everyone !!!!

ဘလော့ရေးတဲ့ သက်တမ်းတစ်လျှောက်မှာ  နိဒါန်းကို ကျနော်ဒီလိုမျိုး နှုတ်ဆက်ပြီး စရေးတဲ့ပို့စ်ဆိုတာ ဆယ်ပုဒ်တောင်မရှိဘူးထင်တယ်...။ လေသံက နည်းနည်းပျော်တဲ့ mood လေးလို့ ဖတ်ရင် ခံစားမိကြတယ်မလား...။ 

ကျနော် ဟိုတစ်ခေါက်ကျန်းမာရေးစစ်ပြီး အရိုးအကျောဆရာဝန်က ကျနော့်ကို ဂုတ်ကျီးပေါင်းနဲနဲဖြစ်လို့ တစ်နေ့ကို သုံးနာရီ ကော်လာတပ်ပြီးနေခိုင်းတယ် သူတို့သင်ပေးတဲ့လေ့ကျင့်ခန်းကို သုံးကြိမ်မှန်မှန်လုပ်တာ တစ်လပြည့်တော့ ညာဘက်လက်ကျင်တာတော်တော်သက်သာသွားတယ်...။ အဓိကက ကျနော်အာရုံစိုက်ရတဲ့အလုပ်တွေလုပ်တာများသွားလို့ ရှေ့ပိုင်းမှာ ကျနော် doodles ဆွဲတာဆက်တိုက်လုပ်တာလည်းပါတယ်... ဖုန်းအကြည့်များသွားတာလည်းပါတယ်...။ အဲတစ်လုံးကျနော် ဆရာဝန်ပြောတဲ့စည်းကမ်းအတိုင်းလိုက်လုပ်တော့ လက်ကျင်တာလုံးဝနည်းပါးကိုပျောက်သွားတာ အကြောအားဆေးလည်းတစ်နေ့တစ်ကြိမ်သောက်ရတာပေါ့ ပြီးတော့ သွေးတွင်းအဆီများလို့အဆီကျဆေးလည်းသုံးလသောက်ရတယ် အရိုးအကြောဆရာနဲ့က တစ်လပြည့်ပြီးပြန်ပြတော့ ကော်လာဆက်မတပ်ခိုင်းတော့ဘူး ဆေးတော့ သုံးလဆက်သောက်ခိုင်းတယ်...။ လေ့ကျင့်ခန်းလုပ်ပေါ့ ဒီလောက်ပဲ...။ 

အဆီကျဆေးသောက်တာ သုံးလပြည့်တော့ သွေးထပ်စစ်ရတယ် အဲဒါစစ်ခါနီးမှာ ထုံးစံအတိုင်း ဘယ်ဖက်လက်ဖမိုးရောင်လို့ ဆရာ့ဆီ ဗိုက်ဘာနဲ့အကျိုးအကြောင်းပြောပြတော့ သူက သွေးစစ်လက်စနဲ့ ENA ပါထည့်စစ်ပေးဆိုလို့....။ ENA ဆိုတာ ကိုယ်ခံအားစနစ်မမှန်တာ(Autoimmune diseases) မြန်မာလိုလေးဖက်နာရောဂါကိုစစ်ဆေးတာ...။ ENA ကိုစစ်တာက လေးဖက်နာရောဂါ ဆယ်မျိုးလောက်ကို အကုန်စစ်ပစ်လိုက်တာပဲ...။ တော်သေးတယ် စစ်ထားတဲ့ဆယ်မျိုးလုံးက Negative တွေပဲပြလို့...။ သွေးထဲက အဆီကလည်း ပြန်ကျသွားပြီ ကျနော် ဒီသုံးလလုံး ဆန်လုံးညိုတစ်နေ့တစ်နှပ်စားဖြစ်တယ် အကြော်စာတွေရှောင်တယ် အဆီအဆိမ့်တွေရှောင်တယ်...။ မကောင်းတဲ့အဆီတက်ရင် နှလုံးသွေးကြောပိတ်တာ ဘာညာထပ်လိုက်လာမယ် မလွယ်ဘူး...။ အထူးသဖြင့် ကျနော်တို့နိုင်ငံမှာ နာမကျန်းဖြစ်ရင် ငွေအားတတ်နိုင်ရင်တောင် ဆေးဝါးတွေလိုသလိုမရတော့ဘူး ငွေမတတ်နိုင်ရင်လည်း သေဖို့ရက်သာထိုင်စောင့်ပေတော့ပဲ....။ အဲဒါလာပြောပြတာ ကျန်းမာရေး update လေး....။

ကျန်းမာခြင်းသည် လာဘ်တစ်ပါး ကိုယ့်ကျန်းမာရေးကို ကိုယ့်ဘာသာဂရုစိုက်ရတာပဲ ...။ blog လာဖတ်သူအားလုံးလည်း စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ... အားလုံးဂရုစိုက်ပါနော် :)


မိုးငွေ့

Wednesday, 24 September 2025

My Health Check-up.....







နှစ်စဉ်ဆေးစစ်နေကျ အချိန်ရောက်လာလို့တော့မဟုတ်ဘူး....။ မနှစ်ကတုန်းက ဇူလိုင်လလောက်မှာဆေးစစ်ခဲ့ဖူးတယ် အဲတုန်းကလည်း ညာလက်မောင်းရင်းကိုက်လို့ သွေးစစ်ကြည့်တာ သွေးတွင်းအဆီတက်တယ်...။ အမှန်တော့ ကျန်းမာရေးစစ်ဆေးမှုက နှစ်စဉ်ပုံမှန်လုပ်သင့်တဲ့အရာတစ်ခုပါ ကျနော်တို့လို အသက်အရွယ်မျိုးရောက်ခဲ့ရင်...။ ဒီနှစ်က ညာဖက်လက်ညှိုးနဲ့လက်မနားက လက်ဖမိုးကျင်လို့ စစ်ဆေးကြည့်ချင်တာ ပြီးတော့ သွေးဆုံးချိန်နီးလို့ သားအိမ်ပါ Ultra Sound ရိုက်လိုက်တယ်...။ မနှစ်ကတည်းက ညာလက်အဲလိုဖြစ်လို့ သွေအဆီကျဆေးဘာညာသောက်လိုက်ရသေးတယ် အဲတုန်းက ပြနေကျ GPဆရာကလည်း ကျီးပေါင်းလို့ပြောလိုက်သေးပေမယ့် အဲဒါနဲ့ပတ်သက်ပြီး ကျနော့်ကိုအဓိကဆေးမပေးဘဲ အသည်းအဆီကျဆေးတွေ သွေးအဆီကျဆေးတွေ အသည်းအားဆေးတွေလျှောက်ပေးတာ သူက ဆေးကုမ္ပဏီကလာစပ်တဲ့ဆေးတွေကို အဓိကရောင်းတဲ့ဆရာဝန်ဖြစ်နေတာ ဆေးကုတာလည်း တော်ပါတယ်...။ အဲဒါခုဒီနှစ်လည်း သူပဲဆေးထပ်စစ်ခိုင်းတာ သူ့ဆီကျနော်ပြန်မပြတော့ဘူး ဆေးတစ်ခါတစ်ခါဝယ်ရတာ လေးငါးသိန်းဖိုး အဲလောက်ကျတော့လည်း လွန်လွန်အားကြီးသွားပြီ....။

ဒီတစ်ခေါက် ပြင်ဦးလွင်သွားပြီး အဒေါ်ရဲ့ယောက်ျားကလည်း ခွဲစိပ်အထူးကုပါမောက္ခဆရာဝန်ဆိုတော့ သူကိုပဲ ဆေးစာရေးပေးပြီး စစ်လိုက်တယ်...။ သူက လက်ကျင်တာဆိုတော့ ဆီးချိုရှိမရှိကိုအဓိကစစ်ခိုင်းပါတယ်...။ ကျနော်က ဆီးချိုမျိုးရိုးအဖေ့ဖက်ကရှိထားတော့ သတိထားရတယ်...။ တလောက ထမင်းစားပြီး ဆီချိုစစ်လိုက်တာ 145 ရလို့  ငါတော့ဆီးချိုအစပျိုးပြီလို့ မှတ်လိုက်တာပဲ...။ အခု HbA1c, စစ်ချက်ထွက်လာတော့ Non Diabetic လို့ထွက်တယ်... သူက လွန်ခဲ့တဲ့သုံးလအတွင်း ဆီးချိုရှိမရှိကို အမှန်ဆုံးစစ်ပေးနိုင်တာလို့ပြောတယ်..။ နောက် HDL LDL ကောင်းတဲ့အဆီနဲ့ မကောင်းတဲ့အဆီစစ်တော့ မကောင်းတဲ့အဆီ cholesterol များနေတယ် 70-100 ကြားမှာပဲရှိရမယ်ဟာ ကျနော်က 158 ဖြစ်နေတယ် ...။ တစ်သက်လုံး ဆီကြော်စာတွေစားထားတာ အဲလောက်တက်တာပဲကျေးဇူးတင်ရမလို...။ ထမင်းလျှော့စားဆိုလို့ အခု ဆန်လုံးညိုစားနေတယ် အချိုတွေ အဆီအဆိမ့်တွေလျှော့နေပါတယ် ဟုတ်....။








လက်ကျင်တဲ့ကိစ္စကိုကျတော့ ကျနော့်သူငယ်ချင်းရဲ့ အဒေါ် family ဆရာဝန်ဖြစ်တဲ့ ကန်သာယာက နှလုံးခွဲစိပ်အထူးကုဆရာနဲ့ အတိုင်ပင်ခံယူလိုက်တယ် လက်ကျင်တာ ဇက်ကျီးပေါင်းအကြောညှပ်တာဖြစ်နိုင်ချေများလို့ ဇက်ကို ဓါတ်မှန်ရိုက်ခိုင်းပါတယ်...။ တဆက်ထဲ ဆေးစစ်ထားတာပါပြလိုက်တော့ အဆီကျဆေး သုံးလစာသောက်ဖို့ ညွှန်ကြားပါတယ်....။ အဲတော့ နောက်ဆုံး ကျနော့်အဖြေက လက်ကျင်ရခြင်းရဲ့အကြောင်းအရင်းက ဇက်ကျီးပေါင်းအကြောညှပ်တာ လေ့ကျင့်ခန်းလုပ်ရမယ် အဲဒါ ဆရာဝန်နောက်တစ်ယောက်နဲ့ လေ့ကျင့်ခန်းလုပ်ဖို့ booking ထပ်ယူထားပါတယ်...။

အော် ပြောဖို့မေ့ Ultra sound ရိုက်တာ အသဲ ပန်ခရိယ သရက်ရွက် ကျောက်ကပ်အကုန်ကောင်းတယ် သည်းခြေမှာ ကျောက်သေးသေးလေးတွေ့တယ် သားအိမ်မှာ အသားလုံးတစ်ခုတွေ့တယ်...။ ဆရာဝန်က အဓိက သားအိမ်ကိုအသားပေးရိုက်ခိုင်းတာ အဲဆရာမက အစုံကြည့်ပေးလိုက်တယ် စေတနာကောင်းပါတယ်  အသားလုံးက သွေးဆုံးခါနီးဖြစ်တတ်တဲ့အလုံး အချိန်တန်ရင်ကျုံ့သွားလိမ့်မယ်တဲ့...။ ကျနော်ထပ်ပြီး OG တော့မပြတော့ဘူး ရှည်ကုန်လိမ့်မယ်...။







 
ဆိုတော့ နောက်ဆုံး ရှာတွေ့သွားတဲ့အကြောင်းအရင်းက အကြောညှပ်နေလို့ လက်ကျင်တာ...။ ကျန်တာ သွေးအဆီများလို့ ဆေးသောက်ပြီးချရမယ် နောက်သုံးလ ထပ်ချိန်းတယ် ....။ လက်ကျင်တဲ့ကိစ္စကို ကျီးပေါင်းဆရာဝန်ဆီ လွှဲစာရေးပေးလို့ ရက်ချိန်းယူပြီးထပ်သွားရတယ် ဆရာဝန်က သူမေးရမယ့်အချက်အလက်တွေအကုန်မေးတယ် ဘယ်ချိန်က စဖြစ်သလဲ ဘယ်လိုခံစားရလဲစသဖြင့်ပေါ့...။ ပြီးတော့လေ့ကျင့်ခန်းလုပ်နည်းတွေပြပေးတယ် ဆေးကတော့ နာရင်သောက်ဖို့ အကိုက်အခဲဆေးငါးရက်စာပဲပေးပြီး နောက်တစ်လထပ်ချိန်းတယ် အခြေအနေအခုထက်ပိုဆိုးတယ်လို့ ယူဆရင် MRI ရိုက်ကြည့်ဖို့ အကြံပေးပါတယ် လက်ကျင်ရတဲ့အကြောင်းအရင်းနောက်တစ်ခု ဓါတ်မှန်နဲ့မမြင်ရတဲ့ ခန္ဓာကိုယ်ထဲက အလုံးအကျိတ်ရှိရင်လည်း ဖြစ်တတ်တယ်လို့ပြောတယ်...။ အဲအကြောင်းအရာတွေအားလုံးက ကျနော် စာလျှောက်ဖတ်ထားလို့ကြိုသိထားပြီးသား အဲဆရာဝန်က လူနာကို တမန်ကာရှန်ကာမကုဘဲ စေ့စပ်သေချာတဲ့ဆရာတစ်ယောက်လို့မြင်တယ်...။ ကျနော့်ဆေးမှတ်တမ်းမှာ ဘာတွေမှန်းမသိ နှစ်မျက်နှာလောက် အင်္ဂလိပ်လိုရေးပြီး သူတို့ဆေးရုံမှာပဲသိမ်းတာ ကျနော့်ကိုပေးလိုက်တာက လေ့ကျင့်ခန်းလုပ်ရမယ့်အမျိုးအစားနဲ့ သောက်ဆေးလေးပဲ...။ တကယ်က သူပြောတဲ့ ဆေးသောက်စရာမလိုသေးဘူး ကျနော်က တခါတလေ လက်ပျဉ်နာပြီး လက်မောင်းအောင့်တယ် ကိုက်တယ်ပြောလို့ ပေးလိုက်တာဖြစ်မယ်...။ အော်ပြီးတော့ လည်စွပ်ဝယ်စွပ်ရမှာ...။ သဘောကျတာတစ်ခုက အဲဆေးရုံက အင်တာနေရှင်နယ်ဆိုပေမယ့် ဆေးခန်းပြခအရမ်းသက်သာတယ် ဝန်ဆောင်မှုအရမ်းကောင်းတယ်...။ ဆေးလည်းလိုသလောက်ပဲပေးတယ် ဆေးကအပြင်ကနဲ့ဈေးတူတူပဲ မကွာဘူး....။ သူဆီကရတဲ့ ဝန်ဆောင်မှုနဲ့ ကိုယ်ပြန်ပေးရတာ ထိုက်တန်တယ်...။ တချို့ ပုဂ္ဂလိကဆေးရုံတွေက ပိုက်ဆံသာယူတာ အပေါက်ဆိုးတွေချည်းပဲ ဝန်ထမ်းကအစ ဆရာဝန်အဆုံး....။ ကန်သာယာကဆရာဝန်တွေကတော့ စကားပြောတာနဲ့တင် ရောဂါတစ်ဝက်သက်သာ.....။ စစ်ဆေးကျောင်းဆင်းတွေနော် ဘပုသားလေးတွေ...။

ဒါပါပဲ လောလောဆယ်ကျနော့်ရဲ့ ကျန်းမာရေး update ကတော့....။ နောက်ထပ်ပြခဲ့ရင် ထူးခြားမှုလာပြောပေးမယ်...။ ဘာရောဂါပဲဖြစ်ဖြစ် အကျိုးကိုပဲမကုဘဲ အကြောင်းကိုအရင်ရှာကုတာ ပိုထိရောက်ပါတယ်...ဒါက တရားသဘောနဲ့ယှဉ်ယှဉ်ပြီး အကျိုးနဲ့အကြောင်း ပြောပြတတ်တဲ့ ဆရာမကြီးဒေါက်တာခင်နွယ်ဝင်း စကားကို နားထောင်လို့...။ 



Wednesday, 14 May 2025

Daily Workout.....





Phone ထဲထည့်ထားတဲ့  Health App လေးပြန်ကြည့်တော့ ဒီနှစ် လမ်းလျှောက်တဲ့ခြေလှမ်းမှတ်တမ်းက မနှစ်ကထက်လျော့နေတယ်...။ တစ်ပတ်ကို ငါးရက်လောက်ရအောင် အချိန်ပေးပြီး ညနေပိုင်းလမ်းလျှောက်ဖြစ်နေတယ် တချို့နေ့တွေ ခြေလှမ်းသောင်းကျော်တယ်...။ အခု‌တော့ ခြေလှမ်းတွေက ပျမ်းမျှပြန်တက်လာပြီ...။ အဲဒီဂဏန်းတွေကြည့်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားရတာပဲ တစ်ကိုယ်ရေကျန်းမာရေးအတွက်...။ အသက်ကရလာပြီမို့ ပိုဂရုစိုက်ဖို့လိုလာပြီ အရင်ကထက်...။ အိုရဲတယ် သေရဲတယ် ဒါပေမယ့်မနာချင်ဘူး အဲလိုပေါ့....။ မနက်မနက်အိပ်ရာထလာရင် ခေါင်းအုံတာ မအီမသာဖြစ်တာ ကျောနာနေတာတို့ လက်ချောင်းလေးတွေကွေးမရတာတို့ကစပြီလေ....။ ရာသီဥတုက ခုတလော အပူချိန်တွေကမြင့်နေတော့ (ဒီကြားထဲမီးကပျက်လိုက်တာလဲမပြောနဲ့) အဲကွန်းလေးနဲ့မှမအိပ်ရရင် တစ်ညလုံးအိပ်ရေးတွေပျက် မနက်ကျ မထနိုင် အလုပ်လုပ်ရတာမလန်း....။ အဲလိုတော့ မအလက တစ်တိုင်းပြည်လုံးကို ငရဲခန်းပို့ထားတာ....။ ငရဲပြည် နတ်ပြည်ဆိုတာ လူ့ပြည်မှာပဲရှိနေတာ...။ 

အဲကွန်းခန်းထဲနေတာကြာတော့ လူကသွေးပျစ်လာတယ်...။ တကယ်က ငါးဆယ်ကျော်နောက်ပိုင်း သွေးတိုး သွေးကြောအဆီပိတ် ဘာညာက အနည်းနဲ့အများ စဖြစ်နေကြပြီ...။ ခြေဆစ်လက်ဆစ်ကိုက်တာတွေ ကြွက်သားတွေနာကျင်လာတာတွေ အစုံအစုံပါပဲ...။ ဒီတော့ အကောင်းဆုံးနည်းလမ်းက ရေများများသောက် လှုပ်ရှားမှုများများလုပ်....။ ဆရာလင်းသိုက်ညွန့်ပြောပြောတတ်တဲ့ လူကြီးမင်းတို့ လှုပ်နေမှရမယ်ဆိုတဲ့ မက်ဆေ့က အားလုံးရဲ့ စီးပွားရေးကျန်းမာရေးအတွက် အကုန်အကျုံးဝင်တာတွေ့လား...။ အော်...ပြီးတော့ ဆရာဝန်တစ်ယောက်ပြောတာ နားထောင်ဖူးတယ် တစ်တော့မှာ ကျနော်တို့အရွယ်က ဝိုင်နေ့တိုင်းမှီဝဲသင့်ပြီ တစ်နေ့ကို အများဆုံး လေးခွက်လောက်သောက်လို့ရတယ် နှလုံးသွေးကြောမပိတ်ဘူး blood circulation လည်းကောင်းစေတယ်တဲ့...။ သောက်ရမယ်လေ.....သိပ်မကြိုက်ပေမယ့်လည်း....:)

သီချင်းနားထောင်ရင်း လမ်းလျှောက်တယ် အနည်းဆုံး 45မိနစ် အများဆုံး တစ်နာရီ....။ ပြီးတာနဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ် အကြောလျှော့....။ ဒီနှစ်ထဲ 16:8 Fasting မလုပ်ရသေးဘူး 36နာရီအစာဖြတ်တာလည်းမလုပ်ဖြစ်သေးဘူး....။ ဒီဝါတွင်းမှာတော့ ကျနော် သက်သတ်လွတ်စားဖို့အစီအစဉ်မရှိသေးဘူး ။ အစားအသောက်တွေကလည်း အဆိပ်အတောက်များတော့ ချင့်ချိန်စားတတ်ဖို့လည်းလိုသေးတယ်....။ ဒါပေမယ့် ကျန်းမာရေးအတွက် Fasting လုပ်တာတို့ ဥပုသ်သီလယူတာတို့တော့ လုပ်ဖြစ်မယ်...။ ကော်ဖီကြမ်းသောက်မယ် ရေနွေးကြမ်းတစ်ခါတစ်လေသောက်မယ် အမျှင်ဓါတ်များများပါတဲ့ Chia Seeds လေးတွေ ရေထဲထည့်သောက်မယ် သကြားလျှော့စားမယ် အဆစ်တွေ မာဆယ်တွေနာလို့ ဂျုံ(Gluten) ခနရှောင်မယ်...။ ကြက်ဥနေ့တိုင်းစားနိုင်အောင် ကြိုးစားမယ်...။

လူတစ်ယောက်အမြဲကျန်းမာဖို့က immune system အမြဲကောင်းနေဖို့ပဲ....။ အဲလိုဖြစ်ဖို့က ကိုယ်လက်လှုပ်ရှားမှုရှိရမယ်....။ အခုခေတ်က ပင်ပင်ပန်းပန်းအားကစားသိပ်လုပ်စရာမလိုတော့ဘူး ခေတ်မှီနည်းလမ်းတွေနဲ့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုတွေက အမျိုးစုံ သင်တန်းတွေရှိနေပြီ ....။ ကျနော်ကတော့ သစ္စာရှိရှိ လမ်းလျှောက်ရေကူးပဲလုပ်ပါတယ် ယောဂလည်း မဆော့ဖြစ်ပါဘူး....။ ပြောနေကျအတိုင်း သတိရှိရှိနဲ့ ရေများများသောက်တယ် အသက်များများရှူပါတယ်....ဟုတ်..။







 

Friday, 9 August 2024

My Health Condition.....


ပလာစတာလေးလှလို့ တစ်နေကုန်ကပ်ထားမိတာ ညနေခွာလိုက်တော့ သွေးချေဥလို့ရယ်



လိပ်ပြာစီးရီးတွဲတွေ ဆက်တိုက်ဖြစ်နေလို့ အီနေမှာဆိုးလို့ ကြားဖြတ်ပို့စ်လေးလာတင်တာ...။ ပြီးတော့ ကျနော့်ရဲ့ လိပ်ပြာစီးရီးတွဲကို အများကြီးလာဝင်ဖတ်တာတွေ့ရလို့ ကျေးဇူးအကြီးကြီးပါ....။

ဒီနှစ်ထဲမှာ ကျနော် ကျန်းမာရေးအတွက် သွေးစစ်တာ အခုတစ်ခေါက်ဆို သုံးကြိမ်မြောက်....။ ထုံးစံအတိုင်း မိုးရာသီရောက်ရင် ဖြစ်နေကျ လက်ပြဿနာ...။ ကျနော်သတိထားမိသလောက် မနှစ်ကတစ်နှစ်ပဲ ဘာမှသိပ်မဖြစ်တာ....။ ဒီနှစ်က ဘယ်ဖက်လက်မဟုတ်တော့ဘူး ညာဖက်လက် လက်မောင်းရင်းကနေညောင်းကိုက်ပြီး တောက်လျှောက်လက်မအထိ စူးကနဲစူးကနဲနဲ့ ကျင်နေတာ ငါးမိနစ်ဆယ်မိနစ်လောက်ဖြစ်လိုက် ပျောက်လိုက် အဲလိုကြီး...။ ကျန်လက်လေးချောင်းတော့မပါဘူး ညာလက်မောင်းကနေစပြီး အတွင်းလက်တစ်လျှောက် လက်မထိ ကျင်ကျင်နေတာ....။ အပ်သေးသေးလေးတွေနဲ့လာစွသလိုမျိုး တရှိန်းရှိန်းနဲ့ခံစားရတယ်...။

ကျနော်ပေပြီး ဆရာဝန်မပြဘဲနေနေတာ စာတွေလျှောက်ဖတ်တာပေါ့ လက်ကျင်တာ ဘာကြောင့်ဖြစ်တတ်သလဲ ဘာဓါတ်တွေလိုသလဲပေါ့ အဲဒါနဲ့အောက်မှာရှာတွေ့ထားတာက ဗိုက်တာမင်ချိုတဲ့ရင် အဲလက္ခဏာဖြစ်တတ်တာလို့ရေးထားတယ်..။ အရင် ပို့စ်တွေတုန်းက ကျနော်ပြောခဲ့ဖူးမယ်ထင်တယ် ကျနော့် ညာဖက်တင်ပါးဆုံရိုးနာနာနေတတ်တာဆိုတာလေ အဲဒါ ပြီးခဲ့တဲ့ နှစ်လလောက်ကစပြီး Omega 3 တစ်နေ့နှစ်လုံးသောက်တာ အခုမနာတော့ဘူး သတိထားမိသလောက်...။ ကျနော်တို့အရွယ်က အရိုးပွတာတွေ နာတာတွေကစပြီလေ Menopause ကလဲစဖြစ်နေပြီဆိုတော့ ဗိုက်တာမင် E ဆေးတွေလဲ တစ်လတစ်ကဒ်လောက်သောက်ထားသင့်တာ...။

အဲဒါနဲ့လက်ကျင်တာ မပျောက်လို့ နောက်ဆုံး ပြနေကျ အရင်နေခဲ့ဖူးတဲ့ စမ်းချောင်းက GP ဆရာဝန်ဆီပဲပြလိုက်တော့ ဆရာက သွေးပြန်စစ်ဘာညာရေးပေးလိုက်တယ် ပြီးတော့ ထုံးစံအတိုင်းဆေးခန်းရောက်လို့ သွေးတိုင်းရင် တက်နေပြီ ...။ ဆရာက သွေးကျဲဆေး သွေးကျဆေးတွေ ဆယ်ရက်စာပေးလိုက်ပြီး သွေးတိုင်းတာနေ့တိုင်းမှတ်ထားခိုင်းတယ် သွေးအဖြေရရင် ပြန်ပြရင်းနဲ့ လိုအပ်တဲ့ဆေးတွေပေးမယ်ပေါ့...။ အဲဒါနဲ့ ကျနော်တို့အဒေါ်ခြံရှေ့မှာဖွင့်တဲ့ အာရှတော်ဝင်ဆေးစစ်ဌာနမှာပဲ ညကတည်းက Fasting လုပ်ပြီး မနက် ၇နာရီခွဲလောက်သွားစစ်လိုက်တယ်...။ ကျနော်က သွေးစစ်ထုတ်လို့ ကိုယ့်အသားအပ်ဝင်တဲ့ချိန်ကို တစ်ခါမှမကြည့်ဖူးဘူး...။ ဒီတစ်ခါတော့ သတ္တိရှိရှိနဲ့ကြည့်မယ်လို့ သွေးထုတ်တဲ့ ဆရာမလေးကအပ်သေးသေးမျှင်မျှင်လေးနဲ့ ဘယ်ဖက်လက် တတောင်ကွေးနေရာကို ထိုးစိုက်လိုက်တာ လုံးဝတောင်မနာဘူးအပ်ဝင်တော့ အမလေး ဘဝမှာကိုယ်အသားကို ဆေးထိုးအပ်နဲ့ထိုးတာ ခုမှပထမဆုံးကြည့်ဖူးတာတဲ့....။

နောက်နေ့သွေးအဖြေရတော့ ဆရာဝန်ဆီပြန်သွား ဆရာက စိတ်ရှည်လက်ရှည် တစ်ခုချင်းသေချာရှင်းပြပါတယ်...။ ကျနော်က သွေးဖြူဥ သွေးနီဥ ကျောက်ကပ်လုပ်ငန်းစဉ်တွေအားလုံးကောင်းတယ် ...။ အော် ပြောဖို့မေ့သွားတယ် ဆရာစစ်ခိုင်းတဲ့သွေးအမျိုးအစားတွေအပြင် ကျနော်က အထွန့်တက်ပြီး Vitamin D3 ပါထည့်စစ်လိုက်တယ်...။ မိုးတွင်းနေရောင်မရလို့ အဲဒါများလိုနေမလားသိချင်တာလေ တစ်ခါမှလည်းမစစ်ဖူးဘူး...။ အဲဒီသွေးတစ်မျိုးထဲတင် လေးသောင်းခွဲကျတယ် အားလုံး တစ်သိန်းခွဲလောက်ကုန်သွားတယ် သွေးစစ်ခချည်းပဲ...။ ကျနော်ဖြစ်နေတာက ကိုလက်စထောတက်နေတယ် သွေးတွင်းဆီများနေတယ် မကောင်းတဲ့အဆီကတက်ပြီး ကောင်းတဲ့အဆီကနည်းနေတယ် ပြီးတော့ အသဲအဆီဖုံးနေတယ်...။ သွေးကြောထဲအဆီတွေ အညစ်အကြေးတွေများနေလို့ သွေးလျှောက်ရတာပြဿနာဖြစ်တဲ့နေရာမှာ ကျနော်က သွေးအားကောင်းလို့ တစ်ခုကံကောင်းသွားတာ သွေးနီ/ဖြူတွေသာမကောင်းရင် လေဖြတ်တတ်တယ်လို့ ဆရာကရှင်းပြတယ်...။ ဒါကြောင့် ကျနော်သွေးတိုင်းရင် အောက်သွေးကများများနေတတ်တာ..။ အဲတော့ ဆရာက အဆီကျဆေးတွေနဲ့ Vitamin D ကမဆိုစလောက်လေးပဲကျလို့ တစ်လစာတော့ဆေးပေးလိုက်တယ်..။ အဲဒါဆေးတစ်လသောက်ပြီး ထူးခြားမှုရှိမရှိ ဆရာနဲ့ပြန်တိုင်ပင်ရမယ်...။ ဆေးဖိုးက တစ်သိန်းသုံးသောင်းရှစ်ထောင်ကျတယ် ဟင့်....။ ဟိုနေ့ကမှ CW ဆိုင်မှာ ကျနော့် Local ချည်ထည် Consignment ထားပြီးရောင်းတဲ့ပစ္စည်းတွေ တစ်ဖြတ်ရှင်းပေးတဲ့ ငွေတွေ ခုတော့ သွေးစစ်ခနဲ့ဆေးဖိုး အတွက် ကွက်တိဖြစ်လို့ပေါ့...။

သတင်းကောင်းအနေနဲ့ ကျနော်တို့ ဒီလ လစာတိုးတယ်...။ အလုပ်ကောင်းနေလို့တော့မဟုတ်ဘူး သူဌေးက သူ့ဝန်ထမ်းတွေ ဒီကုန်ဈေးနှုန်းနဲ့ ဒီလစာမကိုက်တော့ဘူးသိလို့ ထောက်ပံ့ကြေးသဘောနဲ့တိုးပေးတာလောက်ပဲ..။ ဘယ်လိုပဲတိုးတိုး ဒေါ်လာဈေးနဲ့တွက်ရင် သူများနိုင်ငံမှာ နာရီပိုင်းလုပ်အားခရဲ့တစ်ပတ်စာလောက်ပဲရှိတဲ့လစာ ...။ $ပု မတော်တရော် ခုန်ပေါ်တက်ထိုင်လိုက်တာ ဒေါ်လာဈေးတွေ တစ်သက်လုံးမကြားဖူးတာဖြစ်သွားတယ် ငါးထောင်ကျော်သွားတယ် ကဲ...။ $အရည်အချင်းမရှိဘဲ တိုင်းပြည်ကို စုတ်ပြတ်သတ်နေအောင်ဖျက်စီးနေတာ လုပ်တတ်တာက ပြဿနာရှာဖို့ပဲ ဆန် ဆီ ရွှေ မြေ ဒေါ်လာ တစ်ခုပြီးတစ်ခု ပတ်ပြီးမွှေတာ မွှေတာဆိုတာ နှောက်တက်နေတာဆိုတာ သေဖို့ပဲကျန်တော့တယ် တိုင်းသူပြည်သားတွေက....။ စီးပွားရေးသမားတွေလည်း ဘာမှလုပ်ကိုင်မရ ပြည်ပသွင်းကုန်အနေနဲ့ ဘာ Transferမှ လုပ်မရ အဲတော့ ဘာသွင်းကုန်မှသွင်းမရ အဓိက ဆေးပစ္စည်းတွေမဝင်တော့တာမို့ သေရေးရှင်ရေးလူနာတွေအတွက် တော်တော်ဒုက္ခများရပါတယ်...။ ကျနော်တို့မယ် ဂျပန်ငပုခေတ်မဟုတ်ဘဲ ဗမာငပုခေတ်ပျက်ကြီးထဲ လူလာဖြစ်ရတာကိုက အကုသိုလ်ကြီးနေတာပါ...။ ဒီကြားထဲ စစ်ပြေးရတဲ့ ဒုက္ခသည်တွေ ရေဘေးဒုက္ခသည်တွေနဲ့ အရင်လို ထမင်းထုပ်လှူလုပ်မယ့်သူတွေ ပရဟိတတွေလည်းသိပ်မရှိတော့ဘူး....။ အစစ အရာရာခက်ခဲလာတဲ့ ခေါင်းဆောင်ကောင်းမဲ့နေတဲ့တိုင်းပြည်မှာ ကျနော်ကတော့ နီးစပ်ရာအဝိုင်းအဝန်းလောက်ပဲ သင့်သလောက် တတ်နိုင်သလောက်လှူနိုင်တယ်...။ 



ခုထိကျင်နေတုန်းပဲ ညာဖက်လက်က ဆရာဝန်ကတော့ ကျည်းပေါင်းကြောင့်လို့ပြောတယ် ဖုန်းကြည့်တာ ကွန်ပြူတာကြည့်တာလျှော့တဲ့ ကျနော်ကတော့ စကားနားထောင်သလားမပြောနဲ့ 
ဖုန်းနဲ့ဖက်အိပ်တာ ညညဆို


ကျနော်တို့မှာ ဟန်မပျက်နေထိုင်နေရတာပဲရှိတော့တာ  အရင်ရေးထားပြီးသား မတင်ရသေးတဲ့ ပို့စ်တွေကို စိတ်ထွက်ပေါက်အနေနဲ့ တင်ပါရစေလို့...။  ပြီးတော့ ကျနော့်ပေ့ချ်လေး အမြဲတမ်း Update ဖြစ်နေဖို့ရယ် တစ်နေ့တစ်နေ့ ကျနော့်အတွက် Moti ရတာက ဒီနေရာလေးပဲလေ Entertain လည်းဖြစ်တာမို့ ကျနော်ချစ်တဲ့ ဒီနေရာလေးကို ကိုယ်တိုင်အမြဲရောက်ဖြစ်သလို စာဖတ်သူတွေကိုလည် အမြဲဝင်ထွက်သွားလာစေချင်တာပါ....:)

ဒီလောက်ပဲ ကျနော့် ကျန်းမာရေးကို Update လာလုပ်တာပါပဲ....


__________________
Revolution will prevail
မိုးငွေ့

Wednesday, 19 June 2024

လက်ရှိသုံးဖြစ်နေသော Skin care များ.....




Lancome ရဲ့  Clarifique ဆိုတဲ့ Spot Eraser လေးကို ကျမအဒေါ် ဒီတစ်ခေါက်ပြန်လာတော့ ပေးတာ..။ Lancome Skin care တွေကို ကျမ သိပ်မသုံးဖူးဘူး ဟိုးအရင်က ရေမွှေးတော့သုံးဖူးခဲ့တယ် ကြာပါပြီ...။ Skin Care တွေ အလှကုန်တွေ တော်တော်များများ ကိုယ့်ဘာသာကိုယ် ဝယ်တာနည်းတယ် အဒေါ်တွေဝယ်ပေးတာများတယ်...။ အဒေါ်က ဒီတစ်ခေါက်ပြန်လာတော့ အဲဒီ Lancome ဗူးလေးကို "ရော့ နင့်မျက်နှာမှ မှဲ့ခြောက်တွေရှိနေပြီ ဒါမှဲ့ခြောက်ပျောက်တယ် လိမ်း"ဆိုပြီးပေးလိုက်တာ...။ ကျမ တစ်ခါတော့လိမ်းကြည့်လိုက်တယ် ခရင်မ်အသားလေးက အေးမြမြ မပျစ်မကျဲနို့ရည်လေး...။ ကျမက မျက်နှာမှာရှိတဲ့ အညိုရောင် အစက်အပျောက်သေးသေးလေးတွေကို ပျောက်အောင် မလုပ်ချင်ပါဘူး အဲဒါလေးတွေက အသက်အရွယ်ကြီးရင့်ခြင်းရဲ့ အမှတ်အသား လက္ခဏာတွေ သူ့ကို ဒီတိုင်းထားတာက ပိုသဘာဝကျတယ်...။ သူများနိုင်ငံမှာ မှည့်ခြောက်မရှိလို့ မိတ်ကပ်လိမ်းပြီးတိုင်း အညိုရောင်မိတ်ကပ်တွေကို အစက်အပျောက်လေးတွေ မျက်နှာမှာထည့်ပြီးတောင် အလှဆင်ကြသေးတယ်...။ ဒါကြောင့် ဒီဗူးလေးကိုတော့ မျက်နှာအမဲစက်တွေပျောက်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ကို လက်ဆောင်ပြန်ပေးလိုက်တော့မယ်လို့.....။




 

ဒီဒေါက်ဖိနက်လေးက  Very Good Girl ရေမွှေးပုလင်းလေး (Carolina Herrera)...။ အနံ့လေးက မဆိုးပါဘူး ခပ်အီအီ sexy ကျကျလေးပေမယ့် performance သိပ်မကောင်းဘူး တစ်နေကုန်မစွဲဘူး...။ တကယ်က ကျမအကြိုက်အနံ့မျိုးတော့မဟုတ်ဘူး...။ အခုရေမွှေးတစ်ပုလင်းဝယ် ခုနှစ်သိန်း ရှစ်သိန်းက အနည်းဆုံးဖြစ်နေတော့ Decant လေးတွေကိုပဲ သုံးဖြစ်တော့တာ ကိုယ့်ဟာနဲ့ကိုယ်ဆို....။ ဒါလေးကတော့ မနှစ်ကတည်းက အဒေါ်ပဲဝယ်လာပေးတာ သိပ်မကြိုက်ပေမယ့် ကိုယ့်ဘာသာနဲ့ဆို ဈေးကြီးတယ်လေ လက်ဆောင်ရတုန်းလေး ယူထားရတာ...။ Bad Girl လေးလဲ သုံးကြည့်ချင်ပါသေးတယ်...။






မျက်နှာကို foundation မိတ်ကပ်တွေ နေ့တိုင်းမလိမ်းဖြစ်ပေမယ့် အပြင်သွားဖြစ်နေတော့ ဖုန်တွေဘာတွေနဲ့ဆို ညနေပိုင်းရေမချိုးခင် ဒါလေးနဲ့တော့ Cleansing လုပ်သင့်ပါတယ်..။ သူက အဆီအမျိုးအစား လက်ဝါးထဲ နည်းနည်းထည့် မျက်နှာအနှံ့သုပ်လိမ်းပြီး Wet tissue လေးနဲ့သုပ်ပစ်လိုက်ရင် အဆင်ပြေပါတယ်...။





ဒါလည်း ဒီတစ်ခေါက် အဒေါ်ပါလာတဲ့ MAC Set လေးပဲ Essence လို အရည်လေးတစ်ပုလင်းပါတယ် Mascara တစ်တောင့်နဲ့ မြေပဲခွံရောင် Matte type နှုတ်ခမ်းနီလေးပါတယ်...။ နှုတ်ခမ်းမခြောက်ဘဲ ချောချောမွတ်မွတ်လေး ဆိုးလို့တော့ကောင်းတယ်...။ ဗူးဝိုင်းပြားလေးက ရွှေနုရောင် အလက်လေးတွေပါတဲ့ Highlighter လေးပါ....။





ဒါလေးကတော့ Top Ten UV protection ထဲမှာ ထိပ်ဆုံးကပါတယ်... ။ ဟိုတလောက အွန်လိုင်းမှာ ဈေးချလို့ ဝယ်ထားတာ 32000/- တဲ့ လိမ်းလိုက်ရင် စေးကပ်ကပ်မဖြစ်ဘူး မပူဘူး အသားလေး မွတ်မွတ်လေးဖြစ်တယ်...။ မျက်နှာတစ်ခုမှာ ဘာမိတ်ကပ်မှမလိမ်းချင်ရင်တောင် တစ်နေ့တာအတွက် နေလာင်ကာဖို့ ဒါလေးတွေ မလိမ်းမဖြစ်လိမ်းထားသင့်ပါတယ်...။





Sephora က နှုတ်ခမ်းဆီလေး အုန်းဆီနံ့လေးနဲ့ နှုတ်ခမ်းနီအရောင်မတင်ခင် အောက်ခံလိမ်းပေး ညဖက် အိပ်ရာမဝင်ခင် Skin Care ပြီးတိုင်းလိမ်းပေး သဘာဝ အုန်းသီးကပဲထုတ်ထားတာမို့လို့ ဘာမှဘေးမဖြစ်ဘူး....4U2 တဲ့ ညီမလေး BKK ကပြန်လာလို့ ဝယ်လာတာ သူလည်း မြေပဲခွံရောင်ပဲ ဒါပေမယ့် Gel Type..။






Instagram မှာ ထိုင်း Beauty Blogger တစ်ယောက် ညွှန်းထားတာတွေ့လို့ ညီမလေး BKK သွားတုန်း မှာလိုက်တာ B.60 ပေးရတယ်...။ နှုတ်ခမ်းနီအသားကောင်းတယ် မခြောက်ဘူး ဆိုးလိုက်ရင် စိုစိုပြောင်ပြောင်လေး...။ Tarte Cosmetic ကထုတ်တဲ့ Tarte Maracuja Juicy Shimmer က BKK မှာ အရမ်းတွေ ခေတ်စားနေတဲ့ နှုတ်ခမ်းဆိုးဆီလေး...။







ဒါက ရုံးကအစ်ကိုတစ်ယောက် BKK သွားတုန်းက မှာဖြစ်လိုက်တဲ့ Body Lotion လေး သူလည်း ထိုင်းမင်းသမီးတွေ ကြော်ငြာလို့ ရောင်းကောင်းနေတဲ့ SPF 15 ပါတဲ့ Nivea Lotion...။ အနံ့လေးက သစ်သီးနံ့လေးမွှေးပြီး စေးကပ်ကပ်မဖြစ်ဘူး လိမ်းလို့ကောင်းတယ်...။ SPF ပါတဲ့ Lotion အမျိုးအစားတွေကို ညဖက် မလိမ်းသင့်ပါဘူး...။



 

Miss Dior Moisturizing Body Milk ကတော့ ရေမွှေး lotion လို့ပြောလို့ရတယ် လိမ်းထားလိုက်ရင် ရေမွှေးဆွတ်ထားသလိုပဲ မွှေးကြိုင်နေရော ညရေချိုးပြီးရင် ကျမ ဒါလေးလိမ်းဖြစ်တယ်...။



_________________
Revolution will prevail
မိုးငွေ့ 



Tuesday, 16 May 2023

အသက်ရှူနည်းဖြင့် ဝေဒနာကုသခြင်း.....

 



အရှေ့ပိုင်းမှာ ကျမပြောပြဖူးပါတယ် အသက်ရှူတာနဲ့ပတ်သက်ပြီး ဝေဒနာရောဂါတော်တော်များများကိုပျောက်ကင်းစေတာကိုပါ.....။ အဓိကက အောက်စီဂျင်ကို ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ဉီးနှောက်ထိရောက်အောင်ရှူခြင်းအားဖြင့် ကုသနည်းပါပဲ...။ ဒီလိုကုသနည်းက ကျန်မာရေးပိုင်းဆိုင်ရာပညာမှာသင်ကြားလေ့လာရလားဆိုတာတော့ ဆေးကျောင်းသားတွေနဲ့ ဆရာဝန်တွေပဲသေချာသိမှာပါ...။ ခုကျမပြောပြမှာက အထွေထွေကျန်းမာရေးအတွက်ကိုပဲ အဓိက ရည်ညွှန်းတာပါ ...။ ဉပမာ ခေါင်းကိုက် ခေါင်းမူး ဟိုနားဒီနားနာကျင်ကိုက်ခဲတဲ့ ဝေဒနာမျိုးပေါ့...။ ကျမလို တစ်ခုခုခံစားရတိုင်း ဆေးမသောက်ချင်တဲ့သူများအတွက်တော့ အခုပြောတဲ့နည်းလမ်းဟာအဆင်ပြေပါလိမ့်မယ်....။ တချို့မြင်ဖူးတယ် ဘိုင်အိုဂျက်ဆစ်လို ဘာမီတွန်လိုဆေးမျိုးကို နေ့တိုင်း ပဲကြီးလှော်စားသလိုစားနေကြတာ....။ အဲဒါမျိုးလုပ်တာဟာ လုံးဝမကောင်းပါဘူးနော်...။ ကျန်းမာရေးဗဟုသုတတွေက လူတိုင်းအတွက် အခြေခံလောက်တော့လိုတယ်...။ ကျန်းမာရေးနဲ့ပတ်သက်ပြီး စာများများဖတ်စေချင်တယ် မိမိခန္ဓာကိုယ်ကိုလည်း မှန်ကြည့်သလိုကြည့်နေစေချင်ပါတယ်...။ ဒါမှကိုယ်ဘာဖြစ်တဲ့အချိန်မှာ ဘာလုပ်လိုက်လို့ သဘာဝနည်းနဲ့ ဘာကိုစားသုံးလိုက်လို့ (ဆေးမစားရဘဲ)ဝေဒနာတွေပျောက်ကင်းသွားရသလဲဆိုတာ သတိပြုမိစေချင်ပါတယ်...။ ပြီးတော့ကျမတို့တွေ နေ့စဉ် အသက်ရှင်ရုံလေး အသက်ကိုမျှင်းမျှင်းလေးပဲရှူနေကြတော့ အောက်စီဂျင်က ခန္ဓာကိုယ်အတွက် လိုအပ်သလောက်အပြည့်အဝမရကြဘူးလေ...။

ကျမတို့တိုင်းပြည်မှာ ပဋိဇီဝဆေးတွေကို စောစောကပြောခဲ့တဲ့အတိုင်း ပဲကြီးလှော်စားသလို စားနေကြတော့ မလိုအပ်ဘဲ ဘေးထွက်ဆိုးကျိုးတွေကိုခံစားကြရတယ်...အသည်းကင်ဆာ အဆုတ်ကင်ဆာ အရိုးကင်ဆာ အူမကြီးကင်ဆာ စသဖြင့် ကင်ဆာရောဂါတွေကို ကန်ထရိုက်စွဲထားကြသလားအောက်မေ့ရတယ်...။ အဲဒါတွေဟာ ပဋိဇီဝဆေးတွေကိုမလိုအပ်ဘဲ စားသုံးနေတာတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်လာရတာတွေလည်းပါသလို စိတ်ဖိစီးမှုများလို့ ခန္ဓာကိုယ်ထဲက ဇီဝကမ္မတွေပြောင်းလဲသွားလို့ဖြစ်တတ်တာလည်းရှိတယ်...။ ဗုဒ္ဓပြောခဲ့တဲ့ အလယ်အလတ်လမ်းစဉ်ဆိုတာ ဒါပဲ...။ ဘယ်အရာကိုမှ အစွန်းမရောက်ပါစေနဲ့..။ တချို့က ဆေးကိုတစ်နေ့သုံးကြိမ် တစ်ကြိမ်တစ်လုံးသောက်ရမှာပျင်းလို့ မေ့မှာစိုးလို့ သုံးလုံးစလုံးကိုတစ်ခါထဲသောက်လိုက်တာမျိုးရှိတယ်....။ ကျန်းမာရေးဗဟုသုတနည်းကြလို့လေ....။ ကျမကတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတဟောပြောပွဲတွေကို နယ်လှည့်ပြီး များများလုပ်စေချင်ပါတယ်...။

တလောက ကျမဘယ်ဖက်လက်ထပ်ရောင်တယ် ဒီတစ်ခါက ကိုက်ပါကိုက်တယ် ရောင်တာကတော့ နည်းနည်းလေးမသိမသာလေးပါဘဲ ဒါပေမယ့် ကိုက်တာကျတော့ ကျမက အကိုက်ခဲဆေးမသောက်ချင်ဘူး...။ ကျမ အိပ်ယာထဲ ပက်လက်ငြိမ်ငြိမ်လေးအိပ်ပြီး အသက်ရှူလေ့ကျင့်ခန်းလေးလုပ်တယ်...။ အာရုံလွဲခြင်းနဲ့ နာကျင်တဲ့ဝေဒနာကို ကုသနည်းလို့လဲပြောလို့ရတယ်...။ ကျမ အသက်ရှူတာကို 3 6 8 နည်းနဲ့ရှူတယ်....။ ဝင်သက်ကို သုံးစက္ကန့်  ခြောက်စက္ကန့်က အသက်အောင့်ထား ပြီးရင် ထွက်သက်ကို ရှစ်စက္ကန့်ကြာအောင် ဖြည်းဖြည်းလေးပြန်ထုတ် အဲဒါမျိုးနည်းနဲ့လုပ်ကြည့်တာ လက်ကိုက်တဲ့ဝေဒနာလေး ပျောက်သွားတယ်...။ အဲနေ့က တစ်နေကုန်ကိုက်နေတာနော် ကျမ အိမ်ရောက်မှအလုပ်တွေအကုန်ပြီးမှ လုပ်ရတာ ငါးမိနစ်ဆယ်မိနစ်ပဲကြာတယ်...။ တိုက်ဆိုင်တာလားလို့မေးရင်လည်း တိုက်ဆိုင်တယ်လို့ဖြေလို့ရပါတယ်...။ ဒါပေမယ့်ကျမကတော့ ဝေဒနာသေးသေးမွှားမွှားလေးတွေဖြစ်တိုင်း ဒီနည်းနဲ့ပဲကိုယ့်ကိုယ်ကို ကုသတယ်....။ နာကျင်တဲ့နေရာတွေမှာ အောက်စီဂျင်ကောင်းကောင်းမရောက်လို့ဆိုတာကို သဘောပေါက်ပြီး အသက်ကိုရှည်ရှည်ရှူ အောက်စီဂျင်ရောက်အောင်လုပ်တဲ့နည်းနဲ့ ကုတာပါ....။ အဲတော့ အကိုက်ခဲပျောက်ဆေးတွေစားစရာမလိုတော့ဘူး အဲလိုခနခနမစားဖြစ်တော့ ဘေးထွက်ဆိုးကျိုးရဲ့ခံစားမှုကနေ ကင်းလွတ်တာပေါ့....။ ကျမက ကိုယ်တိုင်လက်တွေ့မို့လာမျှဝေတာပါ...။ 

ဘာသာရေးအရ တရားထိုင်တယ် ဝင်သက်ထွက်သက်မှတ်တယ်ဆိုတာလည်း တနည်းအားဖြင့် စိတ်ငြိမ်ငြိမ်နဲ့ ခန္ဓာကိုယ်အတွင်း အောက်စီဂျင်များများရောက်စေတဲ့သဘောပါပဲ...။ စိတ်ရှင်းတော့ လိုအပ်တဲ့ အောက်စီဂျင်တွေ ပျံ့နှံ့လွယ်မယ်...။ အာရုံကို အဲတစ်နေရာထဲမှာ စုစည်းထားတဲ့အတွက် တခြားဘာမှမတွေးဖြစ်တော့ဘူး မခံစားရတော့ဘူး...ဒီလောက်ပါပဲ.... အလွန်ကိုရိုးစင်းပါတယ်....။ ထပ်ပြောချင်တာက နေ့တိုင်း တစ်နေ့ကိုနာရီဝက်လောက်တော့ work out လေးလုပ်ပေးပါ သွေးလည်ပတ်မှုကောင်းအောင် ကိုယ်ခံအားမြင့်တက်အောင်ပေါ့ ဒါမှတော်ရုံတန်ရုံ နှာစေး ချောင်းဆိုး မဖြစ်မှာ...။ အပြင်မသွားအိမ်ထဲပဲထိုင်နေရသူများအတွက် ပိုပြီးလိုအပ်တယ် Work out လုပ်ဖို့က....။


___________________
Revolution will prevail
မိုးငွေ့


Tuesday, 20 December 2022

Breathing.....

 



လူတစ်ယောက်အတွက် အသက်ရှူတာဟာ အရေးကြီးဆုံးအလုပ်တစ်ခုဆိုတာ လူတိုင်းက သတိလက်လွတ် မေ့မျောတတ်ကြ ရေးကြီးခွင်ကျယ်မရှိတတ်ကြတာ အသက်ရှူတာကို အသက်ရှင်ရုံမျှလေး ခပ်မျှင်းမျှင်းပဲရှူနေကြတာ ကျနော် အပါအဝင်ပါပဲ....။ နေ့စဉ်နေ့တိုင်း ကျနော်တို့ အသက်ရှူဖို့မေ့မေ့နေတတ်ကြတယ်...။ အသက်ရှူပါ အသက်ကို(Deep Breathing)ရှည်ရှည်ရှူပါ...။ ကျနော်တို့ခန္ဓာတစ်ခုလုံးသွေးလည်ပတ်မှုအတွက် အောက်ဆီဂျင်ကောင်းကောင်းလိုအပ်ပါတယ်...။ 

ကျနော်မှတ်မိနေသေးတယ်.... ကျနော် ရန်ကုန်စရောက်တော့ အသက်တစ်ဆယ့်သုံးနှစ် လမ်းမတော် တရုတ်တန်းဖက်က အဒေါ်အိမ်မှာနေတယ်....။ နယ်မှာ အိမ်ကြီးနဲ့ ခြံဝင်းနဲ့နေခဲ့ရတော့ ရန်ကုန်ရဲ့ တိုက်ခန်းကျဉ်းကျဉ်းလေးက ကျနော့်အတွက် အတော်မွန်းကြပ်စေခဲ့တယ်...။ 12x55 အကျယ်အဝန်းလောက်သာရှိတဲ့အနှစ်သုံးလေးဆယ်ကျော် ဒုတိယကမ္ဘာစစ်နောက်ပိုင်း တိုက်အိုတိုက်ဆွေး ဟောင်ကောင်စတိုင်လ်လို့လည်းခေါ်ကြတယ်...။ တိုက်ကသုံးလေးထပ်ပေမယ့် လှေခါးအချိုးကွေ့မရှိဘဲ အပေါ်ဆုံးထပ်ထိ တောက်လျှောက်ကြီး မတ်မတ်စောက်စောက် လှေခါးလက်ရမ်းကိုကိုင်ပြီးတက်ရတဲ့တိုက်မျိုး...။ အဲတုန်းက ကျနော် အထပ်ခိုးလေးမှာအိပ်ရတာမှတ်မိတယ် အဲတိုက်ခန်းမှာ အခန်းတစ်ခန်းပဲဖွဲ့ထားတာ အခန်းအပေါ်ကို လှေခါးသေးသေးကနေတက်သွားရင် ထပ်ခိုးထဲ လေးဖက်ထောက်ဝင်ရတယ် ခေါင်းမလွတ်ဘူးလေ အဲလိုလေး မှောင်မှောင်ကျုံ့ကျုံ့အခန်းထဲမှာ အချိန်တစ်ခုထိ အိပ်ခဲ့ရတာပဲ...။

ကျနော့်အဒေါ်တွေနဲ့  တရုတ်တန်းတခွင်လျှောက်သွားပြီး စဉ့်အိုးတန်းထိပ်က တရုတ်ဆိုင်တစ်ခုမှာ‌ကျောက်ကျော်သောက်တာမှတ်မိတယ်....။ သံဈေးထဲပတ်ပြီး လူကရှုပ် ပူကပူနဲ့ အဲချိန် ကျနော်အောက်ဆီဂျင်ပြတ်ပြီး မျက်လုံးတွေပြာဝေသွားခဲ့လို့ အဲနားက အအေးဆိုင်မှာ ဇီးဖျော်ရည်လား သံပုရာရည်လားမသိ သောက်လိုက်ရသေးတာ မှတ်မိတယ်...။ အဲတုန်းက အသက်ရှည်ရှည်ရှူရမယ်လို့ ကျနော်နားမလည်ခဲ့ဘူး....။ အကယ်၍ ကျနော် အသက်ရှူဖို့ သတိရှိနေခဲ့ရင် အဲလို အဖြစ်ပျက်မျိုးကြုံခဲ့ရမှာမဟုတ်ဘူးလို့ ခုချိန်ကျမှတွေးမိတယ်...။ လှေခါးတွေတက်ရတဲ့အခါ အသက်ကိုဝဝရှူရင်းတက်တာ မမောတော့ဘူး...အဲဒါလေးသတိထားမိသွားတယ်...။ နေ့စဉ် အသက်ရှူတာကို ကျနော်တို့‌ပေါ့ပေါ့ဆဆ သတိလက်လွတ်နေနေကြတယ်...။ 

တကယ်တော့ အောက်ဆီဂျင်ဟာ ကျနော်တို့ ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်တွေကို တိုးပွားမလာအောင် အလိုအလျောက်လုပ်ဆောင်ပေးနေတဲ့ သဘာဝလက်ဆောင်မွန်တစ်ခုဆိုတာ မမေ့ကြစေဖို့ပါပဲ...။

အသက်ရှူပါ.....

အသက်ရှူပါ....

အသက်ရှူပါ....

အသက်ရှူဖို့ မမေ့လျော့ကြပါနဲ့..... ကိုယ်ကိုယ်ကိုလည်း သတိပေးရင်း စာဖတ်သူများကိုလည်းသတိလာပေးတာပါ...။

ကျေးဇူးတင်ပါတယ်....


______________________

Revolution will prevail
မိုးငွေ့


Wednesday, 20 July 2022

ကျန်းမာသက်ရှည်ခြင်း၏အကျိုးအကြောင်းတရား......




ပြောချင်တာက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ထောင်ပေါင်း ရာပေါင်းများစွာက ရာသီဉတုနဲ့ အစားအသောက်တွေဟာ ခုကျမတို့ခေတ်နဲ့ဘာမှမတူတော့ဘူး ....။ ခေတ်မှီတိုးတက်လာတာနဲ့အမျှ လူတွေလက်ချက်နဲ့ပဲ သဘာဝတရားကြီးက တစ်နေ့တစ်ခြားပျက်စီးယိုယွင်းလာတာ ရာသီဉတုလဲမကောင်းတော့ဘူး အစားအသောက်တွေကလဲ သဘာဝဆိုတာကိုရဖို့ ကိုယ်တိုင်စိုက်စားဖို့တောင်သိပ်မလွယ်တော့ဘူး ..ကဲ...။ ဆိုတော့ လူတွေရဲ့ခန္ဓာချို့ယွင်းလာ ရောဂါဘယတွေထူပျောလာတာလည်းမဆန်းပါဘူး....။ ပြီးခဲ့တဲ့ခေါက်က ဘယ်ဖက်လက်မောင်းနာ ပခုံးကြောနာတာ နှစ်လကြာသွားတယ် မသက်သာလို့ အရိုးကြောအထူးကုနဲ့ပြလိုက်တာ ဆရာကြီးက ဆေးဆယ်ရက်စာပေးလိုက်တယ် ဘာလေ့ကျင့်ခန်းမှမလုပ်ခိုင်းပါဘူး....။ ဆယ်ရက်ဆေးသာကုန်သွားတယ် ဘာမှထူးခြားမလာဘူး လက်ကနာမြဲတိုင်းနာနေတာပါပဲ...။ ဒါနဲ့ တစ်ပတ်နှစ်ပတ်လောက် ဘယ်ဆေးခန်းမှထပ်မပြဘဲနေနေသေးတယ်...။ နောက်တော့ အရင်စမ်းချောင်းမှာနေတုန်းက ပြနေကျ ရက်ကွက်ထဲက အထွေထွေဆရာဝန်ဆီသွားလိုက်တယ်...။ ကျိုးကြောင်းပြောပြတော့ သွေးစစ်ခိုင်းလိုက်တယ် အဖြေထွက်လာတော့ သွေးတွင်းအဆီများနေတယ် အသည်းအဆီဖုံးနေတယ် ဘာညာပေါ့...။ ကိုလက်စထရောများတာလဲမပြောနဲ့လေ တစ်သက်လုံး ဆီကြော်စာတွေစားလာတာ ကြိုက်လည်းကြိုက်တာကိုး....။ ခုတော့ နှစ်ပေါင်းများစွာ မကောင်းတဲ့အဆီတွေက သွေးကြောမှာပိတ်ဆို့လို့ အောက်ဆီဂျင်မရောက်ဘူး မရောက်တော့နာတာ ကိုက်တာဖြစ်တယ်ပေါ့...။ ဆရာဝန်က သောက်ဆေးတွေပေးလိုက်တယ် တစ်ပုံကြီး ပြီးတော့ တစ်နေ့တစ်နာရီလောက်လမ်းလျှောက်ပေး လက်လေ့ကျင့်ခန်းလုပ်ပေး ကိုယ်အလေးချိန်ကို လက်ရှိပေါင်ချိန်ရဲ့ ၁၀ရာခိုင်နှုန်းချလို့ ညွှန်ကြားလိုက်လေရဲ့...။

လှုပ်ရှားမှုက တော်တော်ထိရောက်တာပဲ...။ လမ်းလျှောက် လက်လွှဲလေ့ကျင့်ခန်းလုပ်တာ သိသာတယ် လက်တွေနာကျင်ကိုက်ခဲတာသက်သာလာတယ်...။ အအေးခံလို့မရဘူး လေအေးစက်မဖွင့်ဘဲ သဘာဝလေနဲ့ပဲနေ ချွေးထွက်အောင်လုပ် သွေးပူတော့ သွေးကြောပွင့်သွားလို့လားမသိ အနာသက်သာတယ်...။ လှုပ်ရှားမှုနည်းပြီး ရာသီဉတုအရမ်းအေးရင်တော့ ပြန်နာတယ်...။ အထူးသဖြင့် ညအိပ်ခါနီးပိုဆိုးတယ်...ဟိုဖက်လှည့်မရ ဒီဖက်လှည့်မရ ဘယ်လို  Position နဲ့အိပ်ရမှန်းတောင်မသိတော့ဘူး...။ ဒီလိုနဲ့ ကျမ ကိုယ့်ကိုယ်ကို နေလို့ကောင်းအောင် အဆင်ပြေအောင်လုပ်နေရတာပဲ...။ သက်သတ်လွတ်စားတယ်....။ အဓိကက သွေးတွင်းဆီကျဖို့ ဝိတ်ကျဖို့ပါပဲ....။ ခါတိုင်းနှစ်တွေလဲ ဝါတွင်းစားနေကျဆိုတော့ သိပ်ပြဿနာမရှိ.....။ ပြောနေကျအတိုင်း ကံ စိတ် ဉတု အဟာရ မညီညွှတ်တာနဲ့ ခန္ဓာကိုယ်က စတင်ယိုယွင်းတော့တာပါပဲ...။ ဒီနောက်ပိုင်း ငပျင်းတွေကျပြီး လေ့ကျင့်ခန်းမလုပ်တော့တာလည်းပါတယ်....။ ရေပြန်ကူးမယ် Yoga နည်းနည်းပြန်ကစားမယ်လို့....။ ဒီနှစ်ဟာ စိတ်ဓါတ်နဲ့ခန္ဓာအများဆုံးပျက်စီးတဲ့နှစ်ပဲလို့ ကိုယ့်ကိုယ်ကို မှတ်ချက်ချမိတယ်....။ အဟာရအတွက် အသီးအနှံ ဟင်းသီးဟင်းရွက်များများစားရမယ်  စိတ်အတွက် လေ့ကျင့်မှုပြန်လုပ်ရမယ် .....။



______________________________________


လူတွေရဲ့ကျန်းမာခြင်းနဲ့အသက်ရှည်ခြင်းဟာ ဘယ်အပေါ်မှာ တည်နေတုန်း ဆိုရင် ဥတုနဲ့အာဟာရအပေါ်မှာ တည်နေတာပဲဖြစ်တယ်...။ သို့သော် မြန်မာလူမျိုးတွေက ကံကို ယုံကြည်အားကိုးတဲ့ လူတွေ ဆိုတော့ ကံကောင်းရင် ကျန်းမာတယ်လို့ပဲ ထင်ကြတာ...။ မဟုတ်ဘူး...။ 

ကျန်းမာခြင်းရဲ့အကြောင်း၊ အသက်ရှည်ခြင်းရဲ့ အကြောင်းဟာ ဥတုနဲ့ အာဟာရပဲ ဖြစ်တယ်....။ 

ထင်ရှားတဲ့ သက်သေ သာဓကကို ကြည့်....။

ဂေါတမ မြတ်စွာဘုရားနဲ့ ကဿပမြတ်စွာဘုရားတို့ဟာ ကံချင်းယှဥ်လိုက်လျှင် ဘုရားဖြစ်ဖို့ ပါရမီဖြည့်ကြတာခြင်းတူတူမို့ ကုသိုလ် ကံအားဖြင့် တူကြတယ်...။ သို့သော် ကဿပ မြတ်စွာဘုရားက သက်တော် နှစ်သောင်းထိအောင် နေရပြီး ဂေါတမ မြတ်စွာဘုရားကျတော့ သက်တော် တစ်ရာ မပြည့် ရှစ်ဆယ်ပဲ နေရတယ်...။ ဒါဘာကြောင့်လဲ...။ အဖြေကိုရှာကြည့်.... ။ ဥတုနဲ့အာဟာရပဲ...။

ဂေါတမမြတ်စွာဘုရားနဲ့ ကြုံတွေ့ရတဲ့ ဥတု၊ ဘုဥ်းပေးသုံးဆောင်ရတဲ့ အာဟာရဟာ လူရဲ့ခန္ဓာကိုယ်ကို နှစ်တစ်ရာထက် ပိုပြီးတော့ Sustain မလုပ်နိုင်ဘူး...။ ကဿပမြတ်စွာဘုရားရှင်လက်ထက်က ဥတုနဲ့အစာအာဟာရ တွေဟာ အနှစ် နှစ်သောင်းထိအောင် Sustain လုပ်နိုင်တယ်... ထိန်းသိမ်းနိုင်တယ်...။ ဒီနေရာမှာ ကံ မဟုတ်ဘူး....။  ဒါကြောင့်မို့လို့ အသက်ရှည်ချင်တယ်.... ကျန်းမာချင်တယ်.....ဘဝမှာ အောင်မြင်ချင်တယ် ဆိုလို့ရှိရင် ဟောဒီ့လေ့ကျင့်ခန်းတွေကို သတိထားပြီး လေ့ကျင့်ဖို့ပဲ....။

ဒီလို လေ့ကျင့် ပေးလိုက်လို့ရှိရင် ဘယ်အလုပ်ပဲ လုပ်လုပ် သတိထားတတ်လာမယ်...။ အကျိုးအပြစ်ကို စီစစ် ဆင်ခြင်တတ်လာမယ်....။

သတိက ကိုယ်လုပ်မယ့်အရာကို အာရုံစူးစိုက် တတ်ခြင်း၊ သမ္ပဇဥ်ဉာဏ်က အကျိုးအပြစ်ကို ဆင်ခြင်သုံးသပ်တတ်ခြင်း၊ ဒီနှစ်ခု ပေါင်းစပ်လိုက်ပြီဆိုလို့ရှိရင် ရလဒ်ကောင်းတွေ ထွက်လာမှာသေချာတယ်...။

ဒါကြောင့်မို့လို့ အထူးတလည် မြတ်ဗုဒ္ဓရဲ့ အဆုံးအမ အတိုင်း မြတ်စွာဘုရားက သတိရှိရှိ၊ ဆင်ခြင်တုံ တရားရှိရှိနေကြ... ဒါ ငါ့ရဲ့ အဆုံးအမပဲလို့ ရဟန်းတွေကို ဆုံးမခဲ့တာပဲ ဖြစ်တယ်...။ ဒါလူတိုင်းအတွက် ဆုံးမသြဝါဒပေးတာပဲ...။ လူတိုင်းအတွက် အကျိုးရှိတဲ့အရာပဲဖြစ်တယ်ပေါ့....။


ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်

ဒေါက်တာ နန္ဒမာလာဘိဝံသ

ရင်ထဲမှ အမုန်းတရားကိုဖယ်ရှားခြင်း တရားတော်မှ ထုတ်နုတ်တင်ပြပါသည်။

#ပါချုပ်ဆရာတော် #တရားမှတ်စု #KhinSandarSoeHtut


_______________________
Revolution will prevail
မိုးငွေ့

Wednesday, 13 July 2022

ဉပုသ်စောင့်ခြင်း၏ကျန်းမာရေးအကျိုးကျေးဇူးများ.....


ဝါတွင်းကာလတို့၊ သင်္ကြန်တို့၊ အခါကြီးရက်ကြီးတို့ဆို ဥပုသ်စောင့် ကြပါပြီ။ ဥပုသ်နေ့ပဲ စောင့်ကြတဲ့သူရှိသလို ဝါတွင်းသုံးလလုံး စောင့်ကြတဲ့သူလည်း ရှိပါတယ်။ ဥပုသ်မစောင့်တောင် သက်သတ်လွတ်စားကြတဲ့သူလည်း အများကြီးပါပဲ။ ဥပုသ်စောင့်တာက ဘာသာရေးအရ ကုသိုလ်ရတယ်ဆိုတာတော့ ပြောစရာ မရှိပါဘူး။ ပိုပြီးကောင်းတာက သူ့မှာ ကျန်းမာရေးအရ ကောင်းကျိုးတွေ ရှိနေတာပါပဲ။ ဥပုသ်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေက ဘယ်ကနေရသလဲဆို

  1. နေလွဲညစာ ရှောင်ကြတာ
  2. တချို့တွေမှာ သက်သတ်လွတ်စားကြတာ
  3. တရားထိုင်၊ ပုတီးစိပ်ကြတာ စတာတွေကနေ ရပါတယ်။ ဆက်ပြီး တစ်ခုချင်းစီရဲ့ ကောင်းကျိုးတွေ ဆက်ကြည့်ရအောင်။

ဥပုသ်စောင့် ချိန် နေလွဲညစာ ရှောင်ကြတာ

နေလွဲညစာ ရှောင်တယ်ဆိုတာ တကယ်တော့ intermittent fastingတစ်မျိုးပါပဲ။ မနက် အရုဏ်တက် ၅နာရီ ၆နာရီလောက်ကနေ စစားပြီး နေ့လယ်၁၂နာရီကျော်ရင် ဘာမှ မစားတာ ဖြစ်တဲ့အတွက် အဆာခံခြင်း နည်းလမ်း တစ်မျိုးပါပဲ။ ဒီလိုနေတာက တရားအားထုတ်ဖို့ ပိုအချိန်ရသလို ကျန်းမာရေးကောင်းကျိုးတွေလည်း အများကြီး ရှိပါတယ်။ Intermittent fastingဟာ

  • အဆီတွေကို လောင်ကျွမ်းစေတယ်။
  • ကိုယ်အလေးချိန် ကျစေတယ်။
  • အမျိုးအစား ၂ ဆီးချို ရောဂါဖြစ်နိုင်ချေကို ချစေတယ်။
  • ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးတယ်။
  • နှလုံးရောဂါကို ကာကွယ်ပေးတယ်။
  • ကင်ဆာကို ကာကွယ်ပေးတယ်။
  • ဦးနှောက်စွမ်းဆောင်ရည်ကို တိုးစေတယ်။
  • အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးတယ်။
  • အသက်ရှည်စေတယ် စတဲ့ ကောင်းကျိုးတွေ ရရှိစေပါတယ်။


ဒါပေမယ့် ဒီလိုကောင်းကျိုးတွေ ရဖို့အတွက်ဆိုရင် IFကို စနစ်တကျ စားရမှာပါ။ ၁၂ မထိုးမချင်း တစ်စွတ်စွတ်စားနေတာက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများစေပါတယ်။ အသီးအရွက်များများ၊ အသားစားတယ်ဆိုရင် အသားများများ၊ ပဲ၊ ဥ စတာတွေကို စားပေးပါ။ ဒါက အဆာလည်းခံနိုင်ပါတယ်။ မစားတဲ့အချိန်မှာ ဆိုရင်လည်း ရေတို့ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရည်တွေ သောက်ပေးပါ။

ဥပုသ်စောင့် ရင်း သက်သတ်လွတ် စားတာ

ဥပုသ်စောင့်ဖို့ အခက်အခဲ ရှိတဲ့သူတွေက သက်သတ်လွတ်စားကြပါတယ်။ ဝါတွင်း၃လလုံး ဖြစ်ဖြစ်၊ ဥပုသ်နေ့ပဲ ဖြစ်ဖြစ်ပေါ့။ ဒီလို အသားတွေ ရှောင်ပြီး အသီးအရွက်တွေပဲ စားတာက ကျန်းမာရေးအရကြည့်မယ်ဆိုရင် ကောင်းကျိုးတွေ အများကြီး ရှိနေပါတယ်။

  • လေ့လာချက်တွေအရတော့ သက်သတ်လွတ်စားတာက ရေတိုပဲ ဆိုရင်တောင် ကိုယ်အလေးချိန်ကျဖို့ အကူအညီပေးနိုင်ပါတယ်တဲ့။
  • နောက်ပြီး သွေးထဲမှာ မကောင်းတဲ့အဆီတွေ၊ ကိုလက်စထရောတွေလည်း နည်းသွားပါတယ်တဲ့။
  • ကင်ဆာဖြစ်နိုင်ချေကို ကြည့်မယ်ဆိုရင်လည်း သက်သတ်လွတ်စားတဲ့သူတွေက မစားတဲ့သူတွေထက် ပိုနည်းနေပါတယ်။
  • နှလုံးရောဂါဖြစ်ဖို့လည်း အခွင့်အလမ်း နည်းသွားပါတယ်။
  • ဆီးချိုဖြစ်နိုင်ချေလည်း နည်းသွားပါတယ်။

ဒါတွေဟာ သက်သတ်လွတ်စားတာတွေကြောင့်ပါ။ အသီးအရွက်တွေ စားတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် လတ်လတ်ဆတ်ဆတ် အသီးအရွက်ကို ချက်ပြုတ်စားသောက်ပါ။ ရေရှည်မှာ ပရိုတင်း ချို့တဲ့တာ မဖြစ်အောင် ပဲတွေ စားပေးပါ။ တခြားဗီတာမင်တွေ ချို့တဲ့တာ မဖြစ်အောင် လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေး သောက်နိုင်ပါတယ်။

ဥပုသ်စောင့် ရင်း တရားထိုင်၊ ပုတီးစိပ်တာ

တရားထိုင်တာ၊ ပုတီးစိပ်တာက တရားရဖို့ဆိုပေမယ့် တရားမရခင် စပ်ကြားမှာကိုတင် ကျန်းမာရေး ကောင်းကျိုးတွေ အများကြီး ရနှင့်ပြီးပါပြီ။ တရားထိုင်တာက တစ်ခုခုကို စူးစိုက်ပြီး အာရုံပြုထားတဲ့အတွက်

  • စိတ်ဖိစီးမှုကို လျော့ကျစေတယ်။
  • စိတ်ဖိစီးမှုဒဏ်တွေကို ခံနိုင်ရည်ရှိလာတယ်။
  • စိတ်နဲ့ ကိုယ်နဲ့ ကပ်ပြီး အလုပ်လုပ်တတ်လာတယ်။
  • အာရုံစူးစိုက်မှု ကောင်းလာတယ်။
  • စိတ်ကူးဉာဏ်တွေ၊ တီထွင်မှုတွေ အားကောင်းလာတယ်။
  • စိတ်ရှည်သည်းခံတတ်လာတယ် စတဲ့ ကောင်းကျိုးတွေ အများကြီး ရလာပါတယ်။

ဒါ့ပြင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ ကင်ဆာ ဝေဒနာရှင်တွေဟာလည်း တရားထိုင်ပေးရင် ပိုပြီး သက်သာလာတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေမှာတောင် ဘာသာရေးအရ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ စူးစိုက်မှုအားကောင်းဖို့၊ စိတ်ဖိစီးမှု သက်သာဖို့၊ ခံစားနေရတဲ့ ရောဂါဝေဒနာတွေ၊ နာကျင်တာတွေ သက်သာဖို့ ကုထုံးတစ်ခုအနေနဲ့ အသုံးပြုလာကြပါပြီ။

ဒါကတော့ အခါကြီးရက်ကြီးမှာ ဥပုသ်စောင့် မယ့်သူ၊ သက်သတ်လွတ်စားမယ့်သူ၊ တရားထိုင်မယ့်သူတွေရမယ့် ကောင်းကျိုးတွေပါ။ ကုသိုလ်တွေရော၊ ကျန်းမာရေးအကျိုးကျေးဇူးတွေပါ ရမှာမို့လို့ ဒီဝါတွင်းကို အကျိုးရှိရှိ အသုံးချရအောင်ပါ။

Hello Doctor မှ ဆောင်းပါးကို ကူးယူဖော်ပြပါသည်။


________________________
Revolution will prevail
မိုးငွေ့


Monday, 20 June 2022

My Left Hand again.....

 




ထုံးစံအတိုင်း မိုးတွင်းစဝင်တာနဲ့ ကျမရဲ့ ဘယ်ဖက်လက်က တစ်ခုမဟုတ်တစ်ခု ဒုက္ခပေးတော့တာပဲ....။ ဘယ်ဖက်ကိုပဲရွေးဖြစ်တာက အကြောင်းရှိရမယ်...။ နှလုံးနဲ့ဆက်နွယ်နေတာ ဆေးခန်းပြဖို့လိုနေပြီ ကျွမ်းကျင်တဲ့ သက်ဆိုင်ရာ အထူးကုတွေနဲ့ ပြသင့်နေပြီ ဆိုတဲ့အသိကရှိနေပေမယ့် လူက ဆေးခန်းမသွားချင်ဘူး....။ ဒီနှစ်ဖြစ်ပုံကဒီလိုပါ တစ်မနက်မှာမိုးလင်းလာတော့ လည်ပင်းနဲ့ ကုတ်ကနာနေတာ ဘယ်ဖက်ခြမ်းနော်...။ ဒါနဲ့ အုံးလွဲတာပဲလို့ ခပ်ပေါ့ပေါ့ပဲတွေးပြီး ဆေးသောက်တယ် အိမ်မှာ အမေသောက်နေတဲ့ ခါးနာပျောက်ဆေး ပါရာ ၅၀၀ အားပါတယ်... အုံးလွဲရင်လဲပျောက်တယ်တဲ့ အဲဒါအစာစားပြီးသောက်ကြည့်တယ် ဘယ်လိုမှမနေဘူး တစ်ရက်ကို တစ်လုံးပဲသောက်တာ ဒီထက်ပိုမသောက်ချင်ဘူး သုံးရက်မြှောက်ထိ ဘယ်လိုမှမနေဘူး နာတာက နာတာပဲ...။ ခေါင်းအုံးနေပူလှန်းပြီး ရိုက်တာတွေလဲလုပ်တာပဲ သက်ရောက်မှုမရှိပါဘူး...။ အရင်နှစ်တွေတုန်းက လက်ဖမိုးရောင်တာ ဖြစ်နေကျမဟုတ်လား နှစ်တိုင်း သူ့အတွက် ပို့စ်တစ်ပို့စ်က ရေးရေးဖြစ်နေတာ ဘယ်နှစ်ပို့စ်တောင်ရှိနေပြီလဲ....။

၂၀၁၉ တုန်းက ဆေးခန်းပြတော့ ကိုလက်စရောများမများ ယူရစ်အက်ဆစ် ဘာညာသာရကာ စစ်ဖြစ်သေးတယ်...။ မှို မျှစ် ခရမ်းသီး ကညွှတ် စတော်ဗယ်ရီ နဂါးမောက်သီး ဝမ်းတွင်းအူကလီစာ အဲဒါတွေရှောင်ခိုင်းတယ် ဆရာဝန်က....။ အဲထဲက ကျမမကြိုက်တာဆိုလို့ နဂါးမောက်သီးပဲပါတာ ကျန်တာက အားလုံးစားဖြစ်နေတဲ့ဟာတွေ...။ အစပိုင်းတော့ရှောင်တာပဲ နောက်တော့ ပုံမှန်အတိုင်း ပြန်စားတယ်...။ အဲဒါတွေနဲ့ သိပ်မသက်ဆိုင်ဘူးလို့ထင်တယ် တိုက်ရိုက်ပေါ့....။ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်ပဲဆရာလုပ်ရတာကြိုက်လို့ အခုနှစ် အုံးလွဲတာကစလိုက်တာ တစ်လနီးပါးမပျောက်ပါဘူးဗျာ...။ ပိုဆိုးတာက ဘယ်ဖက်လည်ပင်းကနေ ဘယ်လက်မောင်းရင်း မာဆယ်အသားထဲကို တဆစ်ဆစ်နဲ့ ထိုးနာတော့တာပဲ....။ အစပိုင်းက နာတဲ့ဒဏ်ကိုမခံစားနိုင်တော့လို့ အိပ်ရာထဲ အသံထွက်ငိုချပစ်လိုက်ရတဲ့အထိ...။ နောက်ပိုင်းတော့ နာချင်သလောက်နာစမ်းလို့ လွှတ်ထားလိုက်တော့တယ်...။ ကိုယ့်ဘာသာ နည်းလမ်းရှာရတာပေါ့ ဆေးခန်းမှမသွားချင်ဘဲ တစ်ရက်တော့ ဆေးခန်းဘိုကင်ယူလိုက်သေး ပြီးတော့မသွားဘူး...။ Yoga နည်းလေးရှာတယ် ညအိပ်ရာမဝင်ခင်နဲ့ မနက်အိပ်ရာထကို လုပ်ဖြစ်တယ် ပြီးတော့ အသက်ရှူလေ့ကျင့်ခန်းလုပ်တယ်....။ ဉီးနှောက်ကို အောက်ဆီဂျင်အပြည့်အဝေရောက်စေတဲ့နည်းလမ်းကလည်း အနာကို တော်တော်သက်သာစေတယ်...။ 

အခုပြောတဲ့ နည်းတွေက အနာသက်သာစေတဲ့အဆင့်ပဲ တကယ်ပျောက်ကင်းဖို့ ဘာကြောင့်ဒီလိုဖြစ်တာလဲသိဖို့က အထူးကုဆရာဝန်ကြီးတွေနဲ့ ပြပြီးဆွေးနွေးမှရတော့မှာ...။ နိုး.....  အိုင်..ဆေးခန်းမသွားချင်ဘူး...။ သွားပြဖြစ်ခဲ့ရင်လဲ တစ်လက်စထဲ ညာတင်ပဆုံပေါင်ဆစ်ရိုးနာနေတာပါ တခါတည်းပြရမယ် ကြာကြာလမ်းလျှောက်ရင်နာလာတယ်....။ သူက မိန်းမတွေရဲ့ သားအိမ်ဘာညာနဲ့ဆက်စပ်နေတော့ လစဉ်ရာသီလာခါနီးချိန်ဆို ပိုပြီးကိုက်ခဲတတ်သေးတယ်...။ တင်ပဆုံအဆစ်ဟနေတာလို့ ခံစားရတယ် ဘယ်ဖက်စောင်းအိပ်ရင် နာနေတဲ့တင်ပဆုံအဆစ်က အပေါ်ရောက်သွားတော့ ပိုနာတယ် သူ့ကိုဖိအိပ်ရင်တော့မနာဘူး...။ ဪ.... အသက်ရလာတော့ ရုပ်ပိုင်းဆိုင်ရာတွေ ယိုယွင်းပျက်စီးလာပြီ...။ ဒီလိုနဲ့ ညအိပ်တော့ ၄:၆ နည်းနဲ့အသက်ရှူလေ့ကျင့်ခန်းလုပ်ရတယ် အသက်ရှူသွင်းတာ လေးစက္ကန့် ပြန်ထုတ်တာက ၆စက္ကန့်ရှည်အောင်ထုတ်ရတယ်...။ ရသလောက်နည်းနဲ့လည်း သက်သာအောင်လုပ်ရတာပဲ...။ ခုထိတော့ မပျောက်သေးပါ.....။

ပခုံးကြွက်သားခဲသွားတာ Shoulder Freeze ဖြစ်နေလားလို့လဲ တွေးမိတယ်...။ မနက်နိုးလာရင် လက်ချောင်းဆယ်ချောင်းလုံး တစ်ချောင်းချင်းဆီ လက်မနဲ့ကပ်တဲ့ လေ့ကျင့်ခန်း တတောင်အကွေးအဆန့်လုပ်ဖို့ လက်ဖဝါးနှစ်ဖက်ကို လက်အုပ်ချီတဲ့ပုံလုပ်ပြီး အပေါ်မြှောက်လိုက် ချလိုက်လုပ်ပေးရသေးတာ...။ နိုးလားလို့ မျက်လုံးနှစ်လုံးဖွင့်တာနဲ့ ကိုယ့်ကိုယ်ကိုတောင် ကျေးဇူးမတင်ရတာကြာပြီ...။ 







Bonus



____________________
Revolution will prevail
မိုးငွေ့