ချစ်သော အိန်ဂျယ်.......,
မင်းကို ပန်းတစ်ပွင့်အကြောင်းပြောပြချင်လို့ ကိုယ်ရောက်လာခဲ့တာပါ.......
မိန်းမတစ်ယောက်ဖြစ်ပြီး ပန်းတွေနဲ့ ကိုယ်သိပ်မရင်းနှီးဘူးလို့ပြောရင် ရယ်စရာဖြစ်နေမလား....။ ပန်းမှမဟုတ်ဘူး ကိုယ်က တိရိတ္ဆန်လေးတွေလည်း မချစ်တတ်ဘူး....။ အဖြူရောင် ပန်းပွင့်သေးသေးလေး မွှေးလဲသိပ်မွှေးတာပဲ ယုဇနပန်းတဲ့.... ဒီပန်းလေးက မိုးတစ်ပေါက်နှစ်ပေါက်ရွာတာနဲ့ ပွင့်လာကြတာလို့လည်းပြောတယ်...။ ကိုယ်က ကြားပဲကြားဖူးတာ သူ့အနံ့ကိုလဲ သေချာမသိဘူး....။ ငယ်စဉ်ကတည်းကနေခုချိန်ထိ သစ်ပင် ပန်းပင်တွေနဲ့ သိပ်မရင်းနှီးခဲ့ ကိုယ်သိတာက ဈေးထဲရောင်းတဲ့ စပယ် နှင်းဆီ လောက်ပဲသိတာကိုး....။ ယုဇနက အပင်မှာ တစ်ပွင့်ခြင်းပွင့်တဲ့ ပန်းအမျိုးအစားမဟုတ်ဘူး သူကခြုံပင်အမျိုးအစား အဆုပ်လိုက်ပွင့်တဲ့ပန်းလေးတွေဆိုတာလောက်တော့သိတယ်...။ သူ့အရွက်ကဝိုင်းဝိုင်းနဲ့ ထိပ်နားမှာချွန်ချွန် အနားသပ်ညီညီနဲ့...အဖြူရောင်ပွင့်ဖတ် ငါးခုပါတယ် အလယ်မှာ ဝတ်ဆံအဝါရောင်လေးတွေပါတယ်....။ မွှေးရနံ့က အဲဒီဝတ်ဆံကလာတာပေါ့...။ တအား....မွှေးပြီး အပွ့င်ပွင့်ပြီးရင်တော့ ကြွေလွယ်တတ်တယ်တဲ့ သူကအကိုင်းတစ်ခုကနေ ရိုးတံသုံးခုစီ ဖြာထွက်ပြီး အပွင့်ပွင့်တာ ပြီးတော့ ရိုးတံတိုပြီး ပျော့တဲ့အမျိုးစားလဲဖြစ်လိမ့်မယ်....။ ပန်းလေးကို တကယ်အပြင်မှာတွေ့တဲ့အခါမှ သေချာကြည့်ဦးမယ်...။
ကိုယ်ငယ်ငယ်တုန်းက အမေနဲ့ဈေးလိုက်တဲ့အခါ ဈေးသွားတဲ့လမ်းတစ်လျှောက်ညာဖက်ခြမ်းမှာ တောစံပယ်ပန်းတွေအများကြီး တောက်လျှောက်ပွင့်နေတာမြင်ရင် ခူးခူးသွားတတ်တာ သဘာဝအလျောက်ပွင့်တဲ့ပန်းလဲဖြစ်သလို အရမ်းလဲမွှေးတယ်....။ ပန်းနဲ့ပတ်သက်ရင် ကိုယ့်မှာ ထူးထူးခြားခြား အဲအမှတ်တရလေးပဲရှိခဲ့ဖူးတယ်...။ ပန်းကိုနှစ်သက်တဲ့သူ ပန်းပွင့်လေးတွေကို ဂရုပြုသတိထားမိသူဟာ သဘာဝကိုချစ်မြတ်နိုးသူပဲဖြစ်လိမ့်မယ်.... သူကလည်း သဘာဝပဲလေ....။ ယုဇနပန်းလေးအကြောင်းပြောတော့ ကျောင်းတက်တုန်းက Minor ယူထားတဲ့ ရုက္ခဗေဒလက်တွေ့ချိန်ကိုသွားသတိရမိတယ်....။ အဲတုန်းက ကိုယ်တို့ ကျောင်းဝင်းထဲမှာရှိတဲ့ တွေ့တဲ့ပန်းပင်ကနေ ပန်းတွေခူးပြီး အရိုး အရွက် ပန်းပွင့် ပုံတွေကို လက်တွေ့ကျကျ (ပန်းကိုတကယ့်အမြင်မှာကြည့်ပြီး) ပုံဆွဲရတယ် Label ထိုးပေးရတယ် မျိုးရင်း(Family), မျိုးနွယ်စု(Genus), နဲ့ မျိုးစိပ်(Species)တွေကိုပါ ခွဲပြပေးရတယ်...။ အဲလို လက်တွေ့အခန်းမှာရတဲ့အမှတ်က စာမေးပွဲမှာ ၅၀ ထည့်ပေါင်းပေးတယ်လေ...။ ယုဇနပန်းကို အင်္ဂလိပ်လို Orange Jasmine လို့ခေါ်တယ်....။ ယုဇန်ပန်းက လိမ္မော်သီးနဲ့ Family ချင်းတူတယ်...။ တွေ့လား လိမ္မော်ပင်က ပွင့်တဲ့ပန်းလဲ ယုဇနနဲ့ ပုံစံတူပဲ အရွက်ကအစလေ...။ ပြီးတော့ အသီးထဲမှာ လိမ္မော်နဲ့ စတော်ပဲရီက ပန်းပင်မျိုးတွေလို့ ကိုယ်သိထားတယ်...။
အိန်ဂျယ်ရေ....ဒီနေရာလေးကို ကိုယ့်ရဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှု အောင်မြင်မှု ကျရှုံးမှု စတာတွေကို ပုံပြောသူတစ်ယောက်လိုပြန်ပြောပြဖို့ မကြာခဏရောက်လာဖြစ်ခဲ့ဦးမှာပါ.....။
Still loving…..
Revolution will prevail
မိုးငွေ့
No comments:
Post a Comment